အခန်း ၁၈၅
Vol. 19 Ch. 185
အခန်း (၁၈၅) ချန်…ဟမ်းစတားလိုစုဆောင်းသူလေး…ချင်းယွီ
ချန်ချင်းယွီသည် မိမိကိုယ်မိမိ ဟမ်းစတား ကြွက်လေးတစ်ကောင်ပမာ ခံစားနေရပြီး ပစ္စည်းများကို တသသနှင့် သိုလှောင်သိမ်းဆည်းနေမိလေသည်။
အမှန်တကယ်တမ်း ယခင်ဘဝ၌လည်း သူမတွင် ငွေကြေးချမ်းသာမှု ရှိခဲ့ဖူး၏။ သို့သော်ငြားလည်း ရှေးဟောင်းပစ္စည်း ဆန်းဆန်းပြားပြားများကို ဝယ်ယူစုဆောင်းခြင်းမျိုးကိုမူ တစ်ခါမျှ မလုပ်ဆောင်ခဲ့ဖူးချေ။ ထိုခေတ်ထိုအခါက ဤကဲ့သို့သော ပစ္စည်းမျိုးမှာ ငွေအမြောက်အမြား ပေးချေရသဖြင့် ဝယ်ယူရန် မလွယ်ကူလှသလို၊ သူမကိုယ်တိုင်လည်း ပစ္စည်းအစစ်အမှန်ကို ခွဲခြားရွေးချယ်
တတ်သူ မဟုတ်ပေ။ ဂျင်ဆင်းမြစ်နှင့် ကတိုးချိုနု ကဲ့သို့သော ပစ္စည်းများဆိုလျှင်လည်း အစစ်နှင့်အတု ခွဲခြားရန် အလွန်ပင် ခက်ခဲလှပေသည်။
သို့သော် ယခုဘဝတွင်မူ အခြေအနေများ ကွဲပြားခြားနားသွားခဲ့ပြီဖြစ်ရာ၊ ချန်ချင်းယွီတစ်ယောက် ဆန်အိုးထဲသို့ တိုးဝင်ခွင့်ရသွားသည့် ကြွက်ငယ်လေးတစ်ကောင်နှယ် ပျော်ရွှင်မြူးထူးနေမိ၏။
လောကတွင် ပစ္စည်းကောင်းများကို လူတိုင်းပင် နှစ်သက်သဘောကျကြသည် မဟုတ်လော။
ချန်ချင်းယွီသည်လည်း ထိုလူများထဲမှ တစ်ဦးပင်။
သူမအနေဖြင့် ရှေးဟောင်းပစ္စည်းများအကြောင်းကို အသေးစိတ် နားမလည်သေးသော်လည်း၊ သမိုင်းအစဉ်အလာနှင့် တန်ဖိုးရှိလှသည့် အနုပညာပစ္စည်းများကို အလွန်ပင် မြတ်နိုးမိ၏။ ထို့ကြောင့်ပင် သူမသည် လတ်တလော၌ စာအုပ်အချို့ကို ဝယ်ယူကာ ကိုယ်တိုင်လေ့လာဆည်းပူးနေခဲ့သည်။ လက်ရှိတွင် နားမလည်သေးသော်လည်း တစ်သက်လုံး နားမလည်ဘဲ နေသွား၍မဖြစ်ဟု တွေးမိကာ၊ ကြိုတင်လေ့လာ စုံစမ်းထားခြင်းက အကောင်းဆုံးဖြစ်သည်ဟု ခံယူထားခြင်းပင်။
သူမသည် ရှေးဟောင်းပစ္စည်းများကို တစ်ဖက်က ဝယ်ယူစုဆောင်းနေသကဲ့သို့ ဂျင်းမြစ်၊ ကတိုးချိုနုနှင့် ကျားရိုးဆေးအရက် ကဲ့သို့သော ရတနာတစ်မျှ တန်ဖိုးရှိသည့် ကုန်ပစ္စည်းများကိုလည်း လက်ဝယ်သိမ်းဆည်းထားခဲ့သည်။ အမှန်တကယ်တော့ ယွီမေကျွမ်းသည် ခရီးစရိတ်များနှင့် ကုန်ကျစရိတ်များကို ပိုမိုတင်ပြကာ ငွေလိမ်ယူနေခြင်းကို သူမ ရိပ်မိနေခဲ့၏။ စားစရိတ်၊ တည်းခိုစရိတ်နှင့် သွားလာစရိတ်များကို အမှန်အကန်အတိုင်း ကျခံပေးမည်ဟု ကတိပြုထားသော်လည်း၊ သူမ တင်ပြလာသည့် ကိန်းဂဏန်းများမှာ လုပ်ကြံထားခြင်းဖြစ်ကြောင်းကို ချန်ချင်းယွီ တစ်ချက်ကြည့်ရုံမျှဖြင့် သိရှိနေခဲ့သည်။
ချန်ချင်းယွီကိုယ်တိုင်လည်း ကုန်ပစ္စည်းများ ဝယ်ယူရန်အတွက် အပြင်သို့ မကြာခဏ ထွက်လေ့ရှိ၍ ကွမ်ကျိုးကဲ့သို့သော မြို့ကြီးပြကြီးများ၏ ကုန်ကျစရိတ်သည် တောနယ်စွန်ဖျားထက် မည်မျှပင် ပိုမိုမြင့်မားသည်ကို ကောင်းစွာ နားလည်ထားသောကြောင့် ဖြစ်၏။
သို့သော်လည်း ချန်ချင်းယွီ မည်သည့်စကားမျှ ဝင်မပြောခဲ့ကာ၊ တိုက်ရိုက်ထောက်ပြခြင်းလည်း မပြုခဲ့ဘဲ ယွီမေကျွမ်း ကြားပေါက်ဝင်ငွေ ရှာဖွေနေခြင်းကို ရေငုံနှုတ်ပိတ်လျက် သဘောတူခွင့်ပြုထားခဲ့သည်။
ချန်ချင်းယွီ၏ စိတ်ထဲ၌ အရာရာကို မှန်ထဲတွင် ကြည့်နေရသကဲ့သို့ အတိုင်းသား မြင်နေမိ၏။
‘ငါ့ဘာသာ အရှေ့မြောက်ပိုင်းက တောရွာတွေအထိ သွားပြီး ပစ္စည်းတွေ လိုက်ဝယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခုလို ကိုယ်စားလုပ်ပေးနိုင်တဲ့လူ ရှိနေတာပဲ၊ ငါ့အနေနဲ့ သိပ်ပြီး စေ့စပ်တိကျလွန်းနေဖို့ မလိုပါဘူး။ ဒါက ငွေအနည်းငယ်ပဲဥစ္စာ၊ ငါ့ရဲ့ ရည်ရွယ်ချက် အောင်မြင်ဖို့အတွက်ပဲ အဓိကဆိုတော့ ဒီလောက်လေးကို စိတ်ထဲထားနေမှာ မဟုတ်ဘူး။’
ယွီမေကျွမ်းအနေဖြင့်လည်း အကျိုးအမြတ် ရရှိနေမှသာ ပိုမို၍ ကြိုးစားအားထုတ်လာမည် မဟုတ်လော။
ချန်ချင်းယွီ အတိတ်က မှတ်ဉာဏ်များကို သေသေချာချာ ပြန်လည်တွေးတောကြည့်ရာ၊ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဥပဒေသည် ရှစ်ဆယ်စုနှစ်နှောင်းပိုင်းတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း မရေမရာ မှတ်မိနေခဲ့သည်။ သူမ မှတ်မိသည်မှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တန်ဖိုးရှိလှသည့် ပစ္စည်းကောင်းများကို တစ်သက်လုံး ဤသို့ လွတ်လပ်စွာ ဝယ်ယူစုဆောင်းခွင့် ရရှိမည်မဟုတ်ကြောင်းကိုမူ အသေအချာ သိရှိနေခဲ့၏။
‘အခုလို ဥပဒေအရ တားမြစ်ပိတ်ပင်ထားခြင်း မရှိသေးတဲ့အချိန်မှာ များများစုဆောင်းထားနိုင်လေ ပိုကောင်းလေပဲ။’
ဤသို့ဖြင့် ယွီမေကျွမ်းသည်လည်း တက်ကြွမှု အပြည့်ရှိနေခဲ့ရာ အရာရာအဆင်ပြေချောမွေ့နေလေသည်။
ချန်ချင်းယွီမှာ ငွေကြေးအနည်းငယ်ကို အမှုမထားသဖြင့် ယွီမေကျွမ်းသည်လည်း အလုပ်လုပ်ရန် အားအင်များ ထက်သန်နေခဲ့ပြီး၊ သူမသည် ဤခရီးစဉ်တစ်ခုတည်းမှတင် ဝင်ငွေခြောက်ရာ၊ ခုနစ်ရာခန့် ရရှိခဲ့လေ၏။
ထိုမျှလောက်များပြားသော ဝင်ငွေကို နေ့စဉ်အသုံးစရိတ်များမှ ဖြတ်တောက်ကာ ရရှိခဲ့ခြင်းမျိုး မဟုတ်ချေ။ ကတိပြုထားသည့် လုပ်အားခအပြင်၊ သူမတို့ ကျေးလက်နယ်သို့ သွားရောက်သည့်အချိန်တိုင်း တောတောင်ထွက် ကုန်ပစ္စည်းအချို့ကို ကိုယ်ပိုင်အစီအစဉ်ဖြင့် သယ်ဆောင်လာခဲ့ကြပြီး မြို့ပြတွင် ပြန်လည်ရောင်းချရာမှ ရရှိသည့် ကြားပေါက်ဝင်ငွေလည်း ဖြစ်သည်။ ထိုဝင်ငွေသည် ချန်ချင်းယွီ ပေးအပ်သည့် လုပ်အားခထက်ပင် ပိုမိုများပြားသေးသည်။
သို့သော်လည်း...
ချန်ချင်းယွီမှ စားစရိတ်၊ နေစရိတ်နှင့် သွားလာစရိတ်များကို အလုံးစုံ ကျခံပေးထားခြင်းက သူတို့အတွက် အလွန်ပင် အရေးပါလှ၏။
သူတို့သည် ကုန်ပစ္စည်းများကို သယ်ယူရောင်းချရာတွင် အရင်းအနှီးစိုက်ထုတ်ရန် မလိုသဖြင့် သီးသန့်မြတ်စွန်းနေခြင်း ဖြစ်ရာ၊ သွားရောက်ရန် အလွန်ပင် စိတ်အားထက်သန်နေကြခြင်း ဖြစ်သည်။ အစပိုင်း၌ အရင်းအနှီး သိပ်မများလှသဖြင့် ဤတစ်ခေါက်တွင် ဝင်ငွေခြောက်ရာ၊ ခုနစ်ရာမျှသာ ရရှိခဲ့ခြင်း ဖြစ်သော်လည်း၊ နောင်တွင် အရင်းအနှီး ပိုမိုများပြားလာပြီး ကုန်ပစ္စည်းများ ပိုမိုသယ်ဆောင်နိုင်လျှင် ဝင်ငွေက ယခုထက်မက တိုးပွားလာမည် ဖြစ်၏။
ထို့ကြောင့် ယွီမေကျွမ်းသည် အားတက်သရောဖြင့် အရှိန်အဟုန်မြှင့်ကာ အရှေ့မြောက်ပိုင်းရှိ တောရွာများဆီသို့ နောက်တစ်ခေါက် ထပ်မံထွက်ခွာသွားခဲ့ပြန်သည်။
သူမ ဤမျှလောက် တက်ကြွစွာ လုပ်ဆောင်နေသည်ကို မြင်ရသောအခါ ချန်ချင်းယွီသည် မိမိ၏ ငွေကြေးစိုက်ထုတ်မှုမှာ တန်ဖိုးရှိလှပေသည်ဟု တွေးကာ အလွန်ပင် ကျေနပ်နေမိတော့၏။
ချန်ချင်းယွီ ပစ္စည်းကောင်းများကို လျှို့ဝှက်စုဆောင်းနေခဲ့သော်လည်း၊ ပတ်ဝန်းကျင်ရှိ လူအများမှာမူ သူမသည် တောတောင်ထွက် ကုန်ပစ္စည်းများကိုသာ ရောင်းဝယ်ဖောက်ကားနေခြင်း ဖြစ်သည်ဟု ထင်မြင်နေကြဆဲပင်။ ဤသည်မှာလည်း နှစ်ပရိစ္ဆေဒ ကြာမြင့်စွာကတည်းက ရှိခဲ့ဖူးသည့် အလေ့အထတစ်ခု ဖြစ်သဖြင့် ဘေးလူများက အသေးစိတ်ကို သတိမထားမိကြချေ။ ချန်ချင်းယွီသည် ကွမ်ကျိုးမှ ပြန်ရောက်လာကတည်းက လမ်းဘေးစျေးရောင်းချသူများ အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ကာ ဆိုင်ခင်းနေခဲ့သည်။
ထိုအချိန်တွင် ဝမ်ကျန့်ကော်လည်း ထိန်းသိမ်းခံရရာမှ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်၏။ သူ၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး၊ တစ်ကိုယ်လုံးတွင် ဖုန်မှုန့်များ ပေကျံလျက် အဝတ်အစားများမှာလည်း တွန့်ကြေနေခဲ့ရာ လမ်းဘေးလေလွင့်သူတစ်ဦးထက် အနည်းငယ်မျှသာ သာလွန်ပေတော့သည်။ သူ၏ ပုံပန်းသဏ္ဌာန်မှာ အလွန်ပင် စိတ်ဓာတ်ကျဆင်း ညှိုးငယ်နေရှာ၏။ ဝမ်ကျန့်ကော်သည် မိမိကိုယ်မိမိ မည်သည့်အတွက်ကြောင့် ဤမျှလောက် ကံဆိုးမိုးမှောင်ကျနေရသည်ကို စဉ်းစား၍မရနိုင်အောင် ဖြစ်နေခဲ့ရသည်။ ဤတစ်ကြိမ်တွင်လည်း စုံစမ်းစစ်ဆေးရေးတွင် ပါဝင်ကူညီရန်အတွက် ရဲစခန်း၌ ရက်ပေါင်းများစွာ ထိန်းသိမ်းခြင်း ခံခဲ့ရပြီး၊ ရဲတပ်ဖွဲ့ဝင်များက အမှန်အမှားကို တိကျစွာ ခွဲခြားသိမြင်နိုင်ခဲ့၍သာ တော်တော့သည်ဟု တွေးမိသည်။ မဟုတ်လျှင်မူ သူသည် ချဲယုံချန်း၏ ဆွဲချခြင်းကို ခံရပြီး ဒုက္ခလှလှကြီး တွေ့ရတော့မည်သာ။
‘ဒီကောင်စုတ်လေးကတော့ တကယ်ကို ဒုက္ခပေးတာပဲ။’
ဝမ်ကျန့်ကော်အနေဖြင့် ချန်ချင်းယွီ ပိုက်ဆံအများကြီး ရှာဖွေနိုင်ကြောင်း ပတ်ဝန်းကျင်ကို ပြောဆိုခဲ့ဖူးသည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ ထိုအကြောင်းအရာများမှာ လွန်ခဲ့သည့် သမိုင်းကြောင်းများ ဖြစ်နေခဲ့ပြီ မဟုတ်လော။
၎င်းအပြင် တရားသဖြင့် စဉ်းစားကြည့်လျှင်၊ သူသည် လူကောင်းတစ်ယောက် မဟုတ်သည်မှာ မှန်သော်လည်း ချန်ချင်းယွီကို လုယက်တိုက်ခိုက်ရန် ချဲယုံချန်းကို မည်သည့်အခါမျှ သွေးထိုးလှုံ့ဆော်ခဲ့ခြင်း မရှိပေ။
‘ငါ့မှာ အဲဒီလို လုပ်ရဲတဲ့ သတ္တိ ရှိလို့လား။ ငါ့ရဲ့ သတ္တိက ဘယ်လောက်ရှိလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိတာပေါ့။ ငါ အလွန်ဆုံး လုပ်ခဲ့တာဆိုလို့ ချဲယုံဖုန်းကို ချန်ချင်းယွီနောက် လိုက်ခိုင်းခဲ့တာပဲ ရှိတာ။’
‘ဒါတင်ပဲဥစ္စာ၊ အဲဒါကလည်း လွန်ခဲ့တဲ့နှစ်က ကိစ္စကြီးကို။’
