အခန်း ၁၇၆
Vol. 16 Ch. 176
အပိုင်း (၁၇၆) နှုတ်ဆက်ကြစို့။
‘ဟုန်ရှောင်ပေါင်က ဒီလို ထိတ်လန့်စရာကောင်းတဲ့ မိစ္ဆာသားရဲ အုပ်ကြီးထဲကနေ မြေအောင်းပုစဉ်းမီးတောက်ကို ရသွားခဲ့တာလား။’
သူတို့ သုံးဦးလုံး အလွန်အမင်း ထိတ်လန့် အံ့ဩနေကြ၏။ ဤအခိုက်အတန့်တွင် ဟုန်ရှောင်ပေါင်က ကောင်းကင်ပေါ်မှ ကြယ်တွေကို ခူးဆွတ်ချင်သည် ဆိုလျှင်ပင် မဖြစ်နိုင်စရာ မရှိဟု သူတို့ ခံစားလိုက်ကြရ၏။
သို့သော်ငြား ဤကဲ့သို့သော ထူးခြားဆန်းကြယ်သည့် ရတနာများနှင့် ပတ်သက်၍ တားမြစ်ချက်များ အလွန် များပြားလှ၏။ သူတို့ သုံးဦးလည်း မမေးမြန်းဝံ့ကြချေ။ ကြောင်ကုတ်နေသကဲ့သို့ ပြင်းထန်လွန်းလှသည့် စပ်စုလိုစိတ်ကို အတင်းအဓမ္မ ဖိနှိပ်ထားလိုက်ကြသည်။
ဟုန်ရှောင်ပေါင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ခင်ဗျားတို့ ... အခုလောလောဆယ် အခြေအနေက အရမ်း ရှုပ်ထွေးနေတယ်။ ကျုပ်တို့ ခဏလောက် စောင့်ပြီးမှ သွားကြတာပေါ့။"
သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် အဘိုးကို အဆက်မပြတ် မျက်စပစ်ပြနေခဲ့သည်။ "ဟီး ဟီး ... အဘိုး ... အခုတော့ မျက်လုံးပြူးသွားပြီ မဟုတ်လား။"
ယင်းကျိုယိုက ချီးကျူးလိုက်၏။ "မဆိုးဘူး ... ဒီနေ့ မင်း လုပ်ပြသွားတဲ့အကွက်တွေက အရမ်း သေသပ် လှပတာပဲ။"
ဟုန်ရှောင်ပေါင်အပေါ် သူ၏ မဆိုးဘူးဆိုသည့် စကားတစ်ခွန်းက အမြင့်ဆုံး ချီးကျူးမှုပင် ဖြစ်ပေသည်။ ဤချီးကျူးစကားက တကယ်ကို ပေါ့ပါးမှု မရှိချေ။ ယင်းကျိုယိုက ပြောရင်းနှင့် ထိပ်ဖြူခွေးတူဝက်တူကြီးကို လှမ်းကြည့်လိုက်သည်။ "သူက မင်းရဲ့ ရတနာတွေကို ယူပြီး ထွက်ပြေးသွားမှာကို မင်း မကြောက်ဘူးလား။"
ဟုန်ရှောင်ပေါင်က ထိပ်ဖြူခွေးတူဝက်တူကြီးကို တစ်ချက် စောင်းငဲ့ကြည့်လိုက်၏။ "ဟားဟား ... အဲ့ဒါဆိုရင် သူ့ကို ကျုပ် သတ်ပစ်မှာပေါ့။"
ထိပ်ဖြူခွေးတူဝက်တူကြီးက နားလည်သွားသည်လား မသိနိုင်သော်ငြား တစ်ချက် ကြက်သီးထသွားခဲ့သည်။
အတန်ကြာသောအခါ ရတနာဝက်ဝံက ဘယ်နေရာမှန်း မသိသည့် နေရာမှ ပြန်ရောက်လာခဲ့၏။ ဤကောင်လေး၏ အစွမ်းအစက အဆင့်နှစ်မျှသာ ရှိပေသည်။ သို့သော်ငြား အန္တရာယ်များလှသည့် သစ်တောမည်းကြီး ကဲ့သို့သော နေရာမျိုးတွင် နှစ်ပေါင်းများစွာ ကျင်လည်နိုင်ခဲ့သည်ဖြစ်ရာ အသက်လု ထွက်ပြေးသည့် နေရာတွင် ၎င်း၌ ကိုယ်ပိုင် နည်းလမ်းများ ရှိနေပေလိမ့်မည်။ ဟုန်ရှောင်ပေါင်လည်း ၎င်းကို အပြစ်မတင်တော့ချေ။ ၎င်း ရှိနေပါက ပို၍ပင် လုပ်ဆောင်ရ ခက်ခဲပေဦးမည်။
