ကောင်းကင်ဘုံတောင်ကို ခွင်းမည့် ဓားချက်ခုနစ်ချက်…(၁)
Vol. 102 Ch. 1406
ဝမ်လင်း ခုနစ်သန်းလောကများအတွင်းသို့ အဆောင်ကနေတစ်ဆင့် ဖြတ်သန်းဝင်ရောက်လာသည့်နှင့် သူ့ရှေ့တွင် အလင်းပိုက်ကွန်တစ်ခု ပေါ်လာခဲ့သည်။ ထိုအလင်းပိုက်ကွန်သည် အကာအကွယ်ကို ထောက်ပံ့ပေးကာ ဝမ်လင်းကို ပိုမြန်ဆန်စွာ နောက်ဆုတ်နိုင်စေသည်။
ဝမ်လင်း နောက်သို့ လိုက်ပါလာသော ထာဝရမိုးကြိုးတန်းသည် ထိုအလင်းပိုက်ကွန်ပေါ်သို့ ချက်ခြင်း ကျရောက်လာ၏။ မိုးကြိုးတုန်ဟည်းသံသည် ခုနစ်သန်းလောကများအတွင်း ဖြတ်သန်း ပဲ့တင်ထပ်၏။ အလင်းပိုက်ကွန်သည် တဖျပ်ဖျပ်လင်းလက်ပြီးနောက် ပျက်စီးသွားလေ၏။
ထိုပိုက်ကွန် ပျက်စီးသွားသည်နှင့် ခုနစ်သန်းလောကများအတွင်းရှိ ပြန့်ကြဲမိုးကြိုးကလန်ဝင် ထောင်သောင်းချီသည် သူတို့၏ဒွာရပေါက်များကနေ သွေးများ ပန်းထွက်ကာ သေဆုံးသွားကြသည်။
ဝမ်လင်းထွက်သွားပြီးသည့်နောက် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်က သည်နေရာရှိ ပြန့်ကြဲမိုးကြိုးကလန်ဝင်တိုင်းကို ဖမ်းဆီးထားခဲ့၏။ သူက ထိုကလန်ဝင်များကို မသတ်ခဲ့ပေ။ ထိုအစား သူသည် ၎င်းတို့ကို ဒိုင်းတစ်ခုအဖြစ် လုပ်ဆောင်နိုင်ရန် အလင်းပိုက်ကွန်ထဲတွင် ချိပ်ပိတ်ထားခဲ့သည်။
ဤအခိုက်မှာ အလင်းပိုက်ကွန်သည် ပျက်စီးသွားပြီး သည်နေရာရှိ ပြန့်ကြဲမိုးကြိုးကလန်ဝင်အားလုံးမှာ သေဆုံးသွားရပြီ ဖြစ်သည်။
ထာဝရမိုးကြိုးသည်လည်း တုန်ယင်သွားသည်သာ။ ပိုက်ကွန်၏ ကာကွယ်မှုက အလွန်အားကောင်း၏။ ထို့အတွက် ထာဝရမိုးကြိုး၏ စွမ်းအားတော်တော်များများကို လျော့ပါးသွားစေသည်။ ၎င်းက ဝမ်လင်းနောက်သို့ ထပ်မံလိုက်ရန် ပြင်စဉ် ပုံရိပ်ယောင်ပုံရိပ်တစ်ခုသည် လှမ်းထွက်လာ၏။
ယင်းပုံရိပ်မှာ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ် ဖြစ်၏။ သူက လေဟာနယ်အတွင်းမှ လှမ်းထွက်လာကာ သူ့ညာလက်ဖြင့် ထာဝရမိုးကြိုးတန်းကို ဖမ်းဆုပ်လိုက်သည်။
မိုးကြိုးတုန်ဟည်းသံများ လောကတွင် ပဲ့တင်ထပ်၏။ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ ဝတ်ရုံမှာ တဖျပ်ဖျပ်လွင့်၍ သူ့ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။ သူသည် သွေးပါအန်လိုက်ရ၏။ သို့ပေမည့် သူသည် ထာဝရမိုးကြိုးကို ဆုပ်ကိုင်ထားဆဲ ဖြစ်ကာ ဆက်တိုက်အားနည်းအောင် လုပ်သည်။ သို့သော် ယင်းမိုးကြိုးမှာ ပျက်စီးမသွားပေ။
ဝမ်လင်းသည် နောက်ဆုတ်နေရာကနေ ရပ်တန့်ကာ တိုးဝင်လာ၏။ သူ့ညာလက်ကို ဆုပ်ကာ လက်သီးချက်တစ်လုံးကို နှေးဖင့်မနေဘဲ ပစ်သွင်းလိုက်၏။ သူ့ညာမျက်လုံးထံမှ မိုးကြိုးသည် ထွက်လာကာ မိုးကြိုးပိုက်ကွန်တစ်ခုအသွင် ဖြစ်တည်သည်။
တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်မှာ မာန်သွင်းလျက် ထိုမိုးကြိုးကို ပိုတင်းကြပ်စွာ ညှစ်ချေပြီး ယင်းမိုးကြိုးကို ပိုမိုအားပျော့သွားစေသည်။ ထို့နောက် သူက လက်လွှတ်လိုက်၏။ ဤအခိုက်တွင် ဝမ်လင်း၏လက်သီးချက်နှင့် မိုးကြိုးတို့မှာ ထာဝရမိုးကြိုးတန်း၏ အပိုင်းအစပေါ်သို့ ကျရောက်လာတော့သည်။
မိုးကြိုးတုန်ဟည်းသံတစ်ခု ပဲ့တင်ထပ်၏။ သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ထာဝရမိုးကြိုးသည် ပျက်စီးသွားခဲ့လေ၏။
ပြင်းထန်သောတုန်ခါလှိုင်းတစ်ခုက ဝမ်လင်းနှင့် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်တို့ကို နောက်ဆုတ်သွားစေသည်။ ထိုအဖြစ်အပျက်များမှာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပွားသွားခြင်းသာ။ သူတို့သည် နောက်ဆုတ်နေရင်း အကြီးအကဲခေါင်းဆောင်သည် သိပ်မဝေးသောနေရာတွင် ပေါ်လာ၏။
သူ ပေါ်လာသည်နှင့် သူ၏အမူအရာမှာ ပြောင်းလဲသွားသည်။
“ခုနစ်သန်းလောကတွေ…”
သူက ချက်ခြင်းပင် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်ကို တွေ့မြင်၏။ သူ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် အကြီးအကဲခေါင်းဆောင်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ပြန့်ကြဲမိုးကြိုးကလန်ရဲ့ အကြီးအကဲခေါင်းဆောင်..သင် ငါ့ကို မှတ်မိသေးလား…”
အကြီးအကဲခေါင်းဆောင်၏ အမူအရာမှာ အလွန်လေးနက်နေ၏။ သူ့ဉာဏ်ရည်ဖြင့် သူသည် ချက်ခြင်းပင် အရာအားလုံးကို သဘောပေါက်လိုက်၏။ သည်ဝမ်လင်းက သူ့ကို ဤနေရာသို့ မျှားခေါ်ချင်ခဲ့၏။ သို့သော် သူ သံသယဝင်မည်စိုး၍ တိုက်ပွဲတစ်ခုကို အရင်အစပြုခဲ့သည်။ ထို့နောက် ဝမ်လင်းက သေရေးရှင်ရေးအခိုက်အတန့်တွင် ထွက်ပြေးခဲ့သည်။ ထိုမှသာ သူသည် ဝမ်လင်းနောက်သို့ လိုက်လာရင်း ဒီခုနစ်သန်းလောကများအတွင်းသို့ ရောက်လာမည် ဖြစ်သည်။
သူ ခုနစ်သန်းလောကအတွင်း ဝင်ရောက်လိုက်သည်နှင့် သူသည် တဖက်လူ၏ ထောင်ချောက်အတွင်း ဝင်ရောက်သွားမည် ဖြ်သည်။ သို့ပေမည့် သူ့ကျင့်ကြံမှုအဆင့်မှာ ကောင်းကင်တုန်လှုပ်ဖွယ်ရာတည်း။ တတိယအဆင့်အောက်တွင် အသန်မာဆုံး မဟုတ်လား။ သူက ဝမ်လင်း ကြိုတင်ပြင်ဆင်ထားသည်ကို သိသော်လည်း ထိတ်လန့်သွားခြင်း မရှိပေ။ သူက တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။