‘အခု ဆောင်းဦးပေါက် ကာလနှောင်းပိုင်းကျမှပဲ... သူတို့က ငါ့အပေါ်ကို ပုပ်စပ်ညှိဟောင်နေတဲ့ ရေပုပ်တွေနဲ့ လာပက်ချင်နေကြတာလား။’
ချဲမိသားစုမှ ညီအစ်ကိုနှစ်ယောက်စလုံးသည် အသုံးမကျသည့် လူယုတ်မာများသာ ဖြစ်ကြပေသည်။
ဝမ်ကျန့်ကော်တစ်ယောက် ဒေါသတကြီး ဖြစ်နေသော်လည်း အိမ်သို့ ပြန်ရောက်လာနိုင်ခဲ့ပြီ ဖြစ်ရာ၊ သူ ခြေကုန်လက်ပန်းကျလျက် ဝင်းကြီးထဲသို့ လှမ်းဝင်လာစဉ် အဘွားကြီးဝမ် အော်ဟစ်ဆီးကြိုလေသည်။
“အမလေး... သားကြီးရယ်... သားလေး နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့၊ တကယ် ပြန်ရောက်လာပြီပဲ... အမေဖြင့် ရင်တထိတ်ထိတ်နဲ့ စိတ်ပူနေလိုက်ရတာ။”
အဘွားကြီးဝမ်သည် တံခါးဝတွင် ထိုင်ကာ တွေဝေငေးမောနေစဉ် သားဖြစ်သူ ဝင်လာသည်ကို မြင်မြင်ချင်း ချက်ချင်းပင် အပြေးအလွှား ပြေးဝင်လာပြီး အော်ဟစ်ငိုယိုကာ
“ငါ့သားလေးရယ်... သား တကယ် ပြန်ရောက်လာပြီပဲနော်။ ဘာမှမဖြစ်တော့ဘူး မဟုတ်လား။ သူတို့ သားကို ထပ်ပြီး လာမဖမ်းတော့ဘူးမလား။ အမေ့ကိုဖြင့် သေမလို ထိတ်လန့်အောင် လုပ်လိုက်တာပဲ။”
ဤဆူညံသံကြောင့် ဝင်းကြီးအတွင်းရှိ အိမ်နီးနားချင်းများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး အားလုံးပင် အခြေအနေကို ထွက်ကြည့်ကြလေ၏။
ဝမ်ကျန့်ကော် စိတ်ဓာတ်ကျဆင်းနေသော လေသံဖြင့် ဆိုလိုက်သည်။
“ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ ကျွန်တော်က ဘာဖြစ်ရမှာလဲ။ တစ်ခုခု ဖြစ်နေရင် ပြန်လာနိုင်ပါ့မလား။ ကျွန်တော် အပြစ်မရှိဘဲ စွပ်စွဲခံရတာပါ။”
အဘွားကြီးဝမ် ငိုယိုလျက် အော်ဟစ်လေ၏။
“အမေ သိတာပေါ့... သားမှာ အပြစ်မရှိဘူးဆိုတာ အမေ သိပြီးသားပါ။ ငါ့သားလေးဖြင့် ဒုက္ခတွေ အများကြီး ကြုံခဲ့ရရှာပြီ။”
ဝမ်ကျန့်ကော် မိခင်ဖြစ်သူ၏ ပုခုံးကို ပုတ်ပေးရင်း
“ကျွန်တော် ဘာမှမဖြစ်ပါဘူး အမေရဲ့။ ချဲယုံချန်းက ကျွန်တော့်ကို တမင်သက်သက် ရန်ငြိုးဖွဲ့ ပြီး ကလဲ့စားချေတာ။ အရင်က သူ့ကို ကျွန်တော်က ရဲလက်အပ်ခဲ့လို့ အခု သူက ကျွန်တော့်ကိုပါ ဆွဲထည့်ပြီး ကလဲ့စားချေချင်နေတာ။”
“ဒီကောင်စုတ်ကတော့ တကယ်ကို ယုတ်မာတာပဲ။”
အဘွားကြီးဝမ် ဒေါသတကြီးဖြင့် ဆဲရေးတိုင်းထွာလိုက်သည်။
“သူက မျိုးဆက်ပြတ်၊ ကျွေးမွေးမယ့်သူ မရှိမဲ့ ကောင်စုတ်ပဲ၊ သီလတရားက ကင်းမဲ့လိုက်တာ။ ဒီကောင်စုတ်ကြောင့် သားခမျာ တကယ် ဒုက္ခရောက်ရတယ်။”
ဝမ်ကျန့်ကော် : “ရပါပြီ အမေ၊ ရဲဘော်ရဲတပ်ဖွဲ့ဝင်တွေက သေသေချာချာ စုံစမ်းစစ်ဆေးပြီး ကျွန်တော့်မှာ အပြစ်မရှိကြောင်း သက်သေပြပေးခဲ့လို့ တော်သေးတာပေါ့။”
သူက နားထင်ကို ခပ်ဖွဖွ နှိပ်နယ်လိုက်ရင်း
“ကျွန်တော်လည်း ပင်ပန်းနေပြီ၊ အိမ်ထဲဝင်ပြီး ခဏလောက် နားလိုက်ဦးမယ်။”
သူ့စကားကြောင့် အဒေါ်ကြီးမေ့မှာ ဝင်ပြောလိုက်သည်။
“ဟုတ်တယ်... ဟုတ်တယ်။ ကျန့်ကော်... မင်း အမြန်ဆုံး အိမ်ထဲဝင်ပြီး နားလိုက်ဦး။ မင်းအမေလည်း အခုတလော တော်တော်လေး ပူပန်နေရှာတာ၊ မင်း တစ်ခုခု ဖြစ်သွားမလားဆိုပြီး စိုးရိမ်နေတာလေ။ မင်းကလည်း တကယ် ကံဆိုးတာပဲ၊ ဒီလို ပြဿနာမျိုးနဲ့ သွားတိုးရတယ်လို့။”
“ဒါတွေအားလုံး ဟို ချဲယုံချန်းကြောင့်ပေါ့။ ချဲမိသားစုက လူတွေက ဘယ်သူမှ ကောင်းတဲ့လူ မဟုတ်ဘူး။ အရင်ကတည်းက စိတ်ပုပ်လှတာ။ အရင်က လင်းကျန့်ဝမ်ကို ဒုက္ခပေးခဲ့တာလည်း သူတို့ပဲလေ။ တကယ့်ကို အသုံးမကျတဲ့ အကောင်တွေ။”
“ဟုတ်ပ”
“ကျန့်ကော် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာက ဘာထက်မဆို ပိုကောင်းပါတယ်။”
“ဟော... ကြည့်ဦး၊ လူကလည်း ညှိုးလျော် ပိန်ချုံးသွားတာပဲ။ အိမ်ထဲဝင်ပြီး မြန်မြန် ရေမိုးချိုးလိုက်ဦး။ တကယ် ဒုက္ခရောက်ခဲ့ရတာပဲ။”
“ဒါပေမဲ့ ငါ့အမြင်ပြောရရင် ဝမ်ကျန့်ကော်ကလည်း အခါမလည်ဘူး၊ ကံဇာတာ ညံ့နေတာ။ ဘုရားကျောင်း သွားပြီး ယတြာချေတာဖြစ်ဖြစ်၊ ဆုတောင်းတာဖြစ်ဖြစ် လုပ်ရင် ကောင်းမယ်။”
“လျှောက်မပြောနဲ့... ဒါတွေက ရှေးရိုးစွဲ အယူသီးမှုတွေပဲဥစ္စာ။”
လူတိုင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသော်လည်း ဝမ်ကျန့်ကော်မှာ နားထောင်ရန် စိတ်မပါသဖြင့် အားနာနာနှင့်ပင် တစ်ချက် ပြုံးပြကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ အဘွားကြီးဝမ်လည်း ကပျာကယာ နောက်က လိုက်ဝင်လာပြီး ပြောလိုက်၏။
“သားရယ်... သား ဘာလို့ ဒီလောက် ကံဆိုးရတာလဲ မသိဘူး။ ဟို ချဲမိသားစုကို အမေ သွားပြီး ပြတ်ပြတ်သားသား ဆုံးမပစ်ရမယ်။ သူတို့က လူလိုမကျင့်ကြဘူးလေ။ ဒါကြောင့်မို့လည်း ထောင်ထဲကို တစ်ခေါက်ပြီး တစ်ခေါက် ရောက်နေကြတာ၊ တကယ့်ကို စိတ်ပုပ်ရက်စက်လွန်းတယ်။”
ဝမ်ကျန့်ကော်သည် ကုလားထိုင်ပေါ်သို့ ပစ်ထိုင်လိုက်ပြီး အမောဖြေကာ မေးမြန်းလိုက်၏။
“အမေ... အခုတလော ဝင်းကြီးထဲကလူတွေ ကျွန်တော့်အကြောင်း ဘာတွေ ပြောနေကြလဲ။”
အဘွားကြီးဝမ် စကားထစ်သလိုဖြင့် နှုတ်ခမ်းကို မသိမသာ စေ့လိုက်ပြီးမှ ချက်ချင်းပင် ဆိုလေသည်။
“သားလည်း သိတဲ့အတိုင်း သား ထောင်ထဲကို နောက်တစ်ခေါက် ရောက်သွားတော့ သူတို့ဆီက ကောင်းတဲ့စကား ထွက်ပါ့မလား။ ဒါပေမဲ့ စိတ်မပူနဲ့၊ သား ပြန်ထွက်လာပြီဆိုတော့ အတင်းအဖျင်း စကားတွေအားလုံး အလိုလို ပျောက်ပျက်သွားမှာပဲ။ သားက အပြစ်မရှိတာ ထင်ရှားနေတာပဲဥစ္စာ၊ နောက်နောင် သူတို့က သားအကြောင်း ကွယ်ရာမှာ အတင်းပြောရဲသေးရင် အမေကတော့ အလွတ်ပေးမှာ မဟုတ်ဘူး။”
ဝမ်ကျန့်ကော် လှောင်ပြောင်သည့် အမူအရာဖြင့် နှုတ်ခမ်းကို မဲ့လိုက်
ရင်း ညည်းတွားလိုက်၏။
“ကျွန်တော် ထောင်ထဲရောက်တာ ဒါနဲ့ဆို သုံးကြိမ်ရှိပြီဆိုတော့ ကောင်းတဲ့စကား မရှိတာ သဘာဝပါပဲ။”
“ထောင်ထဲ သုံးကြိမ်ရောက်တယ်လို့ ဘယ်သူပြောလဲ။ တောက်... တောက်... တောက်... လျှောက်မပြောနဲ့၊ သားက အပြစ်မရှိတာပဲဥစ္စာ။ ဒီနှစ်ခေါက်စလုံးက တခြားလူကြောင့် ကြားညှပ်ပြီး ဒုက္ခရောက်ရတာလေ။”
အဘွားကြီးဝမ် ဆက်၍
“သားက ကံဇာတာ နိမ့်ပါးနေရုံတင်ပါ။ ဒါပေမဲ့ ဒါက သားကြောင့် မဟုတ်ဘူးဆိုတာ အမေသိတယ်။ ဒီဝင်းကြီးရဲ့ ဖုန်းရွှေက မကောင်းလို့သာ သားပါ ကြားညှပ်ပြီး ဒုက္ခရောက်ရတာ...”
သူမ တတွတ်တွတ်နှင့် ညည်းညူနေခဲ့ပြီး၊ ဝမ်ကျန့်ကော်သည်လည်း ယခုတစ်ကြိမ်တွင်မူ မိခင်ဖြစ်သူကို တားဆီးခြင်း မပြုခဲ့ချေ။ အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင်လည်း မိမိတို့ ခြံဝင်းကြီး၏ ဖုန်းရွှေက တကယ်ကို မကောင်းလှပေဟု တွေးမိနေသောကြောင့် ဖြစ်သည်။ ပြဿနာ အရှုပ်အထုပ်များ များပြားလွန်းလှပြီး တစ်ခုပြီးတစ်ခု မပြတ်နိုင်အောင် ဖြစ်နေရသည် မဟုတ်လော့။
သူကိုယ်တိုင် အကျဉ်းကျခံရခြင်းမျိုး မရှိခဲ့သည်မှာ မှန်သော်လည်း...
ပထမတစ်ကြိမ် ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ရစဉ် အဘွားအိုများ၏ နှောင့်ယှက်မှုကြောင့် သိက္ခာကျစရာ နာမည်ဆိုးက တစ်ရပ်ကွက်လုံး အနှံ့ ကျော်ကြားသွားခဲ့ပြီး အိမ်ထောင်ပါ ကွဲခဲ့ရသည်။
ဒုတိယတစ်ကြိမ် ကျောက်ရုံ သူ့ကို လာရောက် စွပ်စွဲပတ်သက်ခဲ့သဖြင့် သူ၏ ကုန်ပစ္စည်းဝယ်ယူရေးဌာနခွဲ ဒုတိယအရာရှိရာထူး ဟူသော အလွန်ကောင်းမွန်သည့် အလုပ်အကိုင်ကြီး ပြုတ်သွားခဲ့ရ၏။
တတိယတစ်ကြိမ်မှာမူ ယခုတစ်ခေါက် ဖြစ်ပြီး၊ ဆုံးရှုံးစရာ ဘာမျှမကျန်တော့ပြီ ဆိုသော်ငြားလည်း အရှက်ကွဲရမှုမှာ အဖတ်တင်နေလေသည်။
ယခုအခါ ဝမ်ကျန့်ကော်သည် ပတ်ဝန်းကျင်မှ ကောလာဟလ စကားများမှာ အတိုင်းအတာတစ်ခုအထိ အမှန်တရား ရှိနေသည်ဟု ယူဆမိနေ၏။
‘ကြည့်စမ်း... ငါတို့ဝင်းထဲမှာ အစစအရာရာ အဆင်ပြေချောမွေ့နေတဲ့ အိမ်ဆိုတာ မရှိသလောက်ပဲ။ အမြဲတမ်း ပြဿနာအရှုပ်အထုပ်တွေချည်းပဲ ဖြစ်နေတာ။’
“အမေ... ဒီဝင်းကြီးရဲ့ သမိုင်းကြောင်း နောက်ခံကို အမေ သိလား။”
အဘွားကြီးဝမ် : “သမိုင်းကြောင်း... ဘာသမိုင်းကြောင်းလဲ။ အရင်တုန်းကတော့ ဒီဝင်းကြီးက ကုန်ထမ်းသမားတွေ နေတဲ့နေရာလား၊ ကုန်သည်ပွဲစားတွေ ခေတ္တတည်းခိုတဲ့ နေရာလား မသိပါဘူး။ လူကုံထံတွေ၊ လူကြီးလူကောင်းတွေ နေခဲ့တဲ့နေရာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ သားရဲ့။”
ဝမ်ကျန့်ကော် : “ကျွန်တော် ခံစားရတာကတော့... ဒီဝင်းကြီးက တကယ်ကို နိမိတ်မကောင်းဘူး၊ ကျက်သရေမရှိဘူးလို့ တွေးမိလို့ပါ။”
အဘွားကြီးဝမ် : “အဲဒါတော့ သေချာတာပေါ့။ ဒီလို ကောလာဟလ စကားတွေ ထွက်နေတာ ကြာပြီ မဟုတ်လား။”
အဘွားကြီးဝမ် ဆက်လက်၍
“ဒီစကားက တစ်ရက်နှစ်ရက်ထဲ ထွက်တာ မဟုတ်ဘူး။ အရင်ကတည်းက ဒီဝင်းကြီးက အိမ်ထောင်ရေး ဇာတာကို နှောင့်ယှက်ဖျက်ဆီးတတ်တယ်လို့ ပြောကြတာပဲ။ မဟုတ်ရင် အဒေါ်ကြီးမေ့တို့ မိသားစုလည်း ဒီလောက် စိုးရိမ်ပူပန်နေကြမှာ မဟုတ်ဘူးလေ။”
“မဟုတ်ဘူး... မဟုတ်ဘူး အမေ၊ ကျွန်တော် ဆိုလိုတာက အိမ်ထောင်ရေး ဇာတာတင် မကောင်းတာ မဟုတ်ဘူး၊ တခြား ကိစ္စရပ်တွေအားလုံးပါ မကောင်းတာကို ပြောတာ။ အမေ ကြည့်လေ... ကျွန်တော် တစ်ယောက်တည်းတင် ဘယ်လောက်တောင် ဒုက္ခတွေ ကြုံခဲ့ရလဲ။ ကျွန်တော်တို့အိမ်တင် မဟုတ်ဘူး၊ တခြားအိမ်တွေလည်း ဒီလိုပဲ မဟုတ်လား။ ကျွန်တော့်အမြင်တော့ ဒီဝင်းကြီးရဲ့ တည်ဆောက်ပုံ မြေကွက်က မကောင်းလို့ လူတွေကို ကံဆိုးစေတာ နေမှာ။”
“ဟင်...”
