← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း (၁၈၇) ဘယ်လောက်အားကျစရာကောင်းလိုက်လဲ

အိမ်ရာဝင်းထဲတွင် ကြင်ဖက်တွေ့ပွဲ နောက်တစ်ကြိမ် ရှိလာပြန်လေပြီ…

လွန်ခဲ့သည့် ကြင်ဖက်တွေ့ပွဲတွင် တိုက်ဆိုင်စွာဖြင့် ရှီရှောင်ဝေနှင့် လီလင်းလင်းတို့၏ ကြင်ဖက်တွေ့ဖော် အသီးသီးသည် အချင်းချင်း သဘောကျသွားကြကာ ယခုဆိုလျှင် အိမ်ထောင်ကျ၍ မိန်းကလေးဖြစ်သူမှာ ကိုယ်ဝန်ပင်လွယ်ထားရပြီဖြစ်၏။ နှစ်ဦးစလုံးမှာ အလုပ်ကိုယ်စီရှိကြ၍ အိမ်ထောင်ရေးလည်း အဆင်ပြေသာယာလှကြောင်း ကြားသိရလေသည်။ အစ်မကြီးဖန်မှာ ယခုမှပင် သားဖြစ်သူအတွက် ရှားရှားပါးပါး ကြင်ဖက်တွေ့ပွဲကို စီစဉ်ပေးနိုင်ခဲ့၏။

ယနေ့ နံနက်စောစော၌ အစ်မကြီးဖန်တစ်ယောက် အိမ်တွင် ကြက်သားဟင်းချက်နေလေသည်။

ကြည့်ရသည်မှာ ဤတစ်ကြိမ်၌ အစ်မကြီးဖန်တစ်ယောက် အတော်လေး အားစိုက်ထုတ်ထားကြောင်း သိသာနေ၏။

အဘွားကြီးကျောက်သည် ပွဲကြည့်ချင်သဖြင့် နံနက်စောစောကတည်းက တံခါးဝတွင် ဆောင့်ကြောက်ထိုင်ကာ ဖရုံစေ့ဝါးနေပြီး ယနေ့တွင် အလုပ်ခွင်သို့ပင် ကြီးကြပ်ရန် မသွားခဲ့ပေ။ ချင်းချင်ယွီသည်လည်း ဈေးမထွက်ဘဲ ယောက္ခမနှင့် ချွေးမနှစ်ယောက်စလုံး ဖရုံစေ့တစ်ဆုပ်စီကိုင်ကာ တစ်ယောက်က တံခါးဝတွင် ဆောင့်ကြောင့်ထိုင်၊ တစ်ယောက်က ခုံပုလေးပေါ်ထိုင်၍ ရှီအိမ်ဘက်သို့ စူးစူးစိုက်စိုက် ကြည့်နေကြသည်။

"မပြောရင်လည်း မသိနိုင်ဘူးနော်၊ ဒီနှစ်တွေထဲ တစ်ယောက် တော်တော်လေး အိုစာသွားတာပဲ။ ဒီလိုသားမျိုးရှိတော့ သံမဏိလို ခန္ဓာကိုယ်နဲ့လည်း ခံနိုင်မှာ မဟုတ်ပါဘူး။"

ကြင်ဖက်တွေ့ဆုံပွဲ မတိုင်မီ ရက်ပိုင်းအလိုမှာတင် ရှီရှောင်ဝေနှင့် အစ်မကြီးဖန်တို့ သားအမိနှစ်ဦးကြား စကားများ ရန်ဖြစ်ခဲ့ကြသေးသည်။

သို့သော်ငြားလည်း အစ်မကြီးဖန်၏ စိတ်ထဲတွင်မူ သားကြီး ရှီရှောင်ဝေမှာ မိသားစု၏ ဒေါက်တိုင်၊ သူမ၏ အူသည်းနှလုံးပမာ ချစ်ခင်မြတ်နိုးရသူ ဖြစ်လေရာ မည်သို့ပင်ဖြစ်စေ သားကြီးကိုပင် အလိုလိုက်ဆုံး ဖြစ်၏။ အငယ်ကောင် ရှီရှောင်ကွမ်းမှာမူ ဒီရက်ပိုင်း အိမ်သို့ပင် ပြန်မလာခဲ့သော်လည်း သူမအနေဖြင့် အလေးဂရုပြု စိတ်ပူပုံပင် မရပေ။

ဤဇာတ်လမ်းတွဲကြီးကို ချန်ချင်းယွီနှင့် ယောက္ခမဖြစ်သူတို့ ကြည့်ရှုနေကြသကဲ့သို့၊ အခြားသော အိမ်နီးနားချင်းများလည်း ဘေးမှ အကဲခတ်နေကြသည်။ အိမ်ဝင်းကြီးထဲတွင် လူအများအပြား စုဝေးနေကြပြီး ချောင်းမြောင်းကြည့်ရှုရင်း တိုးတိုးတိုးတိုး အတင်းအဖျင်း ပြောနေကြလေ၏။

အားလုံးက ဤကြင်ဖက်တွေ့ဆုံပွဲအကြောင်းကို ပြောဆိုဆွေးနွေးနေခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း၊ အဘယ်ကြောင့် ထိုမိန်းကလေးဘက်မှ ရှီရှောင်ဝေကဲ့သို့ လူမျိုးကို ရွေးချယ်ရသနည်းဆိုသည်ကိုမူ လုံးဝ စဉ်းစား၍ မရနိုင်ကြပေ။ ထိုမိန်းကလေးမှာ ကျေးလက်တောရွာမှ ဖြစ်သည်ဆိုသော်ငြား… ခေတ်ကာလအရ ကျေးလက်သူများပင်လျှင် ရှီရှောင်ဝေကဲ့သို့ လူစားမျိုးကို စာရင်းထဲ ထည့်မည်မဟုတ်ချေ။

တကယ့်ကို နားမလည်နိုင်အောင် ဖြစ်ရဆန်းလှပေသည်။

ထိုစဉ် ယွမ်ဟောက်ယွဲ့သည် မိမိ၏ အထုပ်ကလေးကို လွယ်ကာ အပြင်သို့ ထွက်လာခဲ့၏။ သူမ၏ မိသားစုနှင့် ပတ်သက်နေသည့် ဤတွေ့ဆုံပွဲ မြင်ကွင်းကို တွေ့လိုက်ရသောအခါ “ထွီ” ခနဲ တံတွေးတစ်ချက် ထွေးထုတ်လိုက်ပြီး ခြေလှမ်းကို ပိုမိုသွက်သွက် လှမ်းသွားလေသည်။

အိမ်နီးနားချင်းတစ်ဦးမှာ လှမ်းမေးလိုက်၏။

“ဟောက်ယွဲ့... နင့်အစ်မကော ဘာလုပ်နေလဲ။”

ဟောက်ယွဲ့ : “သမီးက ဘယ်လိုလုပ်ပြီး သိမှာလဲ။”

ကလေးမလေးမှာ ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်၏။

ညီအစ်မနှစ်ဦးမှာ ရန်ဖြစ်ထားကြပြီး ယခုတိုင် ပြန်လည်သင့်မြတ်ခြင်း မရှိသေးပေ။

ပုံမှန်အားဖြင့် ညီအစ်မများအကြား ရန်ငြိုးဟူသည် ညအိပ်ရာဝင်လျှင် ပြီးဆုံးသွားတတ်သော်လည်း၊ မိဘများ၏ ဘက်လိုက်မှုကြောင့် ကလေးများအကြား ဖြစ်ပွားသော ပဋိပက္ခမှာမူ ပြေလည်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေရသည်။ ဟောက်ယွဲ့ဘက်မှ ပြန်လည်သင့်မြတ်ရန် လုံးဝ စိတ်ကူးမရှိသကဲ့သို့၊ တိုက်တိုက်ဆိုင်ဆိုင် ယွမ်ဟောက်ရွှယ်ဘက်မှလည်း ထိုအတိုင်းပင် ဖြစ်၏။ ဤယွမ်ဟောက်ရွှယ်သည် မကြာသေးမီကပင် ဟောက်ယွဲ့၏ နာမည်ကို အသုံးပြု၍ ရှီရှောင်ဝေအား ဟောင်ကောင်စီးပွားရေးသမားတစ်ဦးအကြောင်း စုံစမ်းခိုင်းခဲ့သဖြင့် ဟောက်ယွဲ့ စိတ်ထဲတွင် ပိုမို ဒေါသထွက်နေရခြင်း ဖြစ်သည်။

‘ဒါ ဘယ်လို အစ်မမျိုးလဲ။ မိမိကိုယ်တိုင်ကလည်း ကောင်းတာမဟုတ်ဘဲ အခြားသူရဲ့ နာမည်ပျက်အောင် လိုက်လုပ်နေတာ၊ ငါ့ရဲ့ ဂုဏ်သိက္ခာကိုပါ လာဖျက်ဆီးနေတယ်။’

ဟောက်ယွဲ့ စိတ်ထဲ ကြိမ်းမောင်းနေမိသည်။

ဟောက်ယွဲ့သည် အိမ်တွင် ပြဿနာရှာခဲ့ပြီး လျော်ကြေးငွေ ယွမ်ငါးဆယ် ရရှိထားသောကြောင့်သာ ပြဿနာ ဆက်မရှာတော့ခြင်း ဖြစ်၏။ မဟုတ်ပါက ယွမ်ဟောက်ရွှယ်သည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း လူအများအားလုံး သိရှိအောင် ဖွင့်ထုတ်လိုက်မည် ဖြစ်သည်။ လျော်ကြေးငွေ ရရှိခဲ့သော်လည်း ဟောက်ရွှယ်အား ပြောစရာစကား မရှိသကဲ့သို့၊ ယွမ်ဟောက်ရွှယ်၏ သတင်းအစအနကိုလည်း လုံးဝ မသိချင်ပေ။

“သမီး ဈေးဆိုင်တန်းသွားပြီး ကုန်ပစ္စည်းတွေ သွားရောင်းရဦးမယ်၊ သွားတော့မယ်။”

ပြောဆိုကာ ခပ်သွက်သွက်ပင် ထွက်ခွာသွားတော့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ တံခါးဝသို့ ရောက်ရှိချိန်၌ အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက မိန်းမလှလေးတစ်ဦးကို ဦးဆောင်ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရ၏။ ထိုမိန်းကလေးတွင် ကျစ်ဆံမြီးနှစ်ချောင်း ကျစ်ထားပြီး၊ ကိုယ်လုံးကိုယ်ထည် ပြည့်ဖြိုးကာ၊ အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်းလေးဖြင့် အတော်ပင် ချောမောလှပပေသည်။ ထိုခေတ်ကာလ၏ အလှအပ စံနှုန်းများအတိုင်း ဆိုပါက တကယ့်ကို အလှပန်းချီကားတစ်ချပ်ကဲ့သို့ပင်။

ယွမ်ဟောက်ယွဲ့ ထိုမိန်းကလေးကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်မိသည်။ ဤမိန်းကလေးမှာ ချောမောလှပသည်ဆိုသော်လည်း ယွမ်ဟောက်ရွှယ်လောက်မူ ရုပ်ရည်အဆင်း မလှချေ။

ယွမ်ဟောက်ရွှယ်သည် ရုပ်ရည်အားဖြင့် ၁၀ မှတ်တွင် ၆ မှတ်မျှသာ ရနိုင်သော်လည်း၊ ပြင်ပြင်ဆင်ဆင် ဝတ်စားဆင်ယင်တတ်သည့်အပြင် အလုပ်အကိုင် အတန်းအစားလည်း ကောင်းမွန်သဖြင့် သူမအား ၉ မှတ်အထိ သတ်မှတ်ကြလျှင်ပင် ငြင်းကြမည် မဟုတ်ပေ။ သူမသည် ဝတ်စားဆင်ယင်မှုတွင် လွန်စွာ အကွက်စေ့လှပြီး သပ်ရပ်ထက်မြက်သည့် အရှိန်အဝါမျိုး ထွက်ပေါ်နေတတ်၏။ ယခု လာသည့်မိန်းကလေးမှာမူ ရုပ်ရည်အားဖြင့် သိပ်မကွာလှသော်လည်း ဝတ်စားဆင်ယင်မှုမှာ အနည်းငယ် ခေတ်နောက်ကျပြီး ရိုးအလွန်းနေသည်။

‘ရှီရှောင်ဝေ စိတ်ထဲကသာ နှိုင်းယှဉ်ကြည့်ရင်တော့ သေချာပေါက် ကျေနပ်မှာ မဟုတ်ဘူး။ သူ့ရဲ့ ကြင်ဖက်တွေ့ဆုံပွဲ အဆင်ပြေဖို့ဆိုရင် ဒီမိန်းကလေးက ယွမ်ဟောက်ရွှယ်ထက် သာလွန်နေမှ ဖြစ်မှာ၊ မဟုတ်ရင်တော့ အလကားပဲ။’

ဟောက်ယွဲ့၏ စိတ်ထဲတွင် ဤတွေ့ဆုံပွဲမှာ သေချာပေါက် ပျက်စီးမည်ဟု ယုံကြည်နေပြီး၊ ရှီရှောင်ဝေဘက်မှလည်း လက်ခံလိမ့်မည် မဟုတ်ကြောင်း ရေရေရာရာ သိရှိနေသည်။

သို့သော်လည်း သူမနှင့် မဆိုင်သည့်ကိစ္စဖြစ်ရာ ခပ်မြန်မြန်ပင် ထွက်ခွာသွားတော့၏။

အောင်သွယ်တော်မှာ ထိုမိန်းကလေးကို လမ်းညွှန်ခေါ်ဆောင်လာသည်။

“လာပါ၊ လာပါ... ရှောက်ဖန်း၊ ဒီဘက်ကိုလာခဲ့၊ သူတို့က ဒုတိယမြောက် ဝင်းထဲမှာ နေတာ။”

ထိုနှစ်ဦး ဝင်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော ကြည့်ရှုစိုက်ကြည့်နေသည့် အကြည့်များကို ခံစားလိုက်ရ၏။ ပွဲကြည့်ပရိသတ်မှာ အတော်ပင် များပြားလှပေသည်။

အစ်မကြီးဖန် အိမ်ထဲမှ ထွက်လာရင်း ခရီးဦးကြိုပြုလိုက်၏။

“စူးကျွမ်း... ရောက်လာပြီလား။ မြန်မြန် ဝင်ခဲ့ကြပါဦး၊ ကလေးက အိမ်မှာ စောင့်နေတာ ကြာလှပြီ။ ဒါ ရှောက်ဖန်း မဟုတ်လား၊ တကယ့်ကို လှလိုက်တာကွယ်။”

အစ်မကြီးဖန်၏ စိတ်ထဲတွင်မူ ‘ကြည့်ရတာ သားသမီး ဇာတာကောင်းမယ့် ပုံစံမျိုးပဲ။’ ဟု စိတ်တိုင်းကျစွာ တွေးတောနေလေသည်။

