အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂)
ယွမ်ဟောက်မင်နှင့် ကျန်းရှင်းဖှတို့သည် သူတော်ကောင်းများပင်…။
အစစ်အမှန် သူတော်ကောင်းကြီးများဟု ဆိုရပေမည်။ ၎င်းတို့သည် မိမိတို့၏ ယောကျာ်းပီသသော စွမ်းပကားကို အသုံးချကာ တိရစ္ဆာန်ဆေးကို လူများ လုံးဝမစားသုံးသင့်ကြောင်း လူအများအား လက်တွေ့ပြသသွားခဲ့ကြသည်။
ထိုနှစ်ဦးစလုံးမှာ အမျိုးသားအင်္ဂါ လုံးဝပျက်စီးသွားခဲ့ရသဖြင့် ဆေးရုံတွင်သာ အောင်းနေကြပြီး အိမ်သို့မပြန်ရဲကြတော့ပေ။ ၎င်းမှာ ဒဏ်ရာအမှန်တကယ် မသက်သာသေး၍လော သို့မဟုတ် အရှက်ကွဲရသဖြင့် ရှက်လွန်း၍လောဟူသည်ကိုမူ အတပ်မပြောနိုင်ချေ။
ကျန်းရှင်းဖှမှာမူ အမှန်တကယ်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိထားခြင်းဖြစ်ပြီး ကျန်းမာရေး ပြန်လည်မကောင်းမွန်သေးသော်လည်း ယွမ်ဟောက်မင်၏ အခြေအနေမှာမူ ပြောရခက်လှပေ၏။ ယွမ်ဟောက်မင်သည် လူနာခန်းအတွင်း၌ ကျန်းရှင်းဖှအား အစိမ်းလိုက် ဝါးစားမတတ် စူးစိုက်ကြည့်နေတတ်သည်။ သူသည် အမျိုးသားအင်္ဂါ ပျက်စီးသွားခဲ့ရရုံသာမက အဘွားကြီးတစ်ဦးနှင့်ပါ မှားယွင်းငြိစွန်းခဲ့ရသည် မဟုတ်လော့။
ယွမ်ဟောက်မင်သည် မိမိကိုယ်မိမိ ပညာတတ်လူတတ်ကြီးဟု အမြဲတစေ ကြွေးကြော်လေ့ရှိပြီး စိတ်ကူးထဲတွင် လာဘ်မြင်တတ်သော်လည်း သိက္ခာကိုမူ အသက်ထက်တန်ဖိုးထားသူ ဖြစ်သည်။ ထို့အပြင် မိမိကိုယ်မိမိ အထင်ကြီးလွန်းလှသဖြင့် အကြောင်းစုံ မသိသူများအဖို့ ၎င်းနှင့် အဘွားကြီးဝမ်တို့သည် မိသားစုတစ်ခုတည်း ဖြစ်နေသည်ဟုပင် ထင်မှတ်ရလောက်အောင်ပင် သူတစ်ပါးအား နှိမ့်ချဆက်ဆံတတ်သည့် စရိုက်ရှိပေ၏။
သူသည် မိမိကိုယ်မိမိ အခြားသူများထက် ပညာအရည်အချင်း များစွာသာလွန်သည်ဟု ယူဆကာ သာမန်အရပ်သားများကို အထင်သေးတတ်ပြီး စိတ်ထဲတွင် လူတကာထက် မြင့်မြတ်သည်ဟု မှတ်ထင်ထားသူ ဖြစ်သည်။ သို့ဖြစ်ရာ အဘွားကြီးဟွမ်ကဲ့သို့သော အဘွားကြီးနှင့် မှားယွင်းခဲ့ရခြင်းကြောင့် သူ၏ စိတ်ဓာတ်များ လုံးဝပြိုလဲသွားခဲ့ရ၏။ ထိုအဘွားကြီးနှင့် ပတ်သက်မိခြင်းမှာ "ချီးပုံကြီးကို စားလိုက်ရသလိုပဲ၊ ဘာမှမထူးဘူး၊ လုံးဝကို အတူတူပဲ" ဟု သူ၏စိတ်ထဲတွင် ခံစားနေရရှာသည်။
ဤဖြစ်ရပ်နှင့် ပတ်သက်၍ ထိုနေ့၌ပင် အတော်များများ စုံစမ်းစစ်ဆေးပြီးစီးခဲ့သော်လည်း အမှုတွဲကို ကိုင်တွယ်ဖြေရှင်းရန် အနည်းငယ် ခက်ခဲနေပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မကောင်းသော အကြံအစည်များဖြင့် ရက်စက်ယုတ်မာရန် ကြံရွယ်ခဲ့ကြသော်လည်း လက်တွေ့တွင်မူ မည်သည့်အရာကိုမျှ မလုပ်ဆောင်ရသေးသောကြောင့်ပင်။ ၎င်းတို့တွင် မကောင်းသော စိတ်ကူးရှိသော်လည်း လုပ်ဆောင်ချက်မရှိဘဲ မိမိတို့ပြုသောကံ မိမိတို့ထံ ပြန်လည်သက်ရောက်ကာ ဝဋ်လည်ခဲ့ကြခြင်း ဖြစ်၏။ ထို့ကြောင့် ဤကိစ္စအား အရေးယူရန် အတန်ငယ် လက်ဝင်လှပေသည်။
ယခုအခါ ဖောက်ပြန်မှုဖြင့်သာ အရေးယူရန် စဉ်းစားရမည်ဖြစ်သော်လည်း ယွမ်ဟောက်မင်မှာ နစ်နာသူဖြစ်နေသဖြင့် သူ့အား အပြစ်ရှာရန် မဖြစ်နိုင်ချေ။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ တိရစ္ဆာန်ဆေးကို အဘွားကြီးဟွမ် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နေ့လယ်စာကိုလည်း အဘွားကြီးဟွမ်ပင် ချက်ပြုတ်ခဲ့ခြင်းဖြစ်ကြောင်း အသေအချာ သိရှိခဲ့ရသည်။ မည်သည့်နေရာတွင် အမှားအယွင်း ဖြစ်သွားခဲ့သည်ကို မသိရသော်လည်း လူအများ၏ ထွက်ဆိုချက်အရ ကျန်းအိမ်သို့ မည်သူမျှ ဝင်ထွက်သွားခြင်း မရှိကြောင်း အတည်ပြုနိုင်ခဲ့၏။ သို့ဖြစ်ရာ ဤကိစ္စ၏ တာဝန်အားလုံးမှာ အဘွားကြီးဟွမ်တွင်သာ ရှိနေပြီး အမှန်တကယ်လည်း သူမ၏ ပေါ့ဆမှုကြောင့်သာ ဖြစ်ပေသည်။
အဘွားကြီးဟွမ်မှာ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ထောင်ဒဏ် မည်မျှကျခံရမည်ကို အတပ်မပြောနိုင်သော်လည်း သူမအား ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ အဘွားကြီးဟွမ်သည် ဖမ်းဆီးခံရသည့်နေ့တွင် ရင်ကွဲမတတ် အော်ဟစ်ငိုယိုကာ
"ကျွန်မမှာ အပြစ်မရှိပါဘူး၊ ရှင်တို့က ဘာလို့ ကျွန်မကို ဖမ်းရတာလဲ။ ကျွန်မကမှ တကယ့် နစ်နာရသူပါ။ ကျွန်မကို လွှတ်ပေးကြပါ၊ ကျွန်မ မှားသွားပါတယ်ရှင်။ ကျွန်မ ဖောက်ပြန်တာ မဟုတ်ပါဘူး။ အား... ကျွန်မတို့က လွတ်လွတ်လပ်လပ် ချစ်ကြိုက်ခဲ့ကြတာပါ။ ကျွန်မတို့ လက်ထပ်လိုက်ရင် ရတာပဲဟာ၊ လက်ထပ်လိုက်ရင် ဖောက်ပြန်တာ မဟုတ်တော့ဘူးလေ... လွှတ်ကြပါ......"
အဘွားကြီးဟွမ်သည် သံတိုင်များနောက်တွင် မျက်ရည်ကျရမည့် ဘဝသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ရသည်။ လူတစ်ယောက် ထောင်ထဲသို့ တစ်ဖန် ရောက်ရှိသွားပြန်ချေပြီ။ အဘွားကြီးဟွမ်သည် ဉာဏ်ပြေးလှသဖြင့် ယွမ်ဟောက်မင်နှင့် လက်ထပ်ကာ လူမှုရေးဖော်ပြန်မှုမှ ရုန်းထွက်ရန် ကြံစည်ခဲ့သော်လည်း ယွမ်ဟောက်မင်မှာမူ လုံးဝ သဘောမတူခဲ့ပေ။ အဘွားကြီးဟွမ် သူ့အား ထပ်မံ၍ တွင်းထဲသို့ တွန်းပို့ရန် ကြံစည်နေခြင်းကို သူ ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။
"အိပ်မက်ပဲ မက်နေလိုက်၊ ဘယ်တော့မှ မရစေရဘူး"
သူသည် ဇနီးဖြစ်သူနှင့် ကွာရှင်းရသေးသည်လည်း မဟုတ်ရာ အဘွားကြီးဟွမ်၏ စကားအတိုင်းသာ လိုက်နာပါက မိမိဘက်မှ ဘဝပျက်သွားပေလိမ့်မည်။ ထို့အပြင် မိမိထက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ကြီးသည့်အပြင် ရုပ်လည်းဆိုး၊ အိုလည်းအို၊ စရိုက်လည်း ကြမ်းတမ်းလှသည့် အဘွားကြီးဟွမ်အား ရွေးချယ်ရန် သူသည် ရူးသွပ်နေသူ မဟုတ်ပေ။
‘ဒါက ဘယ်လိုမျိုး အော့နှလုံးနာစရာ သတ္တဝါကြီးလဲ’
ယွမ်ဟောက်မင်မှာ သေလျှင်သေပါစေ လုံးဝ သဘောမတူခဲ့ချေ။
၎င်းတို့နှစ်ဦးစလုံးသည် လက်ရှိအခြေအနေကို ရင်မဆိုင်ရဲသဖြင့် အိမ်သို့ မပြန်ကြသော်လည်း ဤကိစ္စမှာ ၎င်းတို့ ပတ်ဝန်းကျင်တင်မကဘဲ တစ်မြို့လုံး၌ပါ ဟိုးဟိုးကျော်အောင် ပျံ့နှံ့သွားခဲ့ရလေသည်။ ယွမ်ဟောက်မင်သည် အမှန်တကယ်ပင် လက်ရှိအခြေအနေကို ရှောင်လွှဲကာ အိမ်သို့ လုံးဝ မပြန်တော့ပေ။ အရှက်ကွဲလွန်းလှသည် မဟုတ်လော။
ချန်ချင်းယွီမှာမူ ပျော်ရွှင်မြူးထူးနေ၏။ သူမ ဤအိမ်ရာဝင်းသို့ စတင်ရောက်ရှိလာချိန်ကတည်းက ကျန်းရှင်းဖှသည် သူမအား ရရ မရရ ရမ္မက်ခိုးဝေလှသော မျက်လုံးများဖြင့် ကြည့်ခဲ့ပြီး နောက်ပိုင်း လင်းကျန့်ဝမ် ကွယ်လွန်သွားသောအခါ၌မူ ပိုမို၍ မကောင်းသော အကြံအစည်များ ရှိလာခဲ့သည်။ အကယ်၍ သူမသည် မိမိ၏ အတိတ်ဘဝကို ပြန်လည်မမှတ်မိခဲ့ပါက ၎င်း၏ ရက်စက်သော လက်ချက်ဖြင့် ဘဝပျက်သွားရလောက်ပေသည်။
ဤနှစ်များအတွင်း ကိစ္စရပ်များကို ကြီးကျယ်အောင် မလုပ်ချင်သဖြင့် အနည်းငယ် ပညာပေးရုံမျှဖြင့် လွှတ်ထားခဲ့သော်လည်း ဤမိသားစုမှာ ငြိမ်သက်မသွားဘဲ အခါအားလျော်စွာ ပေါ်လာပြီး လူကို စိတ်အနှောင့်အယှက် ပေးတတ်ကြ၏။
‘ငါ့ကိုတောင် လာပြီး ကြံစည်ချင်သေးတယ်၊ ဒီမိသားစုကိုတော့ တကယ်ကို မုန်းတီးမိတယ်’
ချန်ချင်းယွီသည် ၎င်းတို့မိသားစုအား အလွန်အမင်း မုန်းတီးနေခဲ့သည်။
ဤအိမ်ရာဝင်းအတွင်း သူမတို့နှင့် စရိုက်လက္ခဏာ မတိုက်ဆိုင်သည့် မိသားစုများစွာ ရှိသော်လည်း သူမတို့မိသားစုအား အမှန်တကယ် ကြံစည်ခဲ့ကြသည့် လူများကို ရေတွက်ကြည့်လျှင် ကျန်းရှင်းဖှ၏ မိသားစုမှာ အများဆုံး ဖြစ်ပေသည်။ အထူးသဖြင့် ထိုကျန်းရှင်းဖှပင် ဖြစ်၏။ ယခုအခါတွင်မူ "မကောင်းမှုပြုရင် မကောင်းကျိုးခံစားရမယ်" ဆိုသည့်အတိုင်း ဝဋ်လည်သွားခဲ့လေပြီ။ တစ်ခုတည်းသော နှမြောစရာမှာ ကျန်းရှင်းဖှ ထောင်ထဲ ဝင်မသွားရခြင်းပင်။ သို့သော် ဥပဒေဆိုသည်မှာ သက်သေအထောက်အထားကိုသာ အလေးထားပြီး ကျန်းရှင်းဖှသည်လည်း လက်တွေ့တွင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရသေးချေ။
တကယ်ကို နှမြောစရာကောင်းလှ၏။ သို့သော်လည်း ကိစ္စမရှိပေ။ သူသည် ဤတစ်ကြိမ်တွင် ကြီးမားသော ဝဋ်ကြွေးကို ခံစားလိုက်ရပြီး ကံဆိုးမိုးမှောင်ကျသွားခဲ့သဖြင့် သူမ၏ စိတ်ထဲတွင် အတော်လေးပင် ကျေနပ်သွားခဲ့ရသည်။
‘နောက်တစ်ခါသာ သူ ဘာမဆို ထပ်လုပ်ဖို့ ကြံစည်ဦးမယ်ဆိုရင်တော့ ငါ ကိုယ်တိုင် သူ့ကို ထောင်ထဲအရောက် ပို့ပစ်မယ်’
သို့သော် ဤအိမ်ရာဝင်းအတွင်း၌ အဆန်းပြားဆုံးပုဂ္ဂိုလ်ကို ပြပါဆိုလျှင် ကျန်းမုန့်မုန့်ဟုသာ ဆိုရပေလိမ့်မည်။ ဤမိန်းကလေးမှာ မွေးရာပါ မည်သည့်ခံစားချက်မျှ မရှိသကဲ့သို့ပင်။ ငယ်စဉ်ကတည်းက ဤသို့ပင်ဖြစ်ပြီး ယခုထက်တိုင်လည်း ထို့အတူပင် ဖြစ်သည်။
သူမ၏အဘွား ထောင်ကျသွားပြီး ဖခင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရကာ အဘိုးဖြစ်သူမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့၏။
သို့သော် သူမသည် လုံးဝပူပန်ခြင်းမရှိသည့်အပြင် သွား၍ပင်မကြည့်ဘဲ မိမိလုပ်စရာရှိသည်ကိုသာ ပုံမှန်အတိုင်း ဆက်လုပ်နေခဲ့သည်။
ဤမိန်းကလေးငယ်တွင် သာမန်လူတို့၌ရှိအပ်သော သံယောဇဉ် ခံစားချက်မျိုး ရှိပုံမရပေ။
အိမ်ရာဝင်းအတွင်းရှိ လူများ သူမနှင့်ပတ်သက်၍ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသော်လည်း သူမသည် စိတ်ထဲတွင် နည်းနည်းမျှ ထည့်မထားချေ။ သူမ၏ စရိုက်သည်ပင် ထိုသို့ဖြစ်ပြီး မိသားစုအပေါ်၌ သံယောဇဉ်မရှိသကဲ့သို့ မိမိကိုယ်တိုင်အပေါ်၌လည်း ဂရုမစိုက်တတ်သူဖြစ်၏။ သူတစ်ပါး ဘာပဲပြောပြော သူမ ဂရုစိုက်မနေပေ။
နေ့စဉ်ရက်ဆက် ပိုက်ဆံရှာရန်သာ အလုပ်ရှုပ်နေပြီး ရလာသည့်ပိုက်ဆံဖြင့် ကောင်းနိုးရာရာ စားစရာများကိုသာ ဝယ်စားနေတတ်သည်။
"ဒီမိန်းကလေးကတော့ တကယ်ကို..."
