အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း (၁၈၈) ရူးသွပ်ဖွယ် ကျွင်းကျစ်လန်
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီး မျက်စိတမှိတ်မျှ အတွင်းမှာပင် သုံးနှစ်တိုင်တိုင် လွန်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ချန်ချင်းယွီသည် ၁၉၇၉ နှင့် ၁၉၈၀ ပြည့်နှစ်များတွင် ပိုက်ဆံရှာရေး၊ အိမ်ထောင်မှုရေး ကိစ္စရပ်များဖြင့် အလွန်ပင် အလုပ်ရှုပ်ခဲ့ရ၏။ သို့သော် ၁၉၈၁ ခုနှစ်သို့ ရောက်သောအခါ အခြေအနေများ အတော်အတန် တိုးတက်ကောင်းမွန်လာခဲ့သည်။ သူမသည် လက်ကားဒိုင်အဖြစ် ပြောင်းလဲခဲ့သည့်အပြင် အိမ်ကိုလည်း ပြုပြင်မွမ်းမံခဲ့၏။ ၁၉၈၁ ခုနှစ် ကုန်ခါနီးတွင်မူ သူမသည် အိမ်သစ်သို့ ပြောင်းရွှေ့ခဲ့တော့သည်။
မှန်ပါသည်၊ သူတို့ ပြောင်းရွှေ့ခဲ့ကြပြီ ဖြစ်၏။
ချန်ချင်းယွီသည် မူလ၌ လုံခြုံရေးအတွက်ကြောင့် အိမ်မပြောင်းခဲ့ခြင်း ဖြစ်သော်လည်း၊ ဤနေရာမှာ အလွန်ပင် သာယာလှသည့်အပြင် ယခုအခါ အိမ်ကျယ်ကြီး ရရှိထားပြီဖြစ်ရာ ကျဉ်းမြောင်းသည့် အိမ်ငယ်တွင် မနေချင်တော့သည်မှာ သဘာဝပင် ဖြစ်၏။ သူတို့၏ အိမ်သစ်မှာ ယခင်ထက် အများကြီး ပိုမို ကျယ်ဝန်းလှပေသည်။ အရှေ့ဘက် ဝင်းအတွင်းပိုင်းမှာ လွန်ခဲ့သော နှစ်များစွာက မူလပုံစံအတိုင်းပင် ရှိနေပြီး ပင်မအိမ်ကြီးမှာ ဧည့်ခန်းကျယ်ကြီး ဖြစ်၏။ အခန်းအချို့ကို ပေါင်းစည်းထားသော်လည်း အနုပညာမြောက် ရှေးဟောင်းပုံစံ ခံစားချက်ကိုမူ မပျောက်ပျက်စေခဲ့ပေ။
ဘေးဘက် အခန်းများကိုမူ ကုန်ပစ္စည်းသိုလှောင်ခန်းအဖြစ် အသုံးပြုခဲ့ကြသည်၊ အကြောင်းမှာ မိသားစုတွင် သက်ကြီးရွယ်အို၊ ကလေးငယ်များနှင့် အားနွဲ့သည့်အမျိုးကျွန်မများသာ ရှိကြသောကြောင့် ဖြစ်၏။ သူတို့သည် မည်သူ့ကိုမျှ အိမ်အား လာရောက်သိမ်းပိုက်ခွင့် မပေးချင်ကြချေ။ ထို့ကြောင့် မည်သူ့ကိုမျှလည်း အလုပ်သမားအဖြစ် ငှားရမ်းခြင်း မရှိခဲ့ပေ။
ကံကောင်းသည်မှာ အဘွားကြီးကျောက်သည် အလုပ်ကျွမ်းကျင်သူ ဖြစ်သဖြင့် အိမ်ထောင်စု ကိစ္စအဝဝကို အလွန်ပင် စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့ပေသည်။
ချန်ချင်းယွီ စတင်ကူးပြောင်း ရောက်ရှိလာစဉ် အဘွားကြီးကျောက်ကို မနှစ်သက်ခဲ့သော်လည်း၊ သူမနှင့် အတူတကွ အချိန်အကြာကြီး နေထိုင်ကြည့်ပြီးနောက် အတော်လေး အဆင်ပြေစွာ ပေါင်းသင်းနိုင်သည်ကို တွေ့ရှိခဲ့ရသည်။ ဤသည်မှာ အဘွားကြီးကျောက်သည် လက်တွေ့ဆန်သူ၊ တက်ကြွလှုပ်ရှားသူနှင့် အိမ်ထောင်ထိန်းသိမ်းမှု ကျွမ်းကျင်သူတစ်ဦး ဖြစ်ခြင်းကြောင့်ပင်။
ချန်ချင်းယွီ အပြင်ဘက် ကိစ္စရပ်များကို စီမံခန့်ခွဲပြီး အဘွားကြီးကျောက်က အိမ်တွင်းကိစ္စများကို တာဝန်ယူပေးရာ မိသားစုမှာ အလွန်ပင် တည်ငြိမ်အေးချမ်းခဲ့၏။
မိသားစုတစ်စုလုံးသည် အလယ်ပရိဝုဏ်တွင် နေထိုင်ကြပြီး၊ အနောက်ဘက် ဝင်းကြီးကိုမူ ပစ္စည်းသိုလှောင်ခန်း၊ စာကြည့်တိုက်နှင့် ဂီတလေ့ကျင့်ခန်းအဖြစ် အသုံးပြုကြ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည်လည်း ပညာရပ်များကို သင်ယူလေ့လာနေကြပြီ ဖြစ်သည်။
အိမ်သစ်သို့ ပြောင်းရွှေ့လာပြီးနောက် မိသားစုမှာ သာယာဝပြောစွာ ဆက်လက်နေထိုင်ခဲ့ကြရာ မသိလိုက်မသိဖာသာဖြင့် သုံးနှစ်တိုင်တိုင် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
အချိန်များ လျင်မြန်စွာ ကုန်လွန်ခဲ့ပြီး ယခုအခါ ၁၉၈၄ ခုနှစ် ကုန်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အလယ်တန်းဒုတိယနှစ်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ဆုံးစာမေးပွဲနီးကပ်လာပြီ ဖြစ်၏။ ထို့ကြောင့် ချန်ချင်းယွီသည် တစ်ယောက်တည်း ခရီးထွက်ခဲ့ပြီး အဘွားကြီးကျောက်မှာမူ ကလေးများကို ကြည့်ရှုရန် အိမ်၌ ကျန်ရစ်ခဲ့သည်။ ဤတစ်ကြိမ် ခရီးစဉ်မှာ အမြဲတမ်းလိုလို ထွက်လေ့ရှိသည့် တောင်ပိုင်းခရီးနှင့် မတူဘဲ မြောက်ပိုင်းသို့ ဦးတည်ထွက်ခွာခဲ့ခြင်း ဖြစ်၏။
ရထားကြီးသည် မရပ်မနား တဂျောက်ဂျောက် ခုတ်မောင်းနေပြီး၊ လူအများအပြားမှာ သွားလာလှုပ်ရှားရင်း တက်ကြွစွာ စကားပြောဆိုနေကြ၏။
ဤခေတ်ကာလ ရထားများသည် ဆောင်းရာသီတွင် နွေးထွေးသည့် နောက်ပိုင်းခေတ် ရထားများနှင့် မတူသေးပေ။
ဤသည်မှာ ရှေးဟောင်း မီးရထားစိမ်းကြီးများ သာလျှင် ဖြစ်သဖြင့် တဂျောက်ဂျောက်နှင့် တုန်ခါနေကာ အရိုးထဲအထိ အေးစက်လှပေသည်။
ကံကောင်းသည်မှာ ရထားပေါ်တွင် လူအများအပြား ရှိနေ၍သာ ဖြစ်သည်၊ သို့မဟုတ်ပါက တွဲများမှာ ရေခဲသေတ္တာကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဆိုလျှင်ပင် ရထားတွဲများကို စီးနင်းရသည်မှာ သက်သောင့်သက်သာ ရှိမည်မဟုတ်ပေ။
သို့သော်လည်း လူအမြောက်အမြား ရှိနေ၏၊ ရထားသည် ပေကျင်းမှ ထွက်ခွာလာကတည်းက လူများဖြင့် ပြည့်နှက်ကြပ်ညှပ်နေခဲ့ခြင်း ဖြစ်သည်။
ချန်ချင်းယွီသည် တစ်ယောက်တည်း ခရီးထွက်လာပြန်၏။ အဘွားကြီးကျောက်မှာ မူလက သူမနှင့်အတူ လိုက်ပါချင်ခဲ့သော်လည်း ချန်ချင်းယွီသည် အိမ်မှ ကလေးနှစ်ယောက်အတွက် စိတ်ပူနေခဲ့၏။ ကလေးများမှာ လူပျိုပေါက် အပျိုဖျန်းအရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မိခင်၏ မျက်စိအောက်တွင် ထားရှိရန် လိုအပ်နေသေးပေသည်။
သူမသည် ပေကျင်းမှ ထွက်ခွာလာခဲ့သည်မှာ အလွန်ပင် ဝေးကွာလှသည့် ခရီးတစ်ခုဖြစ်ရာ တစ်ရက်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဆိုက်ရောက်ခြင်း မရှိသေးချေ။
‘တကယ့်ကို ရှေးဟောင်း မီးရထားပီသပါဘိ..’
