← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အပိုင်း (၅၅) တောရွာမှ အလောင်းဟောင်း

နေ့စဉ်နှင့်အမျှ လူများ အဆက်မပြတ် သေဆုံးနေပြီးနောက် ရွာသားများသည် လုံးဝကို ထိတ်လန့်သွားခဲ့ကြ၏။

အချို့သူများက ပြောင်းရွှေ့ရန် ပြင်ဆင်နေကြပြီး ရွာမှ ထွက်ခွာသွားခဲ့ကြသည်။

လူအများ မျှော်လင့်ချက် ကင်းမဲ့နေချိန်မှာပင် ယခင်က နတ်ကတော်ကို ရှာဖွေရန် ထွက်သွားခဲ့ကြသည့် ရွာသားအနည်းငယ်သည် ထိုနေ့၏ နေဝင်ဆည်းဆာအချိန်မတိုင်မီတွင် လူခေါ်ကာ ပြန်လည်ရောက်ရှိ လာခဲ့ကြ၏။

ရွာသို့ ပြန်ရောက်လာသူများ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရွာသားများက အကြောင်းစုံ သိရှိသွားခဲ့ကြသည်။

လွန်ခဲ့သော ရက်အနည်းငယ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပေါ်သို့ တက်သည့်လမ်းသည် ရွှံ့နွံမြေပြိုမှုကြောင့် ပျက်စီးသွားခဲ့၏။

ထိုလူအနည်းငယ်သည် ရွာသို့ပြန်ရန် ခရီးအဝေးကြီးကို လှည့်ပတ်သွားခဲ့ရသောကြောင့် လေးငါးရက်ခန့် အချိန်နှောင့်နှေးသွားခဲ့ခြင်း ဖြစ်သည်။

နတ်ကတော်သည် နွားကျောရွာသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် မြစ်ကမ်းဘေးသို့ သွားကာ ကြွက်နတ်ဆိုးမျက်နှာနှင့် အဘိုးအိုအလောင်း၏ အခြေအနေကို သွားရောက်ကြည့်ရှုရန် တောင်းဆိုခဲ့သည်။ သို့သော်ငြား မြစ်ထဲတွင် မည်သည့် ရေအောက်အလောင်းမှ မရှိတော့ချေ။

ရွာထဲရှိ လွန်ခဲ့သော ရက်အနည်းငယ်က ကြုံတွေ့ခဲ့ရမှုများကို နားထောင်ပြီးနောက် နတ်ကတော်က ပြောဆိုခဲ့သည်။

သူမသည် ငရဲပြည်ရှိ တမလွန်တရားခံဖြစ်သော နွားခေါင်းနှင့် မြင်းမျက်နှာတို့ကို သိကျွမ်းကြောင်း၊ သူမ အနေဖြင့် ငရဲပြည်သို့ တစ်ခေါက်သွားကာ နွားခေါင်းနှင့် မြင်းမျက်နှာတို့ကို မေးမြန်းလိုက်ရုံဖြင့် ရေအောက်အလောင်း၏ ဝိညာဉ်ကို ဖမ်းဆီးနိုင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့၏။

လောကရှိ သေလူအားလုံးကို နွားခေါင်းနှင့် မြင်းမျက်နှာတို့က အုပ်ချုပ်ကြခြင်း ဖြစ်၏။ ရလဒ်အနေဖြင့် ထိုညတွင် လူတစ်ဦး ထပ်မံသေဆုံးသွားခဲ့ပြန်သည်။

ဒုတိယနေ့တွင် ရွာသားများ ထကာ ကြည့်လိုက်ချိန်၌ ဘိုးဘွားကျောင်းဆောင်တွင် ယာယီနေထိုင်နေသည့် နတ်ကတော်မှာ သေဆုံးနေခဲ့ပြီဖြစ်၏။ တံခါးနှင့် ပြတင်းပေါက်များ အလုံပိတ်ထားသော အခန်းထဲတွင် ဆန်းကြယ်စွာ သေဆုံးနေခဲ့ခြင်းပင်။

