အခန်း ၆၀
Vol. 6 Ch. 60
အပိုင်း (၆၀) ကြောင်သေလျှင် သစ်ပင်ပေါ် ချိတ်ဆွဲ၊ ခွေးသေလျှင် ရေထဲ မျှော
တောင်နှင့် ရေအထပ်ထပ်က လမ်းမရှိတော့ဟု ထင်ရသော်လည်း မိုးမခပင်များနှင့် ပန်းပွင့်များက နောက်ထပ် ရွာတစ်ရွာကို ပေါ်ထွက်လာစေ၏။
နေဝင်ချိန်.....
ကောင်းကင်ယံတွင် နီရဲနေသော နေဝင်ဆည်းဆာတစ်ခု ချိတ်ဆွဲထားပြီး မျက်စိစူးကာ မသက်မသာ ခံစားချက်ကို ပေးစွမ်းနေသည်။
ကောင်းကင်က မှောင်တော့မှာဖြစ်၏။
နေဝင်ဆည်းဆာ သွေးရောင်တိမ်တိုက်အောက်တွင် ကျယ်ပြောလှသော လယ်ကွင်းများ၌ စိမ်းလန်းသော ကောက်ပဲသီးနှံများ စိုက်ပျိုးထားပြီး အဝေးရှိ ရွာတစ်ရွာဆီသို့ သွယ်တန်းသွားနေသည်။
ပါးစပ်နှင့် နှာခေါင်းက လေကို ရှူသွင်းလိုက်ရာ မွှေးကြိုင်သော ရွှံ့နံ့သင်းသင်းလေးသည် အဆုတ် နှစ်ခုကြားတွင် လည်ပတ်သွားပြီး လန်းဆန်းမှုကို ဖြစ်ပေါ်စေ၏။
မျက်စိရှေ့ရှိ ကမ္ဘာကြီးက အလွန် လက်တွေ့ဆန်လွန်းလှသည်။
ကျင်းအန်း နှင့် တာအိုဆရာအိုကြီးတို့သည် လယ်ကွင်းတစ်ခုထဲတွင် ပေါ်လာခဲ့ခြင်း ဖြစ်၏။
“အိုက်ယား....”
တာအိုဆရာအိုကြီးက အော်ဟစ်လိုက်ပြီး ရွှံ့တွေပေနေသော ခြေထောက်နှစ်ဖက်ကို ဆွဲထုတ်ကာ ရွှံ့ဗွက်ထနေသော လယ်ကွင်းထဲမှ ကုန်းပေါ်သို့ အလျင်အမြန် တက်သွားခဲ့သည်။
ကန်သင်းရိုးပေါ်သို့ ရောက်ပြီးနောက် တာအိုဆရာအိုကြီးသည် ဖိနပ်ကို ချွတ်လိုက်ပြီး ကန်သင်းရိုးဘေးမှ စိမ်းလန်းစိုပြေနေသော မြက်ပင်တစ်ဆုပ်ကို ဆွဲနှုတ်ကာ ဖိနပ်ပေါ်ရှိ ရွှံ့များကို သုတ်သင်ပြီး ခြေထောက်ပေါ်ရှိ ရွှံ့ရေများကိုလည်း ပြောင်စင်အောင် သုတ်လိုက်၏။
ဤသို့ အကြိမ်ကြိမ် လုပ်ဆောင်ပြီးနောက် တာအိုဆရာအိုကြီး၏ တာအိုဝတ်ရုံနှင့် ဘောင်းဘီ အောက်နားတို့သည် စိုရွှဲသွားပြီး ရွှံ့ရေများ ပေကျံသွားခဲ့သည်။
တာအိုဆရာအိုကြီးသည် မတတ်သာဘဲ ဘောင်းဘီအောက်နားကို ခေါက်တင်ကာ တာအိုဝတ်ရုံကို ခေါက်၍ ခါးတွင် စည်းထားလိုက်ရာ ပုံပန်းသွင်ပြင် မကျတော့ချေ။