အစ်မကြီးဖန်၏ အပြုံးမှာ ပိုမိုလှိုက်လှဲ လှပလာ၏။ ထိုမိန်းကလေး၏ ပြည့်ဖြိုးသည့် ကိုယ်လုံးကိုယ်ထည်ကပင် မိသားစုအခြေအနေ ကောင်းမွန်ကြောင်း သက်သေပြနေပေသည်။ အကယ်၍ မိသားစု ဆင်းရဲပါက သို့မဟုတ် သားကိုချစ်၍ သမီးကို ပစ်ထားပါက မိန်းကလေးမှာ အရိုးပေါ် အရေတင် ဖြစ်နေပေလိမ့်မည်။ ယခု ဤမိန်းကလေးကို ကြည့်ရသည်မှာ စားနိုင်သောက်နိုင်သည့် အခြေအနေရှိကြောင်း ထင်ရှားလှပေရာ၊ အောင်သွယ်တော်၏ စကားမှာ လိမ်ညာထားခြင်း မဟုတ်ကြောင်း သိနိုင်၏။

“မြန်မြန်... မြန်မြန်၊ ရှောင်ဝေ... နင် အထဲမှာ ဘာလုပ်နေတာလဲ၊ မြန်မြန် ထွက်ခဲ့စမ်း။ ကြည့်စမ်း... ဒါ အမေ ပြောပြထားတဲ့ ရှောက်ဖန်းလေ။ ရှောက်ဖန်းရေ... ဒေါ်လေးသား ရှောင်ဝေက အလုပ်လုပ်ရတာ နည်းနည်း ပင်ပန်းလို့ အိပ်ရာထတာ နောက်ကျသွားတာပါ၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ စိတ်ရင်းမှန်ပြီး လိမ္မာတဲ့ ကလေးပါကွယ်။ အခုလည်း အလုပ်အကိုင် အတည်တကျ ရှိနေပြီ၊ စက်ရုံမှာ လုပ်တာဆိုတော့ ပုံမှန် အိမ်ထောင်သည် ဘဝမျိုး ပိုင်ဆိုင်နိုင်မှာပါ။ နင့်ဦးလေး ရှီနဲ့ ဒေါ်လေးကလည်း အိမ်မှာ ကူညီပေးလို့ရတာပေါ့၊ ဘဝက အဆင်ပြေမှာပါ။ ကြည့်စမ်း... ဒီနေ့မနက်တင် နင့်အတွက် ကြက်သား စွပ်ပြုတ် ချက်ထားပေးတာ၊ ဒေါ်လေးက ဒီလို စိတ်ရင်းမှန်တဲ့သူပါကွယ်။”

အစ်မကြီးဖန် တရစပ် ပြောဆိုတော့သည်။

ရှောက်ဖန်း ရှက်ရွံ့စွာဖြင့်

“ဒေါ်လေးဖန်... ကျွန်မ သိပါတယ်၊ ဒေါ်လေးက အကောင်းဆုံးဆိုတာ ကျွန်မ ကြားဖူးပါတယ်... အု...”

ရုတ်တရက် ရှောက်ဖန်း၏ လည်ချောင်းထဲမှ ပျို့အန်ချင်စိတ်များ ပေါ်ထွက်လာရသည်။

ထိုစဉ် အဘွားကြီးကျောက်မှာ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်တော့၏။

အခြားသော အသက်ကြီးပိုင်း အမျိုးသမီးများမှာလည်း ရှောက်ဖန်းအား သံသယပြည့်နှက်နေသည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြသည်။

ချန်ချင်းယွီ : “….”

‘ဟင်... ဒါက ဘာဖြစ်တာလဲ။’

အောင်သွယ်တော်မှာ ချက်ချင်းပင် ဆိုလေ၏။

“ညည်း ဘာဖြစ်လို့လဲ ကလေးရယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်တာ မပျောက်သေးဘူးလား။ ဆရာဝန်က ဆေးကို နောက်ထပ် ရက်နည်းနည်းလောက် ဆက်သောက်ဖို့ မပြောဘူးလား။”

ရှောက်ဖန်း အားနာရှက်ရွံ့နေသည့် အပျိုဖြန်းလေးဟန်ဖြင့် ရှင်းပြ၏။

“ဒေါ်လေးဖန်ရယ်... လွန်ခဲ့တဲ့ ရက်ပိုင်းက မိုးရွာတော့ ကျွန်မက မှိုတွေစွတ်ပြီး ကြက်သားနဲ့ စွပ်ပြုတ်ချက်သောက်တာ၊ အဆိပ်ရှိတဲ့ မှိုပါသွားလို့ပါ။ အခုမှ ပြန်ကောင်းခါစရှိသေးတာကို ဒေါ်လေးတို့နဲ့ ဒီလိုပုံစံမျိုး ကြုံလိုက်ရတယ်”

အစ်မကြီးဖန် : “အို... ဒါက ဘာဆန်းလို့လဲကွယ်။ တို့ဝင်းထဲက လူတွေလည်း အရင်က မှိုအဆိပ်မိဖူးတာပဲဥစ္စာ...”

ထိုစကားကြောင့် ရှီကျန့်ရှန်း ချက်ချင်းပင် မကျေမနပ်ဖြင့် မျက်လုံးပြူးကြည့်လိုက်သည်။

‘စကားပြောရင် အကဲမပိုစမ်းပါနဲ့၊ အရင်က ကိစ္စကို ဘာလို့ ပြန်တူးဖော်နေတာလဲ၊ ငါတို့ကို လာဆွနေတာလား။’

ရှီကျန့်ရှန်းတစ်ယောက် မကျေမနပ် ဖြစ်နေဆဲပင်။

အခြေအနေကို မရိပ်မိသေးသည့် အစ်မကြီးဖန်မှာ ပြုံးဖြဲဖြဲဖြင့်

“ဝင်ခဲ့ကြပါ၊ မြန်မြန် ဝင်ခဲ့ကြ။ ရှောင်ဝေ... ရှောင်ဝေရေ...”

ရှီရှောင်ဝေမှာ အချိန်ဆွဲကာ အိမ်ထဲမှ ထွက်လာခဲ့ပြီး၊ ထင်သည့်အတိုင်းပင် မျက်နှာမှာ လုံးဝ ကျေနပ်ပုံမရပေ။ သူက မိန်းကလေးကို ခြေဆုံးခေါင်းဆုံး ကြည့်ရှုလိုက်ပြီးနောက် နှုတ်ခမ်းကို မဲ့လိုက်ရင်း အထင်သေးသည့်ပုံစံဖြင့်

“အမေ... ကျွန်တော် အိမ်ထောင်ဖက် မတွေ့ချင်ပါဘူးဆို။”

အစ်မကြီးဖန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး သားဖြစ်သူ၏ ကျောကို နှစ်ချက်မျှ ရိုက်နှက်လိုက်ရင်း ငေါက်ငမ်းလိုက်သည်။

“ဘာတွေ လျှောက်ပြောနေတာလဲ။ ဘာလို့ အိမ်ထောင်ဖက် မတွေ့ချင်ရတာလဲ။ ရှောက်ဖန်းက ဒီလောက် ချောမောလိမ္မာတာကို။”

ရှီရှောင်ဝေ : “ဒါပေမဲ့ ကျွန်တော်မှ မတွေ့ချင်တာကို။ အမေက ဒီတောသူမကို ဘယ်ကနေ သွားရှာလာတာလဲ။ ရုပ်ကိုက ရိုးစင်းလွန်းနေတာကို...”

အောင်သွယ်တော်၏ မျက်နှာမှာလည်း ပျက်ယွင်းသွားတော့သည်။

သို့သော်လည်း သူမ ဘာမှ မပြောရသေးမီမှာပင်...

“အု... အု...”

ရှောက်ဖန်းမှာ ထိန်းမထားနိုင်တော့သည့်အလား ပါးစပ်ကို ပိတ်ကာ တံခါးဝသို့ ခပ်မြန်မြန် ပြေးသွားပြီး၊ အော့အန်သည့်ဟန်ပြင်နေသော်လည်း ဘာမှ ထွက်မလာပေ။

ဤအချိန်တွင် ချန်ချင်းယွီသည် ရှောက်ဖန်းအား သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်မိ၏။

‘ဒီလို မြင်ကွင်းမျိုးက တီဗီဇာတ်လမ်းတွဲတွေထဲမှာ ခဏခဏ ပါတတ်တာပဲ၊ ကိုယ်ဝန်ဆောင်ရင် ပြတတ်တဲ့ လက္ခဏာမျိုးလေ။’

မှိုအဆိပ်မိလို့ အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်တာဆိုသည့် စကားကိုမူ ချန်ချင်းယွီ လုံးဝ မယုံချေ။ အစာအိမ်ရောင်ရုံဖြင့် ဤကဲ့သို့ ပျို့အန်နေသည်မျိုး သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ချန်ချင်းယွီ သံသယဖြစ်နေသည်သာမက အခြားသူများလည်း စူးစိုက်ကြည့်နေကြသည်။ ရှေ့ဆုံးမှ ရိန်းဂျာစန်းကဲ့သို့ စူးရှသည့် အကြည့်များဖြင့် ကြည့်နေသည့် အစ်မကြီးဖန်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး၊ သတိထားလျက်

“စူးကျွမ်း... ညည်းရဲ့ အမျိုးသမီးကလေးက တကယ်ပဲ အစာအိမ်ရောင်တာ ဟုတ်ရဲ့လား။ တခြားဟာ ဖြစ်နေတာ မဟုတ်ဘူးနော်။ တို့တွေက စက်ရုံတစ်ရုံတည်းမှာ အလုပ်လုပ်နေတာလေ၊ ညည်း ငါ့ကို လာလိမ်လို့ မရဘူး။ ဒါက အစာအိမ်ရောင်တဲ့ ပုံစံမျိုး မဟုတ်ဘူး။”

ချန်ချင်းယွီလည်း စိတ်ထဲမှ တိတ်တဆိတ် ထောက်ခံလိုက်မိ၏။

‘ဒါက အစာအိမ်ရောင်တဲ့ ပုံစံမဟုတ်ဘူး၊ ကိုယ်ဝန်ဆောင်နေတဲ့ ပုံစံ။’

အောင်သွယ်တော် စူးကျွမ်းမှာ ချက်ချင်းပင် မကျေမနပ်ဖြစ်သွားပြီး ရန်တွေ့လိုက်သည်။

“ညည်း ဘာစကားပြောတာလဲ။ ငါက ညည်းကို လိမ်စရာလိုလို့လား။ မကြည့်ချင်ရင်လည်း မကြည့်ချင်ဘူးလို့ တိုက်ရိုက်ပြောလေ။ ဘာလို့ လာပြီး ရန်စနေတာလဲ။ ဒါက တကယ့်ကို ယုတ်မာတဲ့ စိတ်ဓာတ်ပဲ။”

အစ်မကြီးဖန် ပို၍ပင် မကျေမနပ်ဖြစ်ကာ

“ညည်းတူမက ကိုယ်ဝန်ရှိနေတာ မဟုတ်ဘူးလား။ ငါပြောလိုက်မယ်၊ ငါ့မိသားစုကို လာပြီး အပြစ်ပုံချဖို့တော့ စိတ်ပင်မကူးနဲ့။ တို့မိသားစုက ရိုးသားဖြောင့်မတ်တဲ့ မိသားစု၊ စရိုက်မကောင်းတဲ့သူကို မိန်းမရွေးမှာ မဟုတ်ဘူး။”

“ညည်းက ဘယ်လိုစကားမျိုး ပြောတာလဲ။”

ထိုအမျိုးသမီးနှစ်ဦးမှာ တိုက်ရိုက်ပင် စကားများ ရန်ဖြစ်ကြတော့၏။

ရှောက်ဖန်း : “အု...”

“ဒီလောက် အန်နေမှတော့ ဆေးရုံသွားသင့်တာပေါ့။”

ချန်ချင်းယွီ အကြံပြုလိုက်သည်။

“မသွားပါဘူး...”

ထိုအမျိုးသမီးနှစ်ဦးမှာ တပြိုင်နက်တည်း ပြိုင်တူ အော်ဟစ်လိုက်ကြ၏။

‘အင်း... ငါ သဘောပေါက်သွားပြီ...’

ချန်ချင်းယွီက မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

စူးကျွမ်း : “ညည်းတို့ မိသားစုက ပြဿနာရှာနေပြီး ညည်းသားကလည်း အိမ်ထောင်ဖက် မတွေ့ချင်ဘူးဆိုမှတော့ ကိစ္စကို ဒီအတိုင်းပဲ ထားလိုက်တော့။ ဟွန့်... တို့မိသားစုက ဒီလောက် ကောင်းမွန်တဲ့ မိန်းကလေးက အိမ်ထောင်ဖက် ရှာမရမှာ မပူရဘူး။ ညည်းသားက ဘာမို့လို့လဲ၊ တို့တွေက စာရင်းပင် ထည့်မှာ မဟုတ်ဘူး။”

“ညည်း စကားကို လျှောက်မပြောနဲ့။ စရိုက်မကောင်းတဲ့ မိန်းမကို ခေါ်လာပြီးမှ ငါ့ကို ပြန်ပြီး စွပ်စွဲနေသေးတယ်၊ ဒီအဓိပ္ပာယ်မရှိတဲ့ မိန်းမကြီး...”

ထိုအမျိုးသမီးနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ဆွဲလားရမ်းလားလုပ်ကာ၊ ဆံပင်ကို ကိုင်ဆွဲပြီး ရန်ဖြစ်ကြတော့သည်။ အစ်မကြီးဖန်သည် အဘွားကြီးကျောက်ထံမှ ဆံပင်ဆွဲသည့် ပညာရပ်ကို သင်ယူထားသဖြင့် ဆံပင်များကို မညှာမတာ ဆွဲနှုတ်တော့ရာ ထိုစူးကျွမ်းအား ကတုံး ဖြစ်သွားအောင်ပင် ပြုလုပ်မည့်ပုံ ပေါ်နေ၏။

မိမိသားဖြစ်သူအား အစားထိုးခံ ခေါင်းစဉ်တပ်ခံရမည်ကို သူမ အဖြစ်မခံနိုင်ချေ။ အိပ်မက်ပင် မက်မနေနှင့်…

အမျိုးသမီးနှစ်ဦးမှာ အကြီးအကျယ် ကိုက်ခဲ ရန်ဖြစ်နေကြသည်။

ဘေးမှ ပွဲကြည့်နေသည့် ချန်ချင်းယွီမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ‘ဘုရားရေ...’ ဟု စိတ်ထဲမှညည်းတွားလိုက်မိ၏။

ရန်ဖြစ်သည်မှာ ဆန်းသစ်သည့် ကိစ္စမဟုတ်သော်လည်း၊ သူတို့က ကြင်ဖက်တွေ့ဆုံပွဲ လုပ်နေကြသည် မဟုတ်လော။ အဆင်မပြေပါက ငြိမ်းချမ်းစွာ ခွဲခွာကြရုံသာ ရှိသည်ကို အဘယ်ကြောင့် ဤကဲ့သို့ သေရာပါမတတ် ရန်ဖြစ်နေကြရသနည်း။ ချန်ချင်းယွီမှာ လုံးဝ နားမလည်နိုင် ဖြစ်သွားရတော့သည်။

“မချကြပါနဲ့တော့... မချကြပါနဲ့တော့... အားလုံးပဲ လာကြပါဦး၊ သူတို့ကို ဆွဲဖြောင်းပေးကြပါဦး...”

