← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆) အိမ်ဝယ်ခြင်း

ယခုတစ်ခေါက် ရှောင်ထောင်း မိတ်ဆက်ပေးသည့်အိမ်မှာ အလွန်ပင် စိတ်ချရ၏။

ထိုကောင်လေးမှာ နေကြာစေ့၊ ကွာစေ့ရောင်းသည့် အဓိကအလုပ်အပြင် ဘေးပေါက်ရသည့်အလုပ်ဟူသမျှ အကုန်လုပ်လေသည်။ နိုင်ငံငွေလဲလက်မှတ်ရောင်းသူ၊ ကြားပွဲစား…. အစရှိသည်ဖြင့် အကုန်လုပ်ကာ ရှင်းရှင်းဆိုရလျှင် ပိုက်ဆံပေးနေသရွေ့ အားလုံးလုပ်၏။ လုပ်သမျှတိုင်းမှာ ယနေ့ခေတ်အရ ဂုဏ်သိက္ခာမရှိဟု ထင်ရသော်ငြား ပိုက်ဆံရသည့်အပြင် အဆက်အသွက်များမှာလည်း အလွန်တရာ ကျယ်ပြန့်သည်။ သေချာပေါက်ပင်… ထို့ကြောင် အချိန်ခဏလေးအတွင်း နောက်အိမ်တစ်လုံး အမြန် ရှာတွေ့ခဲ့ခြင်းတည်း။

ချန်ချင်းယွီအနေဖြင့် ယခုအချိန်တွင် စိတ်ပြောင်းကာ အိမ်ရှာဖွေခြင်းမှာ အလွန်ပင် ကံကောင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။ အကယ်၍ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်သာ ကြာသွားပါက ယခုလောက် ရွေးချယ်စရာ အိမ်များများစားစား ရှိတော့မည် မဟုတ်ချေ။ လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်အတွင်း ကျေးလက်သို့ အလုပ်ဆင်းပေးခဲ့ရသူ အများစုမှာ မြို့ပေါ်သို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာကြပြီး၊ မိမိတို့၏ ဘိုးဘွားပိုင် ပိုင်ဆိုင်မှုများကိုလည်း ပြန်လည်တောင်းခံနိုင်ခဲ့ကြပြီ ဖြစ်၏။ သို့သော်လည်း နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲမျိုးစုံ ကြုံတွေ့ခဲ့ရပြီးနောက် ၎င်းတို့၏ သတ္တိနှင့် ကြံ့ခိုင်မှုများမှာ ယုတ်လျော့သွားခဲ့ရပြီ ဖြစ်သည်။ လူအတော်များများမှာ နောက်ထပ် အပြောင်းအလဲများ ထပ်မံပေါ်ပေါက်လာမည်ကို စိုးရိမ်ကြသဖြင့်၊ မိမိတို့၏ အိမ်ကြီးအိမ်ကောင်းများကို ရောင်းချကာ ငွေကြေးစုဆောင်းပြီး နေရာအသေးစားလေးများတွင်သာ စိတ်အေးလက်အေး နေထိုင်ရန် ရွေးချယ်ကြတော့၏။

ထို့ကြောင့်ပင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အရောင်းဈေးကွက်ထဲတွင် အိမ်အမြောက်အမြား ရှိနေခြင်းဖြစ်ပြီး၊ အားလုံးမှာလည်း အိမ်ဝိုင်းကြီး အိမ်ကောင်းကြီးများ ဖြစ်ကြလေသည်။

သို့သော်လည်း အိမ်ကြီးများမှာ ဈေးနှုန်းကြီးမားလှသဖြင့် ရောင်းထွက်ရန် မလွယ်ကူလှပေ။ ထို့ကြောင့် ဈေးကွက်ထဲတွင် ရွေးချယ်စရာ အချို့ ကျန်ရှိနေသေးခြင်း ဖြစ်၏။ ၎င်းတို့၏ အိမ်များသည် ဝမ်ကျန့်ကော်တို့၏ အိမ်ကဲ့သို့ အလွယ်တကူ ရောင်းထွက်ရန် မလွယ်ကူလှချေ။ ဝမ်ကျန့်ကော်တစ်ယောက် ဈေးနှုန်းကို နှိမ့်ချထားပါလျက်နှင့် အိမ်မရောင်းရခြင်းမှာ မိမိတို့ဝင်းကြီး၏ နာမည်ဆိုးကြောင့်သာ ဖြစ်ပြီး၊ မဟုတ်ပါက သေချာပေါက် ဝယ်လိုအား မြင့်မားနေမည် ဖြစ်သည်။

မူလကိစ္စသို့ ပြန်ကောက်ရသော်၊ ရှောင်ထောင်း၏ မိတ်ဆက်ရှင်းပြချက်ကို ကြားရပြီးနောက် ချန်ချင်းယွီတို့တစ်စုမှာ ပိုမိုယုံကြည်မှု ရှိလာခဲ့ကြ၏။ ဘာပဲပြောပြော ပြီးခဲ့သည့်တစ်ခေါက်က စိတ်မချရသည့် လူများနှင့် ကြုံတွေ့ခဲ့ရသဖြင့်၊ ယခုတစ်ကြိမ်တွင် ရှောင်ထောင်းဘက်မှ ကြိုတင်၍ သေသေချာချာ ဆက်သွယ်ညှိနှိုင်းထားခဲ့ခြင်း ဖြစ်သည်။

သူ တတွတ်တွတ်နှင့် ဆက်လက်ရှင်းပြနေ၏။

“ဒီအိမ်က ပါမောက္ခအဘွားကြီးတစ်ယောက်ရဲ့ အိမ်ဗျ။ အဲဒီတုန်းက သူလည်း ကျေးလက်ကို ဆင်းပေးခဲ့ရတာ၊ ကြားတာတော့ မနှစ်က မတိုင်ခင် နှစ်ကုန်ပိုင်းလောက်ကမှ မြို့ပြန်ရောက်တာဆိုတော့ အစောဆုံး ပြန်ရောက်တဲ့သူတွေထဲက တစ်ယောက်ပေါ့။ မူလကတော့ သူက အိမ်ကို မရောင်းချင်ပါဘူး၊ ဒါပေမဲ့ တက္ကသိုလ်မှာ စာပြန်သင်ရတော့ ဒီကနေ သွားရတာ နည်းနည်းဝေးလို့လေ။ တက္ကသိုလ်ကလည်း သူ့ကို ဝန်ထမ်းအိမ်ရာ ပေးထားတာဆိုတော့၊ အိမ်ကြီးကို ဒီအတိုင်း ပစ်ထားရင် ပျက်စီးယိုယွင်းသွားမှာ စိုးလို့ ရောင်းဖို့ ဆုံးဖြတ်လိုက်တာ။ ကဲ... လာကြဗျာ၊ ဒီနေရာက တားမြစ်နန်းမြို့တော် (နန်းတော်ဟောင်း) နဲ့ တော်တော်နီးတယ်နော်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ဒီနေရာက နေရာကောင်းကြီးဗျ။”

ချန်ချင်းယွီ : “အခုလည်း နေရာကောင်းကြီးပါပဲ။”

“ဟုတ်တယ်... ဟုတ်တယ်၊ ပတ်ဝန်းကျင်မှာ နေတဲ့သူတွေကလည်း မိသားစုကြီးတွေချည်းပဲ၊ အားလုံးက လူကုံတန်တွေမို့လို့ ပတ်ဝန်းကျင်က တော်တော်လေး ဘေးကင်းလုံခြုံပါတယ်။”

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ရင်း ရှောင်ထောင်း၏ နောက်မှ လိုက်ပါလာခဲ့သည်။

ယခုတစ်ကြိမ်တွင်လည်း အဘွာရကြီးကျောက် အတူတူ လိုက်ပါလာခဲ့ပြန်၏။ မလိုက်၍ မရပေ… မဟုတ်ပါက “လူဆိုး” နေရာမှ မည်သူက ဝင်ရောက်ပြောဆိုပေးမည်နည်း။

သုံးဦးသား အတူတူ လျှောက်လှမ်းလာကြစဉ် ရှောင်ထောင်း ဆက်လက်၍ ရှင်းပြလေသည်။

“ဒီအိမ်က ပြီးခဲ့တဲ့ ပြပေးတဲ့အိမ်ထက် ပိုပြီး ကျယ်ဝန်းတယ်ဗျ။ အဆင့်သုံးဆင့်ရှိတဲ့ လေးဘက်ပိတ် အိမ်ဝိုင်းကြီး အမျိုးအစားပေါ့၊ ဒါပေမဲ့ အရင်က လူတွေ အများကြီး နေခဲ့ကြတာဆိုတော့ အိမ်အခြေအနေက ပြီးခဲ့တဲ့အိမ်လောက် မကောင်းဘဲ ပြန်ပြီး ပြုပြင်မွမ်းမံရလိမ့်မယ်။ ဒါပေမဲ့ အခုတော့ အထဲကလူတွေ အကုန်ပြောင်းသွားကြပါပြီ။ အိမ်ပိုင်ဆိုင်မှုစာချုပ် အရှုပ်အရှင်းလည်း လုံးဝမရှိပါဘူး၊ မဟုတ်ရင် သူတို့လည်း ရောင်းနိုင်မှာ မဟုတ်ဘူးလေ။”

ချန်ချင်းယွီသည် ရှောင်ထောင်း၏ နောက်မှ တောက်လျှောက် လိုက်ပါလာခဲ့ပြီးနောက်၊ နောက်ဆုံးတွင် သူပြောဆိုသော အိမ်ကြီး၏ တံခါးဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြ၏။ တံခါးဝသို့ ရောက်ရှိချိန်တွင် ချန်ချင်းယွီ ရုတ်တရက် ခြေလှမ်းရပ်တန့်သွားခဲ့သည်။

“ဘာဖြစ်လို့လဲ”

အဘွားကြီးကျောက် မေးမြန်းလိုက်၏။

ချန်ချင်းယွီ ပြန်မဖြေဘဲ ပတ်ဝန်းကျင်ကိုသာ ဝေ့ဝဲကြည့်ရှုနေမိသည်။ သူမ နေရာအနှံ့အပြားကို သေသေချာချာ ကြည့်ရှုပြီးနောက် အရှေ့သို့ ခြေလှမ်းအနည်းငယ် ထပ်မံ လှမ်းလိုက်ပြန်၏။ ဤလမ်းကြားလေးမှာ အတော်လေး တိတ်ဆိတ်ငြိမ်သက်လှပေသည်။ မြေယာများ ပြန်လည်တောင်းခံထားသည့် နေရာဖြစ်သောကြောင့် ပတ်ဝန်းကျင်မှာ မိမိတို့ နေထိုင်ရာ ဆူညံကျပ်ညှပ်လှသည့် ဝင်းကြီးကဲ့သို့ မဟုတ်ပေ။

သူမသည် ထိုနေရာအနီးတွင် ခဏမျှ ငြိမ်သက်စွာ မတ်တတ်ရပ်နေမိရာ၊ ရှောင်ထောင်းနှင့် အဘွားကြီးကျောက်တို့မှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေကြရ၏။

ချန်ချင်းယွီ စကားမဆိုဘဲ ခေါင်းကိုသာ အသာအယာ ငုံ့ထားမိသည်။

အဘွားကြီးကျောက် စိုးရိမ်ပူပန်စွာဖြင့်

“ချွေးမ... နေကောင်းရဲ့လား။”

ချန်ချင်းယွီ ခေါင်းခါပြလိုက်ရင်း သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်ပြီး

“သွားကြစို့။”

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် မိမိအနေဖြင့် မိခင်ဘက်မှ အဘွားဖြစ်သူ၏ ဘိုးဘွားပိုင် အိမ်ဟောင်းကြီးသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု အမှန်တကယ် မျှော်လင့်မထားမိခဲ့ပေ။

အမှန်စင်စစ် ချန်ချင်းယွီ၏ မိခင်ဖြစ်သူသည် ဤအိမ်ကြီးတွင် တစ်ကြိမ်မျှ မနေထိုင်ခဲ့ဖူးချေ။ သို့သော်လည်း ချန်ချင်းယွီမှာ ဤနေရာသည် မိမိအဘွား ကြီးပြင်းခဲ့ရာ နေရာဖြစ်မှန်း ကောင်းကောင်းသိရှိနေသည်။

သူမ မှတ်မိသည်မှာ... ငယ်စဉ်က တစ်ခါတွင် အဘွားဖြစ်သူနှင့်အတူ အပြင်သို့ ထွက်လာခဲ့ကြစဉ် ဤလမ်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့ကြဖူး၏။ ထိုစဉ်၌ အဘွားမှာ ဤအိမ်ကြီးကို လက်ညှိုးညွှန်ပြကာ မိမိကြီးပြင်းခဲ့သည့် နေရာဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။ ထိုအချိန်၌ ချန်ချင်းယွီမှာ မှတ်ဉာဏ်များ ပျောက်ဆုံးခြင်း မရှိသေးဘဲ၊ အတိတ်ဘဝမှ မှတ်ဉာဏ်များကိုပါ မှတ်မိနေဆဲဖြစ်ရာ ဤအမှတ်တရသည် အလွန်ပင် ထင်ရှားစွဲထင်နေခဲ့ခြင်း ဖြစ်၏။

ချန်ချင်းယွီ၏ မိခင်ဘက်မှ ဘိုးဘွားများမှာ ချမ်းသာကြွယ်ဝကြသော်လည်း၊ ထိုခေတ်ကာလက ကမ္ဘာကြီးမှာ ဆူပူသောင်းကျန်းမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး အဘွားဖြစ်သူ၏ မောင်နှမသားချင်း အများစုမှာလည်း စစ်ပွဲအတွင်း သေဆုံးခဲ့ကြရသည်။ အဘွားဖြစ်သူ ပြည်ပမှ ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာချိန်တွင် မိသားစုကို ထောက်ကူရန် မုဆိုးမ မိခင်အိုကြီးသာ ကျန်ရှိတော့၏။ မိသားစုကို ဦးဆောင်မည့် ယောက်ျားရင့်မကြီး မရှိသောအခါ မည်မျှပင် ချမ်းသာကြွယ်ဝစေကာမူ အခြားသူများ၏ မက်မောစရာ ဖြစ်လာခဲ့ရပြီး၊ နောက်ဆုံးတွင် ၎င်းတို့၏ အိမ်ကြီးမှာ ကောက်ကျစ်စဉ်းလဲသော နည်းလမ်းများဖြင့် လှည့်စားလုယူခြင်းကို ခံခဲ့ရတော့သည်။

နောက်ပိုင်းတွင် အဘွားဖြစ်သူမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချကာ ကျန်ရှိနေသေးသော မိသားစုပိုင်ဆိုင်မှုများကို ရောင်းချပြီး၊ မိမိ၏ စေ့စပ်ထားသူနှင့် လက်ထပ်ကာ မိခင်အိုကြီးကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားခဲ့၏။

သူမ၏ အဘိုးနှင့် အဘွားမှာ ပြည်ပတွင် အတူတူ ပညာသင်ကြားခဲ့ကြသည့် ကျောင်းနေဖက်များ ဖြစ်ကြပြီး၊ ငယ်စဉ်ကတည်းက စေ့စပ်ကြောင်းလမ်းထားခဲ့ကြသူများ ဖြစ်သည်။

