အခန်း ၁၇၅
Vol. 16 Ch. 175
အပိုင်း (၁၇၅) မဟာမိတ်ဖွဲ့ခဲ့ခြင်း။
ဟုန်ရှောင်ပေါင်က စိုးရိမ်တကြီး မေးလိုက်သည်။ "အဘိုး ... မီးတောက်မျိုးစေ့ကို ရှာတွေ့ပြီလား။"
မီးတောက်မျိုးစေ့ကို မြေအောင်းပုစဉ်းမီးတောက်၏ မျိုးစေ့အဖြစ် သတ်မှတ်နိုင်သည်။ အကယ်၍ အချိန်အခါ သင့်တော်ပါက မြေအောင်းပုစဉ်းမီးတောက် တစ်ပွင့်ကို ထပ်မံ မွေးထုတ်ပေးနိုင်စွမ်း ရှိ၏။
ယင်းကျိုယိုက ဒေါသတကြီး ပြောလိုက်သည်။ "ဘာတွေ လန့်နေတာလဲ။ ဒီဖန်သလင်းပြင်က အရှိန်အဝါတွေကို ကွယ်ကာထားတာ။ စစ်ဆေးရတာ အဲ့ဒီလောက် လွယ်မယ် ထင်နေလို့လား။"
ဟုန်ရှောင်ပေါင်က ခေါင်းတစ်ညိတ်ညိတ်နှင့် ပြောလိုက်၏။ "အင်း …. အင်း"
သူက စကားအများကြီး ဆက်မပြောတော့ချေ။ တိုက်ရိုက်ပင် ဒယ်အိုးဖြင့် အားရပါးရ ရိုက်ချလိုက်သည်။
ဘုန်း ... ဖြန်း
မြေအောင်းပုစဉ်းမီးတောက် အမြစ်ပိုင်းရှိ ဖန်သလင်းပြင်သည် ဤဒယ်အိုး ရိုက်ချက်အောက်တွင် ပေါက်ကွဲ ကွဲကြေသွားခဲ့၏။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဖန်သလင်းအောက်မှ မရေမတွက်နိုင်သော အလင်းစက်လေးများက "ဝူး" ခနဲ ထွက်ပေါ်လာခဲ့သည်။
ထိုအရာက ဟုန်ရှောင်ပေါင်ကို မီတာအနည်းငယ်အထိ အတင်းအဓမ္မ တွန်းကန် လွင့်ထွက်သွားစေခဲ့၏။
ယင်းကျိုယိုမှာ အနည်းငယ် ကြက်သေ သေသွား၏။ "ငပိန်းကောင် ... အမြစ်ခြေက အရှိန်အဝါတွေ ပျံ့လွင့်သွားပြီ။ အပြင်က မိစ္ဆာသားရဲတွေ အကုန် ရူးသွပ်ကုန်ကြတော့မယ်။"
ဟုန်ရှောင်ပေါင်ကလည်း သိပ်ပြီး အံ့အားသင့်သွားခြင်း မရှိချေ။ "ဒါဆိုလည်း မြန်မြန် ရှာတော့လေ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီကောင်တွေကို အကြာကြီး ဖုံးကွယ်ထားလို့ ရနိုင်မှာမှ မဟုတ်တာ။"
"ဝူး ..."
"ဝူး ..."
