ပြန့်ကြဲမိုးကြိုးကလန်၌ တိုက်ပွဲ (၆)
Vol. 102 Ch. 1404
စိတ်ဝိညာဉ်ကျာပွတ် ပေါ်လာသည်နှင့် အကြီးအကဲခေါင်းဆောင်၏မျက်လုံးသည် ပြူးကျယ်လာသည်။ သူသည် ထိုကျာပွတ်ကို ကြည့်နေမိ၏။ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှု ဖြတ်ပြေးသွားသည်။
“ဒါက…ဒါက…မဟုတ်သေးဘူး။ ဒီကျာပွတ်ဟာ အသွင်သဏ္ဌာန်ပဲတူတာ။ အော်ရာ ကွဲပြားတယ်…”
စိတ်ဝိညာဉ်ကျာပွတ်သည် ပေတစ်သိန်းထိ ရှည်ထွက်လာ၏။ ထိုကျာပွတ်နှင့် ရိုက်ချခံရသည့်အခါ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်ထံမှ တစီစီအသံများ ထွက်ပေါ်လာ၏။ ၎င်းတို့သည် နာကျင်စွာအော်ဟစ်လျက် ထပ်တိုးလာဝင်လာရန် ဟန်ပြင်သည်။ ထိုစဉ် ဝမ်လင်းသည် ကျာပွတ်ကို ဆုပ်ကိုင်ကာ အရူးအမူး စတင် ရိုက်ချလေ၏။
စိတ်ဝိညာဉ်ကျာပွတ်သည် ဟင်္သာပြဒါးဂြိုဟ်မှာကတည်းက သူနှင့်အတူ ရှိခဲ့ကာ မူလစိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်ရန် အထူးပြုထားခြင်းပင်။ သင်၏ကျင့်ကြံမှုအဆင့်က မည်သို့ပင် ဖြစ်နေပါစေ သင်သာ စိတ်ဝိညာဉ်ပုံစုံအသွင်နှင့် ရှိနေပါက ထိုကျာပွတ်ရှေ့တွင် မျှော်လင့်ချက်မဲ့ရမည်သာ။
ဤအခိုက်အတန့်တွင် ဝမ်လင်းသည် ကျာပွတ်ရိုက်ချက်ကို မရပ်တန်း ထုတ်ဖော်နေ၏။ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်သည် ပြင်းထန်ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လေ၏။ မထင်မှတ်စွာဖြင့် ၎င်းတို့သည် နီးကပ်လာနိုင်စွမ်း မရှိကြတော့ပါ။ ကျာပွတ်ကြောင့် ၎င်းတို့သည် နောက်သို့ လွင့်စင်ရလေ၏။
၎င်းတို့ နောက်ဆုတ်နေရင်း ကျာပွတ်ရိုက်ချက် ထိမှန်ခံရသော ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ လောင်ကျွမ်းကာ အရည်ပျော်မည့် လက္ခဏာများ ပြသလာလေ၏။
ဝမ်လင်းသည် တက်ကြွလာ၏။ စဉ်းစားမနေဘဲ သူက သူ့ကျင့်ကြံမှုအစွမ်းကိုပါ ကျာပွတ်အတွင်းသို့ သွန်းလောင်းသည်။ ကျာပွတ်သည် တစ္ဆေအလင်းတောက်ပမှုကို ပေး၏။ ထိုကျာပွတ်၏ ကျိုးပျက်နေသောအပိုင်းကနေ ရွှေရောင်အလင်း ထွက်ပေါ်လာသည်။
ထိုရွှေရောင်အလင်းကို အကြီးအကဲခေါင်းဆောင် တွေ့မြင်သည့်အခါ သူ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု အရိပ်အယောင် ဖြစ်ပေါ်လာသည်။