အဘွားကြီးဝမ်မှာ ဆွံ့အသွားရသော်လည်း၊ ပြန်လည် တွေးတောကြည့်သောအခါ အလွန်ပင် ကြောင်းကျိုးဆီလျော်သည်ဟု ယူဆမိကာ ခေါင်းကို တရစပ် ညိတ်ရင်း ထောက်ခံလိုက်သည်။
“သားပြောတာ တကယ်မှန်တယ်။ အမေလည်း ဒီဝင်းကြီးထဲ ပြောင်းလာကတည်းက ဘာတစ်ခုမှ အဆင်မပြေဘူးလို့ ခံစားရတယ်။”
သူမ၏ အမျိုးသား မကွယ်လွန်သေးမီ၊ တိုက်ခန်းမှာ နေထိုင်စဉ်၌ ဤမျှလောက် ပြဿနာများ မရှိခဲ့ဖူးချေ။ ဤဝင်းကြီးထဲသို့ ပြောင်းရွှေ့လာကတည်းက မိသားစုအခြေအနေက တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာခဲ့ပြီး သားဖြစ်သူမှာလည်း အိမ်ထောင်ရေး ပျက်ပြားကာ သားခွဲမယားခွဲ ဖြစ်ခဲ့ရ၏။ ဤသည်မှာ မည်ကဲ့သို့သော ကံကြမ္မာဆိုးနည်း။
သူမသည် တွေးရင်းတွေးရင်း ပိုမိုစိုးရိမ်လာကာ ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားပြီး ပျာပျာသလဲဖြင့် မေးမြန်းလေသည်။
“ဒါဆို ဘယ်လိုလုပ်ကြမလဲ။ သားကြီးရယ်... ပြောပါဦး၊ အဲဒါဆို တို့တွေ ဘယ်လိုလုပ်ကြမလဲဟင်။”
ဝမ်ကျန့်ကော်သည်လည်း တွေးရင်းတွေးရင်း ပိုမိုစိုးရိမ်ပူပန်လာခဲ့ရသည်။ လူဆိုသည်မှာ အတွေးနယ်ချဲ့မိပါက အဆိုးဆုံးအခြေအနေများဆီသို့သာ ရောက်ရှိသွားတတ်သည် မဟုတ်လော။ ဝမ်ကျန့်ကော်သည်လည်း ဤဝင်းကြီး၏ ဖုန်းရွှေမှာ တကယ်ကို မကောင်းဟု ထင်မြင်မိကာ၊ မိမိတို့အိမ်တင်မကဘဲ ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်ကြည့်လျှင် အိမ်ထောင်စု အတော်များများမှာလည်း အဆင်မပြေကြကြောင်း တွေ့ရှိရ၏။
လောလောဆယ်တွင် လူနေမှုဘဝ အလွန်ပြေလည်နေပါသည်ဆိုသော မုဆိုးမအိမ် (ချန်ချင်းယွီတို့အိမ်) ကို ကြည့်လျှင်လည်း…
သူမတို့အိမ်ဆိုလျှင် ယောက်ျားနှစ်ယောက် ဆက်တိုက် သေဆုံးခဲ့ရသည်။
အဘွားကြီးကျောက်၏ အမျိုးသားကြီး ကွယ်လွန်သွားခဲ့ပြီးနောက် သားဖြစ်သူကို တစ်ကိုယ်တည်း ပင်ပန်းကြီးစွာ ကျွေးမွေးစောင့်ရှောက်ခဲ့ရ၏။ ထို့နောက် သူမ၏သား လင်းကျန့်ဝမ်လည်း ကွယ်လွန်သွားခဲ့ပြန်ရာ ချန်ချင်းယွီမှာ အထက်တွင် လူကြီး၊ အောက်တွင် ကလေးငယ်နှင့် ကျန်ရစ်ခဲ့ရရှာသည်။
အဒေါ်ကြီးမေ့တို့ မိသားစုကို ကြည့်ပြန်လျှင်လည်း၊ နှစ်ပေါင်းများစွာကြာအောင် အလွန်ဆင်းရဲလွန်းသည့် နွမ်းပါးသော အိမ်ထောင်စု ဖြစ်ခဲ့ရပြီး၊ ယခုနှစ်နှစ်ခန့်အတွင်း အစိုးရမူဝါဒများ ပြောင်းလဲလာခဲ့၍သာ အနည်းငယ် အဆင်ပြေလာခြင်း ဖြစ်သည်။
ယွမ်မိသားစုနှင့် ကျန်းမိသားစုအကြောင်းကိုမူ အထူးပြောနေရန် မလိုအပ်ပေ၊ အရှုပ်ထုပ်ကြီးက တစ်နွယ်ငင် တစ်စင်ပါသကဲ့သို့ ရှုပ်ထွေးပွေလီလှ၏။
လီချန်ရွှမ်းဆိုလျှင်လည်း မိမိ၏ သားအရင်း ဟုတ်မဟုတ် မသေချာသည့် ကလေးကို ကျွေးမွေးနေရပြီး၊ သမီးဖြစ်သူမှာလည်း ယောက်ျားဆိုလျှင် မျက်စိမှိတ် အသေရူးကာ အဆိုးအကောင်းကို မခွဲခြားတတ်
သည့် အအ,မ ဖြစ်နေ၏။
မှန်ပေသည်၊ ဝမ်ကျန့်ကော်သည် စိတ္တဇဆန်ဆန် အတွေးနက်ပြီး ကောက်ကျစ်စဉ်းလဲတတ်သော ယောက်ျားတစ်ဦး ဖြစ်သဖြင့် မည်သည့်ကိစ္စကိုမဆို ပိုမိုတွေးတောလေ့ရှိသည်။ လျိုကျင့်နှင့် လီချန်ရွှမ်းတို့သည် လက်မထပ်မီကတည်းက ကိုယ်ဝန်ရခဲ့ကြခြင်း ဖြစ်သော်လည်း၊ လျိုကျင့်သည် ယခင်က အကျင့်စာရိတ္တ ကောင်းမွန်သည့် မိန်းမမဟုတ်ခဲ့ပေ။ သူမအနေဖြင့် အကျင့်ဟောင်းများကို တကယ် ပြင်ခဲ့မပြင်ခဲ့ဆိုသည်မှာ မည်သူသိနိုင်အံ့နည်း။ ဝမ်ကျန့်ကော်မှာမူ လျိုကျင့်ဝမ်းထဲမှ ကလေးသည် လီချန်ရွှမ်း၏ သားအရင်းဖြစ်လိမ့်မည်ဟု လုံးဝမယုံကြည်ချေ။
‘လီချန်ရွှမ်းရဲ့ ပိန်ချုံးညှိုးငယ်နေတဲ့ ပုံပန်းသဏ္ဌာန်ကို ကြည့်ရုံနဲ့ သားယောက်ျားလေး မွေးဖွားသန့်စင်နိုင်မယ့် ဇာတာမျိုး မဟုတ်မှန်း သိသာနေတာပဲကို။’
ယခုအခါ လျိုကျင့်သည် မီးဖွားရခက်ကာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး လီချန်ရွှမ်းတစ်ယောက်ကား အချစ်ကြီးချစ်ကာ သစ္စာရှိလှသည့် ယောက်ျားကြီးပမာ ဟန်ဆောင်နေသည်ကို ဝမ်ကျန့်ကော် အလွန်ပင် အထင်သေးမိ၏။
သူသည် ထိုလျိုကျင့်ဆိုသည့် မိန်းမကို လုံးဝမယုံကြည်ခဲ့ချေ။
သို့ဖြစ်ရာ ဤဝင်းကြီးကို ကြည့်လိုက်လျှင် မည်သည့်အိမ်မျှ ကောင်းမွန်သည့် ဇာတာမရှိကြကြောင်း ထင်ရှားလှပေသည်။
မိသားစုတိုင်းလိုလိုပင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြရ၏။
ဩော်... ရွှီကောင်းမင်တို့ မိသားစုမှာမူ အစစအရာရာ အဆင်ပြေချောမွေ့နေသယောင် ရှိသော်လည်း၊ ဝမ်ကျန့်ကော်မှာ အခြားသူများထက် ပိုမိုစေ့စပ်စွာ အကဲခတ်မိထား၏။ ရွှီကောင်းမင်တို့ ဇနီးမောင်နှံသည် တတိယသားကို အလွန်ပင် မျက်နှာလိုက်ကာ ၎င်းနှင့်အတူ နေထိုင်ကြသဖြင့်၊ သားကြီးနှင့် သားလတ်တို့၏ မကျေနပ်မှုများမှာ မျက်နှာပြင်ပေါ်တွင် အထင်အရှား ပေါ်လွင်နေခဲ့ပြီ ဖြစ်သည်။
‘နောင်ကျရင် အသက်ကြီးလို့ လူကြီးမိဘ ကျွေးမွေးစောင့်ရှောက်မယ့် ကိစ္စနဲ့ ပတ်သက်လာရင်တော့ အကြီးအကျယ် ရန်ပွဲတွေ ဖြစ်ကြဦးမှာ သေချာတယ်။’
ထို့ကြောင့် ဤဝင်းကြီးအတွင်းရှိ အိမ်ထောင်စုတိုင်းမှာ မည်သူမဆို မထူးဇာတ်ခင်းနေကြခြင်း ဖြစ်၏။
ဝမ်ကျန့်ကော် ဤသို့ သုံးသပ်ဆင်ခြင်လိုက်ပြီးနောက် တွေးရင်းတွေးရင်း ပိုမိုထိတ်လန့်လာခဲ့ရပြီး၊ အဘွားကြီးဝမ်သည်လည်း ပျာပျာသလဲ ဖြစ်သွားကာ ကယောင်ကတမ်း ပြောဆိုလေသည်။
“ဖြစ်ရလေ... သားရယ်၊ ဒါဆို ဘယ်လိုလုပ်ကြမလဲ၊ တို့တွေ ဘယ်လိုလုပ်ကြမလဲ။ ဒီဝင်းကြီးကဒီလောက် ကံဇာတာ ညံ့နေမှတော့ တို့တွေ ဘယ်လိုလုပ်ပြီး ဆက်နေလို့ ရမှာလဲ။ ဖြစ်မှဖြစ်ရလေ... ငါတို့တွေက တစ်သက်လုံး ဒီလိုပဲ နှိပ်စက်ခံနေရတော့မှာလား။”
ဝမ်ကျန့်ကော်သည်လည်း စိုးရိမ်ပူပန်ခြင်းကြီးစွာဖြင့် ညည်းတွားမိ၏။
ယခုရက်ပိုင်းအတွင်း ထိန်းသိမ်းခံထားရစဉ်၌ မိမိကိုယ်မိမိ ယခုနှစ်ပိုင်းအတွင်း မည်မျှလောက် ကံဆိုးခဲ့ရသည်ကို ညည်းတွားမိရုံတင်မကဘဲ အနာဂတ်အတွက်ကိုလည်း အများကြီး တွေးတောခဲ့မိသည်။
သူ အများဆုံး တွေးတောမိသည်မှာ ရှေ့ဆက်၍ မည်သို့လုပ်ဆောင်ရမည်ဟူသော အချက်ပင် ဖြစ်၏။
ဤကိစ္စကို မည်သို့ ဖြေရှင်းလျှင် အကောင်းဆုံး ဖြစ်မည်နည်း။
ဝမ်ကျန့်ကော် : “အမေ... ကျွန်တော့်အမြင်တော့ ဒီဝင်းကြီးက မကောင်းတော့ဘူး၊ တို့တွေ အိမ်ပြောင်းကြတာ ပိုကောင်းမယ်။”
မိမိတို့ လူများ ညံ့ဖျင်းနေခြင်း မဟုတ်ဘဲ၊ ဤဝင်းကြီး၏ တည်ဆောက်ပုံ ဖုန်းရွှေ ညံ့ဖျင်းနေခြင်းသာ…
မှန်ပေသည်၊ ပြဿနာအားလုံးမှာ ဤဝင်းကြီး၏ အမင်္ဂလာ ကံဆိုးမှုများကြောင့်သာ ဖြစ်သည်။
“ဒီနေရာက မူလကတည်းက အခြေခံလူတန်းစားတွေ နေခဲ့တဲ့နေရာ၊ အကုန်လုံးက ကုန်ထမ်း အလုပ်ကြမ်းသမားတွေချည်းပဲလေ၊ ဘယ်မှာလာပြီး ထူးချွန်ထက်မြက်တဲ့လူ ရှိပါ့မလဲ။ ဇာတာကတော့ သေချာပေါက် ညံ့မှာပဲ။ တို့တွေ ပြောင်းသွားကြရအောင်၊ ပြောင်းသွားပြီးရင်တော့ အခြေအနေတွေ ပြန်ကောင်းလာမှာပါ။”
ဝမ်ကျန့်ကော်သည် တွေးရင်းတွေးရင်း ဤနည်းလမ်းသည်သာ အမှန်ကန်ဆုံး ဖြစ်သည်ဟု ပိုမိုယုံကြည်လာခဲ့၏။
“ပြီးတော့ အမေ စဉ်းစားကြည့်လေ၊ ကျွန်တော်တို့တွေ အိမ်ပြောင်းသွားရင် တခြားလူတွေက ကျွန်တော့်ကို မသိကြတော့ဘူး၊ အိမ်ရဲ့ နောက်ကြောင်းကိုလည်း မသိနိုင်တော့ဘူး။ မဟုတ်ရင် ဒီမှာ ဆက်နေနေရင် လူတွေရဲ့ လက်ညှိုးထိုး ကဲ့ရဲ့တာကို ခံရတာနဲ့တင် စိတ်ဆင်းရဲစရာကြီး။ ကျွန်တော့်ဘာသာ ကျွန်တော် အပြစ်မရှိဘူးဆိုတာ သိနေပေမဲ့ ထောင်ထဲကို သုံးကြိမ်တောင် ရောက်ခဲ့ဖူးတာလေ။ သားအတွက် ဘယ်လောက်တောင် အရှက်ကွဲစရာကောင်းလဲ။”
သူသည် ယခင်ကတည်းက သိက္ခာနှင့် မျက်နှာကို အလွန်တန်ဖိုးထားတတ်သူ ဖြစ်သည်။
ယခုမူ ရင်ဆိုင်စရာ မျက်နှာပင် မရှိတော့လေပြီ…
ပတ်ဝန်းကျင်ရှိ လူအများ၏ စောင်းမြောင်းကြည့်ရှုသော အကြည့်များကို သူ တကယ်ကို ခံရခက်နေခဲ့ပြီ ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက သိက္ခာရှိရှိ နေထိုင်လာခဲ့သူ ဖြစ်သော်လည်း၊ ယခုနှစ်ပိုင်းအတွင်း ဘဝက အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားကာ ဤကဲ့သို့သော အခြေအနေဆိုးနှင့် ကြုံတွေ့နေခဲ့ရလေသည်။ ဤသည်မှာ သူ၏ အရည်အချင်း မရှိခြင်းကြောင့် မဟုတ်ဘဲ၊ ဤဝင်းကြီးက သူ့ကို ကံဆိုးစေကာ နှိပ်စက်နေခြင်းကြောင့်သာ ဖြစ်ရမည်။
‘မှန်ပေသည်... သေချာပေါက် ဤသို့သာ ဖြစ်ရမည်...’
