အခန်း ၁၇၇
Vol. 16 Ch. 177
အပိုင်း (၁၇၇) နှစ်တစ်ထောင် ဝါးပိုးကြိမ်။
ဟုန်ရှောင်ပေါင်က စိတ်လှုပ်ရှား တက်ကြွစွာဖြင့် မေးလိုက်၏။ "အဘိုး ... အဘိုး ပြောတဲ့ နှစ်တစ်ထောင်သစ်က ဘယ်မှာလဲ။"
ဒြပ်စင်ငါးပါးဆေးလုံးအတွက် လိုအပ်သည့် ဒြပ်စင်ငါးပါးအနက်၊ ရွှေဒြပ်စင်အတွက် ရွှေစွန်းမြွေ၏ အရိုး ရှိပြီး၊ မီးဒြပ်စင်အတွက် မြေအောင်းပုစဉ်းမီးတောက် ရှိသည်။ ဤပစ္စည်းနှစ်ခုဖြင့်ပင် ဤဒြပ်စင်ငါးပါးဆေးလုံး၏ အရည်အသွေးက ထိတ်လန့်ဖွယ် ကောင်းနေပြီဖြစ်သည်။ သဘာဝအတိုင်း ပိုမို ကောင်းမွန်သည့် အရည်အသွေးကို ရရှိနိုင်မည် ဆိုပါက ဟုန်ရှောင်ပေါင်က ငြင်းဆန်မည် မဟုတ်ချေ။
ယင်းကျိုယိုက ရှင်းပြလိုက်၏။ "ဒီတောင်တန်းက ဝိညာဉ်စွမ်းအင် ကောင်းမွန်တယ်။ ငါ အမြဲတမ်း စောင့်ကြည့်နေခဲ့တာ။ ရှည်လျားတဲ့ နှစ်ကာလတွေအတွင်းမှာ တောင်တန်းရဲ့ မြေပြင် အနေအထားက အများကြီး ပြောင်းလဲသွားခဲ့တယ်။ အဲ့ဒီအထဲမှာ နစ်မြုပ်သွားတဲ့ တောင်ကြောတွေ ပါဝင်တယ်။ ဝိညာဉ်စွမ်းအင်၊ မြေပြင်အနေအထား၊ အပူချိန်အားလုံးက နှစ်တစ်ထောင်သစ်ဖြစ်ပေါ်လာဖို့ အခြေအနေတွေနဲ့ အံကိုက် ဖြစ်နေတာ။ ပြဿနာက မင်းရဲ့ မိန်းမ မသွားခင်မှာ တူးဖော်နိုင်ပါ့မလား ဆိုတာပဲ။"
ဟုန်ရှောင်ပေါင်က ရွှင်မြူးစွာ ပြောလိုက်၏။ "သေချာပေါက် ရတာပေါ့။ ကျုပ် ဘယ်သူလဲ ဆိုတာကို အဘိုး မသိလို့လား။ ကျုပ်ရဲ့ ကံကြမ္မာ အရှိန်အဝါက အရမ်း ထက်မြက်တာ။ နှစ်တစ်ထောင်သစ်ရှိတဲ့ နေရာက ဘယ်မှာလဲ။"
ယင်းကျိုယိုက တောင်ကြားတစ်ခုဆီသို့ လက်ညှိုး ထိုးပြလိုက်၏။ "အဲ့ဒီ နေရာပဲ။"
ထိုတောင်ကြားက တောင်တန်းကြီး တစ်ခု၏ မြောက်ဘက်ပင်။ ဆိုလိုသည်မှာ နေရောင် မရသည့် အရိပ်ကျရာ ဘက်တွင် တည်ရှိသည်။ တိုက်ဆိုင်စွာဖြင့် ထိုတောင်တန်းက လွန်စွာ မြင့်မား ကြီးမားလှပြီး တောင်ကြားဆီသို့ ကျရောက်မည့် နေရောင်ခြည်အားလုံးကို အသေ ပိတ်ဆို့ ထား၏။ အရေးအကြီးဆုံးမှာ စီးဆင်းလာသည့် မြစ်ကြီးတစ်စင်းလည်း ရှိနေခြင်း ဖြစ်သည်။ အဝေးမှ ကြည့်လျှင်ပင် ထိုရေတံခွန်၏ ခမ်းနား ထည်ဝါသော အရှိန်အဝါကို မြင်တွေ့နိုင်သည်။