အိမ်ရာဝင်းအတွင်းရှိ အိမ်ထောင်စုအသီးသီးမှ လူများသည် ကျန်းမုန့်မုန့်အကြောင်း ပြောမိတိုင်း အံ့ဩမဆုံး ဖြစ်ကြရသည်။
သို့သော်လည်း ၎င်းတို့မိသားစုတွင် ဤကဲ့သို့သော ထူးထူးဆန်းဆန်း သတ္တဝါလေးတစ်ကောင် ထွက်ပေါ်လာသည်မှာလည်း မဆန်းလှပေ။ ထိုထက် ပို၍လူအများကို တုန်လှုပ်ခြောက်ချားစေသည်မှာ အဘွားကြီးဟွမ် ထောင်ထဲသို့ ရောက်သွားခြင်းပင် ဖြစ်၏။
သူတို့အိမ်ရာဝင်း၏ နာမည်မှာ ပိုမို၍ ဆိုးရွားသွားခဲ့ရချေပြီ။ အကောင်းကြီးရှိနေရာမှ နောက်ထပ် လူတစ်ယောက် ထောင်ထဲသို့ ရောက်သွားပြန်သည်။
ပထမတစ်ယောက်သည်လည်း ဘူမှုရေး ဖောက်ပြန်သည့်အမှုဖြစ်ပြီး ဒုတိယတစ်ယောက်သည်လည်း ထိုအမှုပင် ဖြစ်၏။
တကယ်ကို အန္တရာယ် ပေးနိုင်လောက်သည့် ကိစ္စပင်…
ချန်ချင်းယွီတို့ မိသားစုမှာမူ အမှန်တကယ်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် အဘွားကြီးဟွမ်သည် သူမအား မကောင်းကြံစည်ရန် ကြိုးစားခဲ့ခြင်းဖြစ်ရာ ထောင်ကျသွားသည်မှာ ထိုက်တန်လှပေသည်။ သို့သော် အခြားသူများ၊ အထူးသဖြင့် အိမ်တွင် အိမ်ထောင်ဖက်ရှာရမည့် အရွယ်ရောက်နေသော သားပျိုများရှိသည့် မိသားစုများမှာမူ ထိုသို့မဟုတ်ကြချေ။ အစ်မကြီးဖန်နှင့် အဒေါ်ကြီးမေ့တို့ဆိုလျှင် စိတ်သောက ရောက်လွန်းသဖြင့် မျက်နှာများပင် ညှိုးလျော်နေကြ၏။
ယခုအခါ အောင်သွယ်ရှာရန် သွားရောက်ပြောဆိုရာတွင် အောင်သွယ်တိုင်းမှာ သူတို့အိမ်ရာဝင်း၏ နာမည်ကို ကြားသည်နှင့် နောက်လှည့်၍ပင် မကြည့်ဘဲ ခြေဦးတည့်ရာသို့ အပြေးအလွှား ထွက်ပြေးကြတော့သည်။ ဤအလုပ်ကို လုံးဝ လက်မခံကြပေ။
ဤအိမ်ရာဝင်းမှ လူများကို တကယ်ပင် အောင်သွယ်မလုပ်ရဲချေ။
စကားတစ်ခွန်း မတည့်ရုံဖြင့် ကွယ်ရာတွင် မကောင်းကြံစည်တတ်ကြသည်ကို မဆိုထားနှင့်၊ အဓိကမှာ ဤအိမ်ရာဝင်း၏ အဆောင်အယောင် ဖုန်းရွှေမှာ လုံးဝအဆင်မပြေခြင်း ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးအား ဤအိမ်ရာဝင်းမှ လူများနှင့် အောင်သွယ်ပေးမိပါက ၎င်းမှာ ရန်ရှာခြင်း သို့မဟုတ် မကောင်းသော အကြံဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ဖြစ်ရာ သူတို့အိမ်ရာဝင်းရှိ လူငယ်များ၏ အိမ်ထောင်ရေး အခြေအနေမှာ အဆိုးရွားဆုံး အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရ၏။ သူတို့ထက် ပို၍ သနားစရာကောင်းသူ မည်သူရှိဦးမည်နည်း။
တကယ့်ကို သနားစရာ၊ သနားစရာ ကောင်းလှပေသည်။
လူတိုင်း သောကရောက်ကာ စိတ်မသက်မသာ ဖြစ်နေကြသည့် ကြားမှပင် ချန်ချင်းယွီတို့ မိသားစု၏ နေ့စဉ်ဘဝမှာမူ ချောချောမွေ့မွေ့နှင့် အဆင်ပြေနေဆဲ ဖြစ်၏။ ၎င်းတို့သည် မင်္ဂလာရှိသော နေ့ရက်တစ်ရက်တွင် သင်္ချိုင်းဟောင်းမှ အလောင်းကို နေရာရွှေ့ပြောင်း င်္သဂြိုလ်ခဲ့ကြသည်။ "ကျွမ်းကျင်ပညာရှင်များ" ကို ငှားရမ်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ အိမ်နီးနားချင်းများကို အကူအညီ မတောင်းခဲ့ကြချေ။
အဟမ်း... အိမ်ရာဝင်းအတွင်း၌လည်း ပြဿနာများစွာ ရှိနေချိန်ဖြစ်ရာ ဤသို့လုပ်ဆောငခြင်းသည်ပင် ပို၍ ကောင်းမွန်လှပေသည်။
၎င်းတို့မိသားစု၏ သင်္ချိုင်းနေရာရွှေ့ပြောင်းခြင်း ကိစ္စမှာ ချောချောမွေ့မွေ့ ပြီးစီးသွားခဲ့ပြီး လင်းကျန့်ဝမ် သားအဖနှစ်ဦးစလုံးကို တစ်ပါတည်း ရွှေ့ပြောင်းသင်္ဂြိုဟ်လိုက်သဖြင့် ချန်ချင်းယွီတို့ မိသားစုအတွက် နောင်ရေးတွင် အပူအပင် များစွာ သက်သာသွားခဲ့ရသည်။
ပြောရလျှင် ယခုခေတ်တွင် မြေမြှပ်သင်္ဂြိုဟ်ပြီးပါက အေးချမ်းစွာ နားခိုစေချင်သဖြင့် အလွယ်တကူ နေရာမရွှေ့ရဲကြချေ။ ထို့ကြောင့်လည်း ချန်ချင်းယွီသည် နာရေးကိစ္စများကို အထူးကျွမ်းကျင်သည့် ပညာရှင်များကို ရှာဖွေခဲ့ခြင်းဖြစ်ပြီး စနစ်တကျနှင့် ထုံးတမ်းစဉ်လာအတိုင်း ဆောင်ရွက်ခဲ့ကြ၏။ မည်သည့်နေရာတွင်မျှ အမှားအယွင်း မရှိခဲ့ပေ။
၎င်းမှာ အယူသီးခြင်း မဟုတ်ဘဲ ကွယ်လွန်သူ မိသားစုဝင်များအပေါ် ထားရှိသည့် ရိုသေလေးစားမှုတစ်ရပ်သာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီကိုယ်တိုင်မှာ ဤသို့ပင် တွေးတောမိ၏။
ချန်ချင်းယွီတို့ မိသားစု သင်္ချိုင်းနေရာရွှေ့သည့် ကိစ္စကို အိမ်ရာဝင်းရှိ လူတိုင်း သိကြသော်လည်း များစွာ ဂရုမစိုက်ကြချေ။ လက်ရှိကာလအတွင်း သူတို့အိမ်ရာဝင်း၏ ထိပ်တန်းရေပန်းစား သတင်းထူးမှာ ဤကိစ္စမဟုတ်ရာ မည်သူစိတ်ဝင်စားမည်နည်း။ မည်သူမဆို ယခုရက်ပိုင်းအတွင်း အဓိကထား ဆွေးနွေးနေကြသည်မှာ "လူမှုရေးဖောက်ပြန်မှု" ဖြစ်ရပ်သာ ဖြစ်သည်။
တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလှ၏။
ဤဖြစ်ရပ်မှာ အလွန်တရာကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းသဖြင့် နောက်ထပ် သုံးနှစ်ခန့်အထိ ဆက်လက်၍ အတင်းပြောကြဦးမည် ဖြစ်သည်။
ချန်ချင်းယွီသည် မူလ၌ သင်္ချိုင်းနေရာရွှေ့ပြီးသည်နှင့် ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူဖို့ တောင်ပိုင်းသို့ သွားရန် ရည်ရွယ်ထားခဲ့သော်လည်း ဤကဲ့သို့သော ပြဿနာကြီး ပေါ်ပေါက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် ခရီးစဉ်ကို ခေတ္တဆိုင်းငံ့ထားလိုက်ရ၏။ သူမတစ်ဦးတည်း ခရီးသွားရန် မကြောက်ရွံ့သော်လည်း အိမ်ရှိ မိသားစုဝင်များကိုမူ စိတ်မချနိုင်ပေ။
အဘွားကြီးကျောက်သည် ပြင်ပတွင် နာမည်ကြီးလှသော်လည်း သူမ၏ တိုက်ခိုက်ရေးစွမ်းရည် မည်မျှရှိသည်ကို ချန်ချင်းယွီ အသိဆုံး ဖြစ်သည်။
သူမအနေဖြင့် စိတ်မချနိုင်ဖြစ်နေရ၏။
ချန်ချင်းယွီသည် လတ်တလော၌ အပြင်သို့ လုံးဝမထွက်ခဲ့ပေ။ သူမဘက်မှ အပြင်မထွက်သော်လည်း တစ်စုံတစ်ယောက်မှာမူ အိမ်တိုင်ရာရောက် ရှာဖွေလာခဲ့သည်။
ယွီမေကျွမ်း မိမိအား လာရောက်ရှာဖွေလိမ့်မည်ဟု ချန်ချင်းယွီ လုံးဝထင်မှတ်မထားခဲ့ချေ။
ချန်ရိကျွင်း ကွယ်လွန်သွားပြီးနောက် မိမိတို့နှစ်ဦး ပြန်လည်ဆုံတွေ့ခြင်း မရှိကြတော့ပေ။ ချန်ချင်းယွီ
ဧည့်သည်ကို အိမ်ထဲသို့ ခေါ်ဆောင်လာရာ ယွီမေကျွမ်း ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်ရင်း
"နင်တို့အိမ်က နေရာမသေးဘူးပဲ၊ နေလို့ကောင်းကောင်းလောက်ပါတယ်"
ချန်ချင်းယွီ : "ငါ့ကို ဘာကိစ္စရှိလို့ လာရှာတာလဲ"
ယွီမေကျွမ်း : "ဪ... ဟုတ်သားပဲ၊ ကိစ္စရှိလို့ပေါ့။ ဒါနဲ့... ပြီးခဲ့တဲ့နှစ်က နင် ငါတို့ကို ဂျင်ဆင်း လိုက်ဝယ်ခိုင်းခဲ့တာ မှတ်မိသေးလား"
ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း ပြန်မေးခွန်းထုတ်လိုက်ကာ
"မှတ်မိတာပေါ့၊ ဘာဖြစ်လို့လဲ"
အမှန်တကယ်တွင် ချန်ချင်းယွီသည် တစ်ကြိမ်တည်းသာ ဝယ်ယူရန် စဉ်းစားခဲ့ခြင်းမဟုတ်ဘဲ စျေးနှုန်းသင့်တော်ဆဲအချိန်တွင် ပိုမို၍ ဝယ်ယူစုဆောင်းထားချင်ခြင်း ဖြစ်၏။ ဤကဲ့သို့သော တောတောင်ထွက် ဂျင်ဆင်းစစ်စစ်များသည် နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက် လူတို့တမင်စိုက်ပျိုးသည့် ဂျင်ဆင်းများထက် များစွာသာလွန်လှပေသည်။ သို့သော် နှမြောစရာကောင်းသည်မှာ ပထမအကြိမ်ကတည်းက အဆင်မပြေခဲ့ကာ၊ ယွီမေကျွမ်းတို့ဘက်မှ တစ်မြစ်သာ ဝယ်ယူနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။
၎င်းတို့၏ အစီအစဉ်မှာ ပျက်ပြယ်သွားခဲ့ရ၏။
ယခုတစ်ကြိမ်တွင် ပြန်လည်ပြောဆိုလာခြင်းမှာ မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို မသိရပေ။
"ပြောစမ်းပါဦး"
ချန်ချင်းယွီ ဆိုလိုက်သည်။
ယွီမေကျွမ်း : "ငါ မေးချင်တာက... နင် အဲဒီပစ္စည်းတွေကို အခုထိ လိုချင်သေးလား"
ချန်ချင်းယွီသည် ကြားလျှင်ကြားချင်း စိတ်ဝင်စားသွားကာ
"လိုချင်တာပေါ့၊ သေချာပေါက် လိုချင်တာပေါ့။ ငါက နေ့တိုင်း လေထဲမိုးထဲမှာ အလုပ်ရှုပ်နေပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ပင်ပန်းခံနေရတာဆိုတော့ ခန္ဓာကိုယ်ကို အားဖြည့်ဖို့ သေချာပေါက် လိုအပ်တာပေါ့။ နင့်မှာ လမ်းကြောင်းရှိလို့လား"
ယွီမေကျွမ်း ခေါင်းညိတ်ပြရင်း
"မနှစ်က ပြောထားတဲ့ အခြေအနေတွေကို နင့်ဘက်က အဆင်ပြေတယ်လို့ ထင်ရင် ငါ ဆက်လုပ်ပေးနိုင်တယ်"
"ဒါကလည်း တိုက်ဆိုင်ချင်တော့... မနှစ်က ငါတို့ ပစ္စည်းဝယ်ပြီး ရထားပေါ်မှာ မြို့ပြကနေ ကျေးလက်ကို ဆင်းသွားပြီးမှ မြို့ပြန်လာကြတဲ့ ပညာတတ်လူငယ်အချို့နဲ့ ဆုံခဲ့တယ်။ အဲဒီတုန်းက စကားပြောလို့ တအားအဆင်ပြေတာနဲ့ပဲ အမြဲတမ်း ဆက်သွယ်ဖြစ်နေခဲ့တာ။ နောက်ပြီး ငါက အဲဒီထဲက တစ်ယောက်နဲ့ ရည်းစားဖြစ်သွားတယ်လေ"
သူမသည် လျှို့ဝှက်ချက် ထားတတ်သူမဟုတ်သဖြင့် ဆက်လက်၍ ပြောရင်းဖြင့် စကားအဆုံးတွင် အတန်ငယ် ဂုဏ်ယူဝင့်ကြွားသော အမူအရာ ပြလိုက်၏။
ချန်ချင်းယွီ : "နင့်အတွက် ဝမ်းသာပါတယ်"
"ဟဲဟဲဟဲ..."
