အခန်း ၁၈၃
Vol. 16 Ch. 183
အပိုင်း (၁၈၃) ဒြပ်စင်ငါးပါးဆေးလုံး (၂)
သူတို့နှစ်ဦး ဤသို့ ပြောဆို လုပ်ဆောင်နေကြရင်း မိုးချုပ်သွားသည်ကို လုံးဝ သတိမထားမိခဲ့ကြချေ။
ဆိုင်ပိတ်ချိန် ရောက်လာသောအခါ ချန်ယန်က သွားတော့မည့် အကြောင်း နှုတ်ဆက်ချင်လင့်ကစား၊ ဟုန်ရှောင်ပေါင် အရေးကြီးသော ကိစ္စတစ်ခုကို ပြုလုပ်နေမှန်း သိရှိသောကြောင့် မနှောင့်ယှက်ဝံ့ခဲ့ချေ။ တံခါးကို ဖြည်းညင်းစွာ ပိတ်လျက် ထွက်ခွာသွားခဲ့၏။
သူ့ကို အံ့အားသင့်စေခဲ့သည်မှာ နောက်တစ်နေ့ နံနက် ရောက်ရှိလာချိန်တွင် ဟုန်ရှောင်ပေါင်က အလုပ်လုပ်နေဆဲ ဖြစ်နေသည့် အချက်ပင်။
ချန်ယန်ကို အလွန်အမင်း ထိတ်လန့်သွားစေသည့် အရာမှာ ထိုပြင်းထန်လှသော အပူချိန်ကြီးပင်ဖြစ်၏။ ဒုတိယထပ်မှ နေ၍ပင် အပူလှိုင်းများ ပျံ့လွင့်လာသည်ကို ခံစားနေရသည်။ ဆိုင်ကြီး မီးလောင် သွားတော့မည်လား ဟုပင် သူ စိုးရိမ် ပူပန်နေမိ၏။ ဤကဲ့သို့သော စိုးရိမ်စိတ်မျိုး ရှိနေသောကြောင့် သူက အဘယ်သို့ ငြိမ်ငြိမ် ထိုင်နေနိုင်ပါမည်နည်း။ ခဏကြာတိုင်း တစ်ခေါက် တက်ကြည့်၊ ခဏကြာတိုင်း တစ်ခေါက် တက်ကြည့်ဖြင့်၊ တစ်နေကုန် အခေါက်ပေါင်း သန်းလေးရာလောက် ရှိခဲ့သည်။
“ဟား ဟား ဟား ... ဟား ဟား ဟား ... အောင်မြင်တော့မယ် ... အောင်မြင်တော့မယ် ... အောင်မြင်တော့မယ်။” ဟုန်ရှောင်ပေါင်က အဆက်မပြတ် ရေရွတ်နေခဲ့၏။ တစ်ရက်နှင့် တစ်ည တိတိ အလုပ်လုပ်ခဲ့ရသည်။ နောက်ဆုံးတွင်တော့ အလွန်အမင်း စိတ်လှုပ်ရှားဖွယ် ကောင်းလှသည့် မီးဖိုဖွင့်ချိန်ဆီသို့ ရောက်ရှိလာခဲ့ချေပြီ။
ဟုန်ရှောင်ပေါင်က ဘယ်လိုလုပ်ပြီး မတက်ကြွဘဲ နေနိုင်ပါမည်နည်း။
“မီးရပ်ထားတာ နာရီဝက် ရှိသွားပြီ။ နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်လာခဲ့ပြီ။” ဟုန်ရှောင်ပေါင်က အသက်ရှူ ရပ်တန့်မတတ် ထိန်းချုပ်လိုက်ပြီး မီးဖိုကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။
