အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း (၁၈၁) ပျက်စီးသွားသောနှစ်ယောက်
"ဒေါ်လေး... ဒေါ်လေးရှိလားဟင်..."
အိမ်ထဲသို့ ခေါင်းပြူပြီး လှမ်းကြည့်လာသူကို ချန်ချင်းယွီတစ်ယောက် မြင်လိုက်ရသဖြင့် ခရီးဦးကြို ပြုလိုက်သည်။
"မုန့်မုန့်ပါလား... လာ၊ ဝင်ခဲ့လေ"
သူမအနေဖြင့် အဘွားကြီးဟွမ်နှင့် ကျန်းရှင်းဖှတို့ကဲ့သို့ အဆိပ်ပြင်းလှသည့် မြွေဆိုးနှစ်ကောင်ကို စိတ်နာရွံရှာမိသည်မှာ အမှန်ပင်။ သို့သော်လည်း လူကြီးချင်းဖြစ်သည့်ကိစ္စနှင့် ကလေးတစ်ယောက်အပေါ် ရန်ငြိုးမထားလိုသဖြင့် ကောင်းကောင်းမွန်မွန်ပင် ဆက်ဆံလိုက်၏။
"ညည်းတို့မိသားစုတွေ ဆေးရုံသွားကြပြီလေ။ ဒီဝင်းထဲကလူတွေလည်း ဘာဖြစ်လဲဆိုတာ သွားကြည့်ကြလို့ အကုန်လိုက်သွားကြပြီ။ အနီးဆုံးဆေးရုံပဲ ဖြစ်ပါလိမ့်မယ်။ ညည်း သူတို့ကို သွားရှာချင်ရင် အဲဒီကိုသာ သွားလိုက်တော့"
ချန်ချင်းယွီ ကျန်းမုန့်မုန့်တစ်ယောက် ၎င်းကိစ္စကို လာရောက်စုံစမ်းသည်ဟု ထင်မှတ်ကာ ပြောပြလိုက်ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဤအိမ်ရာဝင်းအတွင်း၌ သက်ကြီးရွယ်အိုအချို့နှင့် သူမတို့သားအမိ လေးယောက်မှလွဲ၍ လူဟူ၍ သိပ်မကျန်တော့သောကြောင့်ပင်။
သို့သော် ကျန်းမုန့်မုန့် ခပ်အေးအေးပင် တုံ့ပြန်ခဲ့၏။
"သမီး သူတို့ကို သွားရှာဖို့ လာတာမဟုတ်ဘူး"
ထိုစကားကြောင့် ချန်ချင်းယွီ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်လိမ်သွားရပြီး ဆွံ့အသွားရသည်။
'အေးလေ... ညည်းကတော့ တကယ့် တစ်မူထူးကဲသူဆိုတော့’
ကျန်းမုန့်မုန့်သည် ချန်ချင်းယွီ မြင်ဖူးသမျှထဲတွင် အဆန်းပြားဆုံး ကလေးတစ်ယောက် ဖြစ်သည်။ ငယ်ငယ်ကတည်းက အခြားကလေးများနှင့်မတူ၊ အတ္တကြီးကာ မိမိကိုယ်ကိုသာ ဗဟိုပြုတတ်သူ ဖြစ်၏။
"ဒါဆို ညည်းက ဘယ်သူ့ကို လာရှာတာလဲ..."
သူမ မေးနေစဉ်မှာပင် ကျန်းမုန့်မုန့် အိမ်ထဲသို့ လျှောက်ဝင်လာခဲ့ပြီ ဖြစ်သည်။ သူမသည် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ထက် အသက်ကြီးပြီး ယခုဆိုလျှင် ဆယ့်သုံးနှစ်သမီး အရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း အရပ်မှာမူ သိပ်မရှည်လှပေ။
'သူ စားသမျှ အစားအသောက်တွေ ဘယ်တွေများ ရောက်ကုန်ပါလိမ့်' ဟုပင် တွေးတောစရာ ဖြစ်နေ၏။
ကျန်းမုန့်မုန့်၏ မျက်လုံးများ စားပွဲပေါ်ရှိ ဖရဲသီးဆီသို့ ရောက်ရှိသွားသည်ကို မြင်လျှင် ချန်ချင်းယွီ ဆိုလိုက်သည်။
"ညည်းကို ဖရဲသီးတစ်စိတ် လှီးပေးမယ်လေ"
သူမတို့ အိမ်တွင်မူ နွေရာသီ၌ ဖရဲသီးကို အမြဲမပြတ် ဝယ်ထားလေ့ရှိ၏။ နွေရာသီမှာ ဖရဲသီးမစားရလျှင် နွေရာသီ၏ အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။
ဖရဲသီးအကျွေးခံရမည်ဆိုသည်နှင့် ကျန်းမုန့်မုန့်၏ မျက်နှာလေးမှာ ချက်ချင်းပင် ဝင်းပသွားပြီး ဝမ်းသာအားရ ပြောရှာသည်။
"ဒီနှစ်က မိုးနည်းတော့ ဖရဲသီးတွေက တအားချိုတာပဲနော်"
ချန်ချင်းယွီလည်း သူမစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ကျန်းမုန့်မုန့်မှာ ချန်ချင်းယွီကို စူးစိုက်ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။
"ဒေါ်လေး... လူတချို့ ဒေါ်လေးတို့မိသားစုအကြောင်း လိုက်စုံစမ်းနေကြတယ်"
ချန်ချင်းယွီ လှုပ်ရှားမှုများ ခဏတာ ရပ်တန့်သွားသည်။ သူမသည် ကျန်းမုန့်မုန့်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်ရင်း ဖရဲသီးစိတ်ကို ကမ်းပေးလိုက်ပြီးနောက် အိတ်ထဲမှ ငါးယွမ်တန်တစ်ရွက်ကို ထုတ်ပေးလိုက်၏။
၁၉၈၀ ပြည့်လွန်နှစ်များတွင် ငါးယွမ်ဆိုသည့် ပမာဏကို အထင်သေး၍မရပေ။ ကျန်းမုန့်မုန့်၏အဖေ ကျန်းရှင်းဖှပင် လစာ တစ်လမှ ယွမ်ငါးဆယ်ပင် ပြည့်အောင်မရရှိချေ။ ထို့ကြောင့် ငါးယွမ်ဆိုသည်မှာ လစာ၏ ဆယ်ပုံတစ်ပုံမျှ ရှိသဖြင့် တန်ဖိုးကြီးလှသည်။
ကျန်းမုန့်မုန့်သည် ပိုက်ဆံကို မြင်မြင်ချင်း ဖျတ်ခနဲ လှမ်းယူလိုက်ပြီး မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နှက်သွားကာ ချက်ချင်းပင် လေသံပြောင်းသွားလေ၏။
"အသက် ၃၀ ဝန်းကျင်လောက်ရှိမယ့် လူငယ် သုံးလေးယောက်… ဒါပေမဲ့ သမီးကြည့်ရတာတော့ အဲဒီလောက် မကြီးလောက်ပါဘူး။ ကျေးလက်ရွာတွေကို အပို့ခံရတဲ့ ပညာတတ်လူငယ်တွေ ထင်တယ်၊ ကြည့်ရတာ ရုပ်က နည်းနည်းရင့်နေတာ။ သူတို့က ဒေါ်လေးနာမည်ကိုတော့ မသိကြဘူး၊ ဒါပေမဲ့ သူတို့ပြောတဲ့ပုံစံကို ကြားရုံနဲ့တင် ဒေါ်လေးကို ပြောနေမှန်း သမီးတန်းသိလိုက်တာပေါ့။ သူတို့က 'ဒီနားမှာ ပစ္စည်းတွေလိုက်ရောင်းတဲ့ ချောချောလှလှ မိန်းမတစ်ယောက်ရှိလား၊ သူ့မှာ စိတ်ထားမကောင်းတဲ့ ယောက္ခမတစ်ယောက် ရှိတယ်မလား' ဆိုပြီး မေးတာ။ အဲဒါနဲ့ သမီးကလည်း ဟုတ်တယ်လို့ ပြောလိုက်တယ်။ ဒေါ်လေး စဉ်းစားကြည့်လေ၊ သမီးမပြောလည်း သူတို့ တခြားလူတွေကို မေးရင် သိသွားမှာပဲဥစ္စာ"
ကျန်းမုန့်မုန့် ပြောဆိုရင်း ငါးယွမ်တန်လေးကို အသာပွတ်သပ်နေ၏။
ချန်ချင်းယွီ ခေါင်းညိတ်ရင်း
"အင်း... ပြီးတော့ရော ဘာပြောသေးလဲ"
"သူတို့က 'အဲဒီမိန်းမက တကယ်ပဲ ချမ်းသာလား၊ ပိုက်ဆံတွေ အများကြီး ရှာနိုင်တာလား၊ အိမ်မှာ ပုံမှန်ဆို လူဘယ်နှစ်ယောက်နေလဲ၊ ပြီးတော့ အိမ်ရာဝင်းထဲမှာ လူတွေ အမြဲရှိနေတတ်လား' ဆိုပြီး မေးသေးတယ်။ ဝင်းထဲမှာ လူတွေအများကြီးရှိတယ်လို့ ကြားတော့ သူတို့မျက်ခုံးတွေဆိုတာ ယင်ကောင်ညှပ်မတတ် တွန့်ကွေ့သွားတာပဲ။ ပြီးတော့ ဒေါ်လေးက တစ်ယောက်တည်း ပစ္စည်းသွားယူလေ့ရှိသလား ဆိုတာကိုလည်း မေးကြသေးတယ်"
ကျန်းမုန့်မုန့် အသေးစိတ် ပြန်ပြောပြရှာသည်။
ချန်ချင်းယွီ ခဏမျှ စဉ်းစားလိုက်ပြီးနောက်
"အေး... ဒေါ်လေး နားလည်ပြီ၊ ကျေးဇူးပဲနော် မုန့်မုန့်"
ကျန်းမုန့်မုန့်သည် လက်ထဲမှ ငါးယွမ်တန်လေးကို တောက်ခနဲ မြည်အောင် ခါလိုက်ရင်း ပြုံးစိစိဖြင့်
"ကျေးဇူးတင်ဖို့မလိုပါဘူး ဒေါ်လေးရဲ့၊ ပိုက်ဆံပေးရင် ရပါပြီ။ နောက်လည်း သမီး ဘာသတင်းပဲကြားကြား ဒေါ်လေးကို လာပြောပြမယ်လေ"
ချန်ချင်းယွီလည်း သဘောကျစွာ ပြုံးလိုက်ပြီး ကတိပေးလိုက်ကာ
"ကောင်းပြီလေ၊ ညည်းကို အလကားတော့ အလုပ်မခိုင်းပါဘူး"
"ဒါဆိုရင်တော့ အဆင်ပြေတာပေါ့၊ သမီး သဘောပေါက်ပြီ"
ကျန်းမုန့်မုန့် ပြောဆိုပြီးနောက် ဖရဲသီးကို မြိန်ရေယှက်ရေ ဆက်စားနေသည်။ စားသောက်ပြီးနောက် လက်ကို ဖြတ်ခနဲ ခါထုတ်ကာ အိမ်ပြင်သို့ ပေါ့ပါးစွာ ထွက်ခွါသွားလေ၏။
သူမ ထွက်သွားသည်ကို ကြည့်ပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အံ့ဩတကြီး ပြောကြသည်။
"မမမုန့်မုန့်ကတော့ တကယ်ကို ထူးခြားတဲ့သူပဲနော်"
ချန်ချင်းယွီ : "... မင်းတို့ပြောတာ မှန်တာပေါ့"
သို့သော်လည်း ကျန်းမုန့်မုန့် ပြောသွားသည့်စကားများသည် ချန်ချင်းယွီကို အနည်းငယ် စိုးရိမ်ပူပန်သွားစေသည်မှာ အမှန်ပင်။ အခြားသူများ၏ ချောင်းမြောင်းပစ်မှတ်ထားခြင်းကို ခံရသည်မှာ မည်သို့မျှ ကောင်းသောလက္ခဏာ မဟုတ်ပေ။
စိတ်ထဲတွင်လည်း 'ဒီလူတွေက ငါ့လိုပဲ လမ်းဘေးဈေးသည်လုပ်ဖို့ လာလေ့လာတာလား၊ ဒါမှမဟုတ် တခြား မကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိနေလို့လား' ဟု တွေးတောမိ၏။
သို့သော် ဈေးရောင်းချင်ရုံသက်သက်ဆိုလျှင်မူ ဤသို့ လုပ်စရာ အကြောင်းမရှိပေ။ အကယ်၍ ဈေးရောင်းချင်လျှင် စောစောစီးစီး ရောင်းနေကြပြီဖြစ်ရာ သူမ မည်သို့လုပ်သည်ကို စောင့်ကြည့်နေရန် မလို အပ်လှချေ။ ထို့ကြောင့် ၎င်းသည် မကောင်းသော ရည်ရွယ်ချက်သာ ဖြစ်ဖို့များပေသည်။ ၎င်းတို့သည် သူမ၏ အိမ်ကို လာရောက် ဓားပြတိုက်ရန် ကြံစည်နေခြင်းလော သို့မဟုတ် လမ်းခရီးတွင် လုယက်ရန် ချောင်းမြောင်းနေခြင်းလော ဆိုသည်ကိုသာ ချန်ချင်းယွီ သဲသဲကွဲကွဲ မသိနိုင်ဖြစ်နေ၏။
ချန်ချင်းယွီတစ်ယောက် အခြေအနေကို သေသေချာချာ သုံးသပ်ကြည့်မိသည်။ အကယ်၍ အိမ်ကို လာရောက် ဓားပြတိုက်ရန် ကြံစည်ခြင်းဆိုလျှင်မူ… ထိုသို့ဖြစ်ရန် မလွယ်ကူလှပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အိမ်ရာဝင်းထဲတွင် အလုပ်မသွားဘဲ အိမ်မှာသာနေသည့် သက်ကြီးရွယ်အို အဘွားအိုများ အမြဲတစေ ရှိနေတတ်သဖြင့် နေ့ခင်းကြောင်တောင် စီးနင်းဝင်ရောက်တိုက်ခိုက်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။ အခွင့်အရေး လုံးဝရှိမည်မဟုတ်ပေ။
ထို့အပြင် ညဘက်တွင်လည်း ဖြစ်နိုင်ခြေ မရှိပြန်ပေ။ ညဘက်ဆိုလျှင် ဝင်းထဲတွင် လူပို၍ပင် စည်ကားသေးသည်။ ထို့အပြင် ၎င်းတို့၏ အိမ်ရာဝင်းမှာ ငါးထပ်ဆင့်ဝင်းကြီး ဖြစ်သဖြင့် လူဦးရေလည်း ထူထပ်လှပြီး လမ်းအဝင်အထွက်လည်း ရှုပ်ထွေးလှရာ ပြင်ပလူတစ်ယောက်အဖို့ လမ်းရှာရန်ပင် ခက်ခဲလှ၏။ ဤမျှ လူများပြားလှသည့်နေရာတွင် လာရောက်လှုပ်ရှားရန်မှာ ၎င်းတို့အတွက် လုံးဝ မလုံခြုံနိုင်ပေ။
သို့ဆိုလျှင် ဖြစ်နိုင်ခြေအရှိဆုံး အဖြေတစ်ခုမှာ… သူတို့သည် သူမကို လမ်းခုလတ်တွင် လုယက်ရန် ကြံစည်နေခြင်းပင် ဖြစ်ရမည်။
အကယ်၍ သူမတစ်ယောက်တည်း ပစ္စည်း သွားယူရန် တောင်ပိုင်းသို့ သွားမည်ဆိုပါက ၎င်းတို့အတွက် လက်စွမ်းပြရန် ပို၍ပင် လွယ်ကူသွားပေလိမ့်မည်။
"မေမေ... တကယ်လို့ သူခိုးတွေ ဓားပြတွေ ရှိနေရင် ဘယ်လိုလုပ်မလဲဟင်"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့စိုးရိမ်တကြီး မေးလာကြ၏။
ချန်ချင်းယွီ : "ပြောရခက်တာပေါ့... ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ မေမေ အဆင်ပြေအောင် ဖြေရှင်းပါ့မယ်။ သမီးတို့ မှတ်ထားရမှာက သူစိမ်းတွေခေါ်ရင် လုံးဝလိုက်မသွားနဲ့၊ သူစိမ်းတွေပြောတာကိုလည်း လုံးဝမယုံနဲ့နော်"
သူမ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလိုက်၏။
"တစ်အိမ်တည်းနေတဲ့ သိတဲ့လူတွေပဲ ဖြစ်ဖြစ်ပေါ့... သူတို့က သမီးတို့ကို တစ်နေရာရာကို ခေါ်သွားမယ်လို့ ပြောလာရင်တောင်မှ အမြဲတမ်း သတိထားရမယ်နော်"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ပြိုင်တူ ပြန်ဖြေကြသည်။
"သိပါတယ် မေမေ"
မိမိတို့သည် 'ပါးလွှာသော ရေခဲပြင်ပေါ် လျှောက်လှမ်းရသည့် ယုန်ကလေး' အကြောင်း ပုံပြင်ကို အကြိမ်ကြိမ် ကြားဖူးထားသဖြင့် အလွတ်ပင် ရနေကြပြီဖြစ်၏။
"မေမေ ဘာမှမစိုးရိမ်နဲ့နော်"
"တော်လိုက်တဲ့ ကလေးတွေ"
ချန်ချင်းယွီ ဆိုကာ ပြုံးလိုက်သည်။
သူမ ကလေးနှစ်ယောက်၏ ခေါင်းကို သာသာယာယာ ပွတ်သပ်ပေးရင်း
"မေမေ့အတွက် အစိုးရိမ်ဆုံးက သမီးတို့နှစ်ယောက်ပဲ။ တခြားဘာကိုမှ မစိုးရိမ်ဘူး။ ပိုက်ဆံဆိုတာ ပြန်ရှာလို့ရပေမယ့် သမီးတို့နှစ်ယောက်ကတော့ မေမေ့အတွက် အရေးကြီးဆုံးပဲ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ချိုသာစွာ ပြုံးလိုက်ကြပြီး မျက်နှာလေးများတွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ယခုခေတ်တွင် မိဘတစ်ကွဲစီဖြစ်နေသည့် မိသားစုမှ ကလေးများ သိပ်မများလှသော်လည်း ရှိတော့ရှိပေရာ ၎င်းတို့ကျောင်းတွင်လည်း ထိုသို့သော ကလေးအချို့ ရှိကြ၏။ သို့သော် အခြားကလေးများနှင့် နှိုင်းယှဉ်ပါက မိမိတို့နှစ်ဦးမှာ တကယ်ပင် ကံကောင်းလှပြီး ဘဝက သာယာလှပေသည်။ ဝမ်းစာအတွက် ရုန်းကန်နေစရာ မလိုသလို၊ အရာရာကို ခြစ်ခြုတ်ချွေတာပြီး နေထိုင်စရာလည်း မလိုပေ။ မိမိတို့၏ အခြေအနေမှာ အတန်းထဲရှိ အခြားကလေး အများစုထက်ပင် သာလွန်နေပြီ ဖြစ်၏။
ချန်ချင်းယွီ : "ကဲ... သွား၊ တီဗီသွားကြည့်ကြတော့။ သမီးတို့ အဘွားတစ်သိုက် ဘယ်တော့များမှ ပြန်လာကြမလဲ မသိဘူး..."