ယင်းကျိုယိုက နှစ်တစ်ထောင်သစ်၏ နောက်ခံ သမိုင်းကြောင်းကို ရှင်းပြနေခဲ့၏။ "နှစ်တစ်ထောင်သစ်ကို သာမန် သေမျိုးတွေရဲ့ လောကမှာတော့ အရိပ်နစ်သစ်လို့လည်း ခေါ်ကြတယ်။ ဒါပေမဲ့ သာမန် သေမျိုးတွေရဲ့ အရိပ်နစ်သစ်က ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာဖို့အတွက် နှစ်ပေါင်း သန်းချီကနေ ဆယ်သန်းချီတဲ့အထိ အချိန်ယူရတယ်။ နှစ်တစ်ထောင်သစ်ကတော့ သစ်သား အရည်အသွေးနဲ့ ဝိညာဉ်စွမ်းအင် အခြေအနေတွေကြောင့်၊ နှစ်တစ်ထောင်လောက် ဆိုရင်ကို လုံလောက်နေပြီ။"
ဟုန်ရှောင်ပေါင်က ခေါင်းတစ်ညိတ်ညိတ်ဖြင့် နားထောင်နေခဲ့၏။ သူတို့နှစ်ဦးလုံးက ပေါ့ပေါ့ပါးပါး နေထိုင်တတ်ကြသူများ ဖြစ်သော်ငြား၊ ပညာရပ်ဆိုင်ရာ သင်ကြား ပြသမှုများ ပြုလုပ်သည့် အချိန်မျိုးတွင် အလွန် တည်ကြည် လေးနက်တတ်ကြသည်။
တစ်ယောက်က သေချာ သင်ပြပြီး၊ နောက်တစ်ယောက်က သေချာ သင်ယူနေခဲ့၏။
ယင်းကျိုယိုသည် အမှန်တကယ်ပင် စွယ်စုံကျမ်း ကြီးတစ်ဆူ ဖြစ်၏။ နှစ်တစ်ထောင်သစ်အကြောင်းမှ စတင်ကာ၊ ကုန်ကြမ်းပစ္စည်း အမြောက်အမြား ဖြစ်တည်လာပုံ အကြောင်းများအထိ ရှင်းပြသွားခဲ့သည်။ ဟုန်ရှောင်ပေါင်မှာ နားထောင်ရင်း မျက်စိပွင့် နားပွင့် ဖြစ်သွားခဲ့ရသည်။
နေ့တစ်ဝက်ခန့် ကြာမြင့်ပြီးနောက် ဟုန်ရှောင်ပေါင်သည် ထိပ်ဖြူခွေးတူဝက်တူကြီးကို ခေါ်ဆောင်လျက် ထိုရေတံခွန် ဆီသို့ ရောက်ရှိလာခဲ့၏။
တောင်ကြားတစ်ခုလုံးတွင် နေရောင်ခြည် တစ်စက်ကလေးမျှ မရှိချေ။ ဟုန်ရှောင်ပေါင်သည် ယခုချိန်တွင် အဆိပ် မျိုးစုံကို ခံနိုင်ရည် ရှိနေပြီ ဖြစ်သော်ငြား ဘာကြောင့်မှန်း မသိရဘဲ တစ်ကိုယ်လုံး အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤနေရာက ရေတံခွန်နှင့် အနည်းငယ် ကွာဝေးသေးသော်လည်း တဒုန်းဒုန်း မြည်ဟည်းသံများက အဝေးမှနေ၍ ပျံ့လွင့် လာခဲ့သည်။ တောင်ကြားတစ်ခုလုံးမှာ မိုးရွာပြီးစ အချိန်ကဲ့သို့ စိုစွတ်နေပြီး မြေပြင်ရှိ ရွှံ့ညွှန်များထဲတွင် ရေဓာတ်များ အလွန် များပြားနေခဲ့၏။
ခြေလှမ်း အနည်းငယ်မျှ လျှောက်လှမ်း လိုက်ရုံဖြင့် ခြေရာများထဲသို့ ရေများ စိမ့်ဝင် ပြည့်လျှံလာခဲ့သည်။ အကွာအဝေး အနည်းငယ်မျှ လျှောက်လှမ်းပြီးချိန်တွင် ဟုန်ရှောင်ပေါင်နှင့် ထိပ်ဖြူခွေးတူဝက်တူကြီးတို့ နှစ်ဦးလုံး ရွှဲရွှဲစို သွားခဲ့ချေပြီ။ ရွှဲရွှဲစိုသွားသည့် ထိပ်ဖြူခွေးတူဝက်တူကြီးကို ကြည့်ကာ ဟုန်ရှောင်ပေါင်က အစွမ်းထက်လှကြောင်း အော်ဟစ် ချီးကျူးလိုက်မိသည်။