ယွီမေကျွမ်း မြူးထူးစွာ ရယ်မောရင်း ချက်ချင်းပင် ဆိုလိုက်သည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းက ငါတို့ အတူတူ ထမင်းစားရင်း ပစ္စည်းဝယ်တဲ့အကြောင်း ပြောမိကြတာ။ ငါ့ရဲ့ သတို့သားလောင်းက အဲဒီအကြောင်း ကြားတာနဲ့ ချက်ချင်း စိတ်လှုပ်ရှားသွားတယ်။ သူ တောဆင်းခဲ့တဲ့နေရာက ဟေးလုံကျန်းပြည်နယ်ဘက်မှာ ဖြစ်ပြီး အနီးအနားမှာ တောနက်ကြီးတွေ ရှိတယ်လေ။ ဂျင်ဆင်းကိုတော့ အသေအချာ မပြောရဲပေမယ့် သူတို့က နှစ်တိုင်း တောင်ပေါ်တက်ပြီး အမဲလိုက်ကြတာဆိုတော့ ပစ္စည်းကောင်းတွေ အများကြီး ရှိတာပေါ့။ အကယ်၍ နင်က ဝယ်ဦးမယ်ဆိုရင် ငါတို့ ဒီအလုပ်ကို ဆက်လုပ်လို့ရတယ်"
သူမ မျက်ဝန်းအစုံ တောက်ပလျက် ချန်ချင်းယွီကို စူးစိုက်ကြည့်နေတော့သည်။
ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားပြီးနောက်
"ငါကတော့ သေချာပေါက် ဝယ်မှာပဲ။ အကယ်၍ နင်တို့ဘက်က ဝယ်နိုင်မယ်ဆိုရင် ငါတို့ အရင်က ပြောထားတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ နင်တို့ ပစ္စည်းရတာနဲ့ ငါ ပိုက်ဆံချက်ချင်းပေးမယ်၊ နင်တို့ကို အလကား ပင်ပန်းမခံစေရပါဘူး။ ဒါပေမဲ့..."
ယွီမေကျွမ်းက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
"ဒါပေမဲ့ ဘာဖြစ်လို့လဲ"
ချန်ချင်းယွီ ပွင့်ပွင့်လင်းလင်းပင်
ဆိုလေသည်။
"ယုံကြည်စိတ်ချရရဲ့လား။ တကယ်ပဲ ပစ္စည်းရှိတာ ကော ဟုတ်ရဲ့လား။ နင် သူတပါးရဲ့ လိမ်လည်မှုကို ခံရမှာ စိုးရိမ်လို့ပါ။ သူက နင့်ကို ညာနေတာ မဟုတ်ပါဘူးနော်။ နင့်ကို တောရွာဇနပုဒ်တွေထဲအထိ လိမ်ခေါ်သွားပြီး မိန်းမမရဖူးတဲ့ အဘိုးကြီးတွေဆီ မယားအဖြစ် ရောင်းစားလိုက်မှာ စိုးလို့"
ယွီမေကျွမ်း၏ နှုတ်ခမ်းထောင့်များ တုန်သွားရကာ…
"...................."
ရှည်လျားလှသော တိတ်ဆိတ်မှုအပြီးတွင် သူမသည် ချန်ချင်းယွီကို နက်နက်ရှိုင်းရှိုင်း ကြည့်ရင်း ပြောလိုပ်သည်။
"နင်က တကယ်ကို သတိကြီးတာပဲ"
ချန်ချင်းယွီ တည်တည်ငြိမ်ငြိမ်ဖြင့်
"နင်က ငါ့အတွက်နဲ့ တောရွာကို ဆင်းပြီး ပစ္စည်းသွားဝယ်ပေးမှာလေ။ အကယ်၍ ပြဿနာတစ်ခုခု တက်ခဲ့ရင် ငါ့စိတ်ထဲမှာ မကောင်း ဖြစ်ရလိမ့်မယ်"
သူမနှင့် ယွီမေကျွမ်း၏ ဆက်ဆံရေး မည်သို့ပင်ရှိစေကာမူ၊ မည်မျှပင် စိမ်းသက်သည့် သူစိမ်းတစ်ယောက် ဖြစ်နေပါစေဦးတော့၊ ချန်ချင်းယွီအနေဖြင့် ဤကဲ့သို့သော မကောင်းသည့်ကိစ္စရပ်များ ဖြစ်ပွါးလာမည်ကို လုံးဝ မမြင်တွေ့လိုချေ။
"ရည်းစားဖြစ်နေရင်တောင်မှ ရာနှုန်းပြည့် ယုံကြည်လို့ရတယ်လို့ မဆိုနိုင်ဘူးလေ"
ယွီမေကျွမ်း : "နင်က တကယ်ကို ဂရုစိုက်တာပဲ။ ဒါပေမဲ့ စိတ်ချပါ၊ ဒီကိစ္စအတွက် သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး။ ငါ ကိုယ်တိုင် ကျေးလက်ဆင်းခဲ့တဲ့ နေရာကလည်း အရှေ့မြောက်ပိုင်းပဲလေ။ အဲ့ဒေသက လူတွေက ဆက်ဆံရ သိပ်မလွယ်ကူလှပေမယ့် ဘယ်အိမ်ကမှ မိန်းမဝယ်တယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးပါဘူး။ နောက်ပြီး ငါနဲ့ ငါ့ရည်းစားကလည်း တစ်ယောက်နဲ့တစ်ယောက် မိဘချင်း တွေ့ဆုံပြီးသားပါ။ သူ့အိမ်က ဘယ်မှာလဲ၊ အိမ်မှာ လူဘယ်နှစ်ယောက်ရှိလဲ၊ ဘာလုပ်ကြလဲဆိုတာကို ငါ အကုန်လုံး အသေအချာ သိပါတယ်။ အကယ်၍ သူက ငါ့ကို ကြံစည်ဖို့ ကြိုးစားရင် ငါ့မောင်လေးတွေကလည်း သူ့ကို လွှတ်ထားမှာ မဟုတ်ပါဘူး။ ပြီးတော့ အကြီးဆုံးမောင်နဲ့ တတိယမောင်လေးတို့ကလည်း လူကောင်းမဟုတ်ကြပေမယ့် ငါသာ တစ်ခုခုဖြစ်သွားရင် အမေကို လုပ်ကျွေးပြုစုရမယ့် တာဝန်တွေက သူတို့ခေါင်းပေါ် အကုန်ပုံကျသွားမှာလေ။ သူတို့က ကိုယ့်ကိုယ်ကျိုးအတွက်နဲ့တင် ငါ့ကို ပစ်ထားမှာ မဟုတ်ပါဘူး"
ချန်ချင်းယွီ : "နင်ပြောတဲ့ စကားကတော့ တကယ်ကို လက်တွေ့ကျပါတယ်"
ယွီမေကျွမ်း : "အဲဒါပေါ့၊ အဲဒီနှစ်ယောက်အကြောင်းကို ငါ ကောင်းကောင်း သိထားတာပဲ။ သူတို့က အကျိုးအမြတ်ကိုပဲ လိုချင်ကြပြီး တာဝန်မယူချင်ကြဘူး။ အကယ်၍ ငါသာ တစ်ခုခု ဖြစ်သွားရင် နောင်ကျရင် အမေအိုကြီးကို ဘယ်သူက ပြုစုစောင့်ရှောက်မှာလဲ။ ငါရှိနေမှ သူတို့ကို ကူညီပေးမယ့်သူ နောက်တစ်ယောက် ရှိနေမှာလေ။ သံယောဇဉ်ကြောင့်မဟုတ်ဘဲ ကိုယ်ကျိုးအတွက်နဲ့တင် သူတို့ ငါ့ကို ပစ်ထားမှာ မဟုတ်ဘူး"
ချန်ချင်းယွီ : "ဘာပဲဖြစ်ဖြစ် သတိပေးသင့်တာကိုတော့ ငါ သတိပေးပြီးပြီ။ ငါကတော့ သေချာပေါက် ဝယ်မှာပဲ။ အကယ်၍ နင် တောရွာကို ဆင်းမယ်ဆိုရင် ငါ့ဆီမှာ လိပ်စာအတိအကျတစ်ခု ချန်ထားခဲ့ပါ။ အကယ်၍ နင် ရက်ပေါင်းနှစ်ဆယ်အတွင်း ပြန်မလာခဲ့ရင် ငါ ရဲစခန်းကို တိုင်ပေးမယ်"
ယွီမေကျွမ်းသည် ချန်ချင်းယွီကို နက်နက်ရှိုင်းရှိုင်း စူးစိုက်ကြည့်လိုက်ရာ ချန်ချင်းယွီမှာ မေးခွန်းထုတ်လိုက်၏။
"ဘာကို ကြည့်နေတာလဲ"
ယွီမေကျွမ်း : "နင်က ငါ့ကို တော်တော်လေး ဂရုစိုက်လိမ့်မယ်လို့ မထင်ထားမိဘူး"
'ငါက နင်ကို ဂရုစိုက်နေတာ မဟုတ်ပါဘူရ… ဘယ်သူမဆို ငါ ဒီလိုပဲကူညီပေးမှာပါ'
ချန်ချင်းယွီ ပြောစကားမရှိဖြစ်သွားကာ
"ကိုယ့်မျက်နှာကိုယ် အမွှမ်းတင်မနေနဲ့။ ငါက လူကောင်းမို့လို့ ဘယ်သူ့ကိုမဆို ဒီလိုပဲ ကူညီတတ်တာ"
ယွီမေကျွမ်း : "ဟဲဟဲ... နင်ကတော့ အံခဲပြီး အတင်းငြင်းနေတာပဲ။ နင် ငါ့ကို ဂရုစိုက်တာ သေချာပါတယ်"
ချန်ချင်းယွီ : “….”
ထားပါတော့လေ… စိတ်ချမ်းသာသလို တွေးပါစေတော့…။
ယွီမေကျွမ်း တဟီးဟီး ရယ်မောရင်း
"ဒါဆိုရင် ဒီကိစ္စကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြရအောင်။ စောစောလုပ်လေ ကောင်းလေပဲမို့ ငါ ဒီနေ့ပဲ လက်မှတ်သွားဝယ်ပြီး မနက်ဖြန် ခရီးထွက်တော့မယ်။ ဒီတစ်ကြိမ်မှာ ငါ့ရဲ့ရည်းစားအပြင် ငါ့မောင်လေးပါ အတူတူ သွားမှာဆိုတော့ ငါတို့ သုံးယောက်ဆိုရင် ပိုပြီးတော့ ဘေးကင်းတာပေါ့။ ဂျင်ဆင်းနဲ့ လင်ဇီးတွေကို အကုန်ဝယ်မှာ မဟုတ်လား"
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်သည်။
ယွီမေကျွမ်း : "ဒီလိုပစ္စည်းတွေ ရှိတယ်လို့တော့ ငါ အသေအချာ မပြောရဲဘူး၊ ဘာလို့လဲဆိုတော့ ဒါမျိုးကို တူးဖော်ဖို့က မလွယ်ကူလှဘူးလေ။ ဒါပေမဲ့ ကျားအရိုးအရက်တို့၊ ကျားလိင်တံတို့၊ သမင်လိင်တံတို့ ဆိုတာမျိုးကတော့ သေချာပေါက် ရှိပါတယ်။ သမင်ကတိုးတို့ ဘာတို့လည်း ရှိဦးမှာပေါ့...။ ငါ့ရည်းစား ပြောပြချက်အရဆိုရင် သူတို့ဆီမှာ နှစ်တိုင်း တောင်ပေါ်တက်ပြီး အမဲလိုက်ဖို့ အဖွဲ့တွေ ဖွဲ့ကြတယ်တဲ့။ အဲဒါကြောင့် အိမ်တော်တော်များများမှာ ပစ္စည်းကောင်းတွေ ရှိကြတယ်"
ချန်ချင်းယွီသည် မျက်ခုံးပင့်လိုက်မိပြီး ခေတ်ကာလ မတူညီသည်ကို စိတ်ထဲမှ တွေးတောကာ ရင်သပ်ရှုမော ဖြစ်ရတော့သည်။
နောင်တစ်ချိန်တွင် မည်သည့်နှစ်မှစ၍ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဥပဒေများ ပေါ်ပေါက်လာမည်ကို သူမ မသိချေ။
‘အကယ်၍သာ နောင်နှစ်အနည်းငယ်ဆိုရင်တော့ ဒါမျိုးက ထောင်ထဲမှာ အရိုးဆွေးမယ့် အမှုမျိုးပဲ။ တကယ့်ကို ပြစ်ဒဏ်ကြီးလေးတဲ့ ကိစ္စပဲ...’