“ဒီရွှေရောင်အလင်းက…ဒီရွှေရောင်အလင်းက။ ဒီပစ္စည်းဟာ တကယ့်ကိုပဲ…မဖြစ်နိုင်ဘူး။ အဲ့ကျာပွတ်က သိမ်းပိုက်တာ ခံလိုက်ရပြီ။ ဘယ်လိုလုပ် သူ့လက်ထဲမှာ ရှိနိုင်ပါ့မလဲ။ မဖြစ်နိုင်ဘူး…”
“မင်းရဲ့ ဒီတုပထားတဲ့ကျာပွတ်က ဘာလုပ်နိုင်မလဲ ငါ မြင်ချင်မိတယ်။ ရှေးဟောင်းမိုးကြိုးနဂါး…ငါ့အတွက် ဝါးမြိုလိုက်ကြတော့…” အကြီးအကဲခေါင်းဆောင်သည် ကျာပွတ်ကို စိုက်ကြည့်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သွေးများ ထပ်မံ ထွေးထုတ်လိုက်သည်။ သွေးများသည် ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်ထံသို့ ပျံ့နှံ့သွားကာ ၎င်းတို့ကို အပြင်းအထန်ဟိန်းသံ ပြုစေ၏။ ၎င်းနဂါးများသည် နောက်သို့ ဆက်မဆုတ်တော့ဘဲ ထိုအစား ရှေ့သို့ တိုးဝင်လာချေသည်။
ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်း၏။ သူက လက်ထဲရှိ ကျာပွတ်ကို မြန်ဆန်စွာ လှုပ်ရှားစေသည်။ စိတ်လှုပ်ရှားဖွယ်တိုက်ပွဲတစ်ပွဲသည် သူနှင့် ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်ကြားတွင် အစပြုလေပြီ။ ကျာပွတ်ထံမှ တစ္ဆေအလင်းသည် လျော့ပါးလာ၏။ တဖြည်းဖြည်းဖြင့် ကျိုးပျက်နေသော အစိတ်အပိုင်းများထံမှ ရွှေရောင်အလင်းက အစားထိုးလာသည်။
ခဏအကြာတွင် ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်သည် ရူးသွပ်သွားဟန်တူသည်။ ၎င်းတို့သည် ဝမ်လင်းကို လက်လွှတ်ကာ ကျာပွတ်ထံသို့ တိုးဝင်တော့၏။
အကြီးအကဲခေါင်းဆောင်က စိတ်ဝိညာဉ်ကျာပွတ်ကို စိုက်ကြည့်နေရင်း လှမ်းအော်၏။ “ရှေးဟောင်းမိုးကြိုးနဂါး...ပေါက်ကွဲလိုက်စမ်း...ပေါက်ကွဲစမ်း...ပေါက်ကွဲစမ်း...”
အကြီးအကဲခေါင်းဆောင် အော်ဟစ်နေစဉ် နဂါးရှစ်ကောင်မှာ တုန်ယင်လျက် ၎င်းတို့ထဲမှ တစ်ကောင်သည် စတင်တုန်ဟည်းကာ ပေါက်ကွဲသွားလေ၏။ ၎င်း၏ခန္ဓာကိုယ်မှ မိုးကြိုးများ ပြန့်ကြဲလာကာ မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်တည်သည်။
ဤကား ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်တည်း ပေါက်ကွဲခြင်း မဟုတ်ပေ။ အချိန်တိုအတွင်း ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင် ပေါက်ကွဲသွားတာ ဖြစ်၏။ မိုးကြိုးမုန်တိုင်းရှစ်ခု ပျံ့နှံ့လာ၏။ ယင်းမုန်တိုင်းများသည် ကြယ်နယ်မြေတစ်ခုအတွင်းရှိ သက်ရှိအားလုံးကို ဖျက်စီးပစ်နိုင်သည့်အထိ လုံလောက်အောင် အစွမ်းထက်သည်။
