← Chapters

အခန်း ၁၈၁

Vol. 16 Ch. 181

အခန်း ၁၈၁

Vol. 16 Ch. 181

အပိုင်း (၁၈၁) ဆေးအာနိသင်

“အဲ့ဒီလောက်ကြီးလည်း ဆိုးရွားမနေပါဘူး။”

ယင်းကျိုယိုက ထူးထူးခြားခြား ဖြေသိမ့်စကား ပြောကြားလာခဲ့၏။ “ပထမ အချက်က ရတနာသိုက်ဆိုင်ရဲ့ ဈေးနှုန်းက အများကြီး ဖောင်းပွနေတာ။ တခြား သိုင်းပညာရှင်တွေဆီကနေ ဝယ်မယ် ဆိုရင် တစ်ဝက်လောက် ပိုသက်သာသွားလိမ့်မယ်။ အဲ့ဒီအပေါ်မှာ ဆေးဘက်ဝင် အစားအစာက ဆေးအာနိသင်ကို နှစ်ဆ တိုးပွားစေနိုင်တာ ဆိုတော့၊ အားလုံးပေါင်း တွက်ကြည့်ရင် အပင် ရှစ်ရာလောက် ဆိုရင်ကို လုံလောက်နေပြီ။

ဒါပေမဲ့ ဆေးဘက်ဝင် အစားအစာ တစ်မျိုးတည်းကိုပဲ ထပ်တလဲလဲ စားနေမယ် ဆိုရင်၊ခန္ဓာကိုယ်က ဆေးယဉ်သွားပြီး နောက်ပိုင်း စားတဲ့အခါတွေမှာ ဆေးအာနိသင် အများကြီး လျော့ကျသွားလိမ့်မယ်။ ဒါကြောင့် ဆေးတွေကို အမြဲတမ်း ပြောင်းလဲ ပေးနေရမယ်။

ဒီလိုဆိုတော့ ဝိညာဉ်ကျောက်တုံးလေး နည်းနည်း ပိုကုန်သွားမှာပေါ့လေ။ အားလုံးပေါင်း တွက်ကြည့်လိုက်ရင် ဝိညာဉ်ကျောက်တုံး ခြောက်သောင်း၊ ခုနစ်သောင်းလောက်တော့ လိုအပ်လိမ့်မယ်။”

“ခြောက်သောင်း၊ ခုနစ်သောင်း ...။” ဟုန်ရှောင်ပေါင် တကယ်ကို ငိုတော့မည်။ သူ မနေ့က တစ်နေကုန် ရှာဖွေ ရရှိခဲ့သည့် ဝင်ငွေက ဝိညာဉ်ကျောက်တုံး လေးဆယ်မျှသာ ရှိသည်။ ဤနှုန်းအတိုင်းဆိုလျှင် သူ လေးနှစ်တိတိ ရှာဖွေရတော့မည် မဟုတ်ပါလား။

“ငါ့ရဲ့တပည့်က ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းလေး လောက်နဲ့ စိတ်ဆင်းရဲ နေရတာလား။”

ယင်းကျိုယိုက လှောင်ပြုံး ပြုံးလိုက်၏။ “မင်းရဲ့ အစွမ်းအစ မြင့်မားလာတာနဲ့ အမျှ ဝိညာဉ်ကျောက်တုံး ဆိုတာ ပြင်ပ ပစ္စည်း အသေးအမွှားလေးတစ်ခု ဆိုတာကို သဘောပေါက် လာပါလိမ့်မယ်။”

ဟုန်ရှောင်ပေါင်က နားထောင်ရင်း မျက်ဖြူ လှန်ပြလိုက်၏။ အမှန်အတိုင်း ပြောရလျှင် ဤသည်က သူဖ ြစ်နေ၍သာ တော်သေးသည်။ လေယင်မြို့တော်ရှိ သိုင်းပညာရှင် ကိုးဆယ် ရာခိုင်နှုန်းခန့်က တစ်လလျှင် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ရရှိသည့် လစဉ်ကြေးလေး အတွက် အသက်လု ကြိုးစားနေကြရသည် မဟုတ်ပါလား။