သို့သော် ယခုခေတ်ကာလတွင်မူ ပြုလုပ်၍ ရသေးဟန်ပေါ်၏။
ချန်ချင်းယွီ : "ကောင်းပြီလေ၊ ငါ လိုချင်တယ်၊ ရှိသမျှအကုန် ဝယ်မယ်"
ယွီမေကျွမ်း အံ့အားသင့်သွားကာ
"ကျားလိင်တံနဲ့ သမင်လိင်တံတွေကိုပါ နင်က လိုချင်တာလား"
သူမ၏ မျက်ဝန်းများမှာ အဓိပ္ပာယ်မကွဲပြားစွာ ထူးဆန်းသွားတော့သည်။
"နင်လို လူလွတ် အမျိုးသမီးတစ်ယောက်က ဒါမျိုးတွေကို ဘာလုပ်မလို့လဲ"
ချန်ချင်းယွီမှာမူ မယိမ်းမယိုင်ဘဲ ရဲရဲဝံ့ဝံ့ပင်…
"သေချာပေါက် လိုချင်တာပေါ့။ ဒီလိုပစ္စည်းတွေက တစ်နေ့ထက်တစ်နေ့ ရှားပါးလာတာလေ။ ပစ္စည်းကောင်းရှိရင် သေချာပေါက် ဝယ်စုထားရမှာပဲ။ ငါ အခု အသုံးမလိုရင်တောင်မှ သေတ္တာထဲ ထည့်သိမ်းထားပြီး နောင်ကျရင် ငါ့သားအတွက် အမွေချန်ထားပေးလို့ ရတာပဲ"
ယွီမေကျွမ်း၏ နှုတ်ခမ်းထောင့်များ တွန့်လှုပ်သွားကာ
"နင့်သားက အခုမှ ဆယ်နှစ်ကျော်ပဲ ရှိသေးတာကို"
ချန်ချင်းယွီ : "ဟုတ်တယ်လေ၊ ဒါပေမဲ့ ဒီတစ်ကြိမ် အခွင့်အရေးကိုသာ လက်လွှတ်လိုက်ရင် နောက်နောင် ဒါမျိုးတွေကို ရဦးမလားဆိုတာ ဘယ်သူသိမှာလဲ။ ငါ ကိုယ်တိုင်လည်း အဲဒီဒေသတွေအထိ လိုက်ပြီး လိုက်ဝယ်နိုင်မှာ မဟုတ်ဘူးလေ"
ယွီမေကျွမ်းသည် ချန်ချင်းယွီကို မသင်္ကာသကဲ့သို့ စူးစိုက်ကြည့်ရင်း သူမတွင် အပြင်၌ အခြားယောကျာ်း ရှိနေသလောဟု အတည်ပြုရန် ကြိုးစားနေသည်။ သို့သော်လည်း ၎င်းမှာ မဖြစ်နိုင်ဟု ပြန်လည်တွေးတောမိ၏။
အဘယ်ကြောင့်ဆိုသော် ချန်ချင်းယွီသည် လင်းကျန့်ဝမ်အပေါ်တွင် အသက်ထက်မက သစ္စာရှိခဲ့သည် မဟုတ်လော။
ဤသို့သော အခြေအနေမျိုးတွင် မိမိကိုယ်မိမိ ပုံရိပ်ကောင်းတစ်ခု ဖန်တီးထားခြင်းသည် အလွန်အကျိုးရှိလှပေသည်။ ချန်ချင်းယွီသည် ဤကဲ့သို့သော ပစ္စည်းမျိုးကို ဝယ်ယူနေလျှင်ပင် မည်သူမျှ သံသယဝင်လိမ့်မည် မဟုတ်ပေ။ 'သစ္စာရှိချစ်သူ' ဟူသော ပုံရိပ်သည် မရေမတွက်နိုင်သော သံသယများနှင့် အတင်းအဖျင်း စကားများကို ကြံ့ကြံ့ခံ ကာကွယ်ပေးနိုင်စွမ်း ရှိ၏။
သဘာဝကျစွာပင် ချန်ချင်းယွီ၌ အခြားမကောင်းသော စိတ်ကူးစိတ်သန်းများ မရှိချေ။
"နင် ဒီတစ်ခေါက် သွားဖို့အတွက် ငါ အရင်ဆုံး ပိုက်ဆံ တစ်ထောင် ပေးထားမယ်"
ယွီမေကျွမ်းမှာ လန့်ဖျပ်သွားကာ မျက်လုံးပြူး သွားရတော့သည်။
ချန်ချင်းယွီ : "လိုရင်ထပ်တောင်း၊ ပိုရင်ပြန်အမ်းပေါ့။ အကယ်၍ ပစ္စည်းကောင်း တကယ်တွေ့ရင် ငါ့ဆီ ကြေးနန်းရိုက်လိုက်၊ ငါ ပိုက်ဆံ ထပ်လွှဲပေးမယ်။ ဒါပေမဲ့ ငါ အရင်က ပြောသလိုပဲ... အပြင်ရောက်တဲ့အခါ အရာရာကို သတိထားရမယ်။ အထူးသဖြင့် နင့်ဆီမှာ ပိုက်ဆံအများကြီး ပါသွားတာဆိုတော့ ပိုပြီးတော့တောင် သတိထားရမယ်။ ငါပြောတဲ့ အဓိပ္ပာယ်ကို သဘောပေါက်တယ်မလား"
ယွီမေကျွမ်းသည် ချန်ချင်းယွီ၏ စကားအပေါ် စိတ်မပျက်ဘဲ ခေါင်းညိတ်ပြရင်း
"ဒါကိုတော့ ငါ သိပါတယ်၊ ငါ့အသက်က ငါ့အတွက် အရေးကြီးဆုံးပဲဥစ္စာ"
လူဆိုသည်မှာ တကယ်ကို နုနယ်လွန်းလှသဖြင့် ဖျတ်ခနဲဆိုလျှင်ပင် သေဆုံးသွားနိုင်ရာ မည်သူ
သတိမထားဘဲ နေဝံ့မည်နည်း။
အခြားသူများကို မဆိုထားနှင့်… သူမ၏ ပထွေးဖြစ်သူကိုပင် ကြည့်ဦးလော့။ ခန္ဓာကိုယ်လည်း ကျန်းမာပြီး ကြီးမားသော ရောဂါဝေဒနာလည်း မရှိဘဲနှင့် ချက်ချင်းပင် အသက်ပျောက်သွားခဲ့ရသည်။
ချန်ရိကျွင်းကို တွေးမိသောအခါ ယွီမေကျွမ်းသည် ချန်ချင်းယွီကို တိတ်တဆိတ် ခိုးကြည့်လိုက်သော်လည်း စကားထုတ်၍ မပြောရဲချေ။
"လူက ဘယ်လောက်ပဲ တော်တော်... သရဲကိုတော့ ကြောက်ရတာပဲ..."
ယွီမေကျွမ်းသည် ထိုအကြောင်းအရာများကို အမှန်တကယ်ပင် မဟရဲပေ။ သရဲမကြီး နောက်ထပ် ပေါ်မလာတော့သော်ငြား… သူတို့မိသားစုမှာ တစ်စုံတစ်ရာမျှ မလှုပ်ရှားရဲကြကာ၊ ချန်ရိကျွင်း၏ အကြောင်းကိုမူ လုံးဝပင် စကားမစရဲကြပေ။
သူမသည် သက်ပြင်းတစ်ချက်ကို အသာချရင်း
"စိတ်ချပါ၊ ငါ သေချာပေါက် သတိထားပါ့မယ်။ ဒါနဲ့... နင် ဒီလို ကိုယ်ပိုင်စီးပွားရေး လုပ်တာ တော်တော်လေး ပိုက်ဆံရပုံပဲနော်၊ ဒါမျိုးတွေကိုတောင် ပိုက်ဆံအကုန်အကျခံပြီး ဝယ်စုနေနိုင်တယ်"
ချန်ချင်းယွီ : "လူက ဘယ်လောက်ကြာကြာ အသက်ရှင်နေရဦးမလဲဆိုတာ ဘယ်သူသိမှာလဲ။ ပိုက်ဆံရှိရင်တော့ သုံးစွဲရမှာပဲ၊ ကိုယ်တိုင် ခံစားလိုက်ရမှ အစစ်အမှန် ဖြစ်တာလေ။ ငါ ပင်ပင်ပန်းပန်းနဲ့ ပိုက်ဆံရှာနေတာက ကောင်းကောင်းစား၊ ကောင်းကောင်းနေ၊ ကောင်းကောင်းသုံးချင်လို့ မဟုတ်ဘူးလား။ အကယ်၍ ငါက ဘာကိုမှ မမျှော်လင့်ဘဲ ပိုက်ဆံပဲ စုနေမယ်ဆိုရင် ဘာမှလုပ်မနေတော့ဘူး၊ ပင်ပင်ပန်းပန်း အလုပ်လုပ်နေစရာ အကြောင်းမရှိတော့ဘူး"
တစ်ဝက်အမှန်၊ တစ်ဝက်အလိမ်ဖြင့် ပြောလိုက်၏။
သူမသည် မိမိကိုယ်မိမိ ပိုက်ဆံရှိပြီး ပိုက်ဆံစုတတ်သူအဖြစ် ပုံရိပ်မဖော်လိုချေ။ ထိုသို့လုပ်ဆောင်ပါက မိမိကိုယ်မိမိ 'ဆူဖြိုးသော သိုးတစ်ကောင်' အဖြစ် သတ်မှတ်ရာ ရောက်ပေလိမ့်မည်။
ပိုက်ဆံရှာနိုင်သကဲ့သို့ သုံးလည်းသုံးနိုင်ပြီး ပိုက်ဆံရှိလျှင် ဘဝကို အကောင်းဆုံး ခံစားတတ်သူအဖြစ် ပုံဖော်ခြင်းသည်သာ ပိုမို၍ အဆင်ပြေလှပေသည်။
လူတိုင်း သူမ ပိုက်ဆံရှာနိုင်သည်ကို မြင်တွေ့ကြသော်လည်း တစ်ပြိုင်နက်တည်းမှာပင် ပိုက်ဆံများကို လျှပ်စီးလက်သကဲ့သို့ သုံးစွဲနေသည်ကိုလည်း မြင်တွေ့ကြရသဖြင့် 'အိမ်ဖျက်မည့် မိန်းမ' ဟူသော နာမည်ဆိုး ထွက်ပေါ်နိုင်သော်လည်း မကောင်းသော အကြံအစည်ရှိသူများမှာမူ နည်းပါးသွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူမထံတွင် စုဆောင်းထားသည့် ပိုက်ဆံ မကျန်ရှိနိုင်သောကြောင့်ပင်။
အဟမ်း... မတတ်နိုင်ချေ၊ ဤကာလမှာ ရှစ်ဆယ်စုနှစ်ဦးပိုင်း ဖြစ်နေသည် မဟုတ်လော့။
ခုနစ်ဆယ်စုနှစ်ကို နှုတ်ဆက်ခဲ့ရုံမျှသာ ရှိသေးသဖြင့် လူမှုပတ်ဝန်းကျင် အခြေအနေမှာ ဤသို့ပင် ဖြစ်၏။
သို့သော် ချန်ချင်းယွီ၏ စကားသည် ယွီမေကျွမ်းအား အံ့အားသင့်စေခြင်း မရှိပေ။
"ဒါလည်း ဟုတ်တာပဲ၊ နင်က အစကတည်းက ဘဝကို ကောင်းကောင်း ခံစားတတ်တဲ့သူပဲဟာ"
ချန်ချင်းယွီမှာမူ စကားမရှိ ဖြစ်သွားရတော့သည်။
ယွီမေကျွမ်း ဆက်လက်၍
"အရင်တုန်းက နင့်ရဲ့ အဘွားက ကုန်တိုက်မှာ နင့်အတွက် တန်ဖိုးကြီးတဲ့ ဂါဝန်တိုလေးတွေ ဝယ်ပေးခဲ့တာလေ။ နင်က တကယ်ကို အပင်ပန်းမခံနိုင်တဲ့ လူစားမျိုးပဲ"
ချန်ချင်းယွီ : "ငါက ဘယ်တုန်းက အပင်ပန်းမခံနိုင်လို့လဲ။ ငါ အိမ်ထောင်ကျခါစ နှစ်တွေတုန်းက ဘဝက ဘယ်လောက်တောင် ဆင်းရဲပင်ပန်းခဲ့လဲ"
ယွီမေကျွမ်း သူမအား ပြောမပြတတ်သော မျက်ဝန်းများဖြင့် ကြည့်ရင်း
"ဘယ်သူက ညည်းကို လင်းကျန့်ဝမ်ဆီ အတင်းအဓမ္မ သွားယူခိုင်းလို့လဲ"
ခဏမျှအတွင်း ချန်ချင်းယွီ၏ 'အချစ်ရူးညွှန်းကိန်း' မှာ အရှိန်အဟုန်ဖြင့် မြင့်တက်သွားသည်ဟု ခံစားလိုက်ရသည်။
သို့သော် ချန်ချင်းယွီမှာ အသာအယာ ပြုံးလိုက်ရင်း
"ငါ့ဘာသာငါ သဘောကျလို့ ယူတာပဲ၊ နင်နဲ့ ဘာဆိုင်လို့လဲ"
သူမနှင့် လင်းကျန့်ဝမ်တို့သည် အမြဲတမ်း အတန်းဖော်များ ဖြစ်ခဲ့ကြသဖြင့် တစ်ဦးအကြောင်းတစ်ဦး ကောင်းကောင်းသိပြီး သံယောဇဉ် ရှိခဲ့ကြသည်။ ထိုသို့မဟုတ်ခဲ့လျှင်ပင် ထိုစဉ်ရှိ အခြေအနေအရ သူမအနေဖြင့် အိမ်ထောင်ပြုလိုက်ခြင်းသည် ပိုမို၍ ဘေးကင်းလုံခြုံလှပေ၏။ ချန်ရိကျွင်းသည် ထိုစဉ်အခါက သူမအား အခြားသူထံသို့ ပေးစားရန် ကြံစည်နေခဲ့ရာ အိမ်ထောင်ပြုပြီး မိဘအိမ်မှ ရုန်းထွက်နိုင်ခဲ့ခြင်းသည်လည်း သူမ၏ ကံကောင်းခြင်းတစ်ရပ်ပင် ဖြစ်သည်။
ချန်ချင်းယွီ ထပ်မံ၍ စကားမဆိုတော့ဘဲ "တောဘက်ဆင်းရင် ဘေးကင်းအောင် သတိထားပါ" ဟုသာ မှာကြားလိုက်၏။
သူမ ယွီမေကျွမ်းအား ပိုက်ဆံများကို ပေးအပ်လိုက်ရာ ယွီမေကျွမ်းသည် တံတွေးကို အသာမြိုချမိတော့သည်။
အမလေး... ဘုရားရေ…
သူမကိုယ်တိုင် ဤမျှများပြားသော ပိုက်ဆံကို တစ်ခါမျှ မပိုင်ဆိုင်ဖူးခဲ့ချေ။ ပြီးခဲ့သည့်အကြိမ် ချန်ချင်းယွီအတွက် ဂျင်ဆင်းဝယ်ပေးစဉ်၌သာ ဤမျှများပြားသော ပိုက်ဆံကို မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်၏။
"နင်က ငါ့ပိုက်ဆံတွေကို ယူပြီး ထွက်ပြေးသွားမှာတော့ မဟုတ်ပါဘူးနော်"
ချန်ချင်းယွီ စနောက်လိုက်သည်။
ယွီမေကျွမ်း တံတွေးများကို သုတ်ရင်း
"လျှောက်မပြောနဲ့၊ ငါက ဒါမျိုး လုံးဝမလုပ်ဘူး။ တစ်ကြိမ်တည်းနဲ့ ပြီးမယ့် စီးပွားရေးနဲ့ ရေရှည်သွားမယ့် စီးပွားရေး... ဘယ်ဟာက ပိုကောင်းလဲဆိုတာ ငါ ကောင်းကောင်း ခွဲခြားတတ်ပါတယ်"
နှစ်ဦးသား တိုင်ပင်ဆွေးနွေးပြီးနောက် ယွီမေကျွမ်းသည်လည်း ပိုက်ဆံများကို ရေတွက်ကာ မည်သည့်အမှားအယွင်းမျှမရှိကြောင်း အတည်ပြုပြီးမှသာ ပိုက်ဆံများကို ရင်ခွင်ထဲသို့ ထည့်လျက် ထွက်ခွာသွားတော့သည်။
အဘွားကြီးရှီ (ရှီကျန့်ရှန်း) အပြင်ထွက်လာစဉ် မြင်တွေ့သွားသဖြင့် ဇဝေဇဝါဖြင့်
"ဒါ ညည်းရဲ့ မိထွေးပါလာတဲ့ အစ်မကြီးမလား။ သူက ဘာလာလုပ်တာလဲ၊ ညည်းတို့ ဆက်ဆံရေးက မကောင်းဘူး မဟုတ်လား"
ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း
"သူပါပဲ၊ ဆက်ဆံရေး ကောင်းတယ်မကောင်းဘူးလည်း မရှိပါဘူး၊ ကျွန်မတို့ချင်းက အဝင်အထွက် သိပ်မရှိကြတာပါ"
"ဒါဆို သူက ဘာလို့..."