မုန်တိုင်းများသည် ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်လာ၏။ ထိုအန္တရာယ်အခိုက်အတန့်တွင် ဝမ်လင်း၏လက်ထဲရှိ စိတ်ဝိညာဉ်ကျာပွတ်မှာ အရူးအမူး ဆန့်ထွက်ကာ ရိုက်ချ၏။ သို့သော် မုန်တိုင်းကား သန်မာလွန်း၏။ ပထမဆုံးအကြိမ်အဖြစ် ထိုစိတ်ဝိညာဉ်ကျာပွတ်သည် လုံလောက်အောင် မသန်မာတော့တာ ဖြစ်ရသည်။
၎င်းပေါ်တွင် အက်ရာများပေါ်လာ၏။ တစီစီအသံများထွက်ပေါ်လျက် ကျာပွတ်ထိပ်ဖျားမှာ ပျက်စီးသွားလေသည်။
ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း သွေးအလိမ်းလိမ်း ဖြစ်နေ၏။ ထိုမှသာ အကြီးအကဲခေါင်းဆောင်သည် အနည်းငယ် စိတ်သက်သာရာ ရသွားတော့၏။ သူသည် ထိုကျာပွတ်သည် သူမျှော်လင့်ထားသည့်အရာ မဟုတ်မှန်း သေချာစေလိုက်သည် မဟုတ်လား။ သူ စိတ်သက်သာရာ ရသွားရင်း သတ်ဖြတ်ချင်စိတ်က လှိုက်တက်လာကာ ရှေ့သို့ တိုးဝင်လာသည်။ သူသည် မုန်တိုင်းနှင့်အတူ ဝမ်လင်းကို သတ်ရန် ဦးတည်လာသည်။
“ဒီအဘိုးအိုအတွက် သေလိုက်တော့....” အကြီးအကဲခေါင်းဆောင်သည် ချက်ခြင်းနီးကပ်လာရင်း လှောင်ပြုံးပြုံး၏။ သူက သူ့လက်ကို ပင့်မြှောက်ကာ အောက်သို့ ရိုက်ချရန် ဟန်ပြင်သည်။
သို့ရာတွင် ထိုအခိုက်၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
ဝမ်လင်းသည် နဂါးရှစ်ကောင်ပျက်စီးမှုကနေ ဖြစ်ပေါ်လာသော မုန်တိုင်းအတွင်း၌ ရုန်းကန်နေ၏။ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် ပျက်စီးလုနီးနီး၊ သူ၏မူလစိတ်ဝိညာဉ်မှာလည်း အပြင်းအထန် ဒဏ်ရာရထားသည်။
သူ့မျက်လုံးသည် ချင်းချင်းနီနေ၏။ သူသည် သက်ပြင်းချမိသည်။ သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကို တိုက်ခိုက်နိုင်ဖို့ လုံလောက်အောင် မသန်မာသေးပေ။ သူက ခုနစ်သန်းလောကများထံ ဦးတည်ခေါ်ဆောင်နိုင်သည့် အဆောင်ကို အသက်သွင်းရန် ဟန်ပြင်လိုက်စဉ် သူ့မျက်လုံးထဲ၌ တုန်လှုပ်မှု ပြည့်နှက်သွားသည်။
ပျက်စီးသွားသော စိတ်ဝိညာဉ်ကျာပွတ်ထံမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ချက်ခြင်းပင် ပိုမိုများပြားသော ရွှေရောင်အလင်းများ ပျံ့နှံ့သည်။ ထိုရွှေရောင်အလင်းသည် အတိုင်းမသိအော်ရာတစ်ခု ပါဝင်၏။ မုန်တိုင်းအတွင်းရှိ ရှေးဟောင်းမိုးကြိုးနဂါးများသည်ပင် တုံ့ဆိုင်းသွားသည် ထင်ရသည်။
