အခန်း ၁၈၄
Vol. 16 Ch. 184
အပိုင်း (၁၈၄) "ဒါကြောင့်ကိုး ... ဒါကြောင့်ကိုး"
“ကိုကိုရှောင်ပေါင် ... ဒီလောက် မိုးချုပ်နေပြီ ဘာကိစ္စ ရှိလို့လဲ။” ယွင်ချိုင်ရှောင်၏ မျက်နှာလေး ရဲနေပြီး၊ ဘာတွေ တွေးမိနေလဲ မသိချေ။
“ဒီပစ္စည်းလေး အတွက်ပါ။” ဟုန်ရှောင်ပေါင်က ဒြပ်စင်ငါးပါးဆေးလုံးကို ထုတ်ယူလိုက်၏။ အတန်ငယ်လည်း ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့သည်။ သူက ချိုင်ရှောင် စောစော ထွက်သွားမှာ စိုးရိမ်ပြီး စိုးရိမ်လွန်နေခဲ့သည်။
“ဒါလား။”
ယွင်ချိုင်ရှောင်က ကြွေသေတ္တာလေးကို လှမ်းယူလိုက်၏။ သူမ၏ မျက်နှာလေး ပိုမို နီရဲလာခဲ့သည်။ ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည့် အခါမှ အနည်းငယ် အံ့အားသင့်သွား၏။ “ဒါက ... ဆေးလုံးလား။”
“ဒါမှမဟုတ်ရင် မင်းက ဘာလို့ ထင်နေတာလဲ။”
ဟုန်ရှောင်ပေါင်က ပြုံးစိစိ ရယ်မောလိုက်၏။ “ညီမလေး ချိုင်ရှောင် ... ဒါက ပစ္စည်းကောင်းလေးနော်။”
“အို ...။” ချိုင်ရှောင် အနည်းငယ် စိတ်ပျက်သွား၏။ မျှော်လင့်ချက် ရှိမှ စိတ်ပျက်မှု ဆိုတာ ရှိသည်။ အခုချိန်တွင် ချိုင်ရှောင်ကိုယ်တိုင်တောင် ဘာကို စိတ်ပျက်နေသနည်း မသိပေ။
“ညီမလေး ချိုင်ရှောင် ... ဒီကိစ္စက အရမ်း အရေးကြီးတယ်နော်။”
ဟုန်ရှောင်ပေါင်က တည်ကြည် လေးနက်စွာ ပြောလိုက်၏။ “ညီမလေး ချိုင်ရှောင် ... ကိုကို အခု ပြောမဲ့ စကားတွေကို သေချာ မှတ်ထားနော်။ လုံးဝ ပေါ့ဆလို့ မရဘူး။ ဒါက ညီမလေးရဲ့ တစ်သက်တာလုံး ရောက်ရှိနိုင်မဲ့ အမြင့်ဆုံး အဆင့်အတန်းနဲ့ တိုက်ရိုက် ပတ်သက်နေတယ်။”
ယွင်ချိုင်ရှောင် အနည်းငယ် ကြောင်အသွား၏။
“ညီမလေး ချိုင်ရှောင် ... ပထမဆုံး ညီမလေး သိထားရမှာက၊ ညီမလေးရဲ့ ခန္ဓာကိုယ်က ဘာလျှပ်စီးနတ်မင်း ခန္ဓာကိုယ်မှ မဟုတ်ဘူး။ ညီမလေးရဲ့ ခန္ဓာကိုယ်က ဒြပ်စင်ငါးပါး ခန္ဓာကိုယ်ပဲ။ အဓိပ္ပာယ်က ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုတဲ့ ဒြပ်စင်ငါးပါး စွမ်းအင်တွေကို ပိုင်ဆိုင်နိုင်တဲ့ ခန္ဓာကိုယ်မျိုးပဲ။”