အဘွားကြီးဝမ်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် ဤသို့ပင် တွေးတောနေခဲ့သဖြင့် သားဖြစ်သူ၏ အမြင်ကို ချက်ချင်း ခေါင်းညိတ်ထောက်ခံကာ မေးမြန်းပြောဆိုလိုက်၏။
“သားပြောတာ တကယ်မှန်တယ်။ ဒီနေရာက တကယ်ကို မကောင်းဘူး၊ အိမ်ပြောင်းမယ်ဆိုတဲ့ အစီအစဉ်ကို အမေ သဘောတူပါတယ်။ ဒါပေမဲ့... တို့တွေ ဘယ်ဘက်ကို ပြောင်းကြမှာလဲ သားရဲ့။”
ဝမ်ကျန့်ကော် : “အခုတလော အပြင်မှာ သေသေချာချာ စုံစမ်းကြည့်ပြီး နေရာတစ်ခု ရှာရမှာပေါ့။ ဘာပဲပြောပြော ကျွန်တော်တို့သားအမိ နှစ်ယောက်တည်း ရှိတာဆိုတော့ နေရာအကျယ်ကြီး မလိုပါဘူး။ နည်းနည်း ညံ့တဲ့နေရာ ဖြစ်ရင်တောင် ကိစ္စမရှိဘူး၊ အဓိကက တို့တွေ ဒီကနေ ပြောင်းသွားနိုင်ဖို့ပဲ။”
အဘွားကြီးဝမ် ခေါင်းညိတ်လိုက်သော်လည်း စိုးရိမ်ပူပန်စွာဖြင့်
“ဒါပေမဲ့ အိမ်ဝယ်ဖို့ ငွေကြေးက...”
“ဒီအိမ်ကို အရင်ရောင်းပစ်ရမယ်။ အိမ်ကို အရင်ရောင်းပြီးမှ အိမ်အသစ် ထပ်ဝယ်မယ်၊ တကယ်လို့ သင့်တော်တဲ့အိမ် ချက်ချင်းရှာမတွေ့ရင်လည်း အိမ်ငှားပြီး နေတာပေါ့။ ရှင်းရှင်းပြောရရင်တော့ ဒီအိမ်မှာ ကျွန်တော် တစ်ရက်ကလေးတောင် ဆက်မနေချင်တော့ဘူး။”
ဝမ်ကျန့်ကော် ပြတ်ပြတ်သားသား ဆိုလိုက်သည်။
အဘွားကြီးဝမ် : “အိမ်ငှားခ ငွေကြေးကလည်း...”
ဝမ်ကျန့်ကော် : “ဒီငွေကိုတော့ ကပ်စေးနည်းလို့ မရဘူး အမေ။ အမြန်ဆုံး ပြောင်းရွှေ့သွားနိုင်တာကမှ အမှန်ကန်ဆုံး လမ်းစပဲ။”
အဘွားကြီးဝမ် ခေါင်းညိတ်ရင်း
“သားသဘောအတိုင်း လုပ်ပါကွယ်။”
သူမ တတွတ်တွတ်နှင့် ညည်းညူပြန်ကာ
“အမေ ပြောရဦးမယ်၊ သားရဲ့အတွေးက တကယ်ကို မှန်ကန်တာပဲ။ အခုတလော ရှီကျန့်ရှန်းတို့ ဇနီးမောင်နှံ မြို့ပြင်က ဘုရားကျောင်းကို သွားပြီး ယတြာချေ၊ ဆုတောင်းနေကြတာကို အမေ သတိထားမိတယ်။ သူတို့လည်း သေချာပေါက် သားနဲ့ အတွေးတူလို့ပဲ ဖြစ်ရမယ်။ အဲဒီအိမ်က လူတွေက တကယ်ကို ပါးနပ်လွန်းတယ်၊ ဒီလိုကိစ္စမျိုးကို တို့ကို တစ်ခွန်းမှ အသိမပေးကြဘူး။ အိမ်နီးနားချင်းဟောင်းတွေ ဖြစ်ပြီးတော့ တကယ်ကိုပဲ တစ်ကိုယ်ကောင်းဆန်လွန်းတယ်”
ဝမ်ကျန့်ကော်မှာ ထိုစကားကို ကြားလျှင် မျက်လုံးများ ပြူးကျယ်သွားကာ မေးလိုက်မိသည်။
“သူတို့က ကွယ်ရာမှာ တိတ်တဆိတ် သွားပြီး ဆုတောင်းနေကြတာလား။”
အဘွားကြီးဝမ် ခေါင်းညိတ်လျက် ပြန်ဖြေလိုက်၏။
“အေးပေါ့... သူတို့ သွားကြတာ။ သူတို့ တုန်တုန်ချည့်ချည့်နဲ့ အပြင်ထွက်သွားတာကို အမေမြင်လို့ နောက်ကနေ မသိမသာ လိုက်ကြည့်တာ၊ သေသေချာချာ မြင်ခဲ့ရတယ်။ သူတို့ သွားတာ မြို့ပြင်ဘက်က ဘုရားကျောင်းပဲ။”
ဝမ်ကျန့်ကော် မိမိပေါင်ကို လက်ဝါးဖြင့် တဖြန်းဖြန်း ရိုက်လိုက်ရင်း သက်ပြင်းချကာ နှမြောတသစွာ ဆိုတော့သည်။
“အမေရယ်... တကယ်ပဲ ဝေဝေဝါးဝါး ရှိလှချည်ရဲ့။ ဒီလောက်ကြီးမားတဲ့ ကိစ္စမျိုးကို သိရက်နဲ့ ဘာလို့ ကျွန်တော့်ကို စောစောစီးစီး မပြောခဲ့ရတာလဲ။ အမေသာ စောစောပြောရင် တို့တွေလည်း စောစောစီးစီး သွားပြီး ယတြာချေ၊ ဆုတောင်းလို့ ရတာပေါ့၊ ဒါဆို ပြဿနာတွေ အများကြီး သက်သာသွားမှာ မဟုတ်လား။ အမေ ကြည့်လေ... ကြည့်စမ်း၊ သူတို့အိမ်မှာ ဘာလို့ ပြဿနာနည်းနေလဲဆိုတော့ သေချာပေါက် အဲဒီလို သွားပြီး ယတြာချေထားလို့ပဲ ဖြစ်ရမယ်။”
အဘွားကြီးဝမ် : “ဟင်... အမေက အဲဒီအထိ တွေးမမိလို့ပါကွယ်။ ဒါဆို... တို့တွေလည်း သွားပြီး ယတြာချေလိုက်ရင် အိမ်မပြောင်းဘဲ နေလို့ရမလား။”
“မရဘူး၊ အိမ်ကတော့ သေချာပေါက် ပြောင်းရမှာပဲ။ ယတြာချေတာက အပေါ်ယံပဲ ကုစားနိုင်တာ၊ အမြစ်ပြတ် မရှင်းနိုင်ဘူး။”
ဝမ်ကျန့်ကော် တည်ကြည်လေးနက်စွာဖြင့်
“ကျွန်တော်တို့တွေလည်း သွားပြီး ယတြာချေ၊ ဆုတောင်းကြမယ်၊ အခြေအနေကို ရက်ပိုင်းလောက် ထိန်းထားပြီး၊ အိမ်ရောင်းထွက်တာနဲ့ ချက်ချင်း နေရာအသစ်ကို ပြောင်းကြတာပေါ့။”
မည်သူ မျှော်လင့်ထားမိမည်နည်း… ဝမ်ကျန့်ကော်တို့ သားအမိသည် ယခုအခါ ရှေးရိုးစွဲ အယူသီးမှုနှင့် ယတြာချေသည့် လမ်းကြောင်းပေါ်သို့ စတင်ခြေဦးလှည့်လာခဲ့ကြပြီ ဖြစ်သည်။
သို့သော်လည်း ဤသားအမိနှစ်ဦးမှာမူ မိမိတို့၏ အတွေးမှာ အလွန်ပင် ကြောင်းကျိုးဆီလျော်လှသည်ဟု ထင်မြင်နေကြဆဲပင်။
ဝမ်ကျန့်ကော်သည် ထောင်ထဲသို့ သုံးကြိမ်တိုင်တိုင် ဆက်တိုက် ရောက်ရှိခဲ့ပြီးနောက်တွင်၊ မိမိ၏ အရည်အချင်း ညံ့ဖျင်းခြင်းကြောင့် မဟုတ်ဘဲ ဤဝင်းကြီး၏ ဖုန်းရွှေက သူ့ကို ကံဆိုးစေကာ နှိပ်စက်နေခြင်းကြောင့်သာ ဖြစ်သည်ဟု အခိုင်အမာ ယူဆသွားခဲ့၏။
တကယ်ကို လက်တွေ့ကျကျ နှိပ်စက်နေခြင်း ဖြစ်ပေသည်။
“ဒါပေမဲ့... တို့ဝင်းထဲက အိမ်ကို ရောင်းဖို့ဆိုတာလည်း သိပ်တော့ မလွယ်ကူလှဘူးကွဲ့။”
အဘွားကြီးဝမ် လက်တွေ့ကျသည့် အချက်တစ်ခုကို ဝင်ရောက်ပြောဆိုလိုက်သည်။
ဝမ်ကျန့်ကော် ပြန်တုံ့ပြန်လိုက်ကာ
“ကျွန်တော် သိပါတယ် အမေ၊ ဒါပေမဲ့ ရအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားပြီး ရောင်းရမှာပဲ။”
အမှန်တကယ်၌ ဤဝင်းကြီးအတွင်းရှိ လူများထဲမှ အိမ်ပြောင်းရွှေ့သွားနိုင်မည့် အခွင့်အရေး ရှိသူဟူသမျှသည် ဤနေရာတွင် ဆက်လက်မနေထိုင်ချင်ကြသည်မှာ ဓမ္မတာပင် ဖြစ်ပေသည်။
အဘွားကြီးဝမ်က ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့်
“အာ... ဟုတ်သားပဲ၊ ဟုတ်ပါရဲ့... သားပြောမှ အမေ သတင်းတစ်ခု ကြားထားတာ သတိရလာတယ်။”
ဝမ်ကျန့်ကော် : “ဘာသတင်းလဲ အမေ။”
အဘွားကြီးဝမ် : “မနေ့မနက်က ဘေးအိမ်က ရှောင်ထောင်းက အိမ်ဝယ်မယ့်အကြောင်း တစ်ခုခု ပြောနေတာ လှမ်းကြားလိုက်တယ်။ အမေလည်း သေသေချာချာတော့ မကြားလိုက်ရပါဘူး၊ ဘယ်သူ့ကို ပြောနေမှန်းလည်း မသိဘူး။ ဒါနဲ့... သူတို့အိမ်က အိမ်ဝယ်ချင်လို့များလား မသိဘူးနော်။ တို့တွေ သူ့ကို သွားမေးကြည့်ရင် ကောင်းမလား။”
ဝမ်ကျန့်ကော် ခဏမျှ တွေးတောလိုက်ပြီးနောက်
“မဖြစ်နိုင်တာ၊ အမေ နားကြားလွဲတာ နေမှာပါ။ အိမ်ဝယ်တာ မဟုတ်ဘဲ အိမ်ရောင်းတာ ဖြစ်ပါလိမ့်မယ်။ ဒီစကားလုံး နှစ်လုံးက အသံထွက်ချင်း သိပ်မကွာဘူးလေ။ အမေ နားကြားမှားတာ သေချာသလောက်ပဲ။ တကယ်လို့ အိမ်ဝယ်မယ့်အကြောင်း ပြောတာပဲ ဖြစ်ဦးတော့၊ ကျွန်တော်တို့ဝင်းကြီးထဲက အိမ်ကိုတော့ လာဝယ်မှာ မဟုတ်ဘူး၊ သေချာပေါက် အပြင်ကအိမ်ကိုပဲ ဝယ်မှာပေါ့။ အမေလည်း သိတာပဲ၊ အခု ကျွန်တော်တို့ဝင်းကြီးရဲ့ နာမည်က ဘယ်လောက်တောင် ပုပ်ဟောင်နေလဲဆိုတာ၊ လူတိုင်းက ဒီကနေ ပြောင်းပြေးချင်နေကြတာ၊ ဘယ်သူကများ ဒီကို ပြောင်းလာချင်ပါ့မလဲ။ မဖြစ်နိုင်တာ”
အဘွားကြီးဝမ် : “သူတို့လည်း ပြောင်းချင်နေကြတာလား။”
သူမ မျက်လုံးအစုံ ပြူးကျယ်သွားရင်း ကပျာကယာ ဆက်
ပြောလိုက်၏။
“ဒါဆို တို့တွေ ပိုပြီး လက်သွက်ဖို့ လိုပြီ၊ အချိန်ဆွဲလေလေ ပိုပြီး အရှုံးပေါ်လေလေပဲ။”
“ကျွန်တော် သိပါတယ်။”
ဝမ်ကျန့်ကော် : “အမေက အိမ်ရောင်းမယ်ဆိုတဲ့ သတင်းကို အရင်ဆုံး မသိမသာ လွှင့်ထားလိုက်၊ ပြီးမှ ကျွန်တော် နောက်ထပ် နည်းလမ်းတစ်ခု စဉ်းစားမယ်။”
“အေးပါ... သားသဘောအတိုင်း လုပ်ပါကွယ်။”
အဘွားကြီးဝမ် ညည်းညူပြန်ကာ
“ဒီအပုပ်နံ့နံတဲ့ နေရာဆိုးကြီးကြောင့်သာ အခုလို ကံဆိုးမိုးမှောင်ကျပြီး နှိပ်စက်ခံနေရတာ၊ မဟုတ်ရင် ဒီလို ပြဿနာတွေ ကြုံရပါ့မလား။”
“ဘယ်သူပြောလဲ မဟုတ်ဘူးလို့။”
ဝမ်ကျန့်ကော် : “ကျွန်တော် သေသေချာချာ ထိုင်စဉ်းစားကြည့်ဦးမယ်၊ အဲဒီ မုဆိုးမ ချန်ချင်းယွီတို့ မိသားစုကို လှည့်စားပြီး ဝယ်ခိုင်းလို့ ရမလားဆိုတာ ကြံစည်ကြည့်ရမယ်။”
အဘွားကြီးဝမ် : “ဟင်”
ဝမ်ကျန့်ကော် ဆက်၍ ပြောလိုက်လေသည်။
“ကျွန်တော်တို့တွေက အပြင်လူ လာဝယ်မယ့်အပေါ်ချည်းပဲ အားကိုးလို့ မရဘူး၊ ကျွန်တော့်အကြောင်း၊ ဝင်းအကြောင်း သေသေချာချာ သိတဲ့သူကတော့ ဒီဝင်းကြီးထဲကို လုံးဝ ခြေစုံပစ်ဝင်လာမှာ မဟုတ်ဘူး။ ပြီးတော့ ဒီဝင်းထဲမှာ အိမ်ဝယ်နိုင်လောက်တဲ့အထိ ငွေအင်အားရှိတဲ့ အိမ်ကလည်း အနည်းအကျဉ်းပဲ ရှိတာ။ ဒါ့အပြင် တခြားအိမ်တွေမှာ အရွယ်ရောက်ပြီးသား လူငယ်တွေ ရှိကြတော့၊ အိမ်ထောင်ပြုဖို့ ရက်ရွေးရမှာမို့ ဒီဝင်းကြီးထဲကနေ ပြောင်းဖို့ပဲ စိတ်စောနေကြမှာ။ ဒါပေမဲ့ ဟိုမုဆိုးမအိမ်က ကလေးတွေက ငယ်သေးတယ်၊ သူတို့ကတော့ အိမ်ပြောင်းဖို့ မလောလောက်သေးဘူး။ မိန်းမသားတွေဆိုတာ... အမြင်ကျဉ်းပြီး အသိဉာဏ် နည်းတတ်ကြတာပဲ၊ တကယ်လို့ သူတို့မိသားစုကို လှည့်စားပြီး အိမ်ကို ဝယ်ခိုင်းလိုက်လို့ ရရင်တော့ ကျွန်တော်တို့အတွက် အမြတ်ကြီး ထွက်ပြီပေါ့။”
“အကြောင်းပြချက် ရှိသားပဲ။”
“ဒီကိစ္စကို ကျွန်တော် သေသေချာချာ စီမံရဦးမယ်။”
“အလယ်ဝင်းထဲက အိမ်ကလည်း အိမ်ရောင်းဖို့ လုပ်နေတယ်နော်...”