ရှောက်ဖန်း အော်ဟစ်လိုက်၏။

အစ်မကြီးဖန် သူမအား ပြင်းထန်စွာ တွန်းထုတ်လိုက်ရင်း အော်ဟစ်လိုက်၏။

“ဖယ်စမ်း...”

ရှောက်ဖန်းသည် မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားပြီးနောက် မိမိ၏ ဝမ်းဗိုက်ကို ဆုပ်ကိုင်ကာ အော်ဟစ်လိုက်လေသည်။

“အား... အမလေး၊ အမလေး... ဗိုက်နာလိုက်တာ၊ ဗိုက်နာလိုက်တာ... ငါ့ကလေးလေး...”

ဘုရားရေ...

ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားရ၏။

ရုတ်တရက်ဆိုသလို အစ်မကြီးဖန်၏ ဒေါသများ ပေါက်ကွဲထွက်သွားကာ ပိုမိုပြင်းထန်စွာဖြင့် အော်ဟစ်ဆဲဆိုတော့သည်။

“ညည်းလို အစုတ်အပဲ့မ၊ ငါ့သားကို မိန်းမယုတ်နဲ့ လာပေးစားရဲတယ်ပေါ့၊ ညည်းကို ငါ ရိုက်သတ်ပစ်မယ်...”

ဖြန်း... ဖြန်း... ဖြန်း၊ သူမသည် စူးကျွမ်း၏ ဆံပင်ကို ဆွဲထားရင်း တရစပ် ရိုက်နှက်လေ၏။

“ညည်းကို ငါ ရိုက်သတ်မယ်... ရိုက်သတ်မယ်၊ ညည်းလို မိန်းမယုတ်...”

“အား... ဗိုက်နာလိုက်တာ၊ ဗိုက်နာလိုက်တာ...”

“လွှတ်စမ်း၊ နင့်မှာ သတ္တိရှိရင် လွှတ်လိုက်စမ်း...”

သူတို့သုံးဦးမှာ တအုန်းအုန်း တဖုန်းဖုန်းဖြင့် ရောထွေးလုံးထွေးနေကြသည်။

ဘေးတွင် ရပ်နေသည့် ရှီရှောင်ဝေကမှာမူ လှောင်ပြုံးပြုံးလျက်

“ကြည့်စမ်းပါဦး အမေ၊ ဒါ အမေ ကျွန်တော့်ကို မိတ်ဆက်ပေးတဲ့ မိန်းမလေ၊ အလကား အသုံးမကျတဲ့ဟာမ။ အမေနဲ့ ပတ်သက်လို့ တကယ် စိတ်ပျက်မိတယ်”

အစ်မကြီးဖန်သည် သားဖြစ်သူကို စိတ်မဆိုးသည့်အပြင် မိသားစုကို ဖျက်ဆီးခဲ့သည့် အောင်သွယ်တော် စူးကျွမ်းကိုသာ ရန်ငြိုးဖွဲ့ကာ ပိုမိုပြင်းထန်စွာ ရိုက်နှက်တော့သည်။

အစ်မကြီးဖန်နှင့် ရှီရှောင်ဝေတို့မှာ တကယ့်ကို သားအမိအရင်းများ ဖြစ်ကြသည်ဟု ပြောရပေမည်။

သူတို့၏ အတွေးအခေါ် အယူအဆများမှာ ထူးခြားဆန်းပြားလွန်းလှပေ၏။

ချန်ချင်းယွီ : ‘......’

‘သောက်ခွေးပဲ… ပြောစရာစကာရတောင် မရှိတော့ပါဘူးဟယ်..’

“တော်ကြစမ်းတော့...”

ကျယ်လောင်သည့် ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာ၏။

လူတိုင်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားကြပြီး၊ မာကျန့်ယီသည် အလယ်ဝင်းထဲမှ ဒေါသကို ထိန်းချုပ်ကာ ထွက်လာခဲ့ပြီး ဟိန်းဟောက်လိုက်၏။

“ဘာလုပ်နေကြတာလဲ။ ရန်ဖြစ်ချင်ရင် အပြင်ထွက်ပြီး သွားဖြစ်ကြ၊ ဒီဝင်းကြီးက မင်းတို့ လာပြီး သောင်းကျန်းရမယ့် နေရာမဟုတ်ဘူး။ ဆက်ပြီး ပြဿနာရှာနေရင် ငါ ရဲတိုင်လိုက်မယ်။ ငါကတော့ မင်းတို့ကို မကိုင်တွယ်နိုင်ပေမဲ့ ရဲတွေကတော့ ကိုင်တွယ်နိုင်လိမ့်မယ်”

အမျိုးသမီးများမှာ ငြိမ်သက်သွားပြီး မလှုပ်ရှားရဲကြတော့ပေ။

မာကျန့်ယီ သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း

“မင်းတို့ရဲ့ ရာဇဝင်အရှုပ်အထွေးတွေကို ငါ မပြောချင်ဘူး၊ သောင်းကျန်းချင်ရင် တခြားမှာ သွားသောင်းကျန်း။ ဒီမိန်းကလေးက တို့ဝင်းထဲမှာ တစ်ခုခုဖြစ်သွားလို့ မဖြစ်ဘူး”

“ဟွန့်... ဟွန့်၊ ရှင်တို့က ကိုယ့်လူအချင်းချင်းကျတော့ ကူညီပြီး ပြင်ပလူတွေကိုကျတော့ အနိုင်ကျင့်ကြတာပေါ့...”

မာကျန့်ယီ : “ခင်များက ဒီလိုပြောမှတော့ ရဲခေါ်ပြီး ဖြေရှင်းခိုင်းလိုက်မယ်လေ၊ ကျေနပ်ပြီလား။ ဘယ်လိုမိန်းမမျိုးကို ခေါ်လာတာလဲ၊ ကျုပ်တို့ကို ဘုမသိဘမသိ ငတုံးတွေလို့ မထင်နဲ့။ ကျုပ် ခင်များတို့ အကြောင်းကို မပြောချင်လို့၊ ထွက်သွားစမ်း...”

အစ်မကြီးဖန်၏ မာန်တက်နေသည့် မျက်နှာပေးကို မြင်သောအခါ မာကျန့်ယီလည်း ထိန်းမထားတော့ဘဲ ကြိမ်းမောင်းလိုက်သည်။

“နင်လည်း အသက်ရွယ် ရနေပြီ၊ သဘောမတူရင်လည်း ပြီးတာပဲကို၊ လက်ပါ ခြေပါ လုပ်ရဲသေးတယ်၊ နင်မှာ အရှက်ဆိုတာ မရှိဘူးလား။ နင့်သားကော အိမ်ထောင်ဖက် ဆက်ရှာဦးမှာလား”

ထို့နောက် ရှီရှောင်ဝေကိုပါ လှည့်၍ ငေါက်ငမ်းလိုက်ပြန်၏။

“မင်းအမေက မင်းအတွက် ရန်ဖြစ်ပေးနေတာကို မင်းက သွားမတားတဲ့အပြင် မီးလောင်ရာလေပင့် လုပ်နေသေးတယ်၊ မင်းက တကယ်ကို ယောက်ျားကောင်းပါပေတယ်”

ရှီရှောင်ဝေ၏ မျက်နှာမှာ ရှက်ရွံ့လွန်းသဖြင့် ရဲရဲနီသွားတော့သည်။

မာကျန့်ယီ ဒေါသတကြီးဖြင့်

“ကဲ... အားလုံးပဲ လူစုခွဲကြတော့...”

ဤအချိန်တွင် အောင်သွယ်တော် စူးကျွမ်းသည်လည်း မိမိတို့ဘက်မှ မှားယွင်းနေကြောင်း သဘောပေါက်သွားသည်။ တကယ်လို့ ဆက်ပြီး ပြဿနာရှာပါက ကိုယ်ဝန်ရှိသည့်ကိစ္စကို ဖုံးကွယ်ထား၍ ရတော့မည် မဟုတ်ချေ။ သူမ ချက်ချင်းပင်

“ရှောက်ဖန်း... သွားကြမယ်။ ဒီမိသားစုကလည်း အဆင်ပြေတဲ့ မိသားစု မဟုတ်ဘူး။ ဒေါ်လေး နင့်အတွက် ပိုကောင်းတဲ့ အိမ်ထောင်ဖက် ရှာပေးမယ်”

သူမသည် ဆက်၍ ငြင်းခုံမနေရဲတော့ဘဲ ရှောက်ဖန်းအား ခေါ်ဆောင်၍ ခပ်မြန်မြန်ပင် ထွက်ခွါသွားတော့၏။

ရှောက်ဖန်းသည်လည်း ဗိုက်နာသည်ဟု မညည်းတွားတော့ဘဲ ခြေလှမ်းခပ်သွက်သွက်ဖြင့် ထွက်သွား၏။

ဤအဓိကဇာတ်ဆောင် ထွက်သွားသောအခါ လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ စိုက်ကြည့်နေမိကြသည်။

အဘွားကြီးကျောက် တိုးတိုးလေးဖြင့်

“ငါ မပြောဘူးလား၊ သူတို့အိမ်က ပေးစားလို့ရမယ့် လူကောင်းတစ်ယောက်မှ မရှိပါဘူးလို့ ပြောသားပဲ မဟုတ်လား။ တွေ့လား... တွေ့လား၊ ငါပြောတာ မှန်တယ်”

ချန်ချင်းယွီသည် စိတ်ထဲမှ တိတ်တဆိတ် လက်မထောင်ပြလိုက်မိသည်။ တကယ့်ကို သူမ၏ ယောက္ခမ ဖြစ်ပေသည်၊ စူးရှထက်မြက်သည့် မျက်လုံးများ ပိုင်ဆိုင်ထား၏။

“အမေ... ကြည့်စမ်း၊ ကြည့်စမ်း... အကုန်လုံး အမေကြောင့်ပဲ... မိန်းမယုတ်မျိုးကို ကျွန်တော်နဲ့ လာမိတ်ဆက်ပေးတာ အကုန် အမေအမှားတွေပဲ... အား............”

သူသည် အကြီးအကျယ် စိတ်ဒဏ်ရာရသွားသည့်ပုံစံဖြင့် အော်ဟစ်ကာ အပြင်သို့ ပြေးထွက်သွား၏။

အခြားသူများ : ‘......’

‘နင့်မေဘ… ဒါကြီးကဘာလဲ…’

အစ်မကြီးဖန်မှာမူ “သားလေး...” ဟု ခေါ်ကာ အနောက်မှ ပြေးလိုက်သွားလေသည်။

ချန်ချင်းယွီ သက်ပြင်းချရင်း

“သူ့မိန်းမ ဖြစ်လာမယ့်သူကတော့ ကံဆိုးတာပဲ”

“ဟုတ်ပ၊ တကယ့်ကို အရှုပ်ထုတ်ကြီးပဲ”

ရှီရှောင်ဝေ၏ ကြင်ဖက်တွေ့ဆုံပွဲမှာ ပျက်စီးသွားရုံသာမက၊ အရှက်ပါ ကွဲခဲ့ရလေသည်။

ထိုကိစ္စကြောင့် ဤဝင်းကြီးထဲတွင် အပျော်ဆုံးသူမှာ လီလင်းလင်း ဖြစ်၏။

‘အကုန်လုံးက အချစ်ရူးတွေချည်းပဲကို၊ နင်က ဘာလို့ အိမ်ထောင်ကျရမှာလဲ။’

လီလင်းလင်းသည် ယခုတိုင် ယွမ်ဟောက်ဖုန်းနောက်သို့ ဇွဲကြီးကြီးဖြင့် လိုက်နေဆဲ ဖြစ်ပြီး၊ ယွမ်ဟောက်ဖုန်း လင်မယား ကွာရှင်းမည့်ရက်မှာ ဝေးကွာနေသေးသော်လည်း သူမသည်ကား ယုံကြည်နေဆဲပင်။ လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့မှာ ယခုအခါ စိတ်ဓာတ်အားလုံးကို သားဖြစ်သူထံ၌သာ ပုံအောထားကြသဖြင့် လီလင်းလင်းကိုမူ လုံးဝ လျစ်လျူရှုထားကြတော့သည်။

ညဘက်တွင် အိမ်ပြန်အိပ်နိုင်သည်မှအပ ထမင်းပင် ကျွေးမွေးခြင်း မရှိတော့ပေ။

လီလင်းလင်း စိတ်ထဲတွင် မကျေမနပ်ဖြစ်ရသော်လည်း ယွမ်ဟောက်ဖုန်းကို ပိုမိုတွယ်ကပ်ထားရန်သာ ကြိုးစားနေလေ၏။

ရှီရှောင်ဝေ၏ ကြင်ဖက်တွေ့ဆုံပွဲ ပျက်စီးသွားခြင်းက ဤဝင်းကြီး၏ မကောင်းသော မင်္ဂလာဇာတာကို ပိုမိုခိုင်မာသွားစေခဲ့သည်။

သို့သော်လည်း ဤဝင်းကြီးထဲတွင် ရှောက်ဖန်း သောင်းကျန်းခဲ့သည့် ဤဇာတ်လမ်းတွဲအပြီး၌ သူမသည် ဤဝင်းထဲသို့ အမှန်တကယ် လက်ထပ်ဝင်ရောက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

မှန်ပါသည်၊ လက်ထပ်ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။

ရာသီဥတု တဖြည်းဖြည်း အေးစက်လာပြီး ဆောင်းရာသီ၏ အအေးဆုံးအချိန်သို့ ရောက်ရှိလာသောအခါ ရုတ်တရက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ သတင်းဆိုးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျန်းရှင်းဖှ အိမ်ထောင်ကျသွားခဲ့ပြီ။