တာအိုဆရာအိုကြီးသည် သူတို့ရှေ့ရှိ အခြားကမ္ဘာတစ်ခုကို ကြည့်ကာ အံ့ဩတကြီး ပြောဆိုလိုက်သည်။ “ညီလေး... ဒီနေရာက ပျောက်ဆုံးသွားတဲ့ ရှန်ကျားပေါက် များလား။”
လျှာအောက်တွင် ကြေးပြားတစ်ပြားကို ဖိထားသောကြောင့် တာအိုဆရာအိုကြီးသည် စကားပြောရာတွင် ထူးဆန်းသော အသံနေအသံထား ပါရှိနေပြီး စကားပြောတိုင်း လျှာလိပ်သံများ အလိုအလျောက် ပါလာတတ်သည်။ ထို့ကြောင့် အသံက နားထောင်ရ ထူးဆန်းနေခဲ့၏။
ဤအချိန်တွင် ကျင်းအန်း သည်လည်း လယ်ကွင်းထဲမှ ထွက်လာပြီး ကန်သင်းရိုးပေါ်သို့ ရောက်ရှိလာခဲ့သည်။
သို့ပေမည့် ကျင်းအန်း သည် မလှမ်းမကမ်းရှိ ရှန်ကျားပေါက်သို့ ချက်ချင်း လျှောက်မသွားဘဲ လှည့်ကာ ကန်သင်းရိုးအတိုင်း နောက်သို့ ပြန်လျှောက်သွားခဲ့၏။
ရလဒ်အနေဖြင့် သူသည် လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် လျှောက်သွားခဲ့သော်လည်း ထွက်မသွားနိုင်ခဲ့ချေ။ ရွာအပြင်ဘက်ရှိ လယ်ကွင်းများတွင်သာ အမြဲတမ်း လှည့်ပတ်နေခဲ့သည်။ လူက အဆုံးသို့ လျှောက်သွား၍ မရနိုင်ချေ။
.........
“တစ္ဆေ မျက်စိလှည့်တာလား။ တစ္ဆေ လမ်းမှားပြတာလား။”
ကျင်းအန်း သည် ဘယ်ညာ နှစ်ဖက်သို့ လျှောက်သွားရန် ထပ်မံကြိုးစားခဲ့သော်လည်း ထွက်မသွားနိုင်ခဲ့ချေ။ ကြည့်ရသည်မှာ ရှေ့သို့သာ လျှောက်သွားပြီး ရှန်ကျားပေါက် ထဲသို့ အရင်ဝင်ရတော့မှာဖြစ်သည်။
ကျင်းအန်းက မေးလိုက်၏။ “လူလိမ်အိုကြီး... အခု ကောင်းကင်က လုံးဝ မမှောင်သေးဘူး။ လယ်ကွင်းထဲက ကောက်ပဲသီးနှံတွေကလည်း ဖြစ်ထွန်းနေတယ်။ လူတွေက မကြာခဏ ပေါင်းသင်ပြီး ဂရုစိုက်နေပုံရတယ်။ ဒါပေမဲ့ အခု ဘာလို့ လူတစ်ယောက်မှ မတွေ့ရတာလဲဆိုတာကို သတိထားမိလား။”
သူတို့နှစ်ဦးသည် ရွှံ့ဗွက်ထနေပြီး ချော်နေသော ကန်သင်းရိုးအတိုင်း ရွှံ့ဗွက်များကို နင်းကာ လမ်းတစ်လျှောက်လုံး ခက်ခဲစွာဖြင့် ရှန်ကျားပေါက်သို့ လျှောက်သွားခဲ့ကြသည်။
ဤလမ်းတစ်လျှောက်လုံးတွင် အရာရှိဖုန်း၊ ဘုန်းကြီးဖူကျိ တို့၏ အရိပ်အယောင်ကို မတွေ့ရှိခဲ့ရချေ။ သူတို့နှစ်ဦး လျှောက်သွားခဲ့သော ခြေရာများကိုပင် မတွေ့ရှိခဲ့ရပေ။
“ဝေါ... ဝေါ...”