ဟုန်ရှောင်ပေါင်က တည်ကြည် လေးနက်စွာ ပြောလိုက်သည်။ “ဒီကိစ္စကို ညီမလေး နောက်ပိုင်းကျမှ ဖြည်းဖြည်းချင်း စုံစမ်း လေ့လာကြည့်လည်း ရတယ်။ ကိုကို ပြောချင်တာက တချို့အကြီးအကဲတွေ၊ ဆရာတွေရဲ့ လမ်းညွှန်မှု လွဲမှားတာတွေကို လုံးဝ နားမယောင်နဲ့။ လျှပ်စီးနတ်မင်းဆိုတဲ့ လမ်းကြောင်း တစ်ခုတည်းကို လုံးဝ လျှောက်မသွားနဲ့နော်။”
“ဟင် ...။” ယွင်ချိုင်ရှောင် အံ့အားသင့်သွား၏။ သူသည် လျှပ်စီးနတ်မင်း ခန္ဓာကိုယ် ဖြစ်ကြောင်း အကြီးအကဲ အများအပြားက အတည်ပြု ပေးခဲ့ပြီး ဖြစ်သည်။ ဟုန်ရှောင်ပေါင်က ရုတ်တရက် ဤသို့ ပြောလာခဲ့ရာ ... ထိုအရာက တကယ်ပေလား။
ယွင်ချိုင်ရှောင်အတွက် ထိုအကြီးအကဲများက အခိုင်အမာ ယုံကြည်ရသူများ ဖြစ်ပေ၏။ သို့သော်ငြား တစ်ဖက်တွင်လည်း ဟုန်ရှောင်ပေါင်အနေဖြင့် သူ့ကို ဒုက္ခပေးစရာအကြောင်း လုံးဝ မရှိကြောင်း သူမ ယုံကြည်သည်။
“ညီမလေး ချိုင်ရှောင် ... ကိုကို့ကို သေချာပေါက် ယုံကြည်ရမယ်နော်။”
ဟုန်ရှောင်ပေါင်က စိုးရိမ်တကြီး ပြောလိုက်၏။ “ကိုကိုရဲ့ အစ်ကိုကြီးက တစ်ခါတုန်းက ထူးဆန်းတဲ့ စာအုပ်တစ်အုပ် ရခဲ့ဖူးတယ်။ အဲ့ဒီထဲမှာ ရှေးဟောင်း မွေးရာပါ ခန္ဓာကိုယ် အမျိုးမျိုး အကြောင်း ရေးထားတယ်။ ညီမလေးရဲ့ ခန္ဓာကိုယ်က လျှပ်စီးနတ်မင်း ခန္ဓာကိုယ်လို သာမန် လုံးဝ မဟုတ်ဘူးဆိုတာ သေချာတယ်။”
“အစ်ကိုကြီး ရှာတွေ့ခဲ့တာလား။”
ယွင်ချိုင်ရှောင် အံ့အားသင့်သွားပြီး စိတ်ထဲတွင် အများကြီး ယုံကြည်သွားခဲ့၏။ မင်းသားကြီး၏ အစွမ်းအစဖြင့် ဆိုလျှင် သူတို့ ထိတွေ့ခွင့် မရနိုင်သေးသည့် ကိစ္စရပ်အများအပြားကို အမှန်တကယ်ပင် သိရှိ ထိတွေ့နိုင်လောက်ပေသည်။
“အင်း။”
ဟုန်ရှောင်ပေါင်က ပြောလိုက်၏။ “ဒီဆေးလုံးရဲ့ နာမည်က ဒြပ်စင်ငါးပါးဆေးလုံးတဲ့။ ရှားပါးတဲ့ ဒြပ်စင်ငါးပါး ဆိုင်ရာ ပစ္စည်း ငါးမျိုးနဲ့ ဖော်စပ်ထားတာ။ အရမ်း တန်ဖိုး ကြီးတယ်။ ညီမလေး သေချာ သိမ်းထားနော်။ ပဉ္စမအဆင့်ကို တက်လှမ်းတဲ့ အချိန်ကျမှ သောက်သုံးရမယ်။ ဒီဆေးလုံးရဲ့ အကူအညီနဲ့ ဒြပ်စင်ငါးပါး တံခါးပေါက်ကို ဖွင့်လှစ်ရမယ် ...။”
ဟုန်ရှောင်ပေါင်က ဒြပ်စင်ငါးပါးဆေးလုံး နှင့် ပတ်သက်၍ သတိပြုရမဲ့ အချက်များကို တစ်ခုချင်းစီ သေချာ ရှင်းပြခဲ့ရာ ယွင်ချိုင်ရှောင်က အားလုံးကို မှတ်သားထားလိုက်၏။