သူမ၏ ဘိုးဘွားနှစ်ဦးသည် အနောက်တိုင်းစတိုင် အိမ်လေးတစ်လုံးတွင် နေထိုင်ခဲ့ကြပြီး၊ ထိုနေရာမှာပင် ချန်ချင်းယွီ၏ မိခင်ဖြစ်သူ ကြီးပြင်းခဲ့ရခြင်း ဖြစ်၏။ သို့သော်လည်း ချန်ချင်းယွီတွင် အတိတ်မှတ်ဉာဏ်များ ရှိနေခဲ့သဖြင့်၊ သူမ အသက်နှစ်နှစ် အရွယ်တွင် နောင်၌ ဖြစ်ပျက်လာမည့် အကြောင်းအရာများကို ဘိုးဘွားနှစ်ဦးထံသို့ ထစ်ထစ်ငေါ့ငေါ့ဖြင့် ကြိုတင်ပြောပြခဲ့မိသည်။ အနောက်တိုင်းစတိုင် အိမ်လေးမှာ မျက်စိကျစရာ အလွန်ကောင်းလွန်းလှသဖြင့်၊ သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးက ပြတ်ပြတ်သားသားပင် အိမ်ကို ရောင်းချပစ်လိုက်ကြပြီး၊ သာမန်အိမ်လေးတစ်လုံးဆီသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြ၏။ ထိုအိမ်မှာ နောင်တွင် "သရဲခြောက်သောအိမ်" ဟု လူသိများလာခဲ့သည့် အိမ်ပင် ဖြစ်လေသတည်း။

ချန်ချင်းယွီမှာ သရဲပူးကပ်နေခြင်း မဟုတ်ချေ။ သူမသည် အတိတ်ဘဝက မှတ်ဉာဏ်များကို သယ်ဆောင်ပြီး မွေးဖွားလာခဲ့သည့် ချန်ချင်းယွီ အစစ်အမှန်သာ ဖြစ်သည်။ လောဂျစ်အရ ဆိုရလျှင် သူမအနေဖြင့် ဤမျှလောက်ကြီးမားသော လျှို့ဝှက်ချက်ကို မဖွင့်ဟသင့်ပေ။ သို့သော်လည်း ထိုစဉ်က သူမမှာ ကလေးသာ ရှိသေးသည့်အပြင် ဘိုးဘွားများ၏ အိမ်တွင် ဤမျှလောက်ကြီးမားသော အရှုပ်အထုပ်များ ရှိနေသည်ကို ကလေးငယ်တစ်ယောက်အနေဖြင့် မသိနားမလည်သလို ဟန်ဆောင်နေရန်မှာ အသုံးမဝင်လှသဖြင့် အမှန်အတိုင်း ဖွင့်ပြောခဲ့မိခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူမ၏ ဘိုးဘွားနှစ်ဦးမှာ လူမိုက်များ မဟုတ်ကြပေ။ ၎င်းတို့သည် ချက်ချင်းပင် လက်တွေ့အကောင်အထည်ဖော်ကာ၊ မိမိတို့ကိုယ်မိမိ ဝေဝေဝါးဝါး ဖြစ်နေသယောင်၊ ပစ္စည်းများကို စည်းကမ်းမဲ့ ဖြုန်းတီးပစ်နေသယောင် ဟန်ဆောင်ရင်း တဖြည်းဖြည်းနှင့် ဆင်းရဲနွမ်းပါးမှု သရုပ်ကို ဖော်လာခဲ့ကြ၏။

သို့သော်လည်း သူမ၏ သေးငယ်လှသော ခန္ဓာကိုယ်လေးထဲတွင် မှတ်ဉာဏ်များ အလွန်အမင်း များပြားနေခဲ့သောကြောင့် ဖြစ်နိုင်သည်၊ ချန်ချင်းယွီသည် ငယ်စဉ်က ကျန်းမာရေး သိပ်မကောင်းလှဘဲ ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားခဲ့ရသည်။ မည်သူမျှ ထုတ်ဖော်မပြောခဲ့သော်ငြား ချန်ချင်းယွီသိရှိနေသည်မှာ သူမ အတိတ်မေ့သွားခြင်းကို ကောင်းသောအရာဟု အဘိုးအဘွားများ ယူဆခဲ့ခြင်းမှာ ဤကိစ္စကြောင့် ဖြစ်နိုင်ပေ၏။

အမှန်တကယ်လည်း အတိတ်မေ့သွားပြီးနောက် သူမ ရောဂါလက္ခာဏာမှာ ပျောက်ကင်းခဲ့ရသည်။

“ချွေးမ… ချွေးမ… ဘာဖြစ်နေတာလဲ.. ဘာဖြစ်လို့ ငေးငိုင်သွားပြန်တာတုန်း”

ချန်ချင်းယွီ : “တံခါးခေါက်လိုက်ပါ”

ဤအိမ်ကြီးသည် မူလက သူမ၏ မိခင်ဘက်မှ အဘွားဖြစ်သူ၏ ဘိုးဘွားပိုင် အိမ်ဟောင်းကြီး ဖြစ်ခဲ့ပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အဓမ္မသိမ်းယူခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ အဘွားဖြစ်သူ ပြည်ပတွင် ပညာသင်ကြားပြီး ပြန်လာချိန်တွင် မိမိ၏ ဖခင်နှင့် မောင်နှမသားချင်းများ သေဆုံးကုန်ကြပြီး၊ မိမိတို့၏ အိမ်ကြီးပါ ပျောက်ကွယ်သွားလိမ့်မည်ဟု မည်သူ မျှော်လင့်ထားမိမည်နည်း။ အကယ်၍ မိသားစု၏ စုဆောင်းငွေသာ မရှိခဲ့ပါက ၎င်းတို့မိသားစုမှာ လုံးဝ ဥဿုံ ပျက်စီးသွားခဲ့မည်သာ။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်၊ မိခင်ဖြစ်သူ ကွယ်လွန်၍ သူမကို မွေးဖွားလာခဲ့သည့်တိုင်အောင်၊ အဘွားဖြစ်သူသည် တစ်ခါတစ်ရံတွင် သူမကို ဤနေရာသို့ ခေါ်ဆောင်လာတတ်သေးသည်။

ထိုစဉ်က ဤအိမ်ကြီးသည် လက်ပြောင်းလက်လွှဲ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသော်လည်း၊ ချန်ချင်းယွီ၏ “ကြိုတင်ဟောကိန်း” ကြောင့် အဘွားဖြစ်သူမှာ အိမ်ကို ပြန်လည်ဝယ်ယူရန် လုံးဝ မဝံ့ရဲခဲ့ပေ။ မိသားစုအနေဖြင့် နောက်ထပ် ပြဿနာများ ထပ်မံမကြုံတွေ့ချင်တော့သောကြောင့်ပင်။

ချန်ချင်းယွီသည် ခေါင်းကို ခါယမ်းလိုက်ရင်း ထိုအကြောင်းအရာများကို ဆက်လက်မတွေးတောရန် ကြိုးစားလိုက်သည်။ သူမသည် ကံကြမ္မာ၏ ထူးဆန်းသော အလှည့်အပြောင်းကြောင့် မိခင်ဘက်မှ အဘွားဖြစ်သူ၏ အိမ်ဟောင်းကြီးသို့ ယခုလို ပြန်လည်ရောက်ရှိလာရခြင်းမှာ တကယ့်ကို တိုက်ဆိုင်မှုတစ်ခုပဲဟု စိတ်ထဲမှ ခံစားနေမိ၏။ ချန်ချင်းယွီ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေခဲ့ရာ ၎င်းကို ဘေးနားရှိ အဘွားကြီးကျောက် အသိဆုံးဖြစ်သော်လည်း ဘာမျှ ဝင်ရောက်မမေးမြန်းခဲ့ပေ။

တံခါးကြီးမှာ အမြန်ဆုံး ပွင့်သွားခဲ့ပြီး၊ ဆံပင်တိုတိုနှင့် မျက်မှန်တပ်ထားသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ သူမသည် သပ်သပ်ရပ်ရပ်နှင့် စေ့စပ်သေချာမည့် ပုံစံမျိုး ရှိ၏။

“ရှောင်ထောင်း... မောင်ရင်ကိုး။”

ထို့နောက် သူမ ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့အား ကြည့်ကာ နှုတ်ဆက်လိုက်သည်။

“အိမ်လာကြည့်ကြတာ မဟုတ်လား။ အထဲကို ဝင်ကြပါဦး။”

ချန်ချင်းယွီ ခေါင်းလေးစောင်းကာ ဝင်းကြီးအတွင်းသို့ လှမ်းကြည့်လိုက်သည်။ ဤနေရာတွင် လူမနေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ထင်ရှားလှပြီး၊ ဤအမျိုးသမီးသည်လည်း ဤနေရာတွင် နေထိုင်ခြင်းမရှိကြောင်းကို ပေါင်းမြက်များ ထူထပ်စွာ ပေါက်ရောက်နေသည်အား ကြည့်ရုံမျှဖြင့် သိသာလှပေ၏။

“ကျွန်မ မျိုးရိုးနံမည်က ချူ ပါ၊ ဒေါ်လေးချူလို့ပဲ ခေါ်နိုင်ပါတယ်။ ကျွန်မက တစ်ယောက်တည်း နေတာ၊ ပြီးတော့ အခုတလော ဒီမှာ လာမနေဖြစ်ဘူး။ လက်ဖက်ရည် မတိုက်နိုင်တာတော့ အားနာပါတယ်ကွယ်။”

ချန်ချင်းယွီ : “ရပါတယ် ဒေါ်လေး။”

အခြေအနေမှာ ထင်ရှားလှပေသည်။

“ဒီမှာ လူမနေတာ ကြာပြီဆိုပေမဲ့၊ပြီးတော့ အရင်က တခြားသူတွေကို ခွဲဝေချထားပေးခဲ့ဖူးပေမဲ့၊ အိမ်ကိုတော့ သေသေချာချာ ထိန်းသိမ်းထားကြလို့ သိပ်ပြီး ပျက်စီးယိုယွင်းမသွားပါဘူး။”

ချန်ချင်းယွီ ခေါင်းလေး အသာအယာ ညိတ်ပြလိုက်၏။ သူမအနေဖြင့် ဤဝင်းကြီးထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်း ဖြစ်သော်လည်း၊ စိတ်ထဲတွင်မူ အလွန်ပင် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။

သူမ၏ အသိအာရုံထဲတွင် အဘွားဖြစ်သူ၏ ဖော်ပြချက်တိုင်းကို တစ်ပြိုင်နက်တည်း ပြန်လည်ပုံဖော်မိနေ၏။

‘ဒီအိမ်က အဆင့်သုံးဆင့်ရှိတဲ့ အိမ်ဝိုင်းကြီးဆိုပေမဲ့ အကျယ်အဝန်းကတော့ အကြီးကြီး မဟုတ်ဘူး။ ဒါပေမဲ့ တည်နေရာက အလွန်ကောင်းမွန်ပြီး၊ အသုံးပြုထားတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကလည်း အဆင့်မြင့်တန်းဝင်တွေချည်းပဲ၊ တို့မိသားစုက အတော်လေး ကြွယ်ဝခဲ့တာကိုး။ မဟုတ်ရင်တော့ အခြားသူတွေရဲ့ မက်မောခြင်းကို ခံရပြီး အလုခံရမှာ မဟုတ်ဘူး။’

အရှေ့ဘက်ဝင်း၏ ပင်မအိမ်ကြီးတွင် အခန်းလေးခန်း ရှိပြီး၊ ဘေးတစ်ဖက်တစ်ချက်စီတွင် ဘေးခန်းနှစ်ခန်းစီ ရှိသည်။ ထိုဝင်းကြီးမှာ ဧည့်သည်များကို ဧည့်ခံရန်အတွက် ဖြစ်ပြီး၊ ပင်မအခန်းလေးခန်းကို ဧည့်ခန်းအဖြစ် အသုံးပြုကာ ဘေးခန်းများကိုမူ သိုလှောင်ရုံအဖြစ် အသုံးပြုခဲ့ကြသည်ဟု ဆို၏။ ဒုတိယမြောက်ဝင်းကြီးမှာမူ မိသားစုဝင်များ နေထိုင်ရာ နေရာ ဖြစ်သည်။ သူမ၏ အဘွားမှာ ချမ်းသာသော်လည်း အမှန်စင်စစ် အလွန်ကြွယ်ဝသော ဓနရှင်ကြီးမျိုးနွယ် မဟုတ်ချေ။ တကယ့် ဓနရှင်ကြီးများ၏ အိမ်ဆိုပါက အဆင့်သုံးဆင့်မျှသာ မကဘဲ ပိုမိုကြီးမားကျယ်ဝန်းလှပေလိမ့်မည်။ ယခုအခါ ပေါင်းမြက်များ ထူထပ်စွာ ပေါက်ရောက်နေသဖြင့် အိမ်ကြီးမှာ အနည်းငယ် ဟောင်းနွမ်းစုတ်ပြတ်နေသည်ဟု ခံစားရသော်လည်း၊ ယခင်က နေထိုင်ခဲ့ကြသူများသည် အိမ်ကို စည်းကမ်းမဲ့ ဖြိုဖျက်ဆောက်လုပ်ခြင်းမျိုး လုံးဝမလုပ်ခဲ့ကြမှန်း သိသာလှပေသည်။

သူမသည် ဘာမှမပြောဘဲ အတွင်းဘက်သို့ တိတ်ဆိတ်စွာ ဆက်လက်လှမ်းဝင်လာခဲ့၏။

ဒုတိယမြောက်ဝင်းကြီးတွင် အရှေ့ဘက်ဝင်းထက် အခန်းအရေအတွက် ပိုမိုများပြားပြီး၊ ထိုနေရာတွင် ပရုတ်ပင်ကြီးတစ်ပင် မြင့်မားစွာ တည်ရှိနေသည်ကို တွေ့ရသည်။

ထိုအပင်ကြီးမှာ အလွန်ပင် လုံးပတ်တုတ်ခိုင်ပြီး သန်မာထွားကျိုင်းလှပေသည်။ ချန်ချင်းယွီ သိသည်မှာ ဤအပင်သည် အဘွားဖြစ်သူ ငယ်စဉ်ကလေးဘဝက ကိုယ်တိုင်စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး၊ သက်တမ်းအားဖြင့် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့် ရှိနေပြီဖြစ်သည့် တကယ့် သစ်ပင်အိုကြီး တစ်ပင် ဖြစ်၏။

“ဒါက ပရုတ်ပင်ကြီးလေ၊ ဒီမှာ ရှိနေတာ ကြာလှပြီ။ ကြားတာတော့ အစောဆုံး အိမ်ပိုင်ရှင်တွေ စိုက်ခဲ့တာတဲ့၊ ဘယ်နှစ်နှစ် ရှိပြီလဲတော့ အဒေါ်လည်း မသိဘူး။ ဒါပေမဲ့ ကြည့်ရတာ တော်တော်လေး သက်တမ်းရင့်နေပြီ၊ ကံကောင်းချင်တော့ ပိုင်ရှင်ပေါင်းစုံ လက်ပြောင်းခဲ့ပြီး နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် ဒီအပင်ကို ဘယ်သူမှ မခုတ်လှဲခဲ့ကြဘူး။ ကြည့်ဦး... ပိုးမွှားဒဏ်၊ ရောဂါဒဏ်လည်း မရှိဘူး၊ တကယ်ကို ကောင်းမွန်တဲ့ အပင်ကြီးပါ။”

ချန်ချင်းယွီ ခေါင်းညိတ်လိုက်ရင်း

“အချိန်ကာလတွေ ကုန်လွန်လာတာနဲ့အမျှ ဒေါ်လေးတို့အိမ်က နည်းနည်း ဟောင်းနွမ်းသွားတယ်ဆိုပေမဲ့ အခြေအနေကတော့ တော်တော်လေး ကောင်းပါသေးတယ်။ အရင် နေသွားတဲ့သူတွေက အိမ်ကို ဖျက်ဆီးမသွားတာ သိသာပါတယ်။ အချို့အိမ်တွေဆိုရင် အစိုးရက ပြန်ပေးတဲ့အချိန်မှာ တကယ့်ကို ပျက်စီးယိုယွင်းပြီး ကြည့်မရအောင် ဖြစ်နေတတ်တာ။”

ဒေါ်လေးချူက ပြုံးလျက် ခေါင်းညိတ်ပြကာ

“ဟုတ်တယ်ကွယ်၊ ဘာလို့လဲဆိုတော့ ဒီနေရာကို အရင်တုန်းက ကုန်ထုတ်လုပ်မှုနှင့် အရောင်းအဝယ် သမဝါယမအသင်းရဲ့ ဝန်ထမ်းတွေကို ငှားရမ်းပေးခဲ့တာကိုး။ သူတို့ဌာနက ခံစားခွင့်တွေ၊ အခြေအနေတွေက တော်တော်လေး ကောင်းမွန်တော့ သဘာဝအတိုင်းပဲ...”