အဖုံး ဖွင့်လိုက်သည့် အခိုက်အတန့်တွင် ဟုန်ရှောင်ပေါင် ထင်မှတ်ထားသည့် ရွှေရောင် အလင်းတန်းများ ဖြာထွက်တာမျိုး၊ ဝိညာဉ်စွမ်းအင်များ တရဟော ထွက်ပေါ်လာတာမျိုး လုံးဝ ဖြစ်မလာခဲ့ချေ။ ဖိအားပေး ထမင်းပေါင်းအိုး နဲ့ ထမင်းချက်လျှင်တောင် တရှဲရှဲ အသံလေး ထွက်လာသေးသည် မဟုတ်ပါလား။ ဤအခိုက်အတန့်တွင် ဟုန်ရှောင်ပေါင်၏ ရင်ထဲ၌ တစ်ဝက်လောက် အေးစိမ့်သွားခဲ့ရသည်။
“ငပိန်းကောင်။ ဝိညာဉ်စွမ်းအင်တွေ ဖြာထွက်လာတယ် ဆိုတာ ဝိညာဉ်စွမ်းအင်တွေကို မထိန်းချုပ်နိုင်လို့ ဖြစ်တာ။ အခု မီးဖိုထဲကနေ ဝိညာဉ်စွမ်းအင် တစ်စက်လေးမှ မထွက်လာဘူး ဆိုတာ၊ ဝိညာဉ်စွမ်းအင် အားလုံးကို အထဲမှာ ထိန်းချုပ် ပိတ်လှောင်ထားနိုင်တာကို ပြနေတာ။ ဒီလောက်တောင် မင်း နားမလည်ဘူးလား။”
“အို ... အို ... အို ... အို ... ဟုတ်တယ် ... ဟုတ်တယ်။”
ဟုန်ရှောင်ပေါင်က မီးဖိုထဲသို့ အလျင်စလို ခေါင်းပြူ ကြည့်လိုက်၏။ ကြေးဝါရောင် သန်းနေသည့် ဆေးလုံးလေး တစ်လုံး ငြိမ်သက်စွာ လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရ၏။
“အာ ... ဒီပုံစံလေးပဲလား။”
ဟုန်ရှောင်ပေါင်က စိတ်ထဲရှိ အနည်းငယ်သော စိတ်ပျက်လက်ပျက် ဖြစ်မှုကို အတင်းအဓမ္မ ဖိနှိပ်လိုက်ပြီး အလွန် ပူကျက်နေသေးသည့် ဒြပ်စင်ငါးပါးဆေးလုံးကို ထုတ်ယူလိုက်၏။
ဒြပ်စင်ငါးပါးဆေးလုံး ဆိုတော့ အရောင် ငါးရောင် ရှိမယ်လို့ မူလက ထင်ထားတာ။ နောက်ဆုံးတော့ ဒီလို အမည်းရောင် ကြေးဝါရောင် ပုံစံလေးပဲလား။ အနည်းငယ် လေးလံတာလောက်ပဲ ရှိတာ။ စပျစ်သီးလောက် အရွယ်အစား ရှိတဲ့ ဆေးလုံးလေးက တစ်ပေါင်ကျော်လောက် လေးတယ်။
“တကယ်လို့ အရောင်စုံ လင်းလက်နေရင် အရောင်တွေ အားလုံးက လုံးဝ မပေါင်းစပ်နိုင်ဘူး ဆိုတာကို ပြတာပဲ။”
ယင်းကျိုယိုက လှောင်ပြုံး ပြုံးလိုက်၏။ “အခုလို တစ်ကိုယ်လုံး အရောင် တစ်မျိုးတည်း ဖြစ်နေတာကမှ ဒြပ်စင်ငါးပါးလုံး ပြီးပြည့်စုံစွာ ပေါင်းစပ်သွားတာကို ပြတာ။ ဒါပေမဲ့ ဘာပဲပြောပြော ဒြပ်စင်ငါးပါး ဖြစ်တာကြောင့် မင်း သေချာ ကြည့်မယ် ဆိုရင် အတွင်းက အရောင်ကွင်း စက်လေးတွေကို မြင်ရလိမ့်မယ်။”
