← Chapters

အခန်း ၁၈၂

Vol. 16 Ch. 182

အခန်း ၁၈၂

Vol. 16 Ch. 182

အပိုင်း (၁၈၂) ဒြပ်စင်ငါးပါးဆေးလုံး

“အစွမ်းထက်လိုက်တာာ။”

ဟုန်ရှောင်ပေါင် အံ့အားသင့်သွား၏။ ဆိုလိုသည်မှာ ရွေးချယ်စရာ တစ်ထောင်လောက်ပဲ ရှိသည်ဟု တွက်ကြည့်လျှင်တောင် တစ်ထောင်၏ ထပ်ညွှန်း တစ်ရာလောက် ဖြစ်နေပြီ။ တစ်ထောင် .. အခု တစ်ရာကို မြှောက်ရမည် ... ဝါး ... သုညတွေ အများကြီး ထွက်လာပေမည်။

“ဒုတိယ အဆင့်ဖြစ်တဲ့ ဆေးထုတ်ယူခြင်း ကျတော့ ဆေးပင်တွေထဲကနေ ဝိညာဉ်စွမ်းအင်နဲ့ အဆီအနှစ်တွေကို ထုတ်ယူတာပဲ။ နို့ရည်အဖြစ် သန့်စင်တာ၊ ဓာတ်ငွေ့အဖြစ် သန့်စင်တာ၊ ဖန်သလင်းခဲအဖြစ် သန့်စင်တာ အားလုံးက ဒီအဆင့် ထဲမှာ ပါဝင်တယ်။”

“တတိယ အဆင့်ကတော့ မီးဖိုပိတ်ခြင်းပဲ။ မီးအပူချိန် လုံလောက်ပြီး ဆေးဓာတ်ငွေ့တွေ ပြည့်ဝသွားပြီဆိုရင် မီးဖိုကို ပိတ်ပြီး မီးပေးရမယ်။ ဆေးမြစ်ဆေးပင် အရည်အသွေး ပေါ်မူတည်ပြီး မီးပြင်းပြင်းနဲ့ ကျိုရတာ ရှိသလို၊ မီးအေးအေးလေးနဲ့ ဖြည်းဖြည်းချင်း နှပ်ရတာလည်း ရှိတယ်။ တချို့ ဆေးလုံးတွေက ခဏလေးနဲ့ ပြီးပေမဲ့ တချို့ ဆေးလုံးတွေ ကျတော့ နှစ်ပေါင်းများစွာ၊ ဒါမှမဟုတ် ဆယ်စုနှစ်ပေါင်း များစွာ အချိန်ယူရတယ်။ ဆေးနတ်ဘုရား လို့ ဂုဏ်သတင်းကြီးတဲ့ ထျန်းကျင်းက ခေါင်းတုံးအိုကြီး ဆိုရင် ဆေးတစ်ဖိုကို နှစ်တစ်ရာကျော် ကျိုခဲ့တာ။ ငါ ထျန်းကျင်းကနေ ထွက်လာတဲ့ အချိန်အထိ သူ မီးဖို ဖွင့်တာကို မမြင်ခဲ့ရသေးဘူး။”

“စတုတ္ထ အဆင့်ကတော့ ဆေးသန့်စင်ခြင်းပဲ။ အသုံးဝင်တဲ့ အစိတ်အပိုင်းတွေကို သန့်စင်ပြီး အမှိုက်သရိုက်တွေကို ဖယ်ရှားပစ်တာ။”