ဤတစ်ကြိမ်တွင် ရွှေစွန်းမြွေ၏ အရိုးကို ရရှိခဲ့ပြီး၊ မြေအောင်းပုစဉ်းမီးတောက်ကိုလည်း ရရှိခဲ့ချေပြီ။ ထပ်မံ၍ သစ်သား၊ ရေ၊ မြေ ဒြပ်စင်ဆိုင်ရာ ပစ္စည်းများ ပေါင်းစပ်လိုက်ရုံဖြင့် ယွင်ချိုင်ရှောင်အတွက် ဖော်စပ်ပေးမည့် ဒြပ်စင်ငါးပါးဆေးလုံးမှာ ဆိုးရွားမည် မဟုတ်တော့ချေ။
ဟုန်ရှောင်ပေါင် အလွန် ကျေနပ်သွား၏။ ထိပ်ဖြူခွေးတူဝက်တူကြီးအပေါ် မှီတွယ်လျက် သစ်ကိုင်းပေါ်တွင် လှဲလျောင်းကာ မျက်လုံးမှိတ်ပြီး သီချင်း ညည်းနေခဲ့သည်။
ဤသက်တောင့်သက်သာ ရှိလှသော မြင်ကွင်းက သစ်ပင်အောက်၌ ဒုန်းစိုင်း ပြေးလွှားနေကြသည့် မိစ္ဆာသားရဲ အုပ်ကြီးနှင့် ရှင်းလင်းစွာ ဆန့်ကျင်ဘက် ဖြစ်နေခဲ့၏။ ထိုသူသုံးဦးမှာလည်း သစ်ပင်ပေါ်တွင် ရှိနေကြသော်ငြား၊ စိတ်ထဲတွင် လွန်စွာ စိုးရိမ် ပူပန်နေကြပည်။ သူတို့က ဘယ်လိုလုပ်ပြီး ဤမျှ အေးဆေး တည်ငြိမ်စွာ နေထိုင်ရဲကြမည်နည်း။ စိတ်အာရုံကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားကြပြီး ဟုန်ရှောင်ပေါင်ကို ကြည့်ကာ တိတ်တခိုး လေးစားနေမိကြ၏။ အခြားအရာများကို မဆိုလိုနှင့် ဤတည်ငြိမ်မှု တစ်ခုတည်းကပင် သူတို့ သင်ယူချင်လျှင်တောင် သင်ယူ၍မရနိုင်သော အရာဖြစ်၏။
သဘာဝအတိုင်းပင် ဤအရာအားလုံးက အစွမ်းအစ အခြေခံပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်၏။ ဤနေရာက လမင်းပြာတောင်တန်း၏ အစွန်အဖျားဒေသ ဖြစ်သည်။ မူလတည်းက ထိပ်ဖြူခွေးတူဝက်တူကြီးသည် ဤနေရာတွင် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ သွားလာနိုင်စွမ်း ရှိ၏။ သို့ပေမည့် ဤတစ်ကြိမ်တွင် မြေအောင်း ပုစဉ်းမီးတောက်ကြောင့် ဖြစ်မည်ထင်သည်။ အဆင့်လေး မိစ္ဆာသားရဲ ခေါင်းဆောင်ကြီး ငါးကောင် ထွက်ပေါ်လာခဲ့သည်။
ယခုချိန်မှာတော့ ထိုသားရဲများ ထွက်ခွာသွားကြပြီဖြစ်ရာ ဟုန်ရှောင်ပေါင်လည်း စိတ်ကြိုက် လမ်းလျှောက်နိုင်ပြီ ဖြစ်၏။
ဟုန်ရှောင်ပေါင်က ရွှင်မြူးစွာ ပြောလိုက်သည်။ "အဘိုး ... လေးကျန်လျှပ်စီးပြာက နောက်ဆုံး တောင်ထိပ်ဖျားပေါ်မှာတုန်းက ကျုပ်ကို ခေါင်းငုံ့ပြီး အနံ့ခံသွားတာ။ အဲ့ဒါက မိတ်ဆွေဖွဲ့ချင်တဲ့ အဓိပ္ပာယ်လို့ အဘိုး ပြောခဲ့တယ် မဟုတ်လား။ ကျုပ်ရဲ့ ကြီးမြတ်တဲ့ လူ့ကျင့်ဝတ်ကို သဘောကျပြီး နောက်ဆုံးမှာ ကျုပ်ရဲ့ ဝိညာဉ်သားရဲ ဖြစ်လာလိမ့်မယ်လို့ အဘိုး မထင်ဘူးလား။"
