← Chapters

ပြန့်ကြဲမိုးကြိုးကလန်၌ တိုက်ပွဲ (၅)

Vol. 102 Ch. 1403

ပြန့်ကြဲမိုးကြိုးကလန်၌ တိုက်ပွဲ (၅)

Vol. 102 Ch. 1403

ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင်၏အမူအရာသည် ကြမ်းကြုတ်နေ၏။ အစောပိုင်းက သူ၏တည်ငြိမ်မှု၊ထည်ဝါမှုအားလုံးမှာ ကွယ်ပျောက်သွားပေပြီ။ အချိန်တိုအတွင်း ဝမ်လင်းသည် သူ့ထံသို့ တုန်လှုပ်မှုများစွာ ယူဆောင်လာခဲ့သည် မဟုတ်လော။ သူတို့၏ ကြမ်းလှသောတိုက်ပွဲက ထိုအကြီးအကဲကို အံ့အားသင့်စေခဲ့ပေသည်။

အစတုန်းက သူသည် ဝမ်လင်းကို မှုလောက်စရာမဟုတ်ဟု ထင်ထားခဲ့၏။ သူသည် ဝမ်လင်းကို သူ့စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်ဖြင့်ပင် လွယ်လွယ်သတ်ပစ်နိုင်မည်ဟု တွေးထားခဲ့သည်။ သို့ပေမည့် အခုချိန်တွင်မူ သူသည် သေရေးရှင်ရေးအန္တရာယ်အာရုံကို ခံစားမိခဲ့ပေပြီ။

သူသာ ဒဏ်ရာများကို တောင့်ခံကာ သူ့နောက်ဆုံး ချိပ်ပိတ်မှုကို ဖယ်ရှားပစ်ပြီး သူ့ခွန်အားအပြည့် ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံမှုကို မထုတ်ဖော်ခဲ့ပါက ဝမ်လင်း၏ တိုက်ခိုက်မှုများကြောင့် သူ ဒဏ်ရာအပြင်းအထန်ရကာ အသက်ပင် သေသွားနိုင်လောက်၏။

အစောပိုင်းတုန်းက မိုးကြိုးဖိသိပ်အားလှိုင်းသည် သူ့အကာအကွယ်အားလုံးကို ချိုးဖျက်လာခဲ့ကာ ထို့နောက်တွင် အနီရောင်လျှပ်စီးတန်းက သူ့ထံ တန်းတန်းမတ်မတ် ဝင်လာခဲ့၏။ ထိုလျှပ်စီးတန်းတွင် နတ်ဘုရားပြစ်ဒဏ်၏အရိပ်အမြွက် ပါဝင်နေပြီး သူ့ကလန်အမှတ်အသားကိုပါ တုန်ယင်စေလျက် ၎င်းပေါ်တွင် အက်ကွဲရာတစ်ခုကိုပါ ဖြစ်စေခဲ့ပေသည်။

ထို့အပြင် အံ့ချီးဖွယ် မမြင်ရလုနီးပါး သွေးဓားကလည်း သူ့အတွက် အိပ်မက်ဆိုးတစ်ခုကို ဆောင်ယူလာခဲ့သေးသည်။ ၎င်းဓားက သူ့ရင်ဘက်ကို ထွင်းဖောက်သွားခဲ့သည်။ သူ့ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံမှုကိုသာ မထုတ်လွှတ်ခဲ့ပါက ထိုဓားတစ်လက်ဖြင့်ပင် သူ့အား ချွေးစေပြန်သွားစေဖို့ လုံလောက်ပေလိမ့်မည်။

ထို့အပြင် တစ်ဖက်လူ၏ မိုးကြိုးအနှစ်သာရကလည်း အဆုံးမဲ့ဆန္ဒတစ်ခုကို သယ်ဆောင်ကာ နီးကပ်လာသည်။ ၎င်းသည် သူ့ကိုယ်တွင်းရှိ မိုးကြိုးကို ကဗြောင်းကဗျန် ဖြစ်စေခဲ့၏။ အတွင်းအပြင် တိုက်ခိုက်မှုတို့က သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ထင်ကျန်စေခဲ့လေသည်။

