← Chapters

အခန်း ၁၇၉

Vol. 16 Ch. 179

အခန်း ၁၇၉

Vol. 16 Ch. 179

အပိုင်း (၁၇၉) "ဒါက တကယ်ကို အားကိုးလောက်တဲ့ မဟာလူကြီးပဲ"

မီးခိုးရောင်မျောက်က သေသေချာချာ အရသာ ခံစားလျက် ထပ်မံ စားသောက်ပြီး ပြောလိုက်သည်။ "အင်း ... အင်း ... မီးလျှံငရုတ်သီးနဲ့ မျှစ်ချဉ်ကို ဒီလို ပေါင်းစပ်လို့ ရတာပဲလား။ ပလပ် ..ပလပ် ... ဒီအစပ်အရသာရဲ့ လှုံ့ဆော်မှုနဲ့ မျှစ်ချဉ်ရဲ့ အချဉ်အရသာက ဒီလို ပေါင်းစပ်သွားတော့ တကယ် မဆိုးဘူးပဲ။ အစွမ်းထက်တာ။

လူငယ်လေး ... မင်းရဲ့ အရည်အချင်းက ရှောင်ချန်ရဲ့ ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းလောက် ရှိနေပြီ။ ဒါပေမဲ့ ရှောင်ချန်က ဟိုကိစ္စရဲ့ ထုထောင်းမှုကို ခံခဲ့ရပြီးတဲ့နောက်မှာတော့၊ သူ့ကို ဟင်းချက်ခိုင်းဖို့ ဆိုတာ ခက်ခဲသွားခဲ့ပြီလေ။ ဟား ဟား ... ကံကောင်းလို့ မင်းလေးကို ရှာတွေ့သွားတာပေါ့။ မဆိုးဘူး။ နောက်ပိုင်းကျရင် မင်းဆီကနေ အလကား လာလာစားရအုံးမယ်။"

ရှောင်ချန် ဟုတ်လား။ ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အသွား၏။ ဘာကြောင့်မှန်း မသိရသော်လည်း ဤ ရှောင်ချန်ဆိုသည့် နာမည်ကို ဟင်းချက်ပြုတ်ရေးဌာန၏ ဌာနမှူးချန်နှင့် သူက ချက်ချင်း ဆက်စပ် တွေးတောမိလိုက်သည်။

ဌာနမှူး တစ်ယောက်ကိုတောင် 'ရှောင်ချန်' လို့ ခေါ်တယ် ဆိုတော့ ... ဒီမီးခိုးရောင် မျောက်ကြီးရဲ့ နောက်ခံက ...

ဟုန်ရှောင်ပေါင်၏ မျက်လုံးများထဲတွင် ကြယ်လေးများ ချက်ချင်း တလက်လက် တောက်ပြောင် လာခဲ့၏။ "ဒါက တကယ်ကို အားကိုးလောက်တဲ့ မဟာလူကြီးပဲ။"

ဟုန်ရှောင်ပေါင်သည် ဟင်းချက်ရာတွင် မူဝါဒတစ်ခုကို အမြဲ တိကျစွာ ကိုင်စွဲထားတတ်သူ ဖြစ်၏။ ထိုအရာက အခကြေးငွေ ယူရေးပင်။

အနည်းဆုံးတော့ နောင်တစ်ချိန် သူ၏ ဆေးဘက်ဝင် အစားအစာ ဆိုင်လေး ဖွင့်လှစ်သည့် အခါမျိုးတွင် ထိုအတိုင်း လုပ်ဆောင်ချင်ခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား မူဝါဒတွေ၊ စည်းမျဉ်းတွေ ဆိုသည်မှာ လူက သတ်မှတ်ထားခြင်း မဟုတ်ပါလား။ ကိုယ်တိုင် သတ်မှတ်ထားသော မူဝါဒတွေနှင့် ကိုယ့်ကိုယ်ကိုယ် ပြန်ချည်နှောင်ခြင်းက မည်မျှလောက် အရူးကျလိုက်မည်နည်း။

ဒီမီးခိုးရောင်မျောက်ကြီးက သေချာပေါက် အားကိုးရမဲ့ မဟာလူကြီး တစ်ဦးပဲ။ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားမှ ရတော့မယ်။

