အခန်း ၁၈၄
Vol. 19 Ch. 184
အခန်း (၁၈၄) နေ့စဉ်ဘဝ
ချန်ချင်းယွီ၏ ခရီးစဉ်မှာ အဖုအထစ်မရှိ ချောမွေ့လွန်းလှသော်လည်း၊ မသမာသောစိတ်ထားဖြင့် မကောင်းကြံစည်နေခဲ့သည့် ချဲယုံချန်းနှင့် အပေါင်းအပါတစ်စုမှာမူ အကောင်အထည်ပင် မဖော်ရသေးမီ ရေစုန်မျောသွားခဲ့ကြရချေပြီ။
သူတို့တစ်စုမှာ လူသတ်သမားတစ်ဦးကို မတော်တဆ ဓားပြတိုက်မိခဲ့ကြရာ၊ ဤအဖြစ်အပျက်သည် ခရီးသည်များအကြား နှစ်ကြာသည့်တိုင်အောင် ပြောမကုန်သည့် စကားဝိုင်းကြီးတစ်ခု ဖြစ်သွားခဲ့လေသည်။ ချန်ချင်းယွီနှင့် တစ်တွဲတည်း လိုက်ပါလာသည့် ဦးလေးအဒေါ်ကြီးများပင်လျှင် အသံမစဲ တတွတ်တွတ် ပြောဆိုနေကြ၏။
အမှန်အတိုင်းပြောရလျှင် သူတို့တစ်တွေ တစ်သက်နှင့်တစ်ကိုယ် ဤကဲ့သို့ ထူးဆန်းထွေလာမျိုးနှင့် တစ်ခါမျှ မကြုံဖူးကြပေ။
တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပေသည်။
သူတို့သည် ကွမ်ကျိုးသို့ ရောက်သည်အထိ တောက်လျှောက် စကားဖောင်ဖွဲ့လာခဲ့ကြပြီး၊ လမ်းခွဲခါနီးတွင်လည်း နေရပ်လိပ်စာများကို အပြန်အလှန် လဲလှယ်ခဲ့ကြသေးသည်။ အစ်မကြီးရန်မှာမူ ချန်ချင်းယွီကို အမြဲတစေ အကောင်းမြင်စိတ်ဖြင့် ကြည့်တတ်သူဖြစ်၍ ရုပ်ရှင်အနုပညာတက္ကသိုလ်သို့ လျှောက်ထားပြီး မိမိအိပ်မက်များကို အကောင်အထည်ဖော်ရန် အားပေးတိုက်တွန်းနေရှာ၏။
ချန်ချင်းယွီ... : “...”
‘သူမ အိပ်မက်က ရုပ်ရှင်တက္ကသိုလ် တက်ဖို့မှ မဟုတ်ဘဲ…’
‘ကျွန်မအိပ်မက်က ပိုက်ဆံတွေ အများကြီးရှိပြီး ဘာမှလုပ်စရာမလိုဘဲ အေးအေးလူလူ အောင်နိုင်သူဖြစ်ဖို့ရှင့်။’
လူ့သဘာဝမှာ ဤသို့ပင် ဖြစ်တတ်စမြဲတည်း။ ပြီးခဲ့သည့်ဘဝ၌ ပင်ပန်းဆင်းရဲမှုများစွာကို ကြုံတွေ့ဖြတ်သန်းခဲ့ရပြီးပြီဖြစ်၍ ယခုဘဝတွင်မူ ကွဲပြားခြားနားသော လူနေမှုပုံစံမျိုးဖြင့်သာ ရှင်သန်ချင်မိတော့သည်။
ချန်ချင်းယွီအနေဖြင့် စိတ်ပါဝင်စားခြင်း မရှိလှသော်လည်း သူမအပေါ် စေတနာထား၍ ပြောမှန်းသိသဖြင့် ကျေးဇူးတင်စွာဖြင့်သာ ခေါင်းငြိမ့်မိ၏။ သူမ ကွမ်ကျိုးတွင် ကြာကြာမနေဖြစ်ခဲ့ပေ။ ကုန်ပစ္စည်းများကို လက်ခံရရှိပြီးသည်နှင့် သုံးဘီးတစ်စီးငှါးကာ ချက်ချင်းဆိုသလိုပင် ပြန်လည်ထွက်ခွာခဲ့တော့သည်။
အမှန်စင်စစ်၊ အကယ်၍ မိမိ၏ စီးပွားရေးလုပ်ငန်းကို ပိုမိုကြီးထွားကျယ်ပြန့်အောင် လုပ်ဆောင်လိုပါက ဝိုင်းဝန်းကူညီပေးမည့် လက်ထောက်များစွာ ရှိခြင်းသည် ပို၍ကောင်းမွန်မည်မှာ အမှန်ပင်။
ချန်ချင်းယွီ ဤအချက်ကို စဉ်းစားခဲ့ဖူးသော်လည်း နောက်ဆုံးတွင် စိတ်ကူးကို လက်လျှော့ခဲ့ရ၏။ အဓိကအကြောင်းရင်းမှာ ၁၉၈၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလသည် ကြီးမားထည်ဝါသော စီးပွားရေးအင်ပါယာကြီးတစ်ခုကို တည်ဆောက်ရန် သင့်တော်သော အချိန်အခါ မဟုတ်သေးသောကြောင့် ဖြစ်၏။ သူမသည် အခြားသူများထက် ရှေ့ပြေးတွေးခေါ်နိုင်စွမ်း ရှိသူဖြစ်၍ လောလောဆယ်တွင် "လက်လုပ်လက်စား အလုပ်အကိုင်" မျှသာ လုပ်ကိုင်နေခြင်း ဖြစ်သည်။
မိမိဘက်မှသာ ထိုသို့ သတ်မှတ်နေခြင်း ဖြစ်သော်လည်း၊
အမှန်တကယ်၌မူ သူမသည် အဓိက ဖောက်သည်ကြီးတစ်ဦးပင် ဖြစ်နေပြီဖြစ်သည်။
တကယ့်ကို လက်ကြီးဖောက်သည်ကြီး ဖြစ်သော်လည်း၊ ကုန်ပစ္စည်းများ ဝယ်ယူရန်အတွက် ငွေစက္ကူအပြည့် ထည့်ထားသည့် အိတ်ကြီးကို ကိုယ်တိုင်သယ်ဆောင်လာသော လက်ကြီးဖောက်သည်မျိုးကိုမူ မြင်တွေ့ရခဲလှပေသည်။
ယခုအခါ တိုက်ရိုက်ရထားများ ပြေးဆွဲနေပြီ ဖြစ်သဖြင့် ချန်ချင်းယွီအတွက် ပိုမိုအဆင်ပြေချောမွေ့စေခဲ့၏။ အသွားလမ်းတွင် အခက်အခဲ အနည်းငယ် ကြုံခဲ့ရသော်လည်း အပြန်လမ်းတွင်မူ အဆင်ပြေချောမွေ့ခဲ့သည်။ သို့သော် အပြန်ခရီးတွင် အိပ်စင်လက်မှတ် မရရှိခဲ့သဖြင့် ခုံတွင်သာတစ်ယောက်တည်း ကွေးကုတ်၍ လိုက်ပါခဲ့ရ၏။ ရထားပေါ်တွင် လူအများ ဝင်ထွက်သွားလာနေကြပြီး ချန်ချင်းယွီမှာမူ ဘေးလူတို့၏ အတင်းအဖျင်း စကားဝိုင်းများကို စိတ်ဝင်တစား နားစွင့်နေမိသည်။
ဤရထားပေါ်တွင် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူ အများအပြား ပါရှိနေသဖြင့် ချန်ချင်းယွီအနေဖြင့် သူတို့၏ စီးပွားရေး အတွေ့အကြုံများကိုပါ နားထောင်ခွင့် ရခဲ့၏။
အခြားသူများ၏ စကားကို နားထောင်ရခြင်းမှာ ဗဟုသုတ အမြင်ကျယ်စေသည်ဟု ဆိုရပေမည်။ ချန်ချင်းယွီသည် အခြားသူများထက် ပိုမိုကျယ်ပြန့်သော အမြင်ရှိသည်ဆိုသော်လည်း၊ အချို့သူများမှာ စီးပွားရေးအမြင်တွင် ထူးချွန်ပြောင်မြောက်သော ပါရမီ ပါလာကြသည် မဟုတ်လော။ ချန်ချင်းယွီတစ်ယောက် လမ်းခရီးတစ်လျှောက်လုံး ဗဟုသုတများကို လေ့လာမှတ်သားရင်း လိုက်ပါလာခဲ့လေသည်။
ရက်အတော်ကြာ ခရီးနှင်ခဲ့ပြီးနောက်၊ ရထားပေါ်မှ ဆင်းလိုက်သည့်အခါ မိမိကိုယ်ကိုယ် အနံ့အသက် ဆိုးရွားနေလိမ့်မည်ဟု ခံစားနေရ၏။
‘ဟူး... ရထားပေါ်က အနံ့က ညစ်ပတ်စုတ်ပြတ်နေတဲ့ အမှိုက်ပုံးထဲ ကျသွားသလိုပဲ။ ပြန်ရောက်တာနဲ့ ပထမဆုံးလုပ်ရမှာက ရေချိုးဖို့ပဲ။’
ချန်ချင်းယွီ ဘူတာရုံသို့ စာရွက်စာတမ်းများ ယူဆောင်သွားကာ ကုန်ပစ္စည်းများကို သွားရောက်ထုတ်ယူခဲ့ပြီး၊ ဘူတာရုံအပြင်ဘက်မှ လူအချို့ကို ငှားရမ်းကာ ပစ္စည်းများ သယ်ယူတင်ဆောင်ပြီး အိမ်သို့ ပြန်လာခဲ့၏။
‘ဟူး၊ ငါ့မှာသာ ကားတစ်စီး ရှိရင် သိပ်ကောင်းမှာပဲ။’
‘ဒါပေမဲ့ အခုချိန်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ကားဝယ်ခွင့်မရှိသေးဘူးလေ။’
‘ထားလိုက်ပါတော့၊ မဖြစ်နိုင်တာကို တွေးမနေတော့ဘူး။’
“ရှောင်ချန် ပြန်ရောက်ပြီပဲ။”
ချန်ချင်းယွီ ဝင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက် အဒေါ်ကြီးမေ့ မြင်သွားပြီး ဝမ်းသာအားရ အော်ပြောလိုက်လေသည်။
ချန်ချင်းယွီ ပြုံးရွှင်စွာဖြင့် ပြန်နှုတ်ဆက်လိုက်၏။
“ဒေါ်လေးမေ့ကတော့ အသံကောင်းတုန်း၊ အသံကျယ်တုန်းပဲနော်”
အဒေါ်ကြီးမေ့ တဟီးဟီးရယ်ကာ ချန်ချင်းယွီကို တစ်ဖက်သို့ ဆွဲခေါ်သွားပြီးနောက် တိုးတိုးတိတ်တိတ်ဖြင့် ဆိုလေသည်။
“ရှောင်ချန်... နင်သိလား။ နင်မရှိတဲ့ ဒီရက်ပိုင်းအတွင်းမှာ ငါတို့ဝင်းထဲမှာ အကြီးအကျယ် ကိစ္စတစ်ခု ဖြစ်သွားတယ်ဟ။”
ချန်ချင်းယွီ : “.........”
သူမ ခရီးတစ်ခု ထွက်လျှင် အနည်းဆုံး ဆယ်ရက်ခန့် ကြာတတ်စမြဲ ဖြစ်၏။
အသွားအပြန် ခရီးလမ်းအပြင်၊ ပစ္စည်းရွေးချယ်ခြင်းနှင့် အမှာစာတင်ခြင်းတို့ကိုလည်း စေ့စပ်သေချာအောင် လုပ်ဆောင်ရသဖြင့် ခရီးစဉ်ကို အလျင်စလို ဖြတ်သန်း၍မရပေ။ ယခုတစ်ခေါက် ချန်ချင်းယွီ မြန်မြန်ဆန်ဆန် ပြန်လာနိုင်ခဲ့သည် ဆိုသည့်တိုင် ဆယ်ရက်ကျော်မျှ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူမက အံ့အားသင့်စွာဖြင့် မေးလိုက်မိ၏။
“ဘာဖြစ်လို့လဲ ဒေါ်လေးမေ့”
အဒေါ်ကြီးမေ့ : “ဝမ်ကျန့်ကော် အဖမ်းခံလိုက်ရတယ်အေ့။”
ချန်ချင်းယွီတစ်ယောက် ဆွံ့အသွားပြီးမှ အံ့ဩတကြီး မေးမိတော့သည်။
“ဘာဖြစ်လို့လဲဟင်”
အဒေါ်ကြီးမေ့ နှုတ်ခမ်းကို မဲ့လိုက်ပြီး ချန်ချင်းယွီကို အကဲခတ်သလို အထက်အောက် ကြည့်ကာ ပြန်မေးလေ၏။
“နင်မသိဘူးလား”
ချန်ချင်းယွီ : “ဒေါ်လေးမပြောရင် ကျွန်မက ဘယ်လိုလုပ် သိမှာလဲ။ ကျွန်မ အခုတင် ပြန်ရောက်တာကို။”
အဒေါ်ကြီးမေ့ အလောတကြီးဖြင့်
“အဲဒါ နင်နဲ့ပတ်သက်နေလို့ပေါ့။ ချဲယုံချန်းကို နင်သိတယ်မလား။ အဲဒီ ချဲယုံချန်းက ဝမ်ကျန့်ကော်ကို လှမ်းတိုင်တာလေ။ နင့်အိမ်မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်ဆိုတဲ့ သတင်းကို ဝမ်ကျန့်ကော်က တမင်သက်သက် ပေါက်ကြားပေးခဲ့တာ၊ သူတို့ကို ဓားပြတိုက်ဖို့ သွယ်ဝိုက်ပြီး လမ်းခင်းပေးခဲ့တာလို့ ထွက်ဆိုသွားတာဟဲ့။”
ချန်ချင်းယွီမှာ နောက်တစ်ကြိမ် ဆွံ့အသွားရပြန်သည်။ အဒေါ်ကြီးမေ့ ဆက်၍
“ဝမ်ကျန့်ကော်ကတော့ သူနဲ့ ချဲယုံချန်းနဲ့ ရန်ငြိုးရှိလို့ ချဲယုံချန်းက သူ့ကို မဟုတ်မတရား စွပ်စွဲပြီး အကွက်ဆင်တာလို့ ပြောတာပဲ။ ဒါပေမဲ့ အခုတော့ အဖမ်းခံထားရတုန်း၊ ပြန်မလွတ်သေးဘူး။”
ချန်ချင်းယွီ အလွန်အံ့အားသင့်သွားပြီး
“ဒါကတော့...”