အမှန်အတိုင်း ပြောရလျှင်မူ အဘွားကြီးကျောက်တို့တစ်သိုက်မှာ ယခုအချိန်တွင် ချက်ချင်း ပြန်လာနိုင်ဦးမည် မဟုတ်ပေ။
ဆေးရုံတွင်မူ လူအုပ်ကြီးတစ်ခုလုံး စုဝေးရောက်ရှိနေကြပြီး အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် စကားပြောနေကြသည်။
ထိုစဉ် ဆေးကုသခန်းအတွင်းမှ
"အား...... အားးးး..." ဟု အသံနက်ကြီးဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာ၏။
လူတိုင်း အချင်းချင်း ကြည့်
လိုက်ကြပြီး အဘွားကြီးကျောက်ကမှာ အလွန်တရာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘာလို့ ဒီလောက်တောင် သနားစရာကောင်းအောင် အော်နေရတာလဲမသိဘူး"
ကျန်လူများလည်း ဘာမှမသိသဖြင့် အသံတိတ် ခေါင်းခါပြကြရုံသာ တတ်နိုင်ရှာသည်။
အဘွားကြီးကျောက်သည် မနေနိုင်ဘဲ ဆေးကုသခန်း မှန်တံခါးတွင် မျက်နှာကပ်ကာ အထဲသို့ ချောင်းကြည့်လိုက်သည်။ သို့သော် တံခါးတွင် လိုက်ကာ ကာထားသဖြင့် ဘာမှ မမြင်ရပေ။
အဘွားကြီးကျောက် စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားကာ
"ဘာမှမမြင်ရဘူးအေ့"
"ကျွန်တော့်အဖေ ဘယ်လိုနေလဲ..."
လင်စန်းရှင်း၏ ထိုးနှက်မှုကို ခံထားရ၍ ဒဏ်ရာများကို ဆေးထည့်ပြီးခါစ ဖြစ်သော ယွမ်ဟောက်ဖုန်း ပြေးဝင်လာ၏။
"မသိသေးဘူးဟေ့... အထဲကနေ အော်ပဲ အော်နေသေးတယ်၊ အပြင်တောင် ထွက်မလာသေးဘူး"
"အော်နိုင်သေးရင်တော့ သေဖို့မလွယ်သေးပါဘူး"
တစ်ယောက်မှာ မှတ်ချက်ချလိုက်သည်။
ယွမ်ဟောက်ဖုန်း စိတ်တိုသွားကာ
"ခင်ဗျားတို့ကလည်း... ဘာစကား ပြောတာလဲဗျာ..."
"ဒါဆိုရင် ငါတို့ကို လာမမေးနဲ့လေ၊ ငါတို့လည်း ဘာမှသိတာမဟုတ်ဘူး"
အတန်ကြာ စောင့်ဆိုင်းပြီးနောက် ခွဲစိတ်ခန်းထဲမှ ဆရာဝန် ထွက်လာခဲ့သည်။ ဆရာဝန်၏ မျက်နှာအမူအရာမှာ သိပ်မကောင်းလှပေ။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ မေးမြန်းလိုက်၏။
"ယွမ်ဟောက်မင်ရဲ့ အိမ်သားတွေ ဘယ်သူရှိလဲဗျာ"
"ကျွန်တော်ပါ..."
ယွမ်ဟောက်ဖုန်း ပြန်ဖြေ၍ အမြန် ရှေ့တိုးသွားပြီး စိုးရိမ်တကြီး မေးလိုက်၏။
"ကျွန်တော့်အဖေ ဘယ်လိုနေလဲဟင်"
ယွမ်ဟောက်ရွှယ်နှင့် ဟောက်ယွဲ့တို့လည်း အလုပ်မှ ပြန်လာရင်း လူအုပ်နှင့်အတူ လိုက်ပါလာကြရာ ဆရာဝန်အနီးသို့ တိုးကပ်လာကြသည်။
ဆရာဝန်မှာ အကြံပြုစကားဆိုကာ
"ရုံးခန်းထဲ သွားပြီး စကားပြောရအောင်ဗျာ"
သို့သော် ယွမ်ဟောက်ဖုန်း မစောင့်
နိုင်တော့ဘဲ အတင်းအကျပ် တောင်းဆိုတော့သည်။
"ဒီမှာတင် ပြောလိုက်ပါဗျာ၊ ဘာလို့ ရုံးခန်းထဲ သွားနေဦးမှာလဲ။ ကျွန်တော့်အဖေ ဘာဖြစ်သွားတာလဲ။ ပြောစမ်းပါ..."
ဆရာဝန် မျက်မှောင်ကြုတ်ကာ
"ဒီမှာ လူတွေက တအားများနေလို့ပါ..."
"ပြောမရစရာ ဘာရှိလို့လဲဗျာ၊ ဒီမှာတင် ပြောလိုက်ပါ။"
ယွမ်ဟောက်ဖုန်းသည် တမင်တကာပင် ဇွတ်ပြောခိုင်းနေခြင်း ဖြစ်သည်။ ဟုတ်သည်၊ သူသည် တမင်လုပ်နေခြင်း ဖြစ်၏။ သူသည် ဆရာဝန်ကို လူအများရှေ့တွင်ပင် ပြောပြစေချင်ပြီး ဒဏ်ရာ ပို၍ပြင်းထန်လေ ပို၍ကောင်းလေဟုပင် မျှော်လင့်နေသည်။ သို့မှသာ အခြားသူများ ဤကိစ္စကို ဆက်လက် ပြောဆိုငြင်းခုံနေကြတော့မည် မဟုတ်ပေ။
ဒါက ဓားစာခံအဖြစ် ဟန်ဆောင်ပြီး အားနာစရာ ဖြစ်အောင် လုပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ မဟုတ်လား…
'ဒီလိုဆိုရင် ငါတို့မိသားစုအနေနဲ့ ဒီသောက်ကျိုးနည်း ပြဿနာကို ဘယ်တော့မှ ထပ်ပြီး ရင်ဆိုင်ဖြေရှင်းနေစရာ လိုတော့မှာမဟုတ်ဘူး'
သူ စိတ်ထဲမှ တွေးတောကာ ကျေနပ်နေသည်။
"ကျွန်တော့်အဖေ ဘာဖြစ်သွားတာလဲ။ ဒီမှာတင် ပြောလိုက်ပါ၊ ကျွန်တော် ရင်ဆိုင်နိုင်ပါတယ်။ စောစောက ဘာလို့ အော်နေတာလဲ။ ခင်ဗျားတို့ ကျွန်တော့်အဖေကို ဘာလုပ်လိုက်ကြတာလဲ"
ဆရာဝန် : "..."
ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားရတော့၏။
ဤမျှ ထင်ရှားလှသည့် အရိပ်အမြွက်ကို သူ နားမလည်နိုင်ရော့သလား။
'ငါက မင်းတို့မိသားစု မျက်နှာပျက်မှာစိုးလို့ အိန္ဒြေရရ ဖုံးကွယ်ပေးဖို့ ကြိုးစားနေတာကို၊ မင်းက လက်မခံတဲ့အပြင် ငါ့ကိုတောင် လာပြီး ဟောင်နေသေးတယ်လား... ငါလည်း ဘာတတ်နိုင်တော့မှာလဲ...'
သို့သော် ဤကိစ္စသည် ယောကျာ်းတစ်ယောက်အတွက် အလွန် အရေးကြီးလှသောကြောင့် ဆရာဝန်မှာ "ဒါပေမဲ့..." ဟု သတိပေးသည့်အနေဖြင့် စကားစလိုက်၏။
"ခင်ဗျားက ဘာဖြစ်နေတာလဲဗျာ။ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဘာလို့ စကားကို ထစ်ထစ်အအနဲ့ ထိန်ချန်ထားချင်နေရတာလဲ။ ကျွန်တော့်အဖေ တစ်ခုခုဖြစ်သွားလို့မလား... ဟုတ်တယ်မလား။ ဟုတ်တယ်မလား။ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာမလား။ ပြောစမ်းပါ... ပြောစမ်းပါဗျာ။ အဖေရေ..."
ယွမ်ဟောက်ဖုန်းတစ်ယောက် ပြဇာတ်မင်းသားတစ်ဦးကဲ့သို့ စိတ်ပါလက်ပါပင် ငိုချင်းချကာ သရုပ်ဆောင်နေတော့သည်။
ဆရာဝန် : "..."
မိမိတို့အနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် လာရောက်ပြသသူများကို မြင်ဖူးသော်လည်း ဤကဲ့သို့ ဆန်းပြားလွန်းသည့် လူစားမျိုးကိုမူ တွေ့ရခဲလှ၏။ သူတို့တတွေ တကယ်ပင် ပြောစရာစကား မရှိတော့ပေ။
တစ်ဖက်လူသည် မျက်နှာအိုးမည်း အသုတ်ခံရန် ဤမျှအထိ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားမှတော့ ဆရာဝန်လည်း အားနာမနေတော့ကာ ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်လေသည်။
"ကောင်းပါပြီလေ။ ခင်ဗျားတို့ဘက်က ဘာမှ ဂရုမစိုက်ဘူးဆိုရင်လည်း ကျွန်တော် တဲ့တိုးပဲ ပြောလိုက်ပါ့မယ်။ ခင်ဗျားအဖေက စောစောတင်က သူနာပြုဆရာမလေးကို ဆွဲလားရမ်းလား သွားလုပ်ဖို့ ကြိုးစားလို့ အနားကလူတစ်ယောက်က ပါးရိုက်လိုက်တာ။ အဲဒါကြောင့် သူအော်နေတာပါ။ လူကတော့ ထွေထွေထူးထူး ဘာမှမဖြစ်ပါဘူး။ ဆေးဝါးတချို့ သောက်မိထားလို့ပါ... တိရစ္ဆာန်သုံးဆေးတွေလေ။ တော်သေးတာက သောက်မိတဲ့ပမာဏက သိပ်မများလို့ ခန္ဓာကိုယ်ကိုတော့ ကြီးကြီးမားမား မထိခိုက်သွားပါဘူး။ ဒါပေမဲ့... ပန်းသေသွားပါပြီ။ နောက်နောင် လင်မယား ဆက်ဆံရေး ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ပြီးတော့..."
"ဘာပြောတယ်..."
"ပန်းသေသွားတာလား။ ဘာသေတာလဲ။ အဲဒီအဓိပ္ပာယ်လားဟင်။ မစွမ်းဆောင်နိုင်တော့ဘူးလို့ ပြောတာလား။ ဒါကိုပဲ ပြဿနာမရှိဘူးလို့ ပြောရသလားဗျာ။ ဒါထက် ပိုဆိုးရင် ဘယ်လိုဖြစ်ဦးမှာလဲ..."