ယင်းကျိုယိုက အေးစက်စက် ရယ်မောလိုက်၏။ "မင်းကသာ သူ့ရဲ့ ဝိညာဉ်သားရဲ ဖြစ်သွားဖို့ ပိုနီးစပ်လောက်တယ်။ အဲ့ဒါက တခြားသူ တစ်ယောက်ယောက်က မင်းကို ဝိညာဉ်ကျောက်တုံး ရာချီ ပေးလိုက်တယ်။ မင်းက ဝမ်းသာလွန်းလို့ နွားဖြစ်ဖြစ်၊ မြင်းဖြစ်ဖြစ် လုပ်ပေးမယ် ဆိုတာမျိုးနဲ့ တူနေတယ်။ အဲ့ဒါ ဖြစ်နိုင်ပါ့မလား။"
ဟုန်ရှောင်ပေါင်က တိကျစွာ ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး။"
အမှန်တော့ ယနေ့ သူသည် လေးကျန်လျှပ်စီးပြာကို တစ်ကွက် အသုံးချခဲ့ခြင်းသာ ဖြစ်သည်။ ယခုချိန်တွင် သူ လိုအပ်သည့် ပစ္စည်းများ အားလုံးကို အပြည့်အဝ ရရှိခဲ့ပြီဖြစ်ရာ အကောင်းဆုံး ပြီးဆုံးခြင်း ဖြစ်၏။ လူ့သဘာဝအရ လွန်ကဲစွာ လောဘမကြီးသင့်ချေ။
ထိုသို့တွေးရင်း ဟုန်ရှောင်ပေါင်၏ နှုတ်ဖျားမှ သီချင်းသံလေးက ပိုမို ရွှင်လန်း မြူးကြွလာခဲ့သည်။
ကွမ်းထျန်းချိုင်တို့ သုံးဦးမှာ စိတ်နှလုံး ရှုပ်ထွေးနေကြသော်ငြား၊ တဖြည်းဖြည်းနှင့် သီချင်းသံလေး၏ ဆွဲဆောင်မှုကို ခံလိုက်ကြရ၏။ သံစဉ်က ထူးဆန်းလွန်းပြီး ဤမျှ ပေါ့ပါး မြူးကြွသော သံစဉ်မျိုးကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ကြချေ။
“အောင်သွယ်တော်လမင်းကြီး .. ရောင်ဝါတွေထွန်း..”
ဟုန်ရှောင်ပေါင်က အခြားကမ္ဘာတစ်ခုမှ ခေတ်ပေါ် သီချင်းအချို့ကို ညည်းဆိုရင်း တောက်တစ်ချက် ခေါက်လိုက်သေးသည်။
ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။ မိစ္ဆာသားရဲ အုပ်ကြီးမှာ တဖြည်းဖြည်း ပါးလျသွားခဲ့၏။ အချိန်အခါ သင့်တော်ပြီကို မြင်တွေ့လိုက်ရသောကြောင့် အကြောဆန့်ရင်း ပြောလိုက်၏။ "သွားကြစို့။"
အနည်းငယ် တည်ငြိမ်ခါစ ရှိသေးသော ထိုသူသုံးဦးမှာ ချက်ချင်းပင် ထပ်မံ စိုးရိမ်ပူပန်လာကြပြန်၏။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။ ယခုအခါ မိစ္ဆာသားရဲ အုပ်ကြီးက များစွာ ပါးလျသွားသည် ဆိုသော်ငြား၊ သာမန် အချိန်များထက် အဆပေါင်းများစွာ ပိုမို များပြားနေဆဲဖြစ်သည်။
ကွမ်းထျန်းချိုင်က အတန်ငယ် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။ "ဒါက ... အစ်ကိုဟုန် ... အခုလောလောဆယ် မိစ္ဆာသားရဲတွေ မနည်းသေးဘူးနော်။ ကျုပ်တို့ နည်းနည်းလောက် ထပ်စောင့်ပြီးမှ သွားရင် မကောင်းဘူးလား။"