သူမက စကားကို အဆုံးမသတ်ခဲ့သော်လည်း ချန်ချင်းယွီ ကောင်းကောင်းနားလည်လိုက်သည်။ အခြေအနေ ကောင်းမွန်ပါက အစစအရာရာ ပူပန်နေရန် မလိုအပ်ပေ။ အကယ်၍ ၎င်းတို့သာ ဆင်းရဲကျပ်တည်း နေခဲ့ကြပါက ဤအပင်ကြီးကို ထင်းအဖြစ် ခုတ်လှဲပစ်ကြသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။

ဤသည်မှာ လူတစ်ဦး၏ စိတ်ဓာတ်နှင့် မဆိုင်ဘဲ၊ ၎င်းတို့၏ နေထိုင်မှု ဘဝအခြေအနေ အပေါ်တွင်သာ မူတည်ခြင်း ဖြစ်၏။

ရှောင်ထောင်း : “ဒေါ်လေးချူ... ကျွန်တော် ကြားတာတော့ ဒီပတ်ဝန်းကျင်မှာ နေတဲ့သူတွေ အကုန်လုံး တိုက်ခန်းတွေဆီ ပြောင်းသွားကြပြီဆိုတာ အမှန်ပဲလားဗျ။”

ဒေါ်လေးချူ ခေါင်းညိတ်ပြရင်း ရှင်းပြလေ၏။

“အေးပါကွယ်၊ ဒီနေရာကို ကုန်ထုတ်လုပ်မှုနှင့် အရောင်းအဝယ် သမဝါယမအသင်းဆီ အပ်နှံပြီး ဝန်ထမ်းတွေကို နေရာချပေးခဲ့တာလေ။ ဒါပေမဲ့ အဲဒီဌာနက အခြေအနေကောင်းတော့ ဝန်ထမ်းတွေကို တိုက်ခန်းတွေ ပေးမယ်လို့ ကတိပြုခဲ့ကြတယ်။ တို့တွေကို အိမ်ပြန်ပေးတဲ့ အချိန်ဝန်းကျင်မှာပဲ၊ သူတို့က ဝန်ထမ်းတွေကို တိုက်ခန်းတွေ ခွဲဝေချထားပေးခဲ့တာ။ ဒါကြောင့်မို့လို့ လူတိုင်းက တော်တော်လေး လိုလိုလားလားနဲ့ အမြန်ဆုံး ပြောင်းရွှေ့ပေးခဲ့ကြတာပေါ့။ သမဝါယမအသင်းက ပေးတဲ့ တိုက်ခန်းတွေက တကယ်ကို ကောင်းမွန်ပါတယ်၊ ဒီလို ဆူညံကျပ်ညှပ်နေတဲ့ အိမ်ဝိုင်းထဲမှာ နေရတာထက် အများကြီး ပိုကောင်းတာပေါ့။ ဒါကြောင့် တို့မိသားစုတင် မကပါဘူး၊ ဒီပတ်ဝန်းကျင်က အိမ်တွေကို ပြန်လည်လွှဲပြောင်းပေးတဲ့ ကိစ္စက တော်တော်လေး ချောမွေ့ခဲ့ပါတယ်ကွယ်။”

ချန်ချင်းယွီ : “ဒါဆိုရင်တော့ တော်တော်ကောင်းတာပေါ့။”

သူမ၏ မျက်နှာထက်တွင် အပြုံးနုနုလေးတစ်ခု ဖြတ်သန်းသွားလေသည်။

ချန်ချင်းယွီသည် အနောက်ဘက်ဝင်းသို့ လှမ်းဝင်လာခဲ့ရာ၊ ထိုနေရာတွင်လည်း အခန်းအနည်းငယ် ရှိနေသည်ကို တွေ့ရ၏။ ဝင်းအလယ်တွင် ရေပိုက်ခေါင်းတစ်ခု တပ်ဆင်ထားသည့် ရေတိုင်ကီတစ်ခု ရှိနေပြီး၊ ဤသည်မှာ အိမ်ဝိုင်းကြီး အတော်များများတွင် ရေလိုင်းများ ချိတ်ဆက်ပြီးနောက် နေထိုင်သူများ အဆင်ပြေစေရန်အတွက် နောက်မှ ပြုပြင်မွမ်းမံထားခြင်း ဖြစ်သည်။

ဝင်းထဲတွင် ပေါင်းမြက်အချို့ ပေါက်ရောက်နေသော်လည်း နေရာမှာ ကျယ်ဝန်းလှ၏။

ဒေါ်လေးချူ : “ဒီနောက်ဖေးဝင်းထဲမှာ အရင်က ရေတွင်းတစ်တွင်း ရှိခဲ့ဖူးတယ်ကွဲ့၊ ဒါပေမဲ့ ရေတွင်းက သိပ်မနက်တော့ ခြောက်သွေ့သွားလို့ လွန်ခဲ့တဲ့ နှစ်တွေတုန်းကပဲ မြေဖို့ပစ်လိုက်ရတယ်။ တကယ်လို့ သမီးတို့ ပြောင်းလာပြီးလို့ ရေတွင်းပြန်တူးချင်ရင်တော့ ဟိုဘက်အခြမ်းကို ရွေးချယ်နိုင်ပါတယ်၊ ဒါပေမဲ့ အဒေါ်ကတော့ ပြန်တူးဖို့ အကြံမပြုချင်ပါဘူး။ ရေတွင်းဟောင်းက ခြောက်သွားပြီဆိုတော့ နိမိတ်သိပ်မကောင်းဘူးလေ။”

သူမ ဆက်၍ ရှင်းပြကာ

“ဒီအိမ်က ကြည့်ရတာ ဟောင်းနွမ်းစုတ်ပြတ်နေတယ်ဆိုပြီး အထင်မသေးနဲ့ဦးနော်၊ အသုံးပြုထားတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေက တကယ့်ကို ကောင်းမွန်လှပါတယ်။ သစ်သားတွေကလည်း အဆင့်မြင့် သစ်ကောင်းတွေချည်းပဲ၊ ပြီးတော့ ဒီအိမ်ဝိုင်းရဲ့ တံတိုင်းကို ကြည့်ဦး... အထူက မီတာဝက်ကျော်တောင် ရှိတာ။ သာမန် အိမ်ဝိုင်းကြီးတွေဆိုရင် ဒီလိုပုံစံမျိုး လုံးဝမဆောက်ဘူး။ ကြားဖူးတာတော့ အရင်က အရာရှိကြီးတစ်ယောက် ဆောက်ခဲ့တာမို့လို့ အဆင့်မြင့် ပစ္စည်းကောင်းတွေကို အများကြီး ရခဲ့တာတဲ့။”

ချန်ချင်းယွီ မော့ကြည့်လိုက်ရင်း

“ဒီအိမ်ကို ဘယ်လောက်နဲ့ ရောင်းမှာလဲ ဒေါ်လေး”

ဒေါ်လေးချူ : “ဈေး အပြတ်ပဲ သမီး၊ သုံးသောင်း (၃၀,၀၀၀) ပါ။”

မနေ့က သူမ သွားကြည့်ခဲ့သည့်အိမ်မှာ ဤအိမ်နှင့် လုံးဝ နှိုင်းယှဉ်၍မရချေ၊ ထိုအိမ်သည်လည်း သုံးသောင်း တောင်းခဲ့ခြင်း ဖြစ်သည်။ ဤအိမ်သည် ထိန်းသိမ်းမှုအပိုင်းတွင် ထိုအိမ်လောက် မကောင်းမွန်လှသော်လည်း၊ အဆင့်သုံးဆင့်ရှိသည့် အိမ်ဝိုင်းကြီး ဖြစ်သဖြင့် နေရာအကျယ်အဝန်းမှာ မနေ့ကအိမ်ထက် နှစ်ဆနီးပါး ပိုမိုကြီးမားကျယ်ဝန်းလှ၏။ ၎င်းအပြင် ဤအိမ်ကြီးသည် ချန်ချင်းယွီအတွက် အခြားသော ထူးခြားသည့် အဓိပ္ပာယ်များလည်း ရှိနေသည် မဟုတ်လော။

ဒေါ်လေးချူသည် အလွန်ပင် ပွင့်လင်းရိုးသားသူ ဖြစ်ကြောင်း ထင်ရှားလှပြီး၊ ဈေးနှုန်းကိုလည်း အပိုအလျှံ လုံးဝမတောင်းဆိုချေ။

ဒေါ်လေးချူ : “အဒေါ့်ရဲ့ စရိုက်က ဒီလိုပါပဲကွယ်၊ စကားတွေကို အခေါက်ခေါက်အခါခါ မပြောချင်ဘူး။ ဒီဈေးက အဒေါ့်ရဲ့ အနိမ့်ဆုံးဈေးပဲ။ တကယ်လို့ သမီးတို့ဘက်က အဆင်ပြေတယ်ဆိုရင်လည်း အဆင်ပြေတယ်၊ အဆင်မပြေရင်လည်း ထားလိုက်တော့ပေါ့။ အဒေါ် ဈေးမဆစ်ချင်ဘူး၊ ပြီးတော့ ဈေးလျှော့ဖို့လည်း လုံးဝမစဉ်းစားပါနဲ့၊ မဖြစ်နိုင်လို့ပါ။”

သူမ ပြတ်ပြတ်သားသား ဆိုလေသည်။

ချန်ချင်းယွီအနေဖြင့် သူမ ဤသို့ ပြောဆိုခြင်းအပေါ် စိတ်ခုခြင်း မရှိချေ။ သူမကိုယ်တိုင်လည်း ပွင့်လင်းပြတ်သားသူ ဖြစ်ရာ၊ ဤသို့ တဲ့တိုး ပြောဆိုခြင်းသည်သာ ပိုမိုအဆင်ပြေသည်ဟု ယူဆ၏။

“ဒါဆို ဒီအိမ်က ဒေါ်လေးတစ်ယောက်တည်း ပိုင်တာလား။ မိသားစုထဲမှာ တခြားသူတွေ မရှိတော့ဘူးလားဟင်။ ကျွန်မတို့တွေ အိမ်ဝယ်ပြီးမှ တခြားလူတွေ ရုတ်တရက် ထွက်လာပြီး ပြဿနာရှာမှာမျိုးကို မလိုချင်လို့ပါ။”

ချန်ချင်းယွီ စုံစမ်းလိုက်သည်။

ဒေါ်လေးချူ ခေါင်းခါပြလိုက်ရင်း

“မရှိပါဘူး။”

သူမ၏ မျက်နှာထက်တွင် ရှားရှားပါးပါး ဝမ်းနည်းရိပ်ကလေး တစ်ချက် ဖြတ်သန်းသွားကာ

“ငါ့မိသားစုထဲမှာ ဘယ်သူမှ မကျန်တော့ပါဘူး... တကယ်လို့ သမီးတို့ စိုးရိမ်တယ်ဆိုရင် တို့တွေ ရပ်ကွက်ရုံးကို အရင်သွားပြီးမှ အိမ်ပိုင်ဆိုင်မှု လွှဲပြောင်းတဲ့ လုပ်ထုံးလုပ်နည်းတွေကို သွားလုပ်ကြတာပေါ့။”

သူမ စကားကို ခဏမျှ ဖြတ်လိုက်ပြီး၊ ချန်ချင်းယွီ့အား သေသေချာချာ ထပ်မံကြည့်ရှုရင်း

“ဘာဖြစ်လို့လဲ မသိဘူး၊ သမီးကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့ တော်တော်လေး မျက်မှန်းတန်းမိနေသလိုပဲ။”

ချန်ချင်းယွီ : “ကျွန်မက ရုပ်ချောလို့ ဖြစ်ပါလိမ့်မယ် ဒေါ်လေးရဲ့။ ရုပ်ချောတဲ့သူတွေဆိုရင် အမြဲတမ်း မျက်မှန်းတန်းမိတတ်ကြတာ သဘာဝပဲလေ။”

သူမသည် ရှားရှားပါးပါး အရွှန်းဖောက် စနောက်လိုက်ခြင်း ဖြစ်သည်။

ဒေါ်လေးချူ၏ စိတ်အခြေအနေမှာ အနည်းငယ် ညှိုးငယ်သွားသည်ကို မြင်ရသဖြင့်၊ ချန်ချင်းယွီ အခြေအနေကို ပေါ့ပါးသွားအောင် ရည်ရွယ်၍ စနောက်လိုက်ခြင်း ဖြစ်၏။

ထင်ထားသည့်အတိုင်းပင် ဒေါ်လေးချူမှာ အံ့အားသင့်စွာဖြင့် မျက်လုံးအစုံ ပြူးကျယ်သွားရပြီးနောက်၊ မအောင့်နိုင်ဘဲ မျက်စိတစ်ချက် စောင်းကြည့်လိုက်မိသော်လည်း နောက်ဆုံးတွင် သဘောကျစွာဖြင့် ရယ်မောလိုက်တော့သည်။

ချန်ချင်းယွီ : “ဒေါ်လေးချူ... ဒေါ်လေးက ပွင့်လင်းပြတ်သားတဲ့သူဆိုတာ သိပါတယ်။ ဒေါ်လေးက ပွင့်လင်းမှတော့ ကျွန်မလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ ကျွန်မ အိမ်ကို သဘောကျတယ်၊ သုံးသောင်း (၃၀,၀၀၀) ဆိုတဲ့ ဈေးကလည်း ကျွန်မအတွက် ပြဿနာမရှိပါဘူး။”

ဒေါ်လေးချူ : “ဒါဆိုရင်တော့ ကောင်းတာပေါ့။ အဲဒီတော့ သမီးတို့ ဘယ်လို စီစဉ်ချင်လဲ...”