အဘိုး ပြောဆိုချက်အတိုင်းပင်၊ အပြင်ဘက်ရှိ မိစ္ဆာသားရဲများမှာ ယခုချိန်တွင် ရူးသွပ်သွားကြချေပြီ။ တစ်ကောင်ပြီးတစ်ကောင် ရူးသွပ်စေသည့် ဆေးဝါးတစ်မျိုးကို ထိုးသွင်းခံထားရသည့်အလား အော်ဟစ်နေကြ၏။ ဒေါသကြီးသည့် သားရဲအတော်များများက ပြေးဝင်လာခဲ့ကြပြီဖြစ်သည်။
မိစ္ဆာသားရဲ ခေါင်းဆောင်ကြီး ငါးကောင်ပင်လျှင် ရုတ်တရက် တန့်သွားခဲ့၏။ နောက်တစ်ခဏတွင် သားရဲလေးကောင်က လေးကျန်လျှပ်စီးပြာ ကို ကျော်လွန်သွားရန် ကြိုးစားကြသည်။ သို့သော်ငြား လေးကျန်လျှပ်စီးပြာ က ရူးသွပ်စွာ အော်ဟစ်ကြုံးဝါးလျက် ခေါင်းဆောင်ကြီး လေးကောင်ကို ပြန်လည် ဖိနှိပ်ထားလိုက်၏။
သို့ပေမည့် မြင်ကွင်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေခဲ့ချေပြီ။ အဆင့်နှစ်၊ အဆင့်သုံး မိစ္ဆာသားရဲ အများအပြားမှာ ရူးသွပ်နေသည့်အလား အလုအယက် ပြေးဝင်လာကြ၏။ အများစုမှာ ခေါင်းဆောင်ကြီး ငါးကောင်၏ ရိုက်လွှတ်ခြင်းကို ခံလိုက်ရသော်ငြား၊ ဤမျှ ကျယ်ဝန်းသည့် နေရာကြီးကို မည်သို့ လွှမ်းခြုံ ထိန်းချုပ်နိုင်မည်နည်း။
အချိန်တိုလေးအတွင်းမှာပင် မိစ္ဆာသားရဲ အတော်များများက ဆင်ခြေလျှောကုန်းတန်းလေးပေါ်သို့ ခုန်တက်လာခဲ့ကြသည်။
ဖန်သလင်းပြင် ကျိုးပဲ့သွားသည်နှင့် တစ်ပြိုင်နက် ယင်းကျိုယိုက မြေအောင်းပုစဉ်းမီးတောက်၏ မျိုးစေ့ကို ချက်ချင်း ရှာတွေ့သွားခဲ့၏။ "ဘယ်ဘက်၊ နှစ်ပေခွဲလောက် အကွာမှာ။"
ဟုန်ရှောင်ပေါင်က ဒယ်အိုးကို ဂေါ်ပြားသဖွယ် အသုံးပြုလျက် အားရပါးရ တူးဆွလိုက်သည်။
ယင်းကျိုယိုကမူ မျက်မှောင်ကြုတ်လိုက်၏။ "မင်း ဒီမြေအောင်းပုစဉ်းမီးတောက်ကို ဘယ်လို သယ်သွားမလို့လဲ။ ငါ့ကောင် ... ပစ္စည်းကောင်းဆိုတာ အသက်ရှင်လျက် ယူသွားနိုင်မှ ရမှာနော်။"
ဟုန်ရှောင်ပေါင်က လျင်မြန်စွာ တူးဆွရင်း ပြောလိုက်သည်။ "ကျုပ် သိတယ်။ မြေအောင်းပုစဉ်းမီးတောက်ကို ကျုပ်က ဒြပ်စင်ငါးပါးဆေးလုံးအတွက် လိုအပ်တဲ့ ကုန်ကြမ်း အနည်းငယ်ပဲ ယူမှာ။ ကျုပ် လိုချင်တာက မီးတောက်မျိုးစေ့ပဲ။"
ယင်းကျိုယိုကလည်း ဉာဏ်ရည်ထက်မြက်သူ ဖြစ်ရာ ဟုန်ရှောင်ပေါင်၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားခဲ့၏။
ဟုန်ရှောင်ပေါင်က ရုတ်တရက် အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်၏။ "ရှာတွေ့ပြီဟေ့။"
ပဲနီလေး တစ်စေ့ခန့် အရွယ်အစားရှိပြီး အလင်းရောင် ဖြာထွက်နေသည့် ဖန်သလင်း အရာဝတ္ထုလေးတစ်ခုက သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