လောကသည်ပင် ရပ်တန့်သွားသလား ထင်မှတ်ရလေ၏။
ဤလောကရှိ အသံဗလံအားလုံး ပျောက်ကွယ်သွားသည့်အလား။ မိုးကြိုးတုန်ဟည်းသံပင် ပျောက်ကွယ်သွားသည့်အလား။ ရွှေရောင်အလင်းနှင့် ကျာပွတ်ထံမှ အော်ရာတို့မှလွဲ၍ အရာအားလုံး ကွယ်ပျောက်သွားသည့်အလား။
ရွှေရောင်အလင်းထဲ၌ ပေတစ်သိန်းကျာပွတ်သည် ကြုံ့လာ၏။ ဆက်လက်ကြုံ့လာ၏။ ၎င်းကျာပွတ်သည် တစ်လွှာချင်း ပြိုကျလာကာ ၎င်းထံမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းသည် သာ၍ သိပ်သည်းလာသည်။
ဤအခိုက်အတန့်တွင် ပေတစ်သိန်းကျာပွတ်သည် ဆယ်ပေသာ ရှည်လျားတော့သည်။ ကျာပွတ်ပေါ်ရှိ နောက်ဆုံးလက်ကျန် သားရေအပိုင်အစ ပျက်စီးသွားသည်။ ထို့နောက် ယင်းကျာပွတ်ပေါ်တွင် တုန်လှုပ်ဖွယ်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
ယင်းသည် ကျာပွတ်နှင့်မတူတော့၊ အလင်းတန်းတစ်ခုနှင့်သာ တူတော့၏။ ရွှေရောင်အလင်းတန်းတစ်ခု။
ထိုရွှေရောင်အလင်းအမျှင်တန်းထံမှ အံ့မခန်းဖိအားတစ်ခု ထွက်ပေါ်နေသည်။
ဝမ်လင်းသည် ထိုရွှေရောင်အမျှင်တန်းကို ကိုင်ထားလျက် ရှိ၏။ ဤအခိုက်တွင် သူ့စိတ်သည် တုန်ယင်ရသည်။ သူသည် သူ့လက်ထဲ၌ စိတ်ဝိညာဉ်သန်းချီကို ကိုင်ဆောင်ထားသလိုမျိုး ယောင်မှားမှား ဖြစ်ရသည်။ ထူးဆန်းသောမန္တာန်တစ်ခုကြောင့် ထိုစိတ်ဝိညာဉ်များနှင့် အလင်းတို့သည် အတူပေါင်းစည်းကာ စိတ်ဝိညာဉ်များကို အထူးပျက်စီးစေသော ဤစိတ်ဝိညာဉ်ကျာပွတ်ကို ဖြစ်တည်ခြင်းပင်။
ဝမ်လင်း၏စိတ်ထဲ၌ ဉာဏ်အလင်းတစ်ခု ခပ်ရေးရေး ရရှိလာသည်။ ဝမ်လင်းသည် ထိုပေတစ်ရာခန့်ရွှေရောင်အမျှင်တန်းကို ကိုင်ကာ ညင်သာစွာ ဝေ့ယမ်းလိုက်၏။ ရွှေရောင်အမျှင်တန်းသည် မြေတစ်ကောင်အလား တွန့်ခေါက်လိမ်ကာ ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်ကြောင့် ဖြစ်ပေါ်သော မုန်တိုင်းထံသို့ ရိုက်ချလာသည်။
ထိုရွှေရောင်အမျှင်တန်းသည် ရိုက်ချလာစဉ် ၎င်းသည် ချက်ခြင်းပင် ဆန့်ထွက်ရှည်လျား၏။ ပေတစ်ထောင်၊ ပေတစ်သောင်း၊ ပေတစ်သိန်း။