ချန်ချင်းယွီ ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်၏။
"သူက အရှေ့မြောက်ပိုင်းဘက်ကို တစ်ခေါက်သွားမလို့လေ၊ အဲဒါနဲ့ ကျွန်မအတွက် ပစ္စည်းအချို့ ဝယ်ပေးဖို့ မှာလိုက်တာ"
ထိုအကြောင်းကို ကြားလျှင် အဘွားကြီးရှီမှာ စပ်စုလိုစိတ် မရှိတော့ချေ။
ချန်ချင်းယွီတို့ မိသားစုသည် အခွံမာသီး ခြောက်တောက်တောက်များကို ဝယ်ယူစားသုံးရန် အလွန်ဝါသနာပါကြပြီး ၎င်းပစ္စည်းများကို ချိုက်မင်မင်မှတစ်ဆင့် အကြိမ်ပေါင်းများစွာ ဝယ်ယူဖူးသည်သာ..။
"ညည်းတို့အိမ်က ဒါမျိုးတွေ ဝယ်ရတာကို တကယ် ဝါသနာပါတာပဲ"
ချန်ချင်းယွီ ပြုံးလိုက်ရင်း
"ဟုတ်တယ် ကျွမ်မတို့အိမ်က သစ်ကြားသီးတို့၊ ဗာဒံစေ့တို့လို အရာတွေကို စားရတာ ကြိုက်ကြတယ်လေ"
ချန်ချင်းယွီသည် ဤအရာများတွင် အာဟာရဓာတ် များစွာပါဝင်သဖြင့် အနည်းငယ် စားသုံးပေးခြင်းမှာကောင်းမွန်သည်ဟု ယူဆသောကြောင့် မည်သည့်အခါမျှ ဖုံးကွယ်ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိသည်။
အဘွားကြီးရှီ : "အဲဒီပိုက်ဆံနဲ့ အသားဝယ်စားရင် ဘယ်လောက်တောင် ကောင်းမလဲ"
ဤအရာများသည် အသားလောက် စားမကောင်းသည်မှာ အမှန်ပင် ဖြစ်၏။
ချန်ချင်းယွီ ပခုံးတွန့်ပြရင်း ရယ်မောကာ
"အကုန်လုံး ဝယ်စားလိုက်တာပေါ့ ဒေါ်လေးရဲ့"
ရှီကျန့်ရှန်း :”…”
'ပိုက်ဆံရှိတဲ့သူတွေက တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲ'
အမှန်တကယ်တွင် ရှီကျန့်ရှန်းတို့ မိသားစု၏ အခြေအနေမှာလည်း အတော်လေး ကောင်းမွန်လှပေသည်။ သူမ၏ အမျိုးသားသည် အိမ်ရာဝင်းအတွင်း ရှားရှားပါးပါးရှိသည့် အဆင့် ၈ ကျွမ်းကျင်လုပ်သား
ဖြစ်သဖြင့် အလုပ်သမား လူတန်းစားအဖြစ် အလွန်ဂုဏ်ယူစရာကောင်းလှ၏။ သူ၏ လစာငွေသည် ရုံးခန်းတွင် ထိုင်ရသော ယွမ်ဟောက်မင်ထက် များစွာ ပိုမိုရရှိသော်လည်း ၎င်းတို့မိသားစု၏ နေထိုင်မှုပုံစံမှာမူ နည်းနည်းမျှ ကြွားဝါခြင်းမရှိကာ၊ အဘိုးအိုနှင့် အဘွားအိုနှစ်ဦးစလုံးသည် တစ်ပတ်လျှင် အသားတစ်ကြိမ်သာ ဝယ်စားလေ့ရှိသည်။
ပိုက်ဆံများကို စုဆောင်းထားမှသာ နောင်တွင် အိုမင်းလာမည့် ဘဝအတွက် အားကိုးရမည် မဟုတ်လော့။
သူမသည် ခေါင်းကို ခါယမ်းရင်း ချန်ချင်းယွီ၏ နေထိုင်မှုပုံစံကို သဘောမတူနိုင် ဖြစ်နေမိ၏။
သို့သော် သူမသည် စကားအများကြီး မဟရဲသဖြင့် လှည့်ပြန်ကာ အိမ်သို့ ဝင်သွားတော့သည်။ ညနေစောင်းတွင် ရွှီကောင်းမင် ပြန်လာသောအခါ သူမ ပြောပြကာ ပြစ်တင်စကားဆိုလိုက်၏။
"ဒီမိသားစုကတော့ ပိုက်ဆံကို သုံးဖို့ပဲ သိတယ်၊ နည်းနည်းလေးမှ စုဆောင်းရကောင်းမှန်း မသိဘူး။ နောင်ကျရင် အိုမင်းလာတဲ့အခါ ဘယ်လိုလုပ်မလဲဆိုတာကိုလည်း ထည့်မတွက်ကြဘူး၊ တကယ့်ကို အရူးအလုပ်တွေ လုပ်နေတာ။ ဘဝကို တကယ် ဖြတ်သန်းရကောင်းမှန်း မသိတဲ့သူတွေပဲ"
ရွှီကောင်းမင် မျက်နှာသစ်ရင်း
"မင်းက သူတို့ကိစ္စကို ဘာလို့ လိုက်ပူနေတာလဲ၊ လွှတ်ထားလိုက်ပါ"
ရှီကျန့်ရှန်း : "ကျွန်မက ဘယ်လိုလုပ်ပြီး သွားပြောရဲမှာလဲ။ သူတို့မိသားစုကို သွားပြီး ဘယ်သူက အပြစ်လုပ်ဝံ့ပါ့မလဲ။ အဘွားကြီးကျောက်သာ စိတ်ဆိုးရင် ကျွန်မရဲ့ ဆံပင်တွေကို အကုန်ဆွဲနုတ်ပစ်လိမ့်မယ်။ အဘွားကြီးဟွမ်တောင် အခု ကတုံးဖြစ်သွားပြီလေ။ အော်... ဒါနဲ့၊ အဘွားကြီးဟွမ်က ထောင်ထဲရောက်သွားပြီဆိုတော့ အပြစ်ဒဏ် အရေးယူခံရမှာလားဟင်"
ရွှီကောင်းမင် : "သေချာပေါက် အရေးယူခံရမှာပေါ့။ သူက ဖောက်ပြန်တဲ့အမှုကို ကျူးလွန်ခဲ့တာလေ၊ တိရစ္ဆာန်ဆေး ရောင်းတဲ့လူတောင် အဖမ်းခံလိုက်ရပြီပဲ။ ပြီးတော့ ယွမ်ဟောက်မင်ကိုယ်တိုင်ကလည်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ အခိုင်အမာ တောင်းဆိုထားတာ။ မင်းမေ့သွားပြီလား... အရင်တုန်းက ရှေ့အိမ်ရာဝင်းက ဝမ်
ကျန့်ကော်ကို ချဲမိသားစု ညီအစ်ကိုတွေက ရိုက်နှက်တုန်းကလည်း ပြင်းပြင်းထန်ထန် အရေးယူဖို့ တောင်းဆိုခဲ့လို့ သာမန် ရန်ပွဲလေးကိုတင် သုံးလတိတိ ထောင်ဒဏ် ချမှတ်ခဲ့တာလေ။ ဒါကိုကြည့်ရင် နစ်နာသူရဲ့ သဘောထားက အလွန်အရေးကြီးတယ်ဆိုတာ ထင်ရှားတာပဲ။ ယွမ်ဟောက်မင်က အဘွားကြီးတစ်ယောက်နဲ့ မှားယွင်းခဲ့ရရုံတင်မကဘဲ အမျိုးသားအင်္ဂါပါ ပျက်စီးသွားခဲ့ရတာဆိုတော့ သူက ဘယ်လိုလုပ်ပြီး ဒီအတိုင်း လွှတ်ထားပါ့မလဲ။ အကောင်းကြီးရှိနေတဲ့ ယောကျာ်းတစ်ယောက်က ချက်ချင်းပဲ ယောကျာ်းမပီသတော့တဲ့ အခြေအနေကို ရောက်သွားရတာ၊ ဘယ်သူပဲဖြစ်ဖြစ် ဒီစိတ်ဒဏ်ရာကို အလွယ်တကူ ကုစားနိုင်ပါ့မလဲ"
"သူလည်း တကယ် ကံဆိုးတာပဲ"
ဤအချိန်တွင် ရှီကျန့်ရှန်းသည် မိမိ၏ အမျိုးသား၌ ဤကဲ့သို့သော ကိစ္စမျိုး မကြုံတွေ့ရသည်ကို အလွန်ပင် ဝမ်းမြောက်မိ၏။ မဟုတ်လျှင် သူမ မည်သို့လုပ်ရပါမည်နည်း။
ဤယောကျာ်းသည် အသက်ကြီးသွားပြီ ဖြစ်သော်လည်း လုံးဝသုံးမရတော့သည့် အခြေအနေထက်စာလျှင် များစွာ တော်သေးသည်သာ။
ဘာပဲဖြစ်ဖြစ် ဤဖြစ်ရပ်နှင့် ပတ်သက်၍ အိမ်ရာဝင်းအတွင်းရှိ လူတိုင်း ယွမ်ဟောက်မင်အပေါ် အလွန်ပင် ကရုဏာသက်နေကြသည်။
သူ့ဘာသာသူ စတုတ္ထအိမ်ရာဝင်းသို့ သွားခဲ့ခြင်းဖြစ်သော်လည်း ကံဆိုးသွားခဲ့သည်မှာလည်း အမှန်ပင် ဖြစ်၏။
ရှီကျန့်ရှန်း : "ဒီအဘွားကြီးဟွမ်ကလည်း တကယ့်ကို အရူးပဲ။ သူတစ်ပါးကို ကြံစည်ဖို့ လုပ်ရင်းနဲ့ မိမိကိုယ်မိမိ ပြန်ပြီး ဒုက္ခပေးလိုက်တာပဲ။ ဒီလောက်အထိ အသုံးမကျတဲ့သူမျိုး ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ မသိဘူး"
ယခုအခါတွင်မူ အဘွားကြီးဟွမ်
တစ်ယောက် ကိုယ်ဘာ့သာကိုယ် မတော်တဆ ပေါက်စီထဲသို့ ဆေးရည်များ ရောစပ်မိသွားခြင်းကြောင့် ဤကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားလာရခြင်း ဖြစ်သည်ဟု လူတိုင်း အကျိုးအကြောင်းသင့် တွေးတောနေကြသည်။
အဘွားကြီးဟွမ်ကိုယ်တိုင်ပင်လျှင် မိမိကိုယ်မိမိ အမြဲတမ်း သတိဝီရိယရှိရှိ လုပ်ဆောင်ခဲ့ပါသည်ဟု အသေအချာ မပြောရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် မိမိတို့အိမ်သို့ မည်သူမျှ မလာခဲ့ကြသည့်အပြင် ဆေးထုတ်မှာလည်း သူမ၏ အိတ်ထဲတွင်သာ ရှိနေခဲ့သောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ အဘွားကြီးဟွမ်ကိုယ်တိုင်ပင် ၎င်းမှာ မိမိ၏ ပေါ့ဆမှုကြောင့်သာ ဖြစ်ရမည်ဟု ယူဆနေတော့၏။
အိမ်နီးနားချင်းများလည်း ထိုသို့ပင် ထင်မှတ်ကြသဖြင့် လူတိုင်း ပြောစရာစကား မဲ့သွားကြရသည်။
ရှီကျန့်ရှန်း တစီစီနှင့် မနားတမ်း ပြောဆိုနေစဉ်...
ရွှီကောင်းမင် ခေါင်းမော့ကာ မှာကြားလိုက်သည်။
"နောင်ကျရင် မင်း အဘွားကြီးကျောက်နဲ့ သူမရဲ့ ချွေးမအပေါ်ကို ပိုပြီးတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ"
ရှီကျန့်ရှန်း : "ကျွန်မက မယဉ်ကျေးလို့လား။ ဒီနှစ်တွေအတွင်းမှာ သူတို့မိသားစုကို ကျွန်မ ဘယ်တုန်းကမှ သွားပြီး အပြစ်မလုပ်ရဲပါဘူး"
ရွှီကောင်းမင် : "မင်း သူတို့မိသားစုကို သွားပြီး အပြစ်မလုပ်တာက အမှန်ကန်ဆုံးပဲ။ သူတို့မိသားစုကို အပြစ်လုပ်ခဲ့တဲ့သူတွေရဲ့ အဆုံးသတ်က ဘယ်လိုရှိလဲဆိုတာ မင်း ကြည့်လိုက်ဦး။ မင်း မမေ့နဲ့ဦး... အဘွားကြီးဟွမ်တို့ သားအမိက ကနဦးမှာ မုဆိုးမလေးကို ကြံစည်ဖို့ လုပ်ခဲ့တာလေ၊ ရလဒ်ကတော့... ရလဒ်အနေနဲ့ ဘယ်သူက ဒုက္ခရောက်သွားလဲဆိုတာ မင်း မြင်တဲ့အတိုင်းပဲ"
ရှီကျန့်ရှန်း၏ မျက်နှာအမူအရာ ချက်ချင်းပင် ပျက်သွားတော့သည်။
၎င်းမှာ အမှန်ပင် ဖြစ်၏။ ဒဏ်ရာရရှိခဲ့သူမှာ ယွမ်ဟောက်မင် ဖြစ်သော်လည်း မူလအစတွင် ၎င်းတို့ ကြံစည်ရန် ကြိုးစားခဲ့သူမှာ ချန်ချင်းယွီ ဖြစ်ပြီး နောက်ဆုံးတွင် မိမိတို့ဘာသာ ကံဆိုးမိုးမှောင်ကျကာ ဒုက္ခရောက်သွားခဲ့ကြရခြင်း ဖြစ်ပေသည်။
ရှီကျန့်ရှန်းသည် လက်နှစ်ဖက်ကို ပူးယှက်ကာ ဘုရားစာတိုးတိုးရွတ်ရင်း တိုးတိုးလေး ကသုတ်ကရုတ်ဆုတောင်းနေ၏။
"ကျွန်မတို့အိမ်ကိုတော့ လာမရှာပါနဲ့၊ သရဲပဲဖြစ်ဖြစ် ကျွန်မတို့အိမ်ကိုတော့ လာမခြောက်ပါနဲ့နော်။ ကျွန်မတို့အိမ်က အခုဆိုရင် အိမ်ရာဝင်းထဲမှာ အလိမ္မာဆုံးနဲ့ အလိုက်အသိဆုံးပဲဥစ္စာ။ တကယ်ပါ... ကျွန်မတို့ဆီတော့ မလာပါနဲ့..."