“ဒါက တကယ်ကို လွန်လွန်းတယ် မဟုတ်လား။ အေး... ဒါနဲ့ နင်ကော ချဲယုံချန်း စကားကို ယုံလား။ ဝမ်ကျန့်ကော်က တကယ်ပဲ နင့်ကို မကောင်းကြံစည်တာလို့ ထင်လား။”
ချန်ချင်းယွီ ပခုံးနှစ်ဖက်ကို တွန့်ပြလိုက်ရင်း
“ကျွန်မလည်း ဘယ်သိမလဲ ဒေါ်လေးရယ်။ အခုမှ ပြန်ရောက်လို့ အိမ်ထဲတောင် မဝင်ရသေးဘူး၊ ဘာတွေဖြစ်ကုန်မှန်းလည်း မသိပါဘူး။ ဒါပေမဲ့ ကျွန်မခရီးစဉ်ကတော့ အစစအရာရာ အဆင်ပြေခဲ့ပါတယ်၊ ဘာမှ ထူးထူးခြားခြား မကြုံခဲ့ရဘူး။”
အဒေါ်ကြီးမေ့ : “အဲဒါလည်း ဟုတ်တာပဲ၊ နင်က အခုမှ ပြန်ရောက်တာကိုး။ ဒါပေမဲ့ ရဲတွေကတော့ သေချာ စုံစမ်းစစ်ဆေးမှာပါ။ ဝမ်ကျန့်ကော်သာ ပြန်လွတ်လာရင် သူ အပြစ်မရှိလို့ပေါ့။ ဒါပေမဲ့ ငါ့အမြင်တော့ အဘွားကြီးဝမ်တစ်ယောက် ဘုရားကျောင်း သွားပြီး ယတြာချေသင့်နေပြီ။ သူတို့အိမ်က ဝမ်ကျန့်ကော် အချုပ်ထဲကို ဘယ်နှခေါက်ရှိပြီလဲ။ ပြီးတော့... ရဲစခန်းက လွှတ်ပေးလိုက်တယ်ဆိုဦးတော့၊ အဲဒီလိုနေရာမျိုးကို ခဏခဏ ဝင်လိုက်ထွက်လိုက် ဖြစ်နေတာ လုံးဝ နိမိတ်မကောင်းဘူး။ တကယ်ပါပဲ... ငါတို့ဝင်းကြီးက ဘယ်လို ကံကြမ္မာမျိုးလဲ မသိပါဘူး။ ငါကတော့ ဝမ်ကျန့်ကော် ဒီကိစ္စထဲ မပါပါစေနဲ့လို့ပဲ ဆုတောင်းတယ်။ မဟုတ်လို့ နောက်တစ်ယောက်သာ အထဲဝင်သွားရင် ငါတို့ဝင်းရဲ့ နာမည်ပျက်က ပိုဆိုးသွားတော့မှာ။ ငါ့ကလေးတွေက အိမ်ထောင်ပြုမယ့် အရွယ်တွေ ရောက်နေပြီလေ။ တခြားလူတွေက ငါတို့ဝင်းကလို့ ကြားတာနဲ့ အောင်သွယ်တွေဆို ခွေးပြေးဝက်ပြေး ပြေးကြတာ၊ ပိုက်ဆံ ဘယ်လောက်ပေးပေး အလုပ်မယူကြဘူး။ ငါ့မှာ တကယ် စိတ်ညစ်ရတယ်အေ့။”
ချန်ချင်းယွီ ခပ်ဖွဖွ ရယ်မောလိုက်ပြီး စကားလမ်းကြောင်း လွှဲသည့်အနေဖြင့် ရုတ်တရက် မေးလိုက်သည်။
“ဒါနဲ့ အဘွားကြီးဝမ်ကော ဘယ်
ရောက်နေလဲ”
အဒေါ်ကြီးမေ့ : “ရဲစခန်း သွားတာပေါ့။ နေ့တိုင်း အဲဒီမှာ သွားစောင့်နေတာ။ ဝမ်ကျန့်ကော် အဖမ်းခံရတုန်းကဆို နင့်အိမ်ကိုတောင် လာသေးတယ်။ နင့်ယောက္ခမကို သူ့သားအတွက် အာမခံပေးဖို့ လာပြောတာလေ။ အဲဒီတုန်းက နင့်ယောက္ခမဆီကနေ အကြီးအကျယ် အရိုက်ခံလိုက်ရသေးတယ်”
ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း
“ဒါကတော့ ကျွန်မယောက္ခမ လုပ်မယ့် အလုပ်မျိုးပဲ။”
“နင့်ယောက္ခမက ရဲတွေရဲ့ အဆုံးအဖြတ်ကိုပဲ နားထောင်မယ်တဲ့။ အကယ်၍ မကောင်းတဲ့ စိတ်မရှိရင် လွှတ်ပေးလိမ့်မယ်၊ တကယ်လို့သာ မကောင်းကြံတာ သေချာရင်တော့ သူ့အိမ်ကို လာဖျက်ဆီးပစ်မယ်လို့ ပြောလိုက်တာ။ အခုတလော အဘွားကြီးဝမ်တစ်ယောက် နင့်ယောက္ခမကို မြင်ရင် အဝေးကနေ ရှောင်နေရတယ်လေ။”
ချန်ချင်းယွီ : “ကျွန်မကတော့ ရဲတွေကိုပဲ ယုံကြည်ပါတယ်။ စောင့်ကြည့်ကြတာပေါ့။”
ချန်ချင်းယွီ ပစ္စည်းအားလုံးကို သူမ၏ ကိုယ်ပိုင်ဂိုဒေါင်ထဲသို့ ရွှေ့ပြောင်းရာတွင် အဒေါ်ကြီးမေ့ ဝိုင်းဝန်းကူညီပေးလေသည်။ အဒေါ်ကြီးမေ့သည် အတင်းအဖျင်း ပြောရသည်ကို ဝါသနာပါသော်လည်း စိတ်သဘောထားကောင်းသူ ဖြစ်သဖြင့် ပစ္စည်းများကို အမောတကော ဝိုင်းသယ်ပေးရင်း အံ့ဩတကြီး ရေရွတ်လေသည်။
“ရှောင်ချန်... နင်ကတော့ တစ်ခေါက်သွားတိုင်း ပစ္စည်းတွေ ဒီလောက်အများကြီး ဝယ်လာတာပဲနော်။”
“တစ်ခေါက် သွားရတာ အရမ်းပင်ပန်းတာမို့လို့ တစ်ခါတည်း အများကြီး ဝယ်လာရတာပေါ့ ဒေါ်လေးရဲ့။ ဒါနဲ့ ကျွန်မယောက္ခမ အိမ်မှာမရှိဘူးလား။”
ချန်ချင်းယွီ ပြန်ဖြေရင်း မေးလိုက်၏။
“မရှိဘူးအေ့၊ စာတိုက် သွားတယ်လို့ ပြောသွားတာပဲ။”
ထိုအခါ ချန်ချင်းယွီသည် ယွီမေကျွမ်းကို ချက်ချင်း ပြေးမြင်မိပြီး၊ ယွီမေကျွမ်း ပိုက်ဆံတောင်းသည့် ကြေးနန်းစာ ပို့ထား၍ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်၏။ သို့သော်လည်း သူမ ထွေထွေထူးထူး မပြောတော့ပေ။
“ဒါဆို ကျွန်မယောက္ခမ ပြန်လာရင် ပြောပေးပါဦးနော်၊ ကျွန်မ ရေချိုးခန်း (အများသုံးရေချိုးဆောင်) သွားလိုက်ဦးမယ်လို့။”
“အေးအေး၊ ရပါတယ်”
မိမိကိုယ်မှာ အနံ့အသက် ဆိုးရွားလှပြီ ဖြစ်သဖြင့် ချန်ချင်းယွီ ဆက်၍ မအောင့်အီးနိုင်တော့ချေ။
သူမ ရေချိုးခန်းသို့ အလျင်အမြန်ပင် ပြေးခဲ့လေသည်။ နွေခေါင်ခေါင်ကြီး တောင်ပိုင်းသို့ ကုန်ပစ္စည်း သွားရောက်ဝယ်ယူရခြင်းကို သူမ မနှစ်မြို့ရသည့် အကြောင်းရင်းမှာ ရထားခရီးစဉ် အလွန်ပင်ပန်းဆင်းရဲလွန်းသောကြောင့် ဖြစ်၏။ ယခုအခါ အခြေအနေ အနည်းငယ် တိုးတက်လာသည် ဆိုသော်ငြား နွေရာသီ ဖြစ်နေဆဲဖြစ်သဖြင့် ချန်ချင်းယွီမှာ မိမိကိုယ်ကိုယ် ပုပ်သိုးတော့မည်ဟု ခံစားနေရသည်။
‘ဒီဒေသတွင်းမှာတင် ကုန်ပစ္စည်းတွေကို အလွယ်တကူ ဝယ်လို့ရမယ့် အချိန်က ဘယ်တော့မှ ရောက်မှာပါလိမ့်။’
သို့သော်လည်း ဒေသတွင်း၌သာ ဝယ်ယူပါက ခေတ်မှီဒီဇိုင်းများနှင့် အရင်းအနှီး ကုန်ကျစရိတ်များကို သေသေချာချာ သိရှိနိုင်မည် မဟုတ်ပေ။
နွေရာသီ မွန်းလွဲပိုင်းအချိန်ဖြစ်သဖြင့် ရေချိုးဆောင်အတွင်း၌ လူတစ်ယောက်မျှမရှိကာ ဆိတ်ငြိမ်နေပြီး ချန်ချင်းယွီတစ်ယောက်တည်း စိတ်တိုင်းကျ ရေချိုးခွင့်ရသွားရာ အလွန်ပင် သဘောကျမိတော့သည်။ ပေစုတ်စုတ်အဖြစ်မှ လန်းဆန်းသန့်စင်သွားရန်အတွက် ရေတစ်ခါချိုးလိုက်ရုံမျှဖြင့် လုံလောက်၏။
ချန်ချင်းယွီ ရေချိုးဆောင်ထဲမှ ထွက်လာသည့်အခါတွင်မူ လတ်ဆတ်သန့်ရှင်းပြီး ချောမောလှပသည့် အမျိုးသမီးငယ်လေးတစ်ဦးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ လမ်းဘေးတွင် စျေးသည်အလုပ် လုပ်ကိုင်နေရသဖြင့် ချန်ချင်းယွီ သူမ၏ဆံပင်ကို အတိုညှပ်ထားခဲ့သည်။ သို့သော် သက်လယ်ပိုင်းအရွယ် အမျိုးသမီးများ ညှပ်လေ့ရှိသည့် ယုန်မြီးကဲ့သို့ စုချည်ထားနိုင်သော ဆံပင်အတိုမျိုးတော့ မဟုတ်ပေ။ ချန်ချင်းယွီ၏ဆံပင်မှာ ပုံမှန်အားဖြင့် ဤမျှအရှည်သာရှိပြီး ဆံပင်အရှည်ကြီး ထားလေ့မရှိချေ။ ခရီးခဏခဏထွက်ရသည့်အခါ ဆံပင်အရှည်ကြီးမှာ ထိန်းသိမ်းရခက်ခဲလှပြီး တစ်ခါသွားလျှင် ဆယ်ရက်မှ နှစ်ပတ်ခန့်အထိ ကြာတတ်သဖြင့် အလွန်ပင် အဆင်မပြေ ဖြစ်ရသည်။
ထို့အပြင် ဆံပင်အရှည်မှာ ရန်ဖြစ်ရိုက်နှက်သည့်နေရာတွင်လည်း အားမသာပေ။
‘အီး... ငါက လူကောင်းတစ်ယောက် ဆိုပေမဲ့လည်း လူကောင်းတွေလည်း ရန်ပွဲနဲ့ မကင်းနိုင်ဘူး မဟုတ်လား။’
ဤကဲ့သို့ အလတ်စားဆံပင်အတိုပုံစံ၏ အားသာချက်မှာ ရေချိုးခေါင်းလျှော်ပြီးနောက် အသာအယာ ခါယမ်းလိုက်ရုံမျှဖြင့် အလွန်လန်းဆန်းသွားပြီး ချက်ချင်း ခြောက်သွေ့လွယ်ခြင်းပင်။ ချန်ချင်းယွီသည် စိုစွတ်ဖားလျားဖြစ်နေသည့် ဆံပင်တိုလေးများဖြင့် လမ်းလျှောက်ပြန်လာခဲ့၏။ သူမကို ကြည့်ရသည်မှာ ရေကန်အိုင်ထဲမှ လတ်လတ်ဆတ်ဆတ် ပေါ်ထွက်လာသည့် ကြာပန်းလေးတစ်ပွင့်ကဲ့သို့ပင် ထင်မှတ်ရပေသည်။
“ဟင်...”
ချန်ချင်းယွီ ဝင်းကြီးထဲသို့ မရောက်မီ လမ်းမထက်၌ ကျောပိုးအိတ်အကြီးကြီးတစ်လုံးကို လွယ်ကာ ဘတ်စ်ကားမှတ်တိုင်ဆီသို့ အလျင်အမြန် သွားနေသည့် ယွမ်ဟောက်ယွဲ့ကို မတော်တဆ လှမ်းမြင်လိုက်ရ၏။
ချန်ချင်းယွီ : “.........”
လွန်ခဲ့သည့် နှစ်ပတ်ခန့်၊ သူမ ကွမ်ကျိုးသို့ မသွားမီကတည်းက ဟောက်ယွဲ့နှင့် ဟောက်ရွှယ်တို့ ညီအစ်မနှစ်ဦး ရန်ဖြစ်ထားကြမှန်း သူမ သိရှိထားသည်။
သူတို့အိမ်တွင် ပြဿနာတက်တိုင်း လူတိုင်း ဟောက်ရွှယ်ဘက်မှသာ လိုက်ကြစမြဲ ဖြစ်၏။ အကြောင်းမှာ ဟောက်ရွှယ်သည် ပိုက်ဆံရှာနိုင်ပြီး အိမ်စရိတ်ကို ထောက်ပံ့ပေးနိုင်သည့်အပြင် ပြင်ပတွင်လည်း အဆက်အသွယ်အချို့ ရှိနေသောကြောင့်ပင်။ ဟောက်ယွဲ့မှာမူ ဘာကောင်မှ မဟုတ်ရှာပေ။ သူတို့မောင်နှမ သုံးယောက်အနက် ဟောက်ယွဲ့သည် အိမ်တွင် အလေးပေးမခံရဆုံး ဖြစ်သည်။
‘ဒါနဲ့ သူ ဘယ်ကို သွားမလို့လဲ။’
ချန်ချင်းယွီ နှုတ်ခမ်းကို မဲ့လိုက်မိပြီး ဟောက်ယွဲ့လည်း အိမ်ပေါ်မှ ဆင်းသွားတာများလားဟု တွေးတောနေမိ၏။
သူမ... အို... ဘုရားရေ။
ချန်ချင်းယွီ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားရသည်။
အကြောင်းမှာ သူမ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရသောကြောင့်တည်း။
ထိုသူကား ယွမ်ရှောင်ချွေ ဖြစ်နေ၏။
‘တကယ်ပဲ ယွမ်ရှောင်ချွေကြီးလား။’
ချန်ချင်းယွီ မိမိမျက်လုံးကိုယ်မိမိ မယုံနိုင်သဖြင့် ပွတ်သပ်၍ သေချာကြည့်မိသည်။
ယွမ်ရှောင်ချွေ ပြန်ရောက်လာတာလား။
‘ဒီနှစ်ယောက်က ဘယ်လိုလုပ်ပြီး အတူတူ ရှိနေကြတာလဲ။’
ယွမ်ဟောက်ယွဲ့ ဘတ်စ်ကားမှတ်တိုင်တွင် စောင့်နေပြီး ဘတ်စ်ကားပေါ်မှနေ၍ သူမကို လက်လှမ်းပြနေသူမှာ အခြားသူမဟုတ်ဘဲ ယွမ်ရှောင်ချွေပင် ဖြစ်သည်။ မြို့ပြသို့ ပြန်လာကြသည့် ပညာတတ်လူငယ် အမြောက်အမြား ရှိသော်လည်း ယွမ်ရှောင်ချွေ မပြန်လာသေးမှန်း ချန်ချင်းယွီ သိထား၏။
သို့သော် ယခုမူ...