သို့သော်လည်း မကြာမီ ဆိုက်ရောက်တော့မည် ဖြစ်၏၊ ရထားမှာ ပိုမို ကြပ်ညှပ်လာပြီး ထိုင်ခုံများ မရှိတော့သဖြင့် လူတိုင်းမှာ လျှောက်လမ်းများအတွင်း စို့တိုးသကဲ့သို့ ကြပ်ညှပ်နေကြရသည်။ လူတိုင်းသည် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုနေကြပြီး အခြားကိစ္စများကို မဟုတ်ဘဲ လက်ရှိ ချန်ချွင်းမြို့တွင် ရေပန်းစားနေသည့် ခေါင်းစဉ်တစ်ခုဖြစ်သော "ကျွင်းကျစ်လန်ပန်း" အကြောင်းကိုသာ ပြောဆိုနေကြခြင်း ဖြစ်၏။
နှစ်ပေါင်းများစွာတိုင်အောင် ချန်ချင်းယွီသည် သီးသန့်ရည်ရွယ်ချက်တစ်ခုဖြင့် ကျွင်းကျစ်လန်ပန်းများကို စုဆောင်းခဲ့ခြင်း ဖြစ်ပေသည်။
သူမသည် ပန်းအကောင်း၊ အဆိုး မရွေး အားလုံးကို လိုချင်ခဲ့၏။ ချန်ချင်းယွီသည် ပန်းအကြောင်း အများကြီး မသိသော်လည်း လေ့လာသင်ယူခဲ့ဖူးပေသည်။ အဘွားကြီးကျောက်သည်လည်း ထိုပန်းများကို ရောင်းချပါက ပိုက်ဆံရနိုင်သည်ဟု ကြားသိရသောအခါ ဂရုတစိုက် စိုက်ပျိုးပြုစုခဲ့၏။ ကျွင်းကျစ်လန်ပန်းများသည် ဤအချိန်ကာလတွင် ပန်းပွင့်လေ့ရှိကြပြီး သူမ၏ မိသားစု စိုက်ပျိုးထားသည့် ပန်းများမှာ အလွန်ပင် ကောင်းမွန်လှရာ၊ ချန်ချင်းယွီသည် ဈေးကွက် အားကောင်းနေချိန်တွင် ဤနေရာသို့ လာရောက်ကာ သူမ၏ ကံကို စမ်းသပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။ သဘာဝအတိုင်းပင် ယခုအချိန်သည် ကျွင်းကျစ်လန်ပန်းများ၏ အမြင့်မားဆုံး ဈေးကွက်ရာသီ မဟုတ်သေးချေ။
သို့သော်လည်း စီးပွားရေး စျေးကစားမှုဆိုသည်မှာ မည်သည့်အခါမျှ အကြွင်းမဲ့ အမြင့်မားဆုံး ထိပ်သီးသို့ ရောက်ရှိသည်အထိ စောင့်ဆိုင်း၍ မရနိုင်ပေ။
ချန်ချင်းယွီသည် သူမ၏ အတိတ်ဘဝ အမှတ်တရများကြောင့် ဘဝင်မြင့်မသွားသည့်အပြင် အလွန်ပါးနပ်သူဖြစ်သည်။ မည်သည့် အပြောင်းအလဲမျှ မရှိဟု မည်သူ အာမခံနိုင်မည်နည်း။ သူမ စတင်ရောင်းချခဲ့သည့် ‘လုရှန်းတောင်မှ အချစ်ပုံပြင်’ တီရှပ်များကိုကြည့်လျှင် သိနိုင်၏။ ထိုရုပ်ရှင်မှာ သူမမှတ်မိသည့် မူလလျာထားသောအချိန်ထက် ပိုမိုစောစီးစွာ ရုံတင်ခဲ့ရသည် မဟုတ်လော။
ထို့ကြောင့် ချန်ချင်းယွီသည် အဆုံးစွန်အထိ မစောင့်နိုင်ခဲ့ချေ၊ အထူးသဖြင့် ထိုပန်းမှာ ၁၉၈၁ ခုနှစ်ကတည်းက ရေပန်းစားနေခဲ့ခြင်း ဖြစ်၏။ လွန်ခဲ့သည့် နှစ်များအတွင်း သူမသည် သာမန်အရည်အသွေးရှိသည့် ပန်းအချို့ကို ရောင်းချခဲ့ပြီး ပိုမိုကောင်းမွန်သည့် ပန်းများကိုသာ ချန်ထားခဲ့သည်။ ယခု ၁၉၈၄ ခုနှစ် ကုန်ပိုင်းသို့ ရောက်ရှိလာချိန်တွင် ဈေးနှုန်းမှာ အလွန်ပင် မြင့်မားသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။ လက်ရှိ ဈေးကွက်ဈေးနှုန်းမှာ အလွန်ပင် ကောင်းမွန်လှပေသည်။ ဤသည်မှာ အမြင့်မားဆုံး အနေအထားတစ်ခု ဖြစ်၏။
လွန်ခဲ့သည့် လအနည်းငယ်မှစ၍ ကျွင်းကျစ်လန်ပန်းကို "နိုင်ငံတော်ပန်း" အဖြစ် သတ်မှတ်ခဲ့ကြသေးသည်။
ချန်ချင်းယွီတို့ မိသားစုမှာ မြို့တော်တွင် နေထိုင်ကြပြီး သတင်းစာ အများအပြားကိုလည်း မှာယူဖတ်ရှုလေ့ရှိရာ လွန်ခဲ့သည့် ခြောက်လအတွင်း ဤကိစ္စနှင့် ပတ်သက်၍ သတင်းများကို မကြာခဏဆိုသလို တွေ့မြင်ခဲ့ရပေသည်။ သတိပြုရမည်မှာ ထိုသတင်းစာများသည် ချန်ချွမ်းမြို့၏ ဒေသတွင်း သတင်းစာများ မဟုတ်ချေ။ ထိုသို့သော သတင်းစာများ၌ပင် ပါဝင်ဖော်ပြနေကြပြီ ဆိုကတည်းက ကျွင်းကျစ်လန်ပန်း ရူးသွပ်မှုမှာ မည်မျှတိုင်အောင် ပြင်းထန်နေသည်ဆိုသည်မှာ မေးခွန်းထုတ်စရာပင် မလိုတော့ပေ။
ပေကျင်းမှ ထွက်ခွါစဉ်၌ သာမန်ခရီးသည် အများအပြား ပါဝင်ခဲ့သော်လည်း စိုက်ပျိုးရေးစခန်း ဆိုက်ရောက်ခါနီးအချိန်၌မူ ခရီးသည် အများအပြားမှာ ကျွင်းကျစ်လန်ပန်း ရူးသွပ်သူများ ဖြစ်ကြကြောင်း သိသာထင်ရှားလာခဲ့၏။
“ဟေ့... နင်တို့ ကြားပြီးကြပြီလား။ လွန်ခဲ့တဲ့လက၊ လွန်ခဲ့တဲ့လကတင် အဘိုးကြီးတစ်ယောက်က ပန်းအိုးထဲ စိုက်ထားတဲ့ ကျွင်းကျစ်လန်ပန်းကို ပန်းဈေးကွက်ထဲ ယူလာတာလေ။ သူလည်း ဝင်လာရော လူတစ်ယောက်က ယွမ်တစ်သောင်း ပေးမယ်ဆိုပြီး တန်းမေးတော့တာပဲ~~ ယွမ်တစ်သောင်းနော်... ပိုက်ဆံကို ထိုင်ရေပြတာများ။ အဘိုးကြီးခမျာ ကြောင်အသွားတာများ ဟားဟားဟား... ငါ့အမျိုးလည်း အဲဒီမှာ ရှိနေတာ။ သူပြောတာတော့ အဘိုးကြီးမျက်လုံးတွေက ပြူးထွက်မတတ်ပဲတဲ့။ အဲဒါနဲ့ တခြားလူတစ်ယောက်က ဈေးပြိုင်ဆွဲပြီး ယွမ်နှစ်သောင်းအထိ ပေးလိုက်ရော။ အဘိုးကြီးခမျာ သွေးပျက်ပြီး လဲတောင်လဲကျသွားတယ်လေ။”