အကယ်၍ ထိုသူများသာ ဆိုလျှင် နှစ်ပေါင်း ရာချီအောင် ရှာဖွေကြရပေလိမ့်မည်။

စောစောလေးကပင် တစ်နေ့တည်း ဝိညာဉ်ကျောက်တုံး လေးဆယ် ရောင်းရသည်ကို ချန်ယန်က ‘အရောင်းအဝယ် ဒီလောက် ကောင်းတဲ့ ဆိုင်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး’ ဟု ထင်နေခဲ့သည် မဟုတ်ပါလား။

ဝိညာဉ်ကျောက်တုံး ခြောက်သောင်း၊ ခုနစ်သောင်း တဲ့။ ဒါက ဝိညာဉ်ကျောက်တုံးတွေ မဟုတ်တော့ဘူး။ ဒါက အသက်တွေပဲ။

“မဖြစ်သေးဘူး။ ဆေးဘက်ဝင် အစားအစာဆိုင်ကို မြန်မြန် ဖွင့်နိုင်အောင် လုပ်မှ ရတော့မယ်။”

အခက်အခဲတွေ တွေ့လာလျှင်လည်း ရင်ဆိုင်ပြီး ဖြေရှင်းဖို့ နည်းလမ်း ရှာရပေမည်။ ဟုန်ရှောင်ပေါင်က ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်၏။ သို့ပေမည့် ယခုအချိန်တွင် ပိုမို အရေးကြီးသည့် ဒြပ်စင်ငါးပါးဆေးလုံး ကိစ္စ ရှိနေသေးရာ မေးလိုက်သည်။ “အကြီးအကဲ ... ဝိညာဉ်နို့ရည်တို့၊ ဝိညာဉ်အရည်တို့က ဘယ်မှာ ရှိတာလဲ။”

မျက်လုံးကို မှေးကျဉ်းထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက အတန်ငယ် စိတ်မရှည်သည့်ဟန်ဖြင့် စာအုပ်ကို ဖြည်းညင်းစွာ လှန်ပြလိုက်၏။

ဟုန်ရှောင်ပေါင်၏ ရှေ့ရှိ စာအုပ်မှာ စာမျက်နှာ သုံးဆယ်ကျော်ခန့် ပြောင်းလဲသွားခဲ့သည်။ အပေါ်ရှိ ဈေးနှုန်းများကို ကြည့်ပြီးနောက် အတန်ငယ် တည်ငြိမ်သွားခဲ့သည့် ဟုန်ရှောင်ပေါင်၏ စိတ်နှလုံးမှာ နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲသွားခဲ့ပြန်သည်။

“လူသတ်နေတာပဲ။ ဒါ တကယ့်ကို လူသတ်နေတာပဲ။”

ထိုဝိညာဉ်နို့ရည်များ၏ ဈေးနှုန်းကို ကြည့်ကာ ဟုန်ရှောင်ပေါင်က ကင်းလှည့်တပ်သားများကိုပင် အော်ခေါ်ချင်စိတ် ပေါက်သွားခဲ့၏။

“ဒြပ်စင်ငါးပါး ထဲမှာ သီးသန့် ပစ္စည်း အနည်းငယ်ကလွဲရင် မြေဒြပ်စင် ပစ္စည်းတွေက အပေါဆုံးပဲ။ ဖြစ်ပေါ်လာဖို့ အခြေအနေတွေက လွယ်ကူတော့၊ တစ်ခါ ဖြစ်ပေါ်လာတာနဲ့ တစ်ပြင်လုံး အများအပြား တွေ့ရတတ်တယ်။ အဈေးဆုံးကတော့ ဝိညာဉ်နို့ရည်နဲ့ ဝိညာဉ်အရည်တွေပဲ။ အစက် တစ်စက်စီ ဖြစ်ပေါ်လာဖို့တောင် နှစ်ပေါင်း ရာချီ၊ ထောင်ချီအောင် အချိန်ယူရတာလေ။ ဒီနေရာက ဈေးနှုန်းက အတော်လေး သင့်တင့်မျှတတယ် လို့တောင် ပြောလို့ရတယ်။”