ထိုရွှေရောင်အမျှင်တန်းသည် အဆုံးမရှိ ချဲ့ကားထွက်လာကာ ဝမ်လင်းပတ်လည်ရှိ မုန်တိုင်းကို တိုက်ရိုက် ဖြက်တောက်သည်။ မိုးကြိုးမုန်တိုင်းသည် တုန်ခါလျက် ချက်ခြင်း ပျက်စီးသွားလေ၏။
၎င်း ပျက်စီးသွားစဉ် ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်၏ စိတ်ဝိညာဉ်များသည် ထက်ပိုင်းကွဲထွက်ကာ နာကျင်စွာအော်သံ ပြုသည်။ ၎င်းတို့သည် စတင်လွင့်ပါးကာ ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော ရှေးဟောင်းမိုးကြိုးနယ်မြေအတွင်းသို့ ပြန်ဝင်ရောက်ရန် ဟန်ပြင်သည်။
အကြီးအကဲခေါင်းဆောင်၏ မျက်လုံးထဲ၌ ကြောက်မက်ဖွယ်ထိတ်လန့်မှုတို့ ပြည့်နှက်နေလေပြီ။ ထိုရွှေရောင်အမျှင်တန်း ပေါ်လာသည်နှင့် သူသည် နောက်သို့ အရူးအမူး ဆုတ်သည်။ သို့သော် သူသည် ၎င်းအမျှင်တန်း၏ ထိမှန်ခြင်း ခံလိုက်ရသည်သာ။ သူသည် ချက်ခြင်း သွေးအန်ထုတ်လိုက်ရပြီး နောက်သို့ အလျင်အမြန် ဆုတ်၏။ သူသည် အံ့အားတသင့် ဆိုမိသည်။ “ဒါ...ဒါက...အတိတ်တုန်းက ကမ္ဘာသန်းချီစိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းကျာပွတ်ပဲ။ ဒါဟာ ဒီလောကမှာ ဘယ်တော့မှ ထပ်မပေါ်လာသင့်တဲ့အရာပဲ...”
“မင်း ဘယ်သူလဲ။ ဘာကောင်လဲ။ မင်း ဘယ်ကလာခဲ့တာလဲ။ အတိတ်တုန်းက ဘိုးဘေးကို ကူညီပေးခဲ့တဲ့ ကျင့်ကြံသူအုပ်စုရဲ့ ခေါင်းဆောင် ပိုင်ဆိုင်တဲ့ ဒီရတနာဟာ မင်းရှိမှာ ဘာကြောင့် ရှိနေရတာလဲ...” အကြီးအကဲခေါင်းဆောင်၏ စိတ်နှလုံးထဲရှိ ကြောက်ရွှံ့မှုသည် အကန့်အသတ်သို့ ရောက်လာခဲ့ပေပြီ။ သူသည် အရင်တုန်းက ထိုကျာပွတ်ကို ကိုင်တိုင်မြင်တွေ့ခဲ့ဖူးသည်။
အတိတ်တုန်းက ဘိုးဘေး ရှိစဉ်က သူသည် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်တွင်သာ ရှိခဲ့သေး၏။ ထိုစဉ်က သူသည် ကျင့်ကြံသူအုပ်စုတစ်စု၏ခေါင်းဆောင်က ထိုကျာပွတ်ကို လက်ဝယ်ရှိခဲ့သည်ကို ကိုယ်တိုင် မြင်ခဲ့ဖူးသည်။ ထိုကျာပွတ် ရိုက်ချက်တစ်ချက်တည်းဖြင့် လောကသည် ပျက်စီးကာ အချိန်သည် နောက်ပြန်စီးဆင်းခဲ့သည်။ လောကတွင် ဧရာမအက်ကြောင်းအဟကြီး ပေါ်လာခဲ့သည်။ ထိုပျက်စီးမှုအဟအတွင်း ခုနစ်သန်းလောကများ ပေါ်လာခဲ့ခြင်းပင်။