“အဲဒီတော့ ပန်းကော... ဘာမှမဖြစ်ဘူးလား။”
“နေဦးလေ... ငါ့စကားလည်း ဆုံးအောင်နားထောင်ဦး။ အဲဒီမှာ တစ်ယောက်က ခိုးပြေးဖို့ ကြံသေးတာ၊ တော်သေးတယ် တခြားလူတွေ ဝိုင်းထားလို့ မပါသွားတာ။ နောက်ဆုံးတော့ အဲဒီပန်းက ယွမ်နှစ်သောင်းနှစ်ထောင်နဲ့ ရောင်းလိုက်ရတယ်လို့ ကြားတာပဲ။ အဘိုးကြီးခမျာ အဲဒီလောက် ပိုက်ဆံအမြောက်အမြားကို ဘဝမှာ တစ်ခါမှ မမြင်ဖူးသလို၊ သစ်ပင်တစ်အိုးက ဒီလောက်တန်လိမ့်မယ်လို့ စိတ်ကူးတောင် မယဉ်ဖူးတော့ ပွဲချင်းပြီး လေဖြတ်သွားတာလေ။”
“အဲဒီအဘိုးကြီးက အတွေ့အကြုံမှ မရှိတာကိုး။ ဒီခေတ်မှာ ပန်းရောင်းပြီး ညတွင်းချင်း သူဌေးဖြစ်သွားတဲ့သူတွေ အများကြီးပါဟာ။ ငါ့အိမ်နီးနားချင်းဆို ပန်းစိုက်တာ ပန်းတစ်အိုးက တကယ်ကို အဆင့်မြင့်တာ။ လူတွေက ယွမ်တစ်သောင်းငါးထောင်နဲ့ တန်းတောင်းတာကို သူက ယွမ်သုံးသောင်းရမှ ရောင်းမယ်ဆိုလို့ ရောင်းလိုက်ရတယ်။ အခုဆို ကာလာတီဗီကြီးရော၊ အဝတ်လျှော်စက်ရော ဝယ်လိုက်ပြီ၊ လက်မှာလည်း ရွှေလက်စွပ်အကြီးကြီး ဝတ်ထားသေးတယ် ကြားတယ်။”
“ဟာ... အဲဒီလို ကြွားနေတာ သူခိုးဓားပြတွေ ရန်မကြောက်ဘူးလား။”
“ဟဲ့... နင်ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ။ ဒီခေတ်မှာ သတ္တိရှိတဲ့သူတိုင်း ပန်းကိုပဲ လုကြတာဟ။ ရွှေလက်စွပ်ဆိုတာက ဘာမှတန်တာ မဟုတ်ဘူး၊ နင်ကလည်း မျှော်လင့်ချက်ကို နည်းလွန်းတယ်။”
“လုတယ်ဆိုလို့၊ ငါတို့အနီးအနားမှာ ပန်းစိုက်တဲ့သူတစ်ယောက် လုယက်ခံရသေးတယ်။ ဓားပြတွေက အမေရိကန်လုပ် အမေရိကန်ထုတ် အမေရိကန်သေနတ်တွေပါ ကိုင်ထားကြတာတဲ့... ကြောက်စရာမကောင်းဘူးလား။”
“ဒါက ဘာမှမဟုတ်သေးပါဘူး။ ဟိုတစ်နေ့က သတင်းစာထဲမှာတောင် ပါသေးတယ်။ မိသားစုတစ်စုလုံး ဒဏ်ရာအပြင်းအထန် ရသွားတာလေ။ သူတို့ရဲ့ အမျိုးတွေကပဲ ပန်းအိုးအများအပြားကို ခိုးယူသွားတာတဲ့။ ဒါဟာ တကယ့် ရွှေချောင်းအစစ်တွေပါပဲ၊ အစိမ်းရောင် ရွှေချောင်းအစစ်တွေ...”
.…..
စကားဝိုင်း၏ အကြောင်းအရာများမှာ ထိုသို့ပင် ဖြစ်ပေသည်။ ချန်ချင်းယွီသည် သူမ၏ ထိုင်ခုံတွင် ကွေးကွေးလေး ထိုင်ရင်း စိတ်ဝင်တစား နားထောင်နေခဲ့၏။
‘ငါကတော့ ခေတ်ဟောင်းဝတ္ထုတွေထဲမှာပဲ ညတွင်းချင်း သူဌေးဖြစ်သွားစေတဲ့ ဝင်ငွေကောင်းတဲ့ နည်းလမ်းတစ်ခုအဖြစ် ဖတ်ဖူးတာ၊ အခုလို လက်တွေ့ရောက်လာတော့မှ မတန်တဆ ရူးသွပ်နေကြတာကို ပိုသိလိုက်ရတာပဲ။’
ဆိုက်ရောက်ရာနေရာသို့ မရောက်ရှိသေးမီမှာပင် လူအများအပြား၏ မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သည့် တောင့်တရူးသွပ်မှုများကို တွေ့မြင်နေရပေသည်။
သူတို့၏ မျက်နှာပေးများကို ဖော်ပြရန်ပင် ခက်ခဲလှ၏။
လူအများအပြားသည် ခရီးဆောင်သေတ္တာများကို ကိုင်ဆောင်ထားကြပြီး အထဲတွင် မည်သည့်ပစ္စည်းများ ပါဝင်သည်ဆိုသည်မှာ သံသယဖြစ်ဖွယ်ပင် မလိုအပ်ပေ။
လမ်းခရီးတစ်လျှောက်တွင် ချမ်းသာကြွယ်ဝမှုကို လိုက်လံရှာဖွေရင်း ရူးသွပ်စွာ လုယက်ကြသည့် ဖြစ်ရပ်ဆိုးများကို ချန်ချင်းယွီ ကြားသိခဲ့ရ၏။ ဓားများကို အသာထား သေနတ်များကိုပင် အသုံးပြုနေကြလေသည်။ သတိပြုရမည်မှာ လွန်ခဲ့သည့်နှစ်က ဒုစရိုက်နှိမ်နင်းမှုကြီး ရှိခဲ့သဖြင့် ပေကျင်းမြို့၏ လုံခြုံရေးမှာ အလွန်ပင် ကောင်းမွန်နေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ဤနေရာသည်ကား ကွဲပြားခြားနားလှပေသည်။
တာဝန်ရှိသူများ ဘာမျှ မလုပ်ဆောင်ကြသည် မဟုတ်ပေ… ကျွင်းကျစ်လန်ပန်း ဈေးကွက်မှာ အလွန်ပင် ဆူပွက်လွန်းလှပြီး ယင်း၏ တန်ဖိုးမှာလည်း မြင့်မားလွန်းလှပေသည်။ သာမန်အလုပ်သမားတစ်ဦး၏ လစဉ်လစာမှာ ယွမ်ရာဂဏန်းမျှသာ ရှိသော်လည်း ပန်းတစ်အိုးလျှင် ယွမ်သောင်းပေါင်းများစွာ တန်ကြေးရှိနေရာ မည်သူ မက်မောဘဲ ရှိမည်နည်း။ လူတိုင်းသည် ကိလေသာကင်းသည့် ရဟန်းများ မဟုတ်ကြပေ။
‘ရဟန်းတွေတောင် အသားစားချင် စိတ်ပေါက်နိုင်တာပဲဟာ။’
အတိုချုပ်ဆိုရသော် ဈေးကွက် အားကောင်းနေချိန်တွင် လူများမှာ ရူးသွပ်ကုန်ကြတော့၏။