မှန်ပါသည်၊ သင် မမှားချေ၊ ကျန်းရှင်းဖှ အိမ်ထောင်ကျသွားခဲ့ခြင်း ဖြစ်၏။

ကျန်းရှင်းဖှသည် အစောပိုင်း၌ တိရစ္ဆာန်ဆေးများကို အသုံးပြုခဲ့သဖြင့် ကောင်းမွန်သော... အဟွတ်၊ အဟွတ်... မရရှိခဲ့သည့်အပြင်၊ အနင်းခံ အရိုက်ခံရသဖြင့် အသားကြိတ်စက်ထဲ ရောက်သွားမတတ် ဖြစ်ခဲ့ရကာ ဆေးရုံတွင် ကာလကြာရှည်စွာ တက်ရောက်ခဲ့ရသူ ဖြစ်သည်။ ယခု ဆေးရုံမှ ဆင်းလာသည်နှင့်တစ်ပြိုင်နက် မင်္ဂလာကိစ္စ အတည်ဖြစ်သွားခဲ့ခြင်း ဖြစ်၏။ ရှီရှောင်ဝေနှင့် ရှောက်ဖန်းတို့အား မိတ်ဆက်ပေးခဲ့သည့် အောင်သွယ်တော် စူးကျွမ်းမှာ စက်ရုံမှ ဖြစ်ပေသည်။

သူမသည် အစ်မကြီးဖန်၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သည့်အပြင် သဘာဝကျကျပင် ကျန်းရှင်းဖှ၏ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပေသည်။

ထို့ပြင် မည်သို့သော ထိဆွမြှောက်ပေးမှုများကြောင့်မှန်း မသိ၊ ကျန်းရှင်းဖှသည် ထိုရှောက်ဖန်းဆိုသည့် မိန်းကလေးကို အမှန်တကယ်ပင် လက်ထပ်ယူလိုက်၏။

သူတို့ မင်္ဂလာဆောင်သည့်အချိန်တွင် မိန်းကလေး၏ ဗိုက်မှာ တော်တော်ပင် ပူထွက်နေပြီဖြစ်သည်။ သူတို့ မင်္ဂလာပွဲ အခမ်းအနားမလုပ်ဘဲ ကျန်းရှင်းဖှက အရံများနှင့်အတူ မိန်းကလေးကို ဝင်းအတွင်းသို့ ခေါ်ဆောင်လာခဲ့ခြင်းသာ ဖြစ်၏။ လူတိုင်းမှာ အံ့အားသင့်လွန်းသဖြင့် အကြောင်သား ဖြစ်သွားကြရသည်၊ မည်သူမျှ ဤကဲ့သို့သော အရာမျိုး ပေါ်ပေါက်လာလိမ့်မည်ဟု ထင်မထားခဲ့ကြသောကြောင့် အံ့ဩဘနန်း ဖြစ်ရသည်မှာ မထူးဆန်းပေ။

အစ်မကြီးဖန် ရှေ့ဆုံးမှ ဒေါသတကြီး ပြေးထွက်လာပြီး

“ညည်း.. မိန်းမယုတ်၊ တို့ဝင်းထဲကို ဘာလာလုပ်ပြန်တာလဲ။ ငါ့သားကို လာမြှူဆွယ်ချင်နေတာလား။ ငါပြောလိုက်မယ်၊ စိတ်တောင်မကူးနဲ့။ ညည်း ရူးနေတာပဲ၊ ငါ့သားက ညည်းလို မိန်းမမျိုးကို လုံးဝ လိုချင်မှာ မဟုတ်ဘူး”

ကျန်းရှင်းဖှ အစ်မကြီးဖန်အား ခက်ထန်သော မျက်နှာပေးဖြင့် ကြည့်ကာ

“အစ်မကြီးဖန်... ခင်ဗျား ဘာစကားတွေ လျှောက်ပြောနေတာလဲ။ ရှောက်ဖန်းက ကျုပ် တရားဝင်ယူထားတဲ့ ဇနီးမယားပဲ။ ခင်ဗျား သူ့ကို ဆဲဆိုတာ ကျုပ်ကို ဆဲဆိုတာနဲ့ အတူတူပဲ။ ခင်ဗျားသားကော သူ့နဲ့ တန်ရဲ့လားဆိုတာ ခင်ဗျားကိုယ်တိုင် မသိဘူးလား”

“ဘာ...”

အစ်မကြီးဖန်မှာ ကြောင်အမ်းသွားပြီး ကျန်းရှင်းဖှကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း ခါးခါးသီးသီး အော်ဟစ်လိုက်၏။

“အာ... အမလေး... နင်... နင်တို့ မင်္ဂလာဆောင်လိုက်ပြီဟုတ်လား။ နင် ရူးနေတာလား။ အဲဒီမိန်းမမှာ ကိုယ်ဝန်ကြီးနဲ့လေ...”

ကျန်းရှင်းဖှ မျက်နှာပျက်သွားသော်လည်း အောင့်သက်သက် အပြုံးတစ်ခုကို ဖန်တီးလိုက်ရင်း

“ဒါ ကျုပ်ရဲ့ ကလေးပဲ။ ကျုပ်တို့ လင်မယားက တကယ့်ကို ချစ်ခင်ကြတာ၊ လာပြီး သွေးထိုးမနေနဲ့”

အဘွားကြီးကျောက် မနေနိုင်ဘဲ ဝင်မေးလိုက်မိလေသည်။

“အမယ်လေး... နင်က ပန်းသေပန်းညှိုး ဖြစ်နေတာ မဟုတ်ဘူးလား”

သူမသည် သတင်းလာရောက် အကဲခတ်ပြန်ခြင်း ဖြစ်၏။

ကျန်းရှင်းဖှ : “ကျုပ်နဲ့ ရှောက်ဖန်းတို့ ချစ်သူတွေဖြစ်တာ ကြာပါပြီ၊ နားလည်မှုလွဲလို့ လမ်းခွဲခဲ့ကြတာပါ။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ရှိနေတုန်းပဲမို့ ပြန်ပေါင်းထုတ်လိုက်ကြတာ”

လူတိုင်း တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ကြ၏။

‘ဒါဆိုရင်တော့ ဒီကလေးက နင့်ကလေး ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး။ အချိန်ကာလကို တွက်ချက်ကြည့်ရင် အဲဒီတုန်းက နင်မှ အကောင်အထည် မဖော်နိုင်တာ။’

လူတိုင်း ကျန်းရှင်းဖှ၏ ခေါင်းပေါ်သို့ တိတ်တဆိတ် ကြည့်

လိုက်ကြသည်။

‘တကယ့်ကို ဂျိုထွက်နေတာပါလား။’

လူတိုင်း တိုးတိုးတိုးတိုး အတင်းအဖျင်း ပြောဆိုကြသော်လည်း ကျန်းရှင်းဖှအား ကျယ်လောင်စွာ သွားရောက် ရန်မစရဲကြပေ။

ဘာပဲပြောပြော ဤသည်မှာ ပြောင်းလဲ၍ မရနိုင်တော့သည့် အခြေအနေ ဖြစ်ပေသည်။

ကျန်းရှင်းဖှ မိမိ၏ သိက္ခာကို ဆက်လက် ဆယ်ယူရန် ကြိုးစားရင်း

“ကျောက်ရုံသာ မရှိခဲ့ရင် ကျုပ်တို့ အကြာကြီးကတည်းက အိမ်ထောင်ကျပြီးပြီ။ သူ့ရဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကြောင့်သာ နှောင့်နှေးခဲ့ရတာ၊ ဒါပေမဲ့ အချစ်နဲ့ ရေစက်ရှိသမျှတော့ အဆုံးမှာ ပေါင်းစည်းရတာပါပဲ။ အခုတော့ ခက်ခဲမှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ”

အဘွားကြီးကျောက် : “……”

အခြားသူများ : “……”

လူတိုင်းမှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားကြတော့သည်။

‘သူပြောနေတဲ့ စကားတွေကို သူကိုယ်တိုင်ကော ယုံရဲ့လားကွယ်ရို့’

“ဒါဆိုရင် မင်္ဂလာဧည့်ခံပွဲကော ကျင်းပဦးမှာလား။”

“ဟုတ်ပ… စားပွဲသောက်ပွဲကော လုပ်မှာလား။”

လူတိုင်း ဝိုင်းမေးကြသည်။

ကျန်းရှင်းဖှ ငြင်းဆိုကာ

“ဧည့်ခံပွဲ မကျင်းပတော့ပါဘူး”

သူ ဆက်လက်၍ ပြောလိုက်၏။

“ဒီနှစ်ထဲမှာ ကျုပ်တို့လည်း အလုပ်ရှုပ်နေတော့ ခမ်းခမ်းနားနား လုပ်ဖို့ စွမ်းအင် မရှိတော့ဘူး။ အခု လက်ထပ်လိုက်ပြီဆိုတော့ ပုံမှန် လင်မယားတွေ ဖြစ်သွားကြပြီ”

သူသည် ရှောက်ဖန်း၏ လက်ကို ကိုင်မြှောက်လိုက်ပြီး

“နောက်ဆိုရင် ရှောက်ဖန်းကလည်း ဒီဝင်းထဲက အိမ်သူအိမ်သား တစ်ယောက်ပဲ။ ဘာမှ လာမနိုင်ကျင့်ကြပါနဲ့။ အစ်မကြီးဖန်... ခင်ဗျား မနာလိုဖြစ်နေတာ ကျုပ်သိပါတယ်၊ ဒါပေမဲ့ မနာလိုစိတ်ကို စိတ်ထိန်းလိုက်ပါဦး”

အစ်မကြီးဖန် : “အမလေး... နင် ဘာစကားပြောတာလဲ၊ နင်လို နှစ်ဖက်ချွန်ကောင်ရဲ့... အား...”

ကျန်းရှင်းဖှသည် “နှစ်ဖက်ချွန်” ဆိုသည့် စကားလုံးကို သေမတတ် မုန်းတီးသူဖြစ်ရာ၊ အစ်မကြီးဖန်ထံ သို့ ပြေးဝင်သွားပြီး ပါးကို အပြင်းအထန် ရိုက်နှက်လိုက်တော့သည်။

“ပါးစပ်ပုတ်နဲ့ မိန်းမယုတ်၊ နင် ဘာကောင်မလဲဆိုတာ နင်ကိုယ်တိုင် မသိဘူးလား။ ငါ့ကို လာဆဲရဲတယ်ပေါ့၊ နင်က ဘာမို့လို့လဲ... နင့်လို ပုပ်စပ်နေတဲ့ မိန်းမ...”

ကျန်းရှင်းဖှသည် စိတ်ကို မထိန်းချုပ်နိုင်တော့သည့်နောက်တွင် ပိုမို ထိခိုက်လွယ်လာပြီး၊ ရူးသွပ်နေသော လူတစ်ယောက်ကဲ့သို့ စိတ္တဇဆန်ဆန် သောင်းကျန်းတော့၏။

ထိုနှစ်ဦးမှာ တုံ့ဆိုင်းမနေဘဲ တကယ်ကို ရိုက်နှက် ရန်ဖြစ်ကြလေသည်။

ရှောက်ဖန်း : “ဗိုက်နာလိုက်တာ၊ ဗိုက်နာလိုက်တာ...”

ပွဲကြည့်ပရိသတ်များမှာမူ တိတ်ဆိတ်စွာပင် ကျန်ရစ်ခဲ့ကြ၏။

ဤသည်မှာ ကြင်ဖက်တွေ့ဆုံပွဲစဉ်က မြင်ကွင်းကို ပြန်လည်ရိုက်ကူးနေသည့်အတိုင်းပင်။

တစ်ခုတည်းသော ကွာခြားချက်မှာ ဇာတ်လိုက်တစ်ယောက် ပြောင်းလဲသွားခြင်းပင် ဖြစ်လေသတည်း။

ချန်ချင်းယွီသည် အပြင်ဘက်မှ ဤသောင်းကျန်းနေသည့် ပွဲကို ကြည့်ရှုရင်း ရှောက်ဖန်းနှင့် ကျန်းရှင်းဖှတို့ မည်သို့ပေါင်းစည်းကာ လက်ထပ်လိုက်ကြသည်ကို လုံးဝ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေရသည်။

‘ဒါပေမဲ့လည်း... လွန်ခဲ့တဲ့နှစ်က ကျန်းရှင်းဖှမှာ ကျေးလက်က ရည်းစားတစ်ယောက် ရှိခဲ့တာတော့ အမှန်ပဲ၊ အဲဒီတစ်ယောက်က ဒီရှောက်ဖန်းများ ဖြစ်နေမလား။’

‘ဒါကတော့ ပြောရခက်ခက်ပဲ…’

သို့သော်လည်း သူတို့မှာ သာမန် အိမ်နီးနားချင်းများသာ ဖြစ်ကြရာ ပွဲကြည့်ပရိသတ်အဖြစ်သာ ကြည့်ရှုပြီး အများကြီး စိတ်နှစ်မထားပေ။

ထိုစဉ် နှစ်ဦးသားမှာ စတင်၍ ရိုက်

နှက်ကြပြီး အစ်မကြီးဖန်က သူမ၏ သံမဏိဦးခေါင်းဖြင့် ကျန်းရှင်းဖှအား တဒုန်းဒုန်း တိုက်ခိုက်ပြီး၊ ကျန်းရှင်းဖှမှာမူ လက်ချောင်းများကို ဝှေ့ယမ်းကာ သူမအား အခါခါ ကုတ်ခြစ်တော့၏။ ပွဲကြည့်နေကြသည့် လူတိုင်း ခေါင်းကို တရမ်းရမ်း ပြုလုပ်လိုက်ကြသည်။ ကျန်းရှင်းဖှသည် အားအင်ကုန်ခမ်း သွားခဲ့သည့် နောက်ပိုင်းတွင် အဖွားကြီးတစ်ယောက်ကဲ့သို့ ပြုမူနေတော့၏။ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်မှာ ရန်ဖြစ်ရာတွင် အဘယ်ကြောင့် ကုတ်ခြစ်နေရသနည်း။

တကယ့်ကို လွန်လွန်းလှပေသည်။

လူတိုင်း ထိုအကြောင်းကို အဓိပ္ပာယ်ပါသော အပြုံးများဖြင့် ပြောဆိုနေကြလေ၏။

မာကျန့်ယီတစ်ဦးတည်းသာလျှင်...

‘သူပါပဲ၊ နောက်ထပ် သူပါပဲ’

မာကျန့်ယီသည် လစာလည်း မရဘဲ ဤဝင်းကြီး၏ တာဝန်ခံအဖြစ် လုပ်ကိုင်နေရသည့် မိမိ၏ ကံကြမ္မာကို နောင်တရရင်း ရန်ပွဲကို အတင်းအဓမ္မ ဝင်ရောက် တားဆီးနေရတော့သည်။

‘အခကြေးငွေမရှိဘဲ ခိုင်းဖတ်လုပ်နေရပြန်ပြီ၊ အခကြေးငွေမရှိဘဲ ခိုင်းဖတ်လုပ်နေရပြန်ပြီ…’

‘ငါ့ဘဝနှယ်နော်…’

နောက်ဆုံးတွင်မှ သူတို့နှစ်ဦးကို ခွဲထုတ်လိုက်နိုင်၏။ ကျန်းရှင်းဖှ နှာခေါင်းရှုံ့လိုက်ရင်း သူ၏ ဇနီးဖြစ်သူကို အိမ်ထဲသို့ ဆွဲခေါ်ကာ

“မိန်းမယုတ်... ငါ့ကို မနာလိုဖြစ်နေတာ သေချာတယ်၊ ငါ မင်္ဂလာဆောင်လိုက်လို့ မနာလိုဖြစ်နေတာ။ သူ့သားကတော့ သေသည်အထိ လူပျိုကြီးဖြစ်နေမှာ...”

