← Chapters

အခန်း ၁၇၈

Vol. 16 Ch. 178

အခန်း ၁၇၈

Vol. 16 Ch. 178

အပိုင်း (၁၇၈) အကြီးအကဲမျောက်။

သူက ချက်ချင်းပင် ဒယ်အိုးကို မြှောက်ကာ လိုဏ်ခေါင်း တူးဆွတော့သည်။ နာရီဝက်ခန့် ကြာမြင့်ပြီးသည့်နောက် တစ်ကိုယ်လုံး အမည်းရောင် သန်းနေသည့် ဖန်သလင်း ဝါးပင်နှစ်ပင်က ဟုန်ရှောင်ပေါင်၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့၏။

ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ ပြောလိုက်သည်။ "တခြား အပင်တွေ ရှိသေးပေမဲ့ အဲ့ဒါတွေက ဝါးစကလေးတွေ အဖြစ် ကွဲကြေနေတာ။ သိပ်ပြီး သုံးလို့ရမှာ မဟုတ်ဘူး။"

ယင်းကျိုယိုက ခေါင်းညိတ်လိုက်၏။ "အင်း ... ဘာမှတော့ သုံးလို့ မရတော့ဘူး။ နှစ်တစ်ထောင်ဝါးပိုးကြိမ်က မြေပေါ် ရောက်လာပြီးတာနဲ့ ဝိညာဉ်စွမ်းအင်တွေ အရမ်း မြန်မြန် ပျံ့လွင့်သွားတတ်တယ်။ ကောင်းကောင်း သိမ်းဆည်းထားနိုင်ဖို့ နည်းလမ်း တစ်ခုခု သုံးမှ ရမယ်။"

ဟုန်ရှောင်ပေါင်က ပြုံးစိစိဖြင့် ပြောလိုက်သည်။ "ဟား ဟား ... အဘိုး ... ဒီအကြောင်းကိုတော့ ကျုပ် သိတာပေါ့။ နှစ်တစ်ထောင်ဝါးပိုးကြိမ်ကို မြေပေါ်က တူးထုတ်ပြီးတာနဲ့ အပြင်ပန်းကို မီးနဲ့ လောင်ကျွမ်းစေပြီး ဖန်သလင်းလွှာ တစ်ခု ဖြစ်ပေါ်လာအောင် လုပ်ရမယ် မဟုတ်လား။"

ယင်းကျိုယိုက အေးစက်စက် ရယ်မောလိုက်၏။ "မျှစ်ချဉ်အာလူးဟင်းကို တောသူတိုင်း ချက်တတ်ကြတယ် မဟုတ်လား။"

ဟုန်ရှောင်ပေါင် အံ့အားသင့်သွား၏။ ဟုတ်ပေသည်။ တတ်မြောက်ခြင်းနှင့် ကျွမ်းကျင်ခြင်း ဆိုသည်မှာ တစ်တန်းစားတည်း မဟုတ်ချေ။ ထို့ကြောင့် ရှက်ကိုးရှက်ကန်း ပြုံးလျက် ပြောလိုက်သည်။ "ကျုပ် ပြောသားပဲ။ အဲ့ဒီလူတွေက အဘိုးနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်လို့ရမှာလဲလို့။"

ယင်းကျိုယိုလည်း ဟုန်ရှောင်ပေါင်ကို ဂရုမစိုက်ချင်တော့ချေ။ တိုက်ရိုက်ပင် ပြောလိုက်၏။ "တောင်ကြားထဲက ထွက်။ မီးမွှေး။"

ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်သည်။ "ကောင်းပါပြီဗျာ။"

ထို့နောက် သူက သားရဲနှစ်ကောင်ကို ခေါ်ဆောင်လျက် တောင်ကြားထဲမှ ကျေနပ် အားရစွာ ထွက်ခွာခဲ့သည်။ လေအေးလေးများ ဖြတ်သန်း တိုက်ခတ်နေသည့် တောင်ခါးပန်းတစ်ခုကို ရှာဖွေလိုက်၏။

ပေါင်တစ်ထောင် အလေးချိန်ရှိ ကျောက်တုံးကြီး သုံးတုံးကို သယ်ဆောင်လာကာ အဓိက အောက်ခံအဖြစ် ထားရှိလိုက်သည်။ ထို့နောက် ကျောက်တုံးကြီး၊ ကျောက်တုံးလတ်၊ ကျောက်တုံးငယ်၊ ကျောက်တုံး အသေးလေးများကို စုဆောင်းလျက် မီးဖိုငယ်လေး တစ်ခု တည်ဆောက်လိုက်၏။ နှစ်တစ်ထောင်ဝါးပိုးကြိမ် ငါးခုလုံးကို ထိုအထဲသို့ ထည့်သွင်းလိုက်သည်။