“သူတို့အိမ်ရဲ့ အိမ်ပိုင်ဆိုင်မှု စာချုပ်စာတမ်းက တရားဝင် ရှင်းလင်းလို့လား၊ ရောင်းရဲရအောင်၊ ဟဲဟဲ... သူတို့အိမ်က ကျွန်တော်တို့အိမ်လောက် အခြေအနေ မကောင်းပါဘူး၊ သူတို့ကို ထည့်တွက်ပြီး စိတ်ပူနေစရာ မလိုပါဘူး။”
အဘွားကြီးဝမ် : “ဒါပေမဲ့ အခြေအနေကို သိပ်မသိတဲ့ ဝယ်သူတွေ ရှိလာနိုင်တယ်လေ။”
ဝမ်ကျန့်ကော် : “ဒီလိုလုပ်... အမေ ရပ်ကွက်ရုံးကို သွားပြီး၊ သူတို့အိမ်က စာချုပ်စာတမ်း မရှင်းလင်းဘဲ အိမ်ရောင်းဖို့ လုပ်နေတဲ့အကြောင်း သွားပြီး တိုင်တန်း သတင်းပေးလိုက်။ သူတို့အိမ် အရောင်းအဝယ်ကို အရင်ဆုံး ကြားကနေ ဖျက်ဆီးပစ်လိုက်ရမယ်၊ ဒါဆိုရင် ဝင်းထဲမှာ ကျွန်တော်တို့အိမ်တစ်အိမ်တည်းပဲ အရောင်းဈေးကွက်မှာ ရှိတော့မှာမို့ ပြိုင်ဘက် မရှိတော့ဘူးပေါ့”
“ကောင်းပြီလေ။”
ဤသားအမိနှစ်ဦးသည် စိတ်ကောင်းစေတနာ မရှိကြဘဲ၊ ဤသို့ အကွက်ချ ကြံစည်ပြီးနောက် ခပ်တိုးတိုး ရယ်မောလိုက်ကြသည်။
သူတို့သည် မိမိတို့၏ အိမ်အိုကြီးကို မုဆိုးမ မိသားစုထံသို့ မရရအောင် ပစ်ချရန် ဆုံးဖြတ်ချက် ချလိုက်ကြပြီးနောက်၊ အဘွားကြီးဝမ်သည် အဘွားကြီးကျောက်နှင့် စကားစမြည် ပြောဆိုရန်ပင် ကိုယ်တိုင် ကိုယ်ကျ စတင် ချဉ်းကပ်လာခဲ့သည်။ အလွန်ပင် ရင်းနှီးကျွမ်းဝင်လှသည့် ပုံစံမျိုး ဖမ်းနေခဲ့ခြင်း ဖြစ်၏။
အဘွားကြီးကျောက် : “……”
‘နေပါဦး... နေ့ခင်းကြောင်တောင် သရဲပူးနေတာလား... ဒီအဘွားကြီး ဘာဖြစ်နေတာလဲ။’
ဝမ်ကျန့်ကော် ပြန်ရောက်လာကတည်းက၊ အဘွားကြီးဝမ်သည် အဘွားကြီးကျောက်အပေါ် သိသိသာသာ အိန္ဒြေပျက်မတတ် ရင်းနှီးပြလာခဲ့ရာ၊ အဘွားကြီးကျောက်မှာ အလွန်ပင် ဝေခွဲမရ ဖြစ်နေခဲ့ရသော်လည်း၊ သူမ သတိကြီးစွာဖြင့် ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်၏။
“ငါ့ ချွေးမကတော့ တင့်တင့်တယ်တယ်နဲ့ နင့်သားကို မျက်စိထဲ ထည့်မှာ မဟုတ်ဘူးနော်၊ လာပြီး အောင်သွယ်တော် လုပ်ဖို့ စိတ်ကူးမနေနဲ့၊ စိတ်ကူးတောင် မယဉ်လိုက်
နဲ့။”
ဤစကားကြောင့် အဘွားကြီးဝမ်မှာ ရင်ဆို့မတတ် ဆွံ့အသွားရရှာသည်။
အဘွားကြီးဝမ်သည် စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသော်လည်း၊ မျက်နှာပြင်ပေါ်တွင်မူ
“ကြည့်စမ်း... ညည်းကလည်း၊ တို့တွေက အချင်းချင်း ညီအစ်မတွေလို ပေါင်းလာကြတာကို၊ ညည်း ဒီလိုပြောတာက လူယုတ်မာ စိတ်ဓာတ်နဲ့ တွေးတာပဲ။ ငါက ဘယ်လိုလုပ်ပြီး ညည်းတို့အိမ်ရဲ့ အခြေအနေကို ကြားကနေ နှောင့်ယှက်ပါ့မလဲ။”
သူမ၏ သားဖြစ်သူသည် ကလေးတစ်ဖက်နှင့် မိန်းမကို လုံးဝ လက်ထပ်လိမ့်မည် မဟုတ်ချေ၊ သေချာပေါက် အပျိုစင် စစ်စစ်ကိုသာ လက်ထပ်ရမည်ဖြစ်ပြီး၊ သားယောက်ျားလေးတစ်ယောက် မွေးဖွားပေးရန်မှာ အဓိက ဖြစ်သည်။
အဘွားကြီးဝမ် : “ညည်း အလွန်အကျွံတွေ တွေးနေတာပါပဲ။”
အဘွားကြီးကျောက် နှာခေါင်းရှုံ့လျက် အေးစက်စက် လှောင်ရယ်လိုက်ပြီး၊ ဤမိန်းမ ဤမျှလောက် ရင်းနှီးပြနေခြင်းအပေါ် စိုးစိမျှ မယုံကြည်ချေ။ ဤဝင်းကြီးထဲတွင် နှစ်ပေါင်းများစွာ အတူတူ နေထိုင်လာခဲ့ကြသူများ ဖြစ်ရာ ဘယ်သူက ဘာလဲဆိုသည်ကို အားလုံး အူမချေးခါးမကျန် သိပြီးသားပင်။
“ညည်းမှာ ပြောစရာ ကိစ္စရှိရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ။”
“ဘာကိစ္စမှ မရှိပါဘူးအေ။”
အဘွားကြီးဝမ်သည် သားဖြစ်သူ၏ အိမ်ရောင်းမည့် စီမံကိန်းကြီးကို ကြားမှ နှောင့်ယှက်ဖျက်ဆီးမိမည်ကို အလွန်ပင် စိုးရိမ်နေမိသည်။ သူမကိုယ်တိုင်လည်း မိမိကိုယ်မိမိ အရာရာတွင် မစွမ်းဆောင်နိုင်ဟု ယူဆထားသဖြင့် ကြားမှ ဝင်မပါရဲဘဲ၊ ကိစ္စအားလုံးကို သားဖြစ်သူ ဖြေရှင်းပေးရန်သာ စောင့်ဆိုင်းနေ၏။
အဘွားကြီးဝမ် ဘယ်လိုမှ ဖွင့်မပြောသဖြင့် အဘွားကြီးကျောက်မှာ အတော်လေး ဝေခွဲမရ ဖြစ်သွားရရှာသည်။
‘ဒီအဖွားကြီး တစ်ယောက် ဘာတွေ ကြံစည်နေမှန်းကို မသိဘူး။’
အဘွားကြီးကျောက်သည် အိမ်ပြန်ရောက်သောအခါ ချန်ချင်းယွီကို တွေ့တွေ့ချင်း ထိုအကြောင်းအရာများကို တတွတ်တွတ်နှင့် မသိမသာ လာရောက်တိုင်ပင်လေသည်။
ချန်ချင်းယွီ ခဏမျှ စဉ်းစားလိုက်ပြီးနောက်
“သူတို့အိမ်က တို့တွေကို အိမ်လာရောင်းချင်လို့များလား မသိဘူးနော်။”
အဘွားကြီးကျောက် : “ဟင်...”
ချန်ချင်းယွီ : “အခုတလော သူတို့အိမ်က အိမ်ရောင်းမယ်ဆိုပြီး သတင်းတွေ လွှင့်နေတယ် မဟုတ်လား။”
အဘွားကြီးကျောက် မျက်လုံးများ လင်းခနဲ ဖြစ်သွားကာ
“မဖြစ်နိုင်တာမှ မဟုတ်တာပဲ။”
သူမ ဆက်၍ ညည်းညူလေကာ
“ဒါဆိုရင်လည်း အိမ်ရောင်းချင်ရင် ပွင့်ပွင့်လင်းလင်း ပြောပေါ့ဟယ်၊ ဘာလို့ ဒီလောက်တောင် လှည့်ပတ်ပြီး ကွေ့ဝိုက်နေရတာလဲ။ ကိစ္စအသေးအမွှားလေးကို အဝိုင်းအဝန်းကြီး လုပ်နေလိုက်တာ၊ အမြင်ကတ်စရာကြီး။”
ချန်ချင်းယွီ ပုခုံးတစ်ချက် တွန့်ပြလိုက်ပြီး ထိုလူများ မည်သို့ တွေးတောနေသည်ကို သူမလည်း မခန့်မှန်းတတ်ပေ။
ဤကဲ့သို့ စိတ်ကူးဉာဏ်များပြီး အကွက်စေ့တတ်သော သူများသည် ရိုးရှင်းသည့် ကိစ္စရပ်များကိုပင် ရှုပ်ထွေးအောင် လုပ်ဆောင်တတ်ကြသဖြင့် အခြားသူများအဖို့ နားလည်ရ ခက်ခဲလှပေသည်။
ချန်ချင်းယွီသည်လည်း အစောတလျင် ခြေလှမ်းမလှမ်းခဲ့ချေ။ သူမအနေဖြင့် ဤမိသားစု၏ အကျင့်စရိုက်ကို သေသေချာချာ ရိပ်မိထားပြီး ဖြစ်၏။ မိမိတို့ဘက်မှသာ အရင်ဆုံး စိတ်ဝင်စားမှုကို ပြသလိုက်ပါက၊ သေချာပေါက် ဈေးနှုန်းကို ခေါင်ခိုက်အောင် တောင်းဆိုလာကြပေလိမ့်မည်။ ထို့ကြောင့် ချန်ချင်းယွီသည် အိမ်ကို ဝယ်ယူရန် စိတ်ဆန္ဒ ရှိနေသော်ငြားလည်း အရင်ဆုံး စကားမစဘဲ၊ သူတို့ကိုယ်တိုင် တံခါးခေါက်ပြီး လာရောက်ရောင်းချမည့် အချိန်ကိုသာ အေးအေးလူလူ စောင့်ဆိုင်းနေ၏။
သို့သော်လည်း ဝမ်မိသားစုဘက်မှ အိမ်လာမရောင်းရသေးမီမှာပင်၊ ရှောင်ထောင်းသည် ချန်ချင်းယွီအတွက် စစ်ဟဲယွမ် လေးဘက်ပိတ် အိမ်ဝိုင်းကြီးတစ်ခုကို ရှာဖွေပေးနိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် ချန်ချင်းယွီထံသို့ အပြေးအလွှား လာရောက်ကာ ဝမ်းသာအားရဖြင့် စကားဆိုလေသည်။
“အစ်မချန် အိမ်မှာ ရှိလားဗျ။”
ချန်ချင်းယွီ ပြန်ထူးလိုက်ကာ
“ရှိတယ်လေ။”
မိမိတို့ဝင်းကြီးထဲတွင် ချန်ချင်းယွီအနေဖြင့် ရှောင်ထောင်းနှင့် ဆက်ဆံရသည်ကို အလွန်သဘောကျ၏။ ကိစ္စရှိလျှင် ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး၊ ငွေပေး အလုပ်လုပ်ခိုင်းရုံမျှဖြင့် အစစအရာရာ အဆင်ပြေချောမွေ့လှသဖြင့် မည်မျှလောက် စိတ်အေးရလေသနည်း။
သူသည် အခြားသူများကဲ့သို့ ဟန်ဆောင်ပန်ဆောင် ကောက်ကျစ်စဉ်းလဲမှုမျိုး မရှိသူဖြစ်၏။
ချန်ချင်းယွီ : “ဘယ်လိုလဲ... ဘာပစ္စည်းကောင်းတွေ ရလာလို့လဲ။”
ရှောင်ထောင်း : “အိမ်ကိစ္စပါ၊ အရင်က အစ်မ ကျွန်တော့်ကို အိမ်ရှာခိုင်းထားတယ် မဟုတ်လား။ အခုတလော ကျွန်တော် စုံစမ်းကြည့်တော့ အိမ်တစ်အိမ် တွေ့ထားတယ်၊ အစ်မ လိုချင်တဲ့ လေးဘက်ပိတ် အိမ်ဝိုင်းကြီးမျိုးပဲ။ အဲဒီအိမ်က အရင်တုန်းက ယဉ်ကျေးမှုဌာနက သိမ်းယူပြီး အသုံးပြုခဲ့တာ၊ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အစိုးရက နောက်ကြောင်းပြန် အမှုဖွင့်ပြီး မူလပိုင်ရှင်ဆီကို ပြန်ပေးခဲ့တာလေ။ ဌာနဆိုင်ရာက သုံးခဲ့တာဆိုတော့ အိမ်ကို ဖြိုဖျက်တာမျိုး၊ စည်းကမ်းမဲ့ တိုးချဲ့ဆောက်လုပ်တာမျိုး လုံးဝမရှိဘူး။ ကျွန်တော် ကိုယ်တိုင် သွားကြည့်ပြီးပြီ၊ တကယ်ကို ကောင်းမွန်တဲ့ အခြေအနေမှာ ရှိပါတယ်။ အမကြီး ကိုယ်တိုင် သွားကြည့်ရင် မကောင်းဘူးလား။”
ရှောင်းထောင်း ဤသို့ ပြောကြားပြီးနောက် တည်ကြည်လေးနက်စွာဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။
“ဒါပေမဲ့ ဒီအိမ်က ဈေးတော့ တော်တော်ကြီးတယ် အစ်မ၊ အိမ်အခြေအနေ ကောင်းမွန်တော့ ပိုင်ရှင်ကလည်း ဈေးကို မြင့်မြင့်တောင်းထားတာ သဘာဝပဲလေ။”
ချန်ချင်းယွီ : “ရတယ်၊ ဒါဆိုရင် မနက်ဖြန် သွားကြည့်နိုင်အောင် ချိန်းပေးပါဦး။”
“ကောင်းပါပြီဗျ။”
ချန်ချင်းယွီ စူးစမ်းလိုစိတ်ဖြင့်
“ဒီအိမ်ပိုင်ရှင်ကလည်း ပြည်ပထွက်မလို့လား။”
ရှောင်ထောင်း ခါးသက်သက် ပြုံးလိုက်ရင်း ညည်းတွားလိုက်၏။
“ဟုတ်တယ်ဗျ... ကျွန်တော် အိမ်အရောင်းအဝယ် ကိစ္စနဲ့ တွေ့ခဲ့ရတဲ့ အိမ်ပိုင်ရှင် အတော်များများက ဒီလိုချည်းပါပဲ။”
ချန်ချင်းယွီသည်ကား ဤသည်ကို အထူးအဆန်းဟု မယူဆပေ။
“တို့မြို့မှာ လူဦးရေ ဘယ်လောက်တောင် များလဲ၊ မင်းတွေ့ရတဲ့ ပြည်ပထွက်မယ့် လူသုံးငါးယောက်လောက်ကို ကြည့်ပြီး လူတွေအများကြီး ထွက်ကုန်ကြပြီလို့ ထင်နေတာလား။ မင်းက နိုင်ငံခြားငွေလဲလက်မှတ်တွေနဲ့ အလုပ်လုပ်နေပြီး၊ အဆက်အသွယ် ရှိသမျှလူတွေက ပြည်ပနဲ့ ဆက်နွှယ်နေတဲ့ လူကုံထံတွေမို့လို့ အများကြီးလို့ ခံစားရတာ၊ သာမန်အရပ်သားတွေကတော့ ဘယ်သူမှ ပြည်ပကို မထွက်ကြပါဘူး။”
“ဒါလည်း ဟုတ်သားပဲ။”
ချန်ချင်းယွီ : “ဒါဆို မနက်ဖြန် သွားကြည့်ကြတာပေါ့။”
ထိုစကားကြောင့် ရှောင်ထောင်း ပြုံးလိုက်သည်။
ထို့နောက် သူ မအောင့်နိုင်ဘဲ တိုးတိုးမေးမြန်းလေ၏။
“အစ်မချန်.. အစ်မလည်း ကျွန်တော်တို့ဝင်းကြီးက လူကို ကံဆိုးစေတယ်ဆိုတာကို ယုံလို့လား။”
ချန်ချင်းယွီ : “???”
