အခန်း ၁၇၄
Vol. 16 Ch. 174
အပိုင်း (၁၇၄) ခွေးတူဝက်တူကြီးနှင့်အတူ သရုပ်ဆောင်ခြင်း။
ရောင်စုံခေါင်းပြာမြည်း၏ ဦးချိုဖြင့် တိုက်ခိုက်မှုမှာ လွဲချော်သွားခဲ့ရသည်။ လေထုထဲတွင် ကိုယ်ကို တစ်ချက် လှည့်လိုက်ပြီး မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ပြန်လည် ကျဆင်းလာခဲ့၏။
သစ်ပင်အုပ် အနက်ရှိုင်းဆုံး နေရာရှိ ဟုန်ရှောင်ပေါင်၏ မျက်နှာတွင်မူ အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။ တစ်ကိုယ်လုံး ထုံကျင်နေမှုက ယခုမှသာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ စောစောက အမြီးကြီးမှာ လေးကျန်လျှပ်စီးပြာ၏ အမြီးပင် ဖြစ်သည်။ ၎င်းက သူ့ကို အသက် ကယ်တင်ပေးခဲ့ခြင်း ဖြစ်၏။ ဆိုလိုသည်မှာ ၎င်းက သူ့ကို တစ်ဖက်တည်းသားအဖြစ် အသိအမှတ် ပြုလိုက်ပြီ ဖြစ်သည်။
"ဟား ဟား ဟား ဟား ဟား ဟား။" ဟုန်ရှောင်ပေါင် အလွန် ဝမ်းသာသွားခဲ့၏။ ရည်ရွယ်ချက်က တစ်ဝက် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ဤအချိန်တွင် ပို၍ပင် ပေါ့ဆ၍ မရနိုင်တော့ချေ။ သူသည် အော်စကာဆုရ မင်းသားကြီးတစ်ဦး၏ သရုပ်ဆောင် ထူးချွန်မှုမျိုးကို ထုတ်ဖော် ပြသရတော့မည်။
ထိုသို့ စဉ်းစားရင်း ဟုန်ရှောင်ပေါင်သည် နောက်တစ်ကြိမ် ခုန်ထွက်လာခဲ့၏။ ရှန်သံဒယ်အိုးကို ဝှေ့ယမ်းကာ လေးကျန်လျှပ်စီးပြာကို ဝိုင်းဝန်း တိုက်ခိုက်နေသည့် ဧရာမယုန်ကြီးနှင့်တူသော မိစ္ဆာသားရဲတစ်ကောင်ဆီသို့ ပြေးဝင်သွားခဲ့သည်။
"သတိထား ... ဒီမိစ္ဆာသားရဲက မင်း ကိုင်တွယ်နိုင်မယ့်ကောင် မဟုတ်ဘူး။" ယင်းကျိုယိုက တည်ကြည်လေးနက်စွာ သတိပေးလိုက်၏။
"နားလည်ပြီ။" ဟုန်ရှောင်ပေါင်က ပြန်ဖြေလိုက်သည်။ စောစောက ရောင်စုံခေါင်းပြာမြည်းကြောင့် ဤမိစ္ဆာသားရဲများ၏ အစွမ်းထက်ပုံကို သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီးဖြစ်၏။ သဘာဝအတိုင်း ပေါ့ဆဝံ့မည် မဟုတ်ချေ။