မီးတောက်စက်ကွင်းပညာရပ်ကို အသုံးပြုကာ မီးတောက် အပြင်းကို ဖန်တီးလိုက်သည်။ ပြီးမှ ကောင်းကင်သို့ မော့ကြည့်လျက် လှဲလျောင်းနေလိုက်၏။

ယင်းကျိုယိုက သတိပေးလိုက်သည်။ "ငါ့ကောင် ... ငါ့ရဲ့ ဝိညာဉ်စွမ်းအင် ကန့်သတ်ချက်ကြောင့် အဝေးကြီးကို မမြင်နိုင်ဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က ချောင်းကြည့်နေသလို ခံစားရတယ်။ သတိထားအုံး။"

ဟုန်ရှောင်ပေါင် အနည်းငယ် ကြက်သေ သေသွားပြီးနောက်၊ ချက်ချင်း ပြုံးလျက် ပြောလိုက်၏။ "ကိစ္စမရှိပါဘူး။"

ယင်းကျိုယိုမှာလည်း အနည်းငယ် ကြောင်အသွား၏။ "တကယ်လို့ လူတစ်ယောက်ယောက် ရှိနေပြီး ငါ ပြောတဲ့ အဆင့်အတန်းအထိ ရောက်နေတယ် ဆိုရင် ... မင်းကို လက်တစ်ချောင်းတည်းနဲ့တောင် ခြေမှုန်း သတ်ဖြတ်ပစ်နိုင်တယ်။ မင်း မစိုးရိမ်ဘူးလား။"

ဟုန်ရှောင်ပေါင်က လုံးဝ ဂရုမစိုက်ချေ။ "အာ ... ဘာကို သွားစိုးရိမ်ရမှာလဲ။ အဲ့ဒီလို အစွမ်းထက်တဲ့သူ တကယ် ရှိနေတယ် ဆိုရင် ကျုပ် စိုးရိမ်နေလည်း အလကားပဲ မဟုတ်လား။"

"အင်း ... ဟုတ်သားပဲ။"

ဟုန်ရှောင်ပေါင်လည်း ဆက်ပြီး ဂရုမစိုက်တော့ချေ။ တစ်ရေးလောက် အိပ်လိုက်သင့်၊ မသင့် စဉ်းစားနေဆဲတွင် ရတနာဝက်ဝံက ၎င်း၏ ဗိုက်ကို သနားစရာကောင်းစွာ လက်ညှိုး ထိုးပြနေခဲ့၏။

ဟုန်ရှောင်ပေါင် အသံတိတ် ရယ်မောလိုက်မိသည်။ ထိပ်ဖြူခွေးတူဝက်တူကြီးနှင့် သူက အဆာခံနိုင်စွမ်း ကောင်းမွန်ကြ၏။ ဆယ်ရက်၊ လဝက်လောက် နေမှ တစ်နပ်စားလျှင်ပင် ပြဿနာ မရှိချေ။ သို့ပေမည့် ရတနာဝက်ဝံကမူ ထိုသို့ မဟုတ်ချေ။ တွက်ချက်ကြည့်ပါက နှစ်ရက် ၊ နှစ်ညတိုင်တိုင် ကောင်းကောင်း မစားရသေးသည် ဖြစ်ရာ ဆာလောင်နေလောက်ပြီ ဖြစ်သည်။

ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်၏။ "ကောင်းပါပြီလေ။ ဒီတစ်ခါ မင်းက ကူညီမှု ကြီးကြီးမားမား လုပ်ပေးခဲ့တာဆိုတော့ မင်းကို တစ်နပ်လောက် ဆုချလိုက်ပါ့မယ်။"

သူက မီးဖိုငယ်ဘေးတွင် အသေးစား မီးဖိုလေး တစ်ခု ထပ်မံ တည်ဆောက်ကာ ဟင်းချက်ရန် ပြင်ဆင်လိုက်၏။ ရှန်သံဒယ်အိုးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "အဖော်ဟောင်းကြီး ... မင်းတော့ ပင်ပန်းသွားခဲ့ပြီပဲ။ တူအဖြစ်လည်း အသုံးခံရတယ်၊ ဂေါ်ပြားအဖြစ်လည်း အသုံးခံရတယ်၊ ဒယ်အိုးအဖြစ်လည်း အသုံးခံရတယ် ... ဟား ဟား ဟား ဟား။"