မနေ့ညက မည်သူတစ်ဦးတစ်ယောက်ကမှ လှုပ်ရှားမှုအသံကို မကြားခဲ့ရချေ။ ဤအကြိမ်တွင် ရွာသားများသည် ထိတ်လန့်လွန်းသောကြောင့် ရူးသွပ်လုမတတ် ဖြစ်သွားခဲ့ကြသည်။

မျှော်လင့်ချက်မဲ့နေသော အခြေအနေအောက်တွင် ရွာလူကြီး၏ ပုံမှန်ဩဇာအာဏာကို ဂရုမစိုက်နိုင်တော့ဘဲ အားလုံးက ဒေါသတကြီးဖြင့် ရွာလူကြီးအိမ်သို့ ပြေးသွားကာ အဖြေတောင်းခံခဲ့ကြ၏။

ရလဒ်အနေဖြင့် ပေါက်ပြား၊ သံခက်ရင်းနှင့် တံစဉ်များကို ကိုင်ဆောင်ထားသော ရွာသားများသည် ရွာလူကြီးအိမ်သို့ ပြေးဝင်သွားချိန်မှာတော့ သူတို့ရှေ့မှောက်ရှိ သွေးထွက်သံယို မြင်ကွင်းကြောင့် သတိလစ်လုမတတ် ထိတ်လန့်သွားခဲ့ကြသည်။

ရွာသားများသည် ရွာလူကြီးတစ်မိသားစုလုံး စားပွဲရှေ့တွင် ဝိုင်းထိုင်နေသည်ကို မြင်တွေ့ခဲ့ရသည်။ စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးမှာ လောင်ကျွမ်းသွားခဲ့ပြီဖြစ်ပြီး အောက်ခံခွက်သာ ကျန်ရှိတော့၏။

စားပွဲပေါ်တွင် မနေ့ညက မစားရသေးသော ထမင်းနှင့်ဟင်းများ တည်ခင်းထားဆဲဖြစ်၏။ စားပွဲကို ဝိုင်းထိုင်နေကြသည့် ရွာလူကြီး၊ ရွာလူကြီး၏ ဇနီး၊ ရွာလူကြီး၏ သားနှင့် ချွေးမ အပါအဝင် လူလေးဦး၏ သွေးသားများသည် ပြောင်စင်နေအောင် စားသောက်ခံထားရပြီး မျက်လုံးနှစ်လုံး ကြောက်ရွံ့စွာ ပြူးကျယ်နေသည့် လူ့အရေခွံ အခွံလွတ်များသာ ကျန်ရှိနေတော့သည်။

မြစ်ထဲမှ ပျောက်ဆုံးသွားခဲ့သည့် ကြွက်နတ်ဆိုးမျက်နှာနှင့် အဘိုးအိုအလောင်းသည် ရွာလူကြီးမိသားစု နှင့်အတူ ထမင်းစားပွဲ တစ်ခုတည်းတွင် ထိုင်နေသည်။ သို့သော်ငြား သူသည် မျက်လုံးမှိတ်ကာ လှုပ်ရှားမှု မရှိဘဲ သေဆုံးနေခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သောနှစ်နှစ်က မျိုးဆက်သုံးဆက် အတူတကွ ငြိမ်းချမ်းစွာ ညစာစားနေသည့် မြင်ကွင်းကို ထိန်းသိမ်းထားသကဲ့သို့ပင်။

လွန်ခဲ့သော နှစ်နှစ်တည်းက ရေနစ်သေဆုံးသွားခဲ့သည့် အဘိုးအိုဖြစ်နေပါလျက်နှင့် ကိုယ်တိုင် ကုန်းပေါ်သို့ တက်လာကာ ရွာလူကြီးအိမ်တွင် ပေါ်လာခဲ့သည်။

ကြွက်တစ်ကောင်က ဝက်သားခြောက်ကို ကိုက်စားသကဲ့သို့ ရွာလူကြီးတစ်မိသားစုလုံးကို အကုန်အစင် စားသောက်သွားခဲ့ခြင်းပင်။

ဤသွေးထွက်သံယို မြင်ကွင်းသည် လူအများအပြားကို ထိတ်လန့်သွားစေခဲ့ပြီး လူအများအပြားကိုလည်း သတိလစ်သွားစေခဲ့သည်။