မူလကတည်းက ထိပ်ဖြူခွေးတူဝက်တူကြီး၏ အမွှေးအမျှင်များက ထူထဲ များပြားလှပေရာ၊ ဖင်ကို ယိမ်းထိုးလျက် လမ်းလျှောက်သည့်အခါ ချစ်စရာ ကောင်းနေတတ်သည်။ သို့သော်ငြား ယခုကဲ့သို့ ရွှဲရွှဲစိုသွားသည့် အခါတွင်မူ၊ အမွှေးများက ခန္ဓာကိုယ်နှင့် ကပ်သွားပြီး ဖွံ့ဖြိုး ကြွက်သားများက ထင်ရှားစွာ ပေါ်လွင်လာခဲ့၏။
ဟုန်ရှောင်ပေါင်က သန်မာ ကျစ်လျစ်သော ထိပ်ဖြူခွေးတူဝက်တူကြီးကို ကြည့်ကာ ချီးကျူးလိုက်သည်။ "အစွမ်းထက်လိုက်တာ။ ခြေထောက် လေးချောင်းပါ အာနိုးကြီး ကျနေတာပဲ။"
ထိုသို့ဖြင့် သူတို့သည် ရေတံခွန်ဘေးဆီသို့ ရောက်ရှိလာခဲ့ကြချေပြီ။ ယင်းကျိုယိုက ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်ပြီး ပြောလိုက်၏။ "ငါ အခု မြင်နိုင်တဲ့နေရာ အကွာအဝေးက မများဘူး။ မင်း ထိပ်ဖြူ ခွေးတူဝက်တူကြီးနဲ့ ရတနာဝက်ဝံကို လိုဏ်ခေါင်း နှစ်ခုလောက် တူးခိုင်းလိုက်။ အကြောင်းတစ်ခုခု မရှိဘူး ဆိုရင် ခဏနေကျရင် ရလဒ် ထွက်လာလိမ့်မယ်။"
ဟုန်ရှောင်ပေါင်မှာ အနည်းငယ် ကြောင်အသွားပြီး ရုတ်တရက် လက်ခုပ်တီးလိုက်၏။ "ဟုတ်သားပဲ။ သူတို့နှစ်ယောက်လုံးက လိုဏ်ခေါင်းတူးတဲ့ နေရာမှာ ကျွမ်းကျင်သူတွေပဲ။ ကျုပ် ဘာလို့ မစဉ်းစားမိတာလဲ။"
ယင်းကျိုယိုက ရတနာဝက်ဝံကို လက်ညှိုး ထိုးပြလိုက်သည်။ "ဒီကောင်လေးရဲ့ နာမည်ကို မမေ့နဲ့လေ။"
ဟုန်ရှောင်ပေါင်က ပြုံးစိစိဖြင့် ပြောလိုက်၏။ "ရတနာဝက်ဝံ ဟုတ်လား။ အဘိုး ပြောတာ သူက ရတနာတွေအပေါ် အာရုံခံစားမှု ထက်မြက်တယ်ဆိုတော့ ပစ္စည်းကောင်းတွေကို အလွယ်တကူ ရှာတွေ့နိုင်မယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့။"
ဤသည်က သတင်းကောင်းတစ်ခုပင်ဖြစ်၏။ ဟုန်ရှောင်ပေါင်က လိုအပ်ချက်များကို သားရဲနှစ်ကောင်အား သေချာ ရှင်းပြလိုက်သည်။ ထိပ်ဖြူခွေးတူဝက်တူကြီးနှင့် ရတနာဝက်ဝံတို့သည် နေရာတစ်ခုစီကို ကျပန်း ရွေးချယ်ကာ လိုဏ်ခေါင်း တူးဆွကြ၏။ အချိန်တိုအတွင်းမှာပင် ရတနာဝက်ဝံသည် မြေဆင်ခြေလျှောထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