ရေစီးသံများ ထွက်ပေါ်လာခဲ့သည်။
ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့ သွားကြည့်လိုက်ရာ ရွာကို ပတ်၍ စီးဆင်းနေသော မြစ်လေးတစ်စင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
“ပလုံ...”
ရုတ်တရက် ရေပွက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ညီလေး နားထောင်ကြည့်။ အသံတစ်ခုခု ကြားလိုက်ရတယ်။” တာအိုဆရာအိုကြီးသည် စိတ်လှုပ်ရှားစွာဖြင့် အသံထွက်ပေါ်ရာဘက်သို့ အလျင်စလို လိုက်သွားရန် ကြိုးစားလိုက်၏။
သို့ပေမည့် တာအိုဆရာအိုကြီး လိုက်မသွားရသေးမီ မြစ်အထက်ပိုင်းမှ အရာတစ်ခုခုက ရေစီးကြောင်းအတိုင်း မျှောပါလာခဲ့သည်။
မြစ်ထဲရှိ ထိုအရာသည် ရေစီးကြောင်းအတိုင်း လျင်မြန်စွာ နီးကပ်လာပြီး သေဆုံးနေသော ခွေးမည်းတစ်ကောင်၏ အလောင်း ဖြစ်နေခဲ့၏။။
ခွေးမည်းအလောင်းသည် ဖောင်းကားနေပြီး ပုပ်ပွနေပြီ ဖြစ်သည်။ ဗိုက်ထဲတွင် အဖြူရောင် လောက်ကောင် အမြောက်အမြားဖြင့် ပြည့်နှက်နေခဲ့သည်။
“ဟမ်....” ကျင်းအန်း သည် အနည်းငယ် အံ့အားတသင့်ဖြင့် အသံထွက်လိုက်မိ၏။
‘ဒီကမ္ဘာက ခွေးတွေ သေသွားရင်လည်း အယူသီးပြီး ခွေးအလောင်းကို မြစ်ထဲ ပစ်ချကြတာလား။ မြေမြှုပ်လို့ မရဘူးလား။’
“ဒါက မမှန်ဘူး။ ညီလေး... ကျုပ်တို့က ရေထဲကျတဲ့ အသံကို အခုလေးတင် ကြားလိုက်ရတာ။ ဒါပေမဲ့ ဒီခွေးမည်းအလောင်းက ဘာလို့ ရေထဲမှာ အချိန်အတော်ကြာ စိမ်ထားရသလို ဖြစ်နေတာလဲ။” တာအိုဆရာအိုကြီး၏ သံသယအသံက ကျင်းအန်း၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
ထို့နောက် ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့သည် ယခင်က ရေထဲကျသံ ထွက်ပေါ်လာရာ နေရာသို့ လိုက်သွားခဲ့ကြသည်။ ထိုနေရာသည် ရှန်ကျားပေါက် ရွာနောက်ဘက်ရှိ မြစ်ကမ်းပါး ဖြစ်၏။
သူတို့ ရောက်ရှိသွားချိန်တွင် သဘာဝကျစွာပင် မည်သည့်အရာမှ မတွေ့ရှိခဲ့ကြချေ။
ထို့အပြင် ဤလမ်းတစ်လျှောက်လုံး လိုက်လာခဲ့ရာတွင် မြစ်ထဲ၌ အခြား မျောပါလာသော အရာများကိုလည်း ထပ်မံ မတွေ့ရှိခဲ့ရတော့ပေ။
“တကယ်ကို ထူးဆန်းလွန်းတယ်။ စောစောက ရေထဲကျတဲ့ အသံက တကယ်ပဲ ခွေးမည်းအလောင်းကို ပစ်ချလိုက်တဲ့ အသံများလား။ ဒါပေမဲ့ ဘယ်သူက ပစ်ချတာလဲ။” တာအိုဆရာအိုကြီးသည် မည်သို့မှ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေခဲ့သည်။
ကျင်းအန်းက ပြောလိုက်၏။ “ဒီနေရာက နေရာတိုင်းမှာ ဆန်းကြယ်မှုတွေ ပြည့်နှက်နေတယ်။ သွားကြစို့။ ကြည့်ရတာ ဒီတစ္ဆေရွာဖြစ်တဲ့ ရှန်ကျားပေါက်ထဲကို ဝင်မှပဲ ဘာတွေ ဖြစ်နေလဲဆိုတာကို သိနိုင်ပြီး ပျောက်ဆုံးနေတဲ့ တခြားလူတွေကို ရှာတွေ့နိုင်မှာ။”