“နောက်ဆုံး အဆင့်ကတော့ မီးရပ်ခြင်းပဲ။ သာမန်လို့ ထင်ရပေမဲ့ ဆေးလုံး အောင်မြင်နိုင်မလား ဆိုတာက ဒီနောက်ဆုံး အဆင့်ပေါ်မှာ မူတည်နေတာ။ ရှေ့က လေးဆင့်လုံးကို ကောင်းကောင်း လုပ်နိုင်ခဲ့ရင် ဆေးလုံးက အလိုလို ဝိုင်းစက်တဲ့ ပုံစံ ဖြစ်သွားလိမ့်မယ်။ သဘာဝအတိုင်းပဲ တချို့သော ထူးဆန်းတဲ့ သဘာဝ ရှိတဲ့ ဆေးလုံးတွေ ကျတော့လည်း ဖြစ်ပေါ်လာတဲ့အချိန်မှာ အရည်အဖြစ် တည်ရှိနေတတ်တယ်။ တချို့ ကျတော့လည်း ကွင်းစွပ် ပုံစံ၊ လေးထောင့် ပုံစံတွေ ဖြစ်သွားတတ်တယ်။”

ဟုန်ရှောင်ပေါင်က တစ်ခုချင်းစီ သေချာ မှတ်သားနေခဲ့၏။ ယင်းကျိုယိုကလည်း ဆေးအာနိသင် များအကြောင်း ဆက်လက် ရှင်းပြနေခဲ့သည်။

“ရွှေဒြပ်စင်ရဲ့ သဘာဝက ပြောင်းလဲခြင်းပဲ။ အဓိပ္ပာယ်က လိုက်လျောညီထွေ ရှိခြင်း၊ ပြုပြင် ပြောင်းလဲခြင်း။ ရွှေဒြပ်စင်ရဲ့ ဂုဏ်သတ္တိက တည်ကြည်ခြင်း၊ ထိန်းသိမ်းခြင်း၊ သန့်စင်ခြင်းပဲ။

သစ်သားဒြပ်စင်ရဲ့ သဘာဝက ကွေးညွှတ် ဆန့်တန်းခြင်းပဲ။ သစ်သားဒြပ်စင်ရဲ့ ဂုဏ်သတ္တိက ကြီးထွားခြင်း၊ မြင့်တက်ခြင်း၊ ပျံ့နှံ့ခြင်းပဲ။

ရေဒြပ်စင်ရဲ့ သဘာဝက စိုစွတ် စီးဆင်းခြင်းပဲ။ ရေဒြပ်စင်ရဲ့ ဂုဏ်သတ္တိက စိုစွတ်ခြင်း၊ အေးမြခြင်း၊ သိုဝှက်ခြင်းပဲ။

မီးဒြပ်စင်ရဲ့ သဘာဝက လောင်ကျွမ်း မြင့်တက်ခြင်းပဲ။ မီးဒြပ်စင်ရဲ့ ဂုဏ်သတ္တိက နွေးထွေးခြင်း၊ မြင့်တက်ခြင်း၊ စည်ပင်ခြင်းပဲ။

မြေဒြပ်စင်ရဲ့ သဘာဝက စိုက်ပျိုး ရိတ်သိမ်းခြင်းပဲ။ မြေဒြပ်စင်ရဲ့ ဂုဏ်သတ္တိက ဖြစ်ထွန်းခြင်း၊ သယ်ဆောင်ခြင်း၊ လက်ခံခြင်းပဲ။

ဒြပ်စင်ငါးပါး ထဲမှာ ရွှေက သစ်သားကို နိုင်တယ်၊ သစ်သားက မြေကို နိုင်တယ်၊ မြေက ရေကို နိုင်တယ် ...။”

ယင်းကျိုယိုက ဖြည်းညင်းစွာ ရှင်းပြနေခဲ့၏။ ဒြပ်စင်ငါးပါးနှင့် ပတ်သက်သည့် ဤအခြေခံ ဗဟုသုတများကို ဟုန်ရှောင်ပေါင်က သဘာဝအတိုင်း သိရှိပြီး ဖြစ်သည်။ သို့သော်ငြား တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။ အဘိုး၏ ပညာဗဟုသုတ အဆင့်အတန်းက မည်မျှလောက် မြင့်မားသနည်း။ ဤကဲ့သို့သော အခြေခံ ဗဟုသုတ အဟောင်းများကိုပင် စိတ်ဝင်စားဖွယ် ကောင်းအောင် ရှင်းပြနိုင်စွမ်း ရှိသည်။