ထိုအရာများက သူ သွေးနှင့် ရင်း၍ သိလာခဲ့သော သင်ခန်းစာပင်။ ယင်းအဖြစ်က အကြီးအကဲခေါင်းဆောင်ကို သတိဝင်လာစေခဲ့၏။ သူ့ရှေ့ရှိ လူငယ်သည် သူ့ပြိုင်ဘက် အမှန် ဖြစ်နေချေပြီ။ ထို့အပြင် ထိုလူငယ်က တာအိုသခင်အိပ်မက်ပြာ၏ အလင်းအရိပ်ဒိုင်းမန္တာန်ကိုလည်း အသုံးပြုခဲ့ခြင်းက သူ့စိတ်ထဲတွင် သံသယထင်မြင်ချက်များစွာကို ဖြစ်ပေါ်လာစေ၏။

သို့ပေမည့် တာအိုသခင်အိပ်မက်ပြာ၏ မန္တာန်ဖြစ်စေ၊ ဒဏ်ရာများကဖြစ်စေ အကြီးအကဲခေါင်းဆောင်ကို တုန်လှုပ်စေမိရုံသာ ရှိသည်။ သူ့ကို ကြောက်လန့်မိစေသည်ကတော့ တဖက်လူ၏ ချိန်သားကိုက် ဖမ်းဆုပ်နိုင်မှု၊ ရဲတင်းမှု၊ ပြတ်သားမှုတို့သာ ဖြစ်၏။

“မိုးကြိုး ထိပ်တိုက်တွေ့ ပျက်စီးပြီး တုန်ခါလှိုင်း ရောက်လာတဲ့အချိန်ဟာ အလွန့်ကို အန္တရာယ်များတယ်။ အဲ့အချိန်မှာပဲ သူဟာ အလင်းအရိပ်ဒိုင်းကို အသုံးပြုပြီး တန်ပြန်တိုက်ခိုက်ခဲ့တယ်။ ငါ့ကို အငိုက်ဖမ်းလိုက်တာပဲ။ ဒါဟာ ရိုးရှင်းပေမယ့် အလွန့်အလွန်နည်းပါးတဲ့ သူတွေသာ ဒီလိုမျိုး တိုင်ပင်ကိုက်ကိုက်နဲ့ ပြီးပြည့်စုံစွာ လှုပ်ရှားလုပ်ဆောင်နိုင်လိမ့်မယ်။ ငါ ဆိုရင်တော့ နှေးဖင့်နေမိအုံးမှာ…”

“သူက အသက်သိပ်မကြီးသေးဘူး။ ဒါပေမဲ့ ဒီလိုမျိုး ဉာဏ်များလွန်းနေပြီ။ ပါးနပ်နေခဲ့ပြီ။ သူဟာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ အတော်လေး ကျော်ကြားလှတဲ့သူ ဖြစ်သင့်တယ်။ ဒါပေမဲ့ ငါ ဝမ်လင်းဆိုတဲ့ နာမည်ကို အရင်က လုံးဝ မကြားဖူးဘူး…”

“သူက ဘယ်သူများလဲ…”

ခုချိန်တွင် ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင်သည် ဝမ်လင်းကို ဆထက်ထပိုး သက်ချင်စိတ် ပေါက်နေပေပြီ။ သူသည် သူ့ညာလက်ကို ပင့်မြှောက်ကာ မာန်သွင်းလျက် သူ့ပတ်လည်ရှိ ဟင်းလင်းပြင်ကို ကုတ်ဆွဲလိုက်လေသည်။

“ရှေးဟောင်းမိုးကြိုးနယ်ပယ် ဖွင့်လှစ်စေ…”

မိုးကြိုးတုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ကောင်းကင်သည် တုန်ခါ၏။ အရင်ထက် ပိုတုန်လှုပ်သည်။ လောကသည် ပျက်စီးတော့မည့်အလား။ အကြီးအကဲခေါင်းဆောင်၏ ရှေ့တွင် ဧရာမဝဲကတော့တစ်ခု ပေါ်လာလေသည်။

ထိုဝဲကတော့၏ ဗဟိုချက်မှာ လုံးဝ နက်မှောင်နေသည်။ အဆုံးမဲ့မိုးကြိုးများ ယင်းဝဲကတော့အတွင်း ရွှေ့လျားလေ၏။ ၎င်းသည် လှည့်ပတ်နေရင်း ထိုတွင်းနက်တစ်ခုက တခြားလောကတစ်ခုခုကို ဖွင့်လှစ်လေတော့မည်လား ထင်မှားရသည်။

ထိုမန္တာန်သည် အပူဇော်ခံမီးတောက်များ၏ စွမ်းအားမှ ထုတ်နှုတ်ထားသော တတိယအဆင့်ကျင့်ကြံသူများ၏ မန္တာန်နှင့် အတော်လေးကို နီးစပ်သည်။

ဝမ်လင်းသည် အကွာအဝေးတစ်ခုသို့ ရောက်နေ၏။ သူ၏မျက်နှာမှာ အနည်းငယ် ဖြူရောနေသည်။ အစောပိုင်းတုန်းက သူလည်း ဖိသိပ်အားလှိုင်းကြောင့် ဒဏ်ရာများ ရရှိခဲ့သည်သာ ဖြစ်သည်။ သူက အလင်းအရိပ်ဒိုင်းကို သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် အသုံးမပြုခဲ့ပါက သူလည်း ဒဏ်ရာအပြင်းအထန် ရခဲ့မည်သာ။

ဤတိုက်ပွဲမှာ ကြမ်းလှ၏။ အခုတိုက်ပွဲသည် ဝမ်လင်း၏ ဘဝတွင် အစွမ်းထက်ဆုံးရန်သူကို ရင်ဆိုင်တိုက်ခိုက်ရသည်ဟုပင် ဆိုနိုင်သည်။ တာအိုပညာရှင်ရေကမူ တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၍ သူ ဝမ်လင်းကို မသတ်နိုင်ခင်မှာ အတင်းအကြပ် နောက်ဆုတ်ခဲ့ရသည် မဟုတ်လား။ သို့ပေမည့် ထိုသို့ နောက်ဆုတ်သွားခြင်းမှာ ဝမ်လင်းကြောင့် မဟုတ်ဘဲ ချိပ်ပိတ်နယ်မြေအရှင်သခင်ကြောင့်သာ ဖြစ်ခဲ့ချေသည်။

ထို့အတွက်ကြောင့် သူသည် ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင်နှင့် စရင်ဆိုင်ကတည်းက သူ့သွေးများ ဆူပွက်လုနီး ဖြစ်နေခဲ့ပေပြီ။

သူ့မျက်လုံးထဲတွင် တိုက်ပွဲဆန္ဒ ပြည့်နှက်၏။ တောက်လောင်နေ၏။

“ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ဖို့ ဘယ်တော့မှ နောက်မတွန့်ဘူး။ မကြောက်ဘူး…”

“ငါသာ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို မကျော်လွန်နိုင်ခဲ့ရင် ငါဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို စိန်ခေါ်ဖို့ ဘယ်လိုလုပ် အရည်အချင်း ရှိလာပါတော့မလဲ။ တာအိုပညာရှင်ရေကို ဘယ်လိုလုပ် သတ်နိုင်ပါတော့မလဲ…”

ဝမ်လင်းသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကိုလည်း ဖြစ်စေသည်။ သူ၏ခန္ဓာကိုယ်မှ တဝုန်းဝုန်းမည်သံများ ပဲ့တင်ထပ်ကာ သူ့ရှေးဟောင်းနတ်ဘုရားကြယ်များသည်လည်း အလျင်အမြန် လှည့်လည်သည်။ ဥပဒေသကြယ်ပါ ပေါ်လာခဲ့လေပြီ။