"ဒါကတော့ သေချာတာပေါ့အေ့။ အဲဒီကိစ္စကို လုပ်လို့မရတော့ဘူးလို့ ဆရာဝန်က ပြောနေတာပဲဟာ။ အမလေး... တကယ်ပါပဲ။ ဒီယွမ်ဟောက်မင်တစ်ယောက်တော့ နိုင်ငံတော်တည်ထောင်ပြီးနောက်ပိုင်း နောက်ဆုံးကျန်ရစ်ခဲ့တဲ့ မိန်းမစိုး ဖြစ်သွားပြီပေါ့လေ"
ထိုစကားကို အဘွားကြီးကျောက် သဘောမတူသဖြင့် ဝင်ပြင်ပေးသည်။
"အဲဒီစကားကတော့ မဟုတ်သေးပါဘူးအေ့။ မိန်းမစိုးဆိုတာက ဖြတ်တောက်လိုက်ရတာလေ။ သူ့ဟာက ဖြတ်လိုက်ရတာမှမဟုတ်တာ။ မိန်းမစိုးလို့တော့ သတ်မှတ်လို့မရဘူး"
"ဒါပေမဲ့ မိန်းမစိုးမဟုတ်လည်း အလုပ်မှ မလုပ်တော့တာပဲဟာ"
"နေပါဦး... ဒါတောင် ကြီးကြီးမားမား မထိခိုက်ဘူးလို့ ပြောလို့ရသေးလား။ ဒီဆေးက တော်တော်ပြင်းတာပဲနော်"
"မကြားလိုက်ဘူးလား... တိရစ္ဆာန်ဆေးတဲ့၊ တိရစ္ဆာန်ဆေး။ အကောင်တွေကျွေးတဲ့ ဆေးလေ။ ယွမ်ဟောက်မင်တစ်ယောက်တော့ တကယ့်ကို ရူးသွားပြီ။ ဒီလိုဆေးမျိုးကိုတောင် ရဲရဲတင်းတင်း သောက်ရဲတယ်"
...
ဆရာဝန် စကားပင် ဆုံးအောင် မပြောရသေးမီ လူအုပ်ကြီးမှာ ဝိုင်းအော်ကာ တစ်ယောက်တစ်ပေါက်ဖြင့် စည်ကားသိုက်မြိုက်စွာ ဆွေးနွေးငြင်းခုံကြ၏။ မိန်းမစိုးဆိုသည်ကို သူတို့တစ်ခါမျှ မမြင်ဖူးကြသဖြင့် တကယ်ပင် စိတ်လှုပ်ရှားစရာ ကိစ္စရပ်ကြီး ဖြစ်နေလေသည်။
ယွမ်ဟောက်ဖုန်းတစ်ယောက် ဆွံ့အလျက် ကြောင်အမ်းအမ်းရပ်နေပြီး အတန်ကြာမှ အတင်းအော်ဟစ်လေတော့သည်။
"မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး။ ကျွန်တော့်အဖေက..."
"ခင်ဗျား စိတ်အေးအေးထားပါဦး"
ဆရာဝန် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။ စောစောကတည်းက ရုံးခန်းထဲသို့ တိတ်တဆိတ် သွားပြောပါမည်ဆိုသည်ကို နားမထောင်ဘဲ ယခုမှ လာပြီး ဤသို့ဖြစ်နေကြပြန်သည်။
ဆရာဝန်မှာ ဆရာဝန်ကျင့်ဝတ်နှင့်အညီ တည်ငြိမ်စွာဖြင့် ဆက်လက်ပြောပြ၏။
"ခင်ဗျားအဖေက ဒီအရွယ်ကြီးနဲ့ တစ်ဆက်တည်း နာရီပေါင်းများစွာ အားကုန်ထုတ်သုံးလိုက်တာမို့ ခန္ဓာကိုယ်က အားအင်ကုန်ခမ်းသွားတာ။ ဒါမျိုးကတော့ ဘယ်လို နတ်ဆေးသမားတော်ပဲဖြစ်ဖြစ် မကယ်နိုင်တော့ပါဘူး။ တော်သေးတာက သူ့မှာ ခင်ဗျားတို့လို အသက်အရွယ်ရနေပြီဖြစ်တဲ့ သားသမီးတွေ ရှိနေပြီမို့ သိပ်ပြီးတော့လည်း ဝမ်းနည်းမနေပါနဲ့တော့။ ကဲ... ကျွန်တော်တို့ သူ့ရဲ့ တခြားကျန်းမာရေး အခြေအနေတွေကို ဆက်ပြောရအောင်"
"ကျန်းမာရေး... ဟုတ်ကဲ့၊ ပြောပါဦး..."
ယွမ်ဟောက်ဖုန်း စိတ်ဓာတ်ကျစွာ မေးလိုက်သည်။
ဆရာဝန် : "သူ အရိုက်ခံထားရပေမယ့် မပြင်းထန်ပါဘူး။ အားလုံးက ဒဏ်ရာအနည်းငယ်ပဲ ဖြစ်ပါတယ်။ နှာခေါင်းရိုး ကျိုးသွားတာကလွဲရင် ကျန်တာတွေကတော့ ကုတ်ခြစ်ရာတွေပဲ ဖြစ်ပါတယ်။ အဲဒီကုတ်ခြစ်ရာတွေရဲ့ အများစုကတော့... ဟိုဒင်းပြုနေတဲ့ အချိန်မှာ ရခဲ့တဲ့ ဒဏ်ရာတွေပေါ့လေ။ သူ့ရဲ့ အဓိကပြဿနာကတော့ ဒါပါပဲ။ ခင်ဗျားတို့မိန်းသားစုအနေနဲ့ ဆေးရုံတက်ဖို့ လိုမလားဗျာ။ သူ့အခြေအနေက ဆေးရုံတက်ချင်လည်း ရတယ်၊ မတက်ဘဲ အိမ်ပြန်နားလည်း ရပါတယ်"
ယွမ်ဟောက်ဖုန်း : "..."
ဘာပြောရမှန်း မသိတော့ပေ။
ဘေးနားတွင် အကဲခတ်နေသော အဘွားကြီးကျောက်မှာ ဝင်ပြောလေသည်။
"ဟုတ်တာပေါ့... လူကလည်း မစွမ်းဆောင်နိုင်တော့တာပဲ။ ဆေးရုံတက်လည်း ကောင်းလာမှာမဟုတ်ပါဘူး။ ပိုက်ဆံတွေ အလကား မဖြုန်းပါနဲ့တော့၊ အိမ်ပဲ ပြန်ကြပါ"
ယွမ်ဟောက်ဖုန်း အဘွားကြီးကျောက်ကို မျက်စောင်းထိုးကြည့်ကာ တစ်ခုခု ပြောရန်ပြင်စဉ်မှာပင် ယွမ်ဟောက်ရွှယ် ရုတ်တရက် ဝင်ပြောလာသည်။
"ကျွန်မတို့ ဆေးရုံတက်ပါမယ်။ ဆေးရုံတက်ဖို့ စာရင်းသွင်းပေးပါ"
ယွမ်ဟောက်ဖုန်း : "ဟောက်ရွှယ်... အဖေက ဒီလိုဖြစ်နေတာကို အိမ်ပြန်ပြီး ပြုစုတာက ပိုမကောင်းဘူးလား..."
သို့သော် ယွမ်ဟောက်ရွှယ် ပြတ်သားစွာဖြင့် ဆိုလိုက်သည်။
"ဆေးရုံတက်မယ်"
သူမက သူမ၏ အကိုဖြစ်သူကို အသာဆွဲကာ လှမ်းခေါ်လိုက်သဖြင့် ဟောက်ဖုန်းလည်း သဘောတူလိုက်ရ၏။
"ကောင်းပါပြီ... ဒါဆိုရင် ကျွန်တော်တို့ ဆေးရုံတက်ဖို့ ကိစ္စတွေ လုပ်လိုက်ပါ့မယ်"
သူမသည် အကိုဖြစ်သူကို လက်မှတ်ထိုးရန် အောက်ထပ်သို့ ဆွဲခေါ်သွားရင်း လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အဖေက ဒီလိုပုံစံ ဖြစ်နေတာကို အိမ်ပြန်ခေါ်သွားရင် ဘယ်လောက်တောင် မျက်နှာပျက်စရာ ကောင်းလိုက်မလဲ။ ဆေးရုံမှာပဲ ခဏလောက် အခြေအနေ စောင့်ကြည့်ပြီးမှ ပြန်တာက ပိုကောင်းလိမ့်မယ်"
"မင်း စဉ်းစားတာ တကယ်ကို စေ့စပ်သေချာတာပဲ"
ယွမ်ဟောက်ရွှယ် သက်ပြင်းတစ်ချက်ချရင်း ညည်းတွားလိုက်သည်။
"ကျွန်မတို့ ဘယ်လောက်ပဲ စေ့စပ်အောင် စဉ်းစားစဉ်းစား ဘာထူးမှာလဲ။ အမေကလည်း အနှောင့်အယှက်ပေးတယ်၊ အဖေကလည်း ပြဿနာရှာတယ်"
ယွမ်ဟောက်ဖုန်းလည်း စိတ်ညစ်သွားရ၏။ သူတို့မိသားစု၏ ဘဝမှာ အိမ်ရာဝင်းထဲတွင် အထက်တန်းလွှာဟု ပြောနိုင်လောက်အောင် တိုးတက်ပြည့်စုံနေပါလျက်နှင့် အဖေနှင့်အမေ
အဘယ်ကြောင့် ဤမျှအထိ ပြဿနာရှာနိုင်ကြသည်ကို မတွေးတတ်တော့ပေ။ မောင်နှမနှစ်ယောက်စလုံး ပြိုင်တူ သက်ပြင်းရှည်ကြီး ချလိုက်မိကြသည်။ အဖေနှင့်အမေမှ မိမိတို့ကို ကူညီရန် ကြိုးစားခဲ့ခြင်းဖြစ်စေကာမူ ကိစ္စ မအောင်မြင်ခဲ့သဖြင့် လုံးဝအသိအမှတ်ပြုမည် မဟုတ်ပေ။
ယွမ်ဟောက်ဖုန်းသည် ဖခင်ဖြစ်သူ ပန်းသေသွားသည့် သတင်းမှာ ပျံ့နှံ့သွားပြီဖြစ်ကြောင်း တွေးမိကာ ထပ်မံ၍ သက်ပြင်းအကြီးအကျယ် ချလိုက်မိပြန်၏။
'ငါတို့မျက်နှာတော့ ဘယ်လိုမှ ဆယ်လို့ ရတော့မှာ မဟုတ်ဘူး'
ယွမ်ဟောက်ရွှယ်သည်လည်း ငါးသေမျက်လုံးအစုံကဲ့သို့ အသက်မဲ့ကာ နွမ်းလျလျဖြင့် ကြီးစွာသော ပူပန်သောကကို ခံစားနေရတော့သည်။
သို့သော် သူတို့မိသားစုမှာ ဆိုးရွားလှသည်ဟု ဆိုနိုင်သော်လည်း ယခုအချိန်တွင်မူ ကျန်းမိသားစုမှာ ပို၍ပင် အကျပ်ရိုက်နေရ၏။ ယွမ်ဟောက်မင်၏ အခြေအနေမှာ ပန်းသေသွားခြင်းနှင့် ဒဏ်ရာအနည်းငယ် ရရှိခြင်းမျှသာ ဖြစ်သော်လည်း ကျန်းမိသားစု တစ်စုလုံးမှာမူ ရရှိထားသည့် ဒဏ်ရာများသည် သာမန်ဒဏ်ရာများ မဟုတ်ကြပေ။
ထိုစဉ် ဆရာဝန်မှာ လှမ်းအော်ကာ
"ကျန်းရှင်းဖှ... ကျန်းရှင်းဖှရဲ့ မိသားစုဝင်တွေ ရှိပါသလား"
"ခဏလေးပါဆရာ... အဘိုးကြီးကျန်း... အဘိုးကြီးကျန်း..."
"တိုးတိုးလုပ်ပါ၊ ဆေးရုံမှာ ဆူညံဆူညံ မလုပ်ပါနဲ့"
"အဘိုးကြီးကျန်း... အဘိုးကြီးကျန်း..."
အဘိုးကြီးကျန်းမှာ ဘီးတပ်ကုလားထိုင်ကို စီးလျက် ရောက်ရှိလာသည်။ သူရရှိထားသော ဒဏ်ရာများမှာလည်း မနည်းလှပေ။ နှစ်ယောက်တစ်ယောက် အချခံရခြင်း ဖြစ်ပြီး… အဘွားကြီးဟွမ်နှင့် ယွမ်ဟောက်မင်တို့ နှစ်ယောက်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် တစ်ကိုယ်လုံးတွင် ကုတ်ခြစ်ရာ သွေးစင်းကြောင်းများဖြင့် ပြည့်နှက်နေသည်။ ခေါင်းမှ ဆံပင်များလည်း အဆွဲခံရသဖြင့် အတော်များများ ကျွတ်ထွက်ကုန်သည့်အပြင် မိမိအရင်းခေါက်ခေါက် သားဖြစ်သူ ကျန်းရှင်းဖှ၏ ကိုက်ခဲမှုကိုလည်း အကြိမ်ကြိမ် ခံခဲ့ရသေး၏။
တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသော်လည်း၊ ပြင်းထန်သည့် ဒဏ်ရာဟု မဆိုနိုင်သော်လည်း သက်သာလှသည် မဟုတ်ပေ။
အထူးသဖြင့် ခြေထောက်မှာ ကျန်းရှင်းဖှ၏ အတင်းအကျပ် အကိုက်ခံခဲ့ရသဖြင့် လမ်းလျှောက်လျှင် ထော့နဲ့ထော့နဲ့ ဖြစ်နေရရှာရာ လောလောဆယ်တွင် ဘီးတပ်ကုလားထိုင်တစ်လုံးကို အငှားတောင်းကာ စီးထားရတော့သည်။
"ဘာဖြစ်လို့လဲဗျို့..."
ဆရာဝန် လှမ်းကြည့်လိုက်ရာ …
အမလေး... အံ့ဩစရာပါလား…
တစ်ကိုယ်လုံးတွင် ပတ်တီးများ ပတ်ထားသည်မှာ မံမီရုပ်အလောင်းအတိုင်းပင် ဖြစ်နေ၏။
ဤလူလည်း ဒဏ်ရာ မနည်းလှပေ။
ဆရာဝန် : "ခင်ဗျားက ကျန်းရှင်းဖှရဲ့ မိသားစုဝင်လား"
"ဟုတ်တယ်"
အဘိုးကြီးကျန်း၏ "ဟုတ်တယ်" ဆိုသည့် အသံမှာ အံကြိတ်ထားသည့် လေသံမျိုး ထွက်ပေါ်နေ၏။
'ဒီသားမိုက်ကောင်ကတော့ တကယ့်ကို အလကားမရတဲ့ ကောင်ပဲ'
သူ စိတ်ထဲမှ ကြုံးဝါးနေမိသည်။
ဆရာဝန် : "ကျန်းရှင်းဖှရဲ့ အခြေအနေက သိပ်ပြီး စိုးရိမ်စရာမရှိပါဘူး။ သူက တိရစ္ဆာန်ဆေးတွေ အလွန်အကျွံ သောက်မိထားပြီး အချိန်အတော်ကြာအောင်... ဟိုဒင်း... မလွတ်မြောက်နိုင်ဘဲ အောင့်ထားမိတဲ့အတွက်... နောင်တချိန်မှာ လင်မယား သံဝါသကိစ္စတွေ ပြုလုပ်နိုင်တော့မှာ မဟုတ်ပါဘူး"
"ဘာပြောတယ်ဗျာ........."