ထိုနေ့တွင် ရွာတစ်ရွာလုံးရှိ ရွာသားများသည် ပစ္စည်းများကိုပင် သိမ်းဆည်းရန် အချိန်မရလိုက်ဘဲ အဖိုးတန်ပစ္စည်းများကို ထားရစ်ခဲ့ကာ မိသားစုလိုက် အသက်လုထွက်ပြေးခဲ့ကြပြီး နွားကျောရွာမှ အားလုံး ထွက်ပြေးသွားခဲ့ကြ၏။

ရုတ်တရက် ရွာထဲတွင် လူသူကင်းမဲ့သွားခဲ့ပြီး စွန့်ပစ်ခံထားရသော တောင်ပေါ်ရွာလေး ဖြစ်သွားခဲ့သည်။

ဤမျှများပြားသော ရွာသားများက မိသားစုလိုက် ခရိုင်မြို့တော်ထဲသို့ အသက်လုထွက်ပြေးလာခြင်းက သဘာဝကျစွာပင် တရားရုံး၏ အာရုံစိုက်မှုကို ရရှိသွားစေခဲ့၏။

ဒေသနှစ်ခု၏ တရားရုံးများသည် အုပ်ချုပ်ရေးစနစ် မတူညီသောကြောင့် အရာရှိဖုန်းသည် ဒေသခံတရားရုံးက ဤတောရွာမှ အလောင်းဟောင်းအမှုကို မည်သို့ ဖြေရှင်းခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်း မသိရှိခဲ့ချေ။

သူသိသည်မှာ ဒေသခံတရားရုံးက လောကကြီးတွင် တမလွန်သက်စောင့် ဆိုသည့် ထူးခြားသော အသက်မွေးဝမ်းကျောင်းအလုပ် ရှိကြောင်းကို မည်သည့်နေရာမှ သိရှိလာခဲ့မှန်း မသိရဘဲ ငွေကြေး အမြောက်အမြား အကုန်အကျခံကာ တမလွန်သက်စောင့်များကို ပင့်ဖိတ်ပြီး တောရွာမှ အလောင်းဟောင်းကို ဖြေရှင်းစေခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် တမလွန်သက်စောင့်များသည် တမလွန်ပစ္စည်းများကို ပို့ဆောင်ရန်သာ တာဝန်ယူကြပြီး ယတြာချေကာ မကောင်းဆိုးဝါးများကို နှင်ထုတ်သည့် တာအိုဆရာများ၊ ဘုန်းကြီးများ မဟုတ်ကြချေ။

ဤတမလွန်သက်စောင့်များသည် တရားရုံးအတွက် အလုပ် လုပ်ပေးရန် သဘောတူညီခဲ့ကြသော်လည်း တမလွန်ပစ္စည်း ပို့ဆောင်ကာ တောရွာမှ အလောင်းဟောင်းကို ခရိုင်ပြင်ပသို့ သယ်ဆောင်သွားရန်သာ သဘောတူခဲ့ကြသည်။

ထို့အပြင် သူတို့က ပညာရှင်တစ်ဦးကို သိကျွမ်းကြောင်း၊ တရားရုံးကို ကူညီကာ တောရွာမှ အလောင်းဟောင်းကို ဖိနှိပ်ပြီး ဖြေရှင်းပေးနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။ သို့သော်ငြား ဖြေရှင်းခကိုမူ သီးခြား တွက်ချက်ရမှာဖြစ်၏။

ဒေသခံတရားရုံးက ဤကိစ္စကို သဘောတူညီလိုက်သည်။

ထို့နောက် ဤတမလွန်သက်စောင့်အဖွဲ့သည် တမလွန်ပစ္စည်းကို တစ်လမ်းလုံး ပို့ဆောင်ကာ တောင်ကုန်း တောင်တန်းများကို ကျော်ဖြတ်ပြီး နောက်ဆုံးတွင် ချန်ခရိုင် နယ်မြေသို့ ဖြတ်သန်းလာခဲ့ခြင်း ဖြစ်၏။