ချန်ချင်းယွီတစ်ယောက် သွားရောက်မစုံစမ်းရလျှင် ရင်ထဲ၌ တရွရွဖြင့် မနေနိုင်မထိုင်နိုင် ဖြစ်လာတော့သည်။
သို့သော် အနောက်မှ လိုက်သွားလျှင်လည်း သေချာပေါက် ရိပ်မိသွားပေလိမ့်မည်။ သူမသည် အရွယ်ရောက်ပြီးသောလူဖြစ်၍ လူတွေ သတိမထားမိဘဲ မနေပေ။ ချန်ချင်းယွီ နေရာတွင်တင် ရပ်ကြည့်နေစဉ် မမျှော်လင့်ဘဲ ယွမ်ဟောက်ယွဲ့ ဘတ်စ်ကားပေါ်သို့ တက်မသွားသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် သူမ လက်ထဲမှ အထုပ်အပိုးများကိုပါ ယွမ်ရှောင်ချွေထံသို့ ကမ်းပေးလိုက်၏။
ချန်ချင်းယွီ အလွန်ဇဝေဇဝါ ဖြစ်သွားရ၏။
တစ်ယောက်က ကားပေါ်တွင်၊ တစ်ယောက်က ကားအောက်တွင်ရှိနေပြီး စကားအနည်းငယ် အပြန်အလှန် ပြောဆိုကြပြီးနောက်၊ အခြားခရီးသည်များ ကားပေါ်တက်ပြီးသည်နှင့် ဘတ်စ်ကားကြီးသည် မောင်းထွက်သွားတော့သည်။ ယွမ်ဟောက်ယွဲ့မှာမူ သက်ပြင်းတစ်ချက်ချကာ အနောက်သို့ ပြန်လှည့်လာခဲ့၏။
ချန်ချင်းယွီသည် သူမ မြင်သွားမည်စိုးသဖြင့် အိမ်သို့ ခြေကုန်သုတ်၍ ပြေးပြန်ခဲ့တော့သည်။
ချန်ချင်းယွီ အရှေ့ကပြေး၊ သူမ အနောက်ကလိုက်လာပြီး နှစ်ယောက်သား ဝင်းကြီးထဲသို့ တပြိုင်နက်တည်းနီးပါး ပြန်ရောက်လာခဲ့ကြ၏။
အဘွားကြီးကျောက်သည် အိမ်သို့ ပြန်ရောက်နေပြီဖြစ်ရာ ချန်ချင်းယွီကို မြင်သည်နှင့် ဝမ်းသာအားရ ဆိုလေသည်။
“ချွေးမလေး... ပြန်ရောက်ပြီလား။ ခရီးစဉ် ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား။”
ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ ပြုံးရွှင်စွာဖြင့် အိမ်ထဲသို့ ဝင်လာခဲ့၏။ မိမိအိမ်ထက် ကောင်းသောနေရာ မရှိပေ။
ချန်ချင်းယွီ ဝင်လာသည်နှင့် တပြိုင်နက် အဘွားကြီးကျောက် မအောင့်အီးနိုင်တော့ဘဲ စကားစတော့သည်။
“ဟေ့... နင့်ကို ပြောစရာ ရှိသေးတယ်။ အလယ်ဝင်းထဲက ဟော်မိသားစုလေ၊ သူတို့အိမ်ကို ရောင်းတော့မလို့တဲ့။”
ချန်ချင်းယွီ : “ဘယ်သူ့အိမ်လဲဟင်”
အဘွားကြီးကျောက် : “ယွမ်မိသားစု ဘေးက ဟော်မိသားစုလေ။ သူတို့ သတင်းလွှင့်ထားပြီးပြီ။ နင်ကော စိတ်ဝင်စားလား။”
ချန်ချင်းယွီ : “ပြောပြပါဦး။”
အဘွားကြီးကျောက် သက်ပြင်းချရင်း ဆိုလေသည်။
“အကုသိုလ်တွေပါပဲအေ့၊ ငါတို့ဝင်းထဲမှာက ကိစ္စတွေကလည်း အများသား။ ကလေးတွေ အိမ်ထောင်ပြုဖို့တောင် မိန်းမရှာရတာ ခက်နေကြတာ၊ ပြောင်းရွှေ့ဖို့ အဆက်အသွယ်ရှိတဲ့လူကတော့ သေချာပေါက် ပြောင်းကြတာပေါ့။ သူတို့က အိမ်ရောင်းချင်နေတာ။ ငါက စဉ်းစားနေတာ... ငါတို့သာ အဲဒါကို ဝယ်လိုက်ရင်...”
ချန်ချင်းယွီ သူမစကားကို ဖြတ်၍
“သူတို့အိမ်မှာကော အိမ်ပိုင်ဆိုင်မှုဂရံ ရှိရဲ့လား။ ကျွန်မမှတ်မိသလောက် ကျွန်မတို့ဝင်းထဲက အိမ်အများစုက စက်ရုံက ချပေးထားတာ ထင်တယ်၊ ဒါပေမဲ့...”
“ဒီအိမ်အများစုက လမ်းဆုံရပ်ကွက်ရုံးဆီကနေ ငှားထားတာ မဟုတ်လား။ သူ့အိမ်က ငှားထားတဲ့အိမ်လို့ မှတ်မိနေလို့။”
အဘွားကြီးကျောက် : “ဟင်... ဟုတ်လား။ နင်ပြောမှပဲ ငါလည်း သေချာမသိတော့ဘူး။ မဟုတ်ဘူး... ငါ ပြန်မေးကြည့်ဦးမယ်။ ဒါပေမဲ့ အိမ်ကို အဆမတန် ဈေးပေါပေါနဲ့ ရောင်းနေတာဆိုတော့ တကယ်ပဲ တစ်ခုခု မှားယွင်းနေတာလည်း ဖြစ်နိုင်တယ်။”
ချန်ချင်းယွီ : “ဝယ်မယ်ဆိုရင်တောင် ပိုင်ဆိုင်မှုကိစ္စ သေချာရှင်းလင်းမှ ဖြစ်မယ်။ သူတို့နဲ့ ပိုင်ဆိုင်မှုကိစ္စ အငြင်းပွားပြီး အချိန်ကုန်မခံနိုင်ဘူး။”
အဘွားကြီးကျောက် ခေါင်းငြိမ့်ကာ
“ဟုတ်ပါရဲ့၊ ဈေးပေါတဲ့ပစ္စည်းဆိုတာ အလွယ်တကူ ရတာမှ မဟုတ်တာ။ အော်... ဒါနဲ့ နေဦး။ ဒီနေ့ ငါ ယွီနေကျွမ်းဆီကို ငွေလေးထောင် လွှဲပေးလိုက်တယ်။”
ထို့နောက် သူမ စိုးရိမ်တကြီးဖြင့် တိုးတိုးလေး မေး၏။
“သူ ငါတို့ပိုက်ဆံတွေကို ယူပြီး ထွက်ပြေးသွားတာမျိုးတော့ မဖြစ်နိုင်ဘူးမလား။ အဲဒါ လေးထောင်တောင် လေးထောင်ကြီးတောင်နော်။”
“ပြေးရင်လည်း ပြေးပေါ့၊ ပုန်းလို့မှ မရတာ။ ရပါတယ်၊ ကိစ္စမရှိပါဘူး။”
ချန်ချင်းယွီ သိပ်ပြီး စိုးရိမ်ပူပန်ခြင်းမရှိချေ။ ချန်မိသားစုသည် ယခင်၌ ခြောက်လှန့်ခြင်း ခံဖူးသဖြင့် သူမကို လွယ်လွယ်နှင့် ရန်စရဲမည်မဟုတ်ပေ။ အဓိကမှာ သူမ၏မိခင်သည် ကိုယ်ထင်ပြနိုင်သည့် “သရဲမ” ဖြစ်နေသောကြောင့်ပင်။
သို့သော်ငြားလည်း ချန်ချင်းယွီ အတော်ပင် အံ့အားသင့်သွားပြီး မေးလိုက်မိ၏။
“သူ ဘာဖြစ်လို့ ပိုက်ဆံအများကြီး လိုချင်ရတာလဲ”
အဘွားကြီးကျောက် : “သူက ကြေးနန်းစာပဲ ပို့တာ၊ အသေးစိတ်တော့ မပြောထားဘူး။ ဒါပေမဲ့ နင်မသွားခင်တုန်းက သူ ပိုက်ဆံတောင်းရင် ပေးလိုက်ပါလို့ မှာခဲ့တယ်မလား။ ဒါကြောင့် ငါလည်း သူ့ကို မဆိုင်းမတွဘဲ ပေးလိုက်တာ။ သူ့ကြေးနန်းစာထဲမှာ ဂျင်ဆင်း အကြောင်း ပါနေတော့၊ သူ ဂျင်ဆင်းတွေ ရထားလို့ ထင်တာပဲ။”
ချန်ချင်းယွီ : “တကယ်လို့ တကယ်ရထားတာဆိုရင်တော့ သိပ်ကောင်းမှာပဲ။”
အဘွားကြီးကျောက်လည်း ထောက်ခံလိုက်သည်။
“ဘယ်သူက မကောင်းဘူး ပြောမလဲအေ”
ချန်ချင်းယွီ ခရီးထွက်သွားသည်မှာ ဆယ်ရက်ခန့်သာ ရှိသေးသော်လည်း အဘွားကြီးကျောက်တွင် အစီရင်ခံစရာ ကိစ္စရပ်များစွာ ရှိနေချေပြီ။
ဟူး... ချန်ချင်းယွီကား အလွန် လက်တွေ့ကျသူ ဖြစ်သည်။
အတိုင်းထက်အလွန် လက်တွေ့ကျလွန်းလှ၏။
ထို့ကြောင့် သူမသည် ချန်ချင်းယွီကို မသိနားမလည်သူ တစ်ယောက်ကဲ့သို့ တစ်ခါမျှ မဆက်ဆံဖူးချေ။ ချန်ချင်းယွီသည် မိသားစု၏ ဥစ္စာစောင့် နတ်မင်းကြီးပမာ ရိုရိုသေသေ ဆက်ဆံရမည့်သူ ဖြစ်နေသည် မဟုတ်လော။
“ပြီးတော့... မနေ့ကတစ်နေ့က ရှောင်ထောင်းက ငါ့ဆီလာပြီး နိုင်ငံခြားငွေလဲလက်မှတ်တွေ အများကြီး လာလဲသွားတယ်အေ့။ ငါလည်း အကုန်လဲပေးလိုက်တာပဲ။ အဲဒါတွေ ဒီမှာရှိတယ်၊ တစ်ချက်လောက် စစ်ကြည့်ဦး၊ ပြဿနာရှိမရှိ။”
ချန်ချင်းယွီသည် အရေးပေါ်သုံးရန်အတွက် အိမ်တွင် ငွေသားအချို့ ထားလေ့ရှိပြီး အဘွားကြီးကျောက်သည်လည်း ထိုငွေများထားသည့်နေရာကို သိရှိထား၏။ အရေးကြီးသည့် ကိစ္စရပ်များတွင်မူ သူမသည် ဘယ်သောအခါမှ ပေါ့ဆတတ်သူ မဟုတ်ပေ။ သူမ ဆက်၍ ဆိုလိုက်သည်။
“ရှောင်ထောင်းပြောတာတော့ လူတစ်ယောက်က မိသားစုလိုက် နိုင်ငံခြားထွက်မလို့ သူ့မှာရှိတဲ့ စုဆောင်းငွေတွေအကုန် ထုတ်ရောင်းတာတဲ့၊ အဲဒါကြောင့် သူ့ဆီမှာရှိတဲ့ နိုင်ငံခြားငွေလဲလက်မှတ်တွေကို အကုန်လာရောင်းသွားတာ။ အေ့... ငါတို့ဆီမှာ နေရထိုင်ရတာ ဒီလောက်အဆင်ပြေနေတာကို လူတွေက ဘာဖြစ်လို့ နိုင်ငံခြားပဲ ထွက်ချင်နေကြတာပါလိမ့်။”
အဘွားကြီးကျောက်တစ်ယောက် နားမလည်နိုင် ဖြစ်နေရှာသည်။ သူမသည် နှုတ်သီးကောင်းလျှာပါး ဦးနှောက်မရှိသကဲ့သို့ နေတတ်သူ ဖြစ်သော်လည်း မျိုးချစ်စိတ် ရှိရှာ၏။
သို့သော်ငြားလည်း လူတစ်ဦးချင်းစီ၏ အတွေ့အကြုံချင်းမူ မတူညီကြချေ။ အဘွားကြီးကျောက်မှာ သာမန်ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းလာသည့် သာမန်လူတစ်ဦးသာ ဖြစ်၏။ သူမ၏ ဘိုးဘေးဘီဘင်များမှာ ဆင်းရဲမွဲတေလှသည့် လယ်သမားများ ဖြစ်ကြသဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း လှိုင်းတံပိုးများကြားတွင် သူမတို့ ခံစားခဲ့ရခြင်း သိပ်မရှိလှပေ။ ယခုအခါ ကောင်းမွန်သော လူနေမှုဘဝကို ပိုင်ဆိုင်လာရသဖြင့် သူမအနေဖြင့် ဝမ်းမြောက်မဆုံး ဖြစ်နေသည်မှာ ဓမ္မတာပင်။ သို့သော် အချို့သူများမှာမူ ထိုသို့မဟုတ်ကြချေ။ သူတို့၏ လူတန်းစားနောက်ခံနှင့် အတိတ်မှခါးသီးသော အတွေ့အကြုံများကြောင့် ရင်ထဲ၌ တကယ်ကို ထိတ်လန့်ကြောက်ရွံ့နေကြဆဲ ဖြစ်သည်။ သူတို့ တိုင်းပြည်ကို မချစ်၍ မဟုတ်ဘဲ၊ နာကျင်မှုများစွာ ကြုံတွေ့ခဲ့ရသည့်အပြင် နောင်တွင် မူဝါဒများ ထပ်မံပြောင်းလဲဦးမည်လားဟူ၍ မရေမရာ ဖြစ်နေကြသောကြောင့် ထွက်ခွာသွားခြင်းမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုတစ်ခုသာ ဖြစ်ပေသည်။
ဤသို့သော အခြေအနေမျိုးမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းသာ ဖြစ်ပြီး၊ နောက်ထပ် နှစ်နှစ်ခန့် ကြာလျှင်မူ ဤဖြစ်စဉ်များ တဖြည်းဖြည်း နည်းပါးသွားပေလိမ့်မည်။
သို့သော်ငြားလည်း ထိုအချိန်၌ နိုင်ငံခြားသို့ အမှန်တကယ် ထွက်ခွာသွားသူ အရေအတွက်မှာ အလွန်အမင်း များပြားလှသည် မဟုတ်ပေ။ လူအများစုမှ ထွက်ခွာသူ များပြားသည်ဟု ခံစားရခြင်းမှာ ထိုသူများနှင့် ဆက်သွယ်မှု ရှိနေသောကြောင့်သာ ဖြစ်၏၊ အကယ်၍ ဆက်သွယ်မှု မရှိပါက ထိုမျှ ခံစားရမည် မဟုတ်ချေ။ ချန်ချင်းယွီသည် နိုင်ငံခြားငွေလဲလက်မှတ်များကို အမြဲတစေ ဝယ်ယူလေ့ရှိပြီး ရှောင်ထောင်းထံမှ အတော်များများ ဝယ်ယူဖြစ်ခဲ့သည်။