ဟုန်ရှောင်ပေါင်က အလွန် စိတ်ဝင်တစား နားထောင်ရင်း၊ ခေါင်းတစ်ညိတ်ညိတ်ဖြင့် အဆက်မပြတ် ရေရွတ်နေခဲ့၏။ “အစွမ်းထက်လိုက်တာ ... အရမ်း အစွမ်းထက်တာပဲ။”

ယင်းကျိုယို၏ ရှင်းပြချက် အမြောက်အမြားကို နားထောင်ပြီးသည့် နောက်မှာတော့ နောက်ဆုံးတွင် လက်တွေ့ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်ဆီသို့ ရောက်ရှိလာခဲ့သည်။

ဟုန်ရှောင်ပေါင်က ရယ်မောရင်း သူ၏ ပထမဆုံး အကြိမ် ဆေးဖော်စပ်ခြင်းကို ချက်ချင်း စတင်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် စည်းစနစ် ကျနသည့် ပထမဆုံး အကြိမ် ဆေးဖော်စပ်ခြင်း ဆိုသည်မှာ သန့်စင်ဆေးလုံး ကဲ့သို့သော အခြေခံ ဆေးများကိုသာ စတင် ဖော်စပ်ရခြင်း ဖြစ်ပေ၏။ ယေဘုယျအားဖြင့် ဤလုပ်ငန်းစဉ် တစ်ခုတည်းကိုပင် နှစ်ပေါင်းများစွာ၊ သို့မဟုတ် ဆယ်စုနှစ်ပေါင်း များစွာတိုင်အောင် ပြုလုပ်ကြရ၏။

အမျိုးမျိုးသော ဆေးအာနိသင်များကို အဆက်မပြတ် ရင်းနှီး ကျွမ်းကျင်သွားမှသာ၊ နောက်တစ်ဆင့်ကို သတိကြီးစွာဖြင့် လျှောက်လှမ်းဝံ့ကြပေ၏။ ယင်းကျိုယိုနှင့် ဟုန်ရှောင်ပေါင် ဟူသော ဤအရူးနှစ်ယောက်သာ ဤကဲ့သို့ ပြုလုပ်ရဲကြခြင်း ဖြစ်သည်။

ပထမဆုံး အကြိမ် ဆေးဖိုတည်ခြင်းမှာပင် အခက်အခဲ အဆင့် ငါးပွင့်ရှိသည့် ဒြပ်စင်ငါးပါးဆေးလုံးကို တိုက်ရိုက် စတင် ဖော်စပ်ကြခြင်းဖြစ်၏။

ထိုမျှမက သင်ကြားရေး ကာလက နေ့တစ်ဝက်လောက်သာ ရှိသေးသည်။

အထူးဆန်းဆုံး အချက်မှာ ယင်းကျိုယိုက ဤအရာကို လွန်စွာ သာမန် ဖြစ်သည်ဟု ထင်မှတ်နေခြင်း ဖြစ်၏။ ဟုန်ရှောင်ပေါင်ကလည်း ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်မည်ဟု အခိုင်အမာ ယုံကြည်နေခဲ့၏။

“အင်း ... ပထမ အဆင့်၊ ဆေးချိန်ဆခြင်း။”

ဟုန်ရှောင်ပေါင်က ကုန်ကြမ်း ငါးမျိုးလုံးကို ထုတ်ယူလိုက်၏။ အခြား ပစ္စည်းများက ပြဿနာ မရှိသော်ငြား၊ ဤမြေအောင်းပုစဉ်း မီးတောက် ကတော့ လွန်စွာ ပြင်းထန်လွန်းလှသည်။ ဟုန်ရှောင်ပေါင်က လက်ထဲတွင် ကိုင်ထားရုံမျှဖြင့် သူ၏လက်ကို အရှင်လတ်လတ် ကျွမ်းလောင်သွားစေခဲ့သည် မဟုတ်ပါလား။ ဟုန်ရှောင်ပေါင်၏ လက်ရှိ အရေပြား ထူထဲ မာကျောမှုက ဓား၊ လှံများဖြင့်ပင် ထိုးခုတ်၍ မရနိုင်သည့် အဆင့်၌ ရှိသည်။