ရွှီကောင်းမင် : "ဒီလိုလုပ်... တနင်္ဂနွေကျရင် ငါတို့ မြို့ပြင်ကိုသွားပြီး ဘုရားဖူး ယတြာချေကြရအောင်"
မြို့ပြင်တောင်ပေါ်တွင် ဘုရားကျောင်းတစ်ကျောင်း ရှိသည်ကို သူ မှတ်မိနေသည်။
ရှီကျန့်ရှန်း ချက်ချင်း ခေါင်းညိတ်ထောက်ခံရင်း
"ကောင်းသားပဲ၊ တကယ်ကောင်းတယ်၊ ဒီကိစ္စကြီးက တွေးကြည့်ရင်တောင် တုန်လှုပ်စရာကြီး"
"ငါတို့တွေ ဒါမျိုးတွေကို သွားပြီး မပတ်သက်တာ အကောင်းဆုံးပဲ၊ မခံနိုင်ဘူး"
"ဟုတ်ကဲ့ပါရှင်။"
၎င်းတို့မိသားစုသည် အယူသီးလွန်းသူများ ဖြစ်ကြသော်လည်း ဤသို့ အယူသီးလွန်းခြင်းကြောင့်ပင် တစ်ဖက်တွင် အလွန်ငြိမ်ဝပ်ပုန်းလျှိုးပြီး အေးအေးဆေးဆေး နေတတ်ကြသည်။ သို့ဖြစ်ရာ မုဆိုးမလေးတို့ မိသားစုနှင့် ယခင် အာဃာတအချို့ ရှိခဲ့ဖူးသော်လည်း ဤနှစ်များအတွင်း၌ ထိုအငြိုးအတေးများ လျော့ပါးသွားခဲ့ပြီး အပြင်ပန်းတွင်မူ သင့်မြတ်သောအခြေအနေ ရှိနေကြ၏။
ရွှီကောင်းမင် : "ဘုရားများများဖူးတာ မမှားပါဘူး၊ ချန်ချင်းယွီက တကယ်ကို ထူးဆန်းလွန်းတယ်။ ငါတို့တွေ ကိုယ့်ဘာသာကိုယ် ပြဿနာ သွားမရှာတာ အကောင်းဆုံးပဲ"
ရှီကျန့်ရှန်းမှာ ငိုတော့မည့်မျက်နှာဖြင့်
"ကျွန်မက ဘယ်လိုလုပ်ပြီး သွားလုပ်ရဲမှာလဲ။ အဲဒီသရဲက သူမရဲ့ယောကျာ်းလား၊ သူမရဲ့အမေလား ဘယ်သူသိမှာလဲ။ ဘာပဲဖြစ်ဖြစ် ရိုရိုသေသေ နေတာပဲ ကောင်းပါတယ်"
"ဒါကတော့ သေချာပေါက် လုပ်ရမယ့်အလုပ်ပဲ။"
မီးဖိုချောင်တွင် မတ်တပ်ရပ်နေသော ရွှီမိသားစုမှ သားအငယ်ဆုံးလေးသည် ဤစကားများကို ကြားလိုက်ရသဖြင့် လည်ပင်းကို ကျုံ့လျက် အခန်းထဲသို့ ပြန်ဝင်ကာ တိုးတိုးလေး ညည်းတွားလိုက်၏။
"မိန်းမရေ... ငါ့အဖေနဲ့ အမေကတော့ အယူသီးတဲ့ ကိစ္စတွေကို ပြန်စနေကြပြန်ပြီ။"
သူ့ဇနီးမှာလည်း ပြောလိုက်ကာ
"ယောက္ခမတွေ ပြောတာလည်း အကြောင်းရှိလို့ပေါ့၊ ငါတို့လည်း ပြဿနာ သွားမရှာတာ အကောင်းဆုံးပဲ"
"ဒါလည်း ဟုတ်တာပဲလေ။"
အိမ်ရာဝင်းတစ်ခုလုံးရှိ လင်မယားအငယ်များထဲတွင် သူတို့စုံတွဲမှာ လူရာမဝင်ဆုံးနှင့် အေးအေးဆေးဆေး အရှိဆုံး ဖြစ်ကြသည်။
ချန်ချင်းယွီမှာမူ ထိုမိသားစု မိမိဘာသာ စိတ်ကူးယဉ်ကာ ကြောက်ရွံ့နေကြသည်ကို မသိရှိသေးချေ။ သိရှိခဲ့လျှင်ပင် သူမအနေဖြင့် အရေးတယူ လုပ်နေမည်မဟုတ်ဘဲ အကောင်းဘက်မှပင် မြင်မိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသာ ရွှီကောင်းမင်တို့ လင်မယားကဲ့သို့ ယဉ်ယဉ်ကျေးကျေးနှင့် အေးအေးဆေးဆေး နေကြမည်ဆိုလျှင် ပြဿနာများ ဤမျှ ပေါ်ပေါက်လာစရာ အကြောင်းမရှိ၍ပင်။
ပွဲကြည့်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသော်လည်း မိမိမိသားစုနှင့် လာရောက်ပတ်သက်လျှင်မူ စိတ်ပျက်စရာ ကောင်းလှပေသည်။
ယခုတစ်ကြိမ် ဖြစ်ရပ်တွင် လူတိုင်း ချန်ချင်းယွီတို့ မိသားစုကို အာရုံမစိုက်ကြချေ။ သူတို့သည် အဓိကအချက် မဟုတ်ဘဲ အဓိက ဆွေးနွေးစရာ ဖြစ်နေသည်မှာ ယွမ်မိသားစုနှင့် ကျန်းမိသားစုတို့သာ ဖြစ်၏။ ၎င်းတို့မှာ တစ်ရပ်ကွက်လုံးတွင် နာမည်ကြီးသွားခဲ့ရလေပြီ…
ပြောရလျှင် ကျန်းမိသားစုတွင် ပြဿနာများ ပိုမိုများပြားသော်လည်း အဘိုးကြီးကျန်းမှာ အသက်ကြီးပြီး မျက်နှာပြောင်
တတ်သူဖြစ်ကာ၊ ကျန်းရှင်းဖှသည်လည်း ဆေးရုံတွင် လဲလျောင်းနေဆဲ ဖြစ်၏။ ကျန်းမုန့်မုန့်မှာလည်း မည်သည့်အရာကိုမျှ စိတ်ထဲထည့်ထားသူ မဟုတ်သဖြင့် ကျန်းမိသားစုအပေါ် ထိခိုက်မှု များစွာမရှိချေ။ အဓိက ခံစားနေရသည်မှာ ယွမ်မိသားစုသာ ဖြစ်သည်။
ကွမ်ထင်းထင်းသည် လူအများ၏ ထူးဆန်းသော မျက်ဝန်းများကို မခံမရပ်နိုင်ဖြစ်သဖြင့် မိဘအိမ်သို့ ပြန်လည်နေထိုင်နေခဲ့ရ၏။
ဟောက်ရွှယ်နှင့် ဟောက်ယွဲ့တို့ ညီအစ်မနှစ်ဦးစလုံးသည်လည်း အလွန်ပင် စိတ်မချမ်းမြေ့ ဖြစ်နေကြသည်။
ဤကဲ့သို့သော ကိစ္စရပ်များကြောင့် အထိခိုက်ဆုံးမှာ ၎င်းတို့နှစ်ဦးကဲ့သို့သော မိန်းကလေးပျိုများသာ ဖြစ်၏။ မိမိတို့၏ အဖေအရင်းမှာ နစ်နာသူဖြစ်သော်လည်း ဤကိစ္စကြီးမှာ တကယ်ကို သိက္ခာကျစရာ ကောင်းလွန်းလှသည်။ အမေဖြစ်သူသည်လည်း ဤအမှုကြောင့် ထောင်ကျသွားခဲ့ရပြီး အဖေဖြစ်သူမှာ နစ်နာသူဖြစ်သော်လည်း ဤကဲ့သို့သော အရှုပ်အထုပ်ထဲတွင် ပါဝင်ပတ်သက်နေသဖြင့် သာမန် သိက္ခာရှိသော မိသားစုများဆိုလျှင် ၎င်းတို့အား အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ကြတော့မည် မဟုတ်ချေ။
ညီအစ်မနှစ်ဦးစလုံး၊ အထူးသဖြင့် ဟောက်ယွဲ့သည် အလွန်ပင် စိတ်ဓာတ်ကျနေခဲ့ရ၏။
သူမသည် ကျောင်းပြီးသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သော်လည်း အလုပ်အကိုင် အတည်တကျမရှိဘဲ ကြုံရာကျပန်း အလုပ်များကိုသာ လုပ်ကိုင်နေရသည်။ ထို့ပြင် အိမ်တွင်းရေး ပြဿနာများကြောင့် အပြင်တွင် သူတစ်ပါး၏ လှောင်ပြောင် သရော်ခြင်းကို ခံရသဖြင့် ဟောက်ယွဲ့သည် ရက်ပိုင်းအတွင်း အကြိမ်ပေါင်းများစွာ ငိုကြွေးခဲ့ရပြီး ဖြစ်၏။
ညနေစောင်းအချိန်တွင် အိမ်တိုင်းစေ့ မီးဖိုချောင်၌ ဟင်းချက်သံများဖြင့် စည်ကားနေသော်လည်း ၎င်းတို့အိမ်ကလေးမှာမူ တိတ်ဆိတ်ခြောက်ကပ်နေတော့သည်။
ဟောက်ရွှယ် အလုပ်မှ ပြန်လာသောအခါ ဟောက်ယွဲ့သည် ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေပြီး အိမ်တွင်လည်း ထမင်းဟင်း ချက်ပြုတ်ထားခြင်း မရှိသည်ကို တွေ့လိုက်ရ၏။ သူမသည် မျက်မှောင်ကုတ်ရင်း ငေါက်ငမ်းလိုက်လေသည်။
"ဟောက်ယွဲ့... နင် ဘာလို့ ထမင်းမချက်တာလဲ။ အိမ်မှာ နင်တစ်ယောက်ပဲ အလုပ်မသွားတာလေ။ ဒီလို အိမ်မှုကိစ္စတွေကို နင်ကပဲ တာဝန်ယူရမှာပေါ့။ နင် ဒီလို ပျင်းရိအချောင်ခိုနေရင် နောင်ကျရင် ဘယ်လိုလုပ်ပြီး လင်ရမှာလဲ"
ဟောက်ယွဲ့မှာ မကြားချင်ယောင်ဆောင်ကာ ပြန်၍ပင် မကြည့်ချေ။
"ငါ စကားပြောနေတာ ကြားလား။"
ဟောက်ယွဲ့သည် ရုတ်တရက် ကုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်ပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
"အော်မနေနဲ့၊ နားငြီးစရာကြီး။ နင်ဘာသာနင် ဘာလို့မလုပ်တာလဲ၊ ငါက ဘာလို့ အိမ်မှုကိစ္စတွေ လုပ်နေရမှာလဲ။ နင် ငါ့ကို ပိုက်ဆံတစ်ပြား ပေးဖူးလို့လား။ နင်ပဲ အလုပ်လုပ်ပြီး ငါက အလုပ်မလုပ်ဘူးလား။ ငါ အပြင်မှာ ကြုံရာကျပန်းအလုပ်တွေ သွားလုပ်နေတာက အလုပ်မဟုတ်ဘူးလား"
ဟောက်ရွှယ်သည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကာ
"နင် ငါ့ကို ဘယ်လို စကားပြောလိုက်တာလဲ၊ ငါက နင်ရဲ့ အစ်မနော်။ နင် ဒါတွေ ဘယ်သူ့ဆီက သင်လာတာလဲ၊ ဘာလို့ ဒီလောက်အထိ ရိုင်းစိုင်းသွားရတာလဲ"
"ငါ ဘာဖြစ်လို့လဲ။ ငါ အလုပ်မလုပ်တာနဲ့ နင်က မကျေမနပ် ဖြစ်ရတာလား။ နင်က ဘာလို့ ဒီလောက်အထိ လိုက်ချုပ်ချယ်နေတာလဲ။ ငါ့ကို ပြောဖို့ နင်မှာ ဘာအခွင့်အရေးရှိလို့လဲ"
"ငါက နင်ရဲ့ အစ်မလေ။ ငါက နင်ကို ဒုက္ခရောက်အောင် လုပ်မှာမို့လို့လား။ နင်လုပ်နေတဲ့ ကြုံရာကျပန်းအလုပ်က ဘာအလုပ်မို့လို့လဲ၊ အိမ်မှာ နင်ကို အငတ်ထားလို့လား။ ငါက တစ်နေ့လုံး အလုပ်လုပ်ရလို့ မောပန်းလာတာကို အိမ်ပြန်ရောက်တဲ့အခါ မီးဖိုချောင်က အေးစက်နေတာလေ… နင်က တာဝန်မကျေဘူးလို့ မဆိုနိုင်ဘူးလား။ နင်က အိမ်အတွက် စရိတ်လည်း မထည့်ဘူး၊ အိမ်မှုကိစ္စလည်း မလုပ်ဘူး၊ တကယ်ကို တစ်ကိုယ်ကောင်းဆန်တာပဲ..."
အကယ်၍ ယခင်ဆိုလျှင် ဟောက်ရွှယ်သည် ဤကဲ့သို့သော စကားမျိုးကို လုံးဝပြောမည်မဟုတ်သော်လည်း ဤတစ်နှစ်၊ နှစ်နှစ်အတွင်း အိမ်တွင် ပြဿနာများလွန်းသဖြင့် သူမ၏ စိတ်အခြေအနေမှာလည်း အဆိုးဘက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
"တော်စမ်း... နင် ပါးစပ်ပိတ်ထားလိုက်"
ဟောက်ယွဲ့ အော်ဟစ်ကာ ဒေါသပေါက်ကွဲတော့၏။
သူမသည် အိမ်တွင် လူရာမဝင်ဆုံး ဖြစ်ခဲ့ရသဖြင့် ယခုအခါတွင်မူ အဆုတ်ကွဲမတတ် အော်ဟစ်ကာ
"နင်က အစ်မကောင်းယောင် ဆောင်မနေနဲ့။ နင် အလုပ်လုပ်တာ နှစ်ပေါင်းများစွာ ရှိပြီ၊ ငါ့အတွက် ပိုက်ဆံတစ်ပြား သုံးပေးဖူးလို့လား။ နင်က လူကောင်းယောင် ဆောင်မနေပါနဲ့၊ ငါတို့အမေ အခုလို ထောင်ကျသွားတာ နင်ကြောင့် မဟုတ်ဘူးလား"
"နင်... နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ဘာလို့ အဲဒီလို ပြောရတာလဲ။"