သို့ပေမည့် တမလွန်ပစ္စည်းသည် ချန်ခရိုင် နယ်မြေသို့ ဝင်ရောက်လာပြီးနောက် မမျှော်လင့်သည့်ကိစ္စ ဖြစ်ပွားသွားခဲ့ပြီး သက်စောင့်အားလုံး ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့ကြ၏။ အရှင်လည်း လူကို မမြင်ရသလို အသေလည်း အလောင်းကို မတွေ့ရတော့ချေ။

“တရားရုံးကို လာတိုင်ကြားတဲ့သူရဲ့ ပြောစကားအရ နွားကျောရွာက ရွာသားတွေ ပြောခဲ့ဖူးတာက ရွာလူကြီးရဲ့ ဖခင်အိုကြီး သေဆုံးမှုဟာ ရွာလူကြီးက ခိုးကြောင်ခိုးဝှက် သတ်ဖြတ်လိုက်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် အသက်ပြန်တောင်းဖို့ ပြန်လာတာပဲ ဖြစ်ရမယ်။”

အရာရှိဖုန်းက ပြောလိုက်၏။ “ရောဂါကြာရှည်နေတဲ့ ကုတင်ရှေ့မှာ ကျေးဇူးဆပ်တဲ့ သားသမီး မရှိဘူးတဲ့။ ရွာလူကြီးရဲ့ ဖခင်အိုကြီးက ခန္ဓာကိုယ်ကျန်းမာရေး အမြဲတမ်း မကောင်းဘဲ လစဉ်လတိုင်း ဆေးဝယ်သောက်ဖို့ ငွေအများကြီး လိုအပ်တယ်။

ရွာသားတွေက တစ်ခါမက ကြားဖူးကြတယ်။ ညဘက်မှာ ရွာလူကြီးရဲ့ ဖခင်အိုကြီးက ရောဂါဝေဒနာကြောင့် ချောင်းဆိုးပြီး ရွာလူကြီး တစ်မိသားစုလုံးကို အိပ်ရာက လန့်နိုးစေခဲ့တယ်။ အဲဒီနောက် ရွာလူကြီးက အဘိုးကြီး ဘာဖြစ်လို့ စောစော မသေသွားတာလဲ၊ အသက်ရှင်နေတာ ဝန်ထုပ်ဝန်ပိုးပဲ၊ အသက်ရှင်နေတဲ့ သူတို့ကို ဒုက္ခပေးရုံပဲ တတ်နိုင်တယ်လို့ ဆဲဆိုတာကို ခံခဲ့ရတယ်။”

အရာရှိဖုန်း သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရွာလူကြီး၏ ဖခင်အိုကြီး အချည်းနှီး သေဆုံးသွားရမှုအတွက် နှမြောတသဖြစ်ကာ ဒေါသထွက်နေခဲ့သည်။

“မိုက်မဲလိုက်တာ… မိုက်မဲလိုက်တာ…”

အရာရှိဖုန်းက အဖြစ်အပျက်ကို ပြောပြပြီးသွားသည်နှင့် တစ်ပြိုင်နက် တာအိုဆရာအိုကြီးသည် ရုတ်တရက် ပါးစပ်ဟကာ ကျယ်လောင်စွာ ဆဲဆိုလိုက်တော့၏။ “ဒီရေအောက်အလောင်းက ဘယ်နေရာက ကိုယ့်ဘာသာ ကုန်းပေါ်တက်လာမှာလဲ။ လူတစ်ယောက်က မြစ်ထဲဆင်းပြီး အလောင်းကို ကုန်းပေါ်ဆယ်တင်လိုက်တာ အသိအသာကြီးပဲ။

ကျုပ် အရင်က ပြောခဲ့ပြီးပြီ။ ရေက တမလွန်ဓာတ်ကို စုစည်းပေးနိုင်သလို ရေကလည်း မကောင်းဆိုးဝါးတွေကို ကာကွယ်ပေးနိုင်တယ်။ ရေနစ်သေဆုံးတဲ့လူတွေဟာ အမည်းရောင်ရေထဲမှာ ထာဝရ ပိတ်လှောင်ခံရပြီး ဘုံဘဝ မကူးပြောင်းနိုင်တော့ဘူး။