ရှောင်ထောင်းမှာလည်း စီးပွားရေးလုပ်ကိုင်ပြီး ပိုက်ဆံရှာနေသူဖြစ်၍ နိုင်ငံခြားငွေလဲလက်မှတ်များများ ရလေလေ၊ ဝမ်းသာအားရ လက်ခံလေလေပင်။ လိုက်လံစုဆောင်းရမည့်သူ များလာလေလေ၊ အဆက်အသွယ် ပိုမိုကျယ်ပြန့်လာလေလေ ဖြစ်ပြီး၊ မကြာမီအချိန်အတွင်းမှာပင် လူအမြောက်အမြား နိုင်ငံခြားသို့ ထွက်ခွာနေကြသည့်နှယ် ထင်မှတ်ရတော့သည်။ သို့သော် လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။
ချန်ချင်းယွီ : “သူတို့ကိစ္စတွေ ထားလိုက်ပါတော့ အမေရဲ့၊ ကျွန်မတို့နဲ့လည်း ဘာမှမဆိုင်ဘူး။ တို့တွေကတော့ လဲနိုင်သမျှကို တခြားအရာတစ်ခုခုနဲ့ပဲ လဲလှယ်ထားလိုက်ရုံပဲ။”
အဘွားကြီးကျောက်လည်း ထောက်ခံလေသည်။ အဘွားကြီးကျောက် တတွတ်တွတ်ဖြင့်
“ဟုတ်ပအေ့၊ ဒါက သိပ်ကောင်းတာပဲ။ ဘာလို့ ထွက်သွားကြမှာလဲ။ ငါ့အမြင်တော့ ဘဝက သိပ်ကောင်းလွန်းနေလို့ပဲ။”
ချန်ချင်းယွီ ပြုံး၍ ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
သို့သော်ငြားလည်း ဤအကြောင်းကို ပြောရင်းနှင့် ချန်ချင်းယွီတစ်ယောက် တွေးတောစရာ ဖြစ်လာခဲ့၏။ လောလောဆယ်တွင် ခြံဝင်းပါသည့် စစ်ဟဲယွမ် လေးဘက်ပိတ် ရှေးဟောင်းအိမ်ကြီးများကို လိုက်လံကြည့်ရှုသင့်ပြီဟု ထင်မိသည်။ ယခင်၌ ဤနေရာတွင် ဆက်နေခြင်းမှာ ပို၍ ဘေးကင်းသည်ဟု ယူဆကာ သူမ အလျင်စလို မလုပ်ခဲ့ပေ။ သို့သော် ကိစ္စရပ်တိုင်းကို ရှုထောင့်အမျိုးမျိုးမှ ကြည့်ရသည် မဟုတ်လော။
မကြာသေးမီ နှစ်များအတွင်း အချို့သူများမှာ အပြစ်မှ ကင်းစင်ခွင့် ရရှိခဲ့ကြပြီး၊ ထိုသူများမှာ ထိတ်လန့်ကြောက်ရွံ့ကာ တိုင်းပြည်မှ ထွက်ခွာရန်အတွက် မိမိတို့၏ အိမ်များကို ထုတ်ရောင်းနေကြခြင်း ဖြစ်သည်။ သို့သော် ဤလှိုင်းလုံးကြီး ဖြတ်ကျော်သွားပြီး လူတိုင်း၏ ဘဝများ တည်ငြိမ်သွားသည့်အခါတွင်မူ ဤကဲ့သို့ အိမ်အရောင်းအဝယ်မျိုး ရှိလာတော့မည် မဟုတ်ချေ။ ဘဝမှာ အဆင်ပြေချောမွေ့နေပါလျက်နှင့် မည်သူ ရုတ်တရက်ကြီး တိုင်းပြည်မှ ထွက်ခွါချင်မည်နည်း။
ထိုအချိန်ကျလျှင် ခြံဝင်းပါ စစ်ဟဲယွမ် အိမ်ကြီးများကို ဝယ်ယူချင်သော်လည်း ရောင်းမည့်သူ အနည်းငယ်သာ ရှိတော့မည်မှာ ဧကန်မုချပင်။
သူမ အကြောက်ဆုံးအရာမှာ တကယ်တမ်း အိမ်တစ်လုံး ဝယ်မည်ဆိုသည့်အခါ အိမ်ငှါးသူများစွာ ရှိနေသည့် အိမ်မျိုးနှင့် တိုးမိ၍ ရှင်းရလင်းရ ခက်ခဲမည်ကိုပင်။ သို့ဖြစ်ရာ လက်ရှိအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ပတ်ဝန်းကျင်ကို ပိုမိုလှည့်လည် ကြည့်ရှုထားခြင်းက ပို၍ ကောင်းမွန်လိမ့်မည်ဟု သူမ တွေးမိ၏။ အဓိကမှာ သူမတွင် ငွေကြေးပြတ်လပ်မှု မရှိသောကြောင့်ပင်။
ထိုသို့ တွေးတောပြီးနောက် ချန်ချင်းယွီမှာ ပြောလိုက်သည်။
“ရှောင်ထောင်းဆီ သွားလိုက်ဦးမယ်။”
အဘွားကြီးကျောက် : “ဟင်... ဘာဖြစ်လို့လဲ။”
ပြောရင်းဖြင့် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ကာ စိုးရိမ်တကြီး မေးတော့သည်။
“အဲဒီကောင်လေးက ဒီအဘွားကြီးကို လိမ်လိုက်လို့လား။”
ချန်ချင်းယွီ : “ဘာမှမဖြစ်ပါဘူး အမေရဲ့၊ သူ့ကို အိမ်ကိစ္စအချို့ စုံစမ်းခိုင်းမလို့ပါ။”
သူမ ဆက်၍ ဆိုလိုက်ကာ
“ကျွန်မ ခြံဝင်းပါတဲ့ စစ်ဟဲယွမ် အိမ်ကြီးတစ်လုံး ဝယ်ချင်လို့။”
အဘွားကြီးကျောက် : “နင်ပဲ ဒီမှာနေတာက ပိုပြီး ဘေးကင်းတယ်လို့ ပြောခဲ့တယ်မဟုတ်လား။”
ချန်ချင်းယွီ ပြုံးရင်း ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်လေ၊ ကျွန်မတို့ ဒီမှာ နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်နေလို့ရတာပဲ၊ ဒါပေမဲ့ အိမ်အသစ် ဝယ်ထားတာနဲ့ ဘာမှမဆိုင်ဘူးလေ။ ပြီးတော့ ခြံဝင်းပါတဲ့စစ်ဟဲယွမ် အများစုက အခုချိန်မှာ ပြုပြင်မွမ်းမံထားတာတွေ ရှိနေတော့၊ ဝယ်ပြီးရင်လည်း ပြန်ပြင်ရဦးမှာပဲ။ စောစောဝယ်ထားလေ ပိုကောင်းလေပေါ့။ ပြီးတော့ အိမ်ဆိုတာကလည်း ချင်ချင်း ဝယ်ချင်တိုင်း ဝယ်လို့ရတာမှ မဟုတ်တာ၊ ပတ်ပတ်လည်ကို သေချာ လိုက်ကြည့်ရဦးမှာ။”
“နင် သဘောရှိတာ လုပ်ပါအေ့။”
အဘွားကြီးကျောက်သည် ဤကဲ့သို့ မိသားစု၏ ကြီးမားသော ဆုံးဖြတ်ချက်များတွင် ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲရှာပေ။
သူမအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် လုံးဝ မဝံ့ရဲချေ။
“ဒါဆို ကျွန်မ ဟိုဘက်ကို သွားလိုက်ဦးမယ်။”
ချန်ချင်းယွီ ဆိုကာ ထွက်လာခဲ့၏။
ရှောင်ထောင်းသည် လမ်းဘေးတွင် ပစ္စည်းရောင်းချရုံတင်မကဘဲ အကျိုးဆောင်နှင့် ပွဲစားအဖြစ်ပါ လုပ်ကိုင်သူ ဖြစ်သဖြင့် ဤကဲ့သို့သော သတင်းအချက်အလက်များကို သေချာပေါက် သိရှိထားသူ ဖြစ်ပေသည်။
ရှောင်ထောင်းမှာ အိမ်၌ ညစာစားနေဆဲ ဖြစ်၏။ ချန်ချင်းယွီ ရောက်လာသည်ကို မြင်သောအခါ သူ ကပျာကယာ ခုံတစ်ခုပေးရင်း ခရီးဦးကြိုပြုလေသည်။
“အစ်မချန်... ထမင်းစားပြီးပြီလား။ ကျွန်တော့်အိမ်မှာပဲ တစ်ခါတည်း သုံးဆောင်ပါဦးလား။”
ချန်ချင်းယွီ ခေါင်းခါပြကာ
“မလိုပါဘူး၊ မင်းကို ပြောစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ...”
ချန်ချင်းယွီ ခြံဝင်းပါသည့် စစ်ဟဲယွမ် အိမ်ကြီးတစ်လုံး ဝယ်ချင်ကြောင်း ဆိုလာလိမ့်မည်ဟု ရှောင်ထောင်း တစ်စက်မှ မမျှော်လင့်ထားမိချေ။ သို့သော် သူ ချက်ချင်းပင် တုံ့ပြန်လိုက်၏။
“ကောင်းပါပြီ၊ ဒီကိစ္စကို ကျွန်တော့် တာဝန်ထားလိုက်ပါ။ စောင့်ကြည့်ပေးပါ့မယ်။ အိမ်ရောင်းမယ့်သူ ရှိတာနဲ့ အစ်မချန်ကို ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်။ ဒါနဲ့... လောလောဆယ် ကျွန်တော် အဆက်အသွယ် ရထားတဲ့ အိမ်တစ်လုံးတော့ ရှိတယ်၊ ဒါပေမဲ့ ခြံဝင်းပါတဲ့အိမ် မဟုတ်ဘဲ သာမန်တိုက်ခန်းဟောင်း ဖြစ်နေလို့။”
ချန်ချင်းယွီ : “ငါလည်း အလျင်မလိုပါဘူး။”
ရှောင်ထောင်း : “ဟုတ်ကဲ့ပါ၊ ကျွန်တော့်ကိုပဲ စိတ်ချလိုက်ပါ။”
ရှောင်ထောင်းသည် ဤကဲ့သို့သော အလုပ်မျိုးတွင် အလွန်ပင် စေ့စပ်ကျွမ်းကျင်သူ ဖြစ်၏။
သူ ခဏမျှ တုံ့ဆိုင်းနေပြီးမှ စကားစပ်လိုက်သည်။
“ဒါနဲ့... အစ်မချန် နှင်းဆီနီသားနဲ့ လုပ်ထားတဲ့ ပရိဘောဂတွေကော စိတ်ဝင်စားလား။ ရှေးဟောင်းပရိဘောဂတစ်စုံ ရောင်းမယ့် ဆိုင်တစ်ဆိုင်ကို ကျွန်တော် သိထားလို့။”
ယခုတစ်ခေါက်တွင်မူ ချန်ချင်းယွီ စိတ်မပါတော့ပေ။
“ငါတို့အိမ်က နှင်းဆီနီသား ပရိဘောဂတွေနဲ့ အဆင်ပြေပါ့မလား။ ပြီးတော့ ဝယ်လာရင်ကော ဘယ်မှာ သွားထားရမှာလဲ။”
ရှောင်ထောင်း တဟီးဟီးရယ်ရင်း
“ဒါလည်း ဟုတ်တာပဲ။”
ချန်ချင်းယွီအနေဖြင့် နှင်းဆီနီသားမှာ အဖိုးတန်မှန်း သိသော်လည်း လောလောဆယ်တွင် ထားစရာနေရာ မရှိသေးချေ။
ထိုကိစ္စကို နောင်မှသာ ဖြေရှင်းရပေမည်။
“ဒါဆို... ဟို ရှေးဟောင်း အိုးခွက်တွေကော စိတ်ဝင်စားလား။ အဲဒါတွေရှိတဲ့ ဆိုင်တစ်ဆိုင်ကိုလည်း သိတယ်၊ တော်တော်လေး သက်တမ်းရင့်တဲ့ ပစ္စည်းတွေလို့ ပြောတာပဲ။”
ရှောင်ထောင်း စေတနာအမှန်ဖြင့် ညွှန်းဆိုနေခြင်း ဖြစ်သည်။ အကယ်၍ သူ ညွှန်းပေးပြီး အရောင်းအဝယ်ဖြစ်ပါက ကော်မရှင်ခ ရရှိမည် ဖြစ်သဖြင့် ဤကဲ့သို့သော ကိစ္စရပ်များတွင် သူ အလွန်ပင် တက်ကြွလှ၏။
ချန်ချင်းယွီ နောက်တစ်ကြိမ် ခေါင်းခါပြပြန်ကာ
“အဲဒါတွေလည်း မလိုပါဘူး။ ငါက အဲဒီပစ္စည်းတွေအကြောင်း ဘာမှ နားမလည်ဘူးလေ။ ကိုယ်နားမလည်တဲ့ အရာတွေကို ဇွတ်သွားမကိုင်ချင်ပါဘူး၊ မဟုတ်ရင် လူလိမ်ခံရလို့ ခံရမှန်းတောင် သိမှာ မဟုတ်ဘူး။”
သူမ ရှေးဟောင်းပစ္စည်းများ ဝယ်ယူသည်ကို မြင်၍ လွယ်လွယ်ကူကူ ညာ၍ရမည်ဟု ထင်၍မရပေ။ သူမသည် တရားဝင် လမ်းကြောင်းများမှသာ ဝယ်ယူလေ့ရှိသည်။ ပုံမှန်အားဖြင့် ယိုယိ့စတိုးနှင့် ဟွားချောင်စတိုးတို့မှလွဲ၍ အခြားနေရာများကို မျက်စိထဲပင် မထည့်ချေ။ အကယ်၍ မိမိ နားမလည်သော အရာတစ်ခုကို ဇွတ်အတင်း ဝယ်ယူပါက သေချာပေါက် အလိမ်ခံရပေလိမ့်မည်။
ယခင် ဆိုခဲ့ဖူးသည့်အတိုင်း၊ ယိုယိ့စတိုးဆိုင်ရှိ ရှေးဟောင်းပစ္စည်း ဈေးနှုန်းများမှာ လူအများအတွက် မသက်သာလှဟု ဆိုရသော်လည်း သူမအတွက်မူ အသေးအမွှားမျှသာ ဖြစ်၏။ သို့ဖြစ်ရာ သူမအနေဖြင့် ပြင်ပတွင် ရှေးဟောင်းပစ္စည်း လိုက်လံရှာဖွေ စွန့်စားနေရန် မလိုချေ။ မိမိ၏ အရည်အချင်း ကန့်သတ်ချက်ကို မိမိ သိရှိခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။ ပစ္စည်းအတုများ ဝယ်မိပါက နောင်တွင် အကြီးအကျယ် စိတ်ရှုပ်ရပေလိမ့်မည်။
ထို့ကြောင့် ဘေးကင်းစိတ်ချရသည့် လမ်းကိုသာ ရွေးချယ်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