“မူလကတော့ ဆေးချိန်ဆတဲ့ အဆင့်မှာ ထိန်းညှိဖို့အတွက် အရံဆေးပင် အမြောက်အမြား ထည့်သွင်းရတယ်။ ဒါပေမဲ့ ဒြပ်စင်ငါးပါးဆေးလုံး မှာတော့ သဘာဝအတိုင်း ဒီကုန်ကြမ်း ငါးမျိုးပဲ ပါဝင်မှာဆိုတော့ ဒီအဆင့်ကို ကျော်သွားလို့ ရတယ်။ အခု အကြီးမားဆုံး အခက်အခဲက အချိုးအစားပဲ ...။” ဟုန်ရှောင်ပေါင်က တီးတိုး ရေရွတ်နေခဲ့၏။

ဆေးဘက်ဝင် အစားအစာ ချက်ပြုတ်စဉ်က အဘိုးသည် အချင်းချင်း သင့်မြတ်မှုနှင့် ဖိနှိပ်မှု ဆိုင်ရာ သဘောတရား အမြောက်အမြားကို သင်ကြား ပေးခဲ့ပြီး ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ဟုန်ရှောင်ပေါင်က သဘောတရား အခြေခံ ရရှိနေပြီ ဖြစ်၏။ သို့တိုင်အောင် ဒြပ်စင်ငါးပါးဆေးလုံး၏ အချိုးအစားကို အပြည့်အဝ တိတိကျကျ ချိန်ဆနိုင်လိမ့်မည် ဟုတော့ သူ ဘဝင်မမြင့်မိချေ။ ထို့ကြောင့် သူက လုပ်ဆောင်နေစဉ်တွင် ယင်းကျိုယိုက ဘေးမှကြည့်ရှုကာ အခါအားလျော်စွာ လမ်းညွှန်မှုများ ပြုလုပ်ပေးနေခဲ့သည်။

ရွှေစွန်းမြွေ အရိုး၊ မြေအောင်းပုစဉ်းမီးတောက်နှင့် နှစ်တစ်ထောင်သစ်တို့ကို အမှုန့် ကြိတ်ချေလိုက်၏။ ထိုအခါမှ ဟုန်ရှောင်ပေါင်က အမျိုးမျိုးသော ကုန်ကြမ်းများကို ခွက်ငါးခု ထဲသို့ နည်းနည်းချင်းစီ စတင် ခပ်ထည့်၏။

ဟုန်ရှောင်ပေါင်၏ လုပ်ဆောင်ပုံက ယင်းကျိုယိုကို မျက်မှောင် ကြုတ်သွားစေခဲ့၏။

ဟုန်ရှောင်ပေါင်သည် မီးခြစ်ဆံလောက် အရွယ်အစားရှိသည့် ဇွန်း သေးသေးလေး တစ်ခုကို ကိုယ်တိုင် လုပ်ထားပြီး အချိုးအစား အတိုင်း ကုန်ကြမ်းများကို တစ်ခုပြီး တစ်ခု လှည့်ပတ်ကာ ခပ်ထည့်နေသည်ကို မြင်တွေ့ရသည်။

“မင်း ဒီလို လုပ်တာက တိကျတာတော့ တိကျတာပေါ့။ ဒါပေမဲ့ စာအုပ်ကြီးအတိုင်း ကျက်မှတ် လုပ်ဆောင်တတ်တဲ့ အရူးတွေနဲ့ ဘာကွာတော့မှာလဲ။” ယင်းကျိုယိုက မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။