လူတစ်ယောက်က မြစ်ထဲဆင်းပြီး အလောင်းကို ကုန်းပေါ်ဆယ်တင်တာ ဒါမှမဟုတ် ကိုယ်တိုင် မြစ်ထဲဆင်းပြီး ရေကူးရာကနေ ရေသရဲရဲ့ ဆွဲချတာခံရပြီး ကိုယ်စားသေပေးရတဲ့သူ ဖြစ်သွားတာကလွဲလို့ပေါ့။”

‘ဘာ…. မြစ်ထဲရှိ ရေအောက်အလောင်းကို လူက တမင်တကာ ကုန်းပေါ်သို့ ကျောပိုးတင်လာခဲ့ခြင်းတဲ့လား။’

ကျင်းအန်းနှင့် အရာရှိဖုန်း တို့သည် မည်သို့ဖြစ်ပျက်ခဲ့ကြောင်းနှင့် အဘယ်ကြောင့် ဤသို့ပြောဆိုရကြောင်းကို အလျင်စလို မေးမြန်းလိုက်ကြသည်။

တာအိုဆရာအိုကြီးသည် ဒေါသထွက်လွန်းသောကြောင့် မုတ်ဆိတ်နှင့် ဆံပင်များပင် ထောင်မတ်နေခဲ့၏။ ဤအခိုက်အတန့်တွင် တာအိုဆရာအိုကြီးသည် အမှန်တကယ်ပင် တာအိုပညာရှင်တစ်ဦး၏ ဒေါသမီးများ တောက်လောင်လာခဲ့ခြင်း ဖြစ်၏။

“ရေက တမလွန်ဓာတ် သဘာဝရှိပြီး တမလွန်ဓာတ်က မကောင်းဆိုးဝါးကို မွေးမြူပေးနိုင်တယ်။ ရွာလူကြီးရဲ့ ဖခင်အိုကြီး သေဆုံးမှုက မရိုးရှင်းဘူး။ မတရားခံရပြီး သေဆုံးသွားတာဖြစ်လို့ နောက်ဆုံးမှာ မကောင်းဆိုးဝါး အဖြစ် ပြောင်းလဲသွားခဲ့တယ်။ မကောင်းဆိုးဝါး အငွေ့အသက်တွေက တစ်ကိုယ်လုံးမှာ စုပုံနေလို့ ရေနစ် သေဆုံးပေမယ့် မဆွေးမြည့်သွားတာပဲ။”

တာအိုဆရာကြီးတန်က ရှင်းပြလိုက်သည်။ “ခပ်သိမ်းသောအရာတိုင်းမှာ ဝိညာဉ်သဘာဝ ရှိတယ်။ ဒီမြစ်ထဲက ငါးတွေနဲ့ ပုစွန်တွေတောင် ဒီလိုမကောင်းဆိုးဝါးအလောင်းနဲ့ ဝေးဝေးနေရမယ်ဆိုတာကို သိကြလို့ အသားတွေ ကိုက်ဖြတ်စားသောက် မခံရတာပဲ။

လောကမှာ ရေနစ်သေဆုံးတဲ့လူတွေ အများကြီးရှိပေမယ့် ရေနစ်သေဆုံးတဲ့ ရေအောက်အလောင်း တစ်မျိုးကိုတော့ ဘယ်သူမှ မဆယ်ရဲကြဘူး။ ဒီလိုရေအောက်အလောင်းမျိုးက လူရှင်ရဲ့ ယန်စွမ်းအင်နဲ့ အနည်းငယ် ထိတွေ့လိုက်တာနဲ့ ရေအေးထဲကို ဆီပူလောင်းထည့်လိုက်သလိုပဲ။ အဲဒါအပြင် ရေကနေခွာပြီး ကုန်းပေါ်ရောက်လာတာ၊ သေလူရဲ့ ခြေထောက်နှစ်ဖက်က မြေကြီးနဲ့ ထိသွားတာတွေ ပေါင်းစပ်လိုက်ရင် သေချာပေါက် သရဲဝင်ပူးတော့မှာပဲ။”