ရှောင်ထောင်း : “အစ်မချန် ပြောတာ ဟုတ်ပါတယ်။ အဲဒီဆိုင်ကလူနဲ့လည်း ကျွန်တော်က တကယ့်ကို ရင်းနှီးလှတာ မဟုတ်တော့ ရာနှုန်းပြည့် မယုံရဲဘူး။ ရှေးဟောင်းပစ္စည်းတွေကို လျှောက်မကိုင်တာပဲ ကောင်းပါတယ်။ မဟုတ်လို့ အတုကြီး မိလာရင် ကျွန်တော့်ဆီ လာပြဿနာရှာနေကြဦးမယ်။”
ချန်ချင်းယွီ ပြုံးရုံသာ ပြုံးပြလိုက်ပြီး ဟုတ်သည်မဟုတ်သည်ကို မငြင်းခုံတော့ပေ။
သူမ ပြန်သွားပြီးနောက် အဒေါ်ကြီးမေ့ သက်ပြင်းချရင်း ရေရွတ်လိုက်၏။
“ချင်းယွီလေးကတော့ တကယ်ကို ချမ်းသာသွားပြီပဲ။ အခုဆို အိမ်ဝယ်ဖို့အထိတောင် စဉ်းစားနေပြီ။”
သူမ လေသံတိုးတိုးဖြင့်
“သူ့ရဲ့ စီးပွားရေးက စားဖို့သောက်ဖို့ အဆင့်ထက်ကို အများကြီး ကျော်လွန်သွားပြီဟေ့။”
ရှောင်ထောင်း : “အပြင်မှာ ဒီစကားတွေကို လျှောက်မပြောနဲ့ဦးနော်။ ကျွန်တော်တို့မိသားစုလည်း သူတို့ကြောင့် ပိုက်ဆံအများကြီး ရှာနိုင်နေတာ။ ပါးစပ်ဖွာပြီး လူအငြိုငြင် မခံစမ်းပါနဲ့။”
အဒေါ်ကြီးမေ့ : “နင်ကများ ငါ့ကို သတိပေးနေသေးတယ်။ ငါက စကားများတတ်တယ် ဆိုပေမဲ့ ဘာပြောရမယ်၊ ဘာမပြောရဘူးဆိုတာတော့ ခွဲခြားတတ်ပါတယ်အေ့။ သူတို့အိမ်အတွက် ညစာ ချက်ပေးရလို့ ငါတို့လခ နေ့တိုင်း ရနေတာလေ။ ပြီးတော့ သူတို့အိမ်အတွက် ချက်ရင်းနဲ့ ငါတို့မိသားစုလည်း ဟင်းဖိုးတွေ အများကြီး သက်သာတာ။ ဒါတွေကို ငါမသိဘဲ နေမလား။”
ရှောက်ထောင်း : “အမေ သိရင်လည်း ပြီးတာပါပဲ။”
အဒေါ်ကြီးမေ့မှာမူ သားဖြစ်သူက သူမကို လူအ သဖွယ် ဆက်ဆံနေသည်ဟု ခံစားရသဖြင့် နှာခေါင်းတစ်ချက် ရှုံ့ကာ သီချင်းတညည်းညည်းဖြင့်သာ နေလိုက်တော့သည်။
ချန်ချင်းယွီလည်း အိမ်သို့ ပြန်ရောက်ကာ ညစာ စားသောက်လေ၏။ တစ်မိသားစုလုံး စုံစုံလင်လင် ရှိနေသဖြင့် အိမ်ကြီးမှာ သိသိသာသာ ပိုမိုစည်ကား သက်ဝင်နေသည်ဟု ဆိုရပေမည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ချန်ချင်းယွီကို ဖက်လဲတကင်းဖြင့် မကြာသေးမီ ဖြစ်ပျက်ခဲ့သမျှ ကိစ္စအဝဝကို တတွတ်တွတ် ပြောပြနေကြတော့သည်။
ရှောင်ကျား : “မေမေ... သိလား။ အလယ်ဝင်းထဲက ဒေါ်လေးရှောင်ချွေ ပြန်ရောက်နေတယ်နော်။”
ချန်ချင်းယွီ : “အေးအေး၊ မေမေ ဒီနေ့ပဲ တွေ့ခဲ့တယ်။”
အဘွားကြီးကျောက် : “နင် တွေ့ခဲ့တယ်ဟုတ်လား။”
ချန်ချင်းယွီ : “ဟုတ်တယ်၊ ယွမ်ဟောက်ယွဲ့နဲ့ အတူတူ တွေ့ခဲ့တာ။ ဟောက်ယွဲ့က သူမကို ကျောပိုးအိတ်အကြီးကြီးတစ်ခု ကမ်းပေးနေတာလေ။”
အဘွားကြီးကျောက် : “အဲဒီကောင်မလေးနှစ်ယောက် အပြင်မှာ အတူတူ စျေးသည်လုပ်နေကြတာ ထင်တယ်။ ပစ္စည်း သွားပို့တာ ဖြစ်လိမ့်မယ်။ နင်သိတဲ့အတိုင်း ဟောက်ယွဲ့က သူ့အိမ်နဲ့ အဆင်ပြေတာ မဟုတ်ဘူးလေ။ အခု ရှောင်ချွေ ပြန်ရောက်လာတာနဲ့ ဘယ်လိုကနေ ဘယ်လို ပေါင်းမိသွားကြလဲ မသိပါဘူး။”
ချန်ချင်းယွီ : “ယွမ်ရှောင်ချွေက နောက်ဆုံးတော့ ကျေးလက်ကနေ ပြန်လာနိုင်ခဲ့ပြီပေါ့။ အခု သူ ဒီမှာပဲ ပြန်နေတော့မှာလား။”
အဘွားကြီးကျောက် ခေါင်းခါပြရင်း ဆိုလေသည်။
“ဒီမှာ ပြန်နေဖို့ မဟုတ်ပါဘူးအေ့။ သူ မထွက်သွားခင်တုန်းက ယွမ်မိသားစုကို အကြီးအကျယ် လိမ်ဆင်ဆင်သွားတာလေ၊ ဘယ်လိုလုပ်ပြီး ပြန်လာရဲတော့မှာလဲ။ ကြားရသလောက်တော့ ပြင်ပမှာ အိမ်ငှားနေတာတဲ့။ သူ့အဖေကို တွေ့ဖို့ တစ်ခေါက်ပဲ အိမ်ပြန်လာတာကို၊ ယွမ်မိသားစုက သူ့ကို မျက်နှာသာ လုံးဝမပေးဘူး။”
ချန်ချင်းယွီ : “အပေါ်ယံ အားနာမှုလေးတောင် မပြကြဘူးလား။”
“ဟူး... ပြစရာလားအေ့။ ကွမ်ထင်းထင်းက သူ့ကို အိမ်ပေါ်ကနေ မောင်းချလိုက်တာလေ။ နင်လည်း သိတဲ့အတိုင်း ကွမ်ထင်းထင်းဆိုတာ ယွမ်ရှောင်ချွေနဲ့ ဘာမှပတ်သက်တာလည်း မဟုတ်ဘူး၊ ဘာလို့ ဝင်ပါရတာလဲ မသိပါဘူး။ ကျောက်ရုံ အချုပ်ထဲ ရောက်သွားကတည်းက အဲဒီအိမ်မှာ ကွမ်ထင်းထင်းကပဲ အိမ်ဦးနတ် လုပ်နေတော့တာ၊ ဇာတ်ဆရာမကြီး ထင်နေတာလေ။”
ချန်ချင်းယွီ : “သူက နဂိုကတည်းက တစ်မျိုးကြီးပဲ မဟုတ်လား။ မထူးဆန်းပါဘူး။”
ဥပမာအားဖြင့် ဆိုရသော် သာမန်အမျိုးသမီးတစ်ဦးသည် မိမိ၏အမျိုးသားကို အခြားအမျိုးသမီးတစ်ဦးနှင့် အတူအိပ်ခွင့် ပြုပါမည်လော။ ဘယ်သောအခါမှ ပြုမည်မဟုတ်ချေ။ သို့သော် ကွမ်ထင်းထင်းမှာမူ ထိုအရာကို ဂရုမစိုက်သည့်အပြင် မိသားစုအတွက် အကျိုးအမြတ် ဖန်တီးပေးနိုင်သရွေ့ မည်သည့်အရာမဆို ဖြစ်နိုင်သည်ဟု ယူဆထားသည်။
သို့သော် သူမသည် ယွမ်ဟောက်ဖုန်းကို လုံးဝ ဂရုမစိုက်ဘူးဟု ပြောလျှင်လည်း မမှန်ပြန်ပေ… ထို့ကြောင့်ပင် သူမ၏ စရိုက်သည် ဆန်းကြယ်နေခြင်း ဖြစ်၏။
ချန်ချင်းယွီလည်း ထိုအချက်ကို နားမလည်နိုင်ပေ။
ထို့နောက် ချန်ချင်းယွီသည် သူမ၏ လမ်းခရီးတစ်လျှောက် ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြရာ၊ အဘွားကြီးကျောက်မှာ အလွန်ပင် အံ့အားသင့်သွားရပြီး တောက်တခေါက်ခေါက်ဖြင့် ကျိန်ဆဲနေတော့သည်။
မည်သို့ပင်ဖြစ်စေ၊ ချဲယုံချန်းတို့တစ်စု ကံဆိုးမိုးမှောင်ကျသွားခြင်းသည်သာ ကံကောင်းသည်ဟု ဆိုရပေမည်။
ချန်ချင်းယွီတို့ တစ်မိသားစုလုံး စကားဖောင်ဖွဲ့နေကြသည့် အသံဗလံများကို ယွမ်ဟောက်ရွှယ်တစ်ယောက် အလုပ်မှပြန်လာချိန်တွင် ကြားလိုက်ရသဖြင့် စိတ်ထဲ၌ ပို၍ပင် မချမ်းမမြေ့ ဖြစ်သွားရတော့သည်။ အိမ်တွင် ကိစ္စရပ်ပေါင်းစုံ တောက်လျှောက်ဖြစ်ပွားနေခဲ့သဖြင့် သူမ၏ ယခင် တည်ငြိမ်အေးဆေးပြီး မာနထားတတ်သည့် ဟန်ပန်များ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်၏။
သူမသည် ချန်ချင်းယွီတို့အိမ်၏ အနောက်ဘက်ပြတင်းပေါက်ဆီသို့ မကျေမနပ် လှမ်းကြည့်လိုက်မိပြီး၊ စိတ်ထဲတွင် ချန်ချင်းယွီကို တကယ်ပင် မနာလိုဖြစ်နေမိသည်။
‘သူက ဘာဖြစ်လို့ ဒီလောက်အဆင်ပြေပြေ နေနိုင်ရတာလဲ။’
စိတ်ထဲတွင် မကျေမချမ်းဖြစ်နေသော်လည်း ယွမ်ဟောက်ရွှယ်တစ်ယောက် ဘာမှမလုပ်ရဲချေ။ မိမိမိသားစု၏ လက်ရှိအခြေအနေနှင့်ဆိုလျှင် သူမအနေဖြင့် မဆင်မခြင် ပြုမူ၍မရမှန်း သိနေ၏။ သူမ တကယ်ကို စိတ်အာရုံနောက်ကျိနေရသော်လည်း ဤအိမ်တွင် စိတ်ညစ်နေရသူမှာ သူမတစ်ယောက်တည်းတော့ မဟုတ်ပေ။
ယွမ်ဟောက်မင်လည်း အိမ်သို့ ပြန်ရောက်နေပြီဖြစ်ပြီး မျက်နှာမှာလည်း အမြဲတမ်း ပုတ်သိုးနေတတ်သည်။ သူ ပန်းသေပန်းညှိုး ဖြစ်နေသည့် သတင်းမှာ တစ်ရပ်ကွက်လုံး အနှံ့အပြား သတင်းမွှေးနေခဲ့ပြီဖြစ်ရာ၊ လူတိုင်း သိရှိနေကြသဖြင့် သူ့မှာ စိတ်ချမ်းသာစရာ အကြောင်း ရှိမည်လော။ ဘယ်လိုမှ မရှိနိုင်ချေ။
အိမ်တွင်းရှိ လေထုမှာ အလွန်ပင် မွန်းကျပ်လှပေသည်။ ယွမ်ဟောက်ဖုန်း သူ့ညီမငယ်ကို ကြည့်ကာ
“ဟောက်ယွဲ့... နင် အခုတလော ဘာဖြစ်လို့ ယွမ်ရှောင်ချွေနဲ့ အမြဲတမ်း တွဲနေရတာလဲ။ အဲဒီမိန်းမက ဘာကောင်းတဲ့အကောင်မမို့လို့လဲ၊ နင်မေ့သွားပြီလား။ အဖေနဲ့အမေရဲ့ ဘဝကို ဖျက်ဆီးပစ်တာ အဲဒီမိန်းမပဲလေ။ နင်က ဘာလို့ ဒီလောက် အသိတရားကင်းမဲ့ပြီး သွားပတ်သက်နေရတာလဲ။”
ယွမ်ဟောက်ယွဲ့ : “သမီးဘာသာ တွဲတာ၊ အစ်ကိုနဲ့မဆိုင်ဘူး၊ ကိုယ့်အလုပ်ကိုယ်လုပ်။”
“နင်က စကားကို ဘယ်လိုပြောလိုက်တာလဲ။ ငါက နင် အနာတရဖြစ်မှာ စိုးလို့ စိတ်ပူပြီး ပြောတာလေ။”
“မလိုပါဘူး။ ကိုယ့်အလုပ်ကိုယ်ပဲ ကြည့်စမ်းပါ။ အစ်ကိုက လီလင်းလင်းကို ညီမအရင်းလို အမွှန်းတင်ထားလိုက်တာနဲ့ပဲ လူတိုင်းက အစ်ကို့ကို အပြစ်ကင်းစင်တယ်လို့ ယုံကြည်သွားမယ် ထင်နေလား။ ကိုယ့်အရှုပ်ထုပ်ကိုယ် အရင်ရှင်းပါဦး၊ မဟုတ်လို့ တခြားလူက သွားတိုင်လိုက်ရင် ထောင်ထဲ ရောက်သွားဦးမယ်။ မိသားစုကတော့ ထပ်ပြီး သိက္ခာမကျချင်တော့ဘူး။ သမီးကိစ္စထဲ ဝင်မပါနဲ့၊ သမီးဘာလုပ်လုပ် အစ်ကိုနဲ့ ဘာမှမဆိုင်ဘူး။”
ထိုအခါ ကွမ်ထင်းထင်း မကျေမနပ်ဖြင့် ဝင်ပြောလေသည်။
“နင်က နင့်အစ်ကို့ကို ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောနေတာလဲ။ သူက နင့်ကောင်းကျိုးအတွက် ပြောတာလေ။ အစ်ကိုဖြစ်သူကို ဒီလိုစကားမျိုး ပြောရသလား။ နင့်မှာ လူကြီးမိဘအပေါ် ရိုသေလေးစားစိတ် မရှိဘူးလား။”
ယွမ်ဟောက်ယွဲ့ မျက်လုံးတစ်ချက် ပင့်ကြည့်လိုက်ရင်း
“နင်က ဘာလူကြီးမို့လို့လဲ။ အစ်ကိုအရင်းဖြစ်တဲ့သူတောင် ငါ့ကို လာဆရာလုပ်ဖို့ အရည်အချင်းမရှိဘူး၊ နင်က ဘာကောင်မမို့လို့ လာပြောနေတာလဲ။”
သူမသည် ထမင်းပန်းကန်ကို ချလိုက်ပြီး
“နင်တို့မျက်နှာတွေကို ကြည့်ရတာနဲ့တင် ထမင်းမဆာတော့ဘူး၊ တကယ် စိတ်ပျက်ဖို့ကောင်းတယ်။”
ဟောက်ရွှယ်နှင့် သူမလည်း အဆင်မပြေကြသည့်အပြင် ဤယောင်းမဖြစ်သူကပါ ဘေးမှ တစ်ဖက်သတ် ဝင်ပါနေသဖြင့် ဟောက်ယွဲ့မှာ ၎င်းကို ပို၍ပင် စိတ်ပျက်မိတော့သည်။
“နင်... ဒီကောင်မစုတ်ကတော့ ဘာဖြစ်နေတာလဲ...”