ဟုန်ရှောင်ပေါင်က သက်ပြင်းချလိုက်၏။ "အဘိုး ... နောက်တစ်နေ့ အားတဲ့အခါကျရင် ကျုပ်တို့ ဝိညာဉ်ကျောက်တုံးလေး နည်းနည်း စုပြီး ရှန်သံကိရိယာ တစ်စုံလောက် လုပ်ကြည့်ကြရင် မကောင်းဘူးလား။ ဒီပစ္စည်းကို သုံးကြည့်ပြီးတာနဲ့ တခြား ပစ္စည်းတွေကို လုံးဝ ပြန်မသုံးချင်တော့လောက်အောင် ဖြစ်နေတယ်။"

ကြည့် … ယနေ့ ဤရှန်သံဒယ်အိုးက မည်မျှလောက် ဒုက္ခခံခဲ့ရသနည်း။ သို့သော်ငြား ရေဖြင့် တစ်ချက် ဆေးကြောလိုက်သည်နှင့် တစ်ပြိုင်နက် ငါ့မှာ ဘာပြဿနာမှ မရှိဘူး ဆိုသည့် ပုံစံမျိုး ချက်ချင်း ပြန်ဖြစ်သွားခဲ့သည်။ ခြစ်ရာ တစ်ချက်ကလေးမျှ မရှိချေ။ အစွမ်းမထက်ဘူးလို့ ပြော၍ ရပါဦးမည်လား။

ဤတစ်ကြိမ်တွင် ဟုန်ရှောင်ပေါင်က ကုန်ကြမ်းများကို လုံလောက်စွာ ယူဆောင်လာခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား လမ်းတစ်လျှောက်လုံး အသုံးပြုလာခဲ့ရာ ယခုအခါ အများကြီး မကျန်တော့ချေ။ ဟင်းလျာ ကုန်ကြမ်းများကို ကြည့်ရှု စစ်ဆေးလိုက်ရာ အံကိုက်ပင် ဖြစ်နေခဲ့သည်။ မျှစ်ချဉ်အာလူးဟင်းတစ်ပွဲ စာလောက်တော့ ချက်ပြုတ်နိုင်လောက်သည်။

မီးဖိုငယ်ထဲမှ မီးစတစ်ခုကို ယူဆောင်ကာ မီးအေးလေးတစ်ခု မွှေးလိုက်၏။ မီးတောက်စက်ကွင်းပညာရပ်ကို ဖန်တီးလိုက်ပြီး မီးတောက်ငယ်လေး လေးခု ပေါ်ပေါက်လာသည့်အခါ ရှန်သံဒယ်အိုးကို တင်လိုက်သည်။ ဒြပ်စင်ငါးပါးဆေးလုံးကို ရရှိသွားသည့်အခါတွင် ဖြစ်ပေါ်လာမည့် ယွင်ချိုင်ရှောင်၏ ပုံစံလေးကို တွေးတော ကြည်နူးရင်း၊ ဆီများကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်၏။

တရှဲရှဲ

ဆီစက်လေးများက ဒယ်အိုးအောက်ခြေတွင် ခုန်ပေါက်နေကြ၏။ ဆီမျက်နှာပြင်ပေါ်၌ ဆီပေါက်ကလေးများက စည်းချက်ညီညီ ထွက်ပေါ်လာကြသည်။ ကြိုတင် လေ့ကျင့်ထားကြသည့် အလားပင်။ ထို့နောက် ကြက်သွန်မြိတ်နှင့် အခြားသော အမွှေးအကြိုင်များကို ထည့်သွင်းလိုက်သည်။ အချိန်တိုအတွင်းမှာပင် မွှေးကြိုင်သော ရနံ့များက ပျံ့လွင့်လာခဲ့၏။ ကြိုတင် လှီးဖြတ်ထားသည့် အာလူးမျှင်များကို ထည့်လိုက်သည်။ မီးအပူချိန် လုံလောက်စွာ ရရှိချိန်တွင်မှ ခုနစ်ရောင်စဉ် မျှစ်ချဉ်များကို ထပ်မံ ထည့်သွင်းလိုက်သည်။

ဟုန်ရှောင်ပေါင်က လေကို အဝရှူရှိုက်လိုက်၏။ "အရမ်း မွှေးတာပဲ။"