ကျင်းအန်းသည် တာအိုဆရာအိုကြီးကို ခေါ်ကာ ရှန်ကျားပေါက်ထဲသို့ ဝင်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူတို့နှစ်ဦး ရွာထဲသို့ မဝင်ရသေးမီ၊ ရွာထိပ်သို့ ရောက်ရှိချိန်မှာပင် ရွာထိပ်ရှိ လည်ပင်းကောက်နေသော သစ်ပင်အိုကြီးတစ်ပင်ပေါ်တွင် အဝတ်စုတ်အိတ်တစ်လုံး ချိတ်ဆွဲထားသည်ကို မြင်တွေ့လိုက်ရ၏။
လေတိုက်၊ နေပူခံရသည်မှာ ကြာပြီဖြစ်သောကြောင့်လားမသိ၊ အဝတ်အိတ်သည် စုတ်ပြဲနေပြီး အပေါက်တစ်ခု ဖြစ်နေကာ အတွင်းမှ တိရစ္ဆာန်အမွေးများနှင့် တူသော မည်းမှောင်ပြီး ရွံရှာဖွယ် အလုံးတစ်လုံးကို မြင်တွေ့နေရသည်။
“ကြောင်သေရင် သစ်ပင်ပေါ် ချိတ်ဆွဲ၊ ခွေးသေရင် ရေထဲ မျှော။ ရှန်ကျားပေါက် ထဲတောင် မဝင်ရသေးဘူး လမ်းတစ်လျှောက်လုံး မြစ်ထဲက ခွေးမည်းအလောင်းကို တွေ့ရသလို သစ်ပင်ပေါ် ချိတ်ဆွဲထားတဲ့ ကြောင်အလောင်းကိုလည်း တွေ့ရတယ်။ ညီလေး... ကျုပ်ကတော့ ဒါဟာ မကောင်းတဲ့ လက္ခဏာတစ်ခုခုကို ကြိုတင်ပြသနေတယ်လို့ ခံစားရတယ်။”
တာအိုဆရာကြီးက ပြောလိုက်၏။ “ရွာထဲတောင် မဝင်ရသေးဘူး ကျုပ်ကတော့ နောက်ကျောမှာ လူတစ်ယောက် ကပ်နေပြီး ကျုပ်ရဲ့ ဂုတ်ပိုးကို အေးစက်တဲ့လေတွေ လာမှုတ်နေသလို ခံစားနေရပြီ။ အေးစက်တဲ့လေတွေက ဦးနှောက်ထဲအထိ တိုက်ရိုက် ရောက်လာတယ်။ ရွာထဲဝင်သွားရင် ပိုပြီး ကြောက်စရာကောင်းတာတွေကို မြင်တွေ့ရမှာ မဟုတ်ဘူးလား။”
တာအိုဆရာအိုကြီး၏ မျက်နှာသည် ရှုံ့မဲ့နေခဲ့၏။ ဤခံစားချက်က အနည်းငယ် အဆိုးမြင်လွန်းနေပြီး ကျင်းအန်း ကိုပင် လွှမ်းမိုးမှု ရှိနေခဲ့သည်။
ကျင်းအန်း သည် တာအိုဆရာအိုကြီးကို စကားမပြောနိုင်တော့ဘဲ ကြည့်လိုက်မိသည်။ ထို့နောက် သူက မေးလိုက်၏။ “လူလိမ်အိုကြီး... ခင်ဗျားရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာကို ကြည့်ပြီး အခု ကျုပ် ဘာတွေးမိလဲဆိုတာ သိလား။”
တာအိုဆရာကြီးတန်က ပြန်မေးသည်။ “ဘာလဲ။”
ကျင်းအန်းက ဖြေ၏။ “ညရောက်တာနဲ့ အလွမ်းတွေ ဝေနေတော့တာပဲ။ ကျုပ်ထင်တာတော့ ခင်ဗျားမှာ ကြင်ယာဖက် တစ်ယောက် လိုအပ်နေလောက်ပြီ။”
လူလိမ်အိုကြီးသည် ဒေါသထွက်သွားခဲ့သည်။ “ညီလေး... ခင်ဗျားက ကျုပ်ကို စိတ်ကူးလွဲနေတယ်လို့ အတိအလင်း ဆဲဆိုနေတာပဲ။”
ကျင်းအန်း၏ ဤသို့ ကြားဖြတ်ပြောဆိုမှုကြောင့် တာအိုဆရာအိုကြီး၏ အဆိုးမြင်စိတ်များသည် လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ထို့နောက် သူတို့ နှစ်ဦးသည် လမ်းတစ်လျှောက်လုံး ဆဲဆိုကြိမ်းမောင်းရင်း ရွာထဲသို့ ဝင်ရောက် သွားခဲ့ကြသည်။
..........