တာအိုဆရာအိုကြီးသည် လူနှစ်ဦးက နားမလည်နိုင်အောင် ဖြစ်နေသည်ကို မြင်ချိန်မှာတော့ စိတ်ရှည်လက်ရှည်ဖြင့် အသေးစိတ် ရှင်းပြလိုက်၏။ “လူသေဆုံးပြီးနောက်မှာ အကယ်၍ သာမန်သေဆုံးခြင်း မဟုတ်ဘူးဆိုရင် လည်ချောင်းထဲမှာ မကောင်းတဲ့လေတစ်ချက် ပိတ်ဆို့နေလိမ့်မယ်။ နာကြည်းချက်က မျိုချရခက်ခဲလို့ ခေါင်းကလေးပြီး ခြေထောက်က ပေါ့ပါးသွားကာ ခေါင်းက အောက်စိုက်နေပြီး ခြေထောက်က အပေါ်ထောင်နေတဲ့ ရေပေါ်အလောင်း ဖြစ်စဉ်မျိုး ပေါ်ပေါက်လာတာပဲ။

ရေက မကောင်းဆိုးဝါးကို မွေးမြူနိုင်သလို ဘေးဒုက္ခကို ကာကွယ်ပြီး မကောင်းဆိုးဝါးကိုလည်း ပိတ်လှောင်ထားနိုင်တယ်။ အကယ်၍ ဒီအလောင်းက ကုန်းပေါ်ကို ဆယ်တင်မခံရဘူးဆိုရင် အလွန်ဆုံး အမည်းရောင်ရေဆိုးစွမ်းအင်အောက်မှာ ဖိနှိပ်ခံထားရပြီး မကောင်းဆိုးဝါးအငွေ့အသက်နဲ့ တမလွန် ဝိညာဉ်တွေက ခန္ဓာကိုယ်ထဲမှာ ပိတ်လှောင်ခံထားရလို့ ဘာအစွမ်းမှ ပြနိုင်မှာ မဟုတ်ဘူး။

ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား သောင်းကျန်းပါစေ မြစ်ထဲဆင်းပြီး ရေကူးတဲ့ ကိုယ်စားသေပေးမယ့်လူ အနည်းငယ်ကို ဆွဲချရုံပဲ တတ်နိုင်တယ်။ ဝိညာဉ်ချွတ်ပေးလိုက်ရုံနဲ့ ဖြေရှင်းနိုင်တယ်။ အကယ်၍ နာကြည်းချက်က ပြင်းထန်လွန်းပြီး ခေါင်းမာနေမယ်ဆိုရင်လည်း အတင်းအဓမ္မ ဝိညာဉ်ချွတ်ပေးကာ ဝိညာဉ်ကို ဖြိုခွဲပစ်လို့ ရတယ်။

ရွာလူကြီးရဲ့ ဖခင်အိုကြီးရဲ့ ရေအောက်အလောင်းက ရေကြီးလို့ မျောပါသွားတာ မဟုတ်ဘူး။ လူတစ်ယောက်က ရွာတစ်ရွာလုံးကို ဖုံးကွယ်ပြီး အလောင်းကို ကုန်းပေါ်ကို ခိုးကြောင်ခိုးဝှက် ကျောပိုးတင်သွားခဲ့တာပဲ။ ဒီအလောင်းက မကောင်းဆိုးဝါး ဖြစ်နေပြီမို့ လူရှင်နဲ့ ဒီလိုမျိုး ထိတွေ့မိပြီး လူရှင်ဆီက ယန်စွမ်းအင်ကို စုပ်ယူလိုက်တဲ့အတွက် ရာနှုန်းပြည့် သရဲဝင်ပူးတော့မှာပဲ။

ပြီးတော့ အဲဒီနတ်ကတော်တု မိန်းမယုတ် သေသွားတာလည်း ကောင်းတယ်။ ပြည်သူတွေအတွက် ကြီးမားတဲ့ အန္တရာယ်ကြီးတစ်ခုကို ဖယ်ရှားပေးလိုက်သလိုပဲ။ ပုံမှန်ဆိုရင် လိမ်လည်စားသောက်ပြီး အသေးအဖွဲလောက် လုပ်စားနေတာက ထားတော့။