ချန်ချင်းယွီ : “မနက်ဖြန် မနက်ဆိုရင် ဘယ်လိုလဲဟင်။ ကျွန်မ ငွေအဆင်သင့် ပြင်ထားလိုက်မယ်၊ မနက်ဖြန် မနက်ကျရင် ကျွန်မတို့တွေ ရပ်ကွက်ရုံးကို အတူတူ အရင်သွားကြမယ်။ အိမ်မှာ နေထိုင်ခဲ့တဲ့သူတွေရဲ့ အခြေအနေ ရှင်းလင်းမှုကို အတည်ပြုပြီးတာနဲ့ ပိုင်ဆိုင်မှု လွှဲပြောင်းတဲ့ လုပ်ထုံးလုပ်နည်းတွေကို ချက်ချင်း လုပ်ကြတာပေါ့။ ငွေချေ၊ အိမ်အပ်... တစ်ခါတည်း အပြတ် ရှင်းလိုက်တာပေါ့။”

“ကောင်းပြီလေ။”

နှစ်ဦးနှစ်ဘက်လုံး ကိစ္စကို အလွန်ပင် လျင်မြန်စွာ အပြတ် ဖြတ်လိုက်ကြတော့သည်။

ရှောင်ထောင်းသည်လည်း ၎င်းတို့ နှစ်ဦး ဤမျှလောက် မြန်မြန်ဆန်ဆန် သဘောတူညီမှု ရရှိသွားကြသဖြင့် အလွန်ပင် ဝမ်းသာသွားရ၏။ သူသည် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခြင်း ဖြစ်ရာ၊ ဤအရောင်းအဝယ် အောင်မြင်သွားပါက အိမ်ဝယ်သူဘက်မှရော အိမ်ရောင်းသူဘက်ကပါ ကော်မရှင်ခ (ပွဲစားခ) ရရှိမည်ဖြစ်သဖြင့် အတိုင်းထက်အလွန် ပျော်ရွှင်နေလေသည်။

သူ ဝမ်းသာအားရဖြင့်

“ကောင်းပါပြီဗျာ၊ မနက်ဖြန်ကျရင် ကျွန်တော် အစ်မချန်တို့နဲ့အတူ လိုက်ခဲ့ပါ့မယ်။ လုပ်ထုံးလုပ်နည်းတွေ လုပ်နိုင်အောင် ကျွန်တော် လိုက်ပို့ပေးမယ်လေ၊ ဒီကိစ္စတွေကို ကျွန်တော် ကောင်းကောင်း သိပြီးသားပါ။”

“အေးပါ... ကောင်းပြီ။”

ဒေါ်လေးချူသည် အလွန်ပင် ဖြောင့်မတ်တည်ကြည်သော သူတစ်ဦး ဖြစ်ပုံရသော်လည်း၊ ချန်ချင်းယွီသည် ဤအိမ်ကြီးနှင့် မိမိတို့မိသားစု ကြား ဆက်နွှယ်မှု အကြောင်းကို လုံးဝ ထုတ်ဖော်မပြောခဲ့ချေ။ မည်သို့ပင်ဖြစ်စေ သတိကြီးစွာ ထားခြင်းသည် အမြဲတမ်း အကောင်းဆုံးသာတည်း။ အကယ်၍ သူမ မိမိ၏ စိတ်ဆန္ဒ အမှန်ကို ဖွင့်ဟမိပါက၊ တစ်ဖက်မှ မိမိ၏ လိုချင်တက်မက်စိတ်ကို အခွင့်ကောင်းယူပြီး ဈေးနှုန်းကို တိုးမြှင့်တောင်းဆိုလာလျှင် အလွန်ပင် ခေါင်းခဲစရာ ဖြစ်လာပေလိမ့်မည်။

ဤသည်မှာ လူအများကို မကောင်းမြင်စိတ်ဖြင့် တွေးတောခြင်း မဟုတ်ဘဲ၊ မိမိကိုယ်မိမိ မလိုအပ်သော ပြဿနာများ မကြုံတွေ့ရအောင် ကြိုတင်ကာကွယ်ခြင်းသာ ဖြစ်သည်။

သူတို့တစ်စု ကိစ္စရပ်များကို အတည်ပြုပြီးနောက် လမ်းလျှောက် ပြန်လာခဲ့ကြ၏။ အဘွားကြီးကျောက်မှာ အခုထိ အိပ်မက်မက်နေသယောင် ဝေဝေဝါးဝါး ဖြစ်နေဆဲဖြစ်ပြီး

“ကိစ္စက ချက်ချင်းကြီး ပြီးသွားတာလား။ ဒီလောက်တောင် မြန်ရသလား။ ဈေးတောင် နည်းနည်းမှ မဆစ်လိုက်ရဘူးနော်။”

ချန်ချင်းယွီ : “သူက ဈေးအပြတ် ပြောထားတာလေ အမေ၊ ပြီးတော့ ဒေါ်လေးချူက ဈေးလျှော့ပေးမယ့် ပုံစံမျိုးလည်း မဟုတ်ဘူး။ ဒါ့အပြင် သုံးသောင်း (၃၀,၀၀၀) ဆိုတဲ့ ဈေးနှုန်းချင်း တူတူပဲကို၊ ဒီအိမ်ရဲ့ နေရာအကျယ်အဝန်းက မနေ့ကအိမ်ထက် နှစ်ဆမက ပိုကျယ်တာလေ။ တို့တွေ ဘယ်လိုမှ မရှုံးပါဘူး။”

အဘွားကြီးကျောက် : “ဒါလည်း ဟုတ်တာပါပဲ၊ ဒါပေမဲ့ ဒီအိမ်က နည်းနည်းတော့ ဟောင်းနွမ်းစုတ်ပြတ်နေသလိုပဲနော်။”

ချန်ချင်းယွီ : “ဟောင်းနေရင်တောင် တန်ပါတယ် အမေရဲ့။ အဓိကအချက်က အိမ်ရဲ့ အဆောက်အအုံ မဟုတ်ဘူး၊ တည်နေရာက အရမ်းကို ကောင်းမွန်တာမို့လို့ တကယ်ကို အမြတ်ထွက်တာပါ။”

ရှောင်ထောင်း ပိုမို မျှတသောအမြင်ဖြင့် သုံးသပ်ပြကာ

“ကျွန်တော် လမ်းပေါ်မှာ အိမ်အရောင်းအဝယ် ပွဲစား လုပ်လာတာ ကြာပြီဆိုတော့ အတွေ့အကြုံ အနည်းငယ် ရှိပါတယ်ဗျ။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော် လိုက်ပြတဲ့အိမ်က သူတို့က သုံးသောင်း တောင်းနေတာ၊ အဲဒီဈေးနဲ့ကတော့ ဘယ်လိုမှ ရောင်းထွက်မှာ မဟုတ်ဘူး။ အရင်တုန်းက သူတို့ ခေါ်ထားတာ နှစ်သောင်းငါးထောင် (၂၅,၀၀၀) ပဲ ရှိတာ၊ သေသေချာချာ ဈေးဆစ်လိုက်ရင် နှစ်သောင်းသုံးထောင် (၂၃,၀၀၀) ဝန်းကျင်လောက်နဲ့ ရနိုင်တယ်၊ အဲဒါကမှ ပုံမှန်ပေါက်ဈေးဗျ။ သူတို့ အခု သုံးသောင်း တောင်းတာကတော့ စည်းကမ်းမဲ့လွန်းပါတယ်။ အခုတလော လူအချို့ လာကြည့်ကြသေးတယ်၊ ဒါပေမဲ့ ဘယ်သူမှ မဝယ်ကြဘူး။”

အဘွားကြီးကျောက် စူးစမ်းလိုစိတ်ဖြင့်

“နင်က တခြားလူတွေကိုလည်း ခေါ်ပြီး သွားပြသေးတာလား။”

“ကျွန်တော် မဟုတ်ပါဘူး၊ တခြားပွဲစားတွေပါ၊ ဒါပေမဲ့ ကျွန်တော်တို့ အချင်းချင်းကတော့ အကုန်သိနေကြတာပဲလေ။”

သူ ခေါင်းခါပြလိုက်ရင်း

“သူ့မိသားစုကလည်း ထူးထူးခြားခြား မဟုတ်ဘဲနဲ့ သုံးသောင်း တောင်းနေတာကတော့ လူအ (ငတုံး) ကို လိုက်ရှာပြီး လှည့်စားနေတာနဲ့ တူတူပဲ။ ဘယ်သူကမှ ဝယ်မှာ မဟုတ်ဘူး။ ဒီလောက် ငွေအင်အားလည်းရှိ၊ အသိဉာဏ်လည်း မရှိတဲ့လူက ဈေးကွက်ထဲမှာ အများကြီး ဘယ်ရှိပါ့မလဲ။ ဒေါ်လေးတို့ မသိတာက ဈေးကွက်ထဲမှာ အိမ်ကြီးလေလေ ရောင်းထွက်ဖို့ ခက်လေလေပဲဗျ၊ ဘာလို့လဲဆိုတော့ ဈေးကြီးလွန်းလို့ ဘယ်သူမှ လက်မခံရဲကြဘူး။ ဥပမာ - မနေ့က အိမ်ရှင်အဘိုးကြီးရဲ့ အိမ်ဆိုရင်၊ တကယ်လို့ သူတို့မိသားစုက တကယ် စိတ်ပါလက်ပါ ရောင်းမယ်ဆိုရင် နှစ်သောင်းသုံးထောင် (၂၃,၀၀၀) ဝန်းကျင်လောက်ပဲ ရမှာ။ ဒါပေမဲ့ နေရာအကျယ်အဝန်းက နှစ်ဆ ပိုကျယ်ပြီး အဆင့်အတန်းချင်း တူတူပဲဆိုတဲ့ ဒီအိမ်ကြီးကို ကျတော့ လေးသောင်းခြောက်ထောင် (၄၆,၀၀၀) နဲ့ ဘယ်လိုမှ ရောင်းလို့မရနိုင်ဘူး၊ လေးသောင်း (၄၀,၀၀၀) နဲ့တောင် ရောင်းထွက်မှာ မဟုတ်ဘူးဗျ။ ဈေးနှုန်းတွက်ချက်မှုက အကျယ်အဝန်း နှစ်ဆရှိတိုင်း ဈေးနှုန်းနှစ်ဆ တက်သွားတာမျိုး မဟုတ်ဘူးလေ။ ပြီးတော့ အိမ်က ဟောင်းနွမ်းနေရင် ဈေးကို ပိုပြီး နှိမ့်ချရဦးမှာ။ မဟုတ်ရင်... ဘာဖြစ်လို့ ဒီအိမ်ကြီးကို ဒီနေ့ သုံးသောင်းတည်းနဲ့ ရတာလဲ။ သူ အခုလို ချက်ချင်း ရောင်းထွက်သွားတာကိုက ကံကောင်းလှပါပြီ၊ တစ်ခါတည်းနဲ့ ငွေအမြောက်အမြား ရဖို့ဆိုတာ မလွယ်ဘူးလေ။ ပြီးတော့ အချို့လူတွေက ပေါ်လစီတွေ မူဝါဒတွေ ထပ်ပြီး ပြောင်းလဲသွားမှာကို စိုးရိမ်နေကြသေးတာ...”

ချန်ချင်းယွီ : “ပေါ်လစီက ခဏခဏ ဘယ်လိုလုပ်ပြီး ပြောင်းလဲနေမှာလဲ။”

“ကျွန်တော်လည်း အဲဒီလိုပဲ ထင်တာပါပဲ။”

ချန်ချင်းယွီ : “ငါ အိမ်ဝယ်တဲ့ ကိစ္စကို အခြားသူတွေကို ပြောပြတာ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ ဝယ်တဲ့ဈေးနှုန်းကိုတော့ ကြားထဲကနေ ဖုံးကွယ်ပေးထားလို့ ရမလား။”

သူမ ရှောင်ထောင်းအား သေသေချာချာ စိုက်ကြည့်ရင်း အလေးအနက် ဆိုလိုက်သည်။

ရှောင်ထောင်း ပြတ်ပြတ်သားသားပင် ကတိပေးလေ၏။

“သေချာပေါက် ရတာပေါ့၊ စိတ်သာချပါ၊ ကျွန်တော် အစ်မအတွက် ပြဿနာ လုံးဝမဖန်တီးမိစေရပါဘူး။”

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ရင်း

“ကျေးဇူးပါပဲ။”

ရှောင်ထောင်း : “ဟဲဟဲ... ဒီလို စည်းကမ်းတွေကိုတော့ ကျွန်တော် အသိဆုံးပါဗျာ”

အိမ်အရောင်းအဝယ်ကိစ္စ အားလုံးအခြေကျသွားပြီဖြစ်၍ ရှောင်ထောင်းလည်း ချန်ချင်းယွီတို့ သမီးယောက္ခမကို အိမ်ပြန်လိုက်ပို့ပေးရန် မလိုတော့ပေ။ သူသည် ပျားပန်းခတ်မျှ အလုပ်ရှုပ်နေသည့် မိမိ၏ဈေးဆိုင်တန်းဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် ခပ်မြန်မြန်ပင် ထွက်ခွါသွား၏။

ရှောင်ထောင်းဆိုသည်မှာ ငွေရှာမည့်လမ်းကြောင်းပေါ်တွင် အမြဲတမ်း တက်ကြွလှုပ်ရှားနေသည့် လူငယ်လေးတစ်ဦးပင်။

နှစ်ဦးနှစ်ဘက် နှုတ်ဆက်ခွဲခွါပြီးနောက်တွင် အဘွားကြီးကျောက်မှာ မအောင့်နိုင်တော့ဘဲ အလောတကြီး ဝင်မေးတော့သည်။

“စောစောက အိမ်မှာ ဘာဖြစ်ခဲ့လို့လဲ ၊ ညည်းပုံစံက တော်တော်လေး ထူးဆန်းနေတယ်။”

ချန်ချင်းယွီ : “အမေက ကျွန်မကို တကယ် ရိပ်မိသားပဲနော်။”

အဘွားကြီးကျောက် : “ကြည့်စမ်း၊ ညည်းပြောတဲ့စကား။ ညည်းက ငါ့ချွေးမလေ၊ တို့တွေ အတူတူ နေလာကြတာ ဒီလောက်တောင် ကြာပြီဥစ္စာ၊ သေချာပေါက် ရိပ်မိတာပေါ့။ ညည်းကို မြင်မြင်ချင်းကတည်းက စိတ်နဲ့လူနဲ့မကပ်ဘဲ အမူအရာပျက်နေတာ ငါသိသားပဲ။ ငေးမှိုင်တောင် နေသေးတယ်၊ ဒီလိုပုံစံမျိုးကို ငါဘယ်နှခေါက်များ မြင်ဖူးလို့လဲ။”

ချန်ချင်းယွီ နှုတ်ခမ်းကို အသာစေ့လိုက်ရင်း တိုးတိုးဆို၏။

“အဲဒီအိမ်က... ကျွန်မအဘွား ငယ်ငယ်က ကြီးပြင်းခဲ့တဲ့ အိမ်ဟောင်းကြီးလေ။”

“ဟင်...”

ချန်ချင်းယွီ : “အဲဒီတုန်းက ခေတ်ကာလက ဆူပူသောင်းကျန်းနေတော့ အခြားလူတွေက မတရားလုယူသွားကြတာ။”

အဘွားကြီးကျောက်မှာ အလန့်တကြားဖြင့်

“အမလေး... သွားပြီ။ ဒါဆို ဒေါ်လေးချူက အဲဒီအိမ်ကို လုယူထားတာလား။ ငါတော့ ဒီအိမ်ကို မလိုချင်တော့...”