“အာ ... အဘိုးရယ်။ ဒီတစ်ခါက အရေးကြီးလို့ပါ။ ကုန်ကြမ်းတွေကလည်း ဒီလောက်လေးပဲ ရှိတာ။ တကယ်လို့ တစ်ခါလောက် ရှုံးနိမ့်သွားခဲ့ရင် ညီမလေး ချိုင်ရှောင် မသွားခင်မှာ အချိန်မီ ပြီးနိုင်တော့မှာ မဟုတ်ဘူးလေ။ ဒါကြောင့် ဒီတစ်ခါတော့ ချွင်းချက် လုပ်ပေးပါ။ ဒီတစ်ခါ ပြီးသွားတာနဲ့ ဒီလို နည်းလမ်းမျိုးနဲ့ ဆေးစပ်တာမျိုး ထပ်လုပ်ရင် ကျုပ်ကို ခွေးလေး လို့ ခေါ်လိုက်တော့။”

ယင်းကျိုယိုက ခေါင်းယမ်းလိုက်ပြီး ဟုန်ရှောင်ပေါင်၏ ဤသို့ လုပ်ဆောင်မှုကို လက်ခံ ပေးလိုက်သည်။

“ရွှေစွန်းမြွေ အရိုး၊ မြေအောက်ငွေရည်ချဉ်ဆီ၊ နှစ်တစ်ထောင်သစ်... ဒီပစ္စည်းတွေ ထဲမှာ ဘယ်တစ်ခုကို အရင် ထည့်ရမလဲ ဆိုတာကိုတော့ မင်း သိလောက်မှာပါ။ အရေးကြီးတာက ဒီကျောက်နို့ရည်ခဲနဲ့ မြေအောင်းပုစဉ်း မီးတောက်ပဲ။ ကဲ ... မင်းပဲ ပြောကြည့်စမ်းပါအုံး။ ဘယ်တစ်ခုကို အရင် ထည့်ပြီး၊ ဘယ်လို ထည့်ရမလဲ။”

“ကျောက်နို့ရည်ခဲနဲ့ မြေအောင်းပုစဉ်းမီးတောက် ဟုတ်လား ...။”

ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အသွားပြီးနောက် မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားနေခဲ့၏။ “သဘောတရား အရဆိုရင် မြေအောင်းပုစဉ်းမီးတောက်ကို မီးနဲ့ ကျိုချက်စရာ မလိုတော့ဘူး။ နောက်ဆုံးမှ ထည့်ရမှာ။ ဒါပေမဲ့ ...”

အတန်ကြာ စဉ်းစားပြီးမှ ဟုန်ရှောင်ပေါင်က ပြောလိုက်သည်။ “ရေက မီးကို နိုင်တယ် ဆိုတော့ ... ကျောက်နို့ရည်ခဲကို နောက်ဆုံး ထည့်ရမှာများလား။”

“မှန်တယ်။”

ယင်းကျိုယိုက ခေါင်းညိတ်လိုက်၏။ “ကဲ ... ဒါဆို ဘယ်လို ထည့်ရမလဲ ဆိုတာ ပြောပြစမ်းပါအုံး။”

“သာမန်ရေတွေ ဆိုရင်တော့ မြေအောင်းပုစဉ်းမီးတောက်နား ကပ်သွားတာနဲ့ အငွေ့ပျံပြီး ပျောက်ကွယ်သွား လောက်တယ်။ ဒါပေမဲ့ ကျောက်နို့ရည်ခဲက ကျောက်နို့ရည်လေ။ မြေအောင်းပုစဉ်းမီးတောက် ကလည်း သူ့ကို အငွေ့ပျံသွားအောင် မကျွမ်းလောင်နိုင်လောက်ဘူး ထင်တယ်။ ဒါဆိုရင် ဘယ်လို ထည့်ရမှာလဲ ...။”

ဟုန်ရှောင်ပေါင်က ဉာဏ်ရည် ထက်မြက်သူ ဖြစ်သော်ငြား၊ တစ်ခါမှ မထိတွေ့ဖူးသည့် ဤအရာနှင့် ပတ်သက်၍ အခက်တွေ့နေခဲ့၏။ နောက်ဆုံးတွင်တော့ မတတ်နိုင်ဘဲ ပြောလိုက်သည်။ “မသိတော့ဘူး။”