ထိုစကားများကြောင့် အစ်မကြီးဖန်မှာ ဒေါသထွက်လွန်းသဖြင့် တုန်ယင်နေခဲ့ရပြီး၊ ဤကောင်လေး၏ ထိုးနှက်မှုကိုလည်း အကြီးအကျယ် ခံလိုက်ရတော့သည်။

အခြားသူများ တိတ်ဆိတ်စွာပင် ခေါင်းကို ရမ်းလိုက်ကြ၏။ ကျန်းရှင်းဖှ၏ ဒုတိယအကြိမ် မင်္ဂလာဆောင်မှုက ဤရပ်ကွက်၏ ဂုဏ်သတင်းကို တိုးတက်မလာစေသည့်အပြင် ပိုမို၍ပင် အောက်တန်းကျသွားစေခဲ့သည်။ သာမန်ပြည်သူများအနေဖြင့် သူ့နားသို့ပင် မကပ်ရဲကြတော့ပေ။

အိမ်ထောင်ဖက် ရှာဖွေရသည်မှာ ခက်ခဲလှသည့်အထဲ နောက်ဆုံးမှ ရှာတွေ့လိုက်သည့် မိန်းမမှာလည်း ဗိုက်ထဲတွင် ကလေးပါလာသဖြင့် အမှတ်မထင် အဖေဖြစ်သွားခဲ့ရလေသည်။

ကျန်းရှင်းဖှ ပြောသည့်စကားများကို မည်သူမျှ မယုံကြပေ။

သို့သော်လည်း ရှောက်ဖန်းအနေဖြင့် ကျန်းရှင်းဖှကို လက်ထပ်လိုက်သည့် အကြောင်းအရင်းကိုမူ လူတိုင်း နားလည်နိုင်ကြသည်။ ကျန်းရှင်းဖှမှာ မစွမ်းတော့သော်လည်း ရှောက်ဖန်း၏ ကိုယ်ဝန်မှာ ဖုံးကွယ်ထား၍ မရတော့ပေ။ အကယ်၍ တစ်စုံတစ်ယောက် သတင်းပို့လိုက်ပါက သူမ၏ ဘဝ ပျက်စီးသွားပေလိမ့်မည်။ သို့သော်လည်း လက်ထပ်လိုက်ပြီ ဖြစ်သဖြင့် ဆက်လက် စုံစမ်းစစ်ဆေးခြင်း မပြုသမျှ ပြဿနာမရှိတော့ချေ။

သို့သော် ဤကိစ္စကပင် သူတို့ ရပ်ကွက်အတွင်း အိမ်ထောင်ပြုရန် မည်မျှ ခက်ခဲကြောင်းကို မီးမောင်းထိုးပြနေပေသည်။ ဤကဲ့သို့သော သူမျိုးကို ရှာတွေ့မှသာ အိမ်ထောင်ကျနိုင်မည်လော။

ဤသည်မှာ လူတိုင်းအား ပိုမို စိုးရိမ်ပူပန်သွားစေခဲ့၏။

သူတို့ အိမ်ပြောင်းချင်ပြီ… တကယ်ကို အိမ်ပြောင်းချင်နေကြပြီ …

ဆောင်းရာသီ၏ အအေးဆုံးအချိန်သို့ ရောက်ရှိလာပြီး နှစ်သစ်ကူးရန်လည်း နီးကပ်လာခဲ့ပြီဖြစ်ရာ ချန်ချင်းယွီ၏ စီးပွားရေးမှာ အလွန်ပင် အရောင်းသွက်နေခဲ့သည်။ ပိုက်ဆံ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နှစ်သစ်ကူးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ကြသဖြင့် လူတိုင်းက အဝတ်အစားသစ်များကို ဝယ်ယူချင်ကြ၏။ ချန်ချင်းယွီသည် နေ့တိုင်း အိမ်သို့ ညဉ့်နက်မှ ပြန်ရောက်တတ်၏။ သူမ အိမ်တံခါးဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အလယ်ဝင်းထဲမှ အန်အိမ်ထောင်စု၏ အဘွားကြီး ထွက်လာသည်ကို တွေ့လိုက်ရသည်။

အဘွားကြီးက ချန်ချင်းယွီအား ကြင်နာစွာ ပြုံးပြလိုက်ပြီး အလယ်ဝင်းအထဲသို့ ဝင်သွား၏။ ချန်ချင်းယွီ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် နွေးထွေးသည့် လေပြေအေးကို ခံစားလိုက်ရ၏။ သူမသည် လက်များကို ပွတ်သပ်လိုက်ရင်း

“အလယ်ဝင်းက အဒေါ်ကြီးတို့က ဘာလာလုပ်တာလဲဟင်”

အဘွားကြီးကျောက်၏ မျက်နှာတွင် အတော်ပင် ရှုပ်ထွေးသည့် မျက်နှာပေး ပေါ်ပေါက်နေပြီး

“သူတို့က အိမ်ရောင်းချင်လို့တဲ့၊ တို့တွေ စိတ်ဝင်စားသလားလို့ လာမေးတာ”

ချန်ချင်းယွီ : “……”

တိတ်ဆိတ်မှု၊ ရှည်လျားလှသော တိတ်ဆိတ်မှုကြီး ကြီးစိုးသွား၏။

အတော်အတန် ကြာမြင့်ပြီးနောက်မှ ချန်ချင်းယွီ ဆိုလိုက်လေသည်။

“သင့်တော်တယ်ဆိုရင်တော့ ဝယ်လိုက်ကြတာပေါ့”

“အေးပါ”

အဘွားကြီးကျောက်သည်လည်း နားမလည်နိုင်ကာ အနည်းငယ် ကြောင်အမ်းဆနသော်လည်း၊ ပူပန်သောကဖြင့် မေးမြန်းလိုက်သေးသည်။

“ချွေးမရယ်... တို့တွေ အိမ်တွေ ဒီလောက်အများကြီး ဝယ်တာ တကယ်ပဲ အဆင်ပြေရဲ့လားကွယ်။ မူဝါဒတွေက နောက်တစ်ခါ ပြန်မပြောင်းတော့ဘူးလို့ ညည်း သေချာလို့လား။”

ချန်ချင်းယွီ : “ပြောင်းမှာ မဟုတ်တော့ပါဘူး။”

အဘွားကြီးကျောက် လက်များကို ပွတ်သပ်လိုက်ရင်း

“ငါက တို့မိသားစု ရာဇဝင်နောက်ကြောင်း မကောင်းတဲ့ အမျိုးအစားထဲ ပါသွားမှာ စိုးရိမ်လို့ပါ၊ ဒီအတိုင်း ကြည့်မယ်ဆိုရင် တို့မှာ အိမ်တွေ အများကြီး ရှိနေပြီလေ။”

“သင့်တော်တဲ့ အိမ်ရှိရင် ဝယ်လိုက်တာပေါ့။ ကျွန်မတို့ဝင်းထဲက အိမ်ဈေးတွေက အပြင်က အခန်းတွေထက် ပိုသက်သာတယ်။ သက်သာနေမှတော့ တို့တွေ အခွင့်ကောင်း ယူရမှာပေါ့။ ဝယ်ပြီးရင် ရပ်ကွက်ရုံးကို သတင်းပို့လိုက်ပြီး သစ်သီးနည်းနည်း ပါးပါး ပို့ပေးရင်း အိမ်ငှားမယ့်သူ ရှာပေးဖို့ အကူအညီ တောင်းလိုက်ပေါ့။”

ချန်ချင်းယွီ အကြံပြုလိုက်၏။

ယခုခေတ်တွင် အချို့သူများက မိမိတို့အိမ်ကို ကိုယ်တိုင် အိမ်ငှားရှာ၍ ငှားရမ်းရန် ကြိုးစားကြသော်လည်း…. နည်းပါးလှသဖြင့် အများစုမှာ ရပ်ကွက်ရုံးမှတစ်ဆင့်သာ ငှားရမ်းကြခြင်း ဖြစ်သည်။

ချန်ချင်းယွီ : “ဒီအတိုင်း အလွတ်ထားထားရင်လည်း အလကားပဲဥစ္စာ။ ငှားစားလိုက်ရင် ဝင်ငွေလည်း ရသလို၊ တခြားသူတွေ မျက်စိကျနေတာမျိုးလည်း မရှိတော့ဘူးပေါ့။”

“အေးပါ၊ အေးပါ။”

လွန်ခဲ့သည့် နှစ်များအတွင်း အဘွားကြီးကျောက်သည် ယခင်ကဲ့သို့ ခက်ထန်ကြမ်းတမ်းခြင်း မရှိတော့ချေ။ သူမသည် ချန်ချင်းယွီနှင့် အလွန်ပင် သဟဇာတမျှစွာ ဆက်ဆံတတ်လာပြီး၊ မည်သူက အဓိက ဦးဆောင်သူဆိုသည်ကိုလည်း လိမ္မာပါးနပ်စွာ ခွဲခြားသိမြင်နိုင်သည်။

ချန်ချင်းယွီ : “ဒါနဲ့... ဟိုဘက်က အိမ်ဝိုင်းကြီး ကိစ္စကော ဘယ်လိုရှိလဲဟင်။”

အဘွားကြီးကျောက် : “ကြာတော့ ကြာနေပြီ။ ညည်းကပဲ သေသေချာချာ လက်ရာမြောက်အောင် လုပ်ရမယ်လို့ ပြောထားတာ မဟုတ်လား။ ငါသာ တစ်နေကုန် သွားမစောင့်ကြည့်ရင် သူတို့တွေ အလုပ်ခိုးလုပ်နေကြတယ်လို့တောင် ထင်ရတော့မယ်။ ဒါပေမဲ့ လက်ရာကတော့ တကယ် ကောင်းပါတယ်။ ချွေးမလေးရယ်... ငါမသိတာတစ်ခုက အိမ်ကို အသစ်စက်စက် သုတ်ဆေးသုတ်ထားပြီးမှ ဘာလို့ ဟောင်းနွမ်းတဲ့ ပုံစံမျိုး ရောက်အောင် အတင်းလုပ်ခိုင်းနေရတာလဲ။”

ချန်ချင်းယွီ အသေးစိတ် ပြန်မရှင်းပြတော့ဘဲ

“ဒါက အနုပညာ ခံစားချက်ကြောင့်လေ၊ ဟုတ်ပြီလား။”

အဘွားကြီးကျောက် : “……”

သူမသည် စိတ်ကူးယဉ်နေရာမှ ရုတ်တရက် သတိပြန်ဝင်လာကာ

“သြော်... ဒါနဲ့၊ ဒီနေ့ ဈေးထဲမှာ အဘွားကြီးဝမ်နဲ့ ဆုံခဲ့သေးတယ်၊ သူတို့ အိမ်ပြောင်းသွားပြီးတဲ့နောက် အရင်ကထက် အများကြီး ပိုပြီး လန်းဆန်းတက်ကြွနေတဲ့ ပုံပဲ။ ကြည့်ရတာ ဒီဝင်းကြီးက တကယ်ပဲ ဖုန်းရွှေ မကောင်းတာများလား မသိဘူးနော်။ ဒါဆိုရင် တို့တွေလည်း ပြင်ဆင်လို့ ပြီးတာနဲ့ ချက်ချင်း ပြောင်းထွက်ကြတာပေါ့။”

“ဒါကတော့ နောက်မှ ကြည့်ရတာပေါ့။ အဘွားကြီးဝမ်တို့ မိသားစုက ဘယ်ကို ပြောင်းသွားတာတဲ့လဲ။”

ချန်ချင်းယွီ မေးလိုက်သည်။

“မှောင်ခိုဈေးဟောင်း နေရာဘက်ကို ပြောင်းသွားကြတာ၊ အိမ်ငှားနေကြတာလေ။ အိမ်ဝယ်ဖို့ဆိုတာ လွယ်တယ်လို့ ထင်လို့လား။ အကြောင်းမဲ့တော့ ဘယ်သူကမှ အိမ်မရောင်းပါဘူး။ သူတို့က ဒီဝင်းထဲမှာ လုံးဝ မနေချင်တော့လို့သာ ပြောင်းသွားကြတာ။ ကြားရတာတော့ သူ့သားရဲ့ စီးပွားရေးသေးသေးလေးက အရင်ကထက် ပိုအဆင်ပြေနေတယ်တဲ့။”

ချန်ချင်းယွီမှာမူ လုံးဝ အံ့ဩခြင်း မရှိပေ။

အိမ်ရောင်းရသည့် ပိုက်ဆံ လက်ထဲတွင် ရှိနေသဖြင့် အရင်းအနှီး ပိုများလာရာ သဘာဝအတိုင်းပင် ပစ္စည်းများပိုမို ဝယ်ယူနိုင်ပြီး၊ ရောင်းရန် ပစ္စည်းများလာသောအခါ နှစ်သစ်ကူးကာလတွင် ရောင်းရလွယ်ကူသဖြင့် ပိုက်ဆံရသည်မှာ ပုံမှန်ပင် ဖြစ်၏။ သို့သော်လည်း အခြားသူများမှာ ထိုသို့ မတွေးကြချေ။ထိုသို့မဟုတ်ဘဲ ပြောင်းရွှေ့သွားကြ၍သာ ပိုမို အဆင်ပြေသွားကြခြင်းဖြစ်သည်ဟု ထင်မှတ်နေကြတော့သည်။

ချန်ချင်းယွီမှာလည်း ဘာပြောရမှန်း မသိ ဖြစ်နေရ၏။

“သူတို့အကြောင်း ထားလိုက်ပါတော့၊ ကျွန်မက နှစ်ကုန်ပိုင်းဆို အလုပ်ရှုပ်နေတော့မှာ၊ နှစ်သစ်ကူး ပစ္စည်းပြင်ဆင်တာတွေကို အမေပဲ ကူညီပြီး ပူပန်ပေးရတော့မယ်...”