ချန်ချင်းယွီ ခေါင်းခါပြလိုက်ရင်း

“မဟုတ်ပါဘူး အမေရဲ့၊ ဒီအိမ်က လက်ပြောင်းလက်လွှဲဖြစ်ခဲ့တာ အကြိမ်ကြိမ်ပဲလေ။ အဲဒီကတည်းကဆို အခုဆို နှစ်ပေါင်း ငါးဆယ်ကျော်တောင် ရှိနေပြီဥစ္စာ။ အဲ့တုန်းက အခြေအနေတွေက အလွန်ရှုပ်ထွေးနေခဲ့တော့ အိမ်ရှင်တွေကလည်း အခါခါ ပြောင်းလဲခဲ့တာပေါ့။”

သူမ သက်ပြင်းတစ်ချက်ချရင်း စိတ်ထဲမှ အတွေးကို ဖွင့်ဟလိုက်မိသည်။

“ဒီနေ့ အိမ်လိုက်ကြည့်ရင်းနဲ့ ဒီအိမ်ဟောင်းကြီးကို ပြန်တွေ့လိမ့်မယ်လို့ တကယ်ကို မျှော်လင့်မထားမိဘူး။ နှလုံးသားထဲမှာ လုံးဝမေ့ပျောက်နေခဲ့ပြီ ထင်တာ။ အခုလို ပြန်မြင်ရတော့ ရင်ထဲမှာ ဘယ်လိုခံစားချက်လဲဆိုတာ စကားလုံးနဲ့တောင် ဖော်ပြရခက်ပါတယ် အမေရယ်။”

အဘွားကြီးကျောက်လည်း နားလည်သွားပြီး စာနာစကားဆိုရှာ၏။

“ဒါပေါ့အေ… အချိန်တွေ ဒီလောက်တောင် ကြာသွားပြီးမှ၊ နှစ်ပေါင်း ငါးဆယ်၊ ခြောက်ဆယ်အကြာမှာ ဒီအိမ်ကြီးက ကိုယ့်လက်ထဲကို ပြန်ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။”

ချန်ချင်းယွီ : “ဟုတ်ပ”

သူမ ပြတ်သားစွာဖြင့် ဆိုလိုက်ကာ

“ဒါကြောင့် ဒီအိမ်ကို ကျွန်မ သေချာပေါက် ဝယ်မှာ။”

ဒေါ်လေးချူမှ ဤအိမ်ကို “ဆူညံကျပ်ညှပ်တဲ့ အိမ်ဝိုင်းကြီး” ဟု နှိမ့်ချခေါ်ဆိုခဲ့သော်လည်း၊ အမှန်စင်စစ်မူ အဆင့်သုံးဆင့်ရှိသည့် လေးဘက်ပိတ် အိမ်ဝိုင်းကြီးသာ ဖြစ်၏။

“ဝယ်လိုက်၊ ဝယ်လိုက်ပေါ့… သင့်တော်တယ်လို့ ထင်ရင် ဝယ်ရုံပဲ၊ ဒါပေမဲ့ အိမ်က တော်တော်လေးတော့ ဟောင်းနွမ်းပျက်စီးနေတယ်နော်။”

ချန်ချင်းယွီ : “ကိစ္စမရှိပါဘူး၊ တို့တွေ တဖြည်းဖြည်းချင်းပဲ အေးအေးဆေးဆေး ပြန်ပြုပြင်ကြတာပေါ့။”

ချန်ချင်းယွီ၏ အိမ်ဝယ်ယူမှုသည် တော်တော်လေး ချောမွေ့ခဲ့သည်ဟု ဆိုရမည်။ ဘာပဲပြောပြော နှစ်ဦးနှစ်ဘက်လုံး ဈေးနှုန်းကို အလွန်တန်သည်ဟု ယူဆထားကြသောကြောင့် ဖြစ်၏။ ဒေါ်လေးချူသည်လည်း ဤအိမ်ကို ရောင်းချရန် ကြိုးစားနေသည်မှာ ကြာပြီဖြစ်ပြီး၊ သုံးသောင်း (၃၀,၀၀၀) ဆိုသည့် ငွေပမာဏမှာ သာမန်လူအများစု မတတ်နိုင်သည့် အင်အားမျိုး ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ သဘောတူညီမှု ရရှိပြီးသည်နှင့် လုပ်ထုံးလုပ်နည်းများကို အမြန်ဆုံး သွားရောက်လုပ်ဆောင်ခဲ့ကြ၏။

ထိုစဉ်မှသာ ချန်ချင်းယွီလည်း ဒေါ်လေးချူ၏ အတိတ်အကြောင်းကို သိရှိခဲ့ရသည်။ ဒေါ်လေးချူသည် ငယ်စဉ်က ရေနစ်သည့် မတော်တဆမှုတစ်ခုကြောင့် ထိခိုက်ဒဏ်ရာရကာ ကလေးမမွေးနိုင်သူ ဖြစ်သွားခဲ့ရ၏။ ထိုအကြောင်းကြောင့်ပင် သူမ၏ စေ့စပ်ထားသူက စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့သဖြင့် ယခုတိုင် တစ်ကိုယ်တည်း နေထိုင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ပြီး အသိပညာ ဗဟုသုတ ကြွယ်ဝကာ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သဖြင့် ဘဝကို ကြုံသလို ဇွတ်အတင်း အိမ်ထောင်မပြုခဲ့ချေ။ ထို့ကြောင့် မိဘနှစ်ပါး ကွယ်လွန်သွားပြီးနောက်တွင် တစ်ကိုယ်တည်းသာ ကျန်ရစ်ခဲ့ရ၏။

ယခုအခါ သူမသည် အသက်အရွယ်လည်း ရလာခဲ့ပြီဖြစ်ပြီး ဆွေမျိုးသားချင်း အားလုံးလည်း ကွယ်လွန်ကုန်ကြပြီဖြစ်ရာ၊ စောစောက မိသားစုအကြောင်း ပြောစဉ် သူမ အဘယ်ကြောင့် ဝမ်းနည်းရိပ်သန်းသွားခဲ့ရကြောင်း ချန်ချင်းယွီ ကောင်းကောင်းနားလည်သွားရ၏။

ယခုအခါတွင် သူမသည် တက္ကသိုလ်ကထိက ရာထူးကို ပြန်လည်ရရှိထားပြီး ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနေပြီ ဖြစ်သည်။

နှစ်ဦးသား လျင်မြန်စွာပင် စာချုပ်ချုပ်ဆိုကာ အိမ်ပိုင်ဆိုင်မှု စာချုပ်စာတမ်းများကို ရယူနိုင်ခဲ့ကြ၏။

ချန်ချင်းယွီသည် ကိစ္စရပ်တိုင်းကို အသေးစိတ်ကအစ သေသေချာချာ စေ့စပ်စွာ ဆောင်ရွက်တတ်သူဖြစ်ရာ၊ ဤကဲ့သို့သော ကိစ္စမျိုးတွင် လုံးဝ ပေါ့ဆမှု မပြုပေ။

ဒေါ်လေးချူသည် လူမှုရေးကိစ္စများတွင် သိပ်ပြီး စကားပြောသူ မဟုတ်သဖြင့် ကိစ္စရပ်များ အားလုံးပြီးစီးသွားသောအခါ လျင်မြန်စွာပင် လမ်းခွဲထွက်ခွာသွားကြတော့သည်။ ထို့နောက် ချန်ချင်းယွီ ရှောင်ထောင်းအား တရုတ်ငွေ ၁၀၀ ယွမ် ထည့်ထားသည့် အနီရောင်စာအိတ်ကို ပေးအပ်လိုက်၏။

ဤသည်မှာ အဘွားကြီးကျောက် ကြိုတင်စုံစမ်းထားခဲ့သည့် စည်းကမ်းချက်များ ဖြစ်သည်။ သာမန်လူနေအိမ်များအတွက် ပွဲခကို ၁၀ ယွမ် သို့မဟုတ် ၈ ယွမ်မျှသာ ပေးလေ့ရှိသော်လည်း၊ ဤကဲ့သို့သော လေးဘက်ပိတ် အိမ်ဝိုင်းကြီးများအတွက်မူ လာဘ်လာဘကောင်းစေရန် မင်္ဂလာရှိသော ဂဏန်းများဖြစ်သည့် ၆၆ ယွမ် သို့မဟုတ် ၈၈ ယွမ် ပေးလေ့ရှိကြ၏။

ချန်ချင်းယွီမှာ ယွမ်တစ်ရာ (၁၀၀) အပြတ် ပေးလိုက်ခြင်း ဖြစ်ရာ တော်တော်လေး လက်ဖွာသည်ဟု ဆိုရမည်။ ၎င်းအပြင် နေ့လယ်စာအဖြစ် ‘တုန်းလိုင်ရွှင့်’ စားသောက်ဆိုင်တွင်ပါ တစ်ပါတည်း လိုက်လံကျွေးမွေးခဲ့သေးသည်။

ရာသီဥတု အနည်းငယ် အေးစိမ့်စိမ့် ဖြစ်လာပြီဖြစ်ရာ ပူပူနွေးနွေး ဟော့ပေါ့ စားရခြင်းမှာ တကယ့်ကို ကောင်းမွန်လှပြီး စိတ်ကို သက်တောင့်သက်သာ ဖြစ်စေသည်။

ရှောင်ထောင်းမှာလည်း အတိုင်းထက်အလွန် ပျော်ရွှင်နေ၏။ သူသည် ဒေါ်လေးချူထံမှ ၈၈ ယွမ်၊ ချန်ချင်းယွီထံမှ ၁၀၀ ယွမ် ရရှိသည့်အပြင် အလကား ဟော့ပေါ့ပါ စားရသဖြင့် တကယ့်ကို အမြတ်ကြီး ထွက်ခဲ့ခြင်း ဖြစ်သည်။ တစ်နှစ်အတွင်း ဤကဲ့သို့သော အရောင်းအဝယ်မျိုး အနည်းငယ်မျှသာ ကြုံရပါက သူ အလွန်ပင် ကျေနပ်လှပြီသာ…

သူ့အနေဖြင့် အလုပ်အများကြီး လုပ်စရာမလိုဘဲ ငွေကောင်းကောင်း ရခဲ့ခြင်း မဟုတ်လော။

သို့သော်လည်း ဤကဲ့သို့သော ကံကောင်းမှုမျိုးမှာ ခဏခဏ ကြုံတွေ့ရလေ့မရှိပေ။

ချန်ချင်းယွီသည် အိမ်အသစ်ကို ဝယ်ယူပြီးသည်နှင့် ချက်ချင်းပင် အစစအရာရာကို စီမံခန့်ခွဲလေသည်။

သူမသည် ရံဖန်ရံခါတွင် ဈေးဆိုင်

ခင်းနေဆဲ ဖြစ်သော်လည်း၊ ထိုအရာက သူမ၏ စီမံညွှန်ကြားမှုများကိုတော့ အဟန့်အတား မဖြစ်စေချေ။

ချန်ချင်းယွီ : “အမေ... ဒီနေရာတွေကို ပြန်ပြီး ပြုပြင်ရမယ်၊ အမေပဲ အနီးကပ် ကြီးကြပ်ပေးပါဦး။”

အဘွားကြီးကျောက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ရန် အလွန်ပင် တက်ကြွနေတော့သည်။ လူကြီးများဆိုသည်မှာ မိမိကိုယ်မိမိ အသုံးဝင်ကြောင်း သက်သေပြရသည်ကို သဘောကျကြသည့်အပြင်၊ အထူးသဖြင့် ကြီးကြပ်ရေးမှူး နေရာမျိုးဆိုလျှင် ကိုယ်တိုင် ပင်ပန်းခံ လုပ်စရာမလိုဘဲ အမိန့်ပေး ဆုံးဖြတ်ရုံသာ ဖြစ်သဖြင့် အလွန်ပင် သဘောကျကြ၏။

အဘွားကြီးကျောက် : “အေးပါ... ဒါဆို တို့တွေ ဘယ်လို ပြုပြင်ကြမလဲ… တစ်အိမ်လုံးကို ဆေးတွေ အသစ် ပြန်သုတ်ပစ်ရမလား။”

ချန်ချင်းယွီ : “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အမေရဲ့။ လုံးဝ မလုပ်ပါနဲ့။”

‘ဆေးတွေ လျှောက်သုတ်ပစ်လိုက်ရင် ဒီအိမ်ကြီးရဲ့ မူလလက်ရာနဲ့ အနှစ်သာရတွေ အကုန် ပျက်စီးကုန်မှာပေါ့။’

“ဝင်းထဲက ပေါင်းမြက်တွေကို အကုန်နုတ်ပစ်လိုက်ပါ၊ လာမယ့် နွေဦးကျရင် ပန်းတွေစိုက်မယ်။ တို့တွေ ပြောင်းလာတဲ့အချိန်ကျရင် ဒီနေရာလေးတစ်ခုလုံး ပန်းတွေ ဝေဆာနေမှာ။ တံတိုင်းတွေကတော့ ဘာမှမဖြစ်ပါဘူး၊ နည်းနည်းပါးပါး ပြန်သပ်ရပ်အောင် လုပ်လိုက်ရင် ရပြီ။ တံခါးမကြီးကိုလည်း လဲစရာမလိုဘူး၊ ဒါပေမဲ့ ဝင်းထဲက အိမ်တွေကိုတော့ အဓိက ပြန်ပြင်ရမယ်။ ဒီလောက် ကောင်းမွန်တဲ့ သစ်သားတွေကို ဆေးတွေဘာတွေ လျှောက်မသုတ်နဲ့ဦးနော်၊ အနှစ်သာရ ပျက်ကုန်လိမ့်မယ်။ ပြတင်းပေါက်တွေ၊ အမိုးတွေ... အဲဒါတွေအားလုံးကို...”

ချန်ချင်းယွီ သူမ၏ ညွှန်ကြားချက်များကို တတွတ်တွတ် ဆက်ပြောလေသည်။

“မူဝါဒ တစ်ခုပဲမှတ်ထားပါ၊ အလုပ်ကို ဖြည်းဖြည်းချင်းပဲ လုပ်လုပ် ကိစ္စမရှိဘူး၊ ဒါပေမဲ့ ကျွန်မ ပစ္စည်းတွေကိုတော့ မဖျက်ဆီးပါနဲ့။ အသစ်အဆန်းတွေ ဘာမှမလိုဘူး။ လုံးဝမလိုဘူး၊ ကျွန်မက ဒီလို ရှေးဟောင်းလက်ရာ ပုံစံမျိုးကိုပဲ လိုချင်တာ။”

“အေးပါ... အေးပါ။”

အဘွားကြီးကျောက်၏ မျက်ခုံးနှစ်ဖက်မှာ ယင်ကောင်တစ်ကောင်ကိုပင် ညှပ်ထားနိုင်လောက်အောင် အလွန်အမင်း တွန့်ချိုးသွားတော့သည်။

‘လူတိုင်းက အသစ်စက်စက် အိမ်မျိုးမှာပဲ နေချင်ကြတာကို၊ ဒီရှေးဟောင်းလက်ရာ ပုံစံကြီးက ဘာများ ထူးခြားလို့လဲ။’

သို့သော်လည်း ဤအိမ်နှင့်ပတ်သက်၍ သူမအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။

“ကောင်းပါပြီ၊ ညည်းပြောတဲ့အတိုင်းပဲ ငါလုပ်ပေးပါ့မယ်။”

ချန်ချင်းယွီ : “ပြီးခဲ့တဲ့တစ်ခေါက် တို့အိမ်ကို လာပြင်ပေးတဲ့ လက်သမားတွေက လက်ရာ တော်တော်ကောင်းတယ်၊ ဒီတစ်ခေါက်လည်း သူတို့ကိုပဲ ထပ်ငှားကြရအောင်။ အစစအရာရာ သေသေချာချာ လုပ်ပေးဖို့ သူတို့ကို ပြောလိုက်ပါ အမေ။”

အဘွားကြီးကျောက် ခါးထောက်လျက်

“အဲဒါကိုတော့ စိတ်မပူစမ်းပါနဲ့၊ ဘာပြဿနာမှ မရှိစေရဘူးလို့ ငါအာမခံတယ်၊ လုံးဝအလွဲအချော် မရှိစေရဘူး။”

သူမ ဆက်၍ ကြုံးဝါးလေသည်။

“ငါလို အဖွားကြီးကိုတော့ ဘယ်သူမှ လာလိမ်လို့ မရစေရပါဘူး။”

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် ချန်ချင်းယွီမှာ ညွှန်ကြားလိုက်ကာ

“ကျွန်မကို လှေကား ယူပေးပါဦး။”

ယခုတစ်ကြိမ်တွင် သူတို့ လှေကားကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ကြခြင်း ဖြစ်၏။

အဘွားကြီးကျောက် : “ရော့... ရပြီ။ ဒါနဲ့ ညည်းက ဒါကြီးနဲ့ ဘာလုပ်မလို့လဲ။ အမိုးပေါ်မှာ တစ်ခုခု ဝှက်ထားလို့လား။ ဟဲ့... ဒီအိမ်ဟောင်းကြီးက လက်ပြောင်းခဲ့တာ အကြိမ်ကြိမ်ပဲဥစ္စာ။ ငါ့အထင်တော့ ငွေအပ်တစ်ချောင်းတောင် ကျန်ခဲ့မှာ မဟုတ်ဘဲ အကုန်အလုခံလိုက်ရလောက်ပြီ၊ တခြား ဘာရှိဦးမှာလဲ။ ကြည့်စမ်း... အိမ်တစ်အိမ်လုံး ဟာလာဟင်းလင်း ဖြစ်နေတာကို။”

ချန်ချင်းယွီ : “အမေက စကားလည်း များလိုက်တာ၊ ဘာမှမရှိဘူးလို့ ဘယ်သူပြောလဲ။”

သူမသည် လှေကားပေါ်သို့ တက်သွားပြီး အမိုးဆီသို့ မျှော်ကြည့်ကာ လက်နှိပ်ဓာတ်မီးဖြင့် သေသေချာချာ ထိုးကြည့်လိုက်သည်။

‘ဝိုး... အပေါ်မှာ တကယ်ပဲ တစ်ခုခု ရှိနေတာပဲ..’