ဟုန်ရှောင်ပေါင်က ပြောသည့်အတိုင်း ရှုထောင့် အဆက်မပြတ် ပြောင်းလဲကာ ကြည့်ရှုလိုက်၏။ ထင်သည့်အတိုင်း ပင်ဖြစ်သည်။ အနားသတ် နေရာများတွင် ဆေးလုံး တစ်ခုလုံးကို ပတ်ရံထားသည့် အနက်၊ အနု မတူညီသော စက်ဝိုင်းကွင်း ငါးခုကို ဝါးတားတား မြင်တွေ့နေရသည်။ သို့သော်ငြား အရောင်က လွန်စွာ ဖျော့တော့လွန်းရာ မမြင်ရသလောက် နီးပါးပင်။
“ဒါဆို အဘိုး ... ဒီဆေးလုံးက အရမ်း အောင်မြင်တဲ့ ဒြပ်စင်ငါးပါးဆေးလုံး လို့ ပြောလို့ရပြီလား။” ဟုန်ရှောင်ပေါင် အနည်းငယ် မသေချာ မရေရာ ဖြစ်နေခဲ့၏။
“ပေါက်ကရတွေ။”
ယင်းကျိုယိုက ဒေါသတကြီး ပြောလိုက်သည်။ “ဒီဆေးလုံးက ငါက မင်းရဲ့ လက်ကို အငှားသုံးပြီး ဖော်စပ်ခဲ့တာ လို့တောင် ပြောလို့ရတယ်။ ရှုံးနိမ့်သွားနိုင်မဲ့ အခွင့်အရေး ရှိမယ်လို့ မင်း ထင်နေတာလား။”
“ထင် ...” ဟုန်ရှောင်ပေါင်က 'ထင်ပါတယ်' ဟု ပြောချင်သော်လည်း ယင်းကျိုယို၏ မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသည်နှင့် ချက်ချင်း ရပ်တန့်သွား၏၊ “ပေါက်ကရတွေ။ အကြီးအကဲယင်း ဖော်စပ်တဲ့ ဆေးလုံး ဆိုတော့ သဘာဝအတိုင်းပဲ ကမ္ဘာမြေကို တုန်လှုပ်စေလောက်အောင် ကောင်းမွန်မှာပေါ့။”
“ဟားဟားဟား ... ညီမလေး ချိုင်ရှောင်ဆီကို ဒီဒြပ်စင်ငါးပါးဆေးလုံး မြန်မြန် ပို့ပေးမှ ရတော့မယ်။”
ဟုန်ရှောင်ပေါင်က တက်ကြွရွှင်လန်းစွာ ပြောလိုက်၏။ သို့ပေမည့် ပြတင်းပေါက် အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ “ဟယ် ... ကောင်းကင်ကြီး အခုမှ မှောင်တာပဲ။ သန်းခေါင်ကျော် သွားပြီ လို့တောင် ထင်နေတာ။”
ယင်းကျိုယိုက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် မေးလိုက်၏။ “မင်း ... တစ်ရက်နဲ့ တစ်ညတောင် ကုန်ဆုံးသွားပြီ ဆိုတာကို မသိတာများလား။”
“တစ်ရက်နဲ့ တစ်ညတောင် ရှိသွားပြီလား။”
ဟုန်ရှောင်ပေါင် ကြောင်အသွားသည်။ “အမလေး။ ဒီဆေးလုံး ဖော်စပ်တာ တစ်ရက်နဲ့ တစ်ညတောင် အချိန် ယူရတာလား။”
ယင်းကျိုယိုမှာ လုံးဝကို လက်ဖျားခါသွားခဲ့၏။