တစ်စုံတစ်ခု ပြုလုပ်ရန် ပြင်ဆင်လိုက်ချိန်တွင် ယင်းကျိုယိုက ပြောလိုက်၏။ "နောက်ထပ် တစ်လုံး ရှိသေးတယ်။ ညာဘက်၊ တစ်လှမ်းအကွာ၊ နှစ်ပေလောက် အနက်မှာ။"
ဟုန်ရှောင်ပေါင်မှာ ထိတ်လန့်သွားသလို အလွန်လည်း ဝမ်းသာသွားခဲ့၏။ ဝမ်းသာရခြင်းမှာ မီးတောက်မျိုးစေ့ နောက်တစ်လုံး ရှိနေသေးသောကြောင့် ဖြစ်ပြီး၊ ထိတ်လန့်ရခြင်းမှာမူ ဆက်လက် တူးဆွရန် အချိန်မရှိတော့မည်ကို စိုးရိမ်သောကြောင့်ပင်။ သို့ပေမည့် ဟုန်ရှောင်ပေါင်က ပြတ်သားသူ ဖြစ်၏။ ဤကဲ့သို့သော ရတနာမျိုးမှာ ကြုံခဲလှပေရာ အစွမ်းကုန် ကြိုးစား ရယူရပေမည်။
သူက ပြောပြောဆိုဆိုနှင့် မီးတောက်မျိုးစေ့ကို ကြိုတင် ပြင်ဆင်ထားသည့် သစ်နီသေတ္တာလေးထဲသို့ ထည့်သွင်းလိုက်၏။ ဤပစ္စည်းကို ဟုန်ရှောင်ပေါင်သည် လေမုန်တိုင်းဒယ်အိုးသိုင်း ကျင့်ကြံစဉ်က အဆင်ပြေသလို ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ သေတ္တာဟု ဆိုသော်ငြား၊ တစ်ဝက် ခြမ်းခွဲထားပြီး အလယ်တွင် ချိုင့်ခွက်လေးတစ်ခု ပါရှိသည့် ပစ္စည်းတစ်ခုသာ ဖြစ်၏။ ဤအရာက မြေအောင်းပုစဉ်းမီးတောက်၏ အရှိန်အဝါများကို အတိုင်းအတာတစ်ခုအထိ ကွယ်ကာ ပိတ်ဆို့ပေးနိုင်စွမ်း ရှိပေသည်။
ဒယ်အိုးဖြင့် အကြိမ်အနည်းငယ် တူးဆွလိုက်ပြီးနောက် ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ အော်ဟစ်လိုက်၏။
"ရှာတွေ့ပြီဗျ။"
သူက ဒုတိယမြောက် မြေအောင်းပုစဉ်းမီးတောက် မျိုးစေ့ကို ဖမ်းဆုပ်လိုက်သည်။
ဤအချိန်တွင် လိုဏ်ဂူဝ၌ မိစ္ဆာသားရဲများ၏ ဟိန်းဟောက်သံများ ဆူညံစွာ ထွက်ပေါ်နေချေပြီ။ မိစ္ဆာသားရဲ နှစ်ကောင်က တစ်ပြိုင်နက်တည်း လိုဏ်ဂူထဲသို့ ခုန်ဝင်လာခဲ့ကြ၏။
ဟုန်ရှောင်ပေါင်ကလည်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ "အား ..." သူက မြေအောင်းပုစဉ်းမီးတောက်၏ အမြစ်ပိုင်းကို အားရပါးရ ဖမ်းဆုပ်လိုက်သည်။
တရှဲရှဲ အသံနှင့်အတူ ဟုန်ရှောင်ပေါင်၏ လက်မှ မီးခိုးများ ထွက်ပေါ်လာခဲ့၏။ တူးနံ့တစ်ခုလည်း တစ်ပါတည်း ထွက်ပေါ်လာခဲ့သည်။ ဟုန်ရှောင်ပေါင်၏ အရေပြားက ထူထဲ မာကျောလင့်ကစား၊ မြေအောင်းပုစဉ်းမီးတောက်၏ ပြင်းထန်သော အပူချိန်ကို မခံနိုင်ချေ။ နာကျင်မှုကြောင့် သူ၏ လက်ပေါ်ရှိ အကြောများ ပြူးထွက်လာခဲ့၏။ သူက ခွန်အားကို အစွမ်းကုန် ပေါက်ကွဲ ထုတ်ဖော်လိုက်၏။ "အား ..."
