ပြန့်ကြဲမိုးကြိုးကလန်၌ တိုက်ပွဲ (၇)
Vol. 102 Ch. 1405
ရှေးဟောင်းမိုးကြိုးနဂါးစိတ်ဝိညာဉ်များသည် အပိုင်းပိုင်းအစစဖြစ်ကာ လျင်မြန်စွာ ပျောက်ကွယ်နေ၏။ သို့ပေမည့် ဝမ်လင်း ရှိုက်သွင်းလိုက်ရာ ယင်းတို့၏ သုံးဆယ်ရာခိုင်နှုန်းသည် သူ၏ စုပ်ယူခြင်းကို ခံလိုက်ရပေပြီ။
ရှေးဟောင်းမိုးကြိုးနဂါးစိတ်ဝိညာဉ်များ သူ့မူလစိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်လာသည့်အခါ သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးသည် မြင့်တက်လာ၏။ သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးသည် ဟိန်းမြည်ကာ ပေတစ်ရာခန့်ကျယ်ပြောပြီး ပေတစ်ထောင်ရှည်လျားသော ငွေရောင်လျှပ်စီးများအဖြစ်သို့ ပြောင်းသည်။ ယင်းတို့ထံမှ တစီစီအသံများ ထုတ်လွှတ်လေ၏။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထံမှ အနှိုင်းမဲ့မိုးကြိုးခွန်အားတစ်ခု ထွက်ပေါ်လာ၏။
လျှပ်စီးအားလုံး၊ မိုးကြိုးအားလုံး၊ မိုးကြိုးနှင့် ဆက်နွှယ်နေသော အရာအားလုံးသည် ဝမ်လင်း၏ကိုယ်တွင်း၌ မြန်ဆန်စွာ ဖွဲ့စည်းသည်။ သူသည် တစ်ခုခုကို ဖမ်းဆုပ်မိဟန် ပေါ်သည်။ သို့သော် အရာအားလုံးမှာ ဝေဝါးနေဆဲသာ။
သူ့မူလစိတ်ဝိညာဉ်ထဲ၌ ကွယ်ဝှက်နေသော မိုးကြိုးအနှစ်သာရမှာ စတင်ပြန့်ကားလာ၏။ ၎င်းသည် သူ့နှလုံးကို ခုန်စေသည့်အလား။ တစ်ချက်ခုန်သွားတိုင်း မိုးကြိုးအနှစ်သာရသည် ကြီးထွားလာကာ ပိုမိုများပြားသော မိုးကြိုးအနှစ်သာရကို မွေးဖွားပေးသည်။
ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ပင်။ သူသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ရှေးဟောင်းမိုးကြိုးနဂါးတစ်ဝက်ကို ဝါးမြိုခဲ့ချိန်ကတည်းက သူ့မူလစိတ်ဝိညာဉ်သည် ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲခဲ့ပြီးပင်။ ထို့နောက် နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့ပြီးသည့်အချိန်မှာ ၎င်းသည် တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲကာ မိုးကြိုးအနှစ်သာရ ဖွဲ့တည်လာခဲ့သည်။ သူ့မူလစိတ်ဝိညာဉ်သည် ခုချိန်၌ မိုးကြိုးတန်းတစ်ခု ဖြစ်လုနီးပါးပင်။