ထိုလိုဏ်ခေါင်းလေးထဲသို့ ချက်ချင်းပင် ရေများ စိမ့်ဝင် ပြည့်လျှံသွားခဲ့၏။
ဟုန်ရှောင်ပေါင်က ကြည့်ရှုရင်း စိုးရိမ် ပူပန်လာခဲ့သည်။ "ဒီကောင်လေး ... လိုဏ်ခေါင်းထဲမှာ ရေနစ်ပြီး သေသွားတာတော့ မဟုတ်ပါဘူးနော်။"
"စိတ်ချစမ်းပါ။ မိစ္ဆာသားရဲတွေရဲ့ ရှင်သန်မှု အခြေအနေက ခက်ခဲ ကြမ်းတမ်းတယ်။ သီးသန့် မိစ္ဆာသားရဲ အနည်းငယ်ကလွဲရင် ရေကူးမတတ်တဲ့ သားရဲဆိုတာ မရှိဘူး။"
သို့သော်ငြား ဤသည်က အလုံပိတ် လိုဏ်ခေါင်းလေး ဖြစ်နေသည် မဟုတ်ပါလား။ ဟုန်ရှောင်ပေါင်က စိတ်ထဲမှ တွေးတောနေမိ၏။ ထိပ်ဖြူခွေးတူဝက်တူကြီးဆီသို့ ပြန်ကြည့်လိုက်သည့် အခါတွင်မူ ယခုထက်တိုင် ခေါင်းပင် မဝင်သေးသည်ကို မြင်တွေ့ရသည်။ ကြည့်ရသည်မှာ လိုဏ်ခေါင်းတူးသည့်နေရာတွင် ခန္ဓာကိုယ် အရွယ်အစား သေးငယ်သူများက အားသာချက် ရှိပုံရ၏။
ထိုသို့ စောင့်ဆိုင်းနေခဲ့ရာ ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့် ကြာမြင့်ပြီးသည့်နောက် ရတနာဝက်ဝံတူးဆွသွားသည့် လိုဏ်ခေါင်းထဲမှ သေးငယ်သော လေပူဖောင်းလေးများ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ အတန်ကြာသောအခါ တစ်ကိုယ်လုံး ရွှဲရွှဲစိုပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် ရတနာဝက်ဝံက လိုဏ်ခေါင်းဝတွင် ထွက်ပေါ်လာခဲ့သည်။
၎င်းက "အု ... အု" နှင့် လက်ဟန်ခြေဟန် အဆက်မပြတ် ပြသနေခဲ့၏။ "ရှာမတွေ့ဘူး" ဆိုသည့် အဓိပ္ပာယ် ဖြစ်ကြောင်း ဟုန်ရှောင်ပေါင် အကြမ်းဖျင်း နားလည်လိုက်သည်။ ထို့ကြောင့် အခြား နေရာတစ်ခုဆီသို့ သွားရောက်ကာ လိုဏ်ခေါင်း ထပ်တူးရန် အချက်ပြလိုက်၏။
ထိုသို့ဖြင့် တစ်ကြိမ်ပြီး တစ်ကြိမ် တူးဆွနေခဲ့ရာ နေဝင်ဆည်းဆာ အချိန်သို့ ရောက်ရှိသောအခါ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ကျသွားခဲ့ချေပြီ။ သတင်းကောင်း တစ်ခုလည်း တစ်ပါတည်း ရောက်ရှိလာခဲ့၏။ ရတနာဝက်ဝံ တွင် ရလဒ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ဟုန်ရှောင်ပေါင် အလွန် ဝမ်းသာသွားပြီး ရတနာဝက်ဝံ၏ လိုဏ်ခေါင်းဝအတိုင်း တစ်လျှောက်လုံး တူးဆွသွားခဲ့၏။ နာရီဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ဆယ်မီတာကျော်ခန့် အထိ တူးဆွမိသွားခဲ့သည်။ ထိုအခါမှ ရတနာဝက်ဝံ ရှာဖွေတွေ့ရှိခဲ့သည့် နှစ်တစ်ထောင်သစ်ကို မြင်တွေ့လိုက်ရ၏။