ဖြန်း
မြေအောင်းပုစဉ်းမီးတောက်ကို ဟုန်ရှောင်ပေါင်က တစ်ချက်တည်းဖြင့် ဆွဲနှုတ်လိုက်၏။ သူက ဒယ်အိုးဖြင့် အားရပါးရ ခေါက်ချလိုက်သည်။ ချက်ချင်းဆိုသလို အစ၏လေး နှစ်ခု ကွဲထွက်လာခဲ့၏။ သူက အများကြီး မစဉ်းစားတော့ဘဲ ထိုအစလေး နှစ်ခုလုံးကို သစ်နီသေတ္တာထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် လက်တစ်ဖက် က ဒယ်အိုးကို ကိုင်ကာ၊ ကျန်လက်တစ်ဖက်က မြေအောင်းပုစဉ်းမီးတောက်ကို ကိုင်ဆောင်လျက် လိုဏ်ဂူပြင်ပသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။
ဤမျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် လိုဏ်ဂူဝ၌ အခြားသော မိစ္ဆာသားရဲ အနည်းငယ် ထပ်မံ ပေါ်ပေါက်လာခဲ့၏။ မည်သည့် သားရဲဖြစ်စေကာမူ ဟုန်ရှောင်ပေါင်က ဂရုမစိုက်တော့ချေ။ အလျင်နှုန်းကို အနည်းငယ်မျှ မလျှော့ချဘဲ ဒယ်အိုးဖြင့် တစ်ကောင်ပြီးတစ်ကောင် လွင့်ထွက်သွားအောင် ရိုက်နှက်ပစ်လိုက်၏။
အရှိန်ဖြင့် လိုဏ်ဂူဝမှ ခုန်ထွက်လိုက်၏။ မိစ္ဆာသားရဲ ခေါင်းဆောင်ကြီး ငါးကောင်၏ အာရုံခံစားနိုင်စွမ်းက လွန်စွာ ထက်မြက်လွန်းလှပေသည်။ ချက်ချင်းဆိုသလို အကြည့်များက တန်းခနဲ ရောက်ရှိလာခဲ့သည်။
မြည်းမိစ္ဆာ သားရဲက ပြေးဝင်လာခဲ့၏။
ဟုန်ရှောင်ပေါင်သည် လေထုထဲတွင် ရှိနေဆဲပင် ဖြစ်၏။ သူက တည်နေရာကို သေချာ မှတ်သားပြီးနောက် အစွမ်းကုန် အားယူကာ မြေအောင်းပုစဉ်းမီးတောက်ကို လေးကျန်လျှပ်စီးပြာဆီသို့ ပစ်လွှတ်လိုက်သည်။
လေးကျန်လျှပ်စီးပြာမှာ ကြက်သေ သေသွားပြီးနောက် အရူးအမူး ဝမ်းသာပျော်ရွှင်သွားခဲ့၏။ ဖြန်းခနဲ အသံနှင့်အတူ ၎င်း၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ မိုးကြိုးလျှပ်စီး ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ အရာအားလုံးက ကွဲကြေ ပျက်စီးသွားခဲ့၏။ ဖြတ်ပြေးသွားသည့် မိစ္ဆာသားရဲများနှင့် အနီးနားရှိ ကျောက်တုံးကြီးများပါ မကျန်ချေ။
ထိုအရှိန်ကြောင့် ကျန်သားရဲလေးကောင်မှာလည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရ၏။
လေးကျန်လျှပ်စီးပြာသည် ဤအခွင့်အရေးကို အသုံးပြုကာ ကိုယ်ကို လှည့်၍ ခုန်တက်လိုက်၏။ ဧရာမ အမြီးကြီးဖြင့် မြေအောင်းပုစဉ်းမီးတောက်ကို ရစ်ပတ် တင်းကျပ်လိုက်သည်။ နောက်တစ်ခဏတွင်တော့ ကောင်းကင်ယံသို့ ပျံသန်းတက်ရောက်သွားပြီး တောင်ထိပ်ဖျားဆီသို့ ရောက်ရှိသွားခဲ့၏။ သို့သော်ငြား သားရဲလေးကောင်နှင့် တိုက်ခိုက်ခဲ့စဉ်က ထင်ရှားစွာပင် ဒဏ်ရာရရှိခဲ့သောကြောင့် ပျံသန်းရာတွင် အတန်ငယ် ယိမ်းယိုင်နေခဲ့သည်။