သို့ပေမည့် ၎င်းမှာ ဖြစ်လုနီးပါးသာ။ သူ့မူလစိတ်ဝိညာဉ်သည် မိုးကြိုးတန်းတစ်ခု အမှန်တကယ် မဖြစ်လာသေးပေ။
ခုချိန်၌ သူ့မူလစိတ်ဝိညာဉ်သည် မြန်ဆန်စွာ စတင် ပြောင်းလဲနေ၏။ ၎င်းသည် အစစ်အမှန်မိုးကြိုးတန်းတစ်ခု ဖြစ်လာရန် ဆင့်ကဲတိုးတက်နေသည်။ သူ ဝါးမြိုခဲ့သော ရှေးဟောင်းမိုးကြိုးနဂါးစိတ်ဝိညာဉ်များသည် သူ၏မူလစိတ်ဝိညာဉ်ကို ပြီးပြည့်စုံစေခြင်းဆီသို့ ရွှေ့လျားနေစေခြင်းပင်။
သည့်မတိုင်ခင်တုန်းက သူ၏မူလစိတ်ဝိညာဉ်သည် ပြန့်ကြဲမိုးကြိုးကလန်၏ ထာဝရမိုးကြိုးနှင့် အဆင့်တူတွင် ရှိခဲ့လျှင်ပင် ဤက တူညီသောအဆင့်တွင်သာ ဖြစ်သည်။ တူညီသောအဆင့်အတွင်းမှာပင် ကွဲပြားသောခွန်အားများ ရှိနေသေးသည် မဟုတ်လား။ သို့ပေမည့် ထိုအရာများသည် မြန်ဆန်စွာ ပြောင်းလဲနေပေပြီ။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် မာန်သွင်းသံ ပြု၏။ ၎င်းသည် စိတ်ဝိညာဉ်ဝါးမြိုသူအဖြစ် ပြောင်းလဲကာ နောက်တစ်ဖန် ရှိုက်သွင်းလိုက်ပြန်သည်။
လောကသည် အရောင်များ ပြောင်းလဲကုန်၏။ ဟင်းလင်းပြင် တုန်ယင်၏။ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာသည်။ ကျန်သည့် ရှေးဟောင်းမိုးကြိုးနဂါးစိတ်ဝိညာဉ်များသည်လည်း ဝမ်လင်း၏မူလစိတ်ဝိညာဉ်အတွင်းသို့ ရှိုက်သွင်းခြင်း ခံရသည်။
ချက်ခြင်းပင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် အရူးအမူး ရွှေ့လျားကာ ၎င်း၏မြူအသွင်ကနေ ပြန်ဖွဲ့စည်းသည်။ သူ၏မူလစိတ်ဝိညာဉ်ထံမှ မိုးကြိုးအနှစ်သာရ၏ ကြောက်မက်ဖွယ်စွမ်းအား ထွက်ပေါ်လာသည်။
ထိုအော်ရာ ထွက်ပေါ်လာသည်နှင့် ပြန့်ကြဲမိုးကြိုးကန် ပတ်လည်ရှိ မိုးကြိုးကန်သည် နောက်ဆုတ်ကာ အညံ့ခံသည်။ ထိုအော်ရာ ပျံ့နှံ့နေရင်း ပြန့်ကြဲမိုးကြိုးကလန်၏ တော်ဝင်ကုန်းမြေထံမှ ထာဝရမိုးကြိုးသည် တိုက်ပွဲစကတည်းက ပထမဆုံးအကြိမ်အဖြစ် ဟိန်းမြည်သံ ပြုလာသည်။
ထိုဟိန်းမည်သံသည် ရှေးဟောင်းအချိန်များကနေ ထွက်ပေါ်လာဟန် တူသည်။ အနှိုင်းမဲ့ဖိအားကို သယ်ဆောင်လာဟန် တူသည်။ ထိုအော်သံသည် ထာဝရမိုးကြိုးကား ၎င်းကို ချိန်းခြောက်နိုင်သော တစ်စုံတစ်ရာကို ထောက်လှမ်းမိသည့်အတွက်ကြောင့် စိန်ခေါ်သံပင်။