ဟောက်ယွဲ့ : "ငါ မပြောလို့ ဘယ်လိုပြောရမှာလဲ။ ငါ ဘာမှမသိဘူးလို့ နင်ထင်နေတာလား။ အမေက နင့်ကို အဲဒီ ဒုတိယစက်ရုံမှူးဟယ်နဲ့ အဆင်ပြေအောင် ကူညီပေးဖို့အတွက် ချန်ရိကျွင်းဆိုတဲ့ လူဆီ သွားပြီး အကူအညီတောင်းရာကနေ ပြဿနာတွေ တက်ကုန်တာ မဟုတ်ဘူးလား။ အကယ်၍ နင့်အတွက်သာ မဟုတ်ရင် ငါတို့မိသားစုက အေးအေးဆေးဆေး ရှိနေမှာ၊ အမေလည်း အိမ်မှာ ကောင်းကောင်းမွန်မွန် ရှိနေမှာပဲ။ ဒါတွေအားလုံးက နင့်ကြောင့် ဖြစ်ရတာ။ နင့်ကြောင့် အမေ ထောင်ကျခဲ့ရတယ်။ ထောင်ဒဏ် လျှော့ပေါ့ဖို့အတွက် အမေက ဟိုလူ့ကိုတိုင်၊ ဒီလူ့ကိုတိုင် လုပ်ခဲ့လို့ အိမ်ရာဝင်းထဲက လူတွေရဲ့ အမုန်းကို ခံခဲ့ရတာ။ ငါ့တို့အဖေ ပြီးခဲ့တဲ့နှစ်က မစင်တွင်းထဲကို ဘယ်နှစ်ကြိမ် အတွန်းချခံခဲ့ရလဲ နင်သိလား။ ဒါတွေအားလုံးက နင့်ရဲ့ အပြစ်တွေပဲ။ အားလုံးက နင့်အတွက် လုပ်ပေးခဲ့ကြတာ။ နင်က နိမိတ်မကောင်းတဲ့ စုန်းမပဲ၊ နင်က ငါတို့မိသားစုကို ဖျက်ဆီးခဲ့တာ။ နင် ထင်မနေနဲ့ ငါ ဘာမှမသိဘူးလို့၊ အစ်ကိုကြီးက အဲဒီအဘွားကြီးနဲ့ ဖြစ်ခဲ့တာလည်း နင့်ကို အလုပ်အကိုင် အတည်တကျ ဖြစ်စေချင်လို့ မဟုတ်ဘူးလား။ လူတိုင်းက နင့်ကိုပဲ ဗဟိုပြုပြီး လည်ပတ်နေခဲ့ကြတာ။ နင်က အကျိုးကျေးဇူးတွေ အများကြီး ခံစားခဲ့ရပြီးမှ ဘာလို့ အပြစ်ကင်းစင်သူယောင် ဆောင်နေရတာလဲ။ နင်က ဘာလို့ ငါ့ကို လာပြောနေရတာလဲ။ ငါကကော ဘာရခဲ့လို့လဲ။ ငါ အထက်တန်းအောင်ပြီးတာတောင် အလုပ်တစ်ခု မရှိဘူး၊ နင်တို့ ငါ့ကို ပိုက်ဆံတစ်ပြား ပေးဖူးလို့လား။ ငါ့ဘာသာငါ ရှာစားပြီး အိမ်မှုကိစ္စတွေကိုပါ လုပ်ပေးရဦးမှာလား။ နင်ရဲ့ လက်ခြေတွေက သေနေလို့လား၊ ကိုယ့်ဘာသာကိုယ် မလုပ်တတ်ဘူးလား"
သူမ၏ ရင်ထဲရှိ မကျေနပ်ချက်များကို တစ်ချက်တည်းနှင့် အကုန်အန်ထုတ်လိုက်တော့သည်။
ဟောက်ရွှယ်မှာ ဆွံ့အသွားကာ
"နင်... နင်... ဒီကောင်မစုတ်"
"တောက်... နင် ငါ့ကို လာမပြောနဲ့၊ နင်ကိုယ်တိုင်က ပိုပြီးတော့ အရှက်မရှိတာ။"
ချန်ချင်းယွီနှင့် အိမ်နီးနားချင်းများသည် နောက်ဖေးပြတင်းပေါက်မှနေ၍ ဤပွဲကြီးကို စိတ်ဝင်တစား ချောင်းမြောင်းကြည့်ရှုနေကြပြီး အချို့လူများမှာလည်း အနီးသို့ တဖြည်းဖြည်း တိုးကပ်လာကြ၏။
ဟောက်ယွဲ့ ဆက်လက်၍ ဒေါသတကြီးဆဲဆိုကာ
"သူတို့အားလုံးက နင့်အတွက် လုပ်ပေးခဲ့ကြတာ၊ ငါက ဘာရခဲ့လို့လဲ။ ငါ ဘာမှမရခဲ့ဘူး… နောင်ကျရင် ငါ့ကို ဟိုဟာလုပ်ခိုင်း၊ ဒီဟာလုပ်ခိုင်း လာမလုပ်နဲ့၊ နင်မှာ အဲဒီလို ခိုင်းပိုင်ခွင့်မရှိဘူး"
"နင်က နိမိတ်မကောင်းတဲ့ အိမ်ဖျက်မပဲ။ သူတစ်ပါးကိုပဲ ကိုယ့်အတွက် ပေးဆပ်ခိုင်းတတ်တဲ့ တကယ့်ကို ကိုယ်ကျိုးရှာသမား"
ဟောက်ရွှယ်သည် သူမ၏ညီမငယ်ဖြစ်သူ သူမအပေါ် ဤမျှအထိ မကျေနပ်ချက်များစွာ ရှိနေလိမ့်မည်ဟု အမှန်တကယ် ထင်မှတ်မထားခဲ့သဖြင့် အလွန်အမင်း ဒေါသထွက်သွားကာ အော်ဟစ်ပြောဆိုလိုက်သည်။
"ဒီအိမ်မှာ စားတာသောက်တာ သုံးတာစွဲတာတွေ... ဘယ်အရာက ငါတို့ဝယ်ထားတာ မဟုတ်လို့လဲ။ နင် ပိုက်ဆံတစ်ပြား စိုက်ထုတ်ဖူးလို့လား။ အခုကျမှ ငါ့ကို လာပြီး အပြစ်တင်နေတာလား။ အခုအချိန်မှာ အလုပ်ရှာမရတာက ငါတို့အပြစ်မို့လို့လား။ ကျေးလက်ကနေ မြို့ပြန်လာကြတဲ့ ပညာတတ်လူငယ်တွေ ဒီလောက်တောင် များပြားနေတာ၊ အလုပ်ရှာရခက်တာကိုပါ နင်က ငါ့ခေါင်းပေါ် လာပုံချရဦးမှာလား"
"ငါက နင့်ကို အပြစ်တင်နေတာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့ကို အိမ်ဖော်တစ်ယောက်လိုမျိုး ခိုင်းဖို့တော့ လုံးဝမစဉ်းစားနဲ့။ ပြီးတော့ နင်တို့ဝယ်တာလို့လည်း လာမပြောနဲ့၊ ဒါတွေက အဖေ့ရဲ့လစာနဲ့ ဝယ်ထားတာ။ နင်အိမ်အတွက် ထည့်တဲ့စရိတ်ကလည်း ဘယ်လောက်ရှိလို့လဲ။ နင်ကိုယ်တိုင်လည်း စားသောက်နေတာပဲဥစ္စာ။ ငါက နင့်ရဲ့ပိုက်ဆံကို သုံးနေတာ မဟုတ်ဘူး။"
ဟောက်ယွဲ့ မလျှော့တမ်း ရင်ဆိုင်ရင်း ပြန်ပက်လိုက်၏။
"နင်က တစ်လကို ဆယ်ယွမ်ပဲ အိမ်စရိတ်ထည့်ပြီးတော့ ငါ့ကို ကျွေးမွေးစောင့်ရှောက်နေတယ်လို့ ထင်နေတာလား။ နင် ကိုယ်တိုင်ကော မစားမသောက်ဘူးလား"
ဟောက်ရွှယ်မှာမူ ဒေါသတကြီးဖြင့် တုန်ရင်နေကာ
"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီလေ။ ငါထည့်တဲ့ ဆယ်ယွမ်က မများဘူးပေါ့၊ ဒါဆို နင်ကကော ဘယ်လောက်ထည့်လို့လဲ။ လူအများပဲ ဝေဖန်ပေးကြပါဦး၊ ငါက နေ့လယ်စာကို အိမ်မှာ စားတာမဟုတ်ဘူးနော်၊ အဲဒီတော့ ဆယ်ယွမ်ထည့်တာ နည်းလို့လား"
ညီအစ်မနှစ်ဦးစလုံးမှာ မိမိတို့ဘက်မှ အမှန်တရားရှိသည်ဟု ယူဆကာ အပြန်အလှန် ငြင်းခုံနေကြတော့သည်။
ဟောက်ယွဲ့ : "ဒါဆိုရင်လည်း လူအများပဲ ဝေဖန်ပေးကြပါဦး။ သူက ဆယ်ယွမ်ပဲ ထည့်တာလေ၊ အဲဒီဆယ်ယွမ်ထဲကမှ ငါ့ခေါင်းပေါ်ကို ဘယ်လောက်များ ကျရောက်လာမှာမို့လို့လဲ။ ငါ့အဖေနဲ့အမေ နှစ်ယောက်စလုံး အလုပ်လုပ်ခဲ့ကြတုန်းက ငါက သူမရဲ့ပိုက်ဆံကို သုံးခဲ့ရတာမို့လို့လား"
အာ... ပွဲကြည့်နေကြသော လူအများမှာမူ ကြားရသည့် တစ်ဖက်စီတွင် အကြောင်းပြချက်ကိုယ်စီ ရှိနေကြသဖြင့် မည်သို့ဝေဖန်ရမည်ကို မသိတော့ချေ။ အမှန်တကယ်လည်း နှစ်ဦးစလုံး ပြောသည်မှာ ကျိုးကြောင်းဆီလျော်မှု ရှိနေသည်။
ဟောက်ရွှယ် ဆယ်ယွမ်ထည့်ရုံဖြင့် ဟောက်ယွဲ့ကိုပါ ကျွေးမွေးထားသည်ဆိုခြင်းကိုမူ မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။ လူအကို လာလိမ်နေသကဲ့သို့ပင်။
သို့သော် ဟောက်ရွှယ်ကိုယ်တိုင် စားသုံးသည့် စရိတ်စကမှာ ထိုဆယ်ယွမ်လုံး ကုန်သွားနိုင်သလောဆိုလျှင်လည်း မဖြစ်နိုင်ချေ။
အဘယ်ကြောင့်ဆိုသော် ဟောက်ရွှယ်သည် နေ့လယ်စာကို စက်ရုံထမင်းကျွေးဆောင်တွင် စားသောက်ပြီး ညနေပိုင်းတွင်လည်း အပြင်၌ မကြာခဏ စားလေ့ရှိရာ အိမ်တွင် တစ်နေ့လျှင် တစ်နပ် သို့မဟုတ် နှစ်နပ်၊ အဓိကအားဖြင့် နံနက်စာသာ စားလေ့ရှိသဖြင့် ထိုပိုက်ဆံအားလုံး ကုန်သွားစရာ အကြောင်းမရှိပေ။
ထို့ကြောင့် မည်သူက မှန်သည်၊ မှားသည်ဟု ဆုံးဖြတ်ရန် ခက်ခဲလှပေသည်။
ပတ်ဝန်းကျင်မှ လူအချို့မှာ ဝင်ရောက်ဖျန်ဖြေကြကာ
"ညည်းတို့က မိသားစုဝင်တွေပဲဟာ၊ ရန်မဖြစ်ကြပါနဲ့တော့။ ကြည့်စမ်း... ညီအစ်မအချင်းချင်း ဘာလို့ ဒီလိုတွေ ရန်ဖြစ်နေရတာလဲ။"
"ဟုတ်ပါရဲ့၊ အားလုံးက မိသားစုဝင်တွေပဲဥစ္စာ၊ ဒီလိုလုပ်ဖို့ မလိုပါဘူး။"
ဟောက်ယွဲ့ : "သူမက စပြီး ပြဿနာမရှာရင် ကျွန်မလည်း ရန်မဖြစ်ချင်ပါဘူး"
"ဟောက်ယွဲ့... ဒါကတော့ နင့်ရဲ့အမှားပဲ။ နင့်အစ်မက အလုပ်လုပ်ရတာနဲ့တင် ပင်ပန်းလှပြီ၊ နင့်အနေနဲ့ ဒီလိုမျိုး မလုပ်သင့်..."
ရှီရှောင်ဝေသည် မိမိ၏ အသည်းစွဲနတ်သမီးလေး ဟောက်ရွှယ်အတွက် ရင်နာရသဖြင့် ဟောက်ယွဲ့ကို မကျေမနပ်ကြည့်ကာ ဝင်ပြောလိုက်သည်။
"လစ်စမ်း။ နင်လို ဖားတဲ့ကောင်... ဒီနေရာမှာ နင်နဲ့ ဘာဆိုင်လို့လဲ၊ ဒါ ငါတို့အိမ်တွင်းရေးကိစ္စ၊ နင်က ဘာကောင်မို့လို့ ဝင်ပါတာလဲ။ နင့်ကိုယ်နင် ဘာကောင်လဲဆိုတာ ပြန်ကြည့်ဦး။ ယွမ်ဟောက်ရွှယ်က သူတစ်ပါးရဲ့ အငြင်းခံလိုက်ရရင်တောင်မှ နင့်ကို လှည့်မကြည့်ဘူးဆိုကတည်းက နင် ဘာကောင်လဲဆိုတာ သိသင့်ပြီ။ ဒီကြားထဲကမှ ဝင်ပါဦးမလို့လား၊ တကယ် ရယ်စရာကောင်းလှချည်လား…။ နင့်မှာ အလုပ်အကိုင် အတည်တကျရှိရုံနဲ့တင် လူတိုင်းက လိုချင်နေကြတဲ့ ရွှေအိုးကြီးလို့ ထင်နေတာလား။ နင်လို အူတူတူကောင်က မွေးလာမယ့် ကလေးလည်း အူတူတူပဲ ဖြစ်မှာ၊ ဘယ်သူကများ ဦးနှောက်မရှိလို့ နင့်ကို ယူမှာလဲ။ နင့်ကို ဘယ်သူမှ စိတ်မဝင်စားတာကို ဒီနေရာမှာ လာပြီး လူကောင်းလုပ်မနေနဲ့၊ နင်က ဘာကောင်မှ မဟုတ်ဘူး..."
ဟောက်ယွဲ့ ဒေါသတကြီး တုံ့ပြန်လိုက်တော့သည်။
"ဒီကောင်မစုတ်က ဘယ်လို စကားပြောလိုက်တာလဲ"
အစ်မကြီးဖန်သည် ဒေါသအိုးပေါက်ကွဲသွားကာ ရှေ့သို့တက်၍ ရိုက်နှက်ရန် ပြင်လိုက်၏။
ယွမ်ဟောက်ယွဲ့မှာလည်း ပြန်လည်စိန်ခေါ်ကာ
"ဘာလဲ... လူကြီးက ကလေးကို နိုင်ထက်စီးနင်း လုပ်မလို့လား။ ရှင်တို့သားအမိက အရင်ဆုံး သူတစ်ပါးကိစ္စကို လာပြီး စပ်စုတာ မဟုတ်ဘူးလား"
မာကျန့်ယီ ဝင်ရောက်တားဆီးရင်း
"ကဲ... တော်ကြပါတော့၊ မဆူကြနဲ့တော့။ အစ်မကြီးဖန်လည်း သတိထားဦးလေ၊ ဒါက ဘာလုပ်တာလဲ။ အသက်ကြီးပြီဖြစ်တဲ့သူက ကလေးနဲ့ မပြိုင်ပါနဲ့တော့။ ပြီးတော့ ဒါက သူတို့ရဲ့ အိမ်တွင်းရေးပဲဥစ္စာ၊ ညည်းတို့ကောင်လေး ရှောင်ဝေလည်း ဝင်မပါနဲ့တော့"
ဝင်ဖြန်ဖြေလိုက်ရာ သူ၏စကားမှာ အရာရောက်လှပေသည်။
အစ်မကြီးဖန်သည် နှာတစ်ချက် ပြင်းပြင်းမှုတ်လိုက်ပြီး ယွမ်မိသားစုမှ ညီအစ်မနှစ်ဦးကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်၏။
မာကျန့်ယီ : "ညည်းတို့ ညီအစ်မနှစ်ယောက်လည်း မရန်ဖြစ်ကြနဲ့တော့။ ကဲ... လူစုခွဲကြစို့၊ အကုန်လုံး ပြန်ကြပါတော့။ ဒါက ဘာကိစ္စကြီးမို့လို့လဲ"
၎င်းမှာ အိမ်ရာဝင်းကို မအုပ်ချုပ်ချင်တော့သော နေ့ရက်များထဲမှ နောက်ထပ်တစ်နေ့ပင် ဖြစ်တော့သည်။
ချန်ချင်းယွီသည် ပြတင်းပေါက်မှနေ၍ ပွဲကြီးကို စဆုံးကြည့်ရှုနေခဲ့ပြီး ယွမ်မိသားစုအတွင်းရှိ ဤပြဿနာမှာ ဤမျှနှင့် ပြီးဆုံးသွားလိမ့်မည် မဟုတ်ကြောင်း စိတ်ထဲမှ ကောင်းကောင်း သိနေသည်။
တစ်ဦးအပေါ်တစ်ဦး ဤမျှအထိ မကျေနပ်ချက်များ ရှိနေကြမှတော့ ဘဝမှာ မည်သို့ ချောမွေ့နိုင်မည်နည်း။
ပတ်ဝန်းကျင်ရှိ လူများလည်း တိုးတိုးတိတ်တိတ်ဖြင့်
"ဒီညီအစ်မနှစ်ယောက်ကတော့ တကယ်ပဲ..."