သူမ အံ့အားသင့်စွာဖြင့်
“တို့ဝင်းကြီးက လူကို ကံဆိုးစေတယ် ဟုတ်လား။ ဘယ်သူပြောတာလဲ။”
ရှောင်ထောင်းသည်လည်း အံ့အားသင့်သွားပြီး
“အစ်မက ဒီအကြောင်းကြောင့် အိမ်ပြောင်းဖို့ လုပ်နေတာ မဟုတ်ဘူးလား။”
ထိုစကားကြောင့် ချန်ချင်းယွီက တဟားဟား ရယ်မောလိုက်ရင်း
“ငါက ပိုပြီး ကောင်းမွန်ကျယ်ဝန်းတဲ့ နေရာမှာ နေချင်လို့၊ စိတ်လက်ပေါ့ပါးချင်လို့ ပြောင်းတာပါ။ နင်ကလည်း အတွေးလွန်နေလိုက်တာ။ ဒါ့အပြင် တို့ဝင်းကြီးက ဘယ်သူ့ကို ဘာလုပ်လို့လဲ၊ ငါကတော့ တော်တော်လေး ကောင်းမွန်တယ်လို့ ခံစားရတာပဲ။”
ရှောင်ထောင်း : “……”
သူ ဆက်၍ ရှင်းပြလိုက်ကာ
“လူတိုင်းက ဒီလိုပဲ ပြောနေကြတာလေ။ တွေ့တယ်မလား... အခု ဝင်းထဲကလူတွေအားလုံးက အိမ်ရောင်းပြီး ပြောင်းဖို့ပဲ စိတ်စောနေကြတာ၊ အစ်မ အိမ်အမြန်ရှာနေတာကလည်း ဒီအကြောင်းကြောင့်လို့ ကျွန်တော် ထင်နေတာ။”
ချန်ချင်းယွီ ခေါင်းခါပြလိုက်ရင်း
“ငါကတော့ အဲဒီလို မဟုတ်ပါဘူး၊ ပြီးတော့ အိမ်ပြောင်းဖို့လည်း သိပ်မလောပါဘူး။”
သူမ သက်ပြင်းချကာ ဆိုမိလေသည်။
“နင်ကလည်း ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ယုံနေတာလား။ ဒါက တကယ်ကို ရယ်စရာကောင်းလွန်းတယ်၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။”
“ဒါလည်း ဟုတ်တာပါပဲ။”
ရှောင်ထောင်း : “လူကို ကံဆိုးစေတယ်ဆိုတာ ဘယ်မှာ ရှိပါ့မလဲ။ ကျွန်တော်ကတော့ ဒီလို ကောလာဟလတွေကို လုံးဝမယုံဘူး၊ အိမ်တစ်အိမ်က လူကို နှိပ်စက်ပြီး ဖျက်ဆီးနိုင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။”
“ဒါပေါ့... အဲဒီအတိုင်းပဲလေ။”
ချန်ချင်းယွီ ထောက်ခံလိုက်သည်။
နှစ်ဦးသား သေသေချာချာ တိုင်ပင်ပြီးနောက်၊ ချန်ချင်းယွီသည် နောက်တစ်နေ့တွင် ဈေးဆိုင်မထွက်ဘဲ အိမ်သွားကြည့်ရန် ဆုံးဖြတ်လိုက်၏။ ရှောင်ထောင်း ပြောဆိုသော အိမ်တည်နေရာမှာ အခြေအနေ အတော်လေး ကောင်းမွန်ပြီး၊ ရှီချာဟိုင်အနီးတွင် ရှိသည်။ ချန်ချင်းယွီသည် နံနက်စောစောတွင် ရှောင်ထောင်းနှင့်အတူ အိမ်ပြင်သို့ ထွက်လာခဲ့ပြီး၊ အဘွားကြီးကျောက်လည်း အတူတူ လိုက်ပါလာခဲ့၏။
ရှောင်ထောင်းမှာ လမ်းတစ်လျှောက်လုံး မိတ်ဆက်ရှင်းပြပေးခဲ့လေသည်။
“သူတို့အိမ်က အိမ်ဝိုင်းကြီးကို ကျွန်တော် အရင်က တစ်ခေါက် လာကြည့်ဖူးတယ်။ အကျယ်အဝန်းက စတုရန်းမီတာ လေးရာကျော် (၄၀၀ စတုရန်းမီတာကျော်) လောက် ရှိတယ်ဗျ။ အခုလို အိမ်ရာကျပ်တည်းနေတဲ့ ခေတ်မှာ ဒီလောက်ကျယ်ဝန်းတဲ့ အိမ်ဝိုင်းကြီးက တကယ်ကို ရှားပါးပြီး ကောင်းမွန်ပါတယ်။ အကောင်းဆုံးအချက်ကတော့ အိမ်က ပျက်စီးယိုယွင်းနေခြင်း မရှိသလို၊ အိမ်ပိုင်ဆိုင်မှု စာချုပ်စာတမ်း အရှုပ်အရှင်းလည်း လုံးဝမရှိတာပဲ။ မဟုတ်ရင်တော့ အတော်လေး ဒုက္ခများမှာ...”
အမှန်တကယ်တမ်း ရှောင်ထောင်း၏ အမြင်တွင် ငွေကြေးအင်အား ရှိပါက ခေတ်မီတိုက်ခန်းကို ဝယ်ယူနေထိုင်ခြင်းမှာ ပိုမိုအဆင်ပြေပြီး နေထိုင်ရ လွယ်ကူလိမ့်မည်ဟု ယူဆ၏။
သို့သော်လည်း လူတစ်ယောက်ချင်းစီ၏ အကြိုက်မှာ မတူညီကြရာ၊ တစ်ဖက်လူသည် ဤကဲ့သို့သော ရှေးဟောင်းအိမ်ဝိုင်းကြီးကို သဘောကျနေ၍ သူအနေဖြင့်လည်း ကြားမှ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။
“ကဲ... ရောက်ပြီ၊ သွားကြစို့။”
သူတို့တစ်စုသည် မကြာမီမှာပင် ရည်မှန်းထားသော နေရာသို့ ဆိုက်
ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြသည်။ လူများ ရောက်ရှိလာသည်နှင့် အဘိုးအိုတစ်ဦး တံခါးလာဖွင့်ပေးသည်ကို တွေ့ရ၏။
ရှောင်ထောင်း : “အဘိုးလီ... ကျွန်တော် အိမ်ကြည့်မယ့်သူတွေကို ခေါ်လာခဲ့ပြီဗျ။ အဘိုးတို့အိမ်က...”
သူ စကားပင် မဆုံးသေးမီမှာပင် အိမ်ထဲမှ အမျိုးသား၊ အမျိုးသမီး အနည်းငယ် ထပ်မံထွက်လာသည်ကို မြင်လိုက်ရသဖြင့်၊ ရှောင်ထောင်း စကားတစ်ချက် တန့်သွားပြီးနောက်
“အဘိုးတို့အိမ်မှာ ဧည့်သည်တွေ ရောက်နေတာလား။”
အဘိုးလီ တဟားဟားနှင့် ဝမ်းသာအားရ ဖြစ်နေပြီး၊ အလွန်ပင် ဂုဏ်ယူဝင့်ကြွားလှသော လေသံဖြင့်
“ဒါက ငါ့ရဲ့ သားသမီးတွေလေ။ ဟော... ငါ ပြန်ရောက်လာပြီဆိုတဲ့ သတင်းကို ကြားလို့၊ သူတို့က အမှားကို သိပြီး အိမ်ကို ကိုယ်တိုင် ပြန်လာ တောင်းပန်ကြတာလေ။ ကလေးတွေအားလုံးက လိမ်မာကြပါတယ်ကွာ။ ငါ အိမ်ရောင်းမယ်ဆိုတဲ့ သတင်းကို ကြားလို့ စိုးရိမ်ပြီး လာကြည့်ပေးကြတာ။”
ရှောင်ထောင်း စိတ်မသက်မသာဖြင့် အားနာနာ ပြုံးပြလိုက်ရင်း ခေါင်းညိတ်ကာ
“ဩော်... ဒါဆိုရင်တော့ တကယ်ကို ဝမ်းသာစရာ ကောင်းတာပေါ့ဗျာ။”
ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့သည် တစ်ဦးကိုတစ်ဦး မသိမသာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက်၊ လူအားလုံး ဝင်းကြီးအတွင်းသို့ လှမ်းဝင်လာခဲ့ကြသည်။
ရှောင်ထောင်း : “အဘိုးလီတို့ရဲ့ အိမ်ဝိုင်းက အသေးစား အဆင့်နှစ်ဆင့်ရှိတဲ့ လေးဘက်ပိတ် အိမ်ဝိုင်း အမျိုးအစား ဖြစ်ပြီးတော့...”
“ဘယ်လိုဖြစ်လို့ အဆင့်နှစ်ဆင့်ရှိတဲ့ အိမ်ဝိုင်းအသေးစား ဖြစ်ရမှာလဲ၊ ဒါက အစစ်အမှန် အဆင့်နှစ်ဆင့်ရှိတဲ့ အိမ်ဝိုင်းကြီးပါနော်။ ဒီလောက်ကောင်းတဲ့ အိမ်ဝိုင်းမျိုး ဈေးကွက်ထဲမှာ ရှာတောင်မရနိုင်ဘူး။ ရှင်တို့ ကြည့်ချင်ကြည့်၊ ဒါပေမဲ့ တို့အိမ်က ပစ္စည်းတွေကိုတော့ လာပြီး မထိခိုက်မိစေနဲ့ဦး။ ရှင်တို့ လျော်နိုင်မှာ မဟုတ်ဘူး။”
အသက်အရွယ် အသင့်အတင့်ရှိသော အမျိုးသမီးတစ်ဦး (အဘိုးလီ၏ သမီးဖြစ်ဟန်တူသူ) က စကားစလာပြီး၊ ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမနှစ်ယောက်အား အထင်သေးသည့် မျက်လုံးများဖြင့် အထက်အောက် စုန်ဆန်ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လျက် ဆိုလေသည်။
ရှောင်ထောင်းမှာ ဤလောကဓံကို ကျွမ်းကျင်နေသူဖြစ်ရာ မျက်နှာပျက်ရိပ် မပြသော်လည်း၊ ချန်ချင်းယွီမှာ မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ပြုံးမိ၏။
ရှောင်ထောင်း : “ဒီနေရာက အရင်တုန်းက ယဉ်ကျေးမှုဌာနက အသုံးပြုခဲ့တာဆိုတော့ အိမ်ရဲ့ တည်ဆောက်ပုံကို သူတို့က အပြောင်းအလဲ မလုပ်သလောက်ပါပဲဗျ။ ဒီနေရာက...”
“တို့အိမ်က ဟို သာမန် လေးဘက်ပိတ် အိမ်ဝိုင်းတွေနဲ့ လုံးဝမတူဘူးနော်။ သူတို့က ဘာကောင်မို့လို့ တို့အိမ်နဲ့ လာနှိုင်းယှဉ်ရမှာလဲ။ တစ်အိမ်လုံး စည်းကမ်းမဲ့ တိုးချဲ့ဆောက်လုပ်ထားကြတာ၊ ကြည့်ရတာ လူလိုမကျင့်ဘူး။”
အမျိုးသားတစ်ဦး ဝင်ပြောပြီး စကားဖြတ်လုလိုက်သည်။ သူ၏ အကြည့်များမှာ ချန်ချင်းယွီ့ထံသို့ အထက်အောက် စုန်ဆန် ကြည့်ရှုနေရင်း မေးမြန်းလေ၏။
“ခင်များတို့က ဘာလုပ်တဲ့သူတွေလဲ၊ နာမည် ဘယ်လိုခေါ်လဲ။ ဘယ်မှာ အလုပ်လုပ်လဲ။ ဘာဖြစ်လို့ ကျုပ်တို့အိမ်ကို ဝယ်ဖို့ စဉ်းစားတာလဲ။ ငွေကော လောက်ရဲ့လား။ ကျုပ်တို့အိမ်က ကြုံသလို တွေ့သလိုလူကို စည်းကမ်းမဲ့ ရောင်းမှာ မဟုတ်ဘူးနော်။”
သူ၏ မျက်လုံးများမှာ ချန်ချင်းယွီ့ဆီတွင် ကပ်ငြိနေမတတ်ပင်။
အဘွားကြီးကျောက်မှာ နောက်ဆုံးတွင် မအောင့်နိုင်တော့ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ပက်ခနဲ ပြန်ပြောတော့၏။
“ဒါတွေက ရှင်တို့နဲ့ ဘာဆိုင်လို့လဲ။ တို့က အိမ်လာဝယ်တာလေ၊ ဘာဖြစ်လဲ။ သန်းခေါင်စာရင်း လာစစ်နေတာလား။ ရှင်တို့က တကယ် စိတ်ပါလက်ပါ အိမ်ရောင်းမှာလား မရောင်းဘူးလား။ တကယ်လို့ စိတ်မပါရင် တို့တွေ မကြည့်တော့ဘူး။ ဒါကိုပဲ တတွတ်တွတ်နဲ့ ဘာတွေ လာမေးနေတာလဲ။ ငါတို့ကို အနိုင်ကျင့်လို့ လွယ်တယ်လို့ ထင်နေတာလား။ တကယ့်ကို ရယ်စရာကောင်းလှတယ်။”
“ဒီအဘွားကြီးက ဘယ်လိုဖြစ်နေတာလဲ၊ ဘာစကားလုံးတွေ လာပြောနေတာလဲ။ ရှင်တို့က အိမ်ဝယ်ချင်ရင် သေသေချာချာ အမူအရာ ကောင်းကောင်းပြရမှာလေ။ ရှင်တို့ ဒီလိုပုံစံမျိုးဆိုရင်တော့ တို့က မရောင်းဘူး။ တကယ့် တောသားတွေကများ အိမ်လာဝယ်ချင်နေသေးတယ်...”