ဝမ်လင်း၏မူလစိတ်ဝိညာဉ် ဆက်ကြုံ့လာကာ သူ၏မိုးကြိုးအနှစ်သာရအော်ရာသည် ပျံ့နှံ့၏။ ချက်ခြင်းပင် မျက်စိကျိန်းလောက်သော မိုးကြိုးသည် ၎င်းထံမှ ထွက်ပေါ်လာ၏။ သူ့မူလစိတ်ဝိညာဉ် မြူအသွင်ကနေ ဆက်လက်ကြုံ့နေရင်း မြူများ ပျောက်ကွယ်ကာ ထိုမြူများအတွင်း၌ ဧရာမမိုးကြိုးအမှတ်အသားတစ်ခု ပေါ်လာလေ၏။
ထိုမိုးကြိုးအမှတ်အသား ပေါ်လာသည်နှင့် ထာဝရမိုးကြိုးထက် အားမနည်းသောဖိအားသည် ပျံ့နှံ့လာသည်။ လောကသည် တုန်ယင်၏။ ဟင်းလင်းပြင် သူ့ဟာသူ ပြိုပျက်သည်။ မိုးကြိုးတုန်ဟည်းသံများသည် ကောင်းကင်ဘုံကိုပါ လှုပ်ခါစေနိုင်လောက်၏။
စိတ်ဝိညာဉ်မိုးကြိုးကလည်း ထိုမိုးကြိုးအမှတ်အသားကို လှည့်ပတ်နေပေသည်။
ပြောနေသည်က ကြာသေး၏။ ဤအဖြစ်အပျက်များသည် ချက်ခြင်းလိုလို ဖြစ်ပွားလာခဲ့ခြင်းသာ။ အကြီးအကဲခေါင်းဆောင်သည် ရုတ်တရက် ပြောင်းလဲမှုကြောင့် ကြောင်ရီမင်သက်နေ၏။ သူသည် ရှေးဟောင်းမိုးကြိုးနဂါးများကို ဝါးမြိုနိုင်စွမ်းရှိသည်ဟူသော လူမျိုးကို ကြားပင်မကြားဖူးခဲ့ပေ။
သို့ပေမည့် သူ့စိတ်နှလုံးထဲ၌ အန္တရာယ်အာရုံ မြင့်တက်လာခဲ့သည်။ သူသည် တစ်ခုခုဆိုးဝါးတာ ဖြစ်လာတော့မည်ဟု ခံစားမိသည်။ ထာဝရမိုးကြိုးထံမှ ဟိန်းအော်သံသည် အကြီးအကဲခေါင်းဆောင်ထံ တိုးဝင်လာသလား ထင်မှတ်ရသည်။
“ငါ သူ့ကို ဆက်ခွင့်ပြုပေးလို့ မဖြစ်တော့ဘူး။ ငါ သူ့ကို တားရမယ်။ မဟုတ်ရင် ငါတို့ ပြန့်ကြဲမိုးကြိုးကလန်အတွက် ကပ်ဘေးတစ်ခု ကျရောက်လာနိုင်တယ်...” အကြီးအကဲခေါင်းဆောင်သည် မာန်သွင်းကာ ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာတော့၏။
သို့ပေမည့် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကြောင့် ဖြစ်ပေါ်လာသော မိုးကြိုးအမှတ်အသားသည် နောက်ဆုတ်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားလေသည်။ သူ၏မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်အတွင်း ပြန်ဝင်ရောက်လာသည်။ သူ့ထံမှ တုန်ဟည်းသံ ထွက်ပေါ်၏။ သူ့အသွေးအသား၊ ကြွက်သား၊ အရိုးများ၊ သူ့ကိုယ်တွင်းအင်္ဂါများအားလုံးသည် မိုးကြိုးစွမ်းအားနှင့် ပြည့်နှက်လေသည်။
သူသည် မိုးကြိုးအဖြစ် ပြန်လည်မွေးဖွားလာသည့်အလား။