ဟုန်ရှောင်ပေါင်က ဟင်းများများ စားရန် တိုက်တွန်းသည့် အကြောင်းပြချက်ကို အစွမ်းကုန် ရှာဖွေလျက် ပြောလိုက်၏။ "များများ စားပါာ ... များများ စားပါ။ ရှန်သံဒယ်အိုးကို တန်တယ်လို့ ပြောတဲ့သူကို အခုမှ ပထမဆုံး အကြိမ် ကြားဖူးတာ။ အကြီးအကဲနဲ့ မိတ်ဆွေဖွဲ့ဖို့ ကျုပ် သေချာပေါက် ဆုံးဖြတ်လိုက်ပြီ။"

မီးခိုးရောင်မျောက်က စားသောက်ရင်း ခေါင်းယမ်းလိုက်၏။ "တော်ပါပြီ။ အခုလောလောဆယ် လေယင်မြို့တော်ကို ခြိမ်းခြောက်နေတဲ့ ကိစ္စတစ်ခု ရှိသေးလို့ သွားကြည့်ရအုံးမယ်။ မိစ္ဆာတစ်ကောင်က ဒုက္ခပေးနေတာ ဖြစ်လောက်တယ်။ အဲ့ဒီလိုမှ မဟုတ်ရင် လေးကျန်လျှပ်စီးပြာလည်း ဒီလို အစွန်အဖျားဒေသထိ ဖိနှိပ်ခံရမှာ မဟုတ်ဘူး။ မြေအောင်းပုစဉ်းမီးတောက်လည်း အချိန်မတန်ဘဲ ထွက်ပေါ်လာမှာ မဟုတ်ဘူး။ ငါ့အမြင်တော့ အဲ့ဒီမိစ္ဆာက တို့တွေရဲ့ ရတနာဆီကို ဦးတည်နေတာ ဖြစ်ရမယ်။ ဒီကိစ္စကိုတော့ သည်းခံလို့ မရဘူး။"

ဟုန်ရှောင်ပေါင်မှာ ပါးစပ် အဟောင်းသား ပွင့်သွားခဲ့၏။ "ဆိုလိုတာက လေးကျန်လျှပ်စီးပြာတို့လို မိစ္ဆာသားရဲ ခေါင်းဆောင်ကြီးတွေ အားလုံးက၊ တခြား မဟာလူကြီး တစ်ယောက်ယောက်ရဲ့ မောင်းထုတ်တာကို ခံရပြီး ဒီကို ရောက်လာကြတာပေါ့။"

ဤသတင်းကို တစ်ခဏချင်း အစာမကြေ နိုင်အောင် ဖြစ်သွားခဲ့ရသည်။

လက်ရှိ ဟုန်ရှောင်ပေါင်မှာ သတင်းအချက်အလက်အတိုင်း မလိုက်နိုင်အောင် ဖြစ်လို့နေ၏။

မီးခိုးရောင်မျောက်က မတ်တပ် ထရပ်လိုက်သည်။ "အာ ... မဖြစ်သေးဘူး။ ငါ သွားတော့မယ်။ လူငယ်လေး ... မင်းကို ငါ သဘောကျတယ်။ မီးတောက်မျိုးစေ့ ပျိုးထောင်နည်းကို ငါ သင်ပေးရမလား။"

သူ့ထံတွင် ရှိသည့် ရတနာများကို မြင်သွားခဲ့လင့်ကစား ဟုန်ရှောင်ပေါင်၏ မျက်နှာတွင် အမူအရာ တစ်စက်ကလေးမျှ ပြောင်းလဲသွားခြင်း မရှိချေ။

"ဟားဟား ... ပျိုးထောင်တဲ့ နည်းလမ်းကို ကျုပ် တိုက်ဆိုင်စွာပဲ သိထားလို့။ အကြီးအကဲကို ပင်ပန်း မခံစေတော့ပါဘူးာ။"

သူက မည်မျှလောက် ပါးနပ်သနည်း။ ဤမီးခိုးရောင်မျောက်၏ အဓိပ္ပာယ်မှာ မီးတောက်မျိုးစေ့ ပျိုးထောင်နည်းဖြင့် ဟင်းဖိုး နှိမ်ချင်နေခြင်း ဖြစ်ကြောင်း သတိပြုမိသည်။ သူက အဘယ်သို့ လက်ခံပါမည်နည်း။

မီးခိုးရောင်မျောက်က ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီလေ။ နောက်ပိုင်း ရေစက်ရှိရင် တွေ့တဲ့အခါကျမှ ဆက်ပြောကြတာပေါ့။ ကျန်တဲ့ဟင်းတွေကိုတော့ မင်းတို့ပဲ စားလိုက်ကြတော့။"