၎င်းကို တူးဆွ၍ ဆေးကြောသန့်စင် လိုက်သည့် အခါတွင်မူ သေချာစွာ မြင်တွေ့သွားခဲ့ရသည်။ ဤအရာက ဖန်သလင်းသားကဲ့သို့ ပြောင်းလဲနေသည့် အပင်တစ်မျိုး ဖြစ်ပြီး၊ ချုံအပင် တစ်မျိုးမျိုး ဖြစ်ဟန် တူ၏။ အမည်းရောင် ဖန်သလင်းကဲ့သို့ ဖြစ်နေပြီး အသာအယာ ခေါက်ကြည့်လိုက်သည့်အခါ ကြည်လင် ပြတ်သားသော အသံလေးတစ်ခုက ကြာရှည်စွာ ပျံ့လွင့်နေခဲ့သည်။
ယင်းကျိုယိုက သေချာ ကြည့်ရှုလိုက်၏။ "ဒီအပင်ရဲ့ အရည်အသွေးက နည်းနည်း ညံ့တယ်။ ဒါပေမဲ့ ရွှေစွန်းမြွေ အရိုးနဲ့ မြေအောင်းပုစဉ်းမီးတောက် ရှိနေတာ ဆိုတော့၊ ဒီပစ္စည်းကို သုံးရင်တောင် ဒြပ်စင်ငါးပါးဆေးလုံးရဲ့ အရည်အသွေးက ထိပ်တန်း အဆင့်မှာပဲ ရှိနေအုံးမှာပါ။"
ဟုန်ရှောင်ပေါင်က မျက်မှောင်ကြုတ်လိုက်သည်။ "အဲ့ဒီလိုလား။"
အကယ်၍ အချိန် လုံလောက်စွာ ရှိပါက အလွန်အမင်း ကောင်းမွန်လွန်းသည့် ထိပ်တန်းပစ္စည်း တစ်ခုကို သူ သေချာပေါက် ရှာဖွေမည် ဖြစ်သည်။ သို့သော်ငြား ယွင်ချိုင်ရှောင်က ထွက်ခွာတော့မည်ဖြစ်ရာ သူ့အနေဖြင့် ဆေးလုံး ဖော်စပ်ခြင်း ကိစ္စများကို ပြုလုပ်ရဦးမည် မဟုတ်ပါလား။ စိတ်အာရုံ အားလုံးကို ဤနေရာတွင်သာ အချိန်ကုန်ခံ ထား၍မရနိုင်ချေ။ ထို့ကြောင့် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်၏။ "ဒါဆိုရင် နောက်ထပ် တစ်ညလောက် ထပ်တူးကြည့်ကြတာပေါ့။ မနက်ဖြန် မိုးလင်းတဲ့အထိ ဒီထက် ကောင်းတဲ့ပစ္စည်းကို မတွေ့တော့ဘူး ဆိုရင် ဒီအပင်ကိုပဲ ယူလိုက်တော့မယ်။"
သူက ပြောပြောဆိုဆိုနှင့် ရတနာဝက်ဝံကို လိုဏ်ခေါင်း ထပ်တူးရန် ညွှန်ကြားလိုက်၏။
ရတနာဝက်ဝံက မည်မျှလောက် ပျင်းရိတတ်သနည်း။ ၎င်းက သိပ်ပြီး မလုပ်ချင်တော့ချေ။ သို့သော်ငြား ဟုန်ရှောင်ပေါင်၏ ဆွဲဆိတ် ခြိမ်းခြောက်မှုနှင့် မက်လုံးပေး ဖြားယောင်းမှုများကြောင့် မြေကြီးထဲသို့ နောက်တစ်ကြိမ် တိုးဝင်သွားရပြန်သည်။