ထိုမိုးကြိုးအမှတ်အသားသည် သူ့ညာမျက်လုံးထဲတွင် လင်းလက်၏။ မိုးကြိုးအနှစ်သာရ ပေါ်လာသည်။ ၎င်းသည် အရင်ဆက် ဆယ်ဆသန်မာလာခဲ့ပေပြီ။ အကြီးအကဲခေါင်းဆောင် တိုးဝင်လာသည့်အခါ ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။
မိုးကြိုးတုန်ဟည်းသံများ အဘက်ဘက်ကနေ အရူးအမူး ပဲ့တင်ထပ်လေ၏။ ဝမ်လင်းပတ်လည်တွင် မိုးကြိုးပိုက်ကွန်တစ်ခု ပေါ်လာသည်။ ထိုမိုးကြိုးပိုက်ကွန်ထဲ၌ ဝမ်လင်း၏စိတ်ဆန္ဒ ပါဝင်သည်။ သူနှင့် ရင်ဆိုင်ရသော မိုးကြိုးကျင့်ကြံသူသည် သူ့မိုးကြိုးအနှစ်သာရကို မယှဉ်နိုင်ပါက ထိုပိုက်ကွန်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေး မရှိပေ။
သူ့လက်ကို ဝေ့ယမ်းလိုက်ရင်း ပိုပိုများပြားသော မိုးကြိုးပိုက်ကွန်များ ပေါ်လာ၏။ မိုးကြိုးများ အလွှာလိုက်၊အလွှာလိုက် ပေါ်လာသည်။ သိပ်မကြာခင်တွင် ဆယ်လွှာကနေ အလွှာပေါင်း(၇၀၀၀၀) ထိ ဖြစ်လာသည်။
ရုတ်တရက် နီးကပ်လာသော အကြီးအကဲခေါင်းဆောင်သည် သူ့ညာလက်ကို ရှေ့သို့ တွန်းထုတ်ကာ သူ၏ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံမှုကို ထုတ်ဖော်သည်။ သူက မိုးကြိုးပိုက်ကွန်အလွှာပေါင်း ထောင်ချီကို ဖွင့်ဟ ဆုတ်ဖြဲပစ်သည်။ သို့သော် ၎င်းတို့သည် ချက်ခြင်းပင် ပြန်ကောင်းမွန်သွား၏။
“ခုချိန်မှာ ငါဟာ တံခါးပိတ်ကျင့်ကြံဖို့ လုံခြုံတဲ့နေရာတစ်ခု ရှာပြီး ဒါကို ဝါးမြိုရမယ်။ ငါ ဒီလူနဲ့ ဆက်မတိုက်ခိုက်နိုင်တော့ဘူး...” ဝမ်လင်းသည် အလျင်အမြန် နောက်ဆုတ်၏။ သူ့ဘယ်လက်ထဲတွင် ခုနစ်သန်းလောကများအတွင်းသို့ ခေါ်ဆောင်ပေးမည့် အဆောင် ပေါ်လာသည်။
ဝမ်လင်း နောက်ဆုတ်နေသည်ကို တွေ့မြင်သည့်အခါ အကြီးအကဲခေါင်းဆောင်သည် ရူးသွပ်လာဟန် တူသည်။ သူ့စိတ်ထဲမှ ဒေါသသည် အားကောင်းသထက် အားကောင်းလာသည်။
“ငါ သူ့ကို ထွက်သွားခွင့် မပေးနိုင်ဘူး...” အကြီးအကဲခေါင်းဆောင်သည် သွေးအန်ထုတ်ကာ မိုးကြိုးတန်းတစ်ခုအဖြစ်သို့ ပြောင်းသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားသည် လင်းလက်ကာ မိုးကြိုးသည် မိုးကြိုးတန်းအတွင်းသို့ စုဝေးသည်။ သွေးမိုးကြိုးတန်းသည် မိုးကြိုးပိုက်ကွန်ပေါ်သို့ ထိုးစိုက်ကျလာ၏။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ မိုးကြိုးပိုက်ကွန်အလွှာပေါင်း(၇၀၀၀၀) တွင် ခြောက်သောင်းသည် ချက်ခြင်း ပျက်စီးသွားသည်။ သို့ပေမည့် အကြီးအကဲခေါင်းဆောင် တရကြမ်း တိုးဝင်လာရုံ ရှိသေး ထိုအလွှာပေါင်း(၆၀၀၀၀)မှာ ချက်ခြင်း ပြန်ကောင်းမွန်လာသည်။