“မင်းပဲကို။ အတိတ်တုန်းက ပုရွတ်ဆိတ်လေးမလား။ ငါ မင်းကို အသက်ရှင်ခွင်သာ မပေးခဲ့ရင် မင်း နတ်ဘုရားပြစ်ဒဏ်ကြောင့် သေနေခဲ့ပြီ…” အကြီးအကဲခေါင်းဆောင်သည် အပြင်ဘက်တွင် မတုန်မလှုပ်ဟန် ရှိနေသည်ဟု ထင်ရသော်လည်း သူ့စိတ်ထဲတွင်မူ အတော်လေး တုန်လှုပ်နေမိသည်။ သူက ထိုသူ့ကို သိပေ၏။ အကြီးအကဲခေါင်းဆောင်သည် ခုနစ်သန်းလောကများအတွင်းရှိ ပုရွတ်ဆိတ်ကဲ့သို့လူများကြားတွင် ထိုလူကဲ့သို့ လူမျိုး ပေါ်လာကာ အခုလောက်ကျင့်ကြံမှုအဆင့်ထိ ရောက်ရှိနေလိမ့်မည်ကိုမူ လုံးဝ စိတ်ကူးမကြည့်မိပေ။ ပြန့်ကြဲမိုးကြိုးကလန်၏ မည်သူကမျှလည်း သည်အကြောင်းကို အရင်က လုံးဝ မသိရှိခဲ့ချေ။
ဤကဲ့သို့အရာမျိုးမှာ သူ စိတ်ကူးနိုင်သည်ထက် ပိုနေ၏။ သူသည် မည်သို့ဖြစ်ပျက်ခဲ့သည်ကိုပါ နားမလည်နိုင် ဖြစ်ရ၏။ သို့ပေမည့် အခု သူသည် ဤအကြောင်းကို သိလာခဲ့ပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် သည့်လူကို သတ်ပစ်ပေမည်။
တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်က ပြုံး၏။ သူ့မျက်လုံးထဲ၌ ကြောက်မက်ဖွယ်မကျေနပ်မှု ရှိလို့နေသည်။ သူက အကြီးအကဲခေါင်းဆောင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ငါ ဒီလောကကို ချိုးဖျက်ပြီး ကောင်းကင်ဘုံနယ်မြေလို့ သင်တို့ ပြောနေတဲ့ ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးပစ်ပြီး သင့်ကို သတ်ပစ်မယ့် ဒီနေ့ထိ ရှင်သန်နေခဲ့တာပဲ…”
အကြီးအကဲခေါင်းဆောင်သည် နှာခေါင်းရှုံ့၏။ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ သူက ထိုသို့ ပြုလုပ်ရင်း ရှေ့သို့ လှမ်းကာ အေးစက်စက် ပြောသည်။ “အဓိပ္ပာယ်မရှိလိုက်တာ။ မင်းတို့နှစ်ယောက် ပူးပေါင်းရင်တောင် ငါ့ ပြိုင်ဘက် မဟုတ်သေးဘူး…”
သူ့လက်ဝေ့ယမ်းလိုက်ရုံဖြင့် လောကသည် တုန်ဟည်းလာကာ အဆုံးမဲ့မိုးကြိုးသည် အကြီးအကဲခေါင်းဆောင်၏ ရှေ့၌ ပေါ်လာ၏။ ၎င်းသည် မရေမတွက်နိုင်သော မိုးကြိုးလုံးများအဖြစ် ပြောင်းလဲကာ ဝမ်လင်းနှင့် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်ထံသို့ တိုးဝင်လာတော့သည်။
တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် ညစ်ပြုံးပြုံး၏။ သူ့ထံမှ စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုတို့ ထွက်ပေါ်နေ၏။ သူသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တင်းခံထားခဲ့ရ၏။ နှစ်ပေါင်းများစွာ ဖုန်းကွယ်နေခဲ့ရသည်။ ယနေ့တွင်တော့ သူသည် ထိုမကျေနပ်မှုအားလုံးကို ထုတ်လွှတ်နိုင်ပေတော့မည်။
ကောင်းကင်ဘုံနယ်မြေ(ဝါ) ပြန့်ကြဲမိုးကြိုးကလန်အပေါ် သူ့အမုန်းတရားသည် သူ့ကို ကျယ်လောင်စွာ ရယ်မောစေတော့၏။
“ဒီနေ့…ငါ ပြန့်ကြဲစိတ်ဝိညာဉ်ဟာ ငါ့ကလန်ရဲ့ မျိုးဆက်ပေါင်းများစွာအတွက် သင်တို့ကို သေဆုံးစေတဲ့အထိ လက်စားချေမယ်။ ငါ ကောင်းကင်ဘုံသားတွေကို သတ်ချင်တယ်…”