ယင်းကျိုယိုက ခေါင်းညိတ်လိုက်ပြီး တစ်ခုကို လက်ညှိုး ထိုးပြလိုက်၏။ “ဈေးကြီးတာတွေကျတော့လည်း မင်း ဝယ်နိုင်မှာ မဟုတ်ပါဘူး။ ဒီဥစ္စာကိုပဲ ယူလိုက်တော့။”

ဟုန်ရှောင်ပေါင် ကြည့်လိုက်သည့်အခါ ကျောက်နို့ရည်ခဲ၊ ပုလင်းငယ် တစ်လုံး - ဝိညာဉ်ကျောက်တုံး တစ်ရာ ဟု ရေးသားထားသည်ကို တွေ့ရသည်။

ဈေးကြီးလိုက်တာ။

ဟုန်ရှောင်ပေါင်က စိတ်ထဲမှ ညည်းတွားလိုက်၏။ သို့သော်ငြား ကိုယ့်မိန်းမအတွက် ပေးရမှာ ဆိုတော့လည်း အံကို တင်းတင်းကြိတ်လိုက်သည်။ “အဘိုး ... ဈေးကြီးတဲ့ အမျိုးအစားအကြောင်း ပြောပြစမ်းပါ။ ကျုပ် မိန်းမအတွက်ကိုတော့ အပေါစားတွေ မသုံးနိုင်ဘူး။”

“ရပါတယ်လေ။ ဥပမာ တောင်နတ်အရည် ဆိုပါစို့။ အစက် တစ်စက်ကို ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက် ရှိတယ်။ အကယ်၍ ပုလင်းငယ် တစ်လုံးစာ ဆိုရင်တော့ ...။”

“အလကား ဖြုန်းတီးတာက လူသားတွေရဲ့ အကြီးမားဆုံး အပြစ်ပဲ။”

ဟုန်ရှောင်ပေါင်က ယင်းကျိုယို၏ စကားကို အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ဖြတ်ပြောလိုက်၏။ “အမှန်ကန်ဆုံးကိုပဲ ဝယ်မယ်၊ ဈေးကြီးတာကို မဝယ်ဘူး။ ဒါမှ ဉာဏ်ပညာ ကြီးမားတဲ့ ယောက်ျား တစ်ယောက်ရဲ့ ရွေးချယ်မှုပဲ။ အဘိုးလည်း အဲ့ဒီအတိုင်း ထင်တယ် မဟုတ်လား။”

ယင်းကျိုယို အလွန်အမင်း သဘောကျရသည့် အရာတစ်ခု ရှိလျှင် ထိုအရာက ဟုန်ရှောင်ပေါင်၏ မျက်နှာပြောင်း လွယ်သည့် အလျင်နှုန်းနှင့် အော်စကာဆုရ မင်းသားကြီးကဲ့သို့သော သရုပ်ဆောင် ထူးချွန်မှု ပင်ဖြစ်ပေသည်။

ဝိညာဉ်ကျောက်တုံး တစ်ရာ ဆိုသည်မှာ ဟုန်ရှောင်ပေါင်အတွက် သည်းခံနိုင်သည့် အနေအထားတွင် ရှိသေး၏။ သို့သော်ငြား ဝယ်ယူပြီးသည့်နောက် ထိုပုလင်းငယ်လေးကို မြင်တွေ့လိုက်ရချိန်တွင်မူ ငိုတောင် ငိုချင်သွားခဲ့သည်။ အပေါ်တွင် ပုလင်းငယ် ဟု ရေးသားထားသော်ငြား၊ ဤ ငယ်ဆိုသည့် စကားလုံးက ဤမျှလောက်အထိ လွန်ကဲ လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