အကြီးအကဲခေါင်းဆောင်၏ ကျင့်ကြံမှုသည် မိုးကြိုးအပေါ် အခြေခံထားခြင်း ဖြစ်သည်။ သူက တိုက်ပွဲအစတွင် ဝမ်လင်းကို အသာယူထားနိုင်ခဲ့၏။ သို့ပေမည့် ဝမ်လင်း၏မိုးကြိုးအနှစ်သာရ ကြီးစွာ တိုးတက်လာသည့်အခါ သူသည် မိုးကြိုးအရာ၌ ဝမ်လင်း၏ ပြိုင်ဘက်မဟုတ်တော့ပေ။ အခြားပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် တစ်ယောက်ယောက်သာ ဖြစ်ခဲ့ပါက ဝမ်လင်းကို သတ်ဖို့သည် များစွာ ပိုရိုးရှင်းပေလိမ့်မည်။ သို့သော် အကြီးအကဲခေါင်းဆောင်အတွက်မူ ထိုသို့ မဟုတ်ပေ။ သူနှင့် ဝမ်လင်းတို့သည် မိုးကြိုးကျင့်ကြံသူများ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့သည် မိုးကြိုးအပေါ် သူတို့၏ထိန်းချုပ်မှုကို ယှဉ်ပြိုင်ရသည်။
ဤအခိုက်အတန့်တွင် ဝမ်လင်းသည် နောက်သို့ ပိုမိုမြန်ဆန်စွာ ဆုတ်၏။ ဝမ်လင်း၏လက်ထဲရှိ အဆောင်ကလည်း အကြီးအကဲခေါင်းဆောင်ကို မကောင်းသောခံစားချက် ရနေစေ၏။ သို့သော် သူ့ထံ၌ အများကြီးတွေးနေဖို့ အချိန်မရှိပေ။ သူသည် ပြတ်သားသောအကြည့်ကို ထုတ်ဖော်လိုက်လေ၏။
ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် အရင်က သူ ထုတ်ဖော်ခဲ့သော စွမ်းအားများမှာ သူ့အကန်အသတ် မဟုတ်ပေ။ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ဟူသည်မှာ တတိယအဆင့်အောက်တွင် အသန်မာဆုံးအစွမ်း ပိုင်ဆိုင်သူ မဟုတ်လား။ ထိုအဆင့်သို့ ရောက်လာသည့်နောက်တွင် သင်သည် စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူများထက် အဆများစွာ ပိုမိုသန်မာလာမည် ဖြစ်သည်။
သို့ပေမည့် အကြောင်းပြချက်တစ်ခုမှာ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူများ အထူးသီးသန့်အသုံးပြုနိုင်သော မန္တာန်ဖြစ်ပေ၏။ အသက်ကယ်မန္တာန်ပင်။
သင်၏ကိုယ်ပိုင်အသက်ဓာတ်ကို စတေးကာ တတိယအဆင့်၏ အရိပ်အမြွက်ပါဝင်သော ထိုမန္တာန်ကို အသုံးပြုနိုင်ပေသည်။ ဤကား တတိယအဆင့်အောက်၌ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်များသည် အစွမ်းထက်ဆုံး ဖြစ်ရသည့် အစစ်အမှန်အကြောင်းရင်းပင်။