ဟုန်ရှောင်ပေါင်က ပြုံးစိစိဖြင့် ပြောလိုက်၏။ "ခဏနေကျရင် ဟိုမိစ္ဆာသားရဲ ခေါင်းဆောင်ကြီးတွေ ပြန်လာရင်တော့ နောင်တမရနဲ့နော်။ အခုရှိတဲ့ မိစ္ဆာသားရဲအသေးလေးတွေကတော့ ... ကျုပ် လက်သီးတစ်ချက်ဆီပဲ။"
လော်မင်ကျဲက ပြောလိုက်သည်။ "အစ်ကိုဟုန် ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။"
ယနေ့ ဟုန်ရှောင်ပေါင်၏ ပြုမူဆောင်ရွက်ချက်များက သူ့ကို လုံးဝ ဖမ်းစား သွားခဲ့ပြီဖြစ်၏။
ဟုန်ရှောင်ပေါင်က အချိန်မဆွဲတော့ချေ။ ချက်ချင်းပင် ထိုသူများကို ခေါ်ဆောင်လျက် ထွက်ခွာခဲ့တော့၏။ လမ်းတစ်လျှောက်တွင် မိစ္ဆာသားရဲ တစ်ကောင်ပြီးတစ်ကောင်နှင့် အဆက်မပြတ် ဆုံတွေ့ခဲ့သော်ငြား၊ ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြတ်သန်းနိုင်ခဲ့သည်။
ဟုန်ရှောင်ပေါင်လည်း တဖြည်းဖြည်း သတိပြုမိလာခဲ့၏။
မျှော်လင့်ချက် မရှိတော့မှန်း သိရှိသွားသောကြောင့်လား၊ သို့မဟုတ် အကွာအဝေး လွန်စွာ ဝေးကွာသွားသောကြောင့် ဆွဲဆောင်မှု လျော့ကျသွား၍လား မသိချေ။ မြေအောင်းပုစဉ်းမီးတောက်အပေါ် မိစ္ဆာသားရဲများ၏ ရူးသွပ်မှုက များစွာ လျော့ပါးသွားခဲ့ပြီဖြစ်သည်။
သို့သော်ငြား ဟုန်ရှောင်ပေါင်ကို သတိထားမိစေခဲ့သည့် အချက်တစ်ခုမှာ အာရုံခံစားမှု ထက်မြက်သော မိစ္ဆာသားရဲ အတော်များများက သူတို့ဆီသို့ လောဘတကြီး စိုက်ကြည့်နေကြခြင်းပင်။ ထိုမိစ္ဆာသားရဲများ ကိုယ်တိုင်ပင် အတန်ငယ် သံသယ ဖြစ်နေကြဟန် ရှိသည်။ သူတို့သည် ဟုန်ရှောင်ပေါင်တို့ အဖွဲ့ထံတွင် သူတို့ကို ရူးသွပ်စေနိုင်သည့် တစ်စုံတစ်ခုသော အရာ ရှိနေကြောင်းကို ခံစားမိနေကြ၏။
ထို့ကြောင့် ဟုန်ရှောင်ပေါင်က ယာယီ ကျောက်သေတ္တာလေး တစ်ခုကို ထပ်မံ ထုဆစ်လိုက်ပြီး၊ အထဲသို့ ရွှံ့ညွှန်အချို့ကို ကျပ်သိပ်ထည့်လိုက်၏။ ထိုအခါမှသာ မိစ္ဆာသားရဲများ၏ လောဘတကြီး အကြည့်များကို မမြင်တွေ့ရတော့ချေ။
နေ့တစ်ဝက်ကျော် ကုန်ဆုံးသွားပြီးနောက် ဟုန်ရှောင်ပေါင်တို့အဖွဲ့သည် အစောပိုင်းက လမ်းခွဲနေရာဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုအခါမှ ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်၏။ "အားလုံး ... ကျုပ်မှာ ကိစ္စရှိသေးလို့ ဒီနေရာကနေပဲ လမ်းခွဲကြတာပေါ့။"