ဝမ်လင်း၏ကျင့်ကြံမှုအစွမ်းအားလုံးသည် မြန်ဆန်စွာ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ သွေးဓားကလည်း သူ့ဘေးတွင် ပြန်ရောက်ရှိနေကာ အတိုင်းမသိဓားစွမ်းအင်ကို ပေးစွမ်းလျက် ရှိသည်။ ဝမ်လင်း၏မျက်လုံးသည် တောက်ပနေ၏။ သူသည် အကြီးအကဲခေါင်းဆောင် မန္တာန် ဆက်ထုတ်ဖော်နိုင်မည့် အခွင့်အရေးကို မပေးတော့ပေ။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ရှေ့သို့ တန်းမတ်စွာ တိုးဝင်လာသည်။

သွေးဓားလည်း လမ်းကြောင်းရှင်းလာ၏။ ချက်ခြင်းပင် ဝမ်လင်းသည် အဆုံးမဲ့တုန်ဟည်းမှုများထံသို့ တရကြမ်း တိုးဝင်လာပေပြီ။

“ပိုးစုန်းကြူးက လမင်းကို ယှဉ်ပြိုင်ဝံ့တယ်လား…” အကြီးအကဲခေါင်းဆောင်က နှာခေါင်းရှုံ့၏။ သူက သူ့လျှာထိပ်ကို ကိုက်ကာ သွေးအဆီအနှစ်ကို ထွေးထုတ်၏။ ထိုသွေးသည် ဧရာမဝဲကတော့၏ စုပ်ယူခြင်းကို ချက်ခြင်း ခံလိုက်ရသည်။

“ရှေးဟောင်းမိုးကြိုးနဂါးတွေ လောကထဲကနေ ကွယ်ပျောက်သွားခဲ့တာ ကြာလွန်းခဲ့ပြီ။ ဒီကနေ့ ထာဝရမိုးကြိုးရဲ့ ကျေးကျွန်တစ်ယောက်အနေနဲ့ ငါဟာ သင့်(ထာဝရမိုးကြိုး)ရဲ့ ပျောက်ကွယ်နေတဲ့ စိတ်ဝိညာဉ်တွေကို နိုးထစေမယ်။ ငါဟာ ငါ့သွေးကိုအသုံးပြုပြီး သင့်ရဲ့ အဆုံးမဲ့မိုးကြိုးခွန်အားကို စုစည်းစေပြီး လောကထံ သက်ဆင်းစေမယ်။ သင့်ရဲ့ လောကကို ဖျက်စီးနိုင်တဲ့ စွမ်းအားကို ပြသပါတော့…”

အကြီးအကဲခေါင်းဆောင်၏ သွေးကို ဝဲကတော့က စုပ်ယူသွားသည်နှင့် ၎င်းဝဲကတော့အတွင်းမှ ခပ်အုတ်အုတ်အသံများ ထွက်ပေါ်လာသည်။ ထိုအော်သံများသည် ကောင်းကင်ပါတစစီ ဖြစ်သွားနိုင်သည်။ ယင်းဟိန်းအော်သံများ ဝဲကတော့အတွင်းမှ မထွက်လာခင်မှာပင် ပတ်ဝန်းကျင်ရှိ မိုးကြိုးများသည် တုန်ဟည်းကုန်သည်။

သူ ထိုသို့ ပြောလိုက်သည်နှင့် ဝဲကတော့အတွင်းမှ အစွမ်းထက်တည်ရှိမှုတစ်ခုသည် ထိုးထွက်ရန် တာဆူလာလေသည်။

“ရှေးဟောင်းမိုးကြိုးနဂါးတွေ…ဆင်းသက်လာကြ…” အကြီးအကဲခေါင်းဆောင်သည် မာန်သွင်းကာ သူ့လက်ကို ထပ်မံ ဆန့်ထုတ်၏။ ဧရာမဝဲကတော့တစ်ခုသည် အရူးအမူး လှည့်ပတ်ကာ အတွင်းမှ မိုးကြိုးတုန်ဟည်းသံ ပေါက်ကွဲထွက်လာသည်။