ဒီကိစ္စက သာမန်မဟုတ်မှန်း၊ လူသေနေပြီမှန်း သိပါလျက်နဲ့ တမလွန်က တရားခံကို သိတယ်ဆိုပြီး တမလွန်သွားပြီး မေးမြန်းမယ်ဆိုတဲ့ သရဲလုပ်ကွက်တွေကို ပြောနေသေးတယ်။ သူက တကယ်ပဲ တမလွန်တရားခံကို သိတယ်ဆိုရင် လိမ်လည်စားသောက်နေတဲ့ တောရွာက နတ်ကတော်လေးတစ်ယောက် လုပ်နေစရာ လိုသေးလို့လား။ စောစောတည်းက အရမ်း နာမည်ကြီးနေလောက်ပြီ။ ထွီ…”

ကျင်းအန်း သည် တာအိုဆရာအိုကြီး၏ ဒေါသထွက်မှုကို သဘောတူညီစွာဖြင့် ပြောလိုက်သည်။ “ဒီလိုမျိုးက လူ့အသက်ကို မြက်ပင်လေးလို သဘောထားတာပဲ။ တကယ်ကို အပြစ်ကင်းစင်စွာ သေဆုံးသွားတာ မဟုတ်ဘူး။”

အရာရှိဖုန်း သည်လည်း ခံစားချက်ပြင်းထန်သော တာအိုဆရာအိုကြီးနှင့် ကျင်းအန်းတို့၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီး သူ၏ မျက်နှာက လေးနက်သွားကာ တည်ကြည်စွာ ပြောလိုက်၏။ “သခင်လေး ကျင်းအန်းနဲ့ တာအိုဆရာကြီးတန် တို့က စွမ်းဆောင်ရည်ကြီးမားတဲ့ လူတွေဆိုတာ ကျုပ်သိပါတယ်။ ဒါကြောင့် ကျုပ်က ဒီနေ့ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတစ်ခု ပြုလုပ်ချင်ပါတယ်။

ဒီတစ်ခေါက် တရားရုံးက ဘယ်လိုပဲဖြစ်ဖြစ် ဒီတောရွာက အလောင်းဟောင်းကို အမြန်ဆုံး ရှာဖွေရမယ်။ ချန်ခရိုင်ထဲကို ရောက်လာပြီး သောင်းကျန်းမှာကို ရှောင်ရှားဖို့ပေါ့။

ဒါ့ကြောင့် ကျုပ်က မျက်နှာပြောင်တိုက်ပြီး ပညာရှင်နှစ်ဦးကို ကျုပ်တို့ ချန်ခရိုင်ကို နောက်တစ်ကြိမ် ကူညီပေးဖို့၊ ပျောက်ဆုံးနေတဲ့ တမလွန်ပစ္စည်းကို ရှာဖွေပေးဖို့ တောင်းဆိုချင်ပါတယ်။ စိတ်ချပါ... ပညာရှင်နှစ်ဦးကို အလကား အလုပ် လုပ်ခိုင်းမှာ မဟုတ်ပါဘူး။ တရားရုံးက ကြီးမားတဲ့ ဆုငွေ ပေးပါလိမ့်မယ်။”

“ဟမ်…. ဘယ်လောက်တောင် ကြီးမားတာလဲ။” နဂိုက ဒေါသထွက်လွန်းသောကြောင့် မုတ်ဆိတ်နှင့် ဆံပင်များ ထောင်မတ်နေပြီး မျက်နှာတစ်ခုလုံး နီရဲနေအောင် ဆဲဆိုနေသည့် တာအိုဆရာအိုကြီးသည် ချက်ချင်းပဲ စိတ်ဓာတ်တက်ကြွသွားခဲ့သည်။

တာအိုဆရာအိုကြီးသည် အရာရှိဖုန်း၏ စိတ်ထဲတွင် ခက်ခက်ခဲခဲ တည်ဆောက်ထားခဲ့ရသော ကရုဏာတရား ကြီးမားပြီး တာအိုကျင့်စဉ် အောင်မြင်ထားသည့် ပညာရှင်ဆိုသော ပုံရိပ်သည် ချက်ချင်းပင် ပြိုကျပျက်စီးသွားတော့၏။

ကျင်းအန်းသည်လည်း ဆွံ့အသွားခဲ့သည်။

All Chapters