“ပါးစပ်ပိတ်ထားစမ်း။ နင်က ဘယ်သူ့ကို ကောင်မစုတ်လို့ ခေါ်နေတာလဲ။ နင်ကော ဘာအမျိုးကောင်းသမီးမို့လို့လဲ။ နင်က အိမ်ရဲ့ အိမ်ဦးနတ်လုပ်ပြီး ငါတို့ခေါင်းပေါ် လာနင်းချင်နေတာလား။ နင်က ဘာကောင်မို့လို့လဲ၊ ဖာသည်မရဲ့။”
ယွမ်ဟောက်ယွဲ့သည် တံတွေးတစ်ချက် ထွေးလိုက်ပြီး အပြင်သို့ ထွက်ခွါသွားခဲ့၏။
“နင်... အဖေ၊ ကြည့်ဦး အဲဒီသမီးကို...”
“တော်စမ်း၊ မင်းတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါမကြားချင်ဘူး။”
ယွမ်ဟောက်မင်သည် အခုတလော စိတ်ဓာတ်ကျနေသဖြင့် မည်သည့်ကိစ္စကိုမျှ ဝင်ရောက်မပတ်သက်ချင်တော့ပေ။
ယွမ်ဟောက်မင် ဝင်ရောက်မဖြေရှင်းသဖြင့် အိမ်တွင်းရှိ လေထုမှာ ပိုမိုမွန်းကျပ် လေးလံလာခဲ့၏။
ကွမ်ထင်းထင်း သက်ပြင်းတစ်ချက်ချကာ
“ဟောက်ရွှယ်... နင်လည်း အသက်ငယ်တာ မဟုတ်တော့ဘူး။ အိမ်ထောင်ဖက်ရှာဖို့ ကိစ္စကို ဘယ်လိုစဉ်းစားထားလဲ။ ငါ နင့်အသက်အရွယ်တုန်းကဆို အိမ်ထောင်ကျနေပြီ။ နင်က အမြဲတမ်း ဒီလိုပဲ စိတ်မဝင်စားသလို နေလို့မရဘူးလေ။ မိန်းမတစ်ယောက်ရဲ့ ရွှေရောင်ကာလဆိုတာ နှစ်အနည်းငယ်ပဲ ရှိတာ။ အသက်ကြီးသွားရင် ရှာရတာ ပိုခက်လိမ့်မယ်။”
သူမ ခေတ္တမျှ ရပ်လိုက်ပြီးမှ
“ငါ့အစ်မက ဟောင်ကောင်က စီးပွားရေးသမားတစ်ယောက်ကို သိတယ်။ ကြားရသလောက်တော့ အရမ်းချမ်းသာတယ်တဲ့။ တကယ်လို့ နင်စိတ်ဝင်စားရင် ငါ့အစ်မကို မိတ်ဆက်ပေးခိုင်းမယ်လေ။ ပိုက်ဆံတော့ အရမ်းရှိတယ်၊ ဒါပေမဲ့ အသက်ကတော့ နည်းနည်းကြီးတယ်။ ဒါပေမဲ့ ရှုထောင့်တစ်ခုကကြည့်ရင် နင်အရင်က တွဲခဲ့တဲ့ ဒုစက်ရုံမှူးဟယ်လည်း အသက်ငယ်တာမှ မဟုတ်တာ။ အခြေအနေကောင်းတာက ဘာထက်မဆို ပိုကောင်းတယ် မဟုတ်လား။ နင်က ရှီရှောင်ဝေနဲ့တော့ တွဲမှာမဟုတ်ဘူးမလား။ သူက အလုပ်အကိုင် အတည်တကျရှိတယ် ဆိုပေမဲ့ သူ့အိမ်ထဲဝင်ဖို့က ခက်ခဲလွန်းတယ်။ ပြဿနာတွေက များလွန်းလို့။ သူ့အမေကလည်း လူကောင်းမဟုတ်ဘူး။ သူကိုယ်တိုင်ကလည်း ဘာအရည်အချင်းမှ မရှိဘူး။ ငါ့အမြင်တော့ သူနဲ့မထိုက်တန်ပါဘူး။”
ယွမ်ဟောက်ရွှယ် ပြတ်ပြတ်သားသား ဆိုလိုက်သည်။
“ကျွန်မကတော့ သူ့ကို မျက်စိထဲတောင် ထည့်မှာမဟုတ်ဘူး။”
“အဲဒါပေါ့... ဒါပဲ မဟုတ်လား။”
ကွမ်ထင်းထင်း သွေးဆောင်ဖျားယောင်းသည့် လေသံဖြင့်
“အခြေအနေကောင်းတဲ့လူကို ရှာတာက ဘာထက်မဆို ပိုကောင်းပါတယ်။ နင့်အတွက် နောင်ရေး စိတ်အေးရတာပေါ့။ ငါတို့ ဟို ဟယ်ဆိုတဲ့လူကို ပြတ်ပြတ်သားသား ပြလိုက်ရမယ်၊ သူ မရှိလည်း နင် ကောင်းကောင်းမွန်မွန် နေနိုင်တယ်ဆိုတာ။ သူက ဘာကောင်မို့လို့လဲ။”
ထိုအခါ ယွမ်ဟောက်ရွှယ် စိတ်ထဲတွင် ကသိကအောက် ဖြစ်သွားရသည်။
သူမသည် ထိုသူ၏ ငွေကြေးဓနနောက်ခံကို မက်မောခဲ့ခြင်း ဖြစ်သော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ သံယောဇဉ် တွဲညှိမိခဲ့သည်မှာ အမှန်ပင်။ လူ့သဘာဝအရ အောင်မြင်ကျော်ကြားသူများအပေါ် စိတ်ဝင်စားမိတတ်ကြသည် မဟုတ်လော။ ယွမ်ဟောက်ရွှယ်သည် ဒုစက်ရုံမှူးဟယ်အပေါ် သံယောဇဉ်ရှိခဲ့သော်လည်း ကိစ္စရပ်များ ဤသို့ ဖြစ်ပျက်သွားလိမ့်မည်ဟု တစ်ထပ်မှ မမျှော်လင့်ခဲ့မိချေ။
ယခုအခါ သူသည် စက်ရုံတွင် မရှိတော့ပေ။
ယွမ်ဟောက်ရွှယ် သူ့ကို လိုက်လံရှာဖွေရန် ကြိုးပမ်းခဲ့သော်လည်း၊ နောက်ဆုံးတွင် သူမအနေဖြင့် သူဘယ်မှာ နေထိုင်မှန်းပင် မသိရှိကြောင်း သဘောပေါက်သွားခဲ့၏။ သူတို့ ခဏခဏ သွားလေ့ရှိသည့် နေရာများမှာ သူ့အိမ်အစစ် မဟုတ်ဘဲ ယာယီတည်းခိုသည့် နေရာများသာ ဖြစ်နေခဲ့သည်။
ဒုစက်ရုံမှူးဟယ်နှင့် ကြုံတွေ့ပြီးနောက်တွင်မူ သူမသည် ရှီရှောင်ဝေကဲ့သို့သော လူမျိုးကို ပို၍ပင် အထင်သေးမိတော့သည်။
သူမသည် သေချာပေါက် အလားအလာကောင်းသည့် လူမျိုးကိုသာ လိုချင်သော်လည်း သူမမှာ လူအ မဟုတ်ပေ။ သို့ဖြစ်ရာ သူမ သံသယစိတ်ဖြင့်
“သူက ဟောင်ကောင် စီးပွားရေးသမားဆိုရင် ဘာဖြစ်လို့ ဒီမှာ မိန်းမလာရှာနေရတာလဲ။ ဟိုဘက်မှာ မိန်းမမရှိလို့လား။ အဲဒီလိုလူမျိုးကို ယုံလို့ရပါ့မလား။ တကယ်လို့ နောင်ကျရင် သူက ဒီအတိုင်း ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။”
ကွမ်ထင်းထင်းမှာမူ အနည်းငယ် စကားထစ်သွားသလို ဖြစ်သွားသော်လည်း ချက်ချင်းပင် ဟန်ကိုယ့်ဖို့လုပ်ကာ
“ငါက နင့်ယောင်းမပဲ၊ နင့်ကို လိမ်ပါ့မလား။ တကယ်လို့ နင်မကြိုက်ရင်လည်း ရပါတယ်။ ငါက နင့်ကို ဘဝကောင်းစေချင်လို့ ပြောတာ။ ငါ့မှာ မကောင်းတဲ့ အကြံအစည်ရှိတယ်လို့တော့ မထင်လိုက်နဲ့။”
သူမသည် ယွမ်ဟောက်ရွှယ်၏ မေးခွန်းကို တိုက်ရိုက် ပြန်လည်ဖြေကြားခြင်း မပြုခဲ့ချေ။
ယွမ်ဟောက်ရွှယ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး ကွမ်ထင်းထင်းကို အဓိပ္ပာယ်ပါပါဖြင့် စေ့စေ့ကြည့်လိုက်၏။
ကွမ်ထင်းထင်း : “နင်က ဘာအကြည့်နဲ့ ကြည့်နေတာလဲ။ ငါက နင့်ကို ဒုက္ခပေးမယ် ထင်လို့လား။ နင် အတွေးလွန်နေပြီ။ ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူးအေ့။ ငါလည်း ဟောင်ကောင်ကလူအကြောင်း သိပ်အသေးစိတ် မသိပါဘူး၊ ဒါပေမဲ့ သိတယ်ဆိုဦးတော့လည်း ဒီလောက်ဝေးတဲ့နေရာကနေ ဘယ်လိုလုပ် သွားစုံစမ်းလို့ ရမှာလဲ။ ဟုတ်မဟုတ်ဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ဘူးလေ။ ဒါကြောင့် ငါသူ့ကို ပြောပြတာ မပြောပြတာက အရေးမကြီးပါဘူး။ ငါ နင့်ကို မိတ်ဆက်ပေးမယ်။ နင်သာ အရည်အချင်းရှိရင် သူ့ကို မြဲအောင်ဆွဲထားပေါ့။ လက်ထပ်ပြီးသွားရင်တော့ သူက နင့်ကို ဒီအတိုင်း ပစ်ထားခဲ့လို့ ရပါ့မလား။ ဒါက လက်တွေ့ကျကျ စဉ်းစားတာပဲ မဟုတ်လား။ တကယ်လို့ နင်သူ့နောက်ကို လိုက်ပြီး ဟောင်ကောင်အထိ သွားနိုင်ရင်တော့ ဘဝက သေချာပေါက် ပိုကောင်းသွားမှာပဲ။ ဟိုမှာက တစ်လကို ရှစ်ရာ၊ တစ်ထောင်လောက် ရှာနိုင်တာလေ။”
ယွမ်ဟောက်ရွှယ်မှာ စဉ်းစားပါရစေဦး ဟုသာ ပြန်ပြောလိုက်သည်။
ကွမ်ထင်းထင်း ပြောသည်မှာလည်း ကြောင်းကျိုးဆီလျော်မှု ရှိနေပြီး၊ သူမအနေဖြင့် မိမိကို ဒုက္ခပေးရန် မလိုပေ။
‘ဘာပဲပြောပြော သူတို့က မိသားစုဝင်တွေပဲ မဟုတ်လား…’
သို့သော်လည်း…
‘ကွမ်ထင်းထင်းကိုယ်တိုင် အလိမ်ခံရတာမျိုးကော မဖြစ်နိုင်ဘူးလား၊ ဒါကတော့ ပြောရခက်တာပဲ’
“အဲဒီလူ နာမည်က ဘယ်သူလဲ။ ဘယ်မှာ နေတာလဲ။”
သူမ မေးလိုက်သည်။
ကွမ်ထင်းထင်း သူမကို မျက်စောင်းတစ်ချက်ထိုးကာ ခနဲ့သံဖြင့်
“နင်က ငါ့ကိုလည်း မယုံဘဲနဲ့ ဘာလို့ လာမေးနေတာလဲ။”
ယွမ်ဟောက်ရွှယ် : “ကျွန်မဘာသာ စုံစမ်းကြည့်ချင်လို့ပါ။”
“အေးအေး၊ ရတယ်လေ။”
ကွမ်ထင်းထင်း အချက်အလက်များကို ပေးလိုက်၏။
ယွမ်ဟောက်ရွှယ်သည် အချက်အလက်များကို ကပျာကယာ ရယူလိုက်ပြီးနောက် မျက်လုံးကို အသာဝေ့ကာ ခဏမျှ တွေးတောလိုက်သည်။ ထို့နောက် ညနေစောင်းတွင် ရှီရှောင်ဝေကို သွားရောက်ရှာဖွေခဲ့၏။ မျက်ရိပ်ပြလိုက်ရုံမျှဖြင့် ရှီရှောင်ဝေ သူမနောက်သို့ လိုက်ပါလာခဲ့ပြီး၊ နှစ်ဦးသား အများသုံးအိမ်သာ၏ အနောက်ဘက်သို့ ရောက်ရှိသွားကြသည်။
ရှီရှောင်ဝေ ဝမ်းသာအားရဖြင့် မေးမြန်းလေသည်။
“ဟောက်ရွှယ်... ကိုယ့်ကို ဘာကိစ္စရှိလို့ ခေါ်တာလဲဟင်။”
ယွမ်ဟောက်ရွှယ် : “ရှောင်ဝေ... ငါ့ကို လူတစ်ယောက်အကြောင်း စုံစမ်းပေးလို့ ရမလား။”
သူမ ဆက်၍ စကားနာထိုးကာ
“နင်လည်း သိတဲ့အတိုင်း ဟောက်ယွဲ့က အလုပ်အကိုင် အတည်တကျမရှိဘဲ ယွမ်ရှောင်ချွေနဲ့ သွားပတ်သက်နေတာလေ။ အဖေကော အစ်ကိုကော ဘယ်သူမှ သဘောမတူကြဘူး။ ဒါကြောင့် သူမကို ယွမ်ရှောင်ချွေနဲ့ ထပ်မရှုပ်ရအောင် အမြန်ဆုံး အိမ်ထောင်ချပေးချင်နေကြတာ။ အခု ဘေးလူတစ်ယောက်က သူမကို ဟောင်ကောင်က စီးပွားရေးသမားတစ်ယောက်နဲ့ မိတ်ဆက်ပေးနေတယ်၊ သူက...”