သူက ထိုကျင့်ကြံသူ ကျာပွတ်ကို ဒုတိယကြိမ်မြောက် ဝေ့ယမ်းခဲစဉ်က လေဟာနယ်ကို ဖွင့်လှစ်ခဲ့သည်ကို မြင်ခဲ့၏။ အမှောင်ထုထံမှ မတောမသပ်နိုင်သောရတနာများကို ကျာပွတ်ဖြင့် ယူဆောင်ခဲ့သည်ကို မြင်ခဲ့ဖူးသည်။ ထိုဖြစ်တည်မှုများကို ခုနစ်သန်းလောကအတွင်းသို့ ထည့်သွင်းခဲ့တာ မြင်ခဲ့ဖူးသည်။ သူတို့သည် ခုနစ်သန်းလောကများ၏ ပထမဆုံးသောအခြေချနေထိုင်သူများ ဖြစ်ကြပေ၏။
သူက ထိုကျင့်ကြံသူ ထိုဖြစ်တည်မှုများကို အမှောင်ထုအတွင်းမှ ထုတ်ယူခဲ့စဉ် လေဟာနယ်အတွင်းမှ ဒေါသတကြီးအသံတစ်ခု ထွက်ပေါ်လာသည်ကိုလည်း မြင်ခဲ့ဖူးပေသည်။ ထို့နောက် သူ အခုထိ မမေ့နိုင်သော ကြောက်မက်ဖွယ်အော်ရာတစ်ခုသည် ထိုလေဟာနယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ဒေါသတကြီးအော်သံနှင့်အတူ ပုံရိပ်ယောင်ပုံရိပ်တစ်ခုသည် လှမ်းထွက်လာခဲ့ဖူး၏။
သို့ပေမည့် သူ့ကို ကြောက်လန့်စေသော ထိုပုံရိပ်သည် ဆန်းကြယ်သောကျင့်ကြံသူက ကျာပွတ်ကို တတိယကြိမ်မြောက် ရိုက်ချချိန်တွင် ပျက်စီးသွားခဲ့ရသည်။
“သူတို့က ထွက်သွားခဲ့ကြပြီ။ သူတို့ ကျာပွတ်ကို ယူပြီး ထွက်သွားခဲ့ပြီ မဟုတ်လား။ သူတို့ရဲ့ အကြီးအကဲရဲ့ ဒီကျာပွတ်ရတနာဟာ တဖန်ပြန်ပေါ်လာပြီး ဘာကြောင့် ဒီဝမ်လင်းဆိုတဲ့လူရဲ့ လက်ထဲမှာ ရှိနေရတာလဲ။ မဟုတ်မှလွဲရော...မဟုတ်မှလွဲရော ဒါဟာ ဘိုးဘေးရဲ့စိတ်ဝိညာဉ် လုပ်ဆောင်မှုလား။ သူကာ ဒီကမ္ဘာသန်းချီစိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း ကျာပွတ်ကို ငါ့ရှိ ပေးဖို့အတွက် လူတစ်ယောက်ကို ဒီနေရာရှိ စေလွတ်ခဲ့တာများလား...” အကြီးအကဲခေါင်းဆောင်၏ စိတ်ထဲတွင် လောဘနှင့် ပြည့်နှက်လာချေသည်။
ဝမ်လင်းသည် အကြီးအကဲခေါင်းဆောင် မည်သို့တွေးနေသည်ကို စဉ်းစားဖို့ အချိန်မရှိပေ။ ထိုအခိုက်အတန့်၌ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ထုတ်လွှတ်လာသည်။ သူ့စိတ်နှလုံးမှာ ခုန်ပေါက်မိ၏။ သူသည် စုတ်ပြတ်သပ်ကာ နောက်သို့လွင့်စင်သွားသော ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်၏ စိတ်ဝိညာဉ်များကို ကြည့်သည်။
“ဒါဟာ ရှေးဟောင်းမိုးကြိုးနဂါးတွေပဲ။ သူတို့ဟာ စိတ်ဝိညာဉ်သပ်သပ်ဆိုပေမယ့် အစစ်အမှန် ရှေးဟောင်းမိုးကြိုးနဂါးတွေ ဖြစ်နေဆဲပဲ။ အတိတ်တုန်းက ငါဟာ ရှေးဟောင်းမိုးကြိုးနဂါးစိတ်ဝိညာဉ်ရဲ့ တစ်ဝက်ကို ဝါးမြိုခဲ့ဖူးတယ်။ ငါဟာ အခု ဒီအခွင့်အရေးကို လက်လွှတ်လို့ မဖြစ်ဘူး...”