ထိုယုန်မိစ္ဆာသားရဲက ဟုန်ရှောင်ပေါင်ကို ဂရုစိုက်ပုံ မရချေ။ ယခုအခါ စိတ်အာရုံ တစ်ခုလုံးကို လေးကျန်လျှပ်စီးပြာအပေါ်တွင်သာ စိုက်ထုတ်ထားသည်။
ရုတ်တရက် ဟုန်ရှောင်ပေါင်က အမြင့်မှ ခုန်ဆင်းလာပြီး ၎င်း၏ဦးခေါင်းကို ဒယ်အိုးဖြင့် အားရပါးရ ရိုက်ချလိုက်၏။
ဘုန်း
ယုန်မိစ္ဆာသားရဲ၏ ဧရာမ ဦးခေါင်းကြီးပင် ရိုက်ချက်ကြောင့် အနည်းငယ် နိမ့်ကျသွားခဲ့ရ၏။ ဤအချိန်တွင် လေးကျန်လျှပ်စီးပြာက အခွင့်အရေးကို ရှာတွေ့သွားခဲ့ပြီဖြစ်သည်။ သားရဲလက်သည်းဖြင့် အားရပါးရ ကုတ်ဖြဲလိုက်၏။ ယုန်မိစ္ဆာသားရဲက ရှောင်တိမ်းလိုက်သော်လည်း လည်ပင်းနေရာတွင် ပေဝက်ခန့် ကြီးမားသည့် ဒဏ်ရာကြီး သုံးခုအဖြစ် တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရသည်။
"ရှဲ ...။"
ယုန်မိစ္ဆာသားရဲက တစ်ချက် ခုန်လိုက်ရုံဖြင့် လေးကျန်လျှပ်စီးပြာ၏ တိုက်ခိုက်မှု ကွင်းပြင်မှ လွတ်မြောက်သွားခဲ့၏။ ၎င်းက ဟုန်ရှောင်ပေါင်ကို အငြိုးတကြီး စိုက်ကြည့်လိုက်၏။
ဟုန်ရှောင်ပေါင်မှာ ထိတ်လန့်သွားပြီး အော်ဟစ်ကာ ကပျာကယာ ထွက်ပြေးလေတော့၏။ ယုန်မိစ္ဆာသားရဲ ကလည်း အနောက်မှ လိုက်လံ ဖမ်းဆီးတော့သည်။ ဟုန်ရှောင်ပေါင်သည် သစ်ပင်ကြီးတစ်ပင်အနားသို့ ပြေးသွားပြီး သစ်ပင်ကို ပတ်ကာ တူတူပုန်းတမ်း ကစားတော့သည်။
ယုန်မိစ္ဆာသားရဲက အတန်ကြာသည်အထိ ဟုန်ရှောင်ပေါင်ကို ဘာမှမလုပ်နိုင်သောကြောင့် လေးကျန်လျှပ်စီးပြာ ကို တိုက်ခိုက်ရန် ချက်ချင်း လှည့်ထွက်သွားခဲ့၏။
ဟုန်ရှောင်ပေါင်ကမူ ချက်ချင်းပင် ထပ်မံ ကပ်ပါလာခဲ့၏။ အချိန်ရတိုင်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများကို ပြုလုပ်နေခဲ့သည်။
ထိုသို့ဖြင့် ထိုသားရဲလေးကောင်မှာ ဟုန်ရှောင်ပေါင်ကို သတိထားရန် စိတ်အာရုံ ခွဲဝေပေးနေရတော့၏။ ထို့ကြောင့် လေးကျန်လျှပ်စီးပြာ၏ ဖိအားများမှာ ချက်ချင်းပင် ကြီးမားစွာ လျော့ကျသွားခဲ့၏။
ဝူး...