မူလကတော့ မနက်ဖြန်မှသွားပို့လည်း ရသည်။ သို့ပေမည့် ယွင်ချိုင်ရှောင်က မည်သည့်နေ့တွင် အတိအကျ သွားမည်ဟု မပြောခဲ့ပေ။ သိုင်းပညာရှင် ဆိုသည်မှာ မည်သည့်အချိန်သွားသွား ၊ သွား၍ရသည်မဟုတ်ပါလား။ ထိုသို့ တွေးမိသည်နှင့် ဟုန်ရှောင်ပေါင်က ငြိမ်ငြိမ် မထိုင်နိုင်တော့ချေ။ ဆေးလုံးကို ကြွေသေတ္တာလေး တစ်ခုထဲတွင် ကပျာကယာ ထည့်သွင်းပြီး၊ ယွင်ချိုင်ရှောင် နေထိုင်ရာ နေရာဆီသို့ တန်းခနဲ ထွက်ပြေး သွားခဲ့တော့သည်။
မိန်းမ သိုင်းပညာရှင် များမှာ ရှားပါးပြီး၊ လူတွေ၏ စိတ်နှလုံး ကလည်း ရှုပ်ထွေးလွန်းလှပေသည်။ တချို့သော အရူးလုပ်ရဲသည့် ယောက်ျား သိုင်းပညာရှင်များက မပြောကောင်း မဆိုကောင်းသော ကိစ္စတွေ လုပ်မှာ စိုးရိမ်ရသည့် အတွက် မိန်းမ သိုင်းပညာရှင် များ နေထိုင်ရာ နယ်မြေကို လုံခြုံစွာ ကာကွယ် စောင့်ရှောက် ထားလေ့ ရှိ၏။
ဟုန်ရှောင်ပေါင်လည်း သဘာဝအတိုင်းပင် မိန်းမ သိုင်းပညာရှင်တစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရသည်။
“ရပ်စမ်း။ မင်း ဘာလာလုပ်တာလဲ။” မျက်နှာ အလွန် တည်သည့် လုံခြုံရေး တာဝန်ခံ မိန်းမ သိုင်းပညာရှင် လူလတ်ပိုင်း တစ်ဦးက ဟုန်ရှောင်ပေါင်၏ ရှေ့တွင် ထွက်ပေါ် လာခဲ့၏။
ဤအခိုက်အတန့်တွင် ဟုန်ရှောင်ပေါင်သည်၊ အခြားကမ္ဘာတစ်ခုရှိ အလွန် တင်းကြပ်လွန်းသည့် အဆောင်မှူးကြီး နှင့် ရင်ဆိုင် နေရသကဲ့သို့ ထင်မှတ် လာခဲ့မိသည်။
“အာ ... ကျုပ် ဆေးလုံး လာပို့တာပါ။”
ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အသွားပြီးနောက် ချက်ချင်းပင် သရုပ်ဆောင် မင်းသားကြီး ဟန်ပန်ကို ပြောင်းလဲ လိုက်၏။ မျက်နှာ အမူအရာက ချက်ချင်း စိုးရိမ် ပူပန်လာပြီး ခေါင်းတစ်ခုလုံး ချွေးများ ဖြိုင်ဖြိုင် ကျဆင်းလာခဲ့၏။ “ဒါက အသက် ကယ်မဲ့ ဆေးလုံးပါ။ တစ်ယောက်ယောက်က အသက် ကယ်ဖို့ စောင့်နေလို့ပါ။”
ထိုမိန်းမ သိုင်းပညာရှင် အံ့အားသင့် သွားပြီး၊ ချက်ချင်းပင် အနည်းငယ် စိုးရိမ် ပူပန်လာခဲ့၏။ သံသယ ဖြစ်နေဆဲ ဆိုသော်ငြား မပေါ့ဆဝံ့တော့ချေ။ ချွေးသံ တရွှဲရွှဲ ဖြစ်နေသည့် ဟုန်ရှောင်ပေါင်ကို ကြည့်ကာ ချက်ချင်း မေးလိုက်သည်။ “ဘယ်သူလဲ။ ဘယ်အဆောင်ကလဲ။”
“အဆောင် (ခ) က ယွင်ချိုင်ရှောင် ပါ။”