ရှန်ကျားပေါက် သည် မြေသားကမ်းပါးကြီးများဖြင့် ဝန်းရံထားသော ရွာတစ်ရွာ ဖြစ်၏။
ဤမြေသားကမ်းပါးကြီးများသည် ညဘက်တွင် သားရဲများ ရွာထဲ ဝင်ရောက်လာခြင်းကို ကာကွယ်ရန်သာမက တောင်ပေါ်မှ တောပုန်းဓားပြများ ဆင်းလာပြီး ရွာကို ဝင်ရောက်လုယက်ခြင်းကို ကာကွယ်ရန်လည်း အသုံးပြုကြသည်။
တရားရုံးနှင့် ဝေးကွာသော ခေါင်ဖျားသည့် ဒေသများတွင် ဤကဲ့သို့ မြေသားကမ်းပါးကြီးများဖြင့် ဝန်းရံထားသော ရွာများကို ပို၍ မကြာခဏ တွေ့မြင်ရလေ့ရှိ၏။
ရွာတစ်ရွာလုံးရှိ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ အမျိုးသား၊ အမျိုးသမီး အားလုံး စစ်သားများ ဖြစ်နေခြင်း ကလည်း သာမန်ကိစ္စပင် ဖြစ်၏။ ချဲ့ကားထားသော မြေသားရဲတိုက် ရွာများနှင့် ဆင်တူသည်။
ရွာတွင် တံခါးကြီး နှစ်ပေါက်ရှိပြီး ရွာထိပ်ရှိ တံခါးကြီးကို သေချာစွာ ပိတ်ထားသောကြောင့် ဝင်၍ မရနိုင်ချေ။ ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့သည် ရွာနောက်ဘက်ရှိ ရဲတိုက်တံခါးကြီးမှ ဝင်ရောက်ခဲ့ကြ၏။
ဤတံခါးကြီးကို တင်းကျပ်စွာ ပိတ်မထားဘဲ လူတစ်ယောက် ဖြတ်လျှောက်သွားနိုင်သည့် နေရာလွတ်တစ်ခု ကျန်ရှိနေခဲ့သည်။
ရဲတိုက်ထဲသို့ ဝင်ရောက်သွားချိန်တွင် ရွာသားများ၏ အိမ်များသည် ဟောင်းနွမ်းနေပြီး အနည်းငယ် စုတ်ပြတ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ လူမနေသည်မှာ ကြာပြီဖြစ်ပုံရ၏။ အလွန် အေးစက်ပြီး တိတ်ဆိတ်နေသည်ဟု ထင်ရ၏။
ဤသည်က အိမ်ခြေအားလုံး လူသူကင်းမဲ့နေသော ရွာအလွတ်ကြီးတစ်ခု ဖြစ်သည်။
လမ်းတစ်လျှောက်လုံး လျှောက်လာရာ သေဆုံးနေသကဲ့သို့ တိတ်ဆိတ်ခြင်းနှင့် ဖုန်မှုန့်များမှလွဲ၍ မည်သည့် ရွာသားကိုမှ မတွေ့ရှိခဲ့ရချေ။
ထို့ကြောင့် ပျောက်ဆုံးနေသော အရာရှိဖုန်း၊ ဘုန်းကြီးဖူကျိ တို့ကို ရှာတွေ့ရန် ဆိုသည်မှာ ပို၍ပင် ဝေးကွာလှသည်။