"ဟောက်ယွဲ့က သူမရဲ့အစ်မအပေါ်ကို တော်တော်လေး နာကြည်းနေတာပဲ။"
"ညည်း မကြားမိဘူးလား။ ကျောက်ရုံ ထောင်ကျရတဲ့ ကိစ္စက ဟောက်ရွှယ်နဲ့ ပတ်သက်နေတာလေ၊ အဲဒါကြောင့် ဟောက်ယွဲ့က နာကြည်းနေတာလည်း မဆန်းပါဘူး။"
……
လူအများမှာ ထိုအကြောင်းကို တစီစီနှင့် အဓိပ္ပာယ်အမျိုးမျိုး ဝေဖန်ပြောဆိုနေကြလေသည်။
ဤပြဇာတ်ဆိုးကြီးမှာ မာကျန့်ယီ၏ ဝင်ရောက်ဖျန်ဖြေမှုကြောင့် ထိပ်ပိုင်းတွင် အရှိန်ပြင်းခဲ့သော်လည်း အဆုံးသတ်တွင်မူ မရေမရာဖြင့် ပြီးဆုံးသွားခဲ့ရ၏။
မာကျန့်ယီ၏ စကားမှာ အိမ်ရာဝင်းအတွင်း၌ အရာရောက်ဆဲပင်။
အဘွားကြီးကျောက်တို့ မိသားစု အိမ်ပြန်ရောက်၍ ညစာစားချိန်တွင် အဘွားကြီးကျောက် ရင်ဖွင့်ကာ ဆိုလိုက်သည်။
"အရင်တုန်းက ငါတို့အိမ်မှာပဲ ပြဿနာတွေ များလှပြီလို့ ထင်ခဲ့တာ၊ အခုကြည့်ရတာ အိမ်တိုင်းစေ့မှာလည်း အဝတ်စုတ်တွေကိုယ်စီ ရှိကြတာပဲ။ ဘယ်အိမ်မဆို ပြဿနာအရှုပ်ထုပ်တွေ ချည်းပါပဲ။ အရင်တုန်းက ယွမ်မိသားစု ဘယ်လောက်တောင် သင့်မြတ်ခဲ့လဲဆိုတာ ညည်းမှတ်မိဦးမှာပေါ့၊ အခုကျတော့ ဘာဖြစ်သွားပြီလဲ ကြည့်ဦး"
ချန်ချင်းယွီ : "အရင်တုန်းက သူတို့အိမ်က ဟောက်ဖုန်းက အပြင်မှာ ပစ္စည်းကောင်းတွေ ရှာနိုင်ခဲ့သလို၊ ဟောက်ရွှယ်ကလည်း သူမကို လိုက်ပိုးပန်းတဲ့သူတွေဆီက လက်ဆောင်ပစ္စည်းတွေ ခဏခဏရလေ့ရှိတာကိုး။ အခြေအနေကောင်းတဲ့ အချိန်တုန်းကတော့ သဘာဝအတိုင်း ပြဿနာမရှိကြဘူးပေါ့။ နေရတာ အဆင်ပြေနေရင် အဲဒီလိုကိစ္စတွေ မရှိတတ်ကြဘူး၊ အခုတော့ အခြေအနေက မတူတော့ဘူးလေ"
"ဒါလည်း ဟုတ်တာပဲ။"
ဤလောကကမ္ဘာကြီးတွင် ရှုပ်ထွေးလှသော ပဋိပက္ခအများစုမှာ ပိုက်ဆံမရှိခြင်းကြောင့်သာ ဖြစ်ပွားလေ့ရှိသည်။ ဘဝအခြေအနေ ကောင်းမွန်နေစဉ်အချိန်တွင် သဘာဝအတိုင်း အဆင်ပြေနေတတ်သော်လည်း ပိုက်ဆံမရှိသည့်အခါတွင်မူ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတတ်ကြ၏။
အဘွားကြီးကျောက် : "ဒါနဲ့... ညည်း ကွမ်ကျိုး ကို ဘယ်တော့သွားမှာလဲ"
ချန်ချင်းယွီ : "အစကတော့ ဒီရက်ပိုင်းအတွင်း သွားဖို့ စိတ်ကူးထားတာ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ကျွန်မတို့အိမ်ကို စောင့်ကြည့်နေတယ်လို့ ကြားထားတော့ စိတ်ထဲမှာ သိပ်မချမ်းမြေ့တာနဲ့ မသွားဖြစ်သေးဘူး"
အဘွားကြီးကျောက် : "ဘာမှမဖြစ်ပါဘူးအေ၊ အိမ်ရာဝင်းထဲမှာ လူတွေ ဒီလောက်အများကြီး ရှိနေတာကို။ သူခိုးတွေလည်း မဝင်ရဲပါဘူး။ ပြီးတော့ ငါတို့အိမ်ရာဝင်းက အခုဆိုရင် လူအများရဲ့ စောင့်ကြည့်မှုကို ခံနေရတာ၊ ခိုးချင်ဝှက်ချင်တဲ့သူတွေ ဘယ်လိုလုပ်ပြီး အနားကပ်ရဲပါ့မလဲ။ လူတစ်ယောက်နေနေသာသာ ယင်ကောင်တစ်ကောင် ဖြတ်ပျံသွားရင်တောင် ပတ်ဝန်းကျင်ကလူတွေက အထက်အောက် အကြိမ်တစ်ရာလောက် စိုက်ကြည့်ကြမှာ။ ဘာမှမစိုးရိမ်နဲ့၊ သွားစရာရှိတာကို သွားသာသွား။ အကယ်၍ ညည်းက ကလေးတွေကို စိတ်မချဘူးဆိုရင် သူတို့ ကျောင်းအကြိုအပို့ကို ငါ တာဝန်ယူပေးပါ့မယ်။ ပြီးတော့ သူတို့က ကလေးတစ်အုပ်ကြီး အတူတူ သွားကြတာဆိုတော့ တစ်ယောက်တည်း သီးသန့်မသွားသရွေ့ ဘာမှမဖြစ်နိုင်ပါဘူး"
ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားကြည့်ရာ ၎င်းမှာ အမှန်ပင် ဖြစ်ပေသည်။
သူမ၏ အိမ်မှ ကလေးများသည် ကိုယ့်ဘာသာကိုယ် တိတ်တဆိတ် အပြင်ထွက်ကစားတတ်သည့် ကလေးမျိုး မဟုတ်ကြချေ။
ထို့ပြင် လူမှုပတ်ဝန်းကျင် တရားဥပဒေစိုးမိုးရေးမှာလည်း ဤမျှအထိ ပျက်ပြားနေခြင်း မရှိသေးပေ။
အကယ်၍ တစ်စုံတစ်ဦးမှ ပိုက်ဆံလုယူရန် ကြံစည်နေလျှင်ပင် ၎င်းတို့သည် သူမကိုသာ အာရုံစိုက်ကြမည်ဖြစ်ပြီး ကလေးများကို ရန်ပြုလိမ့်မည် မဟုတ်ချေ။
ချန်ချင်းယွီ : "အမေပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်။ ဒါဆိုရင်တော့ ငါ ဒီရက်ပိုင်းအတွင်းမှာပဲ ခရီးထွက်လိုက်တော့မယ်"
"ကျွန်မ ဆောင်းတွင်းအဝတ်အထည်တွေ တစ်သုတ် သွားဝယ်ဦးမယ်၊ ဆောင်းဦးနဲ့ ဆောင်းတွင်းအတွက် ကြိုပြီး ရောင်းဖို့ ပြင်ရမယ်လေ"
အဘွားကြီးကျောက် : "ငါတို့တွေ ဆိုင်ခန်းတစ်ခုလောက် ငှားလိုက်ရင် အဆင်ပြေမလား။ ညည်း အခုလို လမ်းဘေးမှာ ဆိုင်ခင်းနေရတာ နွေရာသီမှာ ပူလွန်းပြီး ဆောင်းရာသီမှာ အေးလွန်းတော့ တော်တော်လေး ပင်ပန်းရတယ်"
ထိုသို့လုပ်ဆောင်ခြင်းမှာ ကောင်းမွန်သည်ကို ချန်ချင်းယွီ သိရှိသော်လည်း ယခုအချိန်မှာ အချိန်အခါမဟုတ်သေးသဖြင့်
"အခုအချိန်မှာ မဖြစ်သေးဘူးအမေ၊ နောက်ထပ် နှစ်နှစ်လောက် ကြာမှပဲ လုပ်ကြတာပေါ့"
"ငါက ဒါတွေကို နားမလည်ပါဘူးအေ၊ ညည်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။"
ချန်ချင်းယွီသည် ပြတ်သားသော လူစားမျိုးဖြစ်ရာ ကုန်ပစ္စည်းသွားဝယ်ရန် ဆုံးဖြတ်ပြီးသည်နှင့် အချိန်ဆွဲမနေတော့ပေ။ ထို့ပြင် သူမသည် ဤကိစ္စကို ဖုံးကွယ်ထားခြင်းမရှိဘဲ လူအများ သိရှိအောင် မကြာမီပင် သတင်းလွှင့်လိုက်တော့သည်။ အမှန်တကယ်တွင် ယင်းမှာ သူမ တမင်တကာ ပြုလုပ်ခြင်း ဖြစ်၏။
ကျန်းမုန့်မုန့်မှ တစ်စုံတစ်ယောက်သည် သူမ၏အကြောင်းကို စုံစမ်းနေသည်ဟု လာရောက်သတင်းပေးခဲ့ရာ၊ သူမအနေဖြင့် ခရီးစဉ်ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ခြင်းသည် ပို၍ ကောင်းမွန်ပေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ဦးမှ မကောင်းသောအကြံအစည် ရှိနေပါက သေချာပေါက် ပေါ်ထွက်လာပေလိမ့်မည်။
သူမသည် သူခိုး၏ ချောင်းမြောင်းမှုကို မခံလိုသဖြင့် 'မြွေကိုတွင်းမှ နှိုးထုတ်' သည့် နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ ချန်ချင်းယွီသည် ဤမျှအထိ ပြတ်သားလှပြီး ဆုံးဖြတ်ချက်ချပြီးသည်နှင့် တွေဝေခြင်းမရှိပေ။
ပြောရလျှင် ချန်ချင်းယွီ တွေးတောမိသည်မှာ အမှန်ပင် ဖြစ်သည်။ အမှန်တကယ်ပင် တစ်စုံတစ်ယောက်သည် သူမအား စောင့်ကြည့်ကာ သူမထံမှ ပိုက်ဆံအချို့ကို လုယူရန် ကြံစည်နေကြခြင်း ဖြစ်၏။
၎င်းတို့မှာ အလုပ်လက်မဲ့ ဖြစ်နေကြသော လူမိုက်အချို့ ဖြစ်ကြပြီး ကျေးလက်မှ မြို့ပြန်လာကြသော်လည်း အလုပ်အကိုင် မရှိကြသည့်အပြင် မိသားစုနှင့်လည်း ဆက်ဆံရေး မကောင်းကြသဖြင့် ပိုက်ဆံ အလွန်အမင်း လိုအပ်နေကြသူများ ဖြစ်သည်။ တိုက်ဆိုင်ချင်သောအခါ ၎င်းတို့ထဲမှ တစ်ယောက်သည် ချဲယုံချန်းနှင့် အတန်းဖော်ဟောင်း ဖြစ်ခဲ့ကြ၍ အတူတူ အရက်သောက်ရင်း ဤနှစ်များအတွင်း ကြုံတွေ့ခဲ့ရသော အခြေအနေများကို ပြောပြရာမှတစ်ဆင့် ချန်ချင်းယွီကို မျက်စိကျသွားခဲ့ကြခြင်း ဖြစ်၏။
ချန်ချင်းယွီသည် ပိုက်ဆံကို အလွန်အမင်း သုံးစွဲတတ်သည်ဟု ကြားသိထားကြသော်လည်း သူမ ကုန်ပစ္စည်းသွားဝယ်တော့မည် ဖြစ်ရာ သေချာပေါက် မတည်ရင်းနှီးငွေ ပါရှိရမည်သာ။
၎င်းတို့ ကြံစည်နေသည်မှာ ထိုမတည်ရင်းနှီးငွေပင် ဖြစ်သည်။
ထို့ကြောင့် မကြာသေးမီအတွင်း ချန်ချင်းယွီ တောင်ပိုင်းသို့ မည်သည့်အချိန်တွင် ကုန်ပစ္စည်းသွားဝယ်မည်ကို အမြဲတမ်း စုံစမ်းနေခဲ့ကြ၏။ အမှန်အတိုင်း ပြောရလျှင် အဘွားကြီးကျောက် ခန့်မှန်းခဲ့သည်မှာ မှန်ကန်လှပေသည်။ ၎င်းတို့သည် အိမ်ရာဝင်းကြီး၏ အနီးအနားတွင် လုံးဝ လက်စုံမချဝံ့ကြချေ။ ဤပတ်ဝန်းကျင်တွင် ပြဿနာများလွန်းလှသဖြင့် လူတိုင်း၏ မျက်လုံးများမှာ သိမ်းငှက်ကဲ့သို့ စူးရှလွန်းလှသည်။ ၎င်းတို့ဘက်မှ အနည်းငယ်မျှ ထူးဆန်းသော အမူအရာ ပြလိုက်သည်နှင့် လူအများက ဝိုင်းဝန်းစောင့်ကြည့်ကြမည် ဖြစ်သည်။
ထို့ကြောင့် လူတိုင်း မလုပ်ရဲကြချေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် အတွင်းလူတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ကြ၏။ ထိုသူမှာ ကျန်းမုန့်မုန့်ပင် ဖြစ်သည်။
ကလေးတစ်ယောက်မှာ ဘာနားလည်ပါမည်နည်း၊ ပိုက်ဆံအနည်းငယ် ပေးလိုက်ရုံဖြင့် သူမသည် အကုန်အစင် ပြောပြပေလိမ့်မည်။
ထို့ကြောင့် ၎င်းတို့သည် ပိုက်ဆံတစ်ယွမ် အကုန်ခံလိုက်ရုံဖြင့် ချန်ချင်းယွီ ခရီးထွက်မည့် နေ့ရက်ကို သိရှိသွားခဲ့ကြ၏။
ကျန်းမုန့်မုန့်သည် နှစ်ဖက်စလုံးမှ အကျိုးအမြတ်ကို ယူတတ်သူတစ်ဦးပင်။
သူမသည် ထိုဘက်သို့ သတင်းရောင်းချခဲ့သကဲ့သို့ ယခုဘက်တွင်လည်း ချန်ချင်းယွီကို လာရောက်သတင်းပေးခဲ့ရာ ချန်ချင်းယွီသည် ပိုမို၍ လက်ကြီးလှသဖြင့် သူမအား ပိုက်ဆံငါးယွမ်အထိ ပေးအပ်ခဲ့သည်။
ကျန်းမုန့်မုန့်သည် ကွယ်ရာတွင် ထိုယောကျာ်းကြီးများကို နှာခေါင်းရှုံ့ရင်း အတင်းပြောနေတော့၏။
'တောက်... တစ်ယောက်ချင်းစီကသာ လူကြီးလူကောင်းလိုမျိုး စကားကြီးစကားကျယ် ပြောနေကြတာ၊ လက်တွေ့ကျတော့ အင်မတန် နှမြောတွန့်တိုတာပဲ။ ယောကျာ်းမှ ဟုတ်ရဲ့လား မသိဘူး၊ ကပ်စေးနှဲပြီး တစ်သက်လုံး ဆင်းရဲသွားပါစေ...'
ထိုလူမိုက်များသည် ကျန်းမုန့်မုန့်တစ်ယောက် ကွယ်ရာတွင် ဤသို့ တွေးတောနေသည်ကို မသိရှိကြဘဲ ကိုယ့်ဘာသာကိုယ် ဂုဏ်ယူဝင့်ကြွားနေကြ၏။
"ဒီကလေးက တကယ်ပဲ လောကကြီးကို မမြင်ဖူးသေးဘူး ထင်တယ်၊ ဟားဟား..."
"ဒါပေါ့၊ တစ်ယွမ်ဆိုတာ နည်းတဲ့ပိုက်ဆံမှ မဟုတ်တာ။ သူမ အံ့အားသင့်သွားတဲ့ ပုံစံကို ကြည့်ဦး၊ဒီလောက်များပြားတဲ့ ပိုက်ဆံကို တစ်ခါမှ မမြင်ဖူးတာ သေချာတယ်..."
ကျန်းမုန့်မုန့် စိတ်ထဲ၌မူ အသားကုန် ကျိန်ဆဲနေ၏။
"ကပ်စေးနှဲကောင်တွေ... တစ်ယွမ်တည်းပေးပြီး ဘယ်လိုတောင် မျက်နှာပြောင်ဝံ့တာလဲ၊ တကယ့် ကပ်စေးနှဲတွေ..."