ပြောပြောဆိုဆိုနှင့် ဟုန်ရှောင်ပေါင်၏ ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ဟုန်ရှောင်ပေါင်က ရွှင်မြူးစွာ အော်ဟစ်လိုက်၏။ "ခေါင်းပဲ မြင်ရပြီး အမြီးကို မမြင်ရတဲ့ နဂါးကြီးလိုပါလားာ။ တကယ့် ပညာရှင်ကြီးပဲ။"

သူလည်း သဘောပေါက် နားလည်လိုက်သည်။ ဤမီးခိုးရောင်မျောက်မှာ သူ မြေအောင်းပုစဉ်းမီးတောက်ကို မရရှိခင်တည်းက၊ တစ်နေရာရာမှနေ၍ တိတ်တိတ်လေး ချောင်းကြည့် ... မဟုတ်ဘူး ... အပေါ်စီးကနေ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်လောက်သည်။ မိစ္ဆာသားရဲ အားလုံးကို အပေါ်စီးကနေ စောင့်ကြည့်နေခဲ့သည့် တကယ့် မဟာလူကြီး ပင်ဖြစ်၏။

သူက ပြောပြောဆိုဆိုနှင့် ဟင်းစားရန် ပြင်ဆင်လိုက်စဉ်မှာပင် အံ့အားသင့်သွားခဲ့ရသည်။ ဒယ်အိုးထဲတွင် ဘာတစ်ခုမှ မကျန်တော့ချေ။

ဟုန်ရှောင်ပေါင် ဒေါသတကြီး အော်ဟစ်လိုက်၏။ "ခင်ား 'ကျန်တဲ့ ဟင်းတွေ' လို့ ပြောထွက်သေးတယ်ပေါ့လေ။ ကျုပ်ကို ဒယ်အိုး လျက်ခိုင်းနေတာလား။"

ရတနာဝက်ဝံမှာမူ ဝမ်းနည်းလွန်း၍ ငိုတော့မည့် ပုံစံမျိုး ဖြစ်နေချေပြီ။ ဒယ်အိုးကို လက်ညှိုး ထိုးလိုက်၊ မီးခိုးရောင်မျောက် ထွက်ခွာသွားသည့်ဘက်ကို လက်ညှိုး ထိုးလိုက်ဖြင့် ဝက်ဝံဘာသာစကားဖြင့် အဆက်မပြတ် ကျိန်ဆဲနေခဲ့သည်။

"အု ... အု ... အု ... အု"

ဟုန်ရှောင်ပေါင်က သက်ပြင်းချကာ ချော့မော့လိုက်၏။ "လိမ္မာပါတယ်ကွာ။ အိမ်ရောက်ရင် မင်းအတွက် အရသာရှိတာတွေ ပြန်လုပ်ကျွေးမယ်နော်။"

သို့သော်ငြား ရတနာဝက်ဝံက ဘယ်လိုလုပ်ပြီး ကျေနပ်ပါမည်နည်း။ "အု" ဟု ကျယ်လောင်စွာ အသံပြုလျက် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ကာ ဟုန်ရှောင်ပေါင်ကို ကျောခိုင်းပြီး စိတ်ဆိုးနေလေတော့သည်။ ဟုန်ရှောင်ပေါင်က နည်းလမ်း ပေါင်းစုံဖြင့် ချော့မော့လင့်ကစား သူ၏ ရင်ခွင်ထဲသို့ လုံးဝ ပြန်မလာတော့ချေ။

ဟုန်ရှောင်ပေါင်လည်း မတတ်နိုင်တော့ချေ။ ထိုအခါမှ ယင်းကျိုယိုက နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့၏။ "စောစောက အကောင်က သာမန် မဟုတ်ဘူးနော်။"

ဟုန်ရှောင်ပေါင်က ချက်ချင်း စိတ်ဝင်စားသွားပြီး ပြုံးစိစိဖြင့် မေးလိုက်၏။ "အို ... ဘယ်လိုမျိုး သာမန် မဟုတ်တာလဲ။ အဘိုးတောင် သူ့ရှေ့မှာ မထွက်ရဲဘူး ဆိုတော့။"