ထိုသူသုံးဦးလုံး အံ့အားသင့်သွားကြပြီး မသင့်တော်မှန်း ချက်ချင်း ခံစားလိုက်ကြရ၏။ ဤနေရာသည် အကြမ်းဖျင်းအားဖြင့် ဘေးကင်းသည့် နေရာတစ်ခု ဖြစ်သော်ငြား အရာရာတွင် မတော်တဆ ဆိုသည်မှာ ရှိစမြဲ ဖြစ်သည်။ ကြေးမျောက်ဝံများ၏ အငြိုးထားတတ်သော စရိုက်လက္ခဏာအရ သူတို့နောက်မှ လိုက်လာခဲ့လျှင် မည်သို့လုပ်ကြမည်နည်း။
သူတို့၏ စိုးရိမ်ပူပန်မှုကို ဟုန်ရှောင်ပေါင် သဘာဝအတိုင်း မြင်သာပေ၏။ "စိတ်ချပါ။ ရွှေမျောက်ဝံက ပြင်းထန်တဲ့ ဒဏ်ရာ ရထားတာ။ ကြေးမျောက်ဝံတွေက အနည်းဆုံး လဝက်လောက်တော့ ရွှေမျောက်ဝံနားကနေ တစ်လှမ်းမှ မခွာဘဲ စောင့်ရှောက်နေကြတော့မှာ။ ပြီးတော့ အခုချိန်မှာ မိစ္ဆာသားရဲတွေ အကုန်လုံးက မြေအောင်းပုစဉ်း မီးတောက်ဆီကို စုဝေး သွားကြပြီဆိုတော့ အန္တရာယ် ကင်းပါတယ်။"
ထိုသူသုံးဦးက မသင့်တော်သေးဟု ခံစားနေရဆဲ ဖြစ်သော်ငြား ဟုန်ရှောင်ပေါင်က ဤအတိုင်း ပြောဆိုလာခဲ့ပြီ ဖြစ်သည်။ အတင်းအဓမ္မ ဆက်လက် လိုက်ပါရန် ပြောဆိုပါက လွန်စွာ ဂုဏ်သိက္ခာ ကျဆင်းရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် သဘောတူ လက်ခံလိုက်ရတော့သည်။
လော်မင်ကျဲက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ "အစ်ကိုဟုန် ... အသက်ကယ်ပေးတဲ့ ကျေးဇူးကို လော်မင်ကျဲက သေတဲ့အထိ မမေ့ပါဘူး။ အစ်ကို ပြောခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေကို အသက်တစ်ချောင်း ရှိနေသေးသရွေ့ အပြည့်အဝ ပြန်ဆပ်ပါ့မယ်။"
ဟုန်ရှောင်ပေါင် ရွှင်မြူးသွားသည်။ "ရပါတယ် ... ရပါတယ်။"
ကြည့်စမ်းပါအုံး။ ဒီလို သဘောပေါက် နားလည်တတ်တဲ့သူကိုး။
လူတိုင်းသာ လော်မင်ကျဲကဲ့သို့ ဖြစ်နေမည် ဆိုပါက သူ နောက်ဘဝတွင် သူရဲကောင်းတစ်ဦး လုပ်ပြီး နေ့စဉ်နေ့တိုင်း သူများ အသက်ကို ကယ်တင်ပေးနေတော့မည်။
ကွမ်းထျန်းချိုင်နှင့် နိမ့်ရန်တို့ကလည်း အသီးသီး ကျေးဇူးတင်စကား ပြောဆိုကြ၏။ သို့သော်ငြား ကွမ်းထျန်းချိုင်မှာ အတင်းအဓမ္မ ဖိအားပေးခံရ၍ ကျေးဇူးတင်နေရသည့် ပုံစံမျိုး ဖြစ်နေသည်။ ကြည့်ရသည်မှာ သူ၏ တစ်သက်တာလုံးတွင် ကျေးဇူးတင်စကား ပြောဆိုဖူးသည့် အကြိမ်အရေအတွက်မှာ လက်တစ်ဖက်ဖြင့်ပင် ရေတွက်၍ ရလောက်သည်။
ဟုန်ရှောင်ပေါင်က နှုတ်ဆက်စကား ပြောကြားပြီးနောက် လက်ပြကာ ထိုသူသုံးဦး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။
သူတို့သုံးဦးက ဟုန်ရှောင်ပေါင် ထွက်ခွာသွားသည်အထိ စောင့်ကြည့်ပြီးမှသာ အိမ်အပြန်လမ်းဆီသို့ လျှောက်လှမ်းသွားကြတော့သည်။