ဘေးလူများအားလုံး အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြသည်။
'ဘုရားရေ... နောက်ထပ်တစ်ယောက် ထပ်ပြီး သုံးမရတော့တာလား။ သူလည်း မစွမ်းဆောင်နိုင်တော့ဘူးပေါ့လေ’
အဘိုးကြီးကျန်းလည်း တုန်တုန်ရင်ရင်ဖြင့် ငိုယိုကာ အသနားခံတော့သည်။
"မ... မ... မဖြစ်နိုင်တာ။ မစွမ်းဆောင်နိုင်တော့ဘူး ဟုတ်လား။ သူက သုံးမရတဲ့ လူမစွမ်းကောင်း ဖြစ်သွားပြီလား။ ဗျာ... ဗျာ... ဗျာ...။ ကျွန်တော့်သားမှာ သားသမီးတောင် မရှိသေးဘူးဗျ။ အား... အား... အား။ ကျွန်တော်တို့ မိသားစုက မျိုးဆက်ပြတ်လို့မဖြစ်ဘူးဗျာ။ ကျွန်တော့်မှာ မြေးယောက်ျားလေး ရှိဦးမှဖြစ်မှာ။ ဆရာဝန်ကြီး... ဆရာဝန်ကြီး၊ သူ့ကို ကယ်ပေးပါဦးဗျာ။ သူက ငယ်ငယ်လေးပဲ ရှိသေးတာ။ ဒီလောက်အရွယ်နဲ့ မစွမ်းဆောင်နိုင်တော့ဘူးဆိုရင် မဖြစ်နိုင်ဘူးဗျာ..."
"ဒါကတော့ တကယ်ကို ကုပေးလို့မရတော့ပါဘူးဗျာ။ ကျွန်တော်တို့အနေနဲ့ လူနာကို အကောင်းဆုံး ကုသပေးချင်တာ မှန်ပေမယ့် တချို့အရာတွေကိုတော့ လက်တွေ့အခြေအနေအတိုင်း လက်ခံရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ခြေထောက်လည်း ကျိုးသွားပါတယ်။ ခြေထောက်နှစ်ဖက်စလုံး နင်းခြေခံထားရလို့ ကျိုးသွားတာပါ။ သွေးစစ် ဆီးစစ်ချက်တွေအရလည်း သိပ်မကောင်းလှဘူး။ သူက အပြင်းအထန် နင်းခြေခံထားရတဲ့ ပုံစံမျိုးမို့ ဆေးရုံတက်ဖို့ လိုပါလိမ့်မယ်။ ဆေးရုံက ဆင်းရင်တောင်မှ နောင်တချိန်မှာ လေးလံတဲ့ အလုပ်ကြမ်းတွေကို လုပ်နိုင်တော့မှာ မဟုတ်ပါဘူး"
ဆရာဝန် ဆက်လက်ရှင်းပြလေသည်။
"အား..."
အဘိုးကြီးကျန်း ထပ်မံ၍ အော်ဟစ်လိုက်ပြန်၏။
ဘေးလူများလည်း ကျန်းရှင်းဖာတစ်ယောက် ဤမျှအထိ ပြင်းထန်သော ဒဏ်ရာရလိမ့်မည်ဟု မထင်မှတ်ထားကြပေ။
အဘွားကြီးကျောက် မချင့်မရဲဖြင့်
"ဒါကိုပဲ ပြဿနာမရှိဘူးလို့ ပြောရသလား ဆရာဝန်ရယ်"
ဆရာဝန် တည်ငြိမ်စွာဖြင့် အလေးအနက် ဆိုလေသည်။
"အသက်အန္တရာယ် မရှိသရွေ့တော့ ပြဿနာမရှိဘူးလို့ ပြောလို့ရပါတယ်"
ဘေးကြည့်နေသည့် လူအုပ်ကြီး : "..."
'ကြားရတာ ကျိုးကြောင်းဆီလျော်သလိုလိုနဲ့ တကယ်တမ်းကျတော့လည်း တစ်မျိုးကြီးပဲ'
ဆရာဝန် : "တခြား ဒဏ်ရာရထားတဲ့ အမျိုးသမီးကရော ခင်ဗျားရဲ့ မိသားစုဝင်ပဲလား"
အဘိုးကြီးကျန်း၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားပြီး ထိုမိန်းမကြီးကို မိမိ၏ ဇနီးအဖြစ် မသတ်မှတ်ချင်သဖြင့် ခပ်တည်တည်ဖြင့်ပင် ဆိုလိုက်၏။
"သူက ကျွန်တော့်ရဲ့ ဇနီးဟောင်းပါ။ ကျွန်တော်တို့ ကွာရှင်းထားကြတာ ကြာပါပြီ။ သူကရော ဘယ်လိုနေလဲ ပြောပါဦး"
ဆရာဝန် : "သူကတော့ ထွေထွေထူးထူး ဘာမှမဖြစ်ပါဘူး"
ထိုအခါ အဘွားကြီးကျောက်
ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး
"ဒါကြောင့်မို့ ပြောတာပေါ့အေ့။ ပင်ပန်းရတာက နွားပဲရှိတယ်၊ မြေကြီးကတော့ ဘာမှ ပျက်စီးမသွားဘူးဆိုတာ တကယ်ပဲ"
"အမလေး... ညည်းပြောတာ တကယ့်ကို ဟုတ်တာပဲအေ့။ ဟိုဘက်က နှစ်ယောက်စလုံး သုံးမရအောင် ပျက်စီးသွားပေမယ့် သူကတော့ ဘာမှမဖြစ်ဘူး။ ဒါက ဘယ်လိုတောင် ဆန်းကြယ်တဲ့ ကိစ္စကြီးလဲမသိဘူး"
ရှီကျန့်ရှန်းလည်း လှောင်ပြောင်ပြောလိုက်၏။
အဘွားကြီးကျောက် : "ဒါပေါ့အေ့... ဟုတ်တာပေါ့"
ဆရာဝန်မှာ ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှ ဝင်မပြောဘဲ
"သူ့မှာ အဲဒီဘက်က ပြဿနာမရှိပေမယ့် တင်ပါးဆုံရိုး လွဲသွားတဲ့အတွက် အနားယူဖို့ လိုပါလိမ့်မယ်။ မျက်နှာဖူးယောင်တာနဲ့ ဆံပင်အဆွဲခံရလို့ ကွက်ပြီး ပြောင်သွားတာတွေကတော့ သိပ်ပြီး မစိုးရိမ်ရပါဘူး။ ရက်ပိုင်းလောက် နားလိုက်ရင် ကောင်းသွားမှာပါ"
"တင်ပါးဆုံရိုး လွဲသွားတာ ဟုတ်လား။ အဲဒါက ဘယ်လိုလုပ်ပြီး လွဲသွားရတာလဲ"
"ညည်းကလည်း ဘာမှမသိဘူးပဲ။ ဟိုလိုမျိုး လုပ်ရင်းနဲ့... ဘာညာပေါ့အေ့"
လူအုပ်ကြီးမှာ အချင်းချင်း စပ်စုပြီး တိုးတိုးတိတ်တိတ်ဖြင့် စနောက်ကာ မထိတထိ အပြုံးများဖြင့် ရယ်မောနေကြတော့သည်။ အဘွားအို အချို့ဆိုလျှင် အချင်းချင်း ခေါင်းချင်းရိုက်ကာ အတင်းပြောနေကြ၏။
ထိုစဉ် ဆရာဝန်မှာ အသိပေးလာသည်။
"ကျွန်တော်တို့ ဆေးရုံကနေ ရဲစခန်းကို အကြောင်းကြားထားပြီးပါပြီ။ ခဏနေရင် ရဲတွေ ရောက်လာလိမ့်မယ်၊ အဲဒီကျမှပဲ အချင်းချင်း ညှိနှိုင်းကြပါတော့"
"ဘာဗျာ... ဘာဖြစ်လို့ ရဲစခန်းကို အကြောင်းကြားရတာလဲ။ ဒါက ကျွန်တော်တို့ အိမ်တွင်းရေးကိစ္စပဲဟာကို။ ခင်ဗျားက ဘာလို့ ဒီလောက်တောင် လိုက်ပြီး စွက်ဖက်နေရတာလဲ"
အဘိုးကြီးကျန်းတစ်ယောက် စိတ်ဓာတ်များ လုံးဝ ပြိုလဲပျက်စီးသွားရတော့သည်။ တစ်ခါပြီး တစ်ခါ စိတ်ဓာတ်ကျရလွန်းလှပြီ ဖြစ်၏။
ရဲတွေ ရောက်လာမည့်ကိစ္စကို တွေးမိသည်နှင့် သူ အလွန် ကြောက်လန့်သွားရသည်။ မိမိတို့၏ အိမ်သားနှစ်ယောက်မှာ အပြစ်ကင်းစင်ပါသည်ဟု သူ ရဲရဲဝံ့ဝံ့ မပြောရဲပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သူတို့သားအမိမှာ အလွန် မသင်္ကာစရာကောင်းအောင် ပြုမူလှုပ်ရှားနေခဲ့ကြသောကြောင့်ပင်။
အဘိုးကြီးကျန်းသည် ပျာပျာသလဲဖြင့် အတင်းအကျပ် ပြောတော့သည်။
"ကျွန်တော်တို့ ရဲတွေနဲ့ မပတ်သက်ချင်ဘူးဗျာ။ ခင်ဗျားက ဘာလို့ ဒီလောက်တောင် အလုပ်ရှုပ်ခံနေရတာလဲ။ ခင်ဗျား ဖုန်းဆက်ခေါ်ထားတာဆိုတော့ ခင်ဗျားပဲ ပြန်ပြောပေးပါ"
သို့သော် ဆရာဝန်မှာ ပြတ်သားစွာ ပြောလိုက်၏။
"ခင်ဗျားတို့ရဲ့ အခြေအနေက တော်တော်လေး ပြင်းထန်ပါတယ်။ ကျွန်တော်တို့ ဆေးရုံအနေနဲ့ သာမန်အတိုင်း ဖြေရှင်းပေးလို့မရပါဘူး။ ဒါက တရားမဝင်ဆေးဝါး သုံးစွဲမှုနဲ့တင်မကဘဲ လူအုပ်စုလိုက် ရိုက်နှက်မှုလည်း ပါဝင်နေပါတယ်။ ပြီးတော့ ကျန်းရှင်းဖှက ပြင်းထန်ဒဏ်ရာ ရထားတဲ့ အခြေအနေမို့ ကျွန်တော်တို့ ဆေးရုံဘက်က မဖြစ်မနေ အကြောင်းကြားရတာပါ"
အဘိုးကြီးကျန်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကာ
"ခင်ဗျားက စောစောတင်ကပဲ ပြဿနာမရှိဘူးလို့ ပြောပြီးတော့ အခုကျတော့ ပြင်းထန်ဒဏ်ရာ ဖြစ်သွားပြီ ဟုတ်လား။ ခင်ဗျားပြောတဲ့ စကားတွေထဲက ဘယ်ဟာက အမှန်လဲဗျာ..."
"ပြဿနာမရှိဘူးဆိုတာက အသက်အန္တရာယ် မစိုးရိမ်ရတာကို ပြောတာပါ။ ပြင်းထန်ဒဏ်ရာဆိုတာက ဒဏ်ရာအဆင့်အတန်း သတ်မှတ်ချက်ဖြစ်ပြီး ရဲတိုင်တယ်ဆိုတာကတော့ ဥပဒေအရ ဖြေရှင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါတွေက တစ်ခုနဲ့တစ်ခု မတူပါဘူး"
"အားးး... ငါ မင်းကို ရိုက်သတ်မယ်။ ဒီလောက်တောင် အမှုပတ်အောင် လုပ်ရသလား..."
မာကျန့်ယီနှင့် အခြားလူများ အဘိုးကြီးကျန်းကို အမြန်ပင် ဝိုင်းဆွဲထားကြပြီး
"စိတ်အေးအေးထားပါဦး အဘိုးကြီးကျန်းရာ။ မလုပ်ပါနဲ့တော့... ဒီနေရာက ဆေးရုံဗျ၊ ခင်ဗျားအိမ်က အိပ်ရာပေါ် မဟုတ်ဘူး။ ခင်ဗျား သောင်းကျန်းလို့ရတဲ့ နေရာမဟုတ်ဘူး"
"ငါ ... ...>¥£<||¥££"
အဘိုးကြီးကျန်း ဒေါသတကြီးဖြင့် ဆဲရေးတိုင်းထွာနေတော့သည်။
အဘိုးကြီးကျန်း တစ်ယောက် စိတ်ပျက်ဒေါသထွက်နေစဉ်မှာပင် ဆေးကုသခန်းအတွင်းမှ စူးရှကျယ်လောင်လှသည့် အော်ဟစ်ငိုကြွေးသံကြီး ထွက်ပေါ်လာပြန်၏။
"ငါ မစွမ်းဆောင်နိုင်တော့ဘူး ဟုတ်လား။ မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူးဗျာ။ အို... အရှင်ထာဝရဘုရားသခင်ကြီး... ဘာလို့ ကျွန်တော့်ကို ဒီလို ရက်ရက်စက်စက် လုပ်ရတာလဲဗျာ။ မိုးနတ်မင်းကြီးက မျက်စိမရှိဘူးလားဗျာ..."
ယွမ်ဟောက်မင်၏ နာကျင်ကြေကွဲစွာ အော်ဟစ်သံမှာ ကောင်းကင်ယံအထိ ပျံ့လွင့်သွားတော့မတတ်ပင်။
"အီး... ဟီး... ဟီး...။ ငါ ဘာလို့ သုံးစားမရတဲ့ကောင် ဖြစ်သွားရတာလဲ။ ဘာလို့လဲဗျာ..."