ဧရာမနဂါးဦးခေါင်းတစ်ခု ရုတ်တရက် ဝဲကတော့၏ဗဟိုချက်ကနေ ထွက်လာ၏။ ထိုနဂါးသည် အစိမ်းရောင်ရှိကာ အတိုင်းမသိမိုးကြိုးကို ပေးစွမ်းသည်။ ၎င်း ပေါ်လာသည်နှင့် တမူသီးသန့်ဖြစ်သော ရှေးဟောင်းမိုးကြိုးနဂါး၏ ဟိန်းအော်သံကိုပါ ထုတ်ဖော်သည်။

ဝေါင်း…။

ဝမ်လင်းသည် အဆုံးမဲ့မိုးကြိုးများနှင့် နီးကပ်လာ၏။ သို့သော် သူ အနားရောက်လာချိန်တွင် သူ့ဘေးပတ်လည်ရှိ မိုးကြိုးအားလုံး ပြိုပျက်ကုန်သည်။ သူသည်ပင် ထိုဟိန်းသံကြောင့် သက်ရောက်ခြင်း ခံရ၏။ သူ၏ခန္ဓာကိုယ်ပါ အပြင်းအထန် တုန်ယင်သွားရသည်။ ထို့နောက် သူသည် သွေးအန်ထုတ်ကာ နောက်သို့ ပြန်လွင့်စင်သွား၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှု အထင်းသား ပေါ်သည်။

“အပြည့်အစုံ ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်…” ဝမ်လင်းသည် နောက်ဆုတ်သည်။ သူ့အမူအရာမှာ သုန်မှုန်နေ၏။

ဧရာမနဂါးဦးခေါင်းသည် ဝဲကတော့တွင်းမှ ရုန်းကန်ထွက်လာပေပြီ။ ၎င်း၏ခန္ဓာကိုယ်မှာ ပေတစ်သိန်းလောက် ရှည်လျား၍ မိုးကြိုးပါဝင်သော အစိမ်းရောင်ကြွေးခွံများ ဖုံးအုပ်လျက် ရှိသည်။

၎င်း ထိုးထွက်လာသည့်နောက် ဟင်းလင်းပြင်ကိုပါ ပျက်စီးသွားစေသည်။

ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်တည်း ဆိုပါက ဝမ်လင်းသည် ခုလောက် တုန်လှုပ်မိမည် မဟုတ်။ သို့ပေမည့် ပထမတစ်ကောင်ပြီးနောက် နောက်ထပ်တစ်ကောင်သည် ဝဲကတော့အတွင်းမှ ထိုးထွက်လာပြန်သည်။

နှစ်ကောင်၊သုံးကောင်၊လေးကောင်…နောက်ဆုံးတွင် ဝမ်လင်းရှေ့၌ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင် ပေါ်လာခဲ့ပေပြီ။ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်လုံးသည် ဤလောကတွင် ပေါ်လာခဲ့ချေပြီ။

ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်စီတိုင်းက စိတ်ကူးနိုင်သည်ထက် ပိုအစွမ်းထက်ကြ၏။ ခုချိန်တွင်မူ ရှစ်ကောင်တိတိ ပေါ်လာခဲ့ပေပြီ။ မိုးကြိုးအားလုံးသည် ထိုနဂါးများ၏ အမိန့်ကို နာခံရပေတော့မည်။

“ရှေးဟောင်းမိုးကြိုးနဂါးတွေ…သူ့ကို သတ်လိုက်…” အကြီးအကဲခေါင်းဆောင်ကာ လှောင်ပြုံးပြုံးကာ ဝမ်လင်းထံသို့ လက်ညွှန်လိုက်သည်။ နဂါးရှစ်ကောင်သည် ဝမ်လင်းထံ တရကြမ်း တိုးဝင်လာတော့၏။

ထိုရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်လုံးသည် ချက်ခြင်း နီးကပ်လာကြသည်။ မိုးကြိုးများသည် ယင်းတို့အပေါ်၌ သက်ရောက်မှုမရှိ၊ အကြောင်းမှာ ထိုနဂါးများသည် ရှေးဟောင်းမိုးကြိုးနဂါးများ မဟုတ်လော။ ယင်းနဂါးများသည် မိုးကြိုးကို ထိန်းချုပ်ခွင့် အမှန်အကန် ရထားသော ကောင်းကင်ဘုံ၏ အသန်မာဆုံးတမန်တော်များ ဖြစ်ချေ၏။

ဤအခိုက်တွင် ယင်းနဂါးများသည် ဝမ်လင်းနား ရောက်ရှိလာခဲ့ပြီ။

မိုးကြိုးတုန်ဟည်းသံများ ဆက်တိုက် ဖြစ်ပေါ်၏။ ဝမ်လင်းသည် မာန်သွင်းကာ ရှေးဟောင်းမိုးကြိုးနဂါးများထဲမှ တစ်ကောင်ကို ဖမ်းဆုပ်လိုက်၏။ သူ့ခန္ဓာကိုယ်သည် တုန်ရီသွားရလေ၏။ သူ ချက်ခြင်း နောက်ဆုတ်ကာ သွေးများစွာ အန်ထုတ်လိုက်ရသည်။ သို့ပေမည့် သူ ခြေသုံးလှမ်းခန့် နောက်ဆုတ်လိုက်ရစဉ်မှာပင် နောက်ထပ်ရှေးဟောင်းနဂါးနှစ်ကောင်သည် အတင်း တိုးဝင်လာသည်။ ထိုဖိသိပ်အားက ဆက်တိုက် ဖြစ်ပေါ်နေရင်း ဝမ်လင်းသည်လည်း အဆက်မပြတ် သွေးအန်ရသည်။ သူသည် မရပ်တန့်နိုင်ဘဲ ရှိ၏။ နောက်သို့ ဆက်ကာဆက်ကာ လွင့်ထွက်နေရသည်။

သို့ပေမည့် ထိုစဉ်မှာပင် နောက်ထပ်ရှေးဟောင်းမိုးကြိုးနဂါးသုံးကောင်က သူ့နောက်မှ ထွက်ပေါ်လာကာ သူ့အား ချောင်ပိတ်ပစ်သည်။ နဂါးရှစ်ကောင်သည် တစ်ချိန်တည်းလိုလို ဝမ်လင်းထံ တရှိန်ထိုး တိုးဝင်လာကြပြီ။

ဝမ်လင်း၏စိတ်ထဲ၌ အသက်အန္တရာယ်ကို ခံစားမှု မြင့်တက်လာ၏။ သူ့မျက်နှာသည် ဖြူရောနေသည်။ သူ့အမူအရာကမူ ရူးသွပ်မှု ပြည့်နှက်နေ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးအလိမ်းလိမ်း ဖြစ်နေပေပြီ။ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးကိုပါ ထိန်းချုပ်နိုင်မှု မဲ့ရသည်။

ရှေးဟောင်းမိုးကြိုးနဂါးများ၏ စွမ်းအားသည် သူ စိတ်ကူးနိုင်သည်ထက် ပိုနေ၏။ ယင်းတို့သည် အတိတ်တုန်းက သူ ဝါးမြိုခဲ့ဖူးသော ရှေးဟောင်းနဂါးထက် အဆများစွာ သန်မာလှသည်။

“ဒါဟာ ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်ပဲ။ ဒါပေမဲ့ ရှေးဟောင်းနဂါးတွေ မျိုးတုန်းသွားတာ ကြာလှပြီ။ ဒါ့ကြောင့် ဒီရှစ်ကောင်ဟာ အစစ်အမှန် မဟုတ်နိုင်ဘူး။ စိတ်ဝိညာဉ်တွေကနေ ဖြစ်ပေါ်လာတာပဲ ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် ဒီနဂါးရှစ်ကောင်သာ တစ်ချိန်တည်းပေါက်ကွဲ တိုက်ခိုက်လာရင် သူတို့က ငါ့ကို ချက်ခြင်း သတ်ပစ်နိုင်တယ်။ ငါ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်တောင် ငါ့ရဲ့ ကြယ်အရေအတွက်အကန့်အသတ်ချက်ကြောင့် ဒီတိုက်ခိုက်မှုပေါက်ကွဲအားကို တောင့်ခံနိုင်မှာ မဟုတ်ဘူး…”