ရုတ်တရက် ကျယ်လောင်သည့် အော်မြည်သံကြီးတစ်သံနှင့်အတူ ခွေးတူဝက်တူကြီး တစ်ကောင်လည်း ခုန်ထွက်လာခဲ့၏။
ဒုန်း ဒုန်း ဒုန်း ဒုန်း ပြင်းထန် ကြမ်းကြုတ်သည့် ခြေလှမ်းများဖြင့် ဟုန်ရှောင်ပေါင်ဆီသို့ ပြေးဝင်လာခဲ့သည်။
ထိုအရာက ထိပ်ဖြူခွေးတူဝက်တူကြီးပင် ဖြစ်၏။
ဟုန်ရှောင်ပေါင်မှာ သားရဲလေးကောင်ကို အချိန်ရတိုင်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နေသောကြောင့် ထိပ်ဖြူခွေးတူဝက်တူကြီးကို သတိမထားမိခဲ့ချေ။ ရုတ်တရက် ၎င်း၏ လက်ဝါးတစ်ချက် ရိုက်နှက်မှုကြောင့် မြေပြင်ပေါ်သို့ လွင့်ထွက်သွားခဲ့သည်။
"သေချင်နေတာလား။" ဟုန်ရှောင်ပေါင်က တစ်ချက် လိမ့်ကာ ချက်ချင်း မတ်တပ် ထရပ်လိုက်၏။ ဒယ်အိုးကို ဝှေ့ယမ်းကာ ထိပ်ဖြူခွေးတူဝက်တူကြီးကို ရိုက်နှက်လိုက်သည်။ ထိပ်ဖြူခွေးတူဝက်တူကြီးကလည်း အလျော့မပေးချေ။ သူတို့နှစ်ဦးမှာ လက်ဝါးနှင့် ဒယ်အိုး အပြန်အလှန် ပစ်ခတ်ရင်း အလွန်အမင်း ဆူညံစွာ တိုက်ခိုက်ကြလေတော့၏။
"ဒါ ... ဒါက ဘာအခြေအနေကြီးလဲ။" နိမ့်ရန်မှာ ကြက်သေ သေသွားခဲ့ပြီဖြစ်၏။
"ထိပ်ဖြူခွေးတူဝက်တူကြီးက သစ္စာဖောက်သွားတာလား။" ကွမ်းထျန်းချိုင်လည်း ကြောင်သွားခဲ့သည်။
လူတစ်ယောက်နှင့် ခွေးတူဝက်တူတစ်ကောင်တို့မှာ အလွန်အမင်း ပြင်းထန် ရက်စက်စွာ တိုက်ခိုက်နေကြ၏။ အချိန်တိုအတွင်းမှာပင် ဖုန်တထောင်းထောင်း ထနေခဲ့ပြီဖြစ်သည်။ ထိပ်ဖြူခွေးတူဝက်တူကြီးက ဟုန်ရှောင်ပေါင်ကို ထိန်းချုပ်ထားသည်ကို မြင်လိုက်ရသည့်အခါ သားရဲလေးကောင်မှာ အနည်းငယ် ကြောင်ငေးသွားကြသော်လည်း အံကိုက်ပင် ဖြစ်သွားခဲ့၏။ သူတို့က လေးကျန်လျှပ်စီးပြာကို အစွမ်းကုန် တိုက်ခိုက်ကြလေတော့၏။
ဟုန်ရှောင်ပေါင်နှင့် ထိပ်ဖြူခွေးတူဝက်တူကြီးတို့မှာ အလွန်အမင်း ပြင်းထန် ရက်စက်စွာ တိုက်ခိုက်နေကြ၏။ လက်သီးက အသားကို ထိမှန်ပြီး ဒယ်အိုးက ခေါင်းကို ရိုက်နှက်နေသည်။ သို့သော်ငြား တိုက်ခိုက်ရင်းနှင့်ပင် သူတို့သည် မိစ္ဆာသားရဲ ခေါင်းဆောင်ကြီး ငါးကောင်ကို ကျော်လွန်ကာ ချောက်ကမ်းပါးအနီးဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ရုတ်တရက် ထိပ်ဖြူခွေးတူဝက်တူကြီးက