ဒုတိယအသံသည်ကား ကျန်းရှင်းဖှ၏ ငိုကြွေးသံ ဖြစ်သည်။
ကျန်းရှင်းဖှ : "ကျွန်တော့်မှာ သားသမီးလည်း မရှိသေးဘူးဗျ။ ငါတော့ မျိုးပြတ်ပြီပေါ့။ အီး... ဟီး... ဟီး...။ မိုးမြေအရှင် နတ်မင်းအပေါင်းတို့... ဘယ်နတ်သမီးလေးကများ ကျွန်တော့်ကို လာကယ်တင်ပေးနိုင်မလဲဗျာ။ ကျွန်တော် သနားစရာ ကောင်းလှပါဘိ"
နှစ်ယောက်စလုံး၏ အော်ဟစ်ငိုကြွေးသံများမှာ ဆေးရုံတစ်ခုလုံး ဆူညံသွားစေသည်။
"ဒါက ဘာဖြစ်ကြတာလဲဟေ့။ ယောက်ျားကြီး နှစ်ယောက်စလုံး သုံးမရတော့ဘူးပေါ့လေ"
"သူတို့ ဘာတွေလုပ်ခဲ့ကြလို့ ဒီလောက်အထိ ဖြစ်သွားရတာလဲမသိဘူးနော်"
ဆေးရုံရှိ လူနာများအားလုံး စပ်စုချင်စိတ်ဖြင့် အတင်းတိုးဝှေ့ကာ လာရောက်ကြည့်ရှုကြတော့သည်။ လူတွေ စပ်စုလွန်း၍ မဟုတ်ဘဲ ဤကဲ့သို့သော ကိစ္စရပ်မျိုးမှာ အလွန်တွေ့ရခဲလှသောကြောင့်ပင်…
စင်္ကြံလမ်းတစ်လျှောက်တွင် လူများမှာ တဖြည်းဖြည်း ပိုမိုများပြားလာပြီး ကျန်းရှင်းဖှနှင့် ယွမ်ဟောက်မင်တို့၏ အော်ဟစ်သောင်းကျန်းသံများမှာလည်း တိတ်မသွားကာ တစ်စာစာ အော်ဟစ်ငိုကြွေးနေကြ၏။
ယခုအခါ မိုးချုပ်သွားပြီဖြစ်ရာ တွက်ချက်ကြည့်လျှင် ၎င်းတို့ ဆေးသောက်မိသည်မှာ ဆယ်နာရီနီးပါး ရှိသွားပြီဖြစ်သဖြင့် ဆေးအာနိသင်မှာ အတန်ငယ် ပြယ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောမိကြရာ တကယ့်ကို မျက်စိရှက်ဖွယ် မြင်ကွင်းများဖြစ်နေသဖြင့် တစ်ခဏအတွင်းမှာပင် စိတ်ဓာတ်များ ပြိုလဲသွားကြ၏။
ဆေးတူသောက်မိထားကြသူများ ဖြစ်သဖြင့် ၎င်းတို့တစ်သိုက်ကို တစ်နေရာတည်းတွင်ပင် စုစည်းကုသပေးနေခြင်း ဖြစ်သည်။
ယခုအချိန်တွင် ယွမ်ဟောက်မင်သည် အဘွားကြီးဟွမ်ကို ကြည့်ရသည်မှာ ဘယ်လိုမှ သံယောဇဉ်ရှိသည့်ပုံ မပေါ်သည့်အပြင် 'လင်မယားတစ်ရက် ဆက်ဆံရေးရှိလျှင်ပင် ရက်ပေါင်းတစ်ရာ သံယောဇဉ်ရှိသည်' ဟူသော စကားမျိုးလည်း လုံးဝမရှိတော့ပေ။
သူ၏ မျက်ဝန်းအစုံမှာ လူသတ်တော့မတတ် ရက်စက်ကြမ်းကြုတ်လှပြီး ဒေါသတကြီး ဆဲရေးတိုင်းထွာတော့သည်။
"ခင်များလို ဖာသည်မ... ခင်များလို အိုစနာကျ သေနာမကြီး၊ ကျုပ့်ကို ဘာတွေလုပ်လိုက်တာလဲ။ ကျုပ်အကောင်းကြီးရှိနေတာကို ခင်များနဲ့ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး ဖြစ်နိုင်မှာလဲ။ ခင်များ... ခင်များမလား၊ ခင်များပဲ ကျုပ့်ကို ကြံစည်တာမလား။ အေးလေ... ခင်များလို အိုစနာကျ သေနာမကြီးက တစ်နေ့တစ်နေ့ ကျုပ်ကိုပဲ တစိမ့်စိမ့် စိုက်ကြည့်နေတာ မကောင်းတဲ့ အကြံရှိလို့ဆိုတာ ကျုပ်သိတာပေါ့။ တကယ်ပဲ ဖြစ်သွားတာပဲ။ ခင်များက ဘာလို့ ဒီလောက်တောင် ကမြင်းကြောထပြီး အောက်တန်းကျရတာလဲ။ ခင်များမှာ ကိုယ့်ယောကျာ်းနဲ့ကိုယ် ရှိနေတာပဲ မဟုတ်လား။ ဘာလို့ ကျုပ်ကိုမှ လာချောင်းနေရတာလဲ၊ ခင်များလို လူယုတ်မာမကြီးရဲ့။ ကျုပ်ရဲ့ သိက္ခာတွေ... ကျုပ်ရဲ့ သိက္ခာတွေကို ဘယ်သူက တာဝန်ယူပေးမှာလဲ။ ကျုပ်ဘဝရဲ့ နောင်ရေးသာယာမှုတွေ... အားလုံးက ခင်များကြောင့်၊ ခင်များကြောင့်ပဲ..."
ယွမ်ဟောက်မင်သည် ယခုအချိန်တွင် အဘွားကြီးဟွမ်ကို ကြည့်ရသည်မှာ မိဘသတ်သည့် ရန်သူကြီးကို မြင်တွေ့နေရသည့်နှယ်၊ မိမိတို့ ဘိုးဘေးဘီဘင် သင်္ချိုင်းမြေကို လာတူးသူကို မြင်တွေ့နေရသည့်နှယ်ပင် ဖြစ်နေ၏။
"ခင်များက အယုတ်တမာမကြီး..."
အဘွားကြီးဟွမ်သည်လည်း ဆဲခံရသဖြင့် အလျှော့မပေးလိုပေ။ အချိန်အတော်ကြာသွားပြီဖြစ်ရာ လူလည်း အတန်ငယ် သတိပြန်ဝင်လာပြီ ဖြစ်သည်။
သူမ မကျေမနပ်ဖြင့် ပြန်လည်အော်ဟစ်လိုက်၏။
"နင်က ဘာလို့ ငါ့ကို လာပုံချနေရတာလဲ။ နင်ကိုယ်တိုင် ငါ့အိမ်ကို လာတာလေ၊ ဒါကို ငါ့အပေါ် လာပြီး အိုးမည်းသုတ်ချင်နေသေးတယ်လား။ နင်ကိုယ်တိုင် ငါ့အိမ်ကိုလာပြီး ဒီလိုကိစ္စတွေ လုပ်တာလေ။ ငါ့အပေါ် မကောင်းတဲ့ အကြံနဲ့ လာကြံစည်တာက နင်ပဲဥစ္စာ..."
"လျှောက်မပြောနဲ့။ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ဦး... လိမ္မော်သီးခြောက်ခွံလို တွန့်လိပ်နေတဲ့ ရုပ်နဲ့၊ ဒါကို ကျုပ်က ခင်များအပေါ် မကောင်းတဲ့အကြံရှိတယ်လို့ ပြောရဲသေးတယ်။ ကျုပ်ကို မျက်စိကန်းနေတယ် ထင်လား။ ခင်များပဲ... ခင်များပဲ ကျုပ်ကို ကြံစည်တာ။ ခင်များက အငတ်မပြေဖြစ်ပြီး ကျုပ်ကို မျှော်လင့်တောင့်တနေတဲ့ နှာဘူးမကြီး"
"နင် လျှောက်ရွှီးမနေနဲ့… နင်ပဲ ငါ့အိမ်ကိုလာပြီး ငါ့အပေါ် အဲဒီကိစ္စကို လာလုပ်တာ"
အဘွားကြီးဟွမ် ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးကြည့်ရာ အတန်ငယ် အရသာရှိလှသည်ဟု ခံစားရသော်လည်း ယွမ်ဟောက်မင် သူမကို ရန်ငြိုးအပြည့်ဖြင့် ကြည့်နေသဖြင့် အဘွားကြီးဟွမ်လည်း ဝမ်းနည်းပက်လက် ဖြစ်ရပြန်သည်။
"နင်ကိုယ်တိုင် အငတ်ကြီးငတ်ပြီး ငါ့ဆီလာရှာတာလေ။ အခုကျမှ ငါ့အပေါ် လာပုံချချင်နေသေးတယ်လား။ နင် ဘယ်လိုပဲ ငြင်းငြင်း... ငါ့အိမ်ကိုလာပြီး ငါ့အပေါ် လက်ပါခဲ့တာ နင်ပဲ"
အဘွားကြီးဟွမ်သည် ၎င်းတို့နှစ်ဦး၏ လှပသော "အတိတ်" ကို ပြန်လည်တမ်းတနေသဖြင့် ပြန်လည်ချေပရာတွင် ယွမ်ဟောက်မင်လောက် ရဲရဲတောက် မရှိလှပေ။
သို့သော် ယွမ်ဟောက်မင်မှာမူ သူမအပေါ် နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေ၏။
"ဟန်ဆောင်မနေနဲ့တော့။ ခင်များသာ ကျုပ်အပေါ် လက်မပါခဲ့ရင် ကျုပ်က ခင်များနဲ့ ဒီလိုကိစ္စမျိုး လုပ်ပါ့မလား။ ခင်များလိုလူကို တစ်ချက်ကြည့်ရုံတင် ရွံစရာကောင်းလှပြီ..."
အဘွားကြီးဟွမ်လည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ကာ
"နင်က ငါ့ကို ပြောရဲသေးတယ်။ နင့်ကိုယ်နင်ရော တကယ့်ကို ခန့်ညားချောမောတဲ့ လူငယ်လေးလို့ ထင်နေတာလား။ နင်လို သေနာ မိန်းမစိုးရဲ့..."
'လင်မယားတစ်ရက် ဆက်ဆံရေးရှိလျှင်ပင် ရက်ပေါင်းတစ်ရာ သံယောဇဉ်ရှိသည်' ဆိုသော်လည်း ယွမ်ဟောက်မင်တစ်ယောက် မိန်းမစိုး ဖြစ်သွားပြီဖြစ်ရာ ၎င်းတို့အကြား နောင်ရေးဟူသည် မရှိတော့ပေ။ ထို့ကြောင့် အဘွားကြီးဟွမ်လည်း ဘာကိုမျှ ဂရုမစိုက်တော့ကာ
ကြိမ်းမောင်းလိုက်၏။
"နင်လို ကပ်စေးနည်းပြီး ပါးစပ်သရမ်းတဲ့ကောင်က ဒီနေ့ခင်းကြောင်တောင်ကြီး ခွင့်တိုင်ပြီး ဘာလို့ အိမ်ပြန်လာတာလဲ။ ငါ့အပေါ် မကောင်းတဲ့အကြံနဲ့ ချောင်းမြောင်းချင်လို့ မဟုတ်လား။ မဟုတ်ရင် နင်က တခြားလူအိမ်မသွားဘဲ ဘာလို့ ငါ့အိမ်ကိုပဲ သီးသန့်လာရတာလဲ။ နင် ငါ့အပေါ် စိတ်ရှိနေလို့ပဲပေါ့။ အခု ပြဿနာတက်တော့မှ လာပြီး ဝမ်းနည်းဟန်ဆောင်နေတယ်။ ငါက နင့်ကို မရိပ်မိဘူး ထင်နေလား"
"အား... ခင်များကို သတ်ပစ်မယ်..."
ယွမ်ဟောက်မင် ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်ပြီး အဘွားကြီးဟွမ်ဆီသို့ ပြေးဝင်ကာ ဒုန်းဒုန်းဒိုင်းဒိုင်းဖြင့် နှစ်ချက်ဆင့် ထိုးနှက်လိုက်တော့သည်။
အဘွားကြီးဟွမ်သည်လည်း ယွမ်ဟောက်မင်၏ ဆံပင်ကို အတင်းဆွဲထားရာ ယွမ်ဟောက်မင်လည်း ဂရုမစိုက်ဘဲ သူမ၏ လက်ကောက်ဝတ်ကို အတင်း ကိုက်ခဲလေ၏။
"အား..."
အဘွားကြီးဟွမ် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ပစ္စည်းများ သိမ်းဆည်းနေကြသော သူနာပြုဆရာမလေးအချို့မှာ နားစွင့်ကာ ခိုးနားထောင်နေကြရာမှ ရုတ်တရက်ကြီး လူချင်းသတ်ပုတ်သည့် ပွဲကြီး ဖြစ်သွားသဖြင့် အံ့အားသင့်သွားကြ၏။
ဒီလူတွေက ဘာလို့ ဒီလောက်အထိ အကြီးအကျယ် သတ်ပုတ်နေကြရတာလဲ…
"မြန်မြန် စိတ်လျှော့ကြပါ"
"ရှင်တို့လည်း အသက်အရွယ်ရနေကြပြီပဲ၊ ထပ်မရိုက်ကြပါနဲ့တော့..."
"ဟုတ်ပါတယ်... ဟုတ်ပါတယ်၊ လက်လွှတ်လိုက်ကြပါ။ ကိုယ်ပေါ်မှာလည်း ဒဏ်ရာတွေနဲ့ကို၊ ထပ်ပြီး..."
ယွမ်ဟောက်မင် : "ဖယ်စမ်း..."
သူသည် သူနာပြုဆရာမလေးနှစ်ယောက်ကို တွန်းဖယ်လိုက်ပြီး အဘွားကြီးဟွမ်ကို ဆွဲထားရာမှ လွှတ်မပေးပေ။ အဘွားကြီးဟွမ်မှာ တင်ပါးဆုံရိုး လွဲနေသဖြင့် လှုပ်ရှားမှုမှာ ယွမ်ဟောက်မင်လောက် မသွက်လက်သော်လည်း တိုက်ပွဲအတွေ့အကြုံရှိသူပီပီ ရိုက်နှက်ရာတွင် အဓိကကျသည့် အချက်ကို ကောင်းကောင်းသိသည်။ သူမသည် အရေးကြီးသော နေရာတစ်ခုကို ဖမ်းဆုပ်ကာ အားရပါးရ ညှစ်ပစ်လိုက်၏။
"အား... အားးး..."
နာကျင်စွာ အော်ဟစ်သံကြီး ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။
"ဘာလုပ်တာလဲ... ခင်ဗျားတို့ ဘာတွေ ထပ်လုပ်နေကြပြန်တာလဲ..."
ရဲအရာရှိအချို့ ရောက်ရှိလာပြီး ဆေးကုသခန်းအတွင်းသို့ အမြန် ဝင်သွားကြသည်။ အဘွားကြီးကျောက်နှင့် စပ်စုချင်ကြသည့် လူအုပ်ကြီးမှာ တံခါးဝဆီသို့ ဖျတ်ခနဲ ပြေးကပ်သွားကြကာ အဘွားကြီးကျောက် အကွက်ကောင်းဆုံးနေရာကို ဦးအောင် ရယူလိုက်၏။
"ကျုပ်... ကျုပ်... ကျုပ့်ဟာလေး ကွဲသွားပြီ ထင်တယ်..."
"ဗျာ..."
"အမလေး... ဘုရားရေ။"
ထိုနေရာတွင် တစ်ဖန် ပြန်လည်၍ ရုန်းရင်းဆန်းဆန်း ဖြစ်သွားရပြန်၏။
တော်သေးသည်မှာ ရဲတပ်ဖွဲ့ဝင်များကော ဆရာဝန်များပါ ရှိနေသဖြင့် အခြေအနေမှာ မကြာမီမှာပင် ပြန်လည် ငြိမ်သက်သွားပြီး စနစ်တကျ ရှိသွားလေသည်။
"အချိန်လည်း မစောတော့ဘူး၊ အားလုံးပဲ ပြန်ကြပါတော့။ ဒီမှာ လာပြီး ဝိုင်းမကြည့်ကြပါနဲ့တော့ဗျာ။ အိမ်ပြန်ပြီး စောစောနားကြပါ၊ မနက်ဖြန်လည်း အလုပ်သွားကြရဦးမယ်မလား။"
"ဒီလောက် လူတွေအများကြီး ဆေးရုံမှာ စုနေတော့ တခြားလူနာတွေကိုလည်း အနှောင့်အယှက် ဖြစ်စေတယ်ဗျ၊ အကုန်လုံး ပြန်ကြပါတော့။"
သို့သော် အဘွားကြီးကျောက်မှာ
"တခြားလူနာတွေလည်း တအားကို စိတ်ဝင်တစားနဲ့ ဝိုင်းကြည့်နေကြတာပဲဟာ။ သူတို့လည်း မအိပ်ကြသေးပါဘူးအေ့"
ရဲအရာရှိ နားထင်ကို ခပ်ဖွဖွလေး ပွတ်သပ်ရင်း
"ဒီမှာ တကယ်ပဲ ကြည့်စရာ ဘာမှမရှိတော့ပါဘူး။ နောက်ထပ်လည်း ရုန်းရင်းဆန်းဆန်း ဖြစ်မှာမဟုတ်တော့လို့ ကြည့်ချင်လည်း ဘာမှမြင်ရမှာ မဟုတ်တော့ပါဘူး။ အဲဒါကြောင့် စောစောလေး..."