မျှစ်ချဉ်အာလူးဟင်းက သူ အကျွမ်းကျင်ဆုံး၊ အရင်းနှီးဆုံး ဟင်းပွဲတစ်ခု ဖြစ်သည်။ သို့သော်ငြား သူကိုယ်တိုင်ပင် မည်မျှ စားစား မရိုးနိုင်ချေ။ ခုနစ်ရောင်စဉ် မျှစ်ချဉ်၏ ရနံ့ကို ရှူရှိုက်မိသည်နှင့် တစ်ပြိုင်နက် လျှာအောက်မှ တံတွေးများ အလိုလို ထွက်ပေါ်လာစေသည်။ ချဉ်ပြုံးပြုံး အရသာက အာလူးမျှင်လေးများ ထဲသို့ ပြီးပြည့်စုံစွာ စိမ့်ဝင် ပေါင်းစပ်နေ၏။ အခြားသော အမွှေးအကြိုင်များ၏ အရသာများနှင့်ပါ ပေါင်းစပ်သွားသည့် အခါတွင်မူ၊ စိတ်ကူးဖြင့်ပင် မတွေးဆနိုင်လောက်သည့် မွှေးကြိုင်သော ရနံ့ကြီးတစ်ခု ပျံ့လွင့် ထွက်ပေါ်လာခဲ့တော့သည်။

"ဝူး ..." ထိပ်ဖြူခွေးတူဝက်တူကြီး၏ အရသာ ခံစားမှုက လူသားများနှင့် သိပ်ပြီး မတူညီလှချေ။ သို့သော်ငြား ဤမွှေးကြိုင်သော အရသာကိုမူ မည်သို့မျှ မလွန်ဆန်နိုင်တော့ချေ။ သို့ပေမည့် ဤမျှ နည်းပါးလှသော ပမာဏက ၎င်းအတွက် တစ်လုတ်စာမျှသာ ရှိကြောင်း ကောင်းစွာ သိရှိ၏။ ထို့ကြောင့် ခပ်တိုးတိုးသာ အသံပေးလိုက်၏။

ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်သည်။ "စိတ်ချစမ်းပါ။ အိမ်ရောက်ရင် မင်းအတွက် တစ်ဇလုံ ချက်ကျွေးမယ်။"

သူတို့၏ သံယောဇဉ်က တိုက်ပွဲများ အတူတကွ ဆင်နွှဲရင်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မြေအောင်းပုစဉ်းမီးတောက်ကို လုယူသည့် တိုက်ပွဲ ပြီးဆုံးပြီးသည့်နောက် ဟုန်ရှောင်ပေါင်သည် ဤအကောင်ကြီးကို လုံးဝ အသိအမှတ် ပြုလိုက်ပြီ ဖြစ်၏။

ရတနာဝက်ဝံမှာလည်း လွန်စွာ စိတ်လှုပ်ရှား တက်ကြွနေချေပြီး စိတ်ကြွနေသည့်အလား ခုန်ပေါက်နေခဲ့သည်။

ဟုန်ရှောင်ပေါင်က ရွှင်မြူးစွာ ပြောလိုက်၏။ "ဟီး ဟီး ... ရပြီဟေ့။"

သူက ပြောပြောဆိုဆိုနှင့် ဒယ်အိုးကို ချရန် ပြင်ဆင်လိုက်စဉ်မှာပင်၊ သူ၏ ရှေ့တည့်တည့်၌ မီးခိုးရောင် အရိပ်တစ်ခု တန်းခနဲ လင်းလက်သွားခဲ့သည်။

သူ၏ တစ်ဖက်တွင် လူရိပ်တစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့၏။ မဟုတ်ပေ။ တိတိကျကျ ပြောရလျှင် မျောက်ရိပ်တစ်ခု ပင်ဖြစ်၏။

တစ်ကိုယ်လုံး မီးခိုးရောင် သန်းနေသည့် မျောက်တစ်ကောင် ဖြစ်သည်။ ဝတ်ရုံကိုလည်း ဝတ်ဆင် ထားသေး၏။ ၎င်း၏ မျောက်မျက်နှာကိုသာ မကြည့်ပါက၊ ဤသည်က တကယ်ကို နတ်မင်းအရှိန်အဝါ ပြည့်ဝနေသည့် ကျင့်ကြံသူ တစ်ဦးအလားပင်။

ဒါက အဘိုး ပြောတဲ့ အလွန် အစွမ်းထက်တဲ့သူ ဆိုတာများလား။

ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် တစ်ချက် လှုပ်ရှားသွားပြီး ပြုံးလျက် မေးလိုက်၏။ "အို ... အို ... ဒါက ..."