လူတိုင်းသည် ကျွင်းကျစ်လန်ပန်း အကြောင်းကို အလွန်ပင် အားတက်သရော ပြောဆိုနေကြပြီး အနည်းငယ် ထူးဆန်းသည့် ရူပကာများ ပိုင်ဆိုင်ထားကြသည်။ မည်သည့်မျိုးကွဲများက ပိုမိုကောင်းမွန်ကြောင်း၊ မည်သည့်နေရာမှ လူများ ကျွင်းကျစ်လန်ပန်းကြောင့် ကြွယ်ဝချမ်းသာသွားကြောင်းနှင့် အလွန်ကောင်းမွန်သည့် ပန်းတစ်အိုး မည်သည့်အချိန်တွင် ပေါ်ထွက်လာခဲ့ကြောင်း စသည်တို့မှာ သူတို့၏ စကားဝိုင်း အကြောင်းအရာများ ဖြစ်ကြ၏။
ချန်ချင်းယွီသည်လည်း လွန်ခဲ့သော နှစ်များအတွင်း ဗဟုသုတအမြောက်အမြားကို လေ့လာဆည်းပူးခဲ့သော်လည်း စကားဝိုင်းထဲသို့ ဝင်ရောက်မပြောဆိုခဲ့ပေ။
‘ငါက ဘာပန်းမှ ယူမလာလို့ ဖြစ်မယ်၊ ငါ့ကို ဘယ်သူမှ ဂရုမစိုက်ကြတာ။ အားလုံးကလည်း သူတို့ စကားဝိုင်းထဲမှာပဲ နစ်မြောနေကြတာကိုး။’
ကျွင်းကျစ်လန်ပန်း ဈေးနှုန်း မြင့်တက်လာမှုမှာ မသမာသူများ ဈေးကစားခြင်းအပြင် တိုက်ဆိုင်အချို့ကြောင့်လည်း ပါဝင်ပေသည်။ သို့သော်လည်း ဈေးကစားသည့် လုပ်ငန်းစဉ် မည်မျှပင် ရှုပ်ထွေးပါစေ၊ ပန်းပင်ကိုယ်တိုင်မှာမူ ထိုမျှလောက်များပြားသည့် ပိုက်ဆံများနှင့် တန်ကြေးမရှိသည်မှာ သေချာပေသည်။
ထို့ကြောင့် ချန်ချင်းယွီသည် လောင်းကြေးမထပ်ရဲဘဲ ဤတစ်ကြိမ်တွင် ပန်းအားလုံးကို ရောင်းချပစ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။ နောက်နှစ်တွင် ဈေးနှုန်းများ မြင့်တက်မည် သို့မဟုတ် ကျဆင်းမည်ဆိုသည်ကို သူမ ဂရုမစိုက်တော့ပေ။ သို့သော်လည်း ၁၉၈၅ ခုနှစ် အလယ်ပိုင်းလောက်တွင် ဤလှိုင်းလုံးကြီးကို ထိန်းချုပ်ရန် မူဝါဒများ ထွက်ရှိလာတော့မည်ကို သူမ မရေမရာ မှတ်မိနေပေသည်။
‘အင်း... စာအုပ်များများ ဖတ်တာရဲ့ အကျိုးကျေးဇူးက ဒါပဲ။ အပျော်ဖတ်တာပဲဖြစ်ဖြစ်၊ မဖြစ်ဖြစ် အခုလို အသုံးဝင်လာတာပဲ။ တခြားသူတွေထက် ပိုပြီး ‘ကြိုတင်မြင်နိုင်စွမ်း’ ရှိတာပေါ့။’
‘ဒီတစ်ခေါက် ပန်းတွေကို အပြီးရှင်းထုတ်လိုက်ရင် ငါ နောက်ထပ် အမြတ်အများကြီး ထပ်ရဦးမှာပဲ။’
ဤသို့ တွေးတောလိုက်မိသောအခါ ချန်ချင်းယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပိုမို ပေါ်လွင်လာခဲ့တော့သည်။
ထိုအချိန်မှာပင် ချန်ချင်းယွီ၏ မျက်စိချင်းဆိုင်တွင် ထိုင်နေသည့် အဘွားအိုက သူမအား စတင်၍ စကားစမြည် အဖော်ညှိလိုက်၏။
"မိန်းကလေး... နင်လည်း ပန်းအရောင်းအဝယ် လုပ်ဖို့ လာတာလား။"
ချန်ချင်းယွီ ခေါင်းခါလိုက်ပြီး
"မဟုတ်ပါဘူးရှင့်၊ ကျွန်မက ရုံးကိစ္စ ကိစ္စနဲ့ ခရီးထွက်လာတာပါ။"
ခရီးသွားလာသည့်အခါ မိမိ၏ အထောက်အထားဆိုသည်မှာ မိမိစိတ်ကြိုက် ဖန်တီး၍ ရသည်သာ။
သူမ လုပ်ကြံဇာတ်လမ်းတစ်ပုဒ်ကို ချက်ချင်းပင် လီဆယ်လိုက်၏။
"ပြီးခဲ့တဲ့အကြိမ် ကျွန်မလာတုန်းက ဒီလိုမှ မဟုတ်တာ။ ဒီတစ်ခေါက်ကျတော့ အကုန်လုံးက တက်ကြွလှုပ်ရှားနေကြသလိုပဲနော်။"
အဘွားအို : "ဒါပေါ့အေ၊ အခုက အခြေအနေတွေ မှ မတူတော့တာ။ ဒီကားပေါ်က လူတွေကိုပဲ ကြည့်လေ၊ အကုန်လုံး ပန်းတွေကို ပြန်ရောင်းပြီး မြတ်စွန်းဖို့ လာကြတာချည်းပဲ။ အဲ့ဒီပန်းတွေက တန်ဖိုးထက်မက မြတ်တာလေ... သမီးရယ်၊ နင် တကယ်ပဲ ဒါတွေကို ပြန်မရောင်းဘူးလား။"
ချန်ချင်းယွီ အပြစ်ကင်းစင်သည့် ရုပ်လေးဖြင့် ခေါင်းခါပြလိုက်သည်။
"ကျွန်မ ပန်းစိုက်နည်းလည်း မသိပါဘူး။ ဒါပေမဲ့ ကျွင်းကျစ်လန်ပန်းတွေက တကယ်ကို ရေပန်းစားနေတဲ့ပုံပဲနော်။ ကျွန်မလည်း သွားကြည့်ချင်လိုက်တာ။"
"သွားကြည့်သင့်တာပေါ့။ အိုးတစ်အိုးလောက် ဝယ်ထားလိုက်ရင် ခဏလေးနဲ့တင် ပိုက်ဆံတွေ အများကြီး မြတ်မှာ။"
ချန်ချင်းယွီ ပြုံးလိုက်ပြီး
"ကျွန်မက ဘာလို့ ဝယ်ရမှာလဲရှင့်။ တစ်အိုးကို သောင်းဂဏန်းမက ကုန်တယ်လို့ ကြားမိပါတယ်။ ဘယ်သူက ဝယ်နိုင်မှာလဲ။"
အဘွားအို အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။
"လူတိုင်းမှာ သောင်းဂဏန်း ရှိတယ်လို့ နင် ထင်နေတာလား။ လူအများကြီးက ပြည်သူ့ဘဏ္ဍာငွေတွေကို ယူပြီး ပန်းအရောင်းအဝယ်မှာ မြှုပ်နှံပြီး ကစားနေကြတာလေ... သူတို့ ပိုက်ဆံမြတ်လာရင် အကြွေးပြန်ဆပ်လိုက်ယုံပဲ၊ ဒါပါပဲ။"
ချန်ချင်းယွီ : "..."
‘ဪ... ဟုတ်တာပဲ၊ ဒီလို ပြည်သူ့ဘဏ္ဍာငွေတွေကို သုံးပြီး ပန်းစျေးကစားတာတွေကို တားမြစ်ပိတ်ပင်လိုက်လို့ ၁၉၈၅ ခုနှစ်မှာ ဒီစျေးကွက်ကြီး စတင်ပြိုလဲသွားပြီး ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ခံလိုက်ရတာပဲ..’