"ကျွန်မတို့ မအိပ်ချင်သေးပါဘူး..."
"ဟုတ်ပါတယ်၊ ကျွန်မတို့လည်း လုံးဝ မအိပ်ချင်သေးဘူး။"
ရဲအရာရှိ : “…”
"ဒါဆိုရင်လည်း အားလုံး ဒီနားမှာ မစုပြုံနေကြပါနဲ့၊ အသံကျယ်ကျယ်လည်း မအော်ကြပါနဲ့။ ဒီနေရာက ဆေးရုံပါ၊ ခင်ဗျားတို့ စပ်စုပြီး သောင်းကျန်းလို့ရတဲ့ နေရာမဟုတ်ပါဘူး..."
အတန်တန် ဖျောင်းဖျပြောဆိုပြီးနောက်တွင်မှ လူအုပ်ကြီးမှာ အတော်လေး ဆုတ်သွား၏။
သို့သော် ဆုတ်သွားသည်ဆိုသော်လည်း မည်သူမျှ ဝေးဝေးသို့ မသွားကြသလို ပြန်သွားသူလည်း မရှိသလောက်ပင်။ သူတို့သည် နံရံတွင် ကပ်လျက် မတ်တပ်ရပ်နေကြပြီး အပြစ်ပေးခံရသည့် ကျောင်းသားများကဲ့သို့ မတ်တပ်ရပ်လျက်ပင် အတင်းအဖျင်း သတင်းများကို ဆက်လက် စောင့်ကြည့်နေကြပြန်သည်။
လူနာများကို လူနာခန်းတစ်ခုတည်းသို့ အမြန် နေရာချပေးလိုက်ကြ၏။ စုံစမ်းစစ်ဆေးရာတွင် လွယ်ကူစေရန်အတွက် ထိုလူများကို လူနာခန်းတစ်ခုတည်း၌ပင် စုစည်းထားခြင်း ဖြစ်ပေလိမ့်မည်။
ကျန်းမိသားစုဝင် သုံးယောက်နှင့် ယွမ်ဟောက်မင်တို့ အားလုံးပါဝင်လေသည်။
လီလင်းလင်းနှင့် ပါးအရိုက်ခံရသော ယွမ်ဟောက်ဖုန်းတို့မှာမူ ဆေးရုံတက်ရန် မလိုသဖြင့် ပြန်ခွင့်ရခဲ့၏။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ရဲအရာရှိများမှာ လူနာခန်းတံခါးကို ပိတ်လိုက်ကြသည်။
အဘွားကြီးကျောက် နှမြောတသစွာဖြင့်
"ဒါကတော့ မဟုတ်သေးပါဘူးအေ့၊ ဘာလို့ ကြည့်ခွင့်မပေးရတာလဲ။ သူတို့ ဘယ်လို စပြီး ပတ်သက်သွားကြလဲဆိုတာကို နားထောင်ချင်ပါသေးတယ်ဆိုမှ..."
"ဟုတ်တယ်နော်..."
လူတိုင်း ကိုယ့်နားရွက်ကိုယ် အကြားအာရုံ အလွန်ကောင်းမည့် နားရွက်များအဖြစ် ပြောင်းလဲပစ်ချင်နေကြလေသည်။ လူနာခန်းတစ်ခုတည်းတွင် ရှိနေကြသဖြင့် ထိုလူများမှာ ထပ်မံ၍ အငြင်းပွားကြပြန်သည်။
အဘွားကြီးဟွမ် : "သူ့ဘာသာသူ ကျွန်မအိမ်ကို လာတာ၊ ကျွန်မအပေါ်ကို မကောင်းတဲ့အကြံနဲ့ လာကြံစည်တာ"
ယွမ်ဟောက်မင် : "ခင်များက ကျုပ်ကို မျက်စိကျပြီး ကြံစည်တာ။ ခင်များ ကျုပ်ကို မသိဘူးများ ထင်နေလား၊ ကျုပ် အကုန်ကြားပြီးသား။ ရဲအရာရှိမင်းတို့ခင်ဗျာ... ကျွန်တော် သူတို့သားအမိကို တိုင်ချင်ပါတယ်။ သူတို့သားအမိက ဆေးအကြောင်းတွေ ပြောနေတာကို ကျွန်တော် အရင်ကတည်းက ကြားဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သဲသဲကွဲကွဲ မကြားရတော့ ဘာပြောလဲဆိုတာ မသေချာဘူးပေါ့။ ဒါပေမဲ့ ကျွန်တော် စိတ်မချတာနဲ့ပဲ အလုပ်ကနေ ခွင့်တိုင်ပြီး အိမ်ပြန်လာကာ ထပ်ပြီး စုံစမ်းဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ သူတို့ရဲ့ ထောင်ချောက်ထဲကို တိုးဝင်မိသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
အမှန်တကယ်တွင် သူသည် ကျန်းရှင်းဖှတို့ သားအမိ ဘာလုပ်ချင်နေသည်ကို ကောင်းကောင်း သိထားသော်လည်း ထိုသို့ တိုက်ရိုက် ပြော၍မရပေ။
အကယ်၍ တိုက်ရိုက်ပြောလိုက်ပါက အမှုမှန်ကို သိလျက်နှင့် ဖုံးကွယ်ထားရာ ရောက်ပေလိမ့်မည်။
ယခုအခါ သူ၏ နာမည်မှာ ပျက်စီးသွားပြီဖြစ်ရာ နာမည်ပျက် ပိုမိုမကြီးထွားလာစေရန် တားဆီးရမည် ဖြစ်သည်။
သို့သော် ယွမ်ဟောက်မင်မှာ ဉာဏ်များသူပီပီ စကားကို တစ်ဝက်ချန်ကာ တစ်ဝက်သာ ပြောလိုက်၏။ မိမိဘက်မှ သဲလွန်စ ပေးလိုက်လျှင် ရဲများ ဆက်လက် စုံစမ်းစစ်ဆေးလိမ့်မည်ကို သူ အသေအချာ ယုံကြည်နေသည်။
"မင်းပြောတဲ့ ဆေးဆိုတာ ဘာဆေးလဲ။ သေသေချာချာ ပြောစမ်း"
ရဲအရာရှိမှာ မျှော်လင့်ထားသည့်အတိုင်း မေးမြန်းလာ၏။
အဘွားကြီးဟွမ်နှင့် သူမ၏သားဖြစ်သူတို့မှာ ချက်ချင်းပင် ထိတ်လန့်သွားကြပြီး အတင်းငြင်းတော့သည်။
"ခင်များ ဘာတွေ လျှောက်ပြောနေတာလဲ ကျုပ်တို့ မသိဘူး"
ယွမ်ဟောက်မင် : "ရဲအရာရှိမင်းတို့ခင်ဗျာ... ကျွန်တော် တကယ် နောင်တရမိပါတယ်။ အဲဒီတုန်းက သေသေချာချာ မကြားလိုက်ရတာကို နောင်တရမိတာပါ။ အဲဒီနေ့က သူတို့သားအမိ 'ဆေး' အကြောင်းနဲ့ 'မူးမေ့အောင် ရိုက်မယ်' ဆိုတဲ့အကြောင်း ပြောနေကြတာကို မတော်တဆ ကြားလိုက်ရတာ။ အဲဒီတုန်းကတော့ သိပ်မစဉ်းစားမိပေမယ့် နောက်နေ့ အလုပ်သွားတော့မှ တွေးကြည့်လေ မသင်္ကာစရာကောင်းလေ ဖြစ်လာတာနဲ့ပဲ လူတစ်ယောက်ယောက်ကို အန္တရာယ်ပြုမှာ စိုးရိမ်လို့ ခွင့်ယူပြီး အိမ်ပြန်လာကာ ခိုးနားထောင်ဖို့ ကြိုးစားခဲ့တာပါ။ အကယ်၍ လူသတ်မယ့် ကိစ္စဆိုရင် ကူညီပေးရာ ရောက်အောင်လို့ပေါ့။ ဒါပေမဲ့ မထင်မှတ်ဘဲ သူတို့ဆီ ရောက်သွားတော့မှ နောက်ပိုင်းကိစ္စတွေကို ကျွန်တော် ဘာမှမမှတ်မိတော့ဘူး...။ သူတို့ ကျွန်တော့်ကို ကြံစည်တာဗျ၊ သူတို့ပဲ... ကျွန်တော်က အကောင်းကြီးရှိနေတဲ့ ယောကျာ်းတစ်ယောက်ပါဗျာ၊ အခုတော့ လုံးဝ သုံးမရတဲ့ကောင် ဖြစ်သွားပြီ။ အီး... ဟီး... ဟီး..."
သူသည် မျက်နှာကို အုပ်ကာ ငိုကြွေးလေတော့သည်။ ယွမ်ဟောက်မင်သည် ဖောက်ပြန်သည့် အမှုဖြင့် ထောင်ကျနိုင်သည်ကို ကောင်းကောင်းသိ၏။ မိမိနှင့် အဘွားကြီးဟွမ်တို့ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကို လူတိုင်း မြင်တွေ့ခဲ့ကြသဖြင့် မည်သို့မျှ ငြင်းကွယ်၍မရရာ မိမိကိုယ်မိမိ အပြစ်ကင်းစင်ကြောင်း သက်သေပြရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေရခြင်း ဖြစ်သည်။
ရဲအရာရှိများမှာမူ မည်သည့် အမူအရာမျှ မပြကြပေ။ ဤကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးခြင်း မပြုခင် မည်သူက အမှန်၊ မည်သူက အမှားဆိုသည်ကို ဆုံးဖြတ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် ယွမ်ဟောက်မင်သည် ကျောက်ရုံ၏ ခင်ပွန်းဖြစ်ကြောင်း ၎င်းတို့ သိထားသောကြောင့်ပင်။ သူတို့မိသားစု မည်သို့သော လူစားမျိုးဆိုသည်ကို မည်သူ သိနိုင်မည်နည်း။
အဘွားကြီးဟွမ်မှာမူ ဒေါသထွက်သွားကာ
"လျှောက်ပြီး စွပ်စွဲမနေနဲ့။ ဘာမှမရှိဘူး၊ နင် လျှောက်ပြောလို့ မရဘူးနော်"
သို့သော် သူမ၏ တုံ့ပြန်မှုမှာ တစ်ဖက်လူကို ဟန်ပြခြိမ်းခြောက်နေခြင်းသာ ဖြစ်ပြီး လူကိုယ်တိုင်မှာ တုန်လှုပ်ချောက်ချားနေသည်။
"ဒီလို တိရစ္ဆာန်ဆေးမျိုးကို ရောင်းတဲ့နေရာက သိပ်မများပါဘူး။ အဓိကကတော့ အိမ်မွေးတိရစ္ဆာန်တွေအတွက် သုံးတာမို့ သေသေချာချာ လိုက်စုံစမ်းရင် သိရမှာပါ"
ရဲအရာရှိ ဆိုလိုက်၍ အဘွားကြီးဟွမ် ချက်ချင်းပင် ပျာပျာသလဲ ဖြစ်သွားကာ
"ကျွန်မ... ကျွန်မ... ဒါက အထင်လွဲတာပါ၊ အထင်လွဲတာ..."
"အထင်လွဲတာ ဟုတ်မဟုတ်ဆိုတာကိုတော့ စုံစမ်းစစ်ဆေးပြီးရင် သိရမှာပါ..."
အဘွားကြီးဟွမ်သည် ဆေးဝယ်စဉ်၌ မည်သို့မျှ ဖုံးကွယ်ခြင်း မရှိခဲ့ပေ။ ထိုစဉ် သူမ တွေးထားသည်မှာ အမျိုးသမီးတစ်ယောက်အနေဖြင့် နစ်နာဆုံးရှုံးမှု ရှိခဲ့ပါက ပြဿနာအကြီးအကျယ် ရှာရဲမည်မဟုတ်ဘဲ မိမိ၏ လက်ခုပ်ထဲမှရေ ဖြစ်သွားမည်ဟုသာ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သိပ်ပြီး စိုးရိမ်စရာမရှိဟု ထင်ခဲ့သော်လည်း ယခုကဲ့သို့ ပြဿနာကြီးထွားလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အဘွားကြီးဟွမ် တတွတ်တွတ် ငြင်းဆိုနေ၏။
"တကယ်ပဲ... အထင်လွဲတာ ဖြစ်ပါလိမ့်မယ်..."
"ဖြောင့်ချက်ပေးရင် သက်ညှာမယ်၊ ငြင်းဆန်ရင် ပြင်းထန်စွာ အရေးယူမယ်ဆိုတဲ့ စကားကို ကျွန်တော် ထပ်ပြောနေစရာ မလိုတော့ပါဘူး။ ဒါကို ခင်ဗျား တကယ်လုပ်ခဲ့တာ ဟုတ်မဟုတ်ဆိုတာကို ကိုယ့်ဘာသာကိုယ် ဖွင့်ပြောတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် ကျွန်တော်တို့ စုံစမ်းသိရှိသွားတဲ့အခါ ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူခံရပါလိမ့်မယ်"
ရဲအရာရှိ လေသံပြတ်ပြတ်ဖြင့် ကြိမ်းမောင်းလိုက်သည်။
အဘွားကြီးဟွမ်သည် သာမန် အိမ်ရှင်မတစ်ဦးသာ ဖြစ်သဖြင့် အာဏာပိုင်များကို မွေးရာပါ ကြောက်ရွံ့စိတ် ရှိသည့်အပြင် မိမိကိုယ်တိုင်လည်း မသန့်ရှင်းသဖြင့် မည်သို့မျှ အကြောင်းပြချက် မပေးနိုင်တော့ပေ။
သူမသည် ကြောက်လန့်တကြားဖြင့် တစ်ချက် တုန်ရင်သွားရှာသည်။
အဘိုးကြီးကျန်း မြင်လျှင် ဒေါသထွက်လွန်းသဖြင့်
"နင်လို ဦးနှောက်မရှိတဲ့ အသုံးမကျတဲ့ကောင်မ။ တကယ်ကို အသုံးမကျတဲ့ မိန်းမပဲ။ နင်... နင် တကယ်ပဲ ဘာတွေလုပ်ခဲ့လဲဆိုတာ မြန်မြန်ပြောစမ်း။ ပြောစမ်းပါ..."