ဝမ်လင်း၏မျက်လုံးသည် တောက်ပနေ၏။ နဂါးစိတ်ဝိညာဉ်များသည် ပျောက်ကွယ်တော့မည် ဖြစ်သည်။ သူတို့ ပျောက်ကွယ်သွားသည်နှင့် ဝမ်လင်းအဖို့ အခုလို အခွင့်အရေးမျိုး ဘယ်တော့မှ ထပ်ရနိုင်တော့မည် မဟုတ်ပါ။ ထိုအခိုက်၌ သူသည် များများစားစား တွေးမနေတော့၊ သူ့မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ပေါ်လာလေ၏။ သူ့မူလစိတ်ဝိညာဉ်သည် တဟုန်ထိုး ထွက်လာသည်။
သူ့မူလစိတ်ဝိညာဉ်သည် ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင် ဖြစ်၏။ သို့သော် ဤအခိုက်၌ ၎င်းသည် အတိုင်းမသိမြူထုတစ်ခုကဲ့သို့ အဆုံးမရှိ ချဲ့ကားသွားသည်။
ဝမ်လင်းသည် အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်မှာတုန်းကပင် ရှေးဟောင်းမိုးကြိုးနဂါးတစ်ဝက်ကို ဝါးမြိုနိုင်စွမ်း ရှိခဲ့သူ မဟုတ်လား။ အမှန်တော့ သူသည် စိတ်ဝိညာဉ်ဝါးမြိုသူတစ်ယောက် ဖြစ်ခဲ့သည်။ စိတ်ဝိညာဉ်ဝါးမြိုသူသည် လောကရှိ မည်သည့်စိတ်ဝိညာဉ်ကိုမဆို ဝါးမြိုနိုင်ပေသည်။
ဝမ်လင်း ထိုအစွမ်းကို အသုံးမပြုသည်မှာ အချိန်ကြာလွန်းခဲ့ပြီ ဖြစ်သော်လည်း ယနေ့တွင်မူ သူသည် ယင်းအစွမ်းကို ထပ်မံ အသုံးပြုပေတော့မည်။
“ဝါးမြိုမယ်။ ဝါးမြိုမယ်။ ဒီ ရှေးဟောင်းမိုးကြိုးနဂါးတွေကို ဝါးမြိုပစ်မယ်။ သူတို့ကို ဝါးမြိုပြီးတာနဲ့ ငါ့ရဲ့ မိုးကြိုးစွမ်းအားဟာ များစွာတိုးတက်လာမှာ ဖြစ်တယ်...” ဝမ်လင်း၏စိတ်သည် ရူးသွပ်မှုဆန္ဒကို ပေးစွမ်းနေလေပြီ။ သူ့မူလစိတ်ဝိညာဉ်သည် သူ၏ထိန်းချုပ်မှုအောက်တွင် ရွှေ့လျားသွားကာ စတင်ဝါးမြိုလေသည်။
ပျောက်ကွယ်တော့မည့် ရှေးဟောင်းမိုးကြိုးနဂါးစိတ်ဝိညာဉ်များသည် တုန်ယင်ကာ ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုသည် ဝမ်လင်း၏ ဝါးမြိုခြင်း ခံလိုက်ရချေသည်။
ချက်ခြင်းပင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် အရူးအမူး မြင့်တက်လာ၏။ မိုးကြိုးသံများ တုန်ဟည်း၏။ မိုးကြိုးအပေါ် သူ၏စွမ်းအားသည် အခုလောက် ဘယ်တုန်းကမျှ တိုးတက်မလာဖူးပေ။
ထိုမြင်ကွင်းသည် အကြီးအကဲခေါင်းဆောင်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သူ့မျက်လုံးသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေ၏။ သူသည် ဝမ်လင်းသည် ရှေးဟောင်းမိုးကြိုးနဂါးစိတ်ဝိညာဉ်များကို ထိုသို့ ဝါးမြိုဝံ့လိမ့်မည်၊ ဝါးမြိုနိုင်လိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။
“ဒါ...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
***