အကြီးအကဲခေါင်းဆောင်သည် အရင်က သူ့ ဘယ်တိုက်ပွဲမှာမဆို ထိုမန္တာန်ကို အသုံးမပြုခဲ့ပေ။ သူ့ထံ၌လည်း အသက်ဓာတ်များစွာ မကျန်တော့သည်ဖြစ်၍ သူ့ကျင့်ကြံမှုဖြင့် ၎င်းတို့ မလျော့ပါးသွားအောင် ထိန်းသိမ်းထားရသည်။ သူသည် လုံလောက်အောင် ရုန်းကန် ရှင်သန်ပြီး တတိယအဆင့်သို့ ဝင်ရောက်နိုင်မည့်အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းပင်။
သို့ပေမည့် သူသည် ယခုချိန်၌ ဤအကြောင်းကို အများကြီး မတွေးနေနိုင်ပေ။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်၏။ သူ့ညာလက်ကို ကောင်းကင်ထက်သို့ ညွှန်ကာ မာန်သွင်း၍ အော်ပြောလိုက်၏။
“ကောင်းကင်ဘုံဆီ စတေးခြင်း။ ထာဝရမိုးကြိုးရဲ့ ကျေးကျွန်တစ်ယောက်အနေနဲ့ ငါဟာ နတ်ဘုရားခန္ဓာကိုယ်အတွက် ငါ့သက်တမ်းငါးရာနဲ့ လဲလှယ်မယ်။ တော်ဝင်မိုးကြိုးက ငါ့ခန္ဓာကိုယ်အပေါ် သက်ဆင်းလာပြီး ပြိုင်ဘက်ကင်းပရမ်းပတာမိုးကြိုးအဖြစ် ပြောင်းလဲပေးဖို့ ငါ တောင်းဆိုပါတယ်...” အကြီးအကဲခေါင်းဆောင်၏ အသံသည် ထူးဆန်းသောလေသံ ပေါက်၏။ သူ ထိုသို့ ပြောလိုက်သည့်နောက် သူ့အမှတ်အသားသည် တလျှံလျှံတောက်ပမှုကို ထုတ်လွှတ်သည်။
လောကတွင် ဧရာမသံလိုက်အိမ်မြှောင်တစ်ခု ရုတ်တရက် ပေါ်လာ၏။ ထိုသံလိုက်အိမ်မြှောင်သည် အဆုံးမဲ့လှသည်။ ပြန့်ကြဲမိုးကြိုးကလန်၏ ပြင်ပရှိ လူများသည်ပင် ၎င်းကို ရှင်းလင်းစွာ မြင်နိုင်ပေ၏။
ထိုသံလိုက်အိမ်မြှောင်ထံ၌ ရှေးအော်ရာတစ်ခု ပါဝင်သည်။ ထိုအော်ရာ ပေါ်လာသည်နှင့် ပြင်းထန်သောဖိအားတစ်ခု သက်ဆင်းလာသည်။
ထိုဖိအားသည် အလွန်ပြင်းထန်သည်။ ၎င်း ပေါ်လာသည်နှင့် ဝမ်လင်းပတ်လည်ရှိ မိုးကြိုးလွှာ(၇၀၀၀၀)သည် ယင်းတို့၏အကန့်အသတ်သို့ ရောက်လာသည့်အလား အသံပေးသည်။ ဝမ်လင်း၏အမူအရာမှာ ပြောင်းလဲသွား၏။ သူသည် ထိုသံလိုက်အိမ်မြှောင်ကို စိုက်ကြည့်သည်။ သူ့အမူအရာသည် အလေးအနက် ဖြစ်လာသည်။
သူ့ညာလက်ဖြင့် ဆုပ်ကိုင်ထားသော အဆောင်ကို ဖြည်းဖြည်းချင်း ဖြေလျှော့လေ၏။
သူသည် ထိုဆန်းကြယ်သောသံလိုက်အိမ်မြှောင်က မည်သည့်အရာ ဖြစ်သည်ကို မြင်ချင်သည်။ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူ၏ မန္တာန်သည် မည်မျှအစွမ်းထက်သည်ကို မြင်လိုသည်။