"ဒါကတော့ တကယ့်ကို သတ္တိရှိလွန်းတာပဲနော်။"
"နင်က ငယ်ပါသေးတယ်၊ ဘာမှ မနားလည်သေးပါဘူး။ ဒါက ဘာဆန်းလို့လဲ။ ပိုက်ဆံ ပြန်မဆပ်ဘဲ နေမှာမှ မဟုတ်တာ။"
ချန်ချင်းယွီသည် ဘာမှမသိသလိုပင် ဟန်ဆောင်ကာ အူတူတူလေး ပြုံးပြလိုက်သည်။
အဘွားအို : "နင်က ခရီးကို တစ်ယောက်တည်း ထွက်လာတာလား။"
ချန်ချင်းယွီ ခေါင်းယမ်းလိုက်၏။
"မဖြစ်နိုင်တာ၊ ကျွန်မတစ်ယောက်တည်း ဘာလုပ်လို့ ရမှာလဲရှင့်။ ကျွန်မရဲ့ သူဌေးလည်း ပါပါတယ်၊ ကျွန်မရဲ့ သူဌေးက အိပ်စင်မှာ အိပ်တာလေ၊ ကျွန်မကတော့ ခုံအမာပေါ်မှာပဲ ထိုင်ရတာဆိုတော့ ခန္ဓာကိုယ်တွေ တောင့်တင်းနေတာပဲ။ ခရီးကလည်း ဝေးတော့ လက်တွေ ခြေထောက်တွေလည်း သေမတတ် ညောင်းညာနေပြီ။"
သူမသည် စိတ်ကူးယဉ်ကာ ဇာတ်လမ်းထွင် လျှောက်ပြောနေခြင်း ဖြစ်သည်။
အဘွားအို : "နင်လည်း ပင်ပန်းရှာတာပဲ။"
"ဒါပေါ့ရှင့်။"
ချန်ချင်းယွီသည် ထိုအဘွားအိုနှင့် အနည်းငယ် ပို၍ စကားစမြည် ပြောဆိုခဲ့သော်လည်း အဘွားအို၏ သွေးတိုးစမ်း စကားများကြောင့် ချန်ချင်းယွီ၏ စိတ်ထဲတွင် ပိုမိုသံသယ ဝင်လာခဲ့သည်။
‘ငါများ လူကုန်ကူးသူနဲ့ ကြုံနေရတာလား’
သို့သော် မကြာမီမှာပင် ထိုအဘွားအိုသည် လူကုန်ကူးသူ မဟုတ်ဘဲ မိမိထံတွင် ပန်းများ ပါမပါ လာရောက်စမ်းသပ်နေခြင်းသာဖြစ်ကြောင်း ချန်ချင်းယွီ အကဲဖြတ်လိုက်နိုင်သည်။ ချန်ချင်းယွီသည် ပန်းအများအပြား သယ်ဆောင်မလာခဲ့သော်လည်း ထိုသူများ လာရောက်သွေးတိုးစမ်း စမ်းသပ်ခြင်းမှ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ အမှန်ပင် အကျိုးအမြတ်သာ လုံလောက်လျှင် မကောင်းဆိုးဝါး အမျိုးမျိုး ပေါ်ထွက်လာတော့သည်ပင်။
ချန်ချင်းယွီသည် ပန်းများ ပါမလာသည့်အတွက် တည်ငြိမ်စွာပင် ရှိနေသဖြင့် ထိုအဘွားအိုသည်လည်း အခြားသူများနှင့် သွားရောက်စကားစမြည် ပြောဆိုလေတော့သည်။
ထိုအဘွားအိုသည် ပန်းများကို သယ်ဆောင်လာသူများကိုမူ ပစ်မှတ်မထားပေ။ ထိုသူများသည် အလွန် သတိကြီးကြသောကြောင့် ဖြစ်၏။ အကူအညီမဲ့ပြီး ရိုးသားပုံပေါ်သူများကိုသာ သူမက ပို၍ သဘောကျလေသည်။ ချန်ချင်းယွီ မဲ့ပြုံးတစ်ချက် ပြုံးလိုက်စဉ်မှာပင် ရထားသည် ဘူတာသို့ ဆိုက်ရောက်သွားခဲ့သည်။ ချန်ချင်းယွီသည် ချက်ချင်းပင် မတ်တတ်ထရပ်ကာ အကြောဆန့်လိုက်၏။
ဤသည်မှာ နောက်ဆုံးမှတ်တိုင် ဖြစ်သဖြင့် ဆင်းရန် အလျင်စလို ပြုလုပ်စရာ မလိုသော်လည်း အားလုံးက အလျင်စလို ပြုလုပ်နေကြပြီး ဘူတာရုံတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေခဲ့သည်။
ချန်ချင်းယွီသည် လူအုပ်ကြီးအတိုင်း အပြင်သို့ ထွက်ခွာခဲ့သော်လည်း ဘူတာရုံအတွင်းသို့ မသွားဘဲ ကုန်ပစ္စည်း လွှဲပြောင်းသည့် လုပ်ငန်းစဉ်များကို စီမံရန် ကုန်ပစ္စည်းထုတ်သည့် စင်္ကြန်ဆီသို့ ဦးတည်လိုက်သည်။ သူမသည် ၁၉၇၉ ခုနှစ် နောက်ပိုင်းနှစ်များကတည်းက ပန်းများကို စုဆောင်းခဲ့သည်မှာ ယခုဆိုလျှင် နှစ်အတော်ကြာခဲ့ပြီ ဖြစ်၏။ သူမတွင် စိုက်ပျိုးထားသည့် ပန်းအိုးပေါင်း နှစ်ရာနီးပါး ရှိနေပြီဖြစ်သည်။
သူမသည် စုဆောင်းသည့်အခါတွင် အလွန် သတိထားပြီး တိတ်တဆိတ် စုဆောင်းခဲ့၏။ မဟုတ်ပါက သူမသည် ဒီထက်မက ပို၍ စုဆောင်းနိုင်ခဲ့မည် ဖြစ်၏။
သူမသည် အခြားခေတ်ဟောင်း ဝတ္ထုများထဲမှ ဇာတ်လိုက်မများကဲ့သို့ ပန်းအိုးအနည်းငယ်ကို ကိုင်ဆောင်ကာ သတင်းစာများတွင် ကြော်ငြာရိုက်ခြင်း သို့မဟုတ် ပန်းပြိုင်ပွဲများ ကျင်းပ၍ သူမ၏ ပန်းအိုးနှစ်အိုး သုံးအိုး၏ စျေးနှုန်းကို မြှင့်တင်ရန် မရည်ရွယ်ပေ။ ထိုသို့ ပြုလုပ်ခြင်းသည် အလွန် ရှုပ်ထွေးလွန်းလှသည်။ ချန်ချင်းယွီသည် ပမာဏ အမြောက်အမြားဖြင့်သာ အနိုင်ယူရန် စီစဉ်ထားခဲ့၏။
မြန်မြန်ဆန်ဆန်နှင့် ပြတ်ပြတ်သားသား ဆောင်ရွက်ရန် လိုအပ်ပေသည်။
‘မြတ်စွာဘုရား... ဒီရက်ပိုင်း ပန်းကစားတဲ့သူတွေက အကုန်လုံး ရူးသွပ်နေကြတာပဲ။ ငါ ဒီမှာ ပစ်မှတ်ထားခံရတာမျိုး မဖြစ်ချင်ပါဘူး၊ အကယ်၍ ပိုက်ဆံရူးနေတဲ့သူနဲ့ ကြုံလိုက်ရရင် မြို့တော်မှာ ငါ့ကို ဓားပြတိုက်တာမျိုးလည်း ဖြစ်နိုင်တာပဲ’
ထို့ကြောင့် ချန်ချင်းယွီသည် ရုပ်ဖျက်၍ ခရီးသွားရန် စီစဉ်လိုက်သည်။ ကုန်ပစ္စည်းများ ဝယ်ယူရန် တောင်ပိုင်းသို့ ခဏခဏ သွားရောက်ခဲ့ဖူးသောကြောင့် ကုန်စည်ပို့ဆောင်ရေး စီစဉ်နိုင်ကြောင်း ချန်ချင်းယွီ သိရှိထား၏။
သူမသည် ဘူတာရုံသို့ သွားရောက်ကာ လုပ်ထုံးလုပ်နည်းများကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီးနောက် သူမ၏ ပစ္စည်းများကို သွားရောက် သိမ်းဆည်းလိုက်သည်။
ချန်ချင်းယွီသည် သူမ ပန်းများ သယ်ဆောင်လာကြောင်း မည်သူ့ကိုမျှ မသိစေချင်သဖြင့် ပန်းများပါဝင်သော သစ်သားသေတ္တာငယ်တစ်ခုစီကို ရိုက်နှက်ပိတ်ဖုံးလိုက်ပြီး ကတ်ထူသေတ္တာများဖြင့် ထပ်မံ ဖုံးအုပ်လိုက်သည်။ ထိုသစ်သားသေတ္တာငယ်များသည် အလွန် အရေးပါပေသည်၊ အကြောင်မူကား ခရီးလမ်းမှာ အလွန်ဝေးကွာပြီး ပန်းများသည် ထိခိုက်ပျက်စီးလွယ်သောကြောင့်ပင်။
ကတ်ထူသေတ္တာ တစ်ခုစီတွင် သစ်သားသေတ္တာငယ် ကိုးခုစီ ပါဝင်ရာ စုစုပေါင်း ကတ်ထူသေတ္တာကြီး နှစ်ဆယ် ရှိသည်။ သူမတွင် ပန်းအိုးပေါင်း နှစ်ရာနီးပါး၊ အတိအကျဆိုလျှင် တစ်ရာရှစ်ဆယ် ရှိခဲ့၏။
ဤသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီးနောက်ပိုင်း ခေတ်နှင့် နှိုင်းယှဉ်လျှင် အဆင်မပြေသည်မှာ သေချာသော်လည်း ကံကောင်းစွာဖြင့် ချန်ချင်းယွီသည် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူမသည် သတင်းစာထဲမှ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခု၏ လိပ်စာကို ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်သွယ်ခဲ့၏။ အလွန် ရှုပ်ထွေးလှသော်လည်း နောက်ဆုံးတွင် ဤသီးသန့်အလုပ်ကို လက်ခံမည့်သူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုသူတို့သည် ပုံမှန်အားဖြင့် တရားဝင် အဖွဲ့အစည်းများထံမှ အလုပ်များကို လက်ခံလေ့ မရှိကြပေ။
ယခုအခါ ၁၉၈၄ ခုနှစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၍ တော်သေးသည်၊ လွန်ခဲ့သော နှစ်များနှင့် မတူတော့ဘဲ လူများ၏ စိတ်ဓာတ်မှာလည်း အတော်လေး ပွင့်လင်းပေါ့ပါးလာကြပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ချန်ချင်းယွီသည် ဤအလုပ်ကို လက်ခံလုပ်ကိုင်ပေးမည့်သူအား ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်၏။
သူမသည် ဘူတာရုံတွင် စောင့်ဆိုင်းနေခဲ့ရာ၊ ကံကောင်းစွာဖြင့်ပင် ထိုသူသည် နောက်ဆုံး၌ ရောက်ရှိလာခဲ့သည်။
ထိုသူမှာ အသက်အလယ်ပိုင်းအရွယ်ရှိကာ အမြန်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုမှ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး၊ ဤကိုယ်ပိုင်အလုပ်ကို လက်ခံခဲ့ခြင်း ဖြစ်၏။
ဘူတာရုံမှ ဟိုတယ်အထိ ဤမျှတိုတောင်းသော အကွာအဝေးကို လျှော့တွက်၍မရချေ၊ ယွမ်တစ်ရာမျှ ပေးရသဖြင့် အလွန်ပင် ဈေးကြီးလှသည်။ သို့သော်လည်း အခြားနည်းလမ်းမရှိပေ၊ ယခုခေတ်တွင် ကုန်ကားကြီးများမှာ အလွန်ရှားပါးလှ၏။ အသုံးပြုချင်ပါက ပိုက်ဆံပေးရပေမည်သာ။
အကယ်၍ ချန်ချင်းယွီသာ အစိုးရပိုင်ယာဉ်ကို စီးနင်းခဲ့ပါက ပြားအနည်းငယ်မျှသာ ကျသင့်မည်ဖြစ်သည်။
သို့သော် ဤသည်မှာ ယှဉ်ကြည့်၍ မရသည့်ကိစ္စပင်။
ယွမ်တစ်ရာမျှ ပေးခဲ့ရသော်လည်း၊ ယာဉ်မောင်းက ပစ္စည်းများကို အောက်သို့ပင် ကူချပေးမည် မဟုတ်ရာ၊ ချန်ချင်းယွီကိုယ်တိုင်သာ အားလုံးကို ခွန်အားထုတ်၍ မ,တင် မ, ချခဲ့ရသည်။
ယာဉ်မောင်းက သေတ္တာကို အထက်အောက် စိုက်ကြည့်လိုက်ပြီး မေးလာ၏။
"ဘာတွေ သယ်လာတာလဲ"
ချန်ချင်းယွီ : "အိမ်သုံးလျှပ်စစ်ပစ္စည်းတွေပါ။ ဒီမှာရှိတဲ့ ဆွေမျိုးက ဒီကလူတွေ ကျွင်းကျစ်လန်ကုန်ကူးပြီး ချမ်းသာနေကြလို့ ပိုက်ဆံသုံးဖို့ ဝန်မလေးကြဘူးလို့ ပြောတာနဲ့၊ အမြတ်နည်းနည်းရအောင် လျှပ်စစ်ပစ္စည်းတစ်သုတ် သယ်လာတာပါ"
"ဒီမှာ ဆွေမျိုးရှိရဲ့သားနဲ့ ဘာလို့ ဟိုတယ်မှာ တည်းတာလဲ"
ယာဉ်မောင်းမှာ သံသယဖြစ်ဖွယ် မေးလာပြန်သည်။
ချန်ချင်းယွီ ပြန်လည်ချေပလိုက်၏။
"ဘာတွေ ပြောနေတာလဲ။ ဆွေမျိုးရှိလည်း ဘာဖြစ်လဲ။ ကျွန်မအမြတ်တွေကို သူတို့ကို သွားခွဲပေးနေရမှာပေါ့။ သူတို့အိမ် သွားနေရင် ဒုက္ခပိုများတယ်။ ဟိုတယ်မှာ တည်းတာကမှ ပိုပြီး အေးအေးဆေးဆေး ရှိသေးတယ်။ ဒါ့အပြင် ကျွန်မမှာ အရင်းအနှီးနည်းလို့ အများကြီးမဝယ်နိုင်ဘူး။ ဆွေမျိုးအိမ်မှာ သွားနေရင် သူတို့က အရင်းဈေးနဲ့ ရောင်းပေးဖို့ ပြောကြမှာလေ။ အဲဒါဆိုရင် ကျွန်မ အရှုံးပေါ်မှာ မဟုတ်ဘူးလား။ ဟိုတယ်မှာ တည်းတာကမှ တကယ် ပိုကောင်းတာပါ။"
သူမသည် စကားများကို လီဆယ်လျှောက်ပြောနေခြင်း ဖြစ်၏။
"ဒါလည်း ဟုတ်တာပဲ။"
ယာဉ်မောင်းသည် စကားများကို ထောက်ခံကာ ပြောလေသည်။
"ခင်များပြောတာ မှန်တယ်၊ ဆွေမျိုးဆိုတာ ဒီလိုပဲ။ ဝေးဝေးနေရင် ပိုချစ်ရပြီး နီးနီးကပ်ကပ်နေရင် ပိုဆိုးတယ်။ သွားနေလိုက်ရင် သူတို့ကို ကျေးဇူးဆပ်နေရဦးမယ်။ ဒါပေမယ့် ဒီခေတ်မှာ လူတိုင်းက လျှပ်စစ်ပစ္စည်းတွေကို ကုန်တိုက်ကြီးတွေကပဲ ဝယ်ကြတာ။ ခင်များရဲ့ အသေးစား ရောင်းဝယ်ရေးက... ကျုပ် သက်သက်မဲ့ ပြောတာတော့ မဟုတ်ဘူး၊ ရောင်းကောင်းချင်မှ ရောင်းကောင်းမှာ..။ လျှပ်စစ်ပစ္စည်းဆိုတာ တခြားပစ္စည်းတွေနဲ့ မတူဘူး၊ ပြဿနာတစ်ခုခုဖြစ်ရင် ပြင်ပေးမယ့်သူ ရှာလို့ရမှာ မဟုတ်ဘူး။"
ချန်ချင်းယွီ : "ကျွန်မ နားလည်ပါတယ်။ ပန်းဈေးကွက်ကို သွားကြည့်လိုက်ဦးမယ်။ အဲဒီမှာ ပိုက်ဆံရထားတဲ့သူတွေ ဝယ်ချင်ကြမှာပါ။"
"ခင်များ အိပ်မက်မက်နေတာပဲ။ သူတို့ ပိုက်ဆံရထားရင်တောင် ယုံကြည်စိတ်ချရတဲ့နေရာမှာပဲ သွားဝယ်ကြမှာပေါ့။ ခင်များက သူတို့ဆီ တိုက်ရိုက်သွားရောင်းတော့ရော ဘာထူးမှာမို့လို့လဲ..."
ယာဉ်မောင်းက ချန်ချင်းယွီကို အထက်စီးဆန်ဆန် နှာခေါင်းရှုံ့ကြည့် ကြည့်လိုက်ပြီး၊ ဤအမျိုးသမီးသည် အလုပ်မလုပ်တတ်ဘဲ အမြှော်အမြင် မရှိဟု တွေးလိုက်၏။
ချန်ချင်းယွီ တုံ့ပြန်မှု ထပ်မလုပ်တော့ပေ။
ကံကောင်းစွာဖြင့် သူမ ရွေးချယ်ခဲ့သောနေရာမှာ သိပ်မဝေးလှချေ။ ရောက်သည်နှင့် ချန်ချင်းယွီသည် ပစ္စည်းများကို ကိုယ်တိုင် အောက်သို့ ချလိုက်ပြီး ယာဉ်မောင်းသည်လည်း ချက်ချင်းပင် မောင်းထွက်သွားတော့သည်။
ဟူး...