“ယွင်ချိုင်ရှောင် ဟုတ်လား။”
မိန်းမ သိုင်းပညာရှင်က မျက်မှောင်ကြုတ်လိုက်ပြီး ဟုန်ရှောင်ပေါင်ကို သံသယ မျက်လုံးများဖြင့် စိုက်ကြည့် လိုက်၏။ “မင်း ပြောတာက ယွင်ချိုင်ရှောင် နေမကောင်း ဖြစ်နေတာလား၊ ဒါမှမဟုတ် ဘာဖြစ်တာလဲ။”
“အဆင့် တက်တဲ့အချိန်မှာ ပြဿနာ နည်းနည်း တက်သွားလို့ပါ။”
ဟုန်ရှောင်ပေါင်က ချက်ချင်း လိမ်ဆင် ထုတ်လိုက်သည်။ “မြန်မြန် လုပ်ပါ ... မြန်မြန် ဝင်ခွင့် ပြုပါ။”
“ကောင်းပြီ၊ ခဏစောင့်။” မိန်းမ သိုင်းပညာရှင်က မျက်မှောင်ကြုတ်လျက် သဘောတူ လိုက်၏။ ခေါင်းကို ငုံ့ကာ တစ်စုံတစ်ခုကို တီးတိုး ပြောဆိုပြီးသည့် နောက်မှာတော့ ဆက်ပြီး မလှုပ်ရှား တော့ချေ။
“…….” ဟုန်ရှောင်ပေါင် ကြောင်အ သွား၏။
ဘာကြီးလဲ။ ဒီပုံစံ က ... စကားပြောစက် သုံးနေတဲ့ အဓိပ္ပာယ်လား။
“ကျွန်မကို ရှာတဲ့သူ ရှိလို့လား။” ဟုန်ရှောင်ပေါင် စဉ်းစား မရအောင် ဖြစ်နေဆဲတွင်ပင်၊ ကြည်လင် ပြတ်သားသော အသံလေး တစ်ခု ထွက်ပေါ် လာခဲ့သည်။
“ဒီလူပဲ။”
မိန်းမ သိုင်းပညာရှင်က လှောင်ပြုံး ပြုံးလိုက်၏။ “သူ ပြောတာတော့ ညီမလေးက သူ ပို့မဲ့ အသက်ကယ် ဆေးလုံးကို စောင့်နေတာ ဆိုပဲ။”
တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ယွင်ချိုင်ရှောင်က ဟုန်ရှောင်ပေါင်ကို မြင်တွေ့သွားခဲ့ပြီး မျက်နှာ ပေါ်တွင် အံ့အားသင့်မှုများ ထွက်ပေါ် လာခဲ့၏။ “ကိုကိုရှောင်ပေါင် ...။”
“ညီမလေး နည်းနည်း သက်သာ သွားပြီလား။ ကိုကို ဆေး ယူလာပြီ။” ဟုန်ရှောင်ပေါင်က ရှေ့သို့ လှမ်းတက် သွားပြီး မျက်စပစ် ပြလိုက်သည်။
“...”
ယွင်ချိုင်ရှောင် စကား မပြောနိုင်အောင် ဖြစ်သွား၏။ သို့ပေမည့် ပြောလိုက်၏။ “အင်း ... နောက်ထပ် ရက်အနည်းငယ်လောက် အနားယူ ရအုံးမယ်။”
ပြောပြောဆိုဆိုနှင့် လုံခြုံရေး တံခါးကို ဖြတ်ကျော်ကာ ဟုန်ရှောင်ပေါင် နှင့်အတူ ပျောက်ကွယ် သွားခဲ့၏။
ထိုမိန်းမ သိုင်းပညာရှင်သာ ကျန်ရစ်ခဲ့ပြီး ခေါင်း ကုတ်နေခဲ့သည်။ “သူ့လို ပါရမီရှင် မျိုးတောင် ကျင့်ကြံတဲ့ အခါ ပြဿနာတက် တတ် သေးတာလား။”