ဟုန်ရှောင်ပေါင်က စကားများတတ်သူ မဟုတ်ချေ။ သို့သော်ငြား ဤကိစ္စက လွန်စွာ အရေးကြီးလွန်းလှပေသည်။ ထို့ကြောင့် စိတ်မချနိုင်သေးဘဲ ပြောလိုက်သည်။ “ညီမလေး ချိုင်ရှောင် ... ကိုကို့ကို တစ်ခေါက်လောက် ပြန်ပြောပြစမ်းပါ။”
“...” ယွင်ချိုင်ရှောင်မှာ ရယ်လည်း ရယ်ချင်၊ စိတ်ထဲတွင်လည်း နွေးထွေးသွားခဲ့၏။ သူမ သိထားသည့် ဟုန်ရှောင်ပေါင်မှာ သဘောထား ကြီးမားပြီး ပေါ့ပေါ့ပါးပါး နေတတ်သူ ဖြစ်သည်။ ဘယ်တုန်းက ဤမျှလောက် တတွတ်တွတ် ပြောတတ်တာမျိုး ရှိခဲ့ဖူးသနည်း။ ထို့ကြောင့် လွန်စွာ တည်ကြည် လေးနက်စွာဖြင့် တစ်ခေါက် ပြန်လည် ပြောပြလိုက်၏။
ဟုန်ရှောင်ပေါင် နောက်ဆုံးတွင် စိတ်အေးသွားခဲ့ပြီး ပြုံးလျက် ပြောလိုက်သည်။ “ဒီလိုဆိုရင်တော့ ကိုကို စိတ်ချသွားပါပြီ။”
ထိုအခါမှ ယွင်ချိုင်ရှောင်က ဒြပ်စင်ငါးပါးဆေးလုံးကို ကောက်ကိုင်ကြည့်လိုက်၏။ ဤဆေးလုံးက ယခုထက်တိုင် အပူရှိန် မကျသေးသည်ကို သတိပြုမိသွားသည်။ ဟုန်ရှောင်ပေါင်က ဖော်စပ်ပြီးသည်နှင့် တစ်ပြိုင်နက် ပထမဆုံး အလျင်အမြန် လာပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ရတနာတစ်ခုကို ယူဆောင်လာပြီး ပျော်ရွှင်စွာ ပြသနေသည့် ဟုန်ရှောင်ပေါင်၏ ပုံစံလေးကို ကြည့်ရင်း ရင်ထဲ၌ အလွန်အမင်း နွေးထွေးသွားခဲ့၏။
“ညီမလေး ချိုင်ရှောင် ... ဒါဆို ညီမလေး အရင် ပြန်တော့လေ။ ညဉ့်နက်နေပြီ၊ သူများတွေ အတင်းအဖျင်း ပြောတာ မခံရစေနဲ့။” ဟုန်ရှောင်ပေါင်က ထပ်မံ ပြောလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် သူက ထပ်ပြီး စကားပြောချင် သေးသည်။ သို့ပေမည့် ယခုချိန်တွင် ဆိုင်ထဲ၌ ဒြပ်စင်ငါးပါးဆေးလုံး ပြီးလျှင် ဒုတိယ အရေးအကြီးဆုံး ကိစ္စတစ်ခုက သူ ဖြေရှင်းဖို့ စောင့်နေသေးသည်။
ဟုန်ရှောင်ပေါင်က အဖက်ဖက်ကနေ စဉ်းစား ဂရုစိုက်ပေးတာကို မြင်တွေ့ရတဲ့အတွက် ယွင်ချိုင်ရှောင်၏ ရင်ထဲတွင် ပိုပြီး နွေးထွေး သွားခဲ့ရ၏။ သို့ပေမည့် သူမက မိန်းကလေး ဖြစ်တာကြောင့် သဘာဝအတိုင်း ဆက်နေဖို့ ဆွဲမထားဝံ့တော့ချေ။ ဟုန်ရှောင်ပေါင်ကို နှုတ်ဆက်ပြီး အဆောင်ဆီသို့ ပြန်သွားခဲ့၏။