သူမ၏ မျက်နှာထက်တွင် ချက်ချင်းပင် ဝမ်းသာအားရ ပြုံးဖြဲဖြဲ ဖြစ်သွားတော့သည်။

အဘွားကြီးကျောက် : “.........”

သူမမှာ အံ့အားသင့် ထိတ်လန့်သွားရပြီး

“ဘုရားရေ... တကယ်ပဲ ပစ္စည်းကောင်းတစ်ခုခု ရှိနေတာလား။ ဒါကတော့ လွန်လွန်းပြီ...။ ဒါကြီးက နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ၊ အခုထိ ပစ္စည်းကောင်း ကျန်နေသေးတယ် ဟုတ်လား။ ဒီကို ပြောင်းလာခဲ့တဲ့ လူတွေက အကုန်လုံး ငတုံးငအတွေမို့လို့လား။”

အဘွားကြီးကျောက်တစ်ယောက် ဝေဝေဝါးဝါးဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

ချန်ချင်းယွီ : “ကျွန်မက သစ်သားကို ကြည့်နေတာလေ အမေရဲ့၊ အမေက ဘာတွေ လျှောက်တွေးနေတာလဲ။”

အဘွားကြီးကျောက် : “............”

သစ်သား ဟုတ်လား…

ချန်ချင်းယွီ မှတ်မိသည်မှာ... သူမ၏ အဘွားဖြစ်သူသည် ထိုစဉ်က မိသားစုဝင်များသည် ဤအိမ်ကြီးထဲတွင် ရွှေရောင်နန်မုသစ်နှစ်တုံးကို ဝှက်ထားခဲ့ကြောင်း၊ ၎င်းမှာ အဆင့်မြင့်ဆုံး ရွှေရောင်နန်မုသစ်များ ဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။ ၎င်းတို့ကို အမိုး၏ ထုတ်တန်းအဖြစ်ပင် အသုံးပြုထားခဲ့ကြခြင်း ဖြစ်၏။

သူမကိုယ်တိုင်လည်း မျှော်လင့်ချက် အများကြီး မထားခဲ့ချေ။ အဘွားကြီးကျောက် တွေးသကဲ့သို့ပင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး၊ အိမ်ရှင်လည်း အကြိမ်ကြိမ် ပြောင်းလဲခဲ့သဖြင့် ထိုပစ္စည်းကြီး ရှိနေဦးမည့် အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးလှသည်။

သို့သော်လည်း မည်သူ ထင်ထားမည်နည်း၊ ၎င်းသည် ယခုတိုင် ဤနေရာတွင် ရှိနေဆဲ ဖြစ်၏။ သူမတွင် တကယ်ပင် ကံကောင်းခြင်းအချို့ ရှိနေခဲ့ဟန်ပင်။

သို့သော်လည်း သေသေချာချာ ပြန်လည်တွေးတောကြည့်လျှင်မူ ဤအခြေအနေမှာ အမှန်စင်စစ် အံ့ဩစရာ မရှိလှကြောင်း ချန်ချင်းယွီ ခံစားလိုက်ရသည်။

ဤအိမ်ကို မဆိုထားနှင့်… မည်သည့်အိမ်ပိုင်ရှင်မဆို အိမ်ပြောင်းသည့်အခါ မိမိတို့၏ အသုံးအဆောင် ပစ္စည်းများကိုသာ သယ်ဆောင်သွားကြသည် မဟုတ်လော။ မည်သူကများ အမိုးပေါ်ရှိ ထုတ်တန်းကြီးကို တန်ဖိုးရှိလှသည်ဟု တွေးမိမည်နည်း။ ၎င်းအပြင် ဤရွှေရောင်နန်မုသစ်ကြီးကို ပုံဖျက်ပြီး ဆောက်လုပ်ထားခြင်း ဖြစ်၏။ သေသေချာချာ မကြည့်ပါက မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

သူမသည်ကား ကြိုတင်သိရှိနေခြင်းဖြစ်သော်လည်း အခြားသူများမှာမူ မသိနိုင်ကြချေ။

ယခင် အိမ်ပိုင်ရှင်ဟောင်းက တန်ဖိုးရှိသည့်အရာကို ချန်ထားခဲ့လိမ့်မည်ဟု မည်သူ မျှော်လင့်ထားမည်နည်း။

ဒေါ်လေးချူ ကျေးလက်သို့ အလုပ်ဆင်းပေးရချိန်တွင် တော်လှန်ရေး ကော်မတီမှ အိမ်များကို သိမ်းဆည်းခဲ့ကြသည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ ၎င်းတို့သည် တန်ဖိုးရှိပုံရသည့် ပစ္စည်းများကိုသာ ရှာဖွေခဲ့ကြခြင်း ဖြစ်ပြီး၊ မည်းမှောင် ညစ်ပတ်ပေရေနေသည့် အမိုးထုတ်တန်းကြီးကိုမူ လှည့်ကြည့်ကြမည် မဟုတ်ပေ။ အကြောင်းပြချက်မရှိဘဲ အိမ်ကိုလာပြီး ဖြိုဖျက်ကြမည် မဟုတ်သည်မှာ သေချာသည်။ ဤသို့ တွေးကြည့်ပါက မည်သူမျှ သတိမထားမိခဲ့ခြင်းမှာ သဘာဝကျလှပေ၏။

လူအများစုမှာ ၎င်း၏ တန်ဖိုးကို မသိနားမလည်ကြသလို၊ ထို့အပြင် ဤကဲ့သို့သော နေရာမျိုးကို တွေးပင် တွေးမိကြမည် မဟုတ်ပေ။

အဘွားကြီးကျောက် ချန်ချင်းယွီ၏ ဝမ်းသာအားရဖြစ်နေသော အမူအရာကို ကြည့်ကာ

“ညည်းကတော့ ပျော်လွန်းလို့ သွားတွေတောင် ပေါ်နေပြီ။ ဒီသစ်သားက အဲဒီလောက်တောင် တန်ဖိုးရှိလို့လား။”

ချန်ချင်းယွီ : “တန်ဖိုးရှိတာ၊ မရှိတာနဲ့မဆိုင်ဘူး အမေ၊ ဒါက နှလုံးသားက ခံစားချက် သံယောဇဉ်နဲ့ ဆိုင်တာလေ။ အမေက ဘာသိလို့လဲ။”

ချန်ချင်းယွီ အဘွားကြီးကျောက့်အား အကြောင်းအရာ အားလုံးကို အကုန်အစင် ထုတ်ဖော်မပြောပြခဲ့ချေ။

အဘွားကြီးကျောက် : “...”

သူမ မျက်စောင်းတစ်ချက်ထိုးကာ…

‘နှလုံးသားက သံယောဇဉ် ဟုတ်လား... လာနောက်မနေနဲ့။’

‘ငါ့ဖင်ကြီးကို သံယောဇဉ်လား ညည်း ဘယ်သူ့ကို လာလိမ်နေတာလဲ’

သို့သော်လည်း ဤအိမ်သည် ချန်ချင်းယွီ၏ မိသားစုပိုင် ဘိုးဘွားရိပ်မြုံဟောင်း ဖြစ်သဖြင့်၊ ၎င်းတို့၏ နှလုံးသားထဲတွင် အမှန်တကယ်ပင် အထူးတလည် နေရာယူထားမည်သာ.. သို့သော် အင်မတန် နက်ရှိုင်းသည်ဟုတော့ ဆို၍မရပေ။

“ဒါနဲ့ ညည်းလည်း အရင်က ဒီမှာ တစ်ခါမှ မနေဖူးဘူး မဟုတ်လား။”

ချန်ချင်းယွီ : “မနေဖူးပါဘူး အမေရဲ့၊ ကျွန်မအမေတောင်မှ ဒီမှာ တစ်ခါမှ မနေခဲ့ဖူးဘူး။”

အဘွားကြီးကျောက် : “ဒီအိမ်မှာ အခန်းတွေ တော်တော်များသားပဲ။ တို့တွေ အခန်းအချို့ကို တခြားလူတွေကို ငှားစားလိုက်ရင်၊ ရလာတဲ့ ပိုက်ဆံနဲ့တင် တို့တွေ သုံးလို့တောင် ကုန်မှာ မဟုတ်ဘူး...”

ချန်ချင်းယွီမှာ လုံးဝ ဆွံ့အသွားရတော့သည်။

သူမ အဘွားကြီးကျောက်စကားကို ဖြတ်ပြောလိုက်ကာ

“ဒီအိမ်က ကျွန်မတို့ဘာသာ နေဖို့ဝယ်တာဆိုတော့ တခြားလူတွေကို ငှါးလို့မဖြစ်ဘူးအမေ၊ ပြင်ပလူတွေက ဘယ်လိုလူတွေမှန်း ဘယ်သူသိမှာလဲ။ ပြီးတော့ ကိုယ့်အိမ်ထဲမှာ သူစိမ်းတွေရှိနေတာ တကယ့်ကို စိတ်ရှုပ်စရာကြီး။ တို့တွေ ဒီဝင်းကြီးထဲမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ အိမ်တိုင်းက ယင်ကောင်တစ်ကောင် ပျံဝင်လာရင်တောင် သိနေကြတာလေ။ အမေကော အဲဒါတွေကို စိတ်မညစ်ဘူးလား။”

အဘွားကြီးကျောက် စိတ်မပါလက်ပါဖြင့်

“ငါ... ငါကလည်း အလကား ပစ်မထားမိအောင် တွေးလိုက်တာပါ...”

ချန်ချင်းယွီ : “အလကားဖြစ်စရာ ဘာရှိလို့လဲ အမေရဲ့။”

သူမ ပြောရင်း ပြုံးလိုက်၏။

ချန်ချင်းယွီတို့ မိသားစု အိမ်ဝယ်လိုက်သည့်ကိစ္စတွင် ချန်ချင်းယွီက ဈေးနှုန်းကို ပြင်ပသို့ မပေါက်ကြားစေချင်ရုံသာ ဖြစ်ပြီး၊ အိမ်ဝယ်သည့် ကိစ္စကိုကား ထူးထူးခြားခြား လျှို့ဝှက်ချက်ကြီးအဖြစ် မလျှိုထားပေ။ မထင်မှတ်ဘဲ ရှောင်ထောင်း နှုတ်လုံလွန်းလှသဖြင့် စကားတစ်ခွန်းမျှ ထုတ်မပြောခဲ့ချေ။ ဤသည်မှာလည်း သူသည် လမ်းပေါ်တွင် အရောင်းအဝယ် လုပ်နေရသူဖြစ်ပြီး သတင်းအချက်အလက်များကိုလည်း ကိုင်တွယ်နေရသူ ဖြစ်ရာ၊ အကယ်၍ သူသာ နှုတ်မလုံပါက မည်သူကများ သူ့ကို လာရောက်စကားပြောရဲတော့မည်နည်း။

သို့သော်လည်း အဘွားကြီးကျောက်မှာ အိမ်ပြန်လည်ပြုပြင်ရေး ကိစ္စများဖြင့် အလုပ်ရှုပ်နေ၍ နေ့တိုင်း အပြင်ထွက်နေရသောကြောင့် လူတိုင်း ဤသတင်းကို သိရှိသွားကြတော့သည်။

ဝင်းထဲရှိ လူအားလုံး ဤအကြောင်းကို ကြားသိသွားကြပြီးနောက်၊ ချန်ချင်းယွီကို အမြန်ဆုံး ဝိုင်းတားကာ မေးမြန်းကြလေ၏။

ဘာဖြစ်လို့ အဘွားကြီးကျောက်ကို မမေးကြတာလဲဆိုတော့ကာ…

သူတို့ အဘွားကြီးကျောက် ကြွားလုံးထုတ်နေသည်ကို မနာခံချင်ကြသောကြောင့်တည်း။

“ရှောင်ချန်... ညည်းတို့ အပြင်မှာ အိမ်ဝယ်လိုက်တယ်ဆိုတာ ဟုတ်လား။ အိမ်ပြောင်းတော့မလို့လား။”

ရှီကျန့်ရှန်း စိတ်မရှည်စွာဖြင့် အလောတကြီး မေးမြန်းသည်။

ချန်ချင်းယွီ : “ဟုတ်တယ်၊ ဝယ်လိုက်တယ်ဒေါ်လေး။ တို့ဝင်းကြီးရဲ့ နာမည်ဆိုးနဲ့ဆိုရင်တော့ ကျွန်မကလေးရဲ့ အနာဂတ်အတွက် ကြိုတင်စဉ်းစားရမှာပဲလေ။”

သူမ ဤသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူအများထံမှ သက်ပြင်းချသံများ တပြိုင်နက် ထွက်ပေါ်လာတော့သည်။

သူတို့ဝင်းကြီး၏ နာမည်ဆိုးကတော့...

ဤပတ်ဝန်းကျင်တစ်ခုလုံးတွင် အဆိုးဆုံးဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

တကယ်ကို ခက်ခဲလှပေသည်။

“ညည်းကလေးက ငယ်ပါသေးတယ်...”

ချန်ချင်းယွီ : “ငယ်တော့ ငယ်သေးတာပေါ့ ဒေါ်လေး၊ ဒါပေမဲ့ ကျွန်မ ဝယ်ထားတာက အိမ်ဟောင်းကြီးလေ။ အခုချက်ချင်း နေလို့မရသေးဘဲ ပြန်ပြင်ရဦးမှာ။ ဒါကြောင့် အိမ်ပြောင်းဖို့က အဝေးကြီး လိုပါသေးတယ်။ ကျွန်မတို့တွေက အခုထိ အိမ်နီးနားချင်းကောင်းတွေ ဖြစ်နေတုန်းပါပဲ၊ နောက်ထပ် ဘယ်နှစ်နှစ်လောက် အတူတူ နေရဦးမလဲ မသိဘူးလေ။”

“အို... ညည်းက သာမန်လူနေအိမ်ကို ဝယ်တာလား။ ဘာလို့ တိုက်ခန်းမဝယ်တာလဲ။ တိုက်ခန်းတွေက နေရတာ အများကြီး ပိုကောင်းတာကို...”

“ဟုတ်ပ”

ချန်ချင်းယွီ ပြုံးပြကာ

“ကျွန်မက မြေကြီးနဲ့ နီးနီးကပ်ကပ် နေရတာကို သဘောကျလို့ပါ။”

မည်သူမျှ သူမစကားကို မယုံကြချေ။ ချန်ချင်းယွီတစ်ယောက် ဇွတ်တင်းခံပြီး လျှောက်ပြောနေသည်ဟုသာ လူတိုင်း ထင်နေကြသည်။

‘တိုက်ခန်းတွေက ဈေးကြီးလွန်းလို့ ဖြစ်ရမယ်…’

အစ်မကြီးဖန် ရွဲ့တဲ့တဲ့ဖြင့် ဆိုလိုက်၏။

“ညည်းတို့မိသားစုက တကယ်ကို မပြည့်စုံနိုင်ဘူးပဲ၊ အိမ်တွေကို တစ်လုံးပြီးတစ်လုံး ဝယ်နေကြတာ။ တို့ဝင်းထဲမှာလည်း အိမ်ရှိနေတာပဲကို။ အခုလည်း ထပ်ဝယ်နေပြန်ပြီ၊ ညည်းတို့ တကယ်ကို ချမ်းသာနေတာပဲ။”

ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်

လိုက်ရင်း ပြုံးကာ

“ဟုတ်တယ်၊ ကျွန်မက ချမ်းသာတယ်။ ဒေါ်လေးလည်း ဝယ်နိုင်ရင် ဝယ်လေ။”

အစ်မကြီးဖန် : “ညည်း...”