ထိုသံလိုက်အိမ်မြှောင်ပေါ်လာသည့်နောက် ၎င်းသည် တိတ်ဆိတ်စွာ လှည့်ပတ်သည်။ ၎င်း လှည့်ပတ်နေရင်း အချိန်သည် စီးဆင်းသွားကာ လောကသည် ရှေ့သို့ အဆများစွာ ပိုမြန်ဆန်လာချေ၏။
အကြီးအကဲခေါင်းဆောင်၏မျက်နှာမှာ ဖြူရောနေ၏။ သူ့စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ဖြက်တောက်ခံရသည့်အလား။ သေဆုံးခြင်းအော်ရာသည် သူ့မျက်နှာထက်၌ ပြည့်နှက်လာသည်။ သို့သော် ထိုသေဆုံးခြင်းအော်ရာသည် ချက်ခြင်း ပြန်ကွယ်ပျောက်သွားသည်။
ထိုသို့ ပျောက်ကွယ်သွားသည်မှာ ဧရာမသံလိုက်အိမ်မြှောင် လုပ်ဆောင်တာ ဖြစ်ပေမည်။ ၎င်းက လုံလောက်သောအသက်ဓာတ်ကို စုပ်ယူပြီးသွားသည့်အလား။ ထိုစဉ် တော်ဝင်ကုန်းမြေ၏ ထာဝရမိုးကြိုးထံမှ မိုးကြိုးတန်းတစ်ခုသည် တိုက်ပွဲကွင်းပြင်ထံသို့ တိုးဝင်လာလေသည်။
ချက်ခြင်းပင် ထာဝရမိုးကြိုး၏ တစိတ်တပိုင်းသည် ရုတ်တရက် ရောက်လာခဲ့ပေပြီ။ ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင်သည် မာန်သွင်းလိုက်ရင်း ထိုမိုးကြိုးသည် ဝမ်လင်း၏မိုးကြိုးလွှာ(၇၀၀၀၀) ပေါ်သို့ နတ်ဘုရားပြစ်ဒဏ်အလား သက်ဆင်းကျလာသည်။
ရလဒ်အနေဖြင့် မိုးကြိုးတုန်ဟည်းသံမှာ ကောင်းကင်ကိုပါ တုန်လှုပ်စေ၏။ မိုးကြိုးလွှာခုနစ်သောင်းသည် ချက်ခြင်း ပျက်စီးသွားသည်။ ၎င်းတို့သည် ချက်ခြင်း ပြန်ကောင်းမွန်လာခဲ့သည်လျှင်ပင် တဖန် ချက်ခြင်း ပျက်စီးရ၏။ အစွမ်းထက်လွန်းသော မိုးကြိုးခွန်အား သက်ဆင်းလာခဲ့ပြီ။ ဝမ်လင်း၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူသည် ထာဝရမိုးကြိုးနီးကပ်လာသည့်အခါ နှေးဖင့်မနေဘဲ သူ့ဘယ်လက်ထဲရှိ ကျောက်စိမ်းပြားကို ချေမွပစ်လိုက်တော့သည်။
ဝမ်လင်း၏နောက်တွင် အနက်ရောင်ဝဲကတော့တစ်ခုပေါ်လာ၏။ သူက ထိုဝဲကတော့ထဲသို့ နောက်ပြန်လှမ်းဝင်ကာ ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။ ထာဝရမိုးကြိုးမှာ ယင်းဝဲကတော့နောက်သို့ လိုက်၏။
အကြီးအကဲခေါင်းဆောင်သည် အနည်းငယ် တွေဝေ၏။ သို့သော် ဝဲကတော့က ပျောက်ကွယ်တော့မည်ကို တွေ့မြင်သည့်အခါ သူသည် များများစားစား တွေးမနေတော့ပေ။ သူသည်လည်း ဝဲကတော့အတွင်းသို့ တိုးဝင်လာတော့၏။
***