အဘွားကြီးကျောက် : “စိတ်အေးအေးထား၊ ငါအကုန် စီစဉ်ပေးမယ်။”

အဘွားကြီးကျောက်သည် ချန်ချင်းယွီအား ဤကဲ့သို့သော ကိစ္စငယ်များဖြင့် ဘယ်သောအခါမျှ ပူပန်မနေစေရပေ။ ချန်ချင်းယွီအနေဖြင့် ဤကဲ့သို့သော သေးနုတ်သည့် ကိစ္စများကိုပါ ပူပန်နေရပါက သူမအား အိမ်မှ နှင်ထုတ်လိုက်သည်မှာ ကြာပြီမဟုတ်လော။ လက်တွေ့ဆန်သော အဘွားကြီးကျောက်သည် အလွန်ပင် ပြတ်သားလှပေသည်။

“ဒီနှစ်တော့ အမဲသားနဲ့ ဆိတ်သား ကောင်းကောင်းရမလား သွားကြည့်ဦးမယ်၊ ပြီးရင် ပေါက်စီနဲ့ ဖက်ထုပ်တွေ ပိုလုပ်ထားမယ်။ နှစ်သစ်ကူးကျရင် ပင်ပင်ပန်းပန်း လုပ်နေစရာ မလိုတော့ဘဲ ပေါင်းပြီး စားရုံပဲပေါ့။”

ချန်ချင်းယွီ : “အမေ အလုပ်ရှုပ်လွန်းရင် ပိုက်ဆံနည်းနည်းပေးပြီး ဒေါ်လေးမေ့ကို ငှားလိုက်လေ၊ သူ့လက်ရာက သွက်တယ်မလား။”

“ညည်း ပြောသလိုပဲ လုပ်တာပေါ့။”

ဘဝက တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်လာပြီး၊ ချန်ချင်းယွီသည်လည်း ဈေးဆိုင်ထွက်ရသည်ကို ပင်ပန်းသည်ဟု မထင်တော့ချေ။ သူမ၏ စီးပွားရေးကို မိမိကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ပြီး အေးစက်သည့် ရာသီဥတုတွင်ပင် အပြင်သို့ ထွက်စရာမလိုဘဲ နေနိုင်၏။ ပိုက်ဆံရ၍ ဝမ်းမြောက်မိသော်လည်း ဒုက္ခခံလိုစိတ် မရှိပေ။

သို့သော်လည်း နှစ်သစ်ကူးနီးကပ်လာချိန်တွင် မိတ်ဆွေဟောင်းတစ်ဦး သူမထံ ရောက်ရှိလာလိမ့်မည်ဟု ချန်ချင်းယွီ ထင်မထားခဲ့ချေ။

ရထားပေါ်တွင် သူမတွေ့ဆုံခဲ့ဖူးသည့် အစ်မကြီးရန်ပင် ဖြစ်၏။

အစ်မကြီးရန် လာရောက်လည်ပတ်သောအခါ ချန်ချင်းယွီမှာ လုံးဝ အံ့အားသင့်သွားရသည်။ အစ်မကြီးရန်မှာ သူမအား သရုပ်ဆောင်ခိုင်းရန် လာရောက်တောင်းဆိုခြင်း ဖြစ်နေ၏။

ချန်ချင်းယွီ : “……”

အစ်မကြီးရန် : “ငါအခု တီဗီဇာတ်လမ်းတွဲ ရိုက်ဖို့ အလုပ်ရှုပ်နေတာ၊ လှတဲ့ မိန်းကလေးတချို့ လိုအပ်နေတယ်။ ရှောင်ချန်က ငါ့အတွက် နတ်သမီး ဒါမှမဟုတ် မိစ္ဆာနတ်မယ် မကောင်းဆိုးဝါးလေး ဘာလေး ဝင်သရုပ်ဆောင်ပေးပါလား။ သမီး ရုပ်ရည်နဲ့ သရုပ်မဆောင်တာ တကယ့်ကို နှမြောစရာပဲ။”

အခြားသော သရုပ်ဆောင်များတွင် သာမန်အားဖြင့် ပုံမှန်အလုပ်ကိုယ်စီ ရှိကြပြီး ချန်ချင်းယွီကဲ့သို့ အမျိုးသမီးမျိုးမှာ အလွန်ပင် ရှားပါးလှပေသည်။ သို့သော်လည်း ချန်ချင်းယွီသည် ထူးထူးခြားခြား လှပသူဖြစ်ရာ အစ်မကြီးရန် သူမ၏ ရုပ်ရည်ပါရမီကို အနည်းငယ် စွဲမက်သွားခဲ့၏။ ချန်ချင်းယွီသည် အနုပညာရှင် မဟုတ်ပါသော်လည်း သူမအား စမ်းသပ်သရုပ်ဆောင်ခိုင်းရန် ဝမ်းမြောက်စွာဖြင့်ပင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ချန်ချင်းယွီမှာ ရယ်လည်းရယ်ချင်၊ စိတ်လည်းညစ်သွားရပြီး

“ဒါပေမဲ့ ကျွန်မက မလုပ်တတ်ပါဘူး... တစ်ခါမှလည်း သရုပ်မဆောင်ဖူးတော့ အစ်မကြီးကို ဒုက္ခပေးမိမှာ စိုးရတယ်”

“မစမ်းကြည့်ဘဲနဲ့ မလုပ်နိုင်ဘူးလို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ပြီးတော့မိစ္ဆာပဲဖြစ်ဖြစ်၊ နတ်သမီးပဲဖြစ်ဖြစ် သရုပ်ဆောင်ရတာ အတွေ့အကြုံကောင်း တစ်ခုပဲဥစ္စာ။ ဇာတ်ကောင်ကလည်း အပိုင်းသေးသေးလေးပါ၊ တီဗီထဲမှာ မိခင်ဖြစ်သူကို မြင်ရရင် ကလေးတွေလည်း ပျော်ကြမှာ မဟုတ်ဘူးလား။”

အစ်မကြီးရန်မှာ စည်းရုံးသိမ်းသွင်းရာတွင် အလွန်ပင် ကျွမ်းကျင်လှပေသည်။

ချန်ချင်းယွီသည် အတော်လေး ဇဝေဇဝါ ဖြစ်ပြီးနောက်မှ သဘောတူလိုက်တော့၏။

ကံကောင်းသည်မှာ သူမ သရုပ်ဆောင်ရမည့် ဇာတ်ကောင်မှာ အချိန်အများကြီး ပေးစရာ မလိုခြင်းပင်။

အဘွားကြီးကျောက် မချင့်မရဲ ရေရွတ်ကာ

“အမလေး... ငါ့ချွေးမလေးက တကယ့်ကို အသုံးကျတာပဲ။ ရုပ်ချောတာနဲ့ ထမင်းစားလို့ မရဘူးလို့ အမြဲတမ်း ကြားဖူးပါတယ်၊ အခုကြည့်ရတာတော့ အဲဒီစကားက မမှန်ပါဘူး၊ ရုပ်ချောရင် တကယ်ကို ထမင်းစားလို့ ရတာပဲ...”

ချန်ချင်းယွီ : “သူတို့က လုပ်အားခ အများကြီး ပေးတာမှ မဟုတ်တာ။”

ဤလုပ်ငန်း၏ ဝင်ငွေမှာ နောက်ပိုင်း ဆယ်စုနှစ်များစွာအကြာကဲ့သို့ တစ်ရက်လျှင် ယွမ်သောင်းဂဏန်းအထိ ရရှိသည့် ခေတ်မျိုး မဟုတ်ချေ။

ယခုအချိန်တွင် လူတိုင်းသည် လစာကိုသာ ရရှိကြပြီး အပိုထောက်ပံ့ကြေး အနည်းငယ်သာ ရကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် အကျော်ကြားဆုံး သရုပ်ဆောင်တစ်ဦးဖြစ်သည့် လီအမည်ရှိသူသည် ‘ရှောင်လင်ကျောင်းတော်’ ဇာတ်ကားတွင် သရုပ်ဆောင်စဉ်က တစ်ရက်လျှင် ထောက်ပံ့ကြေး ၁ ယွမ်သာ ရရှိခဲ့ရာ ထိုပမာဏမှာပင် အလွန်ကောင်းမွန်သည့် ပမာဏဖြစ်ပြီး ထူးခြားသည့် အခွင့်အရေးတစ်ခု ဖြစ်နေ၏။

ဤခေတ်ကာလတွင် ဤလုပ်ငန်းမှာ လစာရရှိသည့် သာမန်အနုပညာရှင်များ၏ လုပ်ငန်းတစ်ခုမျှသာ ဖြစ်၏။

ချန်ချင်းယွီကဲ့သို့ အပိုင်းတစ်ပိုင်းတည်းတွင်သာ ခဏတာ ပါဝင်ရသည့် ဇာတ်ကောင်သေးသေးလေးမှာ ပို၍ပင် နည်းပါးလှပေသည်။ ချန်ချင်းယွီ၏ လမ်းဘေးဈေးရောင်းသည့် အထည်စီးပွားရေးနှင့် နှိုင်းယှဉ်ပါက စာဖွဲ့စရာပင် မလိုပေ။

နှိုင်းယှဉ်၍ပင် မရနိုင်၊ လုံးဝ နှိုင်းယှဉ်ရန်ပင် မအပ်စပ်ပေ။

သို့သော်လည်း ချန်ချင်းယွီသည် ဘဝ၏ စိတ်ဝင်စားစရာ အတွေ့အကြုံတစ်ခုအဖြစ် မှတ်ယူကာ သဘောတူခဲ့ခြင်း ဖြစ်သည်။

သဘောတူပြီးနောက် သူမသည် ဒေသဆိုင်ရာ ရပ်ကွက်ရုံးမှ ထောက်ခံစာ တစ်စောင် ရယူခဲ့ပြီး နှစ်သစ်ကူးပြီးသည်နှင့် ရိုက်ကူးရေးအဖွဲ့နှင့်အတူ အခြားမြို့သို့ ခွဲတမ်းဖြင့် ခွဲထွက်ကာ ခရီးထွက်ခဲ့၏။ တီဗီဇာတ်လမ်းတွဲကို မြို့တော်တွင် ရိုက်ကူးခြင်း မဟုတ်ဘဲ၊ ချန်ချင်းယွီသည် နတ်သမီးအဖြစ် သရုပ်ဆောင်ကာ ထိုနေရာတွင် လဝက်ခန့်ကြာအောင် နေထိုင်ခဲ့ရ၏။

ချန်ချင်းယွီတွင် ပုံမှန်အလုပ် မရှိပါသော်လည်း ဤသည်မှာ အဆန်းတကြယ် မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် လူအများအပြားမှာ ယာယီအလုပ်ဆင်းနေကြသူများ ဖြစ်ကြပြီး အချို့မှာ အလုပ်ရုံ အသီးသီးမှ ယာယီအလုပ်သမားများ ဖြစ်ကြ၍ပင်။ သူမသည် လူအများစုနှင့် အဆင်ပြေစွာ ဆက်ဆံနိုင်ခဲ့ပြီး ခရီးမှ ပြန်လာသောအခါ ဒေသထွက် ကုန်ပစ္စည်းအများအပြားကိုပင် ဝယ်ယူ ယူဆောင်လာခဲ့သေးသည်။

ဤခေတ်ကာလမှ လူအများစုသည် တကယ့်ကို ရိုးသားဖြောင့်မတ်ကြပေ၏။

ချန်ချင်းယွီသည် နှိမ့်ချစွာပင် နေထိုင်ခဲ့ပြီး ဤအခွင့်အရေးကို အသုံးချကာ အနုပညာလောကထဲသို့ ဝင်ရောက်ရန် မစဉ်းစားခဲ့ဘဲ ပြန်လာပြီး စီးပွားရေးကိုသာ ဆက်လက် လုပ်ကိုင်ချင်ခဲ့သည်။

သို့သော်လည်း သူမ၏ အတွေ့အကြုံမှာ လူအများအပြားကို စိတ်လှုပ်ရှားသွားစေခဲ့ပြီး မနာလို ဝန်တိုစိတ်များကိုပင် နှိုးဆွပေးခဲ့သည်။ ယွမ်ဟောက်ရွှယ်သည် လက်ရှိတွင် ရုပ်ရှင်စတူဒီယိုသို့ ပြောင်းရွှေ့ရန်အတွက် အဆက်အသွယ်များ ရှာဖွေနေသည်ဟု သတင်းထွက်နေ၏။

ချန်ချင်းယွီ : “……”

‘နင်က စက်ရုံရဲ့ ရေဒီယိုအသံလွှင့်ရုံက အသံလွှင့်သူတစ်ယောက်ပဲကို သရုပ်ဆောင်နိုင်လို့လား။’

ယွမ်ဟောက်ရွှယ်မှာမူ သူမ သရုပ်ဆောင်နိုင်သည်ဟု တထစ်ချ ယုံကြည်နေပေသည်၊ အကြောင်းမှာ သူမ၏ စိတ်ထဲတွင် ချန်ချင်းယွီပင် သရုပ်ဆောင်နိုင်ပါက မိမိကရော အဘယ်ကြောင့် သရုပ်မဆောင်နိုင်ရမည်နည်းဟု စဉ်းစားနေသောကြောင့်တည်း။

‘ချန်ချင်းယွီ လုပ်နိုင်တာကို သူမက ဘာလို့ မလုပ်နိုင်ရမှာလဲ’

သို့သော်လည်း အလုပ်ပြောင်းရွှေ့ရန်မှာ မလွယ်ကူချေ၊ ယွမ်ဟောက်ရွှယ်တွင်လည်း မည်သည့် အဆက်အသွယ်မျှ မရှိသဖြင့် သူမ၏ ကြိုးပမ်းမှုများမှာ အလဟဿ ဖြစ်သွားခဲ့ရသည်။ ထို့အပြင် ယွမ်ဟောက်ရွှယ်သည် ကြင်ဖက်တွေ့ဆုံပွဲမှတစ်ဆင့် ဟောင်ကောင် စီးပွားရေးသမားတစ်ဦးနှင့် တွေ့ဆုံခဲ့သည်ဟု ကြားသိရပြီး၊ ရှီရှောင်ဝေမှာလည်း အိမ်တွင် အကြီးအကျယ် သောင်းကျန်းနေလေ၏။

ချန်ချင်းယွီ : ‘တကယ့် ငတုံးပဲ။’

သို့သော်လည်း လတ်တလောတွင် ချန်ချင်းယွီ၌ ထိုပွဲများကို ထိုင်ကြည့်နေရန် အချိန်မရှိချေ။ သူမသည် မိမိ၏ အလုပ်ကို ပြုပြင်ပြောင်းလဲရန် စဉ်းစားနေခဲ့သည်။ သူမသည် ပင်ပန်းဆင်းရဲခံရန် မကြောက်သော်လည်း အခြားသူများမှာမူ ပင်ပန်းဆင်းရဲ မခံချင်ကြပေ။ ထို့ကြောင့် ချန်ချင်းယွီသည် လမ်းဘေးဆိုင် ထပ်မထွက်တော့ဘဲ လက်ကားဒိုင်အဖြစ် တိုက်ရိုက် ကူးပြောင်းရန် စီစဉ်လိုက်၏။