အဆောင်အပြန် လမ်းမှာတော့ သူမရဲ့ မျက်ရည်ဝဲ သွားခဲ့ရသည်။ ဟုန်ရှောင်ပေါင်က သတိမထားမိအောင် အမြဲတမ်း ဖုံးကွယ် ထားပေမဲ့၊ ကြွေသေတ္တာလေးကို လှမ်းယူလိုက်သည့်အချိန်တွင် ဟုန်ရှောင်ပေါင်၏ လက်ဖဝါး အလယ်က မီးလောင်ထားသော ဒဏ်ရာ အမည်းကွက်ကြီးကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုအရာက ထင်ရှားစွာပဲ မီးလောင်ထားသော ဒဏ်ရာ။
ထိုဒဏ်ရာက ဟုန်ရှောင်ပေါင် မြေအောင်းပုစဉ်းမီးတောက်ကို အတင်းအဓမ္မ ဆွဲနှုတ်တုန်းက ရခဲ့သော ဒဏ်ရာမှန်း ယွင်ချိုင်ရှောင်က အဘယ်သို့ သိမည်နည်း။ သူ့အတွက် ဒြပ်စင်ငါးပါးဆေးလုံး ဖော်စပ်ပေးရင်း ရခဲ့သော ဒဏ်ရာ မှန်းသိသောကြောင့် ဂရုဏာသက်မိနေ၏။
“အို ... အို ... အို။”
အဆောင်ကို ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဖုန်းလင်းလုံက မထိတထိ ပြုံးစိစိ မျက်နှာဖြင့် ဆီးကြို နေခဲ့သည်။ “ဟီး ဟီး ... ချိုင်ရှောင် ... ဘယ်သွားတာလဲ။ အမှန်အတိုင်း ဖြောင့်ချက်ပေးစမ်း။”
ယွင်ချိုင်ရှောင် အနည်းငယ် ကြောင်အသွားသည်။
ဖုန်းလင်းလုံ တိတ်တဆိတ် ချောင်းကြည့်ခဲ့ခြင်း ဖြစ်မည်ဟု ယွင်ချိုင်ရှောင် ချက်ချင်းပင် ရိပ်စားမိလိုက်၏။ သို့သော်လည်း တစ်ချက် စဉ်းစားကြည့်တော့ သူ သွားတွေ့သည်က သူ၏ သတို့သားလောင်းပဲလေ၊ ဒါက ဘာစည်းကမ်းမှ ဖောက်ဖျက်တဲ့ကိစ္စ မဟုတ်ဘူး ဟု ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။
ထို့ပြင် ဟုန်ရှောင်ပေါင်နှင့် သူမအကြားတွင် အခွင့်အရေးယူလွန်ကျူးခြင်းမျိုး ဘာတစ်ခုမျှ မရှိခဲ့ပေ။ ထို့ကြောင့် ရဲရဲဝံ့ဝံ့ပင် ဖြေရှင်းလိုက်၏။ “ကိုကိုရှောင်ပေါင်က အရေးကြီးတဲ့ ပစ္စည်းတစ်ခု လာပေးတာပါ…”
ထိုသို့ ရဲရဲဝံ့ဝံ့ ပြောဆိုလိုက်သော်ငြား မျက်နှာလေးမှာမူ အတန်ငယ် ပူနွေးနေဆဲပင် ဖြစ်သည်။
“အိုဟို… ရှက်စရာကြီး…”
ကျန်းမုန်ယွင်က သဘောကျစွာ ရယ်မောပြီး စနောက်လိုက်၏။ “အစ်မချိုင်ရှောင်ရယ်… အစ်မက ကိုကိုရှောင်ပေါင်နဲ့ လက်ထပ်ရသေးတာလည်း မဟုတ်ဘဲနဲ့၊ ဒီလို သန်းခေါင်ယံကြီး လျှို့ဝှက်ချိန်းတွေ့ရတာ မရှက်ဘူးလား…”