ယင်းကျိုယိုက ဒေါသတကြီး ပြောလိုက်၏။ "မင်း ဘာသိလို့လဲ။ အဲ့ဒါက မင်းကို ကာကွယ်ပေးဖို့အတွက်ကွ။ တကယ်လို့ ငါ့ရဲ့နာမည်သာ ထွက်သွားခဲ့ရင် မင်းကို မပြောနဲ့။ မင်းရဲ့ ဒီသောက်သုံးမကျတဲ့ လေယင်မြို့တော်လေးပါ တစ်စစီ ဆုတ်ဖြဲခံရပြီး မြေလှန်ရှာဖွေတာကို ခံရတော့မှာ။ ငါ့ရဲ့ မိစ္ဆာကျင့်စဉ်တွေ ထွက်သွားမှာကို ကြောက်နေတဲ့ကောင်တွေက မိုင်တစ်သောင်း ပတ်လည်အထိ အကုန် သတ်ဖြတ်ပစ်ကြလိမ့်မယ် ဆိုတာ မင်း ယုံလား။"

ဟုန်ရှောင်ပေါင်က ယင်းကျိုယို ဒေါသထွက်တော့မည်ကို မြင်တွေ့လိုက်ရသောကြောင့် ချက်ချင်း ဖြည့်စွက် ပြောလိုက်၏။ "အာ ... သိပ်တော့ မယုံဘူး။ မိုင်တစ်သောင်း ပတ်လည် ဆိုတာကိုတော့ မယုံဘူး။ တကယ်လို့ မိုင်ကိုးထောင် ပတ်လည်လောက် ဆိုရင်တော့ နည်းနည်း ယုံလောက်ပါတယ်။"

ယင်းကျိုယိုက ဟုန်ရှောင်ပေါင်နှင့် ဆက်ပြီး အငြင်းပွားမနေချင်တော့ချေ။ သူက ပြောလိုက်၏။ "ငါ့ရဲ့ တည်ရှိမှုကို သာမန်လူတွေက အာရုံ မခံစားနိုင်ဘူး။ စောစောက မျောက်လည်း အာရုံ ခံစားနိုင်မှာ မဟုတ်ပါဘူး။ အကြောင်းတစ်ခုခု ရှိလာမှာစိုးလို့ ကာကွယ်တဲ့အနေနဲ့ လုပ်ခဲ့တာ။ မထင်ထားဘူး။ ငါ တစ်သက်လုံး လောကကြီးမှာ ထင်တိုင်းကြဲခဲ့ပြီး နောက်ဆုံးကျမှ ဒီလို သာမန် မိစ္ဆာမျောက်လေး တစ်ကောင်ကို ပုန်းရှောင် နေရမယ်လို့။ ငါယိုးတဲ့မှ …။"

အဘိုး ဒေါသထွက်ပြီး မိစ္ဆာအဖြစ် ပြောင်းလဲတော့မည်ကို ခံစားလိုက်ရသောကြောင့် ဟုန်ရှောင်ပေါင်က ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်သည်။ "အဘိုး ... စောစောက မီးခိုးရောင်မျောက်က ဘယ်လောက်တောင် အစွမ်းထက်တာလဲ ဆိုတာ ပြောပြပါအုံး။"

ယင်းကျိုယိုက ဖြေလိုက်၏။ "လေယင်မြို့တော်ရဲ့ ထိပ်သီး သုံးယောက်စာရင်းဝင် လောက်တော့ ရှိမှာပါ။ ပြီးတော့ ဟင်းချက်ပြုတ်ရေးဌာနနဲ့လည်း ပတ်သက်မှု နက်ရှိုင်းပုံ ရတယ်။"

ဟုန်ရှောင်ပေါင်က လက်ခုပ်တစ်ချက် တီးလိုက်သည်။ "အာ ... ဟုတ်ပြီ ... ဟုတ်ပြီ။ ဒါကြောင့်ကိုး။ ဟင်းချက်ပြုတ်ရေးဌာနက ဒီလောက်အထိ သနားစရာ ကောင်းနေတာတောင် အဖျက်သိမ်း မခံရတာ။ ဒီမီးခိုးရောင်မျောက်ကြီးရဲ့ တည်ရှိမှုကြောင့် ဖြစ်ရမယ်။"