လက်သည်းဆိုးဆေး ပုလင်းကို မြင်ဖူးပါသလား။

ထိုပုလင်းငယ်က လက်သည်းဆိုးဆေး ပုလင်းလောက် ရှိမယ်လို့ ထင်နေသည်လား။

မှား၏။

လက်သည်းဆိုးဆေး ပုလင်း၏ အဖုံးလောက်ပဲ ရှိသည်။

“ဟား ဟား ဟား ဟား ... ဟား ဟား ဟား ဟား။”

ယင်းကျိုယိုက အားရပါးရ ရယ်မောလိုက်၏။ “ဒီလောက် သေးငယ်တဲ့ ပုလင်းလေး ဆိုရင်တော့ အနည်းဆုံး ရှစ်ပုလင်း၊ ကိုးပုလင်းလောက်တော့ ဝယ်ရလိမ့်မယ် ထင်တယ်။ ဟား ဟား ဟား ဟား ... ဟား ဟား ဟား ဟား။”

“လူသတ်နေတာပဲ ... တကယ့်ကို လူသတ်နေတာပဲ။ ဒါက ဘယ်လို လောကကြီးလဲ။ ကျုပ်လို သက်ကြီးရွယ်အို တစ်ယောက်ကို အနိုင်ကျင့်နေတာပဲ ...။”

ဟုန်ရှောင်ပေါင်သည် မျက်တောင်တစ်ခတ်စာ အတွင်း ဆယ်စုနှစ်ပေါင်း များစွာ အိုမင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ဆံပင်များ တစ်ချောင်းပြီး တစ်ချောင်း ဖြူရော် လာနေသည်ကိုပင် ခံစားမိနေသည်။ “တကယ့်ကို ရက်စက်လွန်းပါတယ် ... တကယ်ကို ရက်စက်လွန်းတယ်။”

ဟုန်ရှောင်ပေါင် ဆိုင်ဆီသို့ မည်သို့ ပြန်ရောက်သွားလဲ မသိပေ။ အကယ်၍ တစ်ယောက်ယောက်ကသာ ထိုအချိန်တွင် ဟုန်ရှောင်ပေါင်၏ နောက်သို့ လိုက်ကြည့်မည်ဆိုပါက လွန်စွာ လွယ်ကူလိမ့်မည် ဖြစ်၏။ လမ်းတစ်လျှောက်လုံး စီးကျကျန်ရစ်သည့် မျက်ရည်စက်များကို ကြည့်ပြီး လိုက်လာရုံမျှဖြင့် ရှာတွေ့နိုင်၏။

ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ ဟုန်ရှောင်ပေါင်သည် အေးချမ်း တည်ငြိမ်သော အခြေအနေဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့ချေသည်။ ညည်းတွားသည်က ညည်းတွားခြင်းပင်။ ပိုက်ဆံ ဆိုသည်မှာ နောက်မှ ထပ်ရှာလျှင် ရသည့်အရာ မဟုတ်ပါလား။

“ဘာပဲပြောပြော မင်းကတော့ မဆိုးပါဘူး။” ယင်းကျိုယိုက ပြောစရာ စကား မရှိအောင် ဖြစ်သွားခဲ့၏။

“ဟီး ဟီး ဟီး ...။”

၏ဟုန်ရှောင်ပေါင်က ပြုံးစိစိဖြင့် ရယ်မောလိုက်သည်။ “ကဲ ... လာ။ ဘယ်လို စလုပ်ရမလဲ။”

“ဒါက မင်းရဲ့ တကယ့် အဓိပ္ပာယ်ရှိတဲ့ ပထမဆုံး အကြိမ် ဆေးဖော်စပ်ခြင်းပဲ။ ငါ သေချာ ရှင်းပြမယ်၊ ကောင်းကောင်း နားထောင်။”

သင်ကြားရေး အပိုင်းသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ယင်းကျိုယိုက ချက်ချင်း တည်ကြည် လေးနက်လာခဲ့၏။ ဟုန်ရှောင်ပေါင်လည်း ထိုအတိုင်းပင်။