“တော်ကြစမ်း၊ နင်တို့ ဘာတွေလုပ်နေကြတာလဲ။ အားလုံး ပါးစပ်ပိတ်ထားစမ်း။”
အဘိုးလီ ဝင်ဖျန်ဖြေကာ
“သူတို့ပြောတာတွေကို စိတ်ထဲမထားပါနဲ့ကွယ်၊ သူတို့က ငါ့ကို လူလိမ်ခံရမှာ စိုးရိမ်လို့ပါ၊ ဟဲဟဲ။”
ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့သည် တစ်ဦးကိုတစ်ဦး ထပ်မံ အကြည့်ချင်း ဖလှယ်
လိုက်ကြပြီးနောက်
“ရပါပြီ၊ ကျွန်မတို့တွေ မကြည့်တော့ဘူး။”
ဤအဘိုးကြီး ကြည့်ရသည်မှာ အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေပြီး၊ ဤအိမ်ကို ဝယ်လိုက်ပါက နောင်တွင် မည်သို့သော ပြဿနာမျိုး ထပ်မံ ပေါ်ပေါက်လာဦးမည် မသိနိုင်ချေ။ ချန်ချင်းယွီအနေဖြင့် ငွေရှာရန် အချိန်ရှိသော်လည်း ၎င်းတို့နှင့် အချိန်ကုန်ခံ ငြင်းခုံနေရန် အချိန်မရှိပေ။ ၎င်းအပြင် သူမသည် ဤအိမ်အပေါ်တွင်လည်း သိပ်ပြီး သဘောမကျလှပေ။
“အို... မဟုတ်သေးပါဘူး၊ ရှင်တို့က ဘာဖြစ်နေတာလဲ။ အိမ်ကို တကယ် စိတ်ပါလက်ပါ ဝယ်မှာလား မဝယ်ဘူးလား။”
အခြားတစ်ယောက် ထပ်မံ စကားဆိုပြန်သည်။
“ဟုတ်ပ... အိမ်လာကြည့်ပြီးမှ ချက်ချင်း ပြန်မယူတော့ဘူး ဆိုတော့၊ ဝယ်မှ မဝယ်နိုင်တာ နေမှာပါ။ ဝယ်မနိုင်ရင်လည်း လာမကြည့်နဲ့လေ။”
ချန်ချင်းယွီ တည်ငြိမ်စွာဖြင့် အေးအေးဆေးဆေး ပြန်ပြောလိုက်၏။
“ကျွန်မ ပိုပြီး ကျယ်ဝန်းတဲ့ အိမ်မျိုးကို ဝယ်ချင်လို့ပါ၊ ရှင်တို့အိမ်ကိုတော့ သိပ်ပြီး သဘောမကျဘူး။”
“အမလေး... ကြွားလိုက်တာလည်း လွန်ရော၊ ပိုပြီး ကျယ်ဝန်းတာ ဟုတ်လား။ ပိုကျယ်တာကို နင်တို့ ဝယ်နိုင်ပါ့မလား။ ဝယ်မနိုင်ရင်လည်း ဝယ်မနိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပေါ့။ အဖေ... သမီး ပြောသားပဲ၊ ဒီလို တောသားတွေကို ဇွတ်အတင်း အိမ်ထဲပေးမကြည့်ပါနဲ့ဆိုတာ၊ ဘာကောင်တွေမှန်းကို မသိဘူး။”
အဘိုးလီ : “နင်တို့လည်း တိတ်တိတ်နေကြစမ်း။ အားနာပါတယ်ကွယ်၊ မောင်ရင်တို့ဘက်က သဘောမကျဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။”
အဘိုးလီ ရှောင်ထောင်းဘက်သို့ လှည့်၍
“ငါ့အိမ်က သုံးသောင်း (၃၀,၀၀၀) တန်တယ်ကွဲ့။ မောင်ရင် နောက်တစ်ခေါက် လူခေါ်လာရင် သူတို့ကို ဈေးနှုန်း သေသေချာချာ အရင်ပြောပြထားဦး၊ မဟုတ်ရင် လာကြည့်ပြီးမှ မသင့်တော်ဘူးဆိုပြီး ပြန်သွားရင် လူတိုင်းရဲ့ အချိန်ကုန်တာပဲ အဖတ်တင်တယ်။ ငါကလည်း အသက်ကြီးပြီဆိုတော့ လူပေါင်းစုံကို ဧည့်ခံနေဖို့ အချိန်မရှိဘူး။ မောင်ရင်လည်း သိတဲ့အတိုင်း ငါ့အိမ်က အစစအရာရာ ကောင်းမွန်ပြီး ထိန်းသိမ်းမှုလည်း သေချာတော့ ဈေးကတော့ သေချာပေါက် မပေါဘူးလေ။ လူတိုင်း ဝယ်နိုင်မယ့် ဈေးမျိုး မဟုတ်မှန်း ငါသိပါတယ်။ ဝယ်မှ မဝယ်နိုင်ဘဲနဲ့ ဇွတ်အတင်း လာကြည့်ပြီး ဟန်ဆောင်နေရင်တော့ လူရယ်စရာ ဖြစ်ရုံပဲ ရှိမှာပေါ့။”
သူသည်လည်း မိမိ၏ သားသမီးများ၏ အမြင်ကို အလွန်ပင် ထောက်ခံနေပြီး၊ ဤယောက္ခမနှင့် ချွေးမနှစ်ယောက်မှာ ဝယ်မနိုင်သဖြင့် ဆင်ခြေပေးကာ ထွက်ပြေးခြင်း ဖြစ်လိမ့်မည်ဟု ယူဆကာ၊ ပိုမိုကျယ်ဝန်းသည့် အိမ်ကို လိုချင်သည်ဟူသော စကားမှာ ကြွားလုံးထုတ်ခြင်းသာ ဖြစ်သည်ဟု ထင်နေသည်။ သူ နှုတ်ခမ်းကို စေ့လိုက်ရင်း မကျေမနပ် ဖြစ်သွားရ၏။
ရှောင်ထောင်း : “ဟုတ်ကဲ့ပါ... ကျွန်တော် သိပါပြီဗျ။”
ချန်ချင်းယွီသည် စိတ်ထဲတွင် ကျိတ်၍ ချီးကျူးမိသည်မှာ၊ ရှောင်ထောင်း တစ်ယောက် အဘယ်ကြောင့် ငွေရှာနိုင်လဲဆိုသည်မှာ အကြောင်းရှိပေသည်။ တစ်ဖက်သူများ ဤမျှလောက် နားမခံသာသော စကားများကို ပြောဆိုနေပါသော်လည်း သူသည်ကား ပြုံးပြုံးလေးနှင့် ဘာမျှမဖြစ်ခဲ့သကဲ့သို့ တည်ငြိမ်နေနိုင်သည် မဟုတ်လော။
အဘွားကြီးကျောက် စိတ်မကျေနပ်သဖြင့် စကားအနည်းငယ် ပြန်လည်ခြေပရန် ပြင်ဆင်လိုက်သော်လည်း၊ ချန်ချင်းယွီ သူမ၏လက်ကို အသာအယာ ဖိနှိပ်ကာ တားဆီးလိုက်သည်။
“တို့တွေ သွားကြစို့။”
ရှောင်ထောင်း : “အဘိုးလီ... ဒါဆိုရင် ကျွန်တော်တို့ အရင် ပြန်နှင့်ပါရစေဦးဗျာ၊ နောက်မှ ပြန်ဆုံကြတာပေါ့။”
အဘိုးလီ ခေါင်းညိတ်ပြ၏။
သို့သော်လည်း သူ၏ သားဖြစ်သူမှာ ဘေးနားမှနေ၍ စောင်းမြောင်းကာ
“ဝယ်မှ မဝယ်နိုင်ဘဲနဲ့ လာကြည့်သေးတယ်၊ လူကုံတန်ကြီးလိုလို ဘာလိုလိုနဲ့ ဟန်ဆောင်နေလိုက်တာ။ နေရာက သေးတယ်လို့တောင် ပြစ်တင်ဝေဖန်နေသေးတယ်၊ ဒီနေရာကို မင်းတို့ ဝယ်နိုင်လို့လားဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်ကြည့်ဦး။”
“အဖေ... ဒီအိမ်အရောင်းအဝယ် ကိစ္စကို သမီးလက်ထဲပဲ အပ်လိုက်ပါ၊ အဖေ ရှာလာတဲ့ လူတွေကို ကြည့်ဦး... ဘာတွေမှန်းကို မသိဘူး...”
“ဘာလို့ နင့်လက်ထဲ အပ်ရမှာလဲ၊ ငါက သားကြီးပဲဥစ္စာ၊ ဒီကိစ္စက ငါ့တာဝန်ပဲ ဖြစ်ရမယ်။”
“ဟယ်... နင်ကတော့...”
အိမ်အရောင်းအဝယ် မဖြစ်ရသေးမီမှာပင်၊ ထိုမိသားစုမှာ အချင်းချင်း စကားများကာ ရန်ဖြစ်ကြတော့သည်။
“ရှင်တို့ အမြန်ဆုံး ထွက်သွားကြစမ်း။”
သမီးဖြစ်သူတစ်ဦးမှာ ချန်ချင်းယွီတို့ လူစုကို နှင်ထုတ်လေသည်။
အဘွားကြီးကျောက်မှာ အလွန်ပင် ဒေါသထွက်သွားရ၏။
ချန်ချင်းယွီ : “သွားကြစို့ အမေ”
သူမအနေဖြင့် ရန်ဖြစ်နေရန် မလိုအပ်ဟု ယူဆထား၏။
ရှောင်ထောင်း ဆက်လက်၍ မေးမြန်းလိုက်ကာ
“အဘိုး... သားသမီးတွေ အကုန်လုံး ပြန်ရောက်လာကြပြီဆိုတော့ အဘိုး ပြည်ပကို မသွားတော့ဘူးလားဗျ။”
အဘိုးလီ ဝမ်းသာအားရ ဖြစ်နေသော လေသံဖြင့် ခေါင်းခါပြရင်း
“မသွားတော့ဘူးကွဲ့၊ ငါကတော့ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရင် ပျင်းစရာကောင်းလို့ သွားဖို့ စဉ်းစားတာ၊ အခု ကလေးတွေ အကုန်လုံး ပြန်ရောက်လာကြပြီဆိုတော့ ငါ မသွားတော့ဘူး။ ဘာပဲပြောပြော မိသားစုဝင်တွေ အားလုံး တစုတစည်းတည်း အတူတူ နေရတာက အကောင်းဆုံးပေါ့။”
ရှောင်ထောင်း ခေါင်းညိတ်ပြလိုက်ပြီးနောက်၊ သုံးဦးသား အိမ်ပြင်သို့ ထွက်လာခဲ့ကြသည်။
“တောက်... ဆင်းရဲသားတွေကများ ဘာလာဟန်ဆောင်နေတာလဲ မသိဘူး။”
ဂျိမ်း... ဟူသော အသံနှင့်အတူ တံခါးကြီး ပိတ်သွားလေသည်။
အဘွားကြီးကျောက်မှာ ဒေါသတကြီးဖြင့် ခြေဆောင့်ကာ
“ညည်း စောစောက ငါ့ကို ဘာလို့ တားရတာလဲ၊ အဲဒီလူတွေကို သေသေချာချာကို ပြန်ဆဲပစ်ရမှာ။ ဘာကောင်တွေမို့လို့ ငါတို့ကို အထင်သေးပြီး မျက်နှာထား လာပြနေရတာလဲ။ သူတို့ရဲ့ မျက်နှာပေးကို ကြည့်ဦး၊ တကယ့်ကို ရယ်စရာကောင်းလွန်းတယ်။”
ချန်ချင်းယွီ : “ဟားဟား... အမေကလည်း၊ သူတို့နဲ့ ဘာလို့ ဒေါသထွက်ခံပြီး စကားများနေမှာလဲ။ သူတို့နဲ့ ရန်ဖြစ်ရင် ကိုယ်ပဲ စိတ်ဆိုးဒေါသထွက်ရတာ အဖတ်တင်မယ်၊ မထိုက်တန်ပါဘူး။ တို့တွေ မဝယ်ဘဲ နေလိုက်ရုံပဲလေ။ အမှန်အတိုင်း ပြောရရင် ကျွန်မကတော့ နေရာက တကယ်ကို နည်းနည်း သေးတယ်လို့ ခံစားရလို့ပါ။”
ရှောင်ထောင်း : “အမလေး... အစ်မချန်က ကြွားလုံးထုတ်တာ မဟုတ်ဘူးပေါ့။”
ချန်ချင်းယွီ မျက်ခုံးပင့်ပြရင်း ဆိုလိုက်၏။
“သေချာတာပေါ့... နင်က ဘယ်လို ထင်လို့လဲ။ ငါက ပြဿနာရှာချင်လို့ ပြောတယ် အောက်မေ့နေတာလား။ အမှန်တကယ်ကိုပဲ၊ ငါက အဲဒီမိသားစုရဲ့ ဆက်ဆံရေး အမူအရာကို သဘောမကျတာ မှန်ပေမဲ့၊ နေရာက မကျယ်တာလည်း အမှန်ပဲလေ။ ဝယ်မှဝယ်တော့မယ်ဆိုရင် ပိုပြီး ကျယ်ဝန်းတာကိုပဲ ဝယ်ချင်တာပေါ့။”
ရှောင်ထောင်း : “အစ်မတို့ အဲဒီအိမ်ကို သဘောမကျတာလည်း မှန်ပါတယ်၊ ဒီဈေးနှုန်းက တကယ်ကို မြင့်လွန်းတယ်။ ကျွန်တော် အနီးအနားမှာ ရှိတဲ့ အိမ်တစ်အိမ်ကို သိသေးတယ်၊ အဲဒီအိမ်က အရင်တုန်းက မိသားစု အများကြီး ခွဲဝေနေထိုင်ခဲ့ကြတာဆိုတော့ အိမ်က တော်တော်လေး ပျက်စီးနေပြီး ထိန်းသိမ်းမှုကတော့ ဒီအိမ်လောက် မကောင်းဘူး။ ဒါပေမဲ့ ပိုင်ရှင်က နှစ်သောင်း (၂၀,၀၀၀) ပဲ တောင်းတာဗျ။ ဒီအိမ်ကတော့ ချက်ချင်းကြီး သုံးသောင်း တောင်းတာဆိုတော့ တကယ်ကို များလွန်းပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်တော် လာတုန်းက သူပြောတဲ့ဈေးက နှစ်သောင်းငါးထောင် (၂၅,၀၀၀) ပဲ ရှိသေးတာ၊ နှစ်ရက်အတွင်းမှာတင် ငါးထောင် (၅,၀၀၀) ချက်ချင်း တက်သွားတာလေ။”
သူ ဆက်လက်၍ ဆိုလိုက်ပြန်သည်။
“အဘိုးလီက အစပိုင်းတုန်းကတော့ အမူအရာ တော်တော်လေး ကောင်းမွန်ပြီး၊ စိတ်ပါလက်ပါ ရောင်းချင်တာ။ အဲ့တုန်းက သားသမီးတွေ ကြားကနေ ဝင်မရှုပ်သေးဘူးလေ။ အခု သားသမီးတွေ ရောက်လာတော့ မျှော်လင့်ထားသလို မချောမွေ့တော့ဘူးပေါ့။ ဒီအဘိုးကြီးကလည်း... အရင်တုန်းက ကိုယ့်ရဲ့ သားသမီးတွေ ကိုယ်တိုင် တိုင်တန်းခံခဲ့ရတာကို အခုထိ သင်ခန်းစာ မရသေးဘူး။”
အဘွားကြီးကျောက်မှာ စိတ်ဝင်စားသွားကာ စပ်စုလိုက်သည်။
“ဟင်... သူက သားသမီးတွေရဲ့ တိုင်တန်းခြင်းကို ခံခဲ့ရတာလား။”
“ဒါပေါ့ဗျာ... သူတို့အိမ်က ပြည်ပနဲ့ ဆက်နွှယ်မှု ရှိတာလေ၊ အမျိုးတစ်ယောက်က ပြည်ပကို ထွက်သွားခဲ့တယ်၊ ဒါ့အပြင် အိမ်မှာလည်း ဆိုင်ခန်းအနည်းငယ် ရှိတော့ ငွေကြေးတတ်နိုင်တယ်လို့ ပြောလို့ရတယ်။ ဓနရှင်အဆင့်အထိ မရောက်ပေမဲ့ အခြေအနေကတော့ တော်တော်လေး ကောင်းမွန်ခဲ့တာ။ ဒါကြောင့်မို့လို့ပဲ သားသမီးတွေရဲ့ တိုင်တန်းခြင်းကို ခံခဲ့ရတာပေါ့။ သူက အခုနှစ်ဆန်းပိုင်းကမှ နောက်ကြောင်းပြန် အမှုကျေအေးပြီး အိမ်ပြန်ရခဲ့တာမို့၊ အိမ်ကို ရောင်းပြီး ပြည်ပက အမျိုးတွေဆီ သွားဖို့ စဉ်းစားနေတာ။ မထင်မှတ်ဘဲ ရက်ပိုင်းအတွင်းမှာတင် သားသမီးတွေက အိမ်ကို ပြန်ရောက်လာကြတာလေ။ ဟူး...”
ရှောင်ထောင်းသည် ထိုသားသမီးများကို လုံးဝအထင်မကြီးပေ။ ကြည့်ရုံမျှဖြင့် မည်သို့သော အကျင့်စရိုက် ရှိသည်ကို သိသာလှပေသည်။
ဤအဘိုးကြီးသည် သားသမီးများကြောင့် တစ်ကြိမ် ဒုက္ခရောက်ခဲ့ရဖူးပြီး ဖြစ်ပါလျက်၊ ယခုအခါ ဤမျှလောက် လွယ်လွယ်ကူကူနှင့် ပြန်လည်ခွင့်လွှတ်လိုက်ခြင်းသည် နောင်တွင် သေချာပေါက် ဒုက္ခပြန်ရောက်ဦးမည် ဖြစ်၏။
“သူတို့က ငွေကိုပဲ မျက်စိကျပြီး ပြန်လာကြတာ၊ တကယ်လို့ အဘိုးကြီးက ဒါကို မရိပ်မိရင်တော့ သွားပြီပဲ။ ထားလိုက်ပါတော့... သူတို့အကြောင်းကို မပြောကြစို့နဲ့။ အစ်မချန်... အားနာပါတယ်ဗျာ၊ သူတို့အိမ်မှာ ဒီလိုအပြောင်းအလဲတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ကျွန်တော် တကယ် မျှော်လင့်မထားမိဘူး။”
ချန်ချင်းယွီ : “ကိစ္စမရှိပါဘူး၊ အိမ်ဝယ်တယ်ဆိုတာ ဂေါ်ဖီထုပ် ဝယ်သလိုမျိုး ဘယ်မှာ လွယ်ပါ့မလဲ။ ဒီအိမ် အဆင်မပြေရင် တခြားအိမ် ထပ်ရှာကြည့်တာပေါ့၊ ငါလည်း မလောပါဘူး။”
သူမ ပြုံးလျက် နှစ်သိမ့်ပေးလိုက်၏။
“မင်း ကြည့်လေ... အဲ့မိသားစုထဲက သားသမီး အားလုံးက သူတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ပုံစံမျိုး ဖမ်းနေကြတာ။ တကယ်လို့ တို့တွေ အိမ်ကို သဘောကျသွားခဲ့ရင်တောင် နောင်ပြဿနာ အများကြီး တက်နိုင်တယ်၊ ဒါကြောင့် တခြားအိမ်ကိုပဲ ထပ်ရှာကြည့်တာ ပိုကောင်းပါတယ်။”
“ဒါလည်း ဟုတ်တာပါပဲ၊ စိတ်ရှည်ရှည်ထားရင် အကောင်းဆုံးကို ရမှာပါ။ နောင်ကျရင် ကျွန်တော် အစ်မအတွက် သေသေချာချာ ထပ်ရှာပေးပါ့မယ်။ သူတို့အိမ်က ဒီလို ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး။ လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်တော် လာကြည့်တုန်းက သားသမီးတွေ ခြေဦးတောင် မလှည့်ကြသေးဘူး။ အဲ့တုန်းက အဘိုးကြီးက သားသမီးတွေက သွေးအေးပြီး ရက်စက်ကြတယ်လို့ ညည်းညူနေခဲ့တာ။ အခု မျက်စိတစ်မှိတ်အတွင်းမှာတင် ပြန်လည်သင့်မြတ်သွားကြတာကို မြင်တော့ ကျွန်တော်ဖြင့် တကယ်ကို...”