ပြောရလျှင် တစ်ယောက်တည်း ခရီးသွားရသည်မှ အဆင်မပြေပေ၊ သို့သော် ဤသည်မှာ ငွေကြေးပမာဏ ကြီးမားသည့် ကိစ္စဖြစ်သဖြင့် ချန်ချင်းယွီသည် အခြားမည်သူ့ကိုမျှ မယုံကြည်ဝံ့ချေ။ သူမသည် အဘွားကြီးကျောက်ကို ယုံကြည်သော်လည်း အိမ်ကို ပစ်ထားခဲ့၍ မရသည့်အတွက်…
ထို့ကြောင့်ပင် သူမကိုယ်တိုင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။
ချန်ချင်းယွီ အိမ်သုံးလျှပ်စစ်ပစ္စည်းများ သယ်ဆောင်လာသည်ဟု ပြောနေဟခြင်မှာလည်း အကြောင်းရှိ၏။ အိမ်သုံးလျှပ်စစ်ပစ္စည်းများမှာ ခိုးရလုရ လွယ်ကူသည့် ပစ်မှတ်များ မဟုတ်ကြပေ။
ဤကဲ့သို့သော ပစ္စည်းကြီးများသည် ခိုးယူရန် ခက်ခဲလှသည်။
ထို့အပြင် ကျွင်းကျစ်လန်ပန်းလောက်လည်း တန်ဖိုးမကြီးချေ။
မကောင်းသော စိတ်ထားရှိသူ မည်သူမဆို လွယ်လွယ်ကူကူ သယ်ဆောင်နိုင်ပြီး ပိုမိုတန်ဖိုးကြီးသည့် ပစ္စည်းများကိုသာ သေချာပေါက် ရှာဖွေကြမည် ဖြစ်၏။
လျှပ်စစ်ပစ္စည်းကြီးများကဲ့သို့သော ပစ္စည်းများမှာ မသမာသူတို့၏ ပစ်မှတ်ဖြစ်ရန် မလွယ်ကူချေ။
တွေ့သည်မဟုတ်လော၊ လက်ရှိတွင် ကျွင်းကျစ်လန်ပန်းသည်သာလျှင် တကယ့်ကို အလိုချင်ဆုံး ပစ္စည်းဖြစ်ပေသည်။
ချန်ချင်းယွီ လမ်းတစ်လျှောက်လုံး လိမ်ညာလာခဲ့ရပြီး မိမိ၏ ရည်ရွယ်ချက်အမှန်ကို ထုတ်မပြောဝံ့ခဲ့ပေ။
သို့သော် ခရီးဆုံးသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ချန်ချင်းယွီသည် စိတ်အနည်းငယ် လျှော့ချလိုက်သော်လည်း၊ ဤသို့ပင် ဖြစ်လင့်ကစား သတိထားနေဆဲ ဖြစ်သည်။ သူမသည် သတိလက်လွတ် မနေဝံ့ချေ၊ ဘာပဲဖြစ်ဖြစ် ပန်းများကို ရောင်းချရဦးမည် မဟုတ်လော။ ချန်ချင်းယွီ၏ အခန်းထဲတွင် ခန့်မှန်းထားသည့်အတိုင်း ခရီးဆောင်သေတ္တာကြီး နှစ်ဆယ်ခန့်ဖြင့် ပြည့်နှက်နေခဲ့သည်။
ချန်ချင်းယွီသည် အနားမယူပေ၊ သူမသည် လိုက်ကာများကို ဆွဲစေ့လိုက်ပြီး မိတ်ကပ်ကို ပြန်လည် ပြင်ဆင်လိုက်၏။ သူမသည် ဤနေရာသို့ လာရာလမ်းတွင် မိတ်ကပ်ပြင်ဆင်ထားခဲ့ပြီးဖြစ်ရာ၊ သူမအား သိကျွမ်းသူမဟုတ်ပါက ပထမအကြိမ် မြင်ရုံဖြင့် ရုတ်တရက် မှတ်မိချင်မှ မှတ်မိပေလိမ့်မည်။ ယခု ဤနေရာသို့ ရောက်ရှိလာပြီဖြစ်ရာ သူမသည် ပိုမိုထင်ရှားအောင် ပြုလုပ်လိုက်သည်။
သူမသည် မျက်ခုံးကို ထူထူဆွဲလိုက်ပြီး၊ အိုင်လိုင်းနားကို အထူကြီး ဆိုးလိုက်သည်~~~ ယင်းမှာ လှပစေရန် မဟုတ်ဘဲ မိမိကိုယ်မိမိ ရုပ်ဖျက်ထားရန် ဖြစ်၏။
‘ဟူး... ပစ္စည်းသွားရောင်းတာတောင် ဒီလောက်အထိ ရုပ်ဖျက်နေရတယ်၊ တကယ့်ကို ခက်ခဲလိုက်တာ’
ချန်ချင်းယွီ အခန်းထဲသို့ ဝင်လာစဉ်ကပင် နောင်လာမည့် ရက်အနည်းငယ်အတွင်း သူမ၏ အခန်းကို သန့်ရှင်းရေး မလုပ်ရန်နှင့် အထဲသို့ မဝင်ရန် ဧည့်ကြိုဝန်ထမ်းအား မှာကြားထားပြီး ဖြစ်သည်။ သူမသည် ခရီးဆောင်သေတ္တာ အားလုံးကို တိပ်များဖြင့် ပတ်ထားခဲ့၏။ ဤသည်မှာ လူများကို တကယ်တမ်း တားဆီးနိုင်မည် မဟုတ်သော်လည်း၊ အထဲတွင် ဘာရှိသလဲဆိုသည်ကို ကြည့်ချင်သူ မည်သူမဆို တိပ်ကို ခွာထုတ်ရမည် ဖြစ်သည်။
ခွါမိပါက အလွန်ပင် သိသာထင်ရှားသွားမည်ဖြစ်ရာ သန့်ရှင်းရေး ဝန်ထမ်းများပင်လျှင် စူးစမ်းလိုစိတ်ကြောင့် တိပ်ကို ခွာကြည့်ဝံ့မည် မဟုတ်ချေ၊ ဤသည်မှာ လုံးဝ သိသာလွန်းသွားမည်သာ။
ပုံမှန်အားဖြင့် အစိုးရပိုင် ဧည့်ဂေဟာတစ်ခုသည် ဤမျှလောက်အထိ ဆိုးရွားမည် မဟုတ်ပေ။
ပြောရလျှင် ဤကဲ့သို့သော ဧည့်ဂေဟာမျိုး၏ ဝန်ဆောင်မှုသည် ကိုယ်ပိုင်တည်းခိုခန်းများလောက် မကောင်းသော်လည်း၊ လုံခြုံရေးပိုင်းတွင်မူ အများကြီး ပိုမိုစိတ်ချရပေသည်။ မည်သို့ဖြစ်စေ ဤနေရာမှ ဝန်ထမ်းများအားလုံးသည် အချိန်ပြည့် ဝန်ထမ်းများ ဖြစ်ကြ၏။ ထို့အပြင် သူမတွင် ပန်းအိုး အများကြီး မရှိသဖြင့် ထင်ရှားပေါ်လွင်မှု မရှိပေ။
သေတ္တာကြီးများစွာနှင့် လျှပ်စစ်ပစ္စည်းများ ရှိနေခြင်းမှာ လူအာရုံစိုက်စရာဟု ထင်ရသော်လည်း၊ အမှန်တကယ်တွင် သေတ္တာငယ်လေးများ သယ်ဆောင်လာသူကဲ့သို့ ထင်ရှားပေါ်လွန်းခြင်း မရှိချေ။ ပြတ်ပြတ်သားသား ပြောရလျှင် ထို "လျှပ်စစ်ပစ္စည်း" သေတ္တာကြီးများ အားလုံး၏ တန်ဖိုးပေါင်းသည် အခြားသူများ၏ ပန်းတစ်အိုးစာ တန်ဖိုးကိုပင် မမှီပေ။
အလွန်အမင်း တိုးတိုးတိတ်တိတ် သံသယဖြစ်ဖွယ် ပြုမူခြင်းသည်သာလျှင် အမှန်တကယ်တွင် လူအာရုံစိုက်စရာ ပိုမိုဖြစ်စေသည်၊ ဤသို့ ပြုလုပ်ခြင်းဖြင့် သူမသည် ဟိတ်ဟန်ကြီးသလို ထင်ရသော်လည်း အမှန်တကယ်တွင် ထိုသို့မဟုတ်ပေ။
ချန်ချင်းယွီသည် မိမိကိုယ်မိမိ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ပုံစံမျိုး ပြင်ဆင်လိုက်သည်။ သူမသည် အဘွားကြီးကျောက်၏ အဝတ်အစားများ~~ အင်း... အဘွားကြီးကျောက် မဝတ်တော့သည့် အဝတ်အစားဟောင်းများကို လဲဝတ်လိုက်၏။
အဘွားကြီးကျောက်သည် အသက်ကြီးလာသည်နှင့်အမျှ တောက်ပသော အရောင်များကို ကြိုက်နှစ်သက်လာခဲ့သည်။