“ချိုင်ရှောင်… ရှောင်ပေါင်က ညတွင်းချင်း လာပို့တယ်ဆိုတော့ သေချာပေါက် အရမ်းအရေးကြီးတဲ့ ပစ္စည်းတစ်ခု ဖြစ်ရမယ်။ ဘာပစ္စည်းများလဲ…” ချောင်ဝမ်ကမူ တည်ကြည်လေးနက်စွာ မေးမြန်းလိုက်၏။ မူလကတော့ သိုင်းပညာရှင်များအကြားတွင် မမေးကောင်း၊ မစူးစမ်းကောင်းသည့် တားမြစ်ချက်များစွာ ရှိကြစမြဲပင်။ သို့သော်ငြား သူတို့လေးယောက်၏ သံယောဇဉ်မှာ အလွန်နက်ရှိုင်းလှပေရာ ထိုမျှလောက်ကြီး စည်းကမ်း သတ်မှတ် မနေကြတော့ပေ။
“ဒါ… ဒြပ်စင်ငါးပါး ဆေးလုံးလေ…”
ယွင်ချိုင်ရှောင်က ကြွေသေတ္တာလေးကို ဖွင့်ပြလိုက်ရာ သူတို့သုံးယောက်လုံး စိတ်ဝင်တစား ဝိုင်းအုံကြည့်ရှုကြတော့၏။ သို့သော်ငြား သူတို့သုံးယောက်အနက် ဗဟုသုတအကြွယ်ဝဆုံးဖြစ်သည့် ဖုန်းလင်းလုံ ကိုယ်တိုင်ပင် ဒြပ်စင်ငါးပါးဆေးလုံးဆိုသည်မှာ မည်သို့သော ရတနာဖြစ်ကြောင်း မသိခဲ့ချေ။
ထို့ကြောင့် အားလုံးက ဝိုင်းဝန်းစနောက်ကြပြန်သည်။
“ဝါး…”
ဖုန်းလင်းလုံက အဓိပ္ပာယ်ပါပါ ပြုံးစိစိလုပ်လိုက်ပြီး မြှောက်ပင်ပြောဆိုလိုက်၏။ “အမလေးတော်… ဒီမှာ မီးဖိုက အပူရှိန်တောင် မကျသေးဘူး။ မီးဖိုထဲကနေ အခုလေးတင် ချက်ချင်းထွက်လာတာ ဖြစ်ရမယ်။ ရရချင်း နင့်ဆီကို မျက်စိသူငယ်နဲ့ ပြေးလာပို့တာကိုး… ဟိဟိ… ဒီသံယောဇဉ်ကြီးကတော့ ကြောက်ပါရဲ့တော်…”
သာမန်အချိန်မျိုးဆိုလျှင် မျက်နှာပါးလှသည့် ယွင်ချိုင်ရှောင်အနေဖြင့် မည်သို့ ခံနိုင်ပါမည်နည်း။ သို့ပေမည့် အခုချိန်တွင် သူတို့လေးယောက်တည်းသာ ရှိနေခြင်းဖြစ်ရာ ယွင်ချိုင်ရှောင်မှာ မျက်နှာလေး နီရဲနေသော်ငြား မေးလေးကိုမော့ကာ ရှက်လည်းရှက်၊ ဂုဏ်လည်းယူနေသည့် ဟန်ပန်လေးဖြင့် ဝင့်ကြွားနေမိသည်။
“ကဲပါ… ကဲပါ… တော်ကြပါတော့…”
ချောင်ဝမ်က ပြုံးလျက် ဝင်တားလိုက်၏။ “ရှောင်ပေါင်မှာ ဆေးဖော်စပ်နိုင်တဲ့ အစွမ်းအစ ရှိသေးတယ်လို့ မထင်ထားခဲ့မိဘူး။ ချိုင်ရှောင်… သေချာသိမ်းထားနော်…”
“အင်း…” ယွင်ချိုင်ရှောင်က ခေါင်းညိတ်ပြလိုက်၏။ သို့သော်လည်း စိတ်ထဲတွင်မူ တစ်စုံတစ်ခုကို တိတ်တဆိတ် ချိန်ဆ စဉ်းစားနေခဲ့ပြီးနောက် အခန်းတံခါးကိုဖွင့်ကာ အဓိကနန်းဆောင်ကြီးရှိရာဆီသို့ ဦးတည် လျှောက်လှမ်းသွားခဲ့သည်။