“ဆေးဖော်စပ်တဲ့ လုပ်ငန်းစဉ်မှာ အဆင့် ငါးဆင့် ရှိတယ်။ အဲ့ဒါတွေက ဆေးချိန်ဆခြင်း၊ ဆေးထုတ်ယူခြင်း၊ မီးဖိုပိတ်ခြင်း၊ ဆေးသန့်စင်ခြင်းနဲ့ မီးရပ်ခြင်း တို့ပဲ။”

ယင်းကျိုယိုက ဖြည်းညင်းစွာ ရှင်းပြနေခဲ့၏။ “အရင်ကလိုပဲ … ငါ မင်းကို ဘာပဲသင်ပေး ၊ သင်ပေး … အလွတ်ကျက်တာမျိုး မလုပ်နဲ့။ ဘာကြောင့် ဒီလို လုပ်ရတာလဲ ဆိုတာကို သဘောပေါက် နားလည်အောင်လုပ်။”

“ဟုတ်ကဲ့။”

“ဆေးချိန်ဆခြင်းအဆင့်က ကြည့်ရတာ အလွယ်ဆုံးလို့ ထင်ရပေမဲ့ တကယ်တော့ အခက်ဆုံးပဲ။ အချိုးအစား ချိန်ဆမှုက ဆေးလုံး အောင်မြင်နိုင်မလား၊ မအောင်မြင်နိုင်ဘူးလား ဆိုတာအပြင်၊ ဆေးအောင်မြင်သွားရင်တောင် ဆေးအာနိသင် ဘယ်လို နေမလဲ ဆိုတာကို တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိတယ်။”

“ဆေးလုံး ဖော်စပ်တာက ဆေးဘက်ဝင် အစားအစာ ချက်ပြုတ်တာနဲ့ တူတူပဲ။ အန္တရာယ် အများဆုံးက လွန်ကဲလွန်းတဲ့ ဆေးအာနိသင်တွေပဲ။ အချင်းချင်း သင့်မြတ်မှုနဲ့ အချင်းချင်း ဖိနှိပ်မှုတွေကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာက အကြီးမားဆုံး အခက်အခဲပဲ။

ဒြပ်စင်ငါးပါးဆေးလုံး ကတော့ အဲ့ဒီအထဲမှာ အရမ်း အစွမ်းထက်ဆုံးနဲ့ အခက်ခဲဆုံး ဆေးလုံးတွေ ထဲက တစ်ခုပဲ။ ဒြပ်စင်ငါးပါးက အချင်းချင်း ဖိနှိပ်ပြီး၊ အချင်းချင်း ပံ့ပိုးပေးကြတယ်။ ပမာဏ နည်းနည်းလေး ပိုသွားတာ၊ နည်းနည်းလေး လျော့သွားတာနဲ့ အပြောင်းအလဲပေါင်း သောင်းချီအောင် ဖြစ်သွားနိုင်တယ်။”

ယင်းကျိုယိုက သက်ပြင်းချကာ ဆက်ပြောလိုက်၏။ “သံကြိုး တစ်ကွင်းလိုပါပဲ။ အဆစ်တိုင်းမှာ ရွေးချယ်စရာ နည်းလမ်းပေါင်း သန်းချီအောင် ရှိနေတယ်။ မင်း ရွေးချယ်မှု မှန်ကန်ခဲ့ရင် ဆက်ပြီး ရွေးချယ်ခွင့် ရမယ်။ တစ်ခါလောက် ရွေးချယ်မှု မှားယွင်းသွားတာနဲ့ တစ်ခုလုံး ပြိုကွဲ ပျက်စီးသွားမဲ့ အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်။ ဒြပ်စင်ငါးပါးဆေးလုံး ရဲ့ ရွေးချယ်မှုတွေကတော့ ရာချီအောင် များပြားလွန်းတယ်။”

All Chapters