ချန်ချင်းယွီ : “အစ်မကြီးဖန်...ရှင် မနာလိုဖြစ်နေတာလား။ တကယ်ကြီးလား။ ဟဲဟဲ...”

သူမ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သော်လည်း၊ ပိုင်ဖုန်းရှန်း ကြားထဲမှ ဖျန်ဖြေပေးသည့်အနေဖြင့်

“ညည်းတို့မိသားစုက အိမ်တွေ အများကြီး ဘာလုပ်ဖို့လဲကွယ်။ အကုန်လုံးလည်း လှည့်မနေနိုင်ပါဘူး။ ပိုက်ဆံတွေကို စုထားတာက ပိုကောင်းပါတယ်။”

ချန်ချင်းယွီ အမှန်တစ်ဝက် ကျီစယ်တစ်ဝက်ဖြင့် ပြောလိုက်လေသည်။

“ကျွန်မလည်း လမ်းဘေးမှာ စျေးဆိုင်တန်း ထိုင်နေတဲ့အလုပ်ကို တစ်သက်လုံး လုပ်နေလို့ မရဘူး မဟုတ်လား။ အခုဆို တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်တဲ့သူတွေက ပိုပိုများလာပြီ၊ နောင်ကျရင် ငွေရှာရတာ နည်းလာရင် လေဒဏ်မိုးဒဏ်ထဲမှာ အလုပ် ဆက်မလုပ်ချင်တော့ဘူး။ အခု အိမ်ဈေးနှုန်းတွေ သင့်တော်နေတုန်းမှာ အိမ်ဝယ်ထားမှ၊ နောင်ကျရင် သူများကို ပြန်ငှားစားလို့ရမှာပေါ့။ ကျွန်မတို့တွေ ဈေးမရောင်းတော့တဲ့ အခါကျရင် ပုံမှန်ဝင်ငွေ ရှိမှာ မဟုတ်တော့ဘူးလေ။ အဲဒီအချိန်ကျရင် အိမ်ငှားစားလို့ရတော့ ဝင်ငွေတစ်ခု ဖြစ်တာပေါ့။ ကျွန်မက အနာဂတ်အတွက် ကြိုတင်တွေးထားတာပါ။”

“အဲဒါလည်း အဓိပ္ပာယ်ရှိတာပဲ။”

“ငါကတော့ အဲဒါ မကောင်းဘူးလို့ ထင်တယ်။ အိမ်ငှားခက ဘယ်လောက်ရလို့လဲ၊ ဘယ်တော့မှ အရင်းကျေမှာလဲ။ ပြီးတော့ စက်ရုံကလည်း အိမ်ရာတွေ ပေးနေတာပဲကို၊ ဘယ်သူကများ လာငှားချင်မှာလဲ။”

အစ်မကြီးဖန်မှာ သူများ ကောင်းစားသည်ကို လုံးဝ ကြည့်မရနိုင် ဖြစ်နေဆဲပင်။

ချန်ချင်းယွီ : “ဘာမှမရှိတာထက်စာရင်တော့ ရှိနေတာက ပိုကောင်းတာပေါ့။ ရွေးချယ်စရာ လမ်းကြောင်းများများရှိတာက နည်းတာထက် ပိုကောင်းပါတယ်။ အနာဂတ်ကို ဘယ်သူ ကြိုမြင်နိုင်မှာလဲ။”

သူမသည် အစ်မကြီးဖန်အပေါ် လုံးဝ စိတ်မဆိုးပေ။ ဟူး... စိတ်ဆိုးနေစရာ ဘာအကြောင်း ရှိသနည်း။ သူမမှာ အစ်မကြီးဖန်ကို စိတ်ထဲမှ လှောင်ရယ်နေရလွန်းသဖြင့် စိတ်ဆိုးရန်ပင် အချိန်မရှိကာ သူမသည် မိမိအတွက် အဖိုးတန်သူ မဟုတ်ပေ။

“တို့ဝင်းကြီးက နာမည်မကောင်းတော့ အိမ်တွေက ဈေးပေါတာ အမှန်ပဲ၊ ဒါပေမဲ့ အိမ်လာငှားတဲ့သူတွေကတော့ အဲဒါကို ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။”

နောက်ဖေးဝင်းမှ ရှောင်လီ၏ မိန်းမက မျက်စိတစ်ချက် စောင်းကြည့်လိုက်ရင်း

“ဒါဆိုရင်... ညည်းက အခုပဲ အိမ်ငှားတော့မလို့လား။”

ချန်ချင်းယွီ : “အခုတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ တကယ်လို့ အိမ်ငှားမယ်ဆိုရင်လည်း တို့ဝင်းထဲက လူတွေကို လုံးဝ ငှားမှာမဟုတ်သလို၊ ဒီအနီးအနားက လူတွေကိုလည်း သေချာပေါက် ငှားမှာမဟုတ်ဘူး။ ကျွန်မက တခြားခရိုင်တို့ တခြားမြို့တို့က လာတဲ့သူတွေကိုပဲ ငှားဖို့ ပိုသဘောကျတယ်။”

“ဟင်...”

လူတိုင်းက ချန်ချင်းယွီအား မယုံကြည်နိုင်သလို စိုက်ကြည့်ကြရင်း

“တခြားမြို့က လူတွေကို ငှားမယ် ဟုတ်လား။ အဲဒါက... အဲဒါက သိပ်ပြီး မသင့်တော်ဘူး မဟုတ်လား။”

ချန်ချင်းယွီ : “မသင့်တော်စရာ ဘာရှိလို့လဲ။ ကျွန်မတို့တွေက အိမ်သားအများကြီးရှိတဲ့ ဒေသခံ မိသားစုတွေကို မငှားချင်ဘူး။ တကယ်လို့ မျက်နှာပြောင်ပြီး အိမ်ကို အပိုင်စီးဖို့ ကြံစည်တဲ့ လူယုတ်မာမျိုးနဲ့ ကြုံရရင် တကယ့်ကို အရှုပ်အထုပ်ကြီး ဖြစ်လာလိမ့်မယ်။ သေချာတာပေါ့... တို့တွေကတော့ မကြောက်ပါဘူး၊ ကျွန်မ ယောက္ခမ တစ်ယောက်တည်းနဲ့တင် အဲဒီလို လူစုတ်လူပဲ့မျိုးကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် သက်သာအောင် နေလို့ရရက်သားနဲ့ ဘာလို့ အလုပ်ရှုပ်ခံမလဲ။ ပြင်ပမြို့က လူတွေကို ငှားတာကမှ ပိုကောင်းဦးမယ်၊ အနည်းဆုံးတော့ ပြဿနာ နည်းတာပေါ့။”

နောက်ဖေးဝင်းမှ ရှောင်လီ၏ မိန်းမမှာ ဤစကားကြောင့် မျက်နှာပျက်သွားကာ အောင့်သက်သက်ဖြင့်သာ ပြုံးနေ၏။

ရှီကျန့်ရှန်း : “မတရားအပိုင်စီးတယ်ဆိုတဲ့ ကိစ္စမျိုးက တကယ်ကို ရှိတာဟဲ့။ ညည်းမသိလို့ပါ၊ အရှေ့ဘက်ဝင်းကြီးထဲက ဟော်အိမ်သားစုဆိုရင် အဲဒီအတိုင်းပဲ။ သူတို့အိမ်ကို တူဖြစ်သူကို ခဏငှားပေးထားတာကို၊ အခု ကိုယ့်ကလေးတွေ လက်ထပ်ဖို့ အိမ်ပြန်ဖယ်ခိုင်းတော့ အဲဒီတူက လုံးဝမဖယ်ပေးဘူးလေ။ အခုဆို အကြိမ်ကြိမ်ကို ရန်ဖြစ်နေကြတာ။”

ချန်ချင်းယွီ : “တွေ့လား... တွေ့လား၊ ဒီလို မျက်နှာပြောင်တိုက်တဲ့ လူယုတ်မာတွေ ရှိပါတယ်လို့ ကျွန်မပြောသားပဲ။ ဒါပေမဲ့ ကျွန်မအမြင်တော့ အဲဒီအိမ်က လူတွေက စကားပြောကောင်းလွန်းလို့ ဖြစ်လိမ့်မယ်။ ဟဲဟဲ... ဒီလို အရှက်မရှိတဲ့လူမျိုးနဲ့ ကြုံရင်တော့ အရင်ဆုံး လူကိုရိုက်နှက် ဆုံးမပစ်ရမယ်။ အဆင်မပြေရင် သူတို့ရဲ့ အလုပ်ဌာနအထိ သွားပြီး ပြဿနာရှာပစ်လိုက်၊ အလုပ်အကိုင် အတည်တကျ ရှိနေသရွေ့တော့ ဘာကြောက်စရာ ရှိလဲ။ နေ့တိုင်း သူတို့စက်ရုံတံခါးဝမှာ သွားပြီး ငိုပြ၊ ရန်လုပ်၊ ဆဲဆိုပစ်လိုက်ပေါ့။ တကယ်လို့ စက်ရုံဘက်က မဖြေရှင်းပေးရင် သူတို့ဌာနကို နေ့တိုင်း မစင်တွေနဲ့ သွားပက်ပစ်ရမယ်။ သူ ခေါင်းပြူလာတာနဲ့ ပက်ပစ်လိုက်ရုံပဲ။ နှစ်ခါ၊ သုံးခါလောက် လုပ်ကြည့်လိုက်၊ အလုပ်ဌာနဘက်က သေချာပေါက် ဝင်ပါလိမ့်မယ်။ ဘယ်စက်ရုံကမှ ဒီလောက်အထိ အရှက်ကွဲမခံနိုင်ပါဘူး။ အိမ်ထဲက အသက်ကြီးတဲ့သူတစ်ယောက်ယောက်ကို လွှတ်လိုက်၊ တကယ်လို့ စက်ရုံလုံခြုံရေးက လူစုခွဲဖို့ တွန်းထုတ်ရင် ချက်ချင်းပဲ မြေကြီးပေါ် လဲကျပစ်လိုက်ပြီး အနိုင်ကျင့်ပါတယ်ဆိုပြီး အော်ဟစ်ပေါ့၊ အဲဒီလို လှည့်စားတာမျိုးကို ဘယ်သူက မလုပ်တတ်ဘဲ နေမလဲ။ ဘာပဲပြောပြော အသက်ကြီးရင် ရောဂါမျိုးစုံ ရှိနေတာပဲဥစ္စာ၊ ဆေးရုံရောက်သွားရင် တစ်ကိုယ်လုံး အခမဲ့ စစ်ဆေးခွင့်တောင် ရဦးမှာ… ဒီတော့မရှုံးပါဘူး။”

သူမ ရိုးရိုးရှင်းရှင်းပင် ဆိုလိုက်သည်။

လူတိုင်း ချန်ချင်းယွီ့အား ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေကြပြီး၊ ပိုင်ဖုန်းရှန်းမှာ စကားပင် ထစ်အသွားရကာ

“ညည်း... ညည်း... ညည်းရဲ့ အကြံဉာဏ်ကတော့...”

အစ်မကြီးဖန် တိုးတိုးလေး ညည်းတွားကာ

“အဘွားကြီးကျောက်နောက် လိုက်နေရင်တော့ တကယ်ကို အကောင်းတစ်ခုမှ သင်ယူလို့မရပါဘူး။”

ချန်ချင်းယွီမှာ ဂရုမစိုက်ဟန်ဖြင့် ပြုံးပြလိုက်၏။ သူမ ဤသို့ ပြောဆိုခြင်းမှာလည်း မိမိတို့အိမ်အပေါ် မကောင်းသောအကြံများ လာရောက်မကြံစည်ရဲအောင် လူတိုင်းအား ကြိုတင်သတိပေးလိုက်ခြင်းသာ ဖြစ်သည်။

မိမိတို့မိသားစုတွင် လူကို ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းများ အများကြီး ရှိနေသည် မဟုတ်လော။

နောက်ဖေးဝင်းမှ ရှောင်လီ၏ မိန်းမမှာ စောစောက စိတ်ကူးအချို့ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ ကြက်ကလေးတစ်ကောင်ကဲ့သို့ ငြိမ်သက်သွားတော့၏။

အခြားသူများလည်း ထို့အတူပင်၊ စကားတစ်ခွန်းမျှပင် ဟက်ဟက်ပက်ပက် မပြောရဲကြတော့ပေ။

လူတိုင်း စိတ်ထဲတွင် တညီတညွတ်တည်း တွေးမိသည်မှာ…

‘ထင်တဲ့အတိုင်းပါပဲလား... အဘွားကြီးကျောက်နောက် လိုက်ရင်တော့ တကယ်ကို ကောင်းတာမတတ်ဘူး။ နောင်ကျရင် အိမ်က လူငယ်တွေကို အဘွားကြီးကျောက်နဲ့ ဝေးဝေးမှာ နေခိုင်းရမယ်၊ မဟုတ်ရင် ဘာတွေ လျှောက်သင်လာမလဲ မသိဘူး။’

အဒေါ်ကြီးမေ့မှာ အခြေအနေကို အရှိန်ပြောင်းရန် အောင့်သက်သက်ဖြင့် လမ်းလွှဲလိုက်သည်။

“အဲဒါနဲ့... ဒါနဲ့ ညည်းရဲ့ လက်ရှိ စီးပွားရေး အခြေအနေ ဘယ်လိုလဲ။”

ချန်ချင်းယွီ : “တော်တော်လေး အဆင်ပြေပါတယ် ဒေါ်လေး”

ပြောရလျှင် သူမအနေဖြင့် လမ်းဘေးတွင် ဈေးဆိုင်ထိုင်ခဲ့သည်မှာ အစအဆုံး တွက်ချက်ကြည့်လျှင်ပင် နှစ်နှစ်ပင် မပြည့်သေးချေ။ သို့သော်လည်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်သူများ ပိုမိုများပြားလာသည်နှင့်အမျှ စီးပွားရေးမှာ ယခင်လောက်တော့ မကောင်းမွန်တော့သည်မှာ အမှန်ပင် ဖြစ်၏။ အစောဆုံးကာလ၌ ရောင်းရသည်မှာ တကယ့်ကို မြန်ဆန်ပြီး ရောင်းအားကောင်းခဲ့သည်။ ယခုအခါတွင်မူ အနည်းငယ် လျော့နည်းသွားခဲ့ပြီ ဖြစ်၏။ သို့သော်လည်း အမှန်တကယ် ငွေဝင်ကောင်းနေဆဲပင်။

ချန်ချင်းယွီသည် ကုန်ပစ္စည်းများကို အများအပြား သွင်းထားခြင်းဖြစ်ရာ အကုန်အစင် ရောင်းထွက်ရန် လိုသေးသည်။

“ဖြည်းဖြည်းချင်းပဲ ရောင်းရတာပေါ့ ဒေါ်လေးရယ်၊ ဘာပဲပြောပြော ငွေရနေတဲ့ စီးပွားရေးပဲဥစ္စာ။”

ယခင်နှစ် အစောဆုံးကာလလောက် ရောင်းအားမကောင်းသော်လည်း၊ တစ်လလျှင် ငွေအနည်းငယ် ထောင်ဂဏန်းမှသည် သောင်းဂဏန်းဝန်းကျင်အထိ ရှာဖွေနိုင်ဆဲ ဖြစ်သည်။

သူမ ကောင်းကောင်းသိသည်မှာ စီးပွားရေး သိပ်မကောင်းသည့်သူများပင်လျှင် ပုံမှန်အလုပ်လုပ်ပြီး လစာရသူများထက် ပိုမိုငွေရနေကြသဖြင့် ဤကဲ့သို့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်သူများမှာ တစ်သုတ်ပြီးတစ်သုတ် ပိုမိုများပြားလာခြင်း ဖြစ်၏။