အဘွားကြီးဟွမ်သည် တစ်ခါပြီးတစ်ခါ ကြိမ်းမောင်းခြင်း ခံရသဖြင့် လည်ပင်းကို ကျုံ့ထားရင်း နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ
ဖွင့်ပြောလိုက်ရ၏။
"ကျွန်မ... ကျွန်မ ဆေးဝယ်ခဲ့တာပါ...
"အေးလေ... တကယ်ပဲ ခင်များဖြစ်နေတာကိုး။ ခင်များ ကျုပ်ကို ဆေးတိုက်တာပေါ့။ ကျုပ်ရဲ့ သိက္ခာကို ပြန်ပေးစမ်း၊ ကျုပ်ရဲ့ သိက္ခာကို ပြန်ပေးစမ်းပါဦး..."
ယွမ်ဟောက်မင်သည် စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးရင်း
"ကျုပ်ရဲ့ ယောကျာ်းပီသတဲ့ ဂုဏ်သိက္ခာတွေ...။ ခင်များက လူမဟုတ်ဘူး၊ ကျုပ်ကို ဆေးခတ်ရဲတယ်ပေါ့"
ယွမ်ဟောက်မင်မှာ မိမိကို အဘွားကြီးဟွမ် တမင်တကာ ကြံစည်ခဲ့ခြင်း ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားလေသည်။ မဟုတ်လျှင် အကောင်းကြီးရှိနေသည့် သူသည် ဤအဘွားကြီးနှင့် မည်သို့လုပ်၍ ငြိစွန်းနိုင်မည်နည်း။ ဤအဘွားကြီးသည် သူ့ကို စောစောစီးစီးကတည်းက မျက်စိကျနေခဲ့ခြင်း သေချာလှပေ၏။
ဟုတ်တယ်… ဟုတ်တယ်… အဲ့လိုပဲဖြစ်မယ်…
သူမသည် သူမ၏သားအတွက် ချန်ချင်းယွီကို ရှာပေးခဲ့သည်။ ချန်ချင်းယွီသည် ပိုက်ဆံရှာနိုင်၏။
မိမိကိုယ်တိုင်ကိုမူ ဤအဘွားကြီးမှ မျက်စိကျခဲ့ခြင်း ဖြစ်ရမည်။ ၎င်းမှာ သေချာလွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် ဤအိမ်ရာဝင်းရှိ အလတ်တန်းစား ယောကျာ်းများထဲတွင် သူသည် အကြည့်အကောင်းဆုံးနှင့် အထင်ပေါ်ဆုံး ဖြစ်သောကြောင့်ပင်။
သူ့ထက် ပိုက်ဆံပိုရှာနိုင်သည့် ရွှီကောင်းမင်သည် သူ့လောက် ရုပ်မချောပေ။ သူ့ထက် ရုပ်ချောသည့် လီချန်ရွှမ်းသည်လည်း သူ့လောက် အိန္ဒြေမရှိပေ။ သူ့ထက် အိန္ဒြေရှိသည့် မားကျန့်ယီသည်လည်း သူ့လောက် ပညာမတတ်ပေ။
ရှီရှန်းကဲ့သို့သော အလုပ်လက်မဲ့ လူလေလူလွင့်မျိုးမှာမူ ဆွဲထည့်၍ပင် ပြောစရာမလိုချေ။
သူသည် အိမ်ရာဝင်းရှိ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း အမျိုးသားများထဲတွင် အထူးချွန်ဆုံး ဖြစ်သဖြင့် အဘွားကြီးဟွမ်၏ မျက်စိကျခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ သူ တကယ်ကို ကံဆိုးလှချေ၏။
ယွမ်ဟောက်မင် အော်ဟစ်ငိုယိုကာ
"မိန်းမယုတ်ကြီး။ ကိုယ့်ရုပ်ကိုယ် မှန်ထဲ ပြန်မကြည့်ဘဲ ကျုပ်အပေါ်ကို လက်ရဲဇက်ရဲ လုပ်ရဲတယ်ပေါ့။ ကျုပ် သေရင်သေပါစေ... ခင်များကိုတော့ လုံးဝ ယူမှာမဟုတ်ဘူး။ ခင်များ ကျုပ်ဘဝကို ဖျက်ဆီးလိုက်တာ။ အယုတ်တမာမကြီး… ရဲအရာရှိမင်းတို့ခင်ဗျာ... သူ့ကို ဖမ်းပါ၊ ဖမ်းသွားပြီး တစ်သက်လုံး ပြန်မလွှတ်ပါနဲ့တော့။ အီး... ဟီး... ဟီး... ငါ့ဘဝက ဘာလို့ ဒီလောက်တောင် ခါးသီးရတာလဲဗျာ။ ငါ့ရဲ့သိက္ခာတွေ...။ သူ ကျွန်တော့်ကို ဆေးခတ်ခဲ့တာပါဗျာ"
"ကျွန်မ မလုပ်ဘူး... ကျွန်မ လုံးဝ မလုပ်ခဲ့ဘူး..."
"ဟန်ဆောင်မနေနဲ့တော့။ ခင်များ မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ။ တခြားလူတွေက ဒီလိုမျိုး လုံးဝလုပ်မှာ မဟုတ်ဘူး။ ခင်များပဲ... ခင်များပဲ..."
တံခါးကို ပိတ်ထားသော်လည်း လူနာခန်းအတွင်းမှ ဒေါသတကြီး အော်ဟစ်သံများမှာ အပြင်သို့ ပျံ့လွင့်လာ၏။
ပိုင်ဖုန်းရှန်း နားကို လက်ဖြင့်ကုတ်ရင်း
"သူတို့ ဘာတွေ ပြောနေကြတာလဲ။ ယွမ်ဟောက်မင်က ဆေးခတ်ခံရတာလို့ ကြားလိုက်သလိုပဲ... ဟုတ်လား"
အဘွားကြီးကျောက် : "ညည်း နားမကြားမှားပါဘူးအေ့၊ ငါလည်း ကြားတယ်။ အဘွားကြီးဟွမ်က ယွမ်ဟောက်မင်ကို ဆေးခတ်လိုက်တာတဲ့... ယွမ်ဟောက်မင် ကိုယ်တိုင် အော်နေတာ..."
"ငါလည်း ကြားတယ်အေ့။ အဘွားကြီးဟွမ်က ဆေးဝယ်ခဲ့တာကို ဝန်ခံလိုက်ပြီလို့ ကြားတယ်..."
အဒေါ်ကြီးမေ့လည်း အတင်းပြောရန် မစောင့်နိုင်တော့ပေ။
"အဘိုးကြီးကျန်းက အသက်ကြီးပြီး သူမကို ပျော်ရွှင်မှု မပေးနိုင်တော့ရင်တောင်မှ မလုပ်သင့်ပါဘူးအေ့။ ဒါက မိန်းမကျင့်ဝတ်နဲ့ တကယ်ကို မညီညွတ်ဘူး"
အဘွားကြီးဝမ် မှတ်ချက်ပြုလိုက်၏။
"သူမက လူလွတ်လေ... ညည်းမေ့သွားပြီလား။ ကွာရှင်းထားတာလေ"
အဘွားကြီးကျောက် ထောက်ပြလေသည်။
"သူက ကွာရှင်းထားပေမယ့် ယွမ်ဟောက်မင်က မကွာရသေးဘူးလေအေ့။ ကျောက်ရုံ ထောင်ကျနေရုံနဲ့တင် ယွမ်ဟောက်မင်ကို အတင်းတွယ်ကပ်တော့တာပဲလား။ အကောင်းကြီးရှိတဲ့ ယောကျာ်းတစ်ယောက်ကို သုံးမရအောင် ဖျက်ဆီးပစ်လိုက်တာ... တကယ်ကို လူမဆန်ဘူး"
"သူ့သားလည်း သုံးမရတော့ဘူးလေ"
"ဒီအဘွားကြီးကတော့ တကယ်ကို အရူးအလုပ်တွေ လုပ်တာပဲ..."
ဤကဲ့သို့ ဆန်းပြားလှသည့် သတင်းထူးမျိုးမှာ တကယ်ပင် ကြားရခဲလှပေသည်။
ထို့ကြောင့် လူအုပ်ကြီးမှာ အတွင်းသုံးထပ်၊ အပြင်သုံးထပ်ဖြင့် ဝိုင်းအုံနေကြတော့၏။
တုတ်ကောက်ကိုင်ပြီး လာကြည့်သူများရှိသလို၊ ဘီးတပ်ကုလားထိုင် စီးလျက် လာကြည့်သူများပင် ရှိနေသည်။
ဤအကြောင်းအရာကိုသာ အိမ်ပြန်ရောက်၍ ပြောလျှင် တစ်နှစ်ပတ်လုံး အတင်းပြော၍ ကုန်နိုင်မည် မဟုတ်ပေ။
အဘွားကြီးကျောက်မှာ အားရပါးရဖြင့် သတင်းစပ်စုနေပြီး ၎င်းသည် သူမ လုပ်ခဲ့သည့် ကိစ္စမဟုတ်သဖြင့် နည်းနည်းမျှ အားနာစိတ် မရှိပေ။ ထို့အပြင် ၎င်းတို့သားအမိသာ တခြားလူကို မကောင်းကြံစည်ရန် မကြိုးစားခဲ့ပါက ဤကဲ့သို့ ဖြစ်လာစရာ အကြောင်းမရှိပေ။ သူတစ်ပါးကို ကြံစည်ခဲ့မှတော့ အခြားသူများ၏ တန်ပြန်ကလဲ့စားချေမှုကို ခံရသည်မှာ မဆန်းပေ။
အဘွားကြီးကျောက် : "ညည်းတို့ စဉ်းစားကြည့်ဦး... အဘွားကြီးဟွမ် လုပ်တဲ့အမှုက ထောင်ကျနိုင်လားအေ့"
"အာ... ဒါကတော့ ပြောရခက်တယ်"
"ဟုတ်ပ... ဘယ်သူက အမှုမှန်ကို သိမှာလဲ"
"ထောင်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ... သူတို့မိသားစုကတော့ မျိုးဆက်ပြတ်သွားပြီပဲ။ အဘိုးကြီးကျန်းက ဒီအရွယ်နဲ့ ကလေးမရနိုင်တော့ဘူး၊ အဘွားကြီးဟွမ်လည်း မွေးနိုင်တော့တာ မဟုတ်ဘူး။ အခု ကျန်းရှင်းဖှလည်း သုံးမရတော့ဘူးဆိုတော့ သူတို့အိမ်မှာ သားယောက်ျားလေး ထပ်ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး..."
"နောင်ကျရင် ကျန်းမုန့်မုန့်အတွက် ယောကျာ်းတစ်ယောက်ကို အိမ်ပေါ်ခေါ်လိုက်ရင် ရတာပဲ..."
"ဒါကတော့ မဖြစ်နိုင်ပါဘူးအေ့။ အိမ်ခေါ်ယူတာက လုံးဝအဆင်မပြေပါဘူး။ အရင်က သာဓကတွေလည်း ရှိတာပဲ၊ ဘယ်သူက လုပ်ရဲပါ့မလဲ..."
လင်စန်းရှင်းသည် မိမိတို့မိသားစုအကြောင်း ပါဝင်ပတ်သက်သွားသဖြင့် နှုတ်ခမ်းကို စေ့ထားရင်း မကျေမနပ် ဖြစ်နေသည်။ ၎င်းသည် မိမိတို့နှင့် ဘာဆိုင်၍နည်း။
သို့သော် လီလင်းလင်းမှာ လူနာခန်းတံခါးကိုသာ စူးစိုက်ကြည့်နေပြီး ယွမ်ဟောက်ဖုန်းအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေရှာ၏။
သူမသည် နှုတ်ခမ်းကို ကိုက်လျက် လေသံတိုးတိုးဖြင့် မကျေမနပ် ရေရွတ်လိုက်သည်။
"ကွမ်ထင်းထင်းက တကယ့်ကို မိန်းမကောင်း မဟုတ်ဘူး။ ဒီလိုအချိန်မျိုးမှာ အစ်ကိုဟောက်ဖုန်းဘေးမှာ ရှိနေပြီး နှစ်သိမ့်အားပေးရမှာပေါ့။ အစ်ကိုဟောက်ဖုန်းရဲ့ ဖခင်ဖြစ်သူ ပြဿနာတက်နေတာကို သူက ချွေးမတစ်ယောက်ဖြစ်ပြီး ရှောင်ဖယ်နေတယ်၊ တကယ်ကို အသုံးမကျတဲ့ မိန်းမပဲ"
အဘွားကြီးကျောက် ကြားလျှင် မျက်လုံးအစုံ အပေါ်သို့ လှန်လိုက်မိ၏။
'ဒီမိန်းမကတော့ တကယ့်ကို အရူးမပဲ'
စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိသည်။
ပြင်ပတွင် လူအုပ်ကြီး တစီစီနှင့် စည်ကားသိုက်မြိုက်စွာ ဆွေးနွေးနေကြစဉ် လူနာခန်းအတွင်း၌မူ အဘွားကြီးဟွမ်သည် ရဲများ၏ စစ်ဆေးမှုကို မခံနိုင်တော့ပေ။ သူမသည် မူလကတည်းက ဉာဏ်များလှသူ မဟုတ်သဖြင့် ရဲများ၏ ခြိမ်းခြောက်မေးမြန်းမှုအောက်တွင် နှစ်ခွန်းသုံးခွန်းဖြင့်ပင် အမှုမှန်ကို ဖွင့်ဟဝန်ခံလိုက်ရတော့သည်။
"ရဲအရာရှိကြီးတို့... ကျွန်မက ကျွန်မသားအတွက် မိန်းမရှာပေးချင်ရုံတင်ပါ၊ တခြားမကောင်းတဲ့ စိတ်ယုတ်မာ လုံးဝမရှိပါဘူး။ ကျွန်မသားက လူလွတ်၊ ပြီးတော့ စက်ရုံအလုပ်သမားလည်း ဖြစ်တယ်၊ ဘယ်လောက်တောင် အခြေအနေကောင်းလဲ။ သူ့အတွက်ဆိုရင် ဘယ်သူ့ကိုပဲ ယူယူ တစ်ဖက်လူက အမြတ်ထွက်မှာ။ အဲဒါကြောင့် ကျွန်မတို့ အိမ်ရာဝင်းထဲက မုဆိုးမလေးကို မျက်စိကျမိတာပါ။ သူက အလုပ်အကိုင်လည်း မရှိတော့... ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလားဟင်"
"ကောင်းတဲ့ကိစ္စဖြစ်ရင် ခင်များက ဘာလို့ ဆေးခတ်ရတာလဲ။ လူတွေကို လာလိမ်နေတာလား။ ဒါက ရာဇဝတ်မှုပဲ။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ရာဇဝတ်မှု မြောက်တယ်..."
အဘွားကြီးဟွမ် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
"ကျွန်မ မဟုတ်ပါဘူး... ကျွန်မ မဟုတ်ပါဘူး..."
"သူလည်း မစားရပါဘူး... ကျွန်မလည်း ကိုယ့်ဘာကိုယ် ဘယ်လိုလုပ်ပြီး စားမိသွားလဲ မသိဘူး"
"ခင်များတို့အိမ် နေ့လယ်က ဘာစားလဲ"
"ပေါက်စီပါ... ကျွန်မကိုယ်တိုင် ပေါင်းထားတာ။ ပြီးတော့ ဆားရည်စိမ် အချဉ်..."