သူသည် ရှေ့သို့ လှမ်း၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ ဘေးတစ်ဖက်သို့ ဝေ့ယမ်းသည်။
“ဒီအဘိုးအိုဟာ ခုနစ်သန်းလောကတွေထဲမှာ နှစ်သောင်းနဲ့ချီပြီး သွားလာနေခဲ့တာ။ ငါဟာ ဒီလောကရဲ့ အဆုံးသပ်ထိ လှည့်လည်ခဲ့ပြီး ဒီခုနစ်သန်းလောကတွေထဲမှာ ငါ့ ခြေရာတွေကို ချန်ထားခဲ့ပြီးပြီး။ ဒါဟာ ငါ့ကို ဉာဏ်အလင်း ရစေခဲ့တယ်။ ငါဟာ ကိုယ့်ဟာကိုယ် မန္တာန်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်…”
“ခုနစ်သန်းကောင်းကင်ဘုံသားသတ်ဖြတ်သူတံဆိပ်တုံး…”
တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ အသံမှာ တုန်ယင်နေရင်း ခုနစ်သန်းလောကများသည် နိုးထလာသည့်အလား တုန်ခါလာ၏။ မြည်ဟိန်းလာ၏။ မရေတွက်နိုင်သော ပုံရိပ်ယောင်များသည် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ ပတ်ပတ်လည်တွင် ပေါ်လာသည်။
ယင်းပုံရိပ်ယောင်များသည် သိပ်သည်းလွန်းစွာ ရှိနေခြင်းပင်။
ယင်းမန္တာန်သည် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ မဟာမန္တာန်တစ်ခုပင်။ သူသည် အလွန်ပါရမီရှိ၏။ သူက သူ့နတ်ဘုရားအာရုံကို အသုံးပြုကာ သူ့စိတ်ထဲ၌ ခုနစ်သန်းသောလောကများကို ခပ်နှိပ်ခြင်းပင်။
ထိုအခြင်းအရာသည် ဝမ်လင်း ပင်လယ်နှင့်ကောင်းကင်ဘုံတံခါးချပ်ကို သူ့စိတ်အတွင်း၌ ခပ်နှိပ်ထားသည်နှင့် အလားသဏ္ဌာန်တူ၏။
သို့ပေမည့် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်ကမူ သူ နေထိုင်သော ခုနစ်သန်းသောလောကများကို ခပ်နှိပ်ထားခြင်း ဖြစ်သည်။ ထိုလောက၏အစွန်းအဖျားများပင် သူ့စိတ်ထဲ၌ ခပ်နှိပ်ထား၏။
ထိုမန္တာန်ပေါ်လာသည်နှင့် လောကသည် အရောင်များ ပြောင်းလဲကုန်သည်။ တိမ်များ ပြန့်ကြဲကုန်သည်။ ခုနစ်သန်းလောက၏ အတိုင်းမသိ အစိတ်အပိုင်းများသည် မုန်တိုင်းအသါင် ဖြစ်ပေါ်ကာ အကြီးအကဲခေါင်းဆောင်ကို ဝန်းရံသည်။ ယင်းတို့သည် ခုနစ်သန်းလောကများ အသေးစားဖြစ်သည့်အထိ ကြုံ့လာ၏။
“ချိပ်ပိတ်ခြင်း…” တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် မာန်သွင်းလိုက်၏။ အစိတ်အပိုင်းများသည် ကြုံ့လာရင်း ဧရာမချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းသည်။
အကြီးအကဲခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်ကို မှုလောက်စရာ မဟုတ်ဟု ယူဆထားပေ၏။ သို့သော် ခုချိန်၌ သူ့ကို အတော်လေး ထိတ်လန့်စေခဲ့သော ဝမ်လင်းသည်လည်း ဤနေရာတွင် ရှိနေပြန်သည်။
ဝမ်လင်းသည် မတိုက်ခိုက်သေးသော်လည်း သူ့အကြည့်ကပင် အကြီးအကဲခေါင်းဆောင်ထံ ဓားသွားတစ်စင်းအလား မြဲမြံနေချေ၏။