သို့သော်လည်း တစ်နိုင်တစ်ပိုင် စီးပွားရေးသမားများ ငွေရှာကောင်းနေသည်ကို မြင်ရသော်လည်း၊ လူအတော်များများသည်ကား ၎င်းကို အသိအမှတ်မပြုကြသေးပေ။ ဘာပဲပြောပြော ငွေရသော်လည်း ပုံမှန်အလုပ်လုပ်ရသလောက် မတည်ငြိမ်လှဟု ယူဆကြသည်။

လူတိုင်း အနာဂတ်ကို ကြိုမမြင်နိုင်ကြသဖြင့်၊ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အလုပ်ပြုတ်မည့် လှိုင်းလုံးကြီးများ ပေါ်ပေါက်လာလိမ့်မည်ကို မသိနိုင်ကြရှာပေ။

ထို့ကြောင့် လက်ရှိတွင် တစ်နိုင်တစ်ပိုင် စီးပွားရေးသမားများ ငွေရှာကောင်းနေသော်လည်း၊ ပုံမှန်အလုပ်အကိုင် ရှိထားသူများကား ၎င်းတို့ကို အထင်မကြီးကြသည်မှာ အမှန်ပင်။

“အော်... ဟုတ်သားပဲ၊ အစ်မကြီးဖန်... ညည်းတို့အိမ်က ရှောင်ဝေက အိမ်ထောင်ဖက် ရှာဖို့ မိန်းကလေးနဲ့ တွေ့ရမယ် ဆိုတာ အမှန်ပဲလား။”

အဒေါ်ကြီးမေ့ ရုတ်တရက် စကားစလိုက်၏။

အစ်မကြီးဖန် ချက်ချင်းပင် ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့်

“ဟုတ်တာပေါ့၊ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မိတ်ဆက်ပေးတာ။ တို့ဝင်းကြီးက နာမည် သိပ်မကောင်းဘူးဆိုပေမဲ့၊ တို့အိမ်က ရှောင်ဝေကတော့ ကလေးကောင်းလေးလေ၊ တကယ့်ကို ထူးချွန်တာ။ ရုပ်ရည်ကော၊ အရပ်အမောင်းကော၊ အလုပ်အကိုင်ကော အစစအရာရာ ပြည့်စုံတယ်။ တို့အိမ်ရဲ့ အခြေအနေကလည်း တော်တော်လေး ကောင်းမွန်တာကိုး။ ဒါကြောင့်မို့လို့ လုပ်ဖော်ကိုင်ဖက်က လာပြီး မိတ်ဆက်ပေးတာပေါ့။”

သူမ ဤသို့ ကြွားလုံးထုတ်နေသည်ကို ရှီကျန့်ရှန်း ကြည့်မရ၍ ဝင်မေးလိုက်သည်။

“ဒီလောက်တောင် ကောင်းတာလား၊ ဒါဆိုရင် ဟိုဘက်က မိန်းကလေးရဲ့ အခြေအနေက ဘာလဲ။”

သူမအနေဖြင့် အခြေအနေကောင်းသည့် မိန်းကလေးမျိုးက ရှီရှောင်ဝေကို သဘောကျလိမ့်မည်ဟု လုံးဝမယုံကြည်ပေ။

ဤအကြောင်းကို ပြောရသောအခါ အစ်မကြီးဖန်မှာ အနည်းငယ် အောင့်သက်သက် ဖြစ်သွားသော်လည်း ပြန်ဖြေ၏။

“ချန်းဖျင်ဘက်ကပါ”

“စက်ရုံအလုပ်သမားလား။”

အစ်မကြီးဖန် နှုတ်ခမ်းကို မဲ့လိုက်ပြီး၊ ဤအကြောင်းကို အမှန်တကယ် မပြောချင်သော်လည်း ဖုံးကွယ်ထား၍ ရနိုင်မည်မဟုတ်ကြောင်း သိသဖြင့်

“ဟိုဘက်က ကျေးလက်တောရွာကပါအေ၊ ဒါပေမဲ့ ကျေးလက်ဆိုပေမဲ့လည်း သူတို့အိမ်က ရွာထဲမှာ တစ်ဦးတည်းသော ထိပ်တန်းအိမ်ပဲ။ အခြေအနေက တော်တော်လေး ကောင်းမွန်တာ။ အိမ်မှာ အစ်ကိုနှစ်ယောက် ရှိတယ်၊ သမီးမိန်းကလေးဆိုပေမဲ့လည်း အိမ်မှာ တကယ့်ကို အလိုလိုက် ခံရတာ၊ အိမ်မှာ သစ်သီးခြံကြီးတောင် ရှိသေးတယ်။ တကယ်လို့ အောင်မြင်သွားရင်တော့ နောက်ဆို တို့အိမ်မှာ ဒါတွေ လိုလေသေးမရှိ ဖြစ်တော့မှာ။”

ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး၊ အစ်မကြီးဖန်၏ စကားကိုတော့ သိပ်မယုံကြည်ချင်ပေ။ အစ်မကြီးဖန်၏ လုပ်ဖော်ကိုင်ဖက်မှာ အစ်မကြီးဖန်တို့ မိသားစုအခြေအနေ မည်သို့ ရှိနေသည်ကို မသိဘဲ နေမည်လော့။

သိလျက်သားနှင့် အခြေအနေကောင်းမွန်လှသည့် မိန်းကလေးကို ရှီရှောင်ဝေလို လူစားမျိုးနှင့် သေချာပေါက် လာမိတ်ဆက်ပေးမည် မဟုတ်ပေ။

‘ဘာပဲဖြစ်ဖြစ် ကြားထဲမှာ တစ်ခုခုတော့ လှည့်ကွက်ရှိလိမ့်မယ်’

သို့သော်လည်း သူမနှင့် မဆိုင်သည့်ကိစ္စဖြစ်ရာ ဘေးမှ ပွဲကြည့်ရုံသာ ဖြစ်ပေသည်။

အဒေါ်ကြီးမေ့ : “ပြောရရင် တို့ဝင်းကြီးထဲမှာ အိမ်ထောင်ဖက်ရှာတဲ့ကိစ္စ မရှိတာ တော်တော်လေး ကြာပြီနော်။”

“ညည်းအိမ်က သားကော၊ ညည်းသားက တော်တော်လေး ကောင်းတာပဲ မဟုတ်လား။ အိမ်ထောင်ဖက် မရှာသေးဘူးလား။”

အဒေါ်ကြီးမေ့ : “တို့အိမ်က ကောင်လေးကတော့ မလောသေးပါဘူးအေ၊ သူက ငယ်တုန်းရွယ်တုန်းမှာ ငွေများများ ရှာဦးမယ်တဲ့။ ဘာပဲပြောပြော ကိုယ့်ဘက်က အခြေအနေကောင်းသွားရင် အသက် ၃၀၊ ၄၀ ကျမှ ရှာရင်လည်း ရတာပဲ၊ မလောပါဘူး။ ငွေရှာတာကသာ အရေးကြီးဆုံးပဲ။”

“အဲဒီစကားကလည်း ဒီလိုချည်းပဲ တွက်လို့တော့ ဘယ်ရမလဲ...”

လူတိုင်း ဝိုင်းဝန်းဆွေးနွေးနေကြစဉ်၊ ချန်ချင်းယွီ ဘေးမှသာ ပွဲကြည့်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမ၏ ကလေးများမှာ ငယ်သေးကာ၊ သူမကိုယ်တိုင်လည်း လျှို့ဝှက်ချက်များစွာ ရှိနေသဖြင့် ဤအကြောင်းများကို အများကြီး ထည့်မစဉ်းစားထားချေ။

“ညည်းတို့အိမ်က ရှီရှောင်ဝေက အိမ်ထောင်ဖက်ရှာဖို့ လက်ခံလိုက်တယ် ဟုတ်လား။ သူက ဟောက်ရွှယ်ကို အသည်းအသန် ချစ်နေတာ မဟုတ်ဘူးလား။”

အစ်မကြီးဖန် : “ဘာအသည်းအသန် ချစ်တာလဲ၊ သူနဲ့ ဟောက်ရွှယ်နဲ့ကြားမှာ ဘာမှမရှိဘူး...”

အစ်မကြီးဖန်မှာ စိတ်အခြေအနေ မကောင်းတော့ချေ။ ယွမ်ဟောက်ရွှယ်အကြောင်း ထည့်ပြောလိုက်သည်နှင့် သူမမျက်နှာမှာ မိခင်ကွယ်လွန်သွားသကဲ့သို့ ရုပ်အျက်ဆင်းပျက် ဖြစ်သွားရ၏။ သူမ သေသွားလျှင်ပင် သားဖြစ်သူကို ယွမ်ဟောက်ရွှယ်နှင့် သေချာပေါက် ပေးစားမည် မဟုတ်ချေ။ ထိုမိန်းမသည် ကောင်းသည့်မိန်းမစား မဟုတ်ပေ။

အကယ်၍သာ ညားပြီး အိမ်ထဲဝင်လာရင် သားဖြစ်သူမှာ မိန်းမရပြီး အမေကို မေ့မည့်သူ ဖြစ်သွားလိမ့်မည်။

သူမ လုံးဝ ခွင့်မပြုနိုင်ပေ။

“ငါကတော့ သူ့ကို အိမ်ထဲ လုံးဝ အဝင်ခံမှာ မဟုတ်ဘူး၊ သူကတော့ ငါတို့သားကို မျှော်လင့်မနေနဲ့တော့။”

“ညည်းကလည်း အဲဒီလောက်အထိ စိမ်းကားမနေပါနဲ့၊ တကယ်တော့ ဟောက်ရွှယ်က တော်တော်လေး ကောင်းပါတယ်၊ ညည်းတို့ ရှောင်ဝေနဲ့ဆိုရင် သာတောင်သာသေးတယ်။”

အစ်မကြီးဖန် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကာ

“တော်စမ်းပါအေ၊ သူက ရည်းစားတွေ ဘာတွေတောင် ထားဖူးတာ၊ အပျိုစင် ဟုတ်မဟုတ် ဘယ်သူသိမှာလဲ။ တို့အိမ်ကို ဝင်ဖို့တော့ လုံးဝ စိတ်မကူးနဲ့။”

ချန်ချင်းယွီ နှုတ်ခမ်းကို မဲ့လိုက်မိပြီး၊ အစ်မကြီးဖန်ကို တကယ့်ကို အထင်သေးမိလေသည်။ ဤမိန်းမကြီး မိမိကိုယ်ကိုယ် အထင်ကြီးလွန်းနေပုံမှာ သူတို့အိမ်ရှိ ရှီရှောင်ဝေ၏ အောက်တန်းကျလှသည့် အပြုအမူကို ပြန်မကြည့်သည့်အတိုင်းပင်။ ယွမ်ဟောက်ရွှယ်တစ်ယောက် ဟယ် ဆိုသည့်လူ၏ လမ်းခွဲခံလိုက်ရသည် ဆိုသော်ငြား… ရှီရှောင်ဝေကိုမူ မျက်စိထဲ ထည့်မည်မဟုတ်ပေ။

အစ်မကြီးဖန် မိမိဘာသာ စိတ်ကူးယဉ်နေခြင်းသာ ဖြစ်ပြီး၊ တကယ်တမ်း ဟောက်ရွှယ်နောက်ကို အမြီးတုတ်တုတ်ပါအောင် လိုက်နေသည့် အချစ်ရူးက သူမ၏ သားဖြစ်သူပင် မဟုတ်လော။

အဒေါ်ကြီးမေ့ ချန်ချင်းယွီ၏ မျက်နှာအမူအရာလေးကို မြင်သွားပြီးနောက် မအောင့်နိုင်ဘဲ ရယ်ချလိုက်မိ၏။

အစ်မကြီးဖန်မှာ အဒေါ်ကြီးမေ့အား စိုက်ကြည့်ရင်း

“ညည်းက ဘာကို ရယ်တာလဲ။”

သူမ မျက်လုံးအစုံကို ပင့်ကြည့်လိုက်ပြီးနောက် ရုတ်တရက် လွှတ်ခနဲ ပြောလိုက်သည်။

“ညည်းအိမ်က ရှောင်ထောင်းလည်း လူပျိုပဲဥစ္စာ၊ ဟောက်ရွှယ်နဲ့ပဲ ပေးစားလိုက်ပါလား၊ သူကလည်း အလုပ်မရှိတာနဲ့ ကွက်တိပဲ၊ အလုပ်အကိုင် အတည်တကျ ရှိတဲ့မိန်းကလေးကို ရှာတာ ပိုကောင်းတာပေါ့။”

အဒေါ်ကြီးမေ့မှာ ချက်ချင်းပင် မျက်နှာပျက်သွားပြီး၊ အစ်မကြီးဖန်ကို လက်ညှိုးထိုးကာ ချက်ချင်းပင် ဆဲဆိုတော့၏။

“ညည်းလို အောက်တန်းစားမ၊ ဘာတွေ လျှောက်ပြောနေတာလဲ။ ညည်းကိုယ်တိုင်က မသန့်ရှင်းဘူးဆိုပြီး နှာခေါင်းရှုံ့ထားတဲ့ မိန်းမကို တို့အိမ်ကျမှ လာပေးစားရအောင်၊ တို့မိသားစုကို အနိုင်ကျင့်လို့ လွယ်တယ် ထင်နေလား။ ညည်းက ဘာကောင်မမို့လို့ သူများကိစ္စကို လာဝင်စွက်ဖက်ရတာလဲ၊ ညည်းသားကိုပဲ ညည်း အရင်ဆုံး ထိန်းလိုက်ဦး၊ အမြီးတုတ်တုတ်ပါအောင် လိုက်နေတဲ့ အချစ်ရူးကျနေတာပဲ။ ဟောက်ရွှယ်က ညည်းသားကို မျက်စိထဲ ထည့်မယ် ထင်နေလား။ သူက ညည်းသားကို ပြန်မကြိုက်တာ၊ ညည်းက အကျင့်ပုတ်လွန်းလို့ နေမှာပေါ့။”

“ညည်း...”

“ငါက ဘာဖြစ်လဲ။ ငါပြောတာ အမှန်တွေချည်းပဲ။ ညည်း ဒီလိုအကျင့်စရိုက်နဲ့ဆိုရင် ဘယ်မိန်းကလေးကများ ညည်းတို့အိမ်ကို လာရဲတော့မှာလဲ။”

အဒေါ်ကြီးမေ့ တရစပ် ဆဲဆိုလေသည်။

ထိုစဉ် ချန်ချင်းယွီမှာ ရုတ်တရက် အဒေါ်ကြီးမေ့၏ အနောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ၊ ရှီရှောင်ဝေတစ်ယောက် မျက်နှာတစ်ခုလုံး ပျက်ယွင်းနေသည်ကို တွေ့လိုက်ရသည်။ သူသည် အဒေါ်ကြီးမေ့ ပြောသည့်စကားကို နာကျည်းဟန်မပြဘဲ အစ်မကြီးဖန်အား ရန်ငြိုးအပြည့်ဖြင့် စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်ကာ ခြေဦးတည့်ရာသို့ ထွက်ပြေးသွားတော့၏။

“အကုန်လုံး အမေရဲ့ အမှားတွေကြီးပဲ... အမေက ကျွန်တော့်ရဲ့ အမေအရင်း မဟုတ်ဘူး...”

အဒေါ်ကြီးမေ့ : “ဟင်... အမလေး၊ သူက ငါပြောတဲ့ ဒေါသစကားတွေကို အတည်ကြီး မှတ်သွားတာ မဟုတ်ပါဘူးနော်။”

ချန်ချင်းယွီ : “...ကြည့်ရတာတော့ အတည်မှတ်သွားတဲ့ ပုံပါပဲ ဒေါ်လေး”

အဒေါ်ကြီးမေ့ : “သောက်ကျိုးနည်း…”

All Chapters