ယင်းကျိုယိုက လှောင်ပြုံး ပြုံးလိုက်၏။ "မင်း ဘာသိလို့လဲ။ ဒီမီးခိုးရောင်မျောက်က အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ဖြစ်မှာပါ။ အခုချိန်မှာ ဟင်းချက်ပြုတ်ရေး လမ်းစဉ် တစ်ခုလုံးက ကျဆင်းနေတယ် ဆိုပေမဲ့ ဟင်းချက်ပြုတ်ရေးဌာနရဲ့ ထည်ဝါခဲ့တဲ့အတိတ်ကို မြင်ဖူးတဲ့ မိစ္ဆာအိုကြီးတွေက၊ ဝိညာဉ်ကျောက်တုံးတွေနဲ့ ပစ်ပေါက်ပြီး ထောက်ပံ့ရမယ် ဆိုရင်တောင် နှစ်ပေါင်း သောင်းချီအောင် ပစ်ပေါက် ပေးကြလိမ့်မယ်။"

သူက အတန်ကြာ ရပ်တန့်လိုက်ပြီးမှ သက်ပြင်းချကာ ဆက်ပြောလိုက်သည်။ "ရှစ်လျန်ယွင်ရဲ့ ဟင်းတစ်ပွဲက နန်းတော်တစ်ခုလုံးကို ရူးသွပ်သွားစေခဲ့တဲ့ မြင်ကွင်းမျိုး မင်း မမြင်ဖူးလို့ပါ။"

ဟုန်ရှောင်ပေါင်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ထွက်ပေါ်လာခဲ့၏။ "ဒီအကြီးအကဲ … ဆရာမ ရှစ်လျန်ယွင်က ... လှလား။"

ယင်းကျိုယိုက ခေါင်းယမ်းလိုက်သည်။ "လှတယ် ဟုတ်လား။ ဒီလောကမှာ သူ့ကို ဖော်ကျူးနိုင်တဲ့ စကားလုံး ဆိုတာ မရှိဘူး။"

ဟုန်ရှောင်ပေါင်က ပြုံးစိစိဖြင့် မေးလိုက်၏။ "ဒါဆို အဘိုးကရော သူ့ကို ချစ်ခဲ့တာလား။"

သူ၏ ရင်ထဲရှိ အတင်းအဖျင်း စပ်စုလိုစိတ်မှာ ဆယ်ပေါင်ကျော်ခန့် အထိ ကြီးထွား လာခဲ့သည်။

ယင်းကျိုယိုမှာ အတန်ကြာအောင် စကားမပြောနိုင်တော့ဘဲ ဖြစ်သွား၏။ ဟုန်ရှောင်ပေါင်ကို မျက်စောင်းတစ်ချက် ထိုးကြည့်ပြီးနောက် ပျောက်ကွယ်သွားခဲ့၏။

ဟုန်ရှောင်ပေါင်က အလောတကြီး အော်ဟစ်လိုက်သည်။ "အာ ... အာ ... အာ ... အဘိုး ... အဘိုး ... ပြောပြပါအုံး။ သူ့ကို လိုက်ကြိုက်တဲ့သူတွေ များလား။ အဘိုးမှာ အချစ်ပြိုင်ဘက် ဘယ်နှစ်ယောက်လောက် ရှိခဲ့တာလဲ။"

အချစ်ပြိုင်ဘက်တချို့က တိုင်းပြည်ရဲ့ သခင်တွေတို့၊ အကြီးအကဲချုပ်တွေတို့ ဖြစ်နေကြတာလား။ အဘိုးတို့တွေ ရန်ဖြစ် သတ်ပုတ်ကြသေးလား။ အဘိုးက နိုင်တာလား၊ ရှုံးတာလား။"

နေပါအုံး။ အဘိုးက လက်ကောက်ထဲမှာ ပိတ်လှောင်ခံထားရတာ ဆိုတော့၊ အချစ်ပြိုင်ဘက် တစ်ယောက်ယောက်ရဲ့ လုပ်ကြံတာကို ခံလိုက်ရတာ မဟုတ်လား။ အာ ... ဟုတ်ပြီ ... ဟုတ်ပြီ။ အဘိုး ... ဘယ်သူလဲဆိုတာ ပြောစမ်းပါ။ ကျုပ် အဘိုးအတွက် လက်စားချေပေးမယ်။"

ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို ဆက်ပြီး ဂရုမစိုက်တော့ချေ။ ဟုန်ရှောင်ပေါင်လည်း အတန်ကြာအောင် ပြောဆိုပြီးသည့်နောက်မှာတော့ အာခေါင် ခြောက်ကပ်လာခဲ့သည်။ စိတ်ထဲမှ စကားပြောသည်တောင် အာခြောက်လာခဲ့သည်။

All Chapters