အကြီးအကဲခေါင်းဆောင်၏ မျက်လုံးထဲ၌ ပြတ်သားမှုတို့ ပြည့်လာ၏။ သူသည် သူ့ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကို အသုံးပြုကာ သည်နှစ်ယောက်လုံးကို သတ်ပစ်ရန် တာဆူလာသည်။ သူက အန္တရာယ်အခင်းအကျင်းကိုလည်း ခံစားမိနေ၏။
သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီးနောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ဝတ်ရုံမှာ ဖောင်းကြွလာ၏။ သူ့ဆံပင်ရှည်များသည် လေမတိုက်ပါဘဲ လွင့်ဝဲ၏။ သူ့ခန္ဓာကိုယ်ထံမှ အစွမ်းထက်လှသော ကျင့်ကြံမှုအစွမ်း ပေါက်ကွဲထွက်လာသည်။
“ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ရဲ့ အစစ်အမှန်စွမ်းအားကို မင်းတို့နှစ်ယောက် တွေ့မြင်စေရမယ်။ ငါဟာ ငါ့သက်တမ်းတစ်ထောင်နဲ့ စတေးပြီး ကောင်းကင်ဘုံမိုးကြိုးတိမ်တိုက်တွေနဲ့ လဲလှယ်တယ်။ တိမ်မိုးကြိုးအစီအရင်…” အကြီးအကဲခေါင်းဆောင်၏ အမှတ်အသားမှာ အလွန်တောက်ပလာ၏။ ပေါက်ကွဲသံတစ်ခုနှင့်အတူ ဧရာမသံလိုက်အိမ်မြှောင်တစ်ခုသည် ခုနစ်သန်းလောကအတွင်း၌ ထပ်မံ ပေါ်လာခဲ့ပေပြီ။
ထိုသံလိုက်အိမ်မြှောင်သည် ငြိမ်သက်စွာ လှည့်လည်၏။ ထို့နောက် အကြီးအကဲခေါင်းဆောင်၏ မျက်နှာသည် ချက်ခြင်း ဖြူရောလာသည်။ သူက သူ့လက်ကို ပင့်မြှောက်သည်။ တိမ်တုများ လေဟာနယ်အတွင်းကနေ စတင် ပေါ်ထွက်လာ၏။ အတိုင်းမသိတိမ်တိုက်များ ထွက်ပေါ်လာဖို့ စက္ကန့်ပိုင်းမျှသာ ကြာလေသည်။
တိမ်များ တဝီဝီလှည့်ပတ်လျက် မြောက်များစွာသော မိုးကြိုးတို့သည် ယင်းတိမ်ထုများအတွင်း၌ ကွယ်ဝှက်နေကြသည်။ မိုးကြိုးသည် တိမ်များအတွင်း ရွှေ့လျားကာ တစ်ခုနှင့်တစ်ခု ပွတ်တိုက်ကာ တုန်ဟည်းသံများ ဖန်တီးသည်။
ထိုမိုးကြိုးသံသည် ပိုပို ပြင်းထန်လာပြီး လောကရှိ အသံအားလုံးကို အစားထိုးဝင်ရောက်လာ၏။ ထိုအသံလှိုင်းများသည် တိမ်များအတွင်းမှ အရူးအမူး ထိုးထွက်လာသည်။
ထိုလှိုင်းဂယက်များသည် အကြီးအကဲခေါင်းဆောင်၏ တိမ်မိုးကြိုးအစီအရင်ကြောင့် ဖြစ်ပေါ်လာခြင်းတည်း။ ယင်းတို့သည် လူတစ်ယောက်၏ သွေးနှင့် စိတ်အပေါ်တွင်ပင်သက်ရောက်မှု ရှိကာ ခန္ဓာကိုယ်ကို ဖျက်စီးနိုင်ရုံသာမက စိတ်ဝိညာဉ်ကိုပါ ကြေမွသွားစေနိုင်၏။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူ သွေးအန်လိုက်ရသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လေနှင့်မိုးလောကသည် သူ့ဘေးပတ်လည်တွင် ပေါ်လာကာ အသံလှိုင်းကို ခုခံသည်။
တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ မျက်နှာမှာလည်း ဖြူရောသွား၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရင်း သွေးအန်ရသည်။ ထိုသွေးသည် ပုံရိပ်ယောင်ခုနစ်သန်းသောလောကများနှင့် ပေါင်းစပ်သွား၏။ ၎င်းပုံရိပ်ယောင်လောကများသည် အလျင်အမြန် ကြုံ့လာကာ အတွင်းရှိ ပိတ်လှောင်ထားသော အကြီးအကဲခေါင်းဆောင်ကို သတ်ဖြတ်ဖို့အတွက် အဆင်သင့် ဖြစ်လာပေပြီ။