“လူကြီးတွေဆိုတာ မိသားစုဝင်တွေအားလုံး ပြန်လည်သင့်မြတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေကြတာကို သဘောကျတာ သဘာဝပါပဲ။”
ချန်ချင်းယွီ ပြောဆိုကာ နှစ်သိမ့်ပေးလိုက်၏။
ရှောင်ထောင်းသည်လည်း ဤကဲ့သို့ မိသားစုဝင်အားလုံး ဆုံးဖြတ်ချက်ချချင်ပြီး ဩဇာအာဏာ ပြိုင်နေကြသည့် အိမ်မျိုးမှာ တကယ်ကို မကောင်းမှန်း ကောင်းကောင်းသဘောပေါက်သည်။ ထို့အပြင် ဈေးနှုန်းကိုလည်း ချက်ချင်း ထိုင်ရာမထ တိုးမြှင့်လိုက်သေး၏။
‘လူက အသက်ကြီးလာရင် တကယ်ပဲ ဝေဝေဝါးဝါး ဖြစ်တတ်တာပါလား..’
“အစ်မချန် စိတ်သာချပါ၊ ကျွန်တော် ဆက်ပြီး စုံစမ်းပေးပါ့မယ်။ သေချာပေါက် အစ်မအတွက် အကောင်းဆုံးအိမ်တစ်အိမ် ရှာပေးမယ်လို့ အာမခံပါတယ်ဗျာ။”
ချန်ချင်းယွီ တခစ်ခစ် ရယ်မောလိုက်၏။
သူမအနေဖြင့် တကယ်ကို မလောချေ။ သို့သော်လည်း လောနေသည့်လူကား ရှိနေသည်။ ကိစ္စရပ်များ ဘာမျှပင် မရေရာသေးမီမှာပင် ဝမ်ကျန့်ကော် မအောင့်နိုင်တော့ကာ သူတို့အိမ်ထံသို့ ကိုယ်တိုင် ကိုယ်ကျ ရောက်ရှိလာခဲ့တော့သည်။
ထင်ထားသည့်အတိုင်းပင် သူတို့အိမ်ကို ရောင်းရန်မှာ လုံးဝမလွယ်ကူပေ။ အစပိုင်းတွင် သူတို့ဘက်မှ ဈေးကွက်အခြေအနေကို စောင့်ကြည့်ရန် အချိန်ဆွဲထားချင်သော်လည်း၊ မထင်မှတ်ဘဲ အိမ်လာကြည့်သူ တစ်ယောက်မှပင် မရှိဖြစ်နေခဲ့၏။ သိကြသည့်အတိုင်း သူတို့အိမ်ကို ယွမ်ထောင့်နှစ်ရာမျှဖြင့်သာ ဈေးခေါ်ထားခြင်း ဖြစ်ရာ၊ ဤသည်မှာ ဈေးကွက်ပေါက်ဈေးထက် အများကြီး ပိုမိုသက်သာလှပေသည်။
သို့သော်လည်း ရလဒ်ကတော့...
ဤမျှလောက် ဈေးပေါနေပါသော်လည်း လာကြည့်သူပင် မရှိပေ။
ဈေးကွက်ထဲမှာ အိမ်ရာကျပ်တည်းနေသည့် မိသားစုများစွာ ရှိသည်ဟု ပြောကြသည် မဟုတ်လော။
‘ဘာဖြစ်လို့ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ…’
အင်း... သူတို့ မသိသည့်အချက်မှာ သူတို့ဝင်းကြီး၏ နာမည်ဆိုးမှာ ပြင်ပတွင် အလွန်ပင် ပုပ်ဟောင်နေခဲ့ခြင်းပင်။
ထို့ကြောင့် ဈေးပေါနေသော်လည်း မည်သူမျှ မဝယ်ရဲကြပေ။ ဝမ်ကျန့်ကော်သည် ချန်ချင်းယွီ့ထံသို့ တိုက်ရိုက်မသွားပေ။ မိမိတို့ဝင်းထဲက လူများ၏ အမြင်အရ ဤအိမ်တွင် အဘွားကြီးကျောက်သည်သာ အရာရာကို ဆုံးဖြတ်သည်ဟု ယူဆထားကြသဖြင့်၊ သူ အဘွားကြီးကျောက်ထံသို့ လာရောက်ကာ စကားလုံး အကောင်းစားများဖြင့် လှည့်စားသိမ်းသွင်းလေသည်။
အဘွားကြီးကျောက် : “……”
‘ငါ့ကို ကြည့်ရတာ လှည့်စားရလွယ်တဲ့ ပုံစံမျိုး ပေါက်နေလို့လား။’
‘နင်တော့ သေချင်နေတာပဲ’
အမှန်တကယ်၌ ဝမ်ကျန့်ကော်၏ အစောပိုင်း စိတ်ကူးမှာ အကွက်တစ်ခု ဆင်ပြီး အဘွားကြီးကျောက်အား မိမိတို့အိမ်ကို ဈေးနှုန်းမြင့်မြင့်ဖြင့် ဝယ်ယူစေရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဈေးကြီးပေးဖို့ နေနေသာသာ၊ ဈေးနှုန်းအနိမ့်ဆုံးဖြင့်ပင် မေးမြန်းသူ မရှိသဖြင့် သူ အလွန်ပင် စိတ်ပျက်အားလျော့သွားရ၏။ ၎င်းအပြင် အဘွားကြီးဝမ်တစ်ယောက် အဘွားကြီးကျောက်ထံတွင် စကားနာထိုး စမ်းသပ်ကြည့်ခဲ့သော်လည်း အဘွားကြီးကျောက်မှာ လုံးဝ အကွက်မဝင်ဘဲ တင်းခံနေခဲ့သည်။ ထို့ကြောင့် ဝမ်ကျန့်ကော်လည်း ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ချေ။
သူ၏ စီးပွားရေးလုပ်ငန်းမှာ အဆင်မပြေလှသော်လည်း၊ သူသည် မိမိကိုယ်မိမိ အပြစ်မမြင်ကာ ဤဝင်းကြီးက မိမိ၏ ကံဇာတာကို ဖျက်ဆီးနေသည်ဟုသာ လွှဲချ၍ အမြန်ဆုံး ပြောင်းရွှေ့ရန် စိတ်စောနေ၏။
ဤအိမ်ကို ဝယ်ရန်မှာလည်း ဖြစ်သကဲ့သို့ မဝယ်ဘဲ နေလျှင်လည်း ရသည့် အခြေအနေမျိုး ဖြစ်ရာ အဘွားကြီးကျောက်လည်း စိတ်ထဲတွင် မရေမရာ ဖြစ်နေသဖြင့် မေးမြန်းမိသည်။
“ချွေးမရေ... တို့တွေ ဒီအိမ်ကို လွှဲပြောင်းဝယ်ယူသင့်လား။”
ချန်ချင်းယွီ : “ဈေးပေါရင် ဝယ်ထားလိုက်ပေါ့ အမေ ဘယ်လိုမှ မရှုံးပါဘူး။”
အဘွားကြီးကျောက် တွေးကြည့်တော့လည်း ဟုတ်သားပဲဟု ခံစားရသည်။
နှစ်ဦးနှစ်ဘက် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးပြီးနောက်၊ နောက်ဆုံးတွင် ဝမ်မိသားစု၏ အိမ်ကို ဝယ်ယူဖြစ်ခဲ့ကြ၏။
ဝင်းထဲရှိ လူများအားလုံး ဤမျှလောက် မြန်ဆန်လိမ့်မည်ဟု မျှော်လင့်မထားကြချေ။ အဘွားကြီးဝမ်နှင့် ဝမ်ကျန့်ကော်တို့ သားအမိသည် လက်သွက်ခြေသွက်ဖြင့် ဝုန်းဒိုင်းကြဲကာ ချက်ချင်းပင် အိမ်ပြောင်းသွားကြလေသည်။
“ဒီလူတွေ ဘာလို့ ဒီလောက်တောင် မြန်မြန်ဆန်ဆန် ပြောင်းသွားကြတာလဲ၊ ဘာပဲပြောပြော ဒီဝင်းကြီးထဲမှာ ဆယ်စုနှစ်တစ်ခုမက အတူတူ နေလာခဲ့ကြတာကို။ သွားခါနီးလေးတောင် နှုတ်ဆက်စကား တစ်ခွန်းမှ မပြောသွားကြဘူးလား။”
ရှီကျန့်ရှန်းတို့တစ်စု လုံးဝ နားမလည်နိုင် ဖြစ်နေကြ၏။
“သူတို့အိမ်က တို့ဝင်းကြီးကို နိမိတ်မကောင်းဘူးလို့ အမြဲတွေးနေတာလေ၊ ဝမ်ကျန့်ကော်ရဲ့ ကံဇာတာကို ထိခိုက်စေတယ်ဆိုပြီးတော့ပေါ့။ ပြီးတော့ ဝမ်ကျန့်ကော်က မိန်းမနဲ့ ကွာရှင်းထားပြီးပြီဆိုတော့ နောက်ထပ် မိန်းမအသစ်ရှာပြီး သားယောက်ျားလေး မွေးချင်နေတာ၊ မလောဘဲ နေပါ့မလား။”
အစ်မကြီးဖန် ဤအကြောင်းကို ပြောရင်း စိတ်မသက်မသာ ဖြစ်နေရှာ၏။
သူမ၏ သားနှစ်ယောက်စလုံးလည်း အိမ်ထောင်မပြုကြသေးရာ မည်သို့လုပ်ရမှန်း မသိ ဖြစ်နေရသည်။
အမှန်တကယ်၌ သူမသည်လည်း အိမ်ပြောင်းချင်သော်ငြား မိမိအိမ်ကို ဈေးလျှော့ပြီး အပေါစားစျေးဖြင့် ရောင်းချရန် နှမြောနေသဖြင့် အောင့်အီးးးပြီး နေနေရခြင်း ဖြစ်၏။
သူမ မနာလိုဖြစ်စွာဖြင့် တတွတ်တွတ်ဆိုကာ
“သူတို့အိမ်က အောက်ဈေးနဲ့ရောင်းသွားတာ၊ စောစောစီးစီး နောင်တရမယ့် နေ့တစ်နေ့ ရောက်လာမှာပါ။”
“နောင်တရရ၊ မရရ၊ အခုတော့ သူတို့ ပြောင်းသွားပြီပဲဥစ္စာ။ အဘွားကြီးကျောက်... ညည်းတို့အိမ်က ဒီလောက်တောင် ကျယ်ဝန်းနေတာကို အိမ်တွေ ထပ်ဝယ်နေသေးတယ်၊ အလကား ပစ်ထားမယ့်အစား တို့အိမ်က နေရာကျပ်နေလို့ တို့ကို ခဏလောက် ငှားပါလား...”
“တောက်... ဘယ်ကလာတဲ့ မျက်နှာပြောင်တဲ့ ခွေးမလဲ။ ငါ့ရှေ့ လာပြီး တတွတ်တွတ်နဲ့ ဘာတွေ လာပြောနေတာလဲ၊ ညည်းကို ငှားရမယ် ဟုတ်လား။ ညည်း ရုပ်က သိပ်လှနေလို့လား၊ ဘယ်က အမှိုက်ကောင်မလဲ၊ ငါ့ရှေ့ကနေ အမြန်ဆုံး လစ်လိုက်စမ်း။ မဟုတ်ရင် ငါ ညည်းကို ပါးရိုက်ပစ်မယ်နော်။”
အဘွားကြီးကျောက် ခါးထောက်လျက် အော်ဟစ်ဆဲဆိုကာ
“ငါ့ဆီကနေ အမြတ်ထုတ်ချင်တာလား။ လုံးဝ မရဘူး။ ငါ့ဆီကနေ အမြတ်ထုတ်ဖို့ ကြံစည်တဲ့ကောင်မှန်သမျှ ငါကတော့ အသက်နဲ့လဲပြီး တိုက်ပွဲဝင်မှာပဲ။”
“မလိုပါဘူး... မလိုပါဘူး၊ အဲဒီလောက်အထိ စိတ်မဆိုးပါနဲ့။”
“ဟုတ်ပါရဲ့... အဘွားကြီးကျောက်ရယ် စိတ်မဆိုးပါနဲ့၊ မဟုတ်တာပဲ။ တို့တွေလည်း သူများ ညည်းကို လာပြီး အနိုင်ကျင့်တာကို ကြည့်နေမှာ မဟုတ်ပါဘူး၊ သူက နောက်ပြောင်လိုက်တာပါ...”
“ဟုတ်တယ်... ဟုတ်တယ်၊ သေချာပေါက် နောက်ပြောင်တာနေမှာပေါ့၊ ဘယ်သူကများ ညည်းဆီက အမြတ်ထုတ်ရဲပါ့မလဲ။”
အဘွားကြီးကျောက် : “ဟွန်း...”
သူမ ဆက်၍ ကြိမ်းမောင်းလိုက်ကာ
“ညည်းတို့ ငါ့ကို လာကိုင်ပြီး ကာယကံမြောက် အမြတ်ထုတ်ရင်တော့ ရနိုင်သေးတယ်၊ ဒါပေမဲ့ ငါ့အိမ်က ပစ္စည်းတွေ၊ ငါ့အိမ်တွေကိုတော့ လာပြီး မျက်စိကျဖို့ မစဉ်းစားနဲ့၊ အဲဒါ ငါ့ရဲ့ မဟာရန်သူပဲ.........”
အခြားသူများ : “……”
‘ညည်းကို လာကိုင်ပြီး အမြတ်ထုတ်ရမယ် ဟုတ်လား။’
‘ညည်းကများ တွေးနေလိုက်တာ။’
‘ဒါက အမြတ်ထုတ်တာ မဟုတ်ဘူး၊ အရှုံးကြီး ရှုံးတာဟေ့။’
‘လုံးဝ မဖြစ်နိုင်တာ...’
လူတိုင်း နောက်တစ်ဝက် အမှန်တစ်ဝက်ဖြင့် ပျော်ပျော်ပါးပါး စနောက်နေကြစဉ်၊ ရှောင်ထောင်း ချန်ချင်းယွီ့ထံသို့ ထပ်မံ ရောက်ရှိလာပြီး သတင်းပေးလေသည်။
“အစ်မချန်... ကျွန်တော် အခုတလော အိမ်ရောင်းမယ့်အိမ် နောက်တစ်အိမ် တွေ့ထားပြန်ပြီဗျ။ ဒီတစ်ခါတော့ နေရာက တကယ် ကျယ်ဝန်းတယ်၊ သွားကြည့်ချင်လား။ စိတ်ချပါ... ဒီတစ်ခါတော့ ပြီးခဲ့တဲ့ အခေါက်ကလိုမျိုး ပြဿနာ လုံးဝမရှိစေရပါဘူး။”
ချန်ချင်းယွီ : “ကောင်းပြီလေ။”
အိမ်တွေ အများကြီး ထပ်ကြည့်လိုက်လျှင် သင့်တော်မည့် အိမ်တစ်အိမ် သေချာပေါက် တွေ့လာနိုင်မည် မဟုတ်လော့…။