ပြင်းထန်သည့် မေးရိုးပင့် ထိုးချက်တစ်ချက်ဖြင့် ဟုန်ရှောင်ပေါင်ကို လွင့်ထွက်သွားအောင် ထိုးနှက်လိုက်၏။ ဟုန်ရှောင်ပေါင်၏ ခန္ဓာကိုယ်မှာ လေထုထဲတွင် ရှိနေဆဲပင် ဖြစ်သည်။ ထိပ်ဖြူခွေးတူဝက်တူကြီးက နောက်တစ်ကြိမ် အမြင့်သို့ ခုန်တက်သွားပြီး ညာလက်သီး တည့်ထိုးချက်ဖြင့် ဟုန်ရှောင်ပေါင်ကို လိုဏ်ဂူထဲသို့ တိုက်ရိုက် လွင့်ထွက်သွားစေခဲ့၏။
ဟုန်ရှောင်ပေါင်၏ ခန္ဓာကိုယ်မှာ လိုဏ်ဂူနံရံနှင့် ပြင်းထန်စွာ ဝင်တိုက်မိသွားခဲ့၏။ ဘုန်းခနဲ အသံနှင့်အတူ လိုဏ်ဂူထဲသို့ ပြုတ်ကျသွားပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ချေ။
ထိပ်ဖြူခွေးတူဝက်တူကြီးက လိုဏ်ဂူထဲသို့ ခုန်ဝင်ကာ ဆက်လက် တိုက်ခိုက်လိုသေးသည်။ သို့သော်ငြား ရုတ်တရက် အမြီးကြီးတစ်ချောင်း လွှဲယိမ်း ရိုက်ခတ်လာခဲ့၏။ ဘုန်းခနဲ အသံနှင့်အတူ ၎င်းမှာ လွင့်ထွက်သွားခဲ့ရသည်။
မိစ္ဆာသားရဲငါးကောင်၏ တိုက်ပွဲမှာ တဖြည်းဖြည်း ပြင်းထန်လာခဲ့၏။ ကမ္ဘာမြေကိုပင် တုန်လှုပ်စေနိုင်လောက်သည့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီဖြစ်၏။
လိုဏ်ဂူထဲတွင် အလောင်းကောင်သဖွယ် ဟန်ဆောင်နေသည့် ဟုန်ရှောင်ပေါင်မှာမူ မျက်နှာတွင် အပြုံးများ ရှိနေခဲ့၏။ သူက မျက်ခုံးပင့်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးလိုက်သည်။ "အဘိုး ... ဘယ်လိုလဲ။ လက်ဖျားခါသွားပြီ မဟုတ်လား။"
"မဆိုးဘူး ... မဆိုးဘူး။"
ယင်းကျိုယိုက လက်မထောင်ပြလိုက်၏။ "မြင့်တယ် ... မင်းရဲ့ ဉာဏ်ရည်က တကယ်ကို မြင့်မားတာပဲ။"
ဘုန်း
ဖြန်း
"ဟိန်း ..."
"ရှဲ ..."
သားရဲငါးကောင်၏ တိုက်ပွဲက အပြင်းထန်ဆုံး အခြေအနေဆီသို့ ရောက်ရှိနေချေပြီ။ တစ်ကောင်ချင်းစီတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။ လေးကျန်လျှပ်စီးပြာသည် အဆင့်လေး မိစ္ဆာသားရဲများထဲ၌ နံပါတ်တစ် ဝိညာဉ်သားရဲ ဖြစ်သော်ငြား၊ ကျန်သားရဲလေးကောင်ကလည်း အဆင့်လေး၏ ထိပ်သီးဆယ်ကောင် စာရင်းဝင်များ ဖြစ်ပေသည်။ ယခုချိန်မှာတော့ ၎င်း၏ တုံ့ပြန် ခုခံမှုများက အတန်ငယ် ဖရိုဖရဲ ဖြစ်နေခဲ့ပြီဖြစ်သည်။