"ဝေါင်း ..." လေးကျန်လျှပ်စီးပြာက ရူးသွပ်နေချေပြီဖြစ်သော မိစ္ဆာသားရဲ အုပ်ကြီးကို ကြည့်လိုက်၏။ ထို့နောက် ဤပစ္စည်းကို ရရှိရန် ထူးဆန်းစွာ ကူညီပေးခဲ့သည့် အားနည်းသော သက်ရှိလေးကို လှမ်းကြည့်လိုက်သည်။ တစ်စုံတစ်ခုကို အနံ့ခံနေသည့်အလား ခေါင်းကိုငုံ့လျက် ဟုန်ရှောင်ပေါင်ဆီသို့ "ဟူး ... ဟူး" ဟု နှစ်ချက် အသံပြုလိုက်၏။ ထို့နောက် အတောင်ပံကို ဖြန့်ကျက်ကာ ပျံသန်း ထွက်ခွာသွားလေတော့၏။
မိစ္ဆာသားရဲများထဲတွင် ပျံသန်းနိုင်သည့် သားရဲ မများပြားလှချေ။ သို့ပေမည့် ဤတည်နေရာရှိ အခြေခံ အရေအတွက်က လွန်စွာ များပြားလွန်းလှပေ၏။ တစ်ပြိုင်နက်တည်း ဆိုသလိုပင် အမျိုးအစားစုံလင်သော မိစ္ဆာသားရဲ ရာပေါင်းများစွာက အတောင်ပံများကို ဖြန့်ကျက် ပျံသန်းလာကြသည်။ သူတို့က လေးကျန်လျှပ်စီးပြာ ၏ နောက်သို့ ရူးသွပ်စွာ ဟစ်ကြွေးရင်း လိုက်ပါသွားကြ၏။
ထိုအထဲတွင် မိစ္ဆာသားရဲ ခေါင်းဆောင်ကြီး လေးကောင်ထဲမှ တစ်ကောင်လည်း ပါဝင်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်ရှိ မိစ္ဆာသားရဲ အုပ်ကြီးမှာလည်း ရူးသွပ်သွားကြချေပြီ။ ဒီရေလှိုင်းတံပိုးများကဲ့သို့ လေးကျန်လျှပ်စီးပြာ ပျံသန်းသွားသည့် ဘက်ဆီသို့ ဒုန်းစိုင်း ပြေးလွှားသွားကြ၏။ မြေပြင်တစ်ခုလုံးမှာ မိုးကြိုးပစ်ခတ်သွားသည့်အလား တဒုန်းဒုန်း မြည်ဟည်းနေခဲ့၏။
ဤနေရာက တောင်ကြားဒေသ ဖြစ်သောကြောင့် တုန်ခါမှုအရှိန်က မြေပြင်နှင့် တောင်တန်းများကိုပါ ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။
ဟုန်ရှောင်ပေါင်ကမူ သစ်ပင်ပေါ်သို့ တက်ရောက်နေကြပြီဖြစ်သော လူသုံးဦးအနားဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလွှား ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူက စကားအများကြီး မပြောတော့ချေ။ တိုက်ရိုက်ပင် နိမ့်ရန်၏ အထုပ်ကို ဆွဲဖြဲလိုက်၏။ ထိုသားရေအိတ်ဖြင့် သစ်နီသေတ္တာကို ထပ်ကျော့ အလွှာပေါင်းများစွာ တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်၏။
ဤအထဲတွင် မိစ္ဆာသားရဲများကို ရူးသွပ်သွားစေနိုင်သည့် မြေအောင်းပုစဉ်း မီးတောက် တည်ရှိနေသည် မဟုတ်ပါလား။ ယခုချိန်တွင် မြေအောင်းပုစဉ်းမီးတောက်၏ အဓိက ခန္ဓာကိုယ်ကြောင့် မိစ္ဆာသားရဲ အားလုံး၏ အာရုံစိုက်မှုက ထိုအပေါ်သို့ ရောက်ရှိနေကြ၏။ သို့သော်ငြား လေးကျန်လျှပ်စီးပြာ ဝေးကွာသွားပါ အာရုံခံစားမှု ထက်မြက်သော မိစ္ဆာသားရဲအချို့က ဤနေရာကို သတိပြုမိသွားနိုင်သည်။