သူမတွင် အရင်းအနှီး လုံလောက်စွာ ရှိသဖြင့် ပစ္စည်းများကို ပမာဏအမြောက်အမြား ဝယ်ယူနိုင်ပြီး ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပေသည်။

ထို့နောက် ဈေးနှုန်းတင်၍ ပြန်လည် ရောင်းချနိုင်၏။ တောင်ပိုင်းသို့ မိုင်ပေါင်းများစွာ ခရီးနှင်ရသည်ထက် စာလျှင် လူအများအပြားက သူမထံမှ ဝယ်ယူရန် ပိုမိုနှစ်သက်ကြမည်ဟု သူမ ယုံကြည်သည်။ ဈေးနှုန်းကွာခြားချက် အလွန်မကြီးမားသရွေ့၊ အချိန်ကုန် သက်သာနေသရွေ့ အဘယ်ကြောင့် မဝယ်ဘဲ နေကြမည်နည်း။

၁၉၈၁ ခုနှစ်သို့ ရောက်ရှိလာပြီဖြစ်ရာ ချန်ချင်းယွီ လမ်းဘေးဆိုင် ထွက်ခဲ့သည်မှာ နှစ်နှစ်ကျော်ပင် ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမကိုယ်တိုင် အထူးတလည် မမှတ်ယူထားသော်လည်း သူမသည် နာမည်အနည်းငယ် ရရှိထားပြီး ဖြစ်၏။ လက်ကားဒိုင်သို့ ပြောင်းလဲလိုက်ခြင်းမှာ သူမအတွက် လုံးဝ မခက်ခဲပေ။ အခက်ခဲဆုံးမှာ အမြဲတမ်း အစပြုချိန်ဖြစ်သော်လည်း ဤကိစ္စတွင် ထိုသို့ မဟုတ်ခဲ့ပေ။ ပစ္စည်းတစ်ခုချင်းစီမှ ရရှိသည့် ဝင်ငွေ နည်းပါးသွားသော်လည်း ပစ္စည်းအရောင်းအဝယ်မှာ ပိုမို သွက်လာခဲ့သည်။

သူမသည် အဝတ်အစားများကိုသာမက ရေဒီယိုနှင့် ကက်ဆက်အသံဖမ်းစက်များကဲ့သို့သော ပစ္စည်းများကိုပါ ကိုင်တွယ်ရောင်းချခဲ့ရာ မိမိကိုယ်ကို အလွန်ပင် အလုပ်ရှုပ်စေခဲ့၏။

သို့သော်လည်း သူမသည် ပိုက်ဆံများစွာ ရှာဖွေနိုင်ခဲ့သလို၊ ပိုက်ဆံများကိုလည်း အများအပြား သုံးစွဲခဲ့ရပေသည်။

ယွီမေကျွမ်းသည် သူမအတွက် တောင်ပေါ်မှ ရှားပါးဆန်းပြားသည့် ပစ္စည်းအချို့ကို စုဆောင်းပေးခဲ့ပြီး၊ သူမကိုယ်တိုင်လည်း ယိုယိ့စတိုးဆိုင်၊ ဟွားချောင်ရေးစတိုးဆိုင်နှင့် လက်ရေးမူ၊ ပန်းချီဆိုင်တို့၏ ပုံမှန်ဖောက်သည်တစ်ဦး ဖြစ်လာသည်။ လက်ရေးစုတ်ချက်နှင့် ပန်းချီဆိုင်တွင် ရှေးဟောင်းပစ္စည်းများ မရှိသော်လည်း တရုတ်သမ္မတနိုင်ငံခေတ်က စုတ်ချက် လက်ရေးမူများနှင့် ပန်းချီကားအချို့ ရှိ၏။

ချန်ချင်းယွီသည် ယခင်က ပစ္စည်းများ ထားစရာနေရာ မရှိခဲ့သော်လည်း ယခုအခါတွင်မူ ကွဲပြားသွားခဲ့ပြီ ဖြစ်၏။

သူမတွင် အိမ်ကြီးအိမ်ကောင်း ရှိနေပြီဖြစ်သည်။

သူမ၏ လေးဘက်ပိတ် အိမ်ကြီးပြင်ဆင်မှုမှာ နွေရာသီတွင် ပြီးစီးခဲ့သော်လည်း သူမသည် ချက်ချင်း ပြောင်းရွှေ့နေထိုင်ရန် မလောခဲ့ပေ။

ချန်ချင်းယွီသည် ထိုအိမ်အတွင်းသို့ ပစ္စည်းအမြောက်အမြားကိုလည်း ထပ်မံဖြည့်ဆည်းခဲ့၏။ ထိုရှေးဟောင်းပစ္စည်းအချို့မှာ နောက်ပိုင်းတွင် တန်ဖိုးဖြတ်မရအောင် အဖိုးတန်လာမည်ဖြစ်သည်ကို မသိကြသေး၍ ယခုအချိန်တွင်မူ ထိုပစ္စည်းများမှာ ယိုယိ့စတိုးဆိုင်တွင် ပြသရောင်းချနေသည့် "ကုန်ပစ္စည်းများ" သာလျှင် ဖြစ်နေသေးသည်။ သာမန်အလုပ်သမားများအနေဖြင့် သဘာဝအတိုင်းပင် ဈေးကြီးလွန်းသဖြင့် မဝယ်နိုင်ဟု ထင်ကြမည်ဖြစ်သော်လည်း၊ ဝင်ငွေအမြောက်အမြား ရရှိနေသည့် ချန်ချင်းယွီကဲ့သို့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ကိုင်သူများအတွက်မူ ဘာမျှမဟုတ်ပေ။ ထို့ကြောင့် ချန်ချင်းယွီသည် ပစ္စည်းအများအပြားကို ဝယ်ယူဖြည့်ဆည်းခဲ့သည်။

သူမသည် ယခင်က ပရိဘောဂများ မဝယ်နိုင်ခဲ့သော်လည်း ယခုအခါတွင်မူ ဝယ်ယူနိုင်ပြီဖြစ်၏။

ဤပစ္စည်းများမှာ အသုံးပြုပြီးသား တစ်ပတ်ရစ် ပရိဘောဂများနှင့် တူနေသဖြင့်၊ ထိုပစ္စည်းများ၏ တန်ဖိုးကို မသိပါက ခိုးယူရန်ပင် စိတ်ကူးမိမည် မဟုတ်ပေ။

ချန်ချင်းယွီသည် ပိုက်ဆံအများအပြား ရှာနိုင်သလို အများအပြားလည်း သုံးစွဲခဲ့၏။ ထို့ပြင် သူမသည် အိမ်ဟောင်းကြီးထဲမှ လျှို့ဝှက်အခန်းတစ်ခန်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သေးသည်။

သူမ ရှာတွေ့ခဲ့သည်ဟု ပြောရသည်ထက်၊ ချန်ချင်းယွီသည် ထိုနေရာ၌ လျှို့ဝှက်အခန်း ရှိနေကြောင်း အစကတည်းက သိရှိထားခြင်း ဖြစ်ပေသည်။

ဘာပဲပြောပြော ဤသည်မှာ သူမ အဘွားဖြစ်သူ၏ အိမ်ဟောင်းဖြစ်ရာ သူမ အလွန်ပင် ထဲထဲဝင်ဝင် သိရှိထား၏။

လျှို့ဝှက်အခန်း၏ ထွက်ပေါက်မှာ အိမ်ဝင်းအတွင်းရှိ ကြာမြင့်စွာကတည်းက မြေဖို့ထားသည့် ရေတွင်းပင် ဖြစ်၏။ ဤတစ်ကြိမ်တွင် ချန်ချင်းယွီသည် ရေတွင်းတူးချင်သည်ဟူသော အကြောင်းပြချက်ဖြင့် ထိုထွက်ပေါက်ကို တူးဖော်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

တောင်ထိပ်ပေါ်မှ လျှို့ဝှက်အခန်းသည် သူမ၏ အဘွားက ပုံစံတူ ပြန်လည်ဆောက်လုပ်ထားသည့် အခန်းဖြစ်ပြီး အခြေခံအားဖြင့် အတူတူပင်ဖြစ်သည်ဟု ချန်ချင်းယွီအကြောင်းပြချက်ရှိရှိ သံသယဝင်ခဲ့သည်။

ချန်ချင်းယွီသည် ဤကိစ္စကို မိမိ၏ ကလေးများ သို့မဟုတ် ယောက္ခမအပါအဝင် မည်သူ့ကိုမျှ ပြောပြမထားချေ။ အချို့သော ကိစ္စများတွင် ပတ်ဝန်းကျင်သို့ လျှောက်ပြော၍ မရပေ။ ချန်ချင်းယွီသည် မိမိဘာသာ တစ်ယောက်တည်းသာ ဤနေရာသို့ လာရောက်ခဲ့ခြင်း ဖြစ်၏။

ဤလျှို့ဝှက်အခန်းသည် တောင်ထိပ်ပေါ်မှ အခန်းနှင့် အလွန်တူသော်လည်း ပိုမို ရှုပ်ထွေးဆန်းပြားပေသည်။ ချန်ချင်းယွီသည် သင်္ချိုင်းဂူတူးသည့် ဝတ္ထုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

သို့သော်လည်း ထိုသည်မှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေသည်။

သူမသည် လှေကားထစ်များအတိုင်း တစ်ယောက်တည်း ဆင်းသွားခဲ့ပြီး လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်ခဲ့သည်။ လျှို့ဝှက်အခန်းမှာ အလွန်ကြီးမားခြင်း မရှိဘဲ စတုရန်းမီတာ ၁၀၀ ကျော်မျှသာ ရှိရာ၊ စတုရန်းမီတာ ၂၀၀ ထက် လျှော့နည်းမည်မှာ သေချာပေသည်။ ယခုအချိန်တွင် လျှို့ဝှက်အခန်းမှာ ဗလာကျင်းနေ၏။ သို့သော်လည်း ထိုသည်မှာ အံ့ဩစရာ မဟုတ်ချေ။ သူမ အဘွား၏ မိသားစု အိမ်သိမ်းခံရစဉ်၌ သူတို့၏ ပိုင်ဆိုင်မှုများကို ယူဆောင်၍ ထွက်ခွာရန် အချိန်လုံလောက်စွာ ရရှိခဲ့ကြသည်။ ထို့ကြောင့် သဘာဝကျကျပင် လျှို့ဝှက်အခန်းမှာ ဟာလာဟင်းလင်း ဖြစ်နေတော့၏။

အိမ်မှာ အခြားသူ၏ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့ပြီဖြစ်ရာ အဖိုးတန်ပစ္စည်းများကို ထိုနေရာ၌ မထားရဲကြသည်မှာ ပုံမှန်ပင်။ အိမ်ခေါင်မိုးထုတ်တန်းမှ တန်ဖိုးကြီး သစ်သားများကဲ့သို့ မဟုတ်ပေ၊ ထိုသစ်သားများကို ဖြုတ်ယူသွား၍ မရနိုင်သလို၊ ဖြုတ်ယူသွားနိုင်ခဲ့လျှင်ပင် ရောင်းချရန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း အိမ်အတွင်း သိမ်းဆည်းထားသည့် ပစ္စည်းများကိုမူ လူတကာ ယူဆောင်သွားနိုင်ပေသည်။

နောက်ပိုင်း ပိုင်ရှင်များသည် လျှို့ဝှက်အခန်းအကြောင်းကို မသိကြသည့်အပြင်၊ ရေတွင်းခြောက်ကြီးမှာ အသုံးမဝင်ဟု ထင်ကာ မြေဖို့လိုက်ကြသဖြင့် မည်သူမျှ မသိရှိကြတော့ပေ။ ဤတစ်ကြိမ်တွင် ချန်ချင်းယွီသည် မိမိကိုယ်တိုင် တူးဖော်ရှင်းလင်းခဲ့ပြီး၊ ယခင်က ဝယ်ယူထားသည့် ပစ္စည်းအားလုံးကို ဤနေရာသို့ တဖြည်းဖြည်း ပြောင်းရွှေ့ခဲ့သည်။ ဤလျှို့ဝှက်အခန်းကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သော်လည်း ရှေးလူများ၏ ပါးနပ်လိမ္မာမှုကို လျှော့တွက်၍ မရသည်မှာ ထင်ရှားလှ၏။ ယခုထိတိုင်အောင် အလွန်ပင် လျှို့ဝှက်ဆန်းပြားစွာ ဖုံးကွယ်ထားနိုင်ဆဲဖြစ်ပြီး အထူးပြုပြင်ဖန်တီးထားခြင်း ဖြစ်ပေသည်။

မြေအောက်တွင် ရှိနေသော်လည်း လုံးဝ စိုထိုင်းဆမရှိပေ။

ချန်ချင်းယွီသည် အိမ်တွင်ရှိသော တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများ အားလုံးကိုသာမက၊ တောင်ပေါ်မှ ပစ္စည်းများကိုပါ ရွှေ့ပြောင်းလိုက်၏။

တောင်နက်ကြီးထဲတွင် လူသူဆိတ်ငြိမ်သည်ဟု ထင်ရသော်လည်း မည်သို့သော ကိစ္စများ ပေါ်ပေါက်လာမည်ကို မည်သူ အာမခံနိုင်မည်နည်း။ မိမိ၏ ပစ္စည်းများကို မိမိအိမ်သို့ ပြောင်းရွှေ့ထားခြင်းသည်သာလျှင် အလုံခြုံဆုံး ဖြစ်ပေသည်။ ချန်ချင်းယွီတွင် ခွန်အားကြီးမားနေ၍သာ ကံကောင်း၏။ အခြားသူတစ်ဦးဦးသာ ဆိုပါက ဤကိစ္စကို နိုင်နင်းအောင် ကိုင်တွယ်နိုင်ရန် အလွန်ပင် ခက်ခဲလိမ့်မည်။

ချန်ချင်းယွီသည် တောာင်ပေါ်မှ လျှို့ဝှက်အခန်းအတွင်း ဖုံးကွယ်ထားသည်များကို တစ်ယောက်တည်း ရွှေ့ပြောင်းရသဖြင့် အချိန်အတော်လေး ကုန်ခဲ့ရ၏။ ထို့နောက် လျှို့ဝှက်အခန်းကို မြေကြီးဖြင့် အလုံးစုံ ဖို့ပစ်ရန်အတွက် မြေကြီးများကို သယ်ယူရင်း အချိန် ထပ်မံ ကုန်လွန်ခဲ့ရပြန်သည်။