ဤအတိုင်း ဆက်လက် အချိန်ဆွဲနေပါက အရှုံးအနိုင် ပေါ်လွင်သွားတော့မည်ကို ဟုန်ရှောင်ပေါင် သတိပြုမိလိုက်၏။ ထိုအချိန်ကျမှ သူ့ကို သတိထားမိသွားလျှင် အခြေအနေ မကောင်းနိုင်တော့ချေ။ ထို့ကြောင့် မှောက်ရက်မှနေ၍ ကိုယ်ခန္ဓာကို တစ်နေရာစာ ရွေ့လျားလိုက်သည်။ သားရဲများ၏ တုံ့ပြန်မှုကို အကဲခတ်ခြင်းအား ချက်ချင်း ရပ်တန့်လိုက်၏။ သားရဲအားလုံးက တစ်ဖက်သားကို သေသည့်တိုင် တိုက်ခိုက်မည်ဆိုသည့် ပုံစံမျိုး ဖြစ်နေကြောင်း မြင်တွေ့လိုက်ရသောကြောင့် စိတ်အေးသွားခဲ့သည်။ ထို့နောက် ကိုယ်ခန္ဓာကို နောက်ထပ် တစ်နေရာစာ ထပ်မံ ရွေ့လျားလိုက်ပြန်၏။
ကွမ်းထျန်းချိုင်က လိုဏ်ဂူဝကို ထိတ်လန့်တကြား ကြည့်ရှုလိုက်သည်။ "ဟုန် ... သူ သေသွားပြီလား။"
သူတို့ရှိနေသည့် နေရာမှ ဟုန်ရှောင်ပေါင်ကို မမြင်နိုင်ချေ။ သူက အလွန်အမင်း အံ့ဩတုန်လှုပ်စွာဖြင့် ဆက်ပြောလိုက်၏။ "သစ္စာဖောက်တဲ့ မိစ္ဆာသားရဲကို ငါ အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ပြီးတော့ အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာမှ ရွေးပြီး သစ္စာဖောက်သွားတာ။"
နိမ့်ရန်ကမူ တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။
လော်မင်ကျဲက သက်သာခါစ ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်၏။ ယခုချိန်မှာတော့ သူ၏ အားအင်များ အတော်လေး ပြန်လည် ပြည့်ဝနေချေပြီ။ သူက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။ "မဖြစ်နိုင်ဘူး။ ဒီကိစ္စက ထူးဆန်းမှုတွေနဲ့ ပြည့်နေတယ်။ အစ်ကိုကြီး ... ဟုန်ရှောင်ပေါင်က နည်းနည်း တဇွတ်ထိုးနိုင်ပြီး ပေါ့ပေါ့တန်တန် နေတတ်တယ်လို့ မထင်လိုက်နဲ့။ အခု သေချာ ပြန်တွေးကြည့်ရင် လမ်းတစ်လျှောက်လုံးက အခြေအနေတွေ အားလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေခဲ့တာ။ ထိပ်ဖြူခွေးတူဝက်တူကြီးက သစ္စာဖောက်သွားတဲ့ လုပ်ရပ်ဆိုတာကလည်း ... သူ တမင်သတ်သတ် လုပ်ကြံဖန်တီးထားတာ ဖြစ်နိုင်တယ်။"
ကွမ်းထျန်းချိုင်မှာ အံ့အားသင့်သွားပြီး ချက်ချင်းပင် သဘောပေါက် နားလည်သွား၏။ လိုဏ်ဂူကို ငေးကြောင်စွာ စိုက်ကြည့်လျက် တီးတိုး ရေရွတ်လိုက်သည်။ "ဒါမှမဟုတ် ... ဒါမှမဟုတ် ..."