“မြေအောင်းပုစဉ်းမီးတောက်ရဲ့ အပူချိန်က မြင့်မားတယ်ဆိုပေမဲ့ အမြစ်နဲ့ ကွဲကွာသွားပြီ ဖြစ်တာကြောင့် အခုချိန်မှာ အပူချိန် အများကြီး လျော့ကျသွားပြီ။ ဒါကြောင့် နောက်တစ်ကြိမ် ပြန်ပြီး အပူပေးရမယ်။ မူလ အပူချိန်ထက်တိုင် ကျော်လွန်အောင် အပူပေးရမယ်။ အရမ်း ပူပြင်းတဲ့ အခြေအနေ ရောက်မှ ကျောက်နို့ရည်ခဲကို ထည့်ရမှာ။ ဒါမှ မြေအောင်းပုစဉ်းမီးတောက်ကို ပူပြင်းတဲ့ အခြေအနေ ကနေ အေးမြတဲ့ အခြေအနေ ထိ ရောက်သွားစေမှာ။ ဓား၊ လှံတွေကို ရေစိမ် သန့်စင်တာနဲ့ တူတူပဲ။ အဲ့ဒီအခါကျရင် နှစ်ခုလုံးက ထူးဆန်းတဲ့ နည်းလမ်းနဲ့ ပေါင်းစပ်သွားပြီး၊ ချော်ရည် လိုလို အရာတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အရမ်း အေးမြပေမဲ့ အထဲမှာတော့ အရမ်း ပူပြင်းတဲ့ အပူရှိန် ပါဝင်နေမှာပေါ့။”

“အစွမ်းထက်လိုက်တာ။”

ဟုန်ရှောင်ပေါင်၏ မျက်လုံးများ ပြူးကျယ်သွား၏။ “အဘိုး ... ဒီနည်းလမ်းတွေကို အဘိုး ဘယ်လိုလုပ်ပြီး စမ်းသပ် တွေ့ရှိခဲ့တာလဲ။”

“ရှေးလူကြီးတွေဆီက လက်ဆင့်ကမ်း အမွေ ရခဲ့တာတွေ ရှိတယ်။ သဘာဝအတိုင်းပဲ အများစုကတော့ ငါ ကိုယ်တိုင် တစ်ခုချင်းစီ စမ်းသပ် ရှာဖွေခဲ့တာပါ။”

ဤသည်က မြှောက်ပင့် စကားမှန်း ကောင်းစွာ သိသော်ငြား၊ ယင်းကျိုယို၏ အဂုဏ်ယူဆုံး နေရာကို ထိမိသွားခြင်း ဖြစ်ပေရာ သူက အလွန်အမင်း ကျေနပ် ဝင့်ကြွားနေခဲ့သည်။

ထိုသို့ဖြင့် သူတို့နှစ်ဦး အဆက်မပြတ် ပြောဆိုနေကြရင်း ဟုန်ရှောင်ပေါင်က မီးတောက်စက်ကွင်း ဆယ်ခုကို တစ်ပြိုင်နက် ဖန်တီးလိုက်သည်။ တတိယထပ် တစ်ခုလုံးမှာ ချက်ချင်းပင် အလွန်အမင်း ပူပြင်း လာခဲ့၏။

“ဒြပ်စင်ငါးပါးထဲမှာ မြေဒြပ်စင်က သတိထားမိစရာ မရှိဆုံး လို့ ထင်ရပေမဲ့ တကယ်တော့ သူက အပူပေးဖို့ အခက်ဆုံးပဲ။ ဒါကြောင့် မြေအောက်ငွေရည်ချဉ်ဆီကို အရင် ထည့်ရမယ် ...။

မင်းရဲ့ အပူပေးမှုကြောင့် နှစ်တစ်ထောင်သစ်ရဲ့ ဝိညာဉ်စွမ်းအင်တွေက အတွင်းပိုင်းမှာပဲ ပိတ်မိနေပြီ။ ထည့်တဲ့ လုပ်ငန်းစဉ်က မြန်ဆန်ရမယ် ...။”

All Chapters