ဤသည်မှာ လုံခြုံရေးအတွက် ဖြစ်ပေသည်။

ထို့သို့ မဟုတ်ပါက၊ ကံဇာတာပါလာသူတစ်ဦးဦးမှာ ထိုလျှို့ဝှက်အခန်းကို တွေ့ရှိသွားလျှင် အခန်းမှာ ဟာလာဟင်းလင်း ဖြစ်နေသည့်တိုင်… သူမ၏ မိသားစု ထိုနေရာ၌ ပစ္စည်းများ သိမ်းဆည်းခဲ့သည်ဟု ခန့်မှန်းမိသွားနိုင်၏။ ဘာပဲပြောပြော မိမိမိသားစု၏ သင်္ချိုင်းဂူများက ထိုနေရာ၌ ရှိနေသည် မဟုတ်လော။ မိမိအား ပစ်မှတ်ထားတိုက်ခိုက်ရန် အခွင့်အရေးပေးမည့်အစား ထိုလျှို့ဝှက်အခန်းကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်လိုက်ခြင်းမှာ ပိုမို ကောင်းမွန်ပေသည်။

ချန်ချင်းယွီ၏ ကြိုးပမ်းမှုမှာ လဝက်ခန့် ကြာမြင့်ခဲ့၏။

ကံကောင်းသည်မှာ အခန်းကို မြေကြီးဖြင့် လုံးဝ ဖို့ပစ်လိုက်ပြီး လျှို့ဝှက်ခလုတ် ယန္တရားကိုပါ ဖြုတ်ပစ်လိုက်သည့်နောက်တွင် ထိုနေရာ၌ မည်သည့် လျှို့ဝှက်အခန်းမျှ မရှိတော့ပေ။

သို့သော်လည်း ချန်ချင်းယွီသည် စိတ်ထဲမှ တကယ်ပင် ထိခိုက် အံ့အားသင့်ခဲ့ရသည်။ သန်မာလှပါသည်ဆိုသော သူမပင်လျှင် ခေါက်တုံ့ခေါက်ပြန် အလုပ်လုပ်ရင်း ဤမျှ အချိန်ကုန်ခဲ့ရပါက သူမ၏ ဘိုးဘွားများမှာ ဤနေရာအတွက် မည်မျှတိုင်အောင် အချိန်ပေးခဲ့ရမည်နည်း။ အလွန်တရာ ပင်ပန်းလှပေသည်။ ကံကောင်းသည်မှာ မိသားစု၏ ပစ္စည်းများကို မိမိတို့အိမ်၌ပင် သိမ်းဆည်းထားနိုင်ခဲ့သဖြင့် လုံခြုံသွားခဲ့ခြင်းပင်။

တကယ်လို့များ ထိုပစ္စည်းများ တောင်ထိပ်ပေါ်၌ ရှိနေသေးပါက၊ ပိုင်ရှင်ရှိသည်ဟု ပြောလျှင်ပင် မည်သည့် သက်သေအထောက်အထားပြနိုင်မည်နည်း။

ချန်ချင်းယွီသည် မိမိမိသားစု၏ ပစ္စည်းများဖြင့် အပြင်လူများ ကြွယ်ဝသွားမည်ကို ကြည့်မနေနိုင်ပေ။

သူမသည် သေတ္တာတစ်လုံး ရောက်လာတိုင်း သေချာစွာ စနစ်တကျ စီစဉ်စစ်ဆေးခဲ့သည်။

သူမ၏ လျှို့ဝှက်အခန်းမှာ လုံးဝ ပြည့်နှက်မသွားသေးသော်လည်း တစ်ဝက်ခန့် ပြည့်သွားခဲ့ပြီ ဖြစ်၏။

သဘာဝအတိုင်းပင် ပစ္စည်းအချို့ကိုမူ အပြင်ဘက်တွင် ထားရှိခဲ့သည်၊ သူမအနေဖြင့် အရာအားလုံးကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

ပစ္စည်းများကို စနစ်တကျ စီစဉ်ပြီးသွားသောအခါ ချန်ချင်းယွီ၏ စိတ်ထဲတွင် အမှန်တကယ်ပင် လုံခြုံမှု ခံစားလိုက်ရသည်။ သူမသည် ပြန်လည်ဝင်စားသူ ဖြစ်သော်လည်း ယခင်ဘဝမှ အမှတ်တရများမှာ ထင်ရှားဆဲဖြစ်ပြီး၊ ဘဝနှစ်ခုလုံး၏ ကြီးပြင်းလာမှု ပတ်ဝန်းကျင်က သူမအား စိတ်အရမ်းလုံခြုံသည့် လူတစ်ယောက် ဖြစ်မလာစေခဲ့ပေ။

ထို့ကြောင့် ချန်ချင်းယွီသည် ပစ္စည်းများကို စုဆောင်းရသည်ကို သဘောကျပြီး၊ ကြွက်ကလေးတစ်ကောင်ကဲ့သို့ ပုန်းကွယ်သိမ်းဆည်းရသည်ကို ပိုမို သဘောကျပေသည်။

ဤပစ္စည်းများကြောင့်ပင် ချန်ချင်းယွီသည် စိတ်အေးချမ်းမှုကို ခံစားလိုက်ရခြင်း ဖြစ်၏။

‘ငွေကြေးက လူကို ရဲရင့်စေတယ်’

ဆိုသည့် စကားမှာ အမှန်တကယ်ပင် မှန်ကန်လှပေသည်။

ချန်ချင်းယွီသည် နေ့စဉ်နှင့်အမျှ အလုပ်ရှုပ်နေခဲ့ပြီး ဝင်းထဲမှ လူများလည်း ယဉ်ပါးသွားခဲ့ကြပြီ ဖြစ်သည်။ သူမ၏ မိသားစု ပြောင်းရွှေ့တော့မည်ဟု လူတိုင်း

ခန့်မှန်းနေကြ၏။

ဘာပဲပြောပြော သူတို့၏ ဝင်းကြီးမှာ ဂုဏ်သတင်း အလွန်ပင် ဆိုးဝါးလှပေသည်။

အခွင့်အရေးရှိလျှင် မည်သူ မပြောင်းဘဲ နေမည်နည်း။

အင်း...

လူတစ်ယောက် မည်မျှ ကောင်းမွန်စွာ နေထိုင်ရသည်ဆိုသည်ကို သူတို့၏ လူနေမှုဘဝက ဖော်ပြနေပေသည်။ ယခုအခါ ဝင်းထဲမှ လူကြီးများသည် အဘွားကြီးကျောက်ကို မနာလိုဖြစ်ကြပြီး လူငယ်များမှာမူ ချန်ချင်းယွီကို မနာလိုဖြစ်ကြပြန်၏။

ဘာကြောင့်လဲ…

အထူးသဖြင့် ယခင်က ချန်ချင်းယွီထက် သာလွန်ခဲ့ဖူးသူများပင်။

ယခုအခါ သူတို့မှာ အလွန်ပင် မနာလို ဝန်တိုနေကြသည်။

သို့သော်လည်း မည်သူမျှ ချန်ချင်းယွီကို သွားရောက် မစရဲကြပေ။ သူမတွင် ထူးဆန်းသော နိမိတ်အရှိန်အဝါတစ်ခု ရှိနေပြီး သူမကို သွားရောက် စသူတိုင်း ဒုက္ခရောက်ရစမြဲ ဖြစ်သည်ကို လူတိုင်း သိကြ၏။ အဘွားကြီးဟွမ်မှာ ဤကိစ္စကြောင့်ပင် ထောင်ကျသွားခဲ့ရခြင်း ဖြစ်သည်။ အပေါ်ယံအားဖြင့် ယွမ်ဟောက်မင်ကို နှောင့်ယှက်၍ ဟုဆိုသော်လည်း၊ ချန်ချင်းယွီကို ကောက်ကျစ်စဉ်းလဲခဲ့သဖြင့် ထိုက်တန်သည့် အပြစ်ကို ရရှိသွားခြင်းဖြစ်သည်ဟု လူတိုင်း သိကြ၏။

ထို့အပြင် ကျောက်ရုံလည်း ရှိသေး၏။

ချဲယုံချန်းလည်း ပါသေးသည်။

သူတို့သည် လုယက်ရန် ကြိုးပမ်းခဲ့ကြသော်လည်း… ကြိုးပမ်းမှုမျှသာ ဖြစ်သည့်တိုင်… လုယက်မှုပင် ဖြစ်ရာ ခဏလေးဖြစ်သော်လည်း ထောင်ကျသွားခဲ့ရသည်။ သို့သော် သူတို့၏ ပစ်မှတ်မှာလည်း ချန်ချင်းယွီပင် ဖြစ်ခဲ့၏။

သဘာဝအတိုင်းပင် ဤသို့သော ဖြစ်ရပ်မျိုးစုံ ရှိခဲ့ပေသည်။

ဘာပဲပြောပြော မည်သူမျှ ချန်ချင်းယွီကို သွားမစရဲကြပေ။

တကယ်ကို ကံဆိုးစေသည် မဟုတ်လော၊ အလွန်ပင် ကံဆိုးစေ၏။

ထို့ကြောင့် မနာလိုဖြစ်ကြလျှင်ပင် တိတ်ဆိတ်စွာသာ မနာလိုဖြစ်နိုင်ကြသည်။

သို့သော်လည်း အချို့မှာမူ မနာလို မဖြစ်ကြပေ။ ဥပမာအားဖြင့် ရှောက်တောင်းသည် အစ်မချန်ကို အလွန်ပင် သဘောကျသူ ဖြစ်၏။ သူမသည် သူ၏ အကြီးဆုံး ဖောက်သည်များထဲမှ တစ်ယောက် ဖြစ်ပေသည်။

“အစ်မချန်... အစ်မချန်...”

ချန်ချင်းယွီ : “ရှောက်တောင်း... ဘာကိစ္စရှိလို့လဲ။”

ရှောက်တောင်း ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်၏။

“အစ်မချန်... အစ်မ အမြဲတမ်း ကားတစ်စီး ဝယ်ချင်နေတာ ကျွန်တော် သိပါတယ်။ ဘေးတွဲမော်တော်

ဆိုင်ကယ်ကိုရောစိတ်ဝင်စားသလားဟင်။”

ချန်ချင်းယွီ : “.........”

ရှောက်တောင်း : “တရားဝင် လိုင်စင်ဝင်လို့ရတဲ့ ဘေးတွဲမော်တော်ဆိုင်ကယ်မျိုးကို ပြောတာပါ။ အစ်မကို ပြောပြရရင် ဒါကို ရဖို့ အဆက်အသွယ်တွေ အများကြီး သုံးခဲ့ရတာ။ အစ်မ လိုချင်လား။”

ချန်ချင်းယွီ စိတ်ဝင်စားသွားခဲ့သည်။

“နင်က တော်တော်လေး စွမ်းတာပဲ၊ အဆက်အသွယ်တွေပါ ရှိတာပေါ့။”

ရှောက်တောင်း : “ဟဲဟဲ... လမ်းပေါ်မှာ ဒီလိုပဲ အသက်မွေးနေရတာလေ။”

သူ ရယ်မောလိုက်ရင်း

“ကားတွေက ပိုကောင်းတာကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့လို သာမန်လူတွေက မဝယ်နိုင်ကြပါဘူး။ အလုပ်ဌာနရဲ့ တရားဝင် စာရွက်စာတမ်းတွေ မရှိရင် ဝယ်လို့ မရဘူးလေ။ ဈေးကလည်း ခေါင်ခိုက်နေတာ... ဒါပေမဲ့လည်း ကြည့်ပါဦး၊ ဘေးတွဲမော်တော်ဆိုင်ကယ်က ကြည့်လို့လည်း ကောင်းတယ်၊ လူတင်ရတာလည်း လွယ်ကူသလို ဘာပြဿနာမှလည်း မရှိဘူး။”

ချန်ချင်းယွီ : “သွားကြည့်ကြတာပေါ့။”

သူမသည် ဤသို့သော မော်တော်ဆိုင်ကယ်မျိုးကို ဂျပန်တော်လှန်ရေး ဇာတ်လမ်းတွဲများတွင်သာ အများစု တွေ့ဖူးခြင်း ဖြစ်၏။

လက်တွေ့တွင်မူ ရဲသုံး မော်တော်ဆိုင်ကယ်များကိုသာ တွေ့ဖူးပြီး ၎င်းမှာလည်း အများကြီး မဟုတ်ပေ။

ချန်ချင်းယွီ : “စာရွက်စာတမ်း အပြည့်အစုံ ပါတယ်ဆိုရင်တော့ မလွဲမသွေ ဝယ်မှာပေါ့။”

“ဒါဆို ရပြီ၊ စာရွက်စာတမ်း အပြည့်အစုံ ပါရမယ်လို့ ကျွန်တော် အာမခံပါတယ်။”

“မေမေ... သမီးလည်း လိုက်ချင်တယ်။”

ချန်ချင်းယွီ : “သွားကြတာပေါ့။”

ချန်ချင်းယွီ၏ မိသားစုသည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားကြသည်။

အစ်မကြီးဖန်မှာ မနာလိုစိတ်ကြောင့် မျက်နှာတစ်ခုလုံး စိမ်းဖတ်သွားပြီး

“သူ့မိသားစု ကြွားချင်လို့ လုပ်နေတာပဲ၊ ဘာများ ကြွားစရာ ရှိလို့လဲ။ ပိုက်ဆံနည်းနည်း ရတာနဲ့ အထက်စီးဆန်နေတာ... ထွီ”

ရှီကျန့်ရှန်းသည်လည်း မနာလိုဖြစ်ခဲ့သော်ငြား သူမသည် အယူသီးသူ ဖြစ်သဖြင့် မကောင်းသည့် စကားတစ်ခွန်းမျှ မပြောရဲပေ။

သူမသည် ဘာမျှ မပြောသည့်အပြင် အစ်မကြီးဖန်ကိုပင် အကြံပေးလိုက်သေးသည်။

“ရှောင်ချန်ကို သွားမစနဲ့၊ စိတ်လျှော့လိုက်ပါ။ သူ့အဆင်ပြေတာ၊ မပြေတာက နင်နဲ့ ဘာမှ မဆိုင်ဘူး။ နင့်အကြောင်း နင်ပဲ ပူပန်စမ်းပါ။”

အစ်မကြီးဖန်မှာ ဒေါသထွက်လွန်းသဖြင့် ရူးချင်သွားခဲ့ရသည်။

သူမ တကယ်ကို ဒေါသထွက်ခဲ့ရ၏။

သူမအား ပို၍ပင် ဒေါသထွက်စေသည်မှာ ချန်ချင်းယွီသည် မော်တော်ဆိုင်ကယ်ကို အမှန်တကယ် ဝယ်ယူလိုက်ခြင်းပင် ဖြစ်သည်။

ယခုအခါ ဝင်းထဲမှ လူတိုင်းမှာ မနာလိုစိတ်ကြောင့် မျက်နှာများ စိမ်းဖန့်ကုန်ကြတော့၏။

‘ငါတို့တွေက အိမ်နီးနားချင်းတွေပါ၊ ဘာလို့ နင့်မိသားစုကမှ ဒီလောက် သာလွန်နေရတာလဲ။ ငါ တကယ်ကို မနာလိုလိုက်တာ...’

All Chapters