ဤမြင်ကွင်းက ထိပ်ဖြူခွေးတူဝက်တူကြီးကို မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းမတတ် ဖြစ်သွားစေခဲ့၏။ ဟုန်ရှောင်ပေါင်က ၎င်းကို တစ်စုံတစ်ခု ခိုင်းစေလိုပါက လက်သီး ပြလိုက်ရုံမျှဖြင့် ပြီးဆုံးသည်။ သို့ပေမည့် ရတနာဝက်ဝံကမူ ဤကဲ့သို့ အထူး အခွင့်အရေးမျိုး ရရှိနေသည် မဟုတ်ပါလား။ ဤလူ့ဘဝက ... မဟုတ်ဘူး ... ခွေူးတူဝက်တူဘဝက၊ ဤခွေးတူဝက်တူဘဝက တကယ်ကို ခက်ခဲ ကြမ်းတမ်း လွန်းလှ၏။
ထိုသို့ဖြင့် ဆက်လက် လုပ်ဆောင်နေခဲ့ကြ၏။ ရတနာဝက်ဝံက နှစ်တစ်ထောင်သစ်တည်ရှိရာနေရာကို စုံစမ်း ရှာဖွေပြီး ဟုန်ရှောင်ပေါင်နှင့် ထိပ်ဖြူခွေးတူဝက်တူကြီးတို့က လမ်းခွဲ၍ တူးဆွကြသည်။ ညတစ်ဝက်ကျော် ကုန်ဆုံးသွားချိန်တွင် စုစုပေါင်း လေးပင် ရှာဖွေ ရရှိခဲ့၏။ သို့သော်ငြား အရည်အသွေးက သိပ်ပြီး မကောင်းမွန်ကြချေ။
ထိုလေးပင်အနက်မှ တစ်ပင်ကို ရွေးချယ်သင့်၊ မသင့် ဟုန်ရှောင်ပေါင် တွေးတောနေဆဲတွင် ရတနာဝက်ဝံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။ အတန်ကြာအောင် လက်ဟန်ခြေဟန် ပြသနေသည့်အခါမှ ယင်းကျိုယိုက ရုတ်တရက် ပြုံးလျက် ပြောလိုက်၏။ "အဆင်ပြေသွားပြီဟေ့။"
ဟုန်ရှောင်ပေါင် ဝမ်းသာအားရ မေးလိုက်သည်။ "ဘာကြီးလဲ။"
ယင်းကျိုယိုက ပြုံးလျက် ဖြေလိုက်၏။ "ဝါး ... နှစ်တစ်ထောင်ဝါးပိုးကြိမ်ပဲ။ ဒီလို စိုစွတ်တဲ့နေရာမျိုးမှာ ပေါက်ရောက်တဲ့ အပင်တိုင်းက အပြင်ပန်းမှာ ရေကို ကာကွယ်နိုင်စွမ်း ရှိကြတယ်။ ဒါမှ ဆွေးမြေ့မသွားဘဲ နေနိုင်မှာလေ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အပင်ရဲ့ အတွင်းပိုင်းမှာ ရေဓာတ်တွေ အရမ်း များပြားနေတတ်တယ်။ ဒီရေဓာတ်တွေက သာမန် ရေတွေ မဟုတ်ဘူး။ ဝိညာဉ်စွမ်းအင် အရမ်း သိပ်သည်းတဲ့ ဝိညာဉ်အရည်တွေပဲ။
ဝါးက အလယ်မှာ အခေါင်းပေါက် ရှိတော့ ရေကို အများဆုံး သိုလှောင်ထားနိုင်စွမ်း ရှိတယ်။ သူက နှစ်တစ်ထောင်သစ်အဖြစ် ပြောင်းလဲသွားတဲ့ အခါမှာတော့ အတွင်းက ဝိညာဉ်အရည်တွေက ဝါးကိုယ်ထည်ထဲကို စိမ့်ဝင် သွားတာမျိုး၊ ဒါမှမဟုတ် ဖန်သလင်း အခဲလေးတွေ အဖြစ် ပြောင်းလဲ သွားတာမျိုး ဖြစ်သွားတတ်တယ်။ ဘယ်လို ပုံစံပဲ ဖြစ်နေပါစေ ကောင်းမွန်တာပါပဲ။"
ဟုန်ရှောင်ပေါင် အလွန် ဝမ်းသာသွားသည်။ "ဟား ဟား ဟား ဟား ... ကောင်းလိုက်တာ။ ... အရမ်း ကောင်းတာပဲ။"