"ပေါက်စီဟုတ်လား။ ကျုပ်လည်း နေ့လယ်က ပေါက်စီစားတာ။ တောက်.. ခင်များက တမင်သက်သက် လုပ်တာမဟုတ်ဘူးလို့ ပြောရဲသေးတယ်။ ခင်များလို မိန်းမယုတ်ကြီး။ ခင်များက ကျုပ်ကို တမင်တကာ ကြံစည်တာ..."
ယွမ်ဟောက်မင်သည် အဘွားကြီးဟွမ်ဆီသို့ ထပ်မံပြေးဝင်ကာ အုန်းခနဲ အုန်းခနဲဖြင့် ပါးရိုက်ပစ်လိုက်
တော့သည်။ ရဲများလည်း ဟန်ပြလောက်သာ ဝင်ဆွဲကြ၏။
အဘွားကြီးဟွမ်မှာ မျက်နှာကို အရှိန်ပြင်းပြင်းဖြင့် အကြိမ်ကြိမ် အရိုက်ခံလိုက်ရရှာသည်။
"ခင်များ ပေါက်စီစားတာ ဟုတ်လား။ တစ်ယောက်ယောက် သွားပြီး စုံစမ်းစစ်ဆေးလိုက်ဦး"
"မကျန်တော့ပါဘူး... ဆေး... ဆေးကတော့ ကျွန်မ အိတ်ထဲ ထည့်ထားတာ..."
အဘွားကြီးဟွမ် အိတ်ထဲတွင် လိုက်စမ်းကြည့်သော်လည်း...
ဘာမှမရှိတော့ပေ။
"အခင်းဖြစ်တဲ့နေရာကို သွားပြီး စုံစမ်းစစ်ဆေးလိုက်ပါ"
"ငါ အပြင်ထွက်ပြီး သူတို့ အိမ်ရာဝင်းက အိမ်နီးနားချင်းတွေကို မေးကြည့်လိုက်မယ်..."
ရဲအရာရှိများ ချက်ချင်းပင် အလုပ်ရှုပ်သွားကြသည်။ သို့သော် ကိစ္စရပ်မှာ အလွန်ရိုးရှင်းလှပုံရ၏။ စတုတ္ထအိမ်ရာဝင်းတွင် အမြဲတမ်း လူရှိနေတတ်သော်လည်း ကျန်းအိမ်ထဲသို့ အခြားလူ ဝင်သွားသည်ကို မည်သူမျှ မမြင်ခဲ့ကြပေ။ အခြား အိမ်ရာဝင်းမှ လူများ လာသည်ကိုလည်း မတွေ့ခဲ့ကြချေ။
၎င်းမှာလည်း မဆန်းပေ။ အဘယ်ကြောင့်ဆိုသော် ချန်ချင်းယွီသည် အမိုးပေါ်တွင် ဝပ်နေခဲ့ပြီး အခွင့်ကောင်းကို စောင့်ကာ အပေါ်မှအောက်သို့ အလွန်လျင်မြန်စွာ လှုပ်ရှားသွားခဲ့သောကြောင့် ဖြစ်သည်။ သူမ အမိုးပေါ်မှ သွားလာခဲ့သဖြင့် မည်သူမျှ သိနိုင်စရာ အကြောင်းမရှိပေ။
ဤဘက်တွင် စုံစမ်းစစ်ဆေးမှုများ အလျင်အမြန် ပြုလုပ်ကြရာ လှည့်ပတ်ကြည့်ရှုပြီးနောက် အဘွားကြီးဟွမ်ကိုယ်တိုင် မတော်တဆ ပေါက်စီထဲသို့ ဆေးရည်များ ရောစပ်မိသွားသည့် ပုံစံမျိုး ဖြစ်နေတော့သည်။ ဆေးထုတ်ကိုမူ ကျန်းအိမ်၏ ကြမ်းပြင်ပေါ်တွင် ခြေရာများဖြင့် နင်းခြေခံထားရသည့် အခြေအနေဖြင့် တွေ့ရှိခဲ့ရ၏။ ကျန်းအိမ်အတွင်းမှာ ရှုပ်ပွနေသဖြင့် ဘာမှ သဲသဲကွဲကွဲ မသိနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ကျန်းအိမ်တွင် အကြီးအကျယ် သတ်ပုတ်ခဲ့ကြပြီး လူများလည်း အဝင်အထွက် ရှိခဲ့သဖြင့် ကြမ်းပြင်ပေါ်တွင် ခြေရာများဖြင့် ပျက်စီးနေခဲ့ပြီး ပျက်စီးယိုယွင်းနေသည့် စက္ကူထုပ်လေးတစ်ခုကိုသာ တွေ့ရသောကြောင့်ပင်။
ကျန်းအိမ်သို့ လူအချို့ လာရောက်စုံစမ်းစစ်ဆေးကြသည်ကို ချန်ချင်းယွီ မြင်တွေ့သော်လည်း အပြင်သို့ ထွက်မလာခဲ့ပေ။
မမြင်ဘူးလား... ကျန်းမုန့်မုန့်ပင်လျှင် ဘာမှမဖြစ်သလို နေနေသည် မဟုတ်လော့။
ကျန်းမုန့်မုန့်မှာမူ ဘာကိုမျှ ဂရုမစိုက်ဘဲ ကောင်းကောင်းမွန်မွန် အိပ်ပျော်နေလေသည်။
ဤဘက်တွင် သဲလွန်စ သိပ်မရှိလှကာ၊ ရှုထောင့်ပေါင်းစုံမှ ကြည့်လျှင် တမင်တကာ လုပ်ဆောင်ခဲ့သည့် ပုံစံမျိုး မပေါ်ပေ။
ယွမ်ဟောက်မင်နှင့် ပတ်သက်၍မူ...
ရဲများ စုံစမ်းစစ်ဆေးသော်လည်း အတည်မပြုနိုင်သေးပေ။ သို့သော် ယွမ်ဟောက်မင်ကိုယ်တိုင်မှာ အဘွားကြီးဟွမ်သည် သူ့ကို တပ်မက်ပြီး ကြံစည်ခဲ့ခြင်း ဖြစ်သည်ဟု တစ်ထစ်ချ ယူဆထား၏။
အဘွားကြီးကျောက်သည် အဘွားကြီးဟွမ်တစ်ယောက် မူလ၌ ချန်ချင်းယွီကို ကြံစည်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ကြားသိရလျှင် ချက်ချင်းပင် ရှေ့ဆုံးမှ ဦးဆောင်ကာ တံခါးကို တွန်းဖွင့်ပြီး ဝုန်းခနဲ ပြေးဝင်သွားတော့သည်။ သူမသည် ရဲအရာရှိများ သတိမပြုမိခင်မှာပင် အဘွားကြီးဟွမ်၏ ဆံပင်ကို ဆွဲကာ ဖြန်းခနဲ ဖြန်းခနဲဖြင့် အဆက်မပြတ် ပါးရိုက်လေ၏။
"အေးလေ... ညည်းက ငါ့အိမ်ကို ကြံစည်ချင်တာကိုး။ တကယ်ပဲ ငါ့အိမ်ကို ကြံစည်ချင်တာပဲ။ ညည်းလို ရက်စက်ယုတ်မာတဲ့ အဘွားကြီး၊ လူမဆန်တဲ့ကောင်မ။ ငါ ညည်းကို ရိုက်သတ်မယ်။ ညည်း ငါ့အိမ်ကို ဖျက်ဆီးဖို့ ကြံစည်တာပဲ..."
"အဘွား... အဘွား..."
လူအချို့ ရှေ့သို့တိုးကာ ဆွဲကြသည်။
သို့သော် အဘွားကြီးကျောက် ဂရုမစိုက်ဘဲ အဘွားကြီးဟွမ်၏ ဆံပင်ကို အတင်းဆွဲကာ တစ်ချက်ချင်း ဆွဲနုတ်တော့သည်။
"ညည်းတို့ အကုန်ဖယ်ကြစမ်း။ ဒီဒေါသကို မဖြေရရင် ငါ မနေနိုင်ဘူး။ လူတိုင်း လာကြည့်ကြပါဦး... ဒီအဘွားကြီးကို လာကြည့်ကြပါဦး။ ဒီအဘွားကြီးက တကယ့်ကို စိတ်ရူးပေါက်ပြီး အရှက်မရှိတာ။ နေ့လယ်က တခြားလူနဲ့ ဖောက်ပြန်ပြီး ကမြင်းနေတဲ့အပြင် ကွယ်ရာမှာ ငါ့အိမ်ကိုပါ လာကြံစည်ချင်သေးတယ်။ ငါ ညည်းကို ရိုက်သတ်မယ်..."
"အဘွား... လူရိုက်တာ မကောင်းပါဘူး..."
"လူရိုက်တာ မကောင်းဘူး ဟုတ်လား။ ငါရိုက်နေတာ လူမဟုတ်ဘူး၊ တိရစ္ဆာန်ကို ရိုက်နေတာ..."
အဘွားကြီးကျောက် နှုတ်သီးကောင်းလှသည့်အပြင် ရဲများလည်း သူမကို အားရပါးရ ဝင်မဆွဲသည်ကို ရိပ်မိသဖြင့် ပို၍ပင် လက်ရဲဇက်ရဲ ရှိလာကာ ဆံပင်များကို အားရပါးရ ဆွဲနုတ်တော့၏။
အဘွားကြီးဟွမ် အော်ဟစ်ကာ
"ကျောက်တာ့ရာ... ညည်းလို အိုကြီးအိုမ သေနာမ... အား..."
အဘွားကြီးကျောက်လည်း ပြန်လည်အော်ဟစ်ကာ
"ညည်းက ရက်စက်ယုတ်မာပြီးတော့ ငါ့ကို လာပြောရဲသေးတယ်။ ငါ ညည်းကို ရိုက်သတ်မယ်..."
"ကယ်ကြပါဦးရှင်..."
အခင်းဖြစ်ပွားရာ နေရာမှာ ချက်ချင်းပင် ရုန်းရင်းဆန်းဆန်း ဖြစ်သွားတော့သည်။
အဘွားကြီးကျောက် အတင်း ဆွဲနုတ်နေ၏။
"အား... အား... အား။ ညည်းလို အရူးမ..."
"ညည်းကမှ အရူးမ။ ညည်းတစ်မိသားစုလုံး အရူးတွေ။ ညည်းလို ရက်စက်ယုတ်မာတဲ့ အဘွားကြီး..."
ထိုနေရာတွင် တစ်ဖန် ပြန်လည်၍ ဆူညံသွားပြန်၏။ အဘွားကြီးကျောက်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပြောနေစရာမလိုဘဲ အဘွားကြီးဟွမ်၏ ဆံပင်များကို ဆွဲနုတ်ကာ ကတုံးဖြစ်လုနီးပါး လုပ်ပစ်လိုက်တော့သည်။
သူမသည် မူလကတည်းက ဆံပင်အဆွဲခံထားရသဖြင့် ကွက်ပြီး ပြောင်နေခဲ့ရာ ယခုတွင်မူ ခေါင်းလယ်တွင် ကတုံး ဖြစ်သွားရ၏။
အဘွားကြီးဟွမ်ကိုယ်တိုင်မူ မမြင်ရသော်လည်း အခြားသူများမှာတိတ်တဆိတ် နောက်ဆုတ်သွားကြပြီး အဘွားကြီးကျောက်ကို ကြည့်သည့် မျက်ဝန်းများတွင် ပိုမို၍ သတိဝီရိယရှိသော အရိပ်အယောင်များ ပြည့်နှက်သွားကြသည်။
'ဒီအဘွားကြီးက တကယ့်ကို စွမ်းလှချည်လား’
အဘွားကြီးကျောက်သည် တကယ်ပင် ပါးနပ်လှသည်ဟု ဆိုရမည်။ အကယ်၍ သူမသည် တစ်ဖက်လူကို ပြင်းထန် ဒဏ်ရာရအောင် ရိုက်နှက်ခဲ့ပါက အမှုပတ်နိုင်သော်လည်း ယခုကဲ့သို့ ပါးအနည်းငယ်ရိုက်ပြီး ဆံပင်ကို ကတုံးဖြစ်အောင် ဆွဲနုတ်ခြင်းမှာမူ ကြီးမားသော ကိစ္စရပ်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အဘွားကြီးဟွမ်ဘက်မှ အရင်ဆုံး လူမဆန်စွာ ပြုမူခဲ့သောကြောင့်တည်း။
မိမိတို့မှာ နစ်နာသူမိသားစု မဟုတ်လော။ လူတိုင်း နားလည်ပေးနိုင်ကြသည်။
ထို့အပြင် အဘွားကြီးကျောက်သည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် ကျန်းရှင်းဖှကိုမူ အလျော်တောင်းခံရမည် စိုးသဖြင့် လုံးဝ သွားမထိပေ။
'ဟင်း... ငါ ကျောက်တာ့ရာက အရင်က ကျောက်တာ့ရာ မဟုတ်တော့ဘူး။ အခု ငါက ဉာဏ်များတဲ့ ကျောက်တာ့ရာ ဖြစ်သွားပြီ၊ ဘယ်တော့မှ အရှုံးမခံဘူး...'
အဘွားကြီးကျောက်သည် ဒေါသတကြီး ဆွဲနုတ်ရင်း ပါးစပ်မှလည်း မနားတမ်း ဆဲဆိုနေပြီး သူမ၏ ဘိုးဘေးဘီဘင် ဆယ့်ရှစ်ဆက်တိုင်အောင် ဆဲရေးတိုင်းထွာနေသည်။
လူအများ ဝိုင်းဝန်းတားဆီးနေကြသော်လည်း အဘွားကြီးကျောက်သည် အဘွားကြီးဟွမ်ကို လုံးဝ ကတုံးဖြစ်သွားအောင်အထိ ဆွဲနုတ်ပစ်လိုက်၏။
တကယ့်ကို ပြောင်သလင်းခါအောင် ကတုံး ဖြစ်သွားရှာသည်။
ဘေးလူများ : "..."
'ဒီအဘွားကြီးကိုတော့ လုံးဝ သွားမစတာ ကောင်းလိမ့်မယ်'
တကယ်ကို ကြောက်စရာကောင်းလှပေသည်။
အဘွားကြီးကျောက်တစ်ယောက် သောင်းကျန်းပြီးနောက် နောက်ဆုံးတွင် ရဲအရာရှိများကို မျက်နှာသာပေးသည့်အနေဖြင့် လက်ကို လွှတ်လိုက်၏။ သူမ
ခါးကိုထောက်ကာ အဘွားကြီးဟွမ်ကို လက်ညှိုးထိုးရင်း
"ညည်းလို အိုစနာကျ သေနာမကြီး... ညည်း ထောင်ထဲမှာပဲ တစ်သက်လုံး ဆွေးမြည့်သွားဖို့သာ ပြင်ထားလိုက်တော့။ ထွီ..."
တံတွေးဖြင့် ထွေးလိုက်တော့သည်။
အဘွားကြီးဟွမ် : "အား... အားးး..."
အဘွားကြီးကျောက် : "ထွီ..."