ချန်ချင်းယွီသည် ယခုအချိန်တွင် အစ်မကြီးရန်ကို အလွန်ပင် ကျေးဇူးတင်မိသည်၊ ရထားပေါ်တွင် မတော်တဆ တွေ့ဆုံခဲ့ပြီးနောက် အစ်မကြီရန်သည် သူမအား နတ်သမီးဇာတ်ရုပ်တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခိုင်းခဲ့၏။ သူမ၏ ဇာတ်ဝင်ခန်းမှာ မကြီးမားသော်လည်း ချန်ချင်းယွီသည် ရိုက်ကွင်းပေါ်တွင် အချိန်အနည်းငယ် ကုန်လွန်ခဲ့ရပြီး သရုပ်ဆောင်နည်း အချို့ကို သင်ယူခဲ့ရသည်။
ထို့မျှမကသေးချေ၊ သူမသည် မိတ်ကပ်ပြင်ဆင်နည်း အချို့ကိုလည်း သင်ယူခဲ့ရ၏။
သေချာသည်မှာ ဤသို့သောအရာမျိုးသည် တစ်ကြိမ်တည်းနှင့် တတ်မြောက်သွားခြင်း မဟုတ်ချေ။ လွန်ခဲ့သည့် စာချို့နှစ်များအတွင်း ချန်ချင်းယွီသည် အသေးစား ဇာတ်ရုပ်အချို့တွင် ပါဝင်သရုပ်ဆောင်ခဲ့လေသည်။ သူမသည် ဤနယ်ပယ်တွင် အသက်မွေးဝမ်းကျောင်း ပြုရန် အစီအစဉ်မရှိဘဲ၊ ဝါသနာအဖြစ်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း အလွန်ပင် ကောင်းမွန်ခဲ့ကာ၊ ယခုအခါ သူမ၏ ရုပ်ဖျက်မှုမှာ ပိုမို ပီပြင်စိတ်ချရလာခဲ့ပြီ ဖြစ်သည်။
အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ သင်ယူထားသမျှ မည်သည့်အရာမဆို မည်မျှပင်များပါစေ မိမိ၏ ပိုင်ဆိုင်မှုသာ ဖြစ်၏။
မည်သည့်အချိန်တွင် အသုံးဝင်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
ချန်ချင်းယွီ ရုပ်ဖျက်ပြင်ဆင်ပြီးနောက်၊ ခရီးဆောင်သေတ္တာတစ်လုံးကို ဖွင့်ကာ ပန်းအိုး သုံးအိုးကို သယ်ဆောင်လျက် အပြင်သို့ ထွက်ခွါခဲ့၏။
ဤအနီးနားဝန်းကျင်၌ အရွယ်အစားအမျိုးမျိုးရှိသည့် ပန်းစျေးပေါင်း တစ်ဆယ့်နှစ်ခုလောက် ရှိနေသည်။ အချို့က စျေးဟောင်း၊ အချို့က စျေးသစ်များဖြစ်ကြပြီး သူမ လာခဲ့သည့် ရထားဘူတာရုံ အနီးမှာပင် စျေးတစ်ခု ရှိနေသည်။ မည်သည့်စျေးဖြစ်စေ အားလုံးမှာ လူများဖြင့် စည်စည်ကားကား တိုးဝှေ့နေကြ၏။ အရောင်းအဝယ် လုပ်သူရော၊ စျေးကွက်လာချောင်းသူများပါ အတော်လေး များပြားလှသည်။ ချန်ချင်းယွီသည် အဟောင်းဆုံး စျေးဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့ရာ စျေးသို့ မရောက်မီမှာပင် အော်ဟစ်ရောင်းချနေသည့် အသံကို ကြားလိုက်ရသည်။
"ကျွင်းကျစ်လန်သတင်းစာ ရပါပြီဗျာ၊ ကျွင်းကျစ်လန်သတင်းစာ ဝယ်ချင်တဲ့သူများ ရှိကြလား။"
"ကျုပ်ကို ပေး၊ ကျုပ်ကို ပေး။"
"ကျုပ်ကိုလည်း ပေးပါ၊ ကျုပ်ကို ပေးပါ။"
"ရှိပါသေးတယ်ဗျ၊ ဆယ်စောင်လောက် ကျန်ပါသေးတယ်၊ မလုကြပါနဲ့..."
ဆိုသည့်စကားပင် မဆုံးသေး၊ သတင်းစာ ဆယ်စောင်စလုံး ချက်ချင်း ရောင်းကုန်သွားတော့သည်။
ချန်ချင်းယွီတစ်ယောက် ဆွံ့အအံ့ဩသွားရ၏။
သူမသည် မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး အခြားနှာခေါင်းစည်း တစ်ခုကို တိတ်တဆိတ် ထုတ်ကာ တပ်ဆင်လိုက်၏။ ထို့နောက် ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ခရီးကို ဆက်လက် လျှောက်လှမ်းခဲ့သည်။
‘ဒါကတော့ နောက်ထပ် ရုပ်ဖျက်မှု အလွှာတစ်ခုပေါ့’
ချန်ချင်းယွီသည် အနီးဆုံး စျေးဆီသို့ သွားခဲ့သော်လည်း စျေးမရောက်မီ လမ်းကြားတစ်ခုထဲသို့ ကွေ့ဝင်လိုက်သည်။ ထို့နောက် သစ်သားသေတ္တာကို ဖျက်ဆီးပစ်လိုက်ကာ အထုပ်ကြီးတစ်ထုပ်ကို မပြီး ပန်းအိုးတစ်အိုးကို ရင်ဘတ်မှာ ပိုက်ထားလိုက်၏။
‘ကြည့်ရတာ ပေါ်တူဂီစတိုင်နဲ့ ခပ်
ဆင်ဆင်လေးပဲ’
‘ကောင်းလိုက်တာ’
ချန်ချင်းယွီသည် စျေးဆီသို့ အမြန်လျှောက်သွားပြီး မဝင်မီ ပြန်ထွက်ရမည့် အကောင်းဆုံး လမ်းကြောင်းကို ပတ်ဝန်းကျင်အား အကဲခတ်၍ ဦးစွာရှာဖွေလိုက်သည်။ သို့သော် စျေးထဲ ခြေလှမ်းလိုက်သည်နှင့် သူမ၏ နားများပင် ကွဲထွက်သွားမတတ် ခံစားလိုက်ရ၏။ ဆူညံသံများ၊ တိုးဝှေ့နေသည့် လူအုပ်ကြီး၊ ထိုဆူညံလှသည့် ပတ်ဝန်းကျင်ကြီး...။ ချန်ချင်းယွီ စျေးထဲသို့ ခြေတစ်လှမ်းမျှပင် မလှမ်းရသေးမီ လူတစ်ယောက်က သူမထံ အပြေးအလွှား ရောက်ရှိလာခဲ့သည်။
"ပန်းရောင်းတာလား။ မင်း ရောင်းမှာ ဒီကျွင်းကျစ်လန်ပန်း မဟုတ်လား။ ငါးထောင်၊ ငါးထောင်ပေးမယ်၊ ငါ့ကို ရောင်းလိုက်ပါ။"
ချန်ချင်းယွီ ထိုလူကို သတိထားကြည့်ရင်း နောက်သို့ တွန့်ဆုတ်လိုက်ကာ
"ကျွန်မကို လာမလိမ်နဲ့၊ စျေးနှုန်းကို ကျွန်မ သိပြီးသား"
သူမ ပန်းအိုးကို ပိုမို တင်းကျပ်စွာ ပိုက်ထားလိုက်၏။
"ရှောင်ဝမ်၊ ဖယ်စမ်းပါကွာ။ ငါးထောင်နဲ့ တောင်းရဲတယ်ပေါ့လေ၊ သွားစမ်းပါ။ ငါ ရှစ်ထောင်ပေးမယ်၊ ရှစ်ထောင်နဲ့ ရောင်းမလား။"
"ငါ ကိုးထောင်ပေးမယ်၊ ကိုးထောင်ဗျာ၊ ညီမလေး... ငါ့ကို ရောင်းလိုက်ပါ..."
ချန်ချင်းယွီ ခေါင်းငုံ့ထားပြီး ဘာမှ မပြောခဲ့ပေ။
သူမ ဘာမှမပြောသော်လည်း အခြားသူများ စျေးပြိုင်ပေးကြရာမှ နောက်ဆုံးတွင် တစ်သောင်းလေးထောင်အထိ စျေးမြင့်တက်သွားခဲ့သည်။
အခြားသူများ မဝယ်နိုင်တော့သည်