ဤသို့ အချိန်နှောင့်နှေးနေမှုကြောင့် ဦးခေါင်းထက်ရှိ ကောင်းကင်ယံသည် လုံးဝ မှောင်မိုက်လုနီးပါး ဖြစ်နေခဲ့သည်။ ဤ ရှန်ကျားပေါက် သည် တိတ်ဆိတ်လွန်း၊ ငြိမ်သက်လွန်းနေ၏။
“ညီလေး... ဒီနေရာက အရမ်းကို တိတ်ဆိတ်လွန်းတယ် မဟုတ်လား။ အရာရှိဖုန်းတို့ ရဲတိုက်ထဲကို တကယ်ပဲ ဝင်လာခဲ့တာများလား။ ရှန်ကျားပေါက် ထဲကို လုံးဝ မဝင်လာခဲ့တာရော မဖြစ်နိုင်ဘူးလား။”
တာအိုဆရာအိုကြီးက တီးတိုး ပြောဆိုလိုက်သည်။ “အကယ်၍ တကယ်ပဲ ဝင်လာခဲ့မယ်ဆိုရင် ဒီလောက် အချိန်တိုလေးအတွင်းမှာ မသန့်ရှင်းတဲ့အရာတွေနဲ့ တကယ်ပဲ ဆုံတွေ့ခဲ့ရင်တောင် လူက ချက်ချင်း ဘေးဒုက္ခ ကြုံတွေ့သွားဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခုခုတော့ လှုပ်ရှားမှုအသံ ထွက်လာမှာပဲလေ။”
ရှန်ကျားပေါက် သည် ကျယ်ပြန့်ပြီး လူသူကင်းမဲ့ကာ အရမ်း တိတ်ဆိတ်ငြိမ်သက်လွန်းနေသောကြောင့် တာအိုဆရာအိုကြီးသည် တီးတိုး ပြောဆိုလိုက်သော်လည်း ပတ်ဝန်းကျင်တွင် ပဲ့တင်သံ အနည်းငယ် ထွက်ပေါ်လာခဲ့၏။
တာအိုဆရာအိုကြီး၏ အသံ ပဲ့တင်ထပ်သွားပြီး ကျင်းအန်း ပြန်လည်မဖြေကြားနိုင်မီမှာပင် ရုတ်တရက် ဤလူသူကင်းမဲ့သော တစ္ဆေရွာ၏ တိတ်ဆိတ်ငြိမ်သက်နေသော နေရာတွင် ကလေးငယ်တစ်ဦး၏ စကားပြောသံ ထွက်ပေါ်လာခဲ့သည်။
“ငါ သွားတော့မယ် အာ့ချင်း.... မနက်ဖြန်ကျမှ မင်းနဲ့ တူတူ တူတူပုန်းတမ်း လာဆော့မယ်နော်။”
ထို့နောက် ဤကျယ်ပြန့်လွတ်ဟာနေသော တစ္ဆေရွာထဲတွင် ခြေသံ ပဲ့တင်သံများ ရှင်းလင်းစွာ ထွက်ပေါ် လာခဲ့ပြီး ကလေးငယ်တစ်ဦးသည် ခုန်ပေါက်ကာ အိမ်ပြန်သွားခဲ့၏။
ရုတ်တရက် ပေါ်ထွက်လာသော အသံကို ကြားရချိန်တွင် နောက်ဆုံးတော့ လူတစ်ယောက်ကို တွေ့ရပြီ ဖြစ်သောကြောင့် ကျင်းအန်း နှင့် တာအိုဆရာအိုကြီးတို့သည် တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးသား ချက်ချင်းပဲ နောက်မှ လိုက်သွားခဲ့ကြသည်။
........................