နိမ့်ရန်ကလည်း တီးတိုး ပြောလိုက်၏။ "ဒါက လက်ရှိ အခြေအနေမှာ လိုဏ်ဂူထဲကို ချဉ်းကပ်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်လောက်တယ်။ ဒီလူ့ဉာဏ်ရည်က ... တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်။"
တစ်ဖက်ဆီသို့ ဇာတ်ကြောင်း လှည့်ရသော်။
ဟုန်ရှောင်ပေါင်သည် ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ကိုယ်ကို ရွေ့လျားပြီးသည့်နောက် နောက်ဆုံးတွင် အလောင်းကောင်သဖွယ် ဟန်ဆောင်လျက် ကျောက်တုံးကြီးတစ်ခု၏ အနောက်သို့ ရောက်ရှိသွားခဲ့၏။ ဤနေရာသည် မိစ္ဆာသားရဲအားလုံး၏ မြင်ကွင်းနယ်ပယ်မှ ကင်းလွတ်နေချေပြီ။ ဟုန်ရှောင်ပေါင်က ချက်ချင်း ကိုယ်ကို ကိုင်းညွှတ်ကာ လိုဏ်ဂူထဲသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။
အချိန်က လွန်စွာ ကပ်သီးကပ်သတ် နိုင်လွန်းလှပေ၏။ ဟုန်ရှောင်ပေါင်က အနည်းငယ်မျှပင် အချိန်မဆွဲဝံ့ချေ။ မြေအောင်းပုစဉ်းမီးတောက်သည် မည်သည့် နေရာတွင် အတိအကျ တည်ရှိနေမှန်း မသိသော်ငြား၊ လေထုထဲတွင် လွင့်မျောနေသည့် လိမ္မော်ရောင် အလင်းစက်လေးများကို အားပြုလျက် အတွင်းပိုင်းဆီသို့ ခပ်သုတ်သုတ် ပြေးဝင်သွားခဲ့၏။ "အဘိုး ... အဘိုး ပြောတဲ့ မီးတောက်မျိုးစေ့ ရှိ၊ မရှိ မြန်မြန် ကြည့်ပါအုံး။"
အချိန်တိုအတွင်းမှာပင် ဟုန်ရှောင်ပေါင်သည် ဆယ်စုနှစ်ပေါင်းများစွာ တောင့်တခဲ့ရသည့် မြေအောင်းပုစဉ် မီးတောက်ကို မြင်တွေ့လိုက်ရချေပြီ။
ဤအရာလေးက ... မသဲကွဲသော ပုံပန်းသဏ္ဌာန် တစ်ခုရှိ၏။ မီးခိုးငွေ့များကို အတင်းအဓမ္မ စုစည်းထားသကဲ့သို့ ထင်မှတ်ရသည်။ အနားသတ်မျဉ်းများက သိပ်မရှင်းလင်းသော်ငြား၊ အကြမ်းဖျင်းအားဖြင့် ပုစဉ်းတစ်ကောင်၏ ပုံပန်းသဏ္ဌာန် ရှိ၏။ ၎င်း၏ ပတ်လည်တွင် လိမ္မော်ရောင် အလင်းစက်လေးများက အဆက်မပြတ် ဖြာထွက် လွင့်မျောနေသည်။ လိမ္မော်ရောင် ပိုးစုန်းကြူးလေးများ တစ်အုပ်ကြီး ယိမ်းနွဲ့ ပျံသန်းနေသည့်အလားပင်။
ဟုန်ရှောင်ပေါင်က မချီးကျူးဘဲ မနေနိုင်တော့ချေ။ "အိပ်မက်ဆန်လိုက်တာ။"
ဤအရာက အပင်တစ်မျိုးနှင့် တူပြီး သတ်မှတ်ထားသော နေရာတစ်ခုတွင် ပေါက်ရောက်နေဟန် ရှိသည်။ ပင်စည်နှင့် အမြစ်ပိုင်းအကြားတွင် မီးခိုးငွေ့ကဲ့သို့သော အရာတစ်ခုက ဆက်သွယ်ထား၏။ အချိန်ကြာမြင့်စွာ အပူချိန်မြင့်မားစွာ လောင်ကျွမ်းမှုကြောင့် ဖြစ်ပေလိမ့်မည်။ ၎င်း၏အမြစ် ပတ်လည် မီတာအနည်းငယ်အထိ မြေပြင်မှာ ဖန်သလင်းသားကဲ့သို့ ပြောင်းလဲနေခဲ့သည်။ ထိုဖန်သလင်းပြင်က မြေအောင်းပုစဉ်းမီးတောက်နှင့် လွင့်မျောနေသော အလင်းစက်လေးများကို ပြန်လည် ထင်ဟပ်စေရာ၊ ပိုမို၍ပင် စိတ်ကူးယဉ်ဆန်သော အလှတရားကို ဖြည့်ဆည်းပေးနေခဲ့၏။