ယွမ်ဟောက်ရွှယ် ဆက်လက်၍
“ငါက အစ်မကြီးဖြစ်နေတော့ စိတ်မအေးနိုင်လို့ပါ။ နင် ငါ့အတွက် သူ့အကြောင်းကို သေသေချာချာလေး စုံစမ်းပေးလို့ ရမလား။ ဟုတ်မဟုတ် သိချင်လို့။ သေချာမသိရရင် ငါ စိတ်ဖြောင့်မှာ မဟုတ်ဘူး။ အမေကလည်း အထဲမှာ ရောက်နေတော့ ညီမငယ်လေးကို ဒီအတိုင်း ပစ်မထားနိုင်ဘူးလေ။”
ရှီရှောင်ဝေမှာ ထိုစကားကို ကြားရလျှင် အလွန်ပင် စိတ်လှုပ်ရှားသွားရပြီး
“မင်းက တကယ်ကို ကြင်နာတတ်တဲ့ အစ်မကောင်းတစ်ယောက်ပဲ။ မင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး မိန်းကလေးဆိုတာ ကိုယ်သိတာပေါ့။”
ယွမ်ဟောက်ရွှယ် မျက်ဝန်းလေးများ ဝိုင်းပင့်ကာ ပြုံးလျက်
“ဒါဆို နင် ငါ့ကို ကူညီပေးမှာလား။”
ရှီရှောင်ဝေ : “ကူညီရမှာပေါ့၊ ကိုယ် သေချာ စုံစမ်းပေးပါ့မယ်။ စိတ်မပူနဲ့နော်၊ မင်းအတွက် ဒီကိစ္စကို အောင်မြင်အောင် လုပ်ပေးမယ်လို့ ကတိပေးပါတယ်။”
ယွမ်ဟောက်ရွှယ် ချိုသာစွာ ပြုံးပြရင်း
“နင်က ငါ့အပေါ် အကောင်းဆုံးဆိုတာ ငါသိပါတယ်။”
ရှီရှောင်ဝေ :“ဒါဆို... တို့နှစ်ယောက်ကိစ္စကို ဘယ်တော့လောက် အများသိအောင် ဖွင့်ပြောကြမလဲဟင်။”
ယွမ်ဟောက်ရွှယ် : “တို့နှစ်ယောက်ကြားမှာ ဘာကိစ္စ ရှိလို့လဲ။ ငါတို့ကြားမှာ ဘာတွေ ဖြစ်နေလို့လဲ ရှောင်ဝေရဲ့။ နင်လည်း သိတဲ့အတိုင်း ငါတို့ အတူတူရှိနေရင် နင့်အမေက ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။ နင့်အမေရှေ့မှာ နင့်ကို မျက်နှာပျက်အောင် ငါမလုပ်ချင်ပါဘူး။ ဒီကိစ္စကို ထပ်မပြောပါနဲ့တော့။ နင် ငါ့အပေါ် သံယောဇဉ်ရှိတာ သိပေမဲ့ ငါတို့က ရေစက်မပါခဲ့ကြပါဘူး။”
“ဟောက်ရွှယ်...”
ယွမ်ဟောက်ရွှယ် : “ငါလည်း မတတ်နိုင်ဘူးလေ၊ နင့်အမေ မျက်နှာကို ငါတကယ် ရင်မဆိုင်ရဲဘူး...”
“ဒါပေမဲ့ မင်း ကိုယ့်ကို သဘောကျနေတာပဲဥစ္စာ။”
“သဘောကျတော့ကော ဘာဖြစ်လဲ။ နင့်အမေက ငါ့ကို မုန်းနေမှန်း သိရက်နဲ့ ငါ ဘယ်လိုလုပ် ရှေ့ဆက်ရဲမှာလဲ၊ မလုပ်နိုင်ပါဘူး။”
...
နှစ်ဦးသား အတန်ကြာအောင် စကားလုံးချင်း ငြိတွယ်နေခဲ့ကြပြီး၊ နောက်ဆုံးတွင် ယွမ်ဟောက်ရွှယ်သည် ရှီရှောင်ဝေကို စကားလှည့်စားကာ အိမ်သို့ အမြန်ပြန်ခဲ့၏။ ရှီရှောင်ဝေမှာမူ ရင်ထဲ၌ နာကျင်ပူဆွေးသော မျက်နှာထားဖြင့် အိမ်ထဲသို့ ဝင်လာခဲ့ပြီး၊ ဝင်ဝင်ချင်းပင် မိခင်ဖြစ်သူ အစ်မကြီးဖန်နှင့် အကြီးအကျယ် စကားများတော့သည်။ ချန်ချင်းယွီတို့ မိသားစု တီဗီကြည့်နေစဉ် လမ်းတစ်ဖက်ခြမ်းမှ ပြင်းထန်သော အငြင်းပွားသံများ ထွက်ပေါ်လာခဲ့လေ၏။
“အမလေး... ဟိုဘက်မှာ ဘာတွေ ဖြစ်ကုန်ကြတာလဲ။”
ချန်ချင်းယွိ အာမေဍိတ်ဖြင့် ညည်းတွားရင်း ချက်ချင်း အပြင်သို့ ထွက်ကြည့်လေသည်။
အဘွားကြီးကျောက် : “သေချာတယ်၊ ဟောက်ရွှယ်တစ်ယောက် နောက်တစ်ခါ ပြဿနာရှာလိုက်ပြန်ပြီ မဟုတ်လား။”
သူမသည် ပါးနပ်သော မိန်းမကြီး ဖြစ်သဖြင့် အခြေအနေကို ချက်ချင်း ရိပ်မိလိုက်ခြင်းပင်။
ယွမ်ဟောက်ရွှယ်သည် အစ်မကြီးဖန်၏ လှည့်ကွက်များနှင့် ရန်လိုမှုများကို မကျေမနပ် ဖြစ်နေခဲ့သဖြင့်၊ အသိဉာဏ် နည်းပါးလှသည့် ရှီရှောင်ဝေကို မြှောက်ပေးကာ မိခင်ဖြစ်သူနှင့် အမြဲတမ်း ရန်ဖြစ်ခိုင်းနေခြင်း ဖြစ်သည်။ ထိုအိမ်တွင် ရန်ပွဲများ ဘယ်သောအခါမျှ မစဲချေ။
အဘွားကြီးကျောက် သက်ပြင်းချရင်း
“ဟူး... ငါတော့ သူတို့ကို အကုန် အကဲခတ်မိပြီးသား။ သူတို့အိမ်ကတော့ အမြဲတမ်း ဒီလို အသေးအဖွဲ ကိစ္စတွေနဲ့ပဲ စကားများနေကြတာ။ တီဗီကြည့်ရတာကမှ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသေးတယ်။ ငါတော့ တီဗီပဲ ဆက်ကြည့်တော့မယ်။”
ချန်ချင်းယွီမှာမူ အပြင်တွင် စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။
“ဒီလိုသားမျိုး ရထားတဲ့ မိသားစုကတော့ တကယ့်ကို ကံဆိုးတာပဲ။”
ရှီကျန့်ရှန်း နေကြာစေ့ကို ကိုက်ရင်း တတွတ်တွတ် ညည်းတွားလေသည်။
အမှန်အတိုင်း ပြောရလျှင် သူမ၏ သားသုံးယောက်စလုံးမှာ လိမ္မာရေးခြား ရှိကြ၏။ ဤအချက်တွင် ရှီကျန့်ရှန်းတစ်ယောက် အတော်ပင် ဂုဏ်ယူဝါကြွားနေမိတော့သည်။
ချန်ချင်းယွီ : “...”
ဤသည်မှာ ဝင်းကြီးအတွင်းရှိ နေ့စဉ်လူနေမှုဘဝ၏ သဘာဝပင် ဖြစ်သည်။ တစ်နေ့တစ်နေ့ အငြင်းပွားလိုက်၊ ရန်ဖြစ်လိုက်နှင့် မည်သည့်အရာမျှ ရေရေရာရာ မရှိဘဲ ဘေးလူအတွက် ဖျော်ဖြေရေးပွဲကြီးတစ်ခုပမာ ဖြစ်နေ၏။ အစ်မကြီးဖန်မှာမူ ရှိုက်ကြီးတငင် ငိုကြွေးနေရှာသော်လည်း၊ မိမိစကားကို နားမထောင်သည့် သားဖြစ်သူကြောင့် အဘယ်တတ်နိုင်ဦးမည်နည်း။
ရှီရှန်းမှာမူ တံခါးဝတွင် ဆောင့်ကြောင့်ထိုင်ကာ စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ဆေးလိပ်ကို တရှူးရှူး သောက်နေရှာသည်။
ချန်ချင်းယွီအနေဖြင့် ရှီရှန်းကို သနားစိတ် မရှိပေ။
‘အခုကျမှ လာပြီး စိတ်ပူပြနေတာလား။ အရင်တုန်းကကော ဘယ်ရောက်နေလို့လဲ။’
ယခင်၌ မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ဘဲ၊ ယခုကျမှ လာပြီး ဟန်ဆောင်ပြနေခြင်း ဖြစ်၏။
‘စောင့်ရုံသာ စောင့်ကြည့်လိုက်စမ်းပါ၊ သူ့အိမ်က နောက်ထပ် ပြဿနာတွေ အများကြီး တက်ဦးမှာ။’
‘ရှီရှောင်ဝေတစ်ယောက် အိမ်ထောင်ဖက်ရှာဖို့ တကယ့်ကို ခက်ခဲသွားတော့မှာပဲ။’
‘ဘယ်မိန်းကလေးကများ သူများရဲ့ ခိုင်းဖတ်၊ ညွှန်ကြားသမျှပဲ လုပ်တတ်တဲ့ ယောက်ျားမျိုးကို ယူချင်ပါ့မလဲ။’
ချန်ချင်းယွီမှာ ထိုမိသားစုအပေါ် လုံးဝ မျှော်လင့်ချက် မရှိတော့သည့်အလား နှာခေါင်းတစ်ချက် ရှုံ့လိုက်မိ၏။
ချန်ချင်းယွီ ထိုရုတ်ရုတ်သဲသဲ အခြေအနေကို ခဏမျှ ရပ်ကြည့်ပြီးနောက် အိမ်သို့ ပြန်လာခဲ့ကာ ဘေးလူတွေ ဘာလုပ်လုပ် ဂရုမစိုက်တော့ချေ။ တစ်ချက်ကြည့်လိုက်လျှင်... အဘွားကြီးဟွမ်နှင့် ကျန်းရှင်းဖှတို့ တစ်စု ကံဆိုးမိုးမှောင်ကျသွားကတည်းက ချန်ချင်းယွီအပေါ် ရန်လိုစောင်းမြောင်းကြည့်သည့် အကြည့်များမှာ သိသိသာသာ နည်းပါးသွားခဲ့ပြီ ဖြစ်သည်။
ယခင်၌ သူမတို့မိသားစု၏ ဝင်ငွေကောင်းမှုကြောင့် အချို့သူများမှာ မနာလို ဝန်တိုဖြစ်ခဲ့ကြသည် မဟုတ်လော။ ဘာပဲပြောပြော မည်သူမဆို ဘဝကို ပိုမိုအဆင်ပြေပြေ မနေချင်ဘဲ ရှိမည်နည်း။ ၎င်းအပြင် ချန်ချင်းယွီသည်လည်း အိမ်ထောင်မရှိသေးသည့် အမျိုးသမီးငယ်တစ်ဦးမျှသာ ဖြစ်သည်။
အဘွားကြီးကျောက်တွင် အတိုင်းအတာတစ်ခုအထိ ဩဇာအာဏာ ရှိသည်ဆိုဦးတော့၊ အချို့သူများ ရင်ထဲ၌ မကျေမနပ်ဖြစ်ကာ ရန်ငြိုးမွေးနေကြဆဲပင်။
သို့သော်လည်း အဘွားကြီးဟွမ်နှင့် ကျန်းရှင်းဖှတို့၏ ကံဆိုးမှုကြီးက လူတိုင်းကို ရုတ်တရက် သတိဝင်လာစေခဲ့၏။
‘အချို့လူတွေက တကယ်ကို သွားပတ်သက်လို့မရတဲ့ လူမျိုးတွေပဲ။’
‘တကယ်ပါပဲ... သူတို့ကို လုံးဝ သွားပြီး မကစားရဲတော့ဘူး။’
‘သူတို့နဲ့ သွားပတ်သက်မိတာနဲ့တင် ကံဇာတာ နိမ့်ပါးသွားတာ၊ တကယ့်ကို နိမိတ်မကောင်းတဲ့ အမင်္ဂလာကောင်တွေပဲ။’
သို့သော်ငြားလည်း လူတိုင်းမှာ ဤသို့ ရင်ထဲ၌သာ တွေးရဲကြပြီး၊ အပြင်ထွက်၍ ပြဿနာရှာမည့် စကားမျိုးကိုမူ မဟရဲကြချေ။ မည်သို့ဆိုစေကာမူ လူတိုင်း ထိုကဲ့သို့သော ဆန်းကြယ်ထူးဆန်းသည့် အရာများကို ကြောက်ရွံ့ကြသည်သာ။ ချန်ချင်းယွီတို့အိမ်မှာ တကယ် သရဲခြောက်နေခြင်းလည်း ဖြစ်နိုင်သည်သာ…
တကယ့်ကို ထိတ်လန့်စရာပင်။
ချန်ချင်းယွီခမျာ လူတိုင်း၏ စိတ်ကူးအတွေးများကို မသိရှိဘဲ သူမ၏ နေ့စဉ်ဘဝကို ပုံမှန်အတိုင်းသာ ဖြတ်သန်းနေခဲ့သည်။