ဤအရာများ အားလုံးကို ပြုလုပ်ပြီးသည့်တိုင် ဟုန်ရှောင်ပေါင်က စိတ်မချသေးချေ။ တိုက်ဆိုင်စွာဖြင့် သစ်ပင်ပေါ်တွင် ပါးစပ်မှ အမြှုပ်ဖြူများ ထွက်သည်အထိ ရူးသွပ်နေသည့် ဦးချိုလေးချောင်း နံစော်ဖျံတစ်ကောင် ရှိနေခဲ့၏။ ၎င်းက လေးကျန်လျှပ်စီးပြာ၏ လမ်းကြောင်းဆီသို့ အော်ဟစ်၍ လိုက်ပါသွားရန် ပြင်ဆင်နေသည်။ ဟုန်ရှောင်ပေါင် အလွန် ဝမ်းသာသွားပြီး သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်၏။ ဒယ်အိုးဖြင့် ထိုနံစော်ဖျံ၏ ဦးခေါင်းကို အားရပါးရ ရိုက်နှက်လိုက်သည်။
ဦးချိုလေးချောင်း နံစော်ဖျံ၏ အသက်ရှူနှုန်းမှာ မျက်တောင်တစ်ခတ်စာအတွင်း ရပ်တန့်သွားခဲ့၏။ ဟုန်ရှောင်ပေါင်က ညစ်ပတ်သည်ကို ဂရုမစိုက်တော့ချေ။ ဓားမြှောင်ကို ထုတ်ယူကာ ၎င်း၏ စအိုနား တစ်ဝိုက်ကို ဝိုင်းစက်စွာ လှီးဖြတ်လိုက်သည်။ ကြက်ဥအရွယ်အစားခန့် ရှိသည့် အသားအိတ်လေး တစ်ခုကို လှီးဖြတ် ယူဆောင်လိုက်၏။ ထိုအသားအိတ်လေးကို ခွဲဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးများကိုပင် ကျိန်းစပ်သွားစေနိုင်သည့် ထူးဆန်းသော အနံ့ဆိုးကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
ဤပစ္စည်းက တကယ်ကို နံစော်လွန်းလှ၏။ နေပူထဲတွင် တစ်နေကုန် ပြင်းထန်စွာ နေလှန်းခံထားရသည့် ချေးကျင်း၏ အနံ့ထက်ပင် အပုံကြီး ပိုမို ဆိုးရွားလွန်းလှသည်။
ဟုန်ရှောင်ပေါင်က ညစ်ပတ်သည်ကို ဂရုမစိုက်ဘဲ ထိုအသားအိတ်လေးဖြင့် အထုပ်ကို တစ်ပတ် ပွတ်သပ်လိုက်၏။ ထို့နောက်မှသာ စိတ်ကျေနပ်စွာဖြင့် ရင်ခွင်ထဲသို့ ထည့်ရန် ပြင်ဆင်လိုက်သည်။ ထိုအခါမှ ထိပ်ဖြူခွေးတူဝက်တူကြီးကို သတိရသွားပြီး ထူးဆန်းသော အနံ့ဆိုးများ ထွက်ပေါ်နေသည့် အထုပ်ကို နောက်ထပ် အလွှာပေါင်းများစွာ ထပ်မံ ရစ်ပတ်လိုက်၏။ ထို့နောက် ပြန်လည် ရောက်ရှိလာသော ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ကျောပြင်ပေါ်တွင် တင်ပေးလိုက်၏။
ဟုန်ရှောင်ပေါင်၏ လှုပ်ရှားမှု အားလုံးက မြန်ဆန်လွန်းလှပေ၏။ ထိုသူသုံးဦးမှာ ပါးစပ်အဟောင်းသားဖြင့် ငေးကြောင် ကြည့်ရှုနေကြသည်။ ဦးနှောက်ထဲအထိ စူးဝင်လာသော အနံ့ဆိုးကြီး ထွက်ပေါ်နေသည့် အထုပ်ကို ကြည့်ကာ သူတို့၏ ရင်ထဲတွင် တဒိန်းဒိန်း ခုန်လာခဲ့ကြ၏။ သူတို့ အားလုံး၏ စိတ်ထဲတွင် ထိတ်လန့် အံ့ဩဖွယ်ကောင်းသော အတွေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ "ဒါမှမဟုတ် ... ဟုန်ရှောင်ပေါင်က အဲ့ဒီပစ္စည်းကို ရသွားခဲ့တာလား။ ဒီလောက် ထိတ်လန့်စရာ ကောင်းတဲ့ မိစ္ဆာသားရဲ အုပ်ကြီးထဲကနေပြီးတော့တောင် ရသွားခဲ့တာလား။"