ထိုသူက ပြောလိုက်၏။ "လူငယ်လေး ... မင်းကို စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်မိတာနဲ့ အနောက်ကနေ တိတ်တိတ်လေး အမြဲ လိုက်ကြည့်နေခဲ့တာ။ မူလကတော့ ဒီအတိုင်း ထွက်သွားတော့မလို့ပဲ။ ဒါပေမဲ့ မင်း ချက်တဲ့ ဟင်းရဲ့ အရသာက တကယ် မဆိုးဘူး ဖြစ်နေတယ်။ ငါ့ရဲ့ တစ်သက်တာလုံးမှာ အကြီးမားဆုံး ဆန္ဒက အရသာရှိတဲ့ အစားအသောက်တွေပဲ။ မင်းဆီကနေ တစ်နပ်လောက် စားသွားမယ်။ အဆင်ပြေတယ် မဟုတ်လား။"

နှုတ်မှ ဟုန်ရှောင်ပေါင်ကို အဆင်ပြေ၊ မပြေ မေးမြန်းနေလင့်ကစား၊ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသည့် ငွေတူတစ်စုံက သူ၏ လက်ထဲတွင် ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။ မည်သည့် အားနာမှုမျှ မရှိဘဲ ပါးစပ်ထဲသို့ သွင်းယူ စားသောက်နေသည်။

ကြည့်ရသည်မှာ ကံဆိုးမှုမဟုတ်ဘဲ ကံကောင်းမှုဖြစ်နေလောက်သည်။ ဟုန်ရှောင်ပေါင်၏ ရင်ထဲမှ အလုံးကြီး ကျသွားခဲ့၏။ သူက ပြုံးလျက် ပြောလိုက်၏။ "အကြီးအကဲ ... ဒီလိုမျိုး စကားပြောတတ်တဲ့ ... အာ ... အဲ့ဒီလို မျိုးကို အခုမှ ပထမဆုံး အကြိမ် မြင်ဖူးတာပဲဗျ။"

မီးခိုးရောင်မျောက်က မျက်လုံးကို မှေးကျဉ်းလျက် တစ်လုတ်စားပြီး ချီးကျူးလိုက်၏။ "မျောက် လို့ ခေါ်။ တကယ် မဆိုးဘူးပဲ။ အာလူးမျှင်ရဲ့ မီးအပူချိန်က ခုနစ်ရာခိုင်နှုန်းလောက် အံကိုက် ဖြစ်နေတယ်။ ဒီထက် နည်းနည်းလေး ပိုသွားရင် ရင့်သွားမယ်၊ နည်းနည်းလေး လျော့သွားရင် စိမ်းနေဦးမယ်။ ဒီမီးအပူချိန်က အနေတော်လေးပဲ။ မဆိုးဘူး ... တကယ် မဆိုးဘူး။"

ပြောပြောဆိုဆိုနှင့် ဒယ်အိုးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ "ဒီရှန်သံဒယ်အိုးကို ဟင်းချက်ရာမှာ သုံးတာက တကယ်ကို အကောင်းဆုံးပဲ။ တချို့ အရူးတွေက ဓားတွေ၊ လှံတွေ အဖြစ် လုပ်ချင်နေကြတာ။ ဟားဟား ... ဒါပေမဲ့ မင်းရဲ့ဒယ်အိုးထဲက သတ္တုကြောတွေကတော့ ရှားပါးတယ်။ အားအင်တွေ အများကြီး စိုက်ထုတ်ထားရမယ် ထင်တယ်။"

ဟုန်ရှောင်ပေါင် ရွှင်မြူးစွာ ရယ်မောလိုက်၏။ "ဟား ဟား ဟား ဟား ... အကြီးအကဲ မျောက်ကြီး ... ကျုပ်က လေယင်မြို့တော်မှာ ဒီလောက် ကြာအောင် နေခဲ့တာတောင် ဒီရှန်သံကို ဒယ်အိုးလုပ်တာ တန်တယ်လို့ ပြောတဲ့သူ အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ ဒီအတွက်ကြောင့် အကြီးအကဲကို ဟင်းပွဲ အနည်းငယ် ောက် ထပ်ချက်ကျွေးရင်တောင် ကောင်းသေးတာပေါ့ဗျာ။"

All Chapters