အချိန်ကာလ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ၊ ချန်ချင်းယွီသည်လည်း လမ်းဘေး စျေးသည်ကုန်သည်များ အဖွဲ့အစည်းအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့၏။ ၎င်းပြင် သူတို့ဒေသတွင်လည်း ကုန်သည်များ အတော်ပင် များပြားလာခဲ့ပြီ ဖြစ်သည်။
‘ပိုက်ဆံရှာရတာကို ဘယ်သူက မမက်မောဘဲ ရှိမလဲနော်…’
အခြားသူများ စျေးဆိုင်ထွက်လာကြသည်နှင့်အမျှ သဘာဝကျစွာပင် အမြတ်အစွန်း လိုချင်ကြသည်မှာ ဓမ္မတာပင်။
ချန်ချင်းယွီသည် အဝတ်အထည်များကို ဆက်လက်ရောင်းချနေခဲ့သော်လည်း ခြံဝင်းပါသည့် စစ်ဟဲယွမ် ရှေးဟောင်းအိမ်ကြီးကိုမူ ရှာမတွေ့သေးပေ။
ရှောင်ထောင်းမှာ စစ်ဟဲယွမ် အိမ်ကြီးများကို မျက်စိဒေါက်ထောက် ကြည့်ပေးနေသည် ဆိုသော်ငြားလည်း၊ အိမ်ဆိုသည်မှာ သာမန်ပစ္စည်းမျိုး မဟုတ်သဖြင့် ကောင်းမွန်သည့် အိမ်မျိုးနှင့် တိုးရန် မလွယ်ကူလှပေ။
စစ်ဟဲယွမ်အိမ်ကြီးကို ရှာမတွေ့သေးသော်လည်း အခြားအရာတစ်ခုနှင့်မူ လမ်းကြုံခဲ့သည်။
ယွီမေကျွမ်း ပြန်ရောက်လာခဲ့ပြီ ဖြစ်၏။
သူမသည် ချန်ချင်းယွီထံမှ ငွေငါးထောင်တိတိ ယူဆောင်သွားခဲ့သော်လည်း၊ ပိုက်ဆံယူ၍ ထွက်ပြေးသွားခြင်းမျိုး မရှိခဲ့ချေ။ သူမသည် အထုတ်အပိုးအကြီးကြီးတစ်လုံးကို သယ်ဆောင်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြန်လာခဲ့ပြီး ချန်ချင်းယွီထံသို့ တန်းတန်းမတ်မတ် လာခဲ့၏။ ထိုအချိန်တွင် ချန်ချင်းယွီသည်လည်း ဆိုင်သိမ်း၍ ပြန်လာချိန်ဖြစ်ရာ နှစ်ဦးသား တံခါးဝတွင် ဆုံမိကြသည်။ ယွီမေကျွမ်း ဝမ်းသာအားရဖြင့် အော်ပြောလေ၏။
“ချန်ချင်းယွီ... ငါ ဒီတစ်ခေါက်တော့ နင့်ရဲ့ မျှော်လင့်ချက်တွေကို တကယ် အပျက်မခံခဲ့ဘူး။ လာလာ... ငါဝယ်လာတဲ့ ပစ္စည်းကောင်းတွေကို ပြမယ်။ ငါပြောသားပဲ... ငါ့ကို ယုံတာ လုံးဝမှန်တယ်လို့။ ဟီးဟီး…”
လွန်ခဲ့သည့်တစ်ခေါက် ကံဆိုးလွန်း၍ အလိမ်ခံရလုနီးပါး ဖြစ်ခဲ့ရသည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင်၊ ယခုတစ်ခေါက်တွင်မူ ယွီမေကျွမ်းသည် တကယ်ကို အောင်မြင်မှု ရရှိခဲ့သည်ဟု ဆိုရမည်။ သူမ၏ ဟန်ပန်အမူအရာပင် သိသိသာသာ ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်သည်။
ချန်ချင်းယွီသည်လည်း သူမ၏ အတွေ့အကြုံကို အတော်ပင် စိတ်ဝင်စားသွားသဖြင့် အိမ်ထဲသို့ ခေါ်ဆောင်လာခဲ့ပြီး မေးမြန်းလိုက်၏။
“ဘယ်လိုလဲ၊ အခြေအနေ အဆင်ပြေရဲ့လား”
ယွီမေကျွမ်း :“ဒီတစ်ခေါက် ငါတို့သွားခဲ့တဲ့ နေရာက သိပ်ကောင်းတာပဲ။ ဒေသခံတွေက ရိုးသားဖြောင့်မတ်ကြတယ်။ ငါ့ရည်းစား ပြန်ရောက်သွားတော့ ရွာသားတွေက အရမ်းဝမ်းသာကြတာ။ ဟီးဟီး... ငါတို့ ပစ္စည်းတွေ လာဝယ်တာလို့ ကြားတော့ သူတို့ တော်တော်လေး စိတ်လှုပ်ရှားသွားကြတယ်။ သူတို့ဆီက မြေက သိပ်မဖြစ်ထွန်းတော့ အမဲလိုက်တဲ့လူတွေ များတယ်လေ။ ဒါပေမဲ့ ဒေသတွင်း ကုန်ပစ္စည်းဝယ်ယူရေးစခန်းက ပေးတဲ့ဈေးက သိပ်မရဘူး။ သူတို့ဆီမှာ ပစ္စည်းတွေ အများကြီးရှိပေမဲ့ တန်ဖိုးမရှိသလို ဖြစ်နေတာ။ ငါက ဝယ်ယူရေးစခန်းထက် ဈေးနည်းနည်း ပိုပေးလိုက်တယ်။ အပြစ်တော့မတင်နဲ့နော်၊ ငါတို့က ပစ္စည်းကောင်း ရချင်ရင်တော့ ဝယ်ယူရေးစခန်းထက် ဈေးပိုပေးမှ ဖြစ်မှာလေ။ မဟုတ်ရင် သူတို့က ဝယ်ယူရေးစခန်းကိုပဲ သွားရောင်းမှာပေါ့၊ ငါတို့ဆီ ရောင်းပါ့မလား။ ငါပေးတဲ့ဈေးက ကောင်းတယ်လို့ ကြားတာနဲ့ သူတို့မှာရှိတဲ့ ပစ္စည်းတွေကို အကုန်ထုတ်လာကြတာ။ ကြည့်ဦး... ငါ အများကြီး ဝယ်လာတယ် မဟုတ်လား။ ပိုက်ဆံမလောက်မှာ စိုးလို့သာ ထပ်တောင်းလိုက်ရတာ။ ဒါပေမဲ့ ငါ လောဘမကြီးပါဘူး၊ ပိုက်ဆံတွေကို ပစ္စည်းဝယ်တဲ့နေရာမှာပဲ အကုန်သုံးပစ်လိုက်တာ။ ကြည့်စမ်း... သိပ်ကောင်းတာပဲ မဟုတ်လား။”
ယွီမေကျွမ်းမှာ မျက်နှာတစ်ခုလုံး အပြုံးပန်းဆင်နေတော့သည်။
ချန်ချင်းယွီလည်း ယွီမေကျွမ်း၏ အမြင်ကို သဘောတူညီပြီး
“ဘာတွေ စုဆောင်းလာခဲ့လဲ”
ယွီမေကျွမ်း : “ဂျင်ဆင်းနှစ်မြစ်ဟဲ့.. ကြည့်ဦး။”
ချန်ချင်းယွီ၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားပြီး
“ဒါက တကယ်ကို အဆင့်အတန်းမြင့်တဲ့ ပစ္စည်းပဲ။”
ယွီမေကျွမ်း : “ဒါပေါ့။ ပြီးတော့... တောရိုင်းကျွဲရေခွံ တစ်ခုလည်း ပါသေးတယ်။ ရွာသားတွေက အဲဒါကို သေသေချာချာ ပြုပြင်ထားတာ၊ သူတို့ကိုယ်တိုင်တောင် မသုံးရက်ဘဲ ရတနာလို သိမ်းထားကြတာလေ။ ဈေးကောင်းမရရင် လုံးဝမရောင်းဘူးတဲ့။ အသားကို ကြည့်ဦး... ဒီနွေရာသီမှာ ဖျာလုပ်ပြီး ခင်းအိပ်ဖို့ တကယ်ကို အဆင်ပြေစေမှာ။ ငါ့အမြင်တော့ နင်က သက်သောင့်သက်သာ နေတတ်တဲ့လူဆိုတော့ သေချာပေါက် သဘောကျမှာပဲလို့ တွေးပြီး ဝယ်လာခဲ့တာ။ ဒီကောင်ကတော့ တော်တော်လေး ဈေးကြီးတယ်ဟ။”
သူမသည် စာရွက်တစ်ရွက်ကို ထုတ်ပေးရင်း
“ငါ ပစ္စည်းတစ်ခုချင်းစီရဲ့ ဈေးနှုန်းကို သေချာ ရေးမှတ်ထားတယ်။ ရော့... ဒါနင့်အတွက်၊ တစ်ချက်လောက် စစ်ကြည့်လိုက်ဦး။”
ချန်ချင်းယွီ စာရွက်ကို လှမ်းယူကာ စိတ်ဝင်တစား ကြည့်ရှုရင်း မေးပြန်၏။
“တခြား ဘာပစ္စည်းတွေ ရှိသေးလဲ”
ယွီမေကျွမ်း : “ဒါကတော့ ကျားရိုးနဲ့ စိမ်ထားတဲ့ ဆေးအရက်ပဲ၊ နင် သေချာ ကြည့်လို့ရတယ်။ အမှန်တော့ အဲဒီဒေသမှာ ကျားကတိုးနဲ့ စိမ်ထားတဲ့ ဆေးအရက်လည်း ရှိသေးတယ်၊ ဒါပေမဲ့ သူတို့က မရောင်းကြဘူးဟ။”
သူမ အတော်လေး နှမြောတသဟန်ဖြင့် ဆိုရှာသည်။ သူမကိုယ်တိုင် သုံးစွဲရန် မဟုတ်သော်လည်း ထိုပစ္စည်းကို မဝယ်ခဲ့ရသဖြင့် စိတ်ပျက်နေခြင်း ဖြစ်၏။
ထိုအခါ ချန်ချင်းယွီတစ်ယောက် ဆွံ့အသွားရပြီးမှ ပြုံးလျက်
“အဲဒီပစ္စည်းကတော့ ငါ့အတွက် ရှိရှိမရှိရှိ အရေးမကြီးပါဘူး။”
ယွီမေကျွမ်း : “ငါလည်း အဲလိုပဲ တွေးမိပါတယ်။ ပြီးတော့... ဒါက ကတိုးသမင်ဦးချိုလေ။ ငါ ဒီတစ်ခေါက်တော့ တကယ့်ကို ရလဒ်ကောင်းတွေ အများကြီး သယ်လာနိုင်ခဲ့တာ။ ဟူး... တခြားလူတွေ ကျေးလက်သွားရင် ဘာလို့ ဒီလောက် ရိုးသားဖြောင့်မတ်တဲ့ လူမျိုးတွေနဲ့ပဲ တိုးနေကြပြီး၊ ငါသွားတဲ့ နေရာကျမှ အဲလိုမျိုး ဖြစ်ခဲ့ရတာလဲ မသိပါဘူး။ အရင်တုန်းကတော့ တကယ် အရှုံးကြီး ရှုံးခဲ့တာပဲ။”
ချန်ချင်းယွီ သူမကို တစ်ချက် လှမ်းကြည့်လိုက်ပြီး
“အခု နင် မြို့ပြကို ပြန်ရောက်နေပြီပဲ၊ အတိတ်က ကိစ္စတွေကို တွေးမနေပါနဲ့တော့။”
“ဒါလည်း ဟုတ်တာပဲ။ အခု မြို့ကို ပြန်ရောက်ပြီဆိုတော့ နေရထိုင်ရတာ ပိုပြီး သက်သောင့်သက်သာ ရှိတာပေါ့။ ဒါနဲ့... သူတို့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ကျန်သေးတယ်ဟ၊ ဒါပေမဲ့ ငါက ပထမဆုံးအကြိမ် သွားတာဆိုတော့ ငါ့ရည်းစားက ကြားထဲက အာမခံပေးထားရင်တောင် လူတိုင်းက ငါ့ကို ရာနှုန်းပြည့် မယုံကြသေးဘူးလေ။ ဒီတစ်ခေါက် ပစ္စည်းရောင်းပေးတဲ့လူတွေက ငါ့ရည်းစားနဲ့ ရင်းနှီးတဲ့လူတွေချည်းပဲ။ ကြည့်ဦး... ငါ ဒီလောက်တောင် ပစ္စည်းကောင်းတွေ အများကြီး စုဆောင်းလာနိုင်တာ။ နောက်ထပ်လည်း ရှိသေးတယ်။ အမှန်တော့ တခြားလူအများစုက စောင့်ကြည့်နေကြတုန်းပဲဟ။ ဒီတစ်ခေါက် အဆင်ပြေပြေ ပြီးသွားပြီဆိုတော့ နောက်တစ်ခေါက် သွားရင် ပိုပြီးတော့တောင် ချောမွေ့ဦးမှာ။ သူတို့ဆီမှာ ပစ္စည်းကောင်းတွေ ရှိနေသေးတယ်။ အကယ်၍ နင် သဘောကျတယ်ဆိုရင် ငါ နောက်တစ်ခေါက် ထပ်သွားပေးလို့ရတယ်နော်။”
ဟီးဟီး... သူမကိုယ်တိုင်လည်း တောတောင်ထွက် ကုန်ပစ္စည်းအချို့ သယ်ဆောင်လာခဲ့သဖြင့် ပြန်ရောင်းလျှင် အမြတ်အစွန်း အတော်လေး ရရှိနိုင်ပေသည်။
ချန်ချင်းယွီ ပြတ်ပြတ်သားသားပင်
“သွားရမှာပေါ့၊ ဒီလို ပစ္စည်းကောင်းမျိုးဆိုရင်တော့ ငါ့အတွက် ဘယ်လောက်များများ အဆင်ပြေပါတယ်။”
“ကောင်းပြီလေ၊ ဒါဆို အစစအရာရာ ငါ့တာဝန် ထားလိုက်တော့...”