တိမ်မိုးကြိုးအစီအရင်ထံမှ လှိုင်းဂယက်များသည်လည်း ပိုပြင်းထန်လာ၏။ ယင်းတို့သည် ကြုံ့လာနေသော ခုနစ်သန်းလောကများနှင့် ထိပ်တိုက်တွေ့သည်။ ထို့အတွက်ကြောင့် ကောင်းကင်ဘုံတစစီဖြစ်သွားနိုင်သော တုန်ဟည်းသံသည် ထွက်ပေါ်လာတော့သည်။
ဝုန်း…ဝုန်း…ဝုန်း…။
ခုနစ်သန်းလောကပုံရိပ်ယောင်များသည် အလျင်အမြန် ကြုံလာနေရင်း ပြိုပျက်စီး၏။ သို့သော် ၎င်းက ပြင်းထန်သောတုန်ခါလှိုင်းကို ဖန်တီးပေသည်။ ထိုအဖြစ်က တိမ်မိုးကြိုးအစီအရင်ကို ပရမ်းပတာ ဖြစ်လာစေသည်။ ၎င်း၏အစိတ်အပိုင်းတော်တော်များများလည်း ကွယ်ပျောက်သွားရသည်။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူသည် ရှေ့သို့ ခြေလှမ်းသည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်ဘက်သို့ ဖိချသည်။ သူ့လက်ဖြင့် ဖိချလိုက်သည့်အခါတွင် သူ့မျက်လုံးထဲရှိ လောကသည် ရုတ်တရက် နှစ်ထပ်ဖြစ်သွား၏။ အထက်အောက်ဖြစ်သွားခြင်းပင်။
ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံး။
ကောင်းကင်သည် မြေပြင် ဖြစ်လာ၏။ ကြယ်များသည် လေဟာနယ် ဖြစ်လာ၏။ လောကတစ်ခုလုံး ပြောင်းပြန် ဖြစ်သည်။ ဝမ်လင်း၏မျက်လုံးအိမ်အတွင်းမှ လောကသည် လှည့်လည်သည်။ ကောင်းကင်နှင့်မြေကြီးသည် ပြောင်းပြန် ဖြစ်ကုန်သည်။
ထိုအခိုက်အတန့်မှာ လောကတစ်ခု၏ ပုံရိပ်ယောင် ပေါ်လာကာ ပြောင်းပြန်ဖြစ်သည်။ မိုးကြိုးတုန်ဟည်းသံများကလည်း ပဲ့တင်ထပ်နေလျက်။ အကြီးအကဲခေါင်းဆောင်၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးတိမ်တိုက်များသည် သူ့အထက်အောက်တို့တွင် ပေါ်လာ၏။
တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ မျက်လုံးမှာလည်း တလက်လက် ဖြစ်လာ၏။ သူက ပြောင်းပြန်ဖြစ်နေသော လောကအတွင်းရှိ အကြီးအကဲခေါင်းဆောင်ထံ တိုးဝင်လာသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေသည်။ အမှတ်အသားပေါင်း(၉၇၁)ခု သူ့ဘေးပတ်လည်တွင် ပေါ်လာလျက် သူသည် ရှေ့သို့ အရူးအမူး တိုးဝင်သည်။
ဝမ်လင်း၏မျက်လုံးသည် သတ်ဖြတ်လိုစိတ်ဖြင့် အေးစက်လာ၏။ သူက သူ့ဘယ်လက်ကို ပင့်မြှောက်သည်။ သူ့စိတ်ထဲ၌ စစ်စိတ်ဝိညာဉ်လက်ဝါးချက် ပေါ်လာကာ သူ့လက်ကို တွန်းထုတ်သည်။ ဧရာမလက်ဝါးရာတစ်ခု ပေါ်လာကာ အကြီးအကဲခေါင်းဆောင်ထံ တဟုန်ထိုး ဝင်ရောက်သွားတော့သည်။
ထိုလက်ဝါးရာထဲ၌ အဆုံးမဲ့စွမ်းအားများ ပါဝင်၏။ ၎င်းလက်ဝါးချက်သည် အကြီးအကဲခေါင်းဆောင်၏ မျက်လုံးသူငယ်အိမ်ကိုပါ ကြုံ့သွားစေလေသည်။
***