“ဒါပေမဲ့…ငါ မိုးကြိုးအနှစ်သာရကို ဖန်တီးနိုင်ခဲ့တာဟာ ဒီရှေးဟောင်းနဂါးစိတ်ဝိညာဉ်ရဲ့ တစ်ဝက်ကို ဝါးမြိုနိုင်ခဲ့လို့ပဲ ဖြစ်တယ်။ ငါသာ ဒီရှစ်ကောင်ကို ဝါးမြိုနိုင်ခဲ့ရင် ငါ့မိုးကြိုးစွမ်းအားဟာ အလွန်တိုးတက်လာမှာ…” ဝမ်လင်းသည် အဆက်မပြတ် တိုက်ခိုက်ခံနေရရင်း သူ့ဒဏ်ရာများမှာ ပိုပိုဆိုးဝါးလာ၏။ သူ့မူလစိတ်ဝိညာဉ်သည် ပျက်စီးလုနီးနီး ဖြစ်နေကာ သူ့ခန္ဓာကိုယ်လည်း အကန့်အသတ် တိုင်လာခဲ့ပြီ။

“ငါ ဘာလုပ်ရမလဲ။ စိတ်ဝိညာဉ်၊ စိတ်ဝိညာဉ်။ ဒီရှေးဟောင်းမိုးကြိုးနဂါးတွေဟာ အသက်ရှင်စဉ်တုန်းက သန်မာလှပေမယ့် အခုတော့ ဒီနဂါးတွေဟာ စိတ်ဝိညာဉ်တွေသာ ဖြစ်တယ်။ ငါ အခွင့်အရေးတစ်ခု လိုနေပြီ….” ဝမ်လင်းသည် အဆက်မပြတ် တိုက်ခိုက်မှုများကို ရင်ဆိုင်နေလျက် သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ပေါ်လာ၏။ သူက နောက်သို့ ဆက်မဆုတ်တော့။ မာန်သွင်းသံ ပြုလိုက်၏။ သူ၏မာန်သွင်းသံသည် ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်၏ ဟိန်းသံထက် အားမနည်းပေ။

ယား…။

ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ပေါ်လာ၏။ သူ့မူလစိတ်ဝိညာဉ်သည် ရှေးဟောင်းမိုးကြိုးနဂါးပုံစံကနေ ချဲ့ကားထွက်လာ၏။

သူ့မာန်သွင်းသံသည် ကောင်းကင်တစစီဖြစ်သွားနိုင်လောက်သည်။ ထိုအသံသည် ပျံ့နှံ့လာစဉ် အနီးရှိ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်သည် တဒင်္ဂတန့်သွားလေ၏။

“စိတ်ဝိညာဉ်ကျာပွတ်…” ထိုအခိုက်တွင် ဝမ်လင်း၏ပတ်လည်၌ အလင်းတစ်ခု လင်းလက်သည်။ သူနှင့်အတူ နှစ်များစွာ အတူရှိခဲ့သော ထိုဆန်းကြယ်သောကျာပွတ်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

စိတ်ဝိညာဉ်ကျာပွတ်သည် ဝမ်လင်း၏တာအိုနှင့် ပေါင်းစည်သွားပြီးနောက် ၎င်းသည် အရွယ်အစား ကြီးနိုင်သလို ၊ငယ်လည်း ငယ်နိုင်၏။ ၎င်းက ဝမ်လင်းကို ထွေးပတ်ကာ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်ထံသို့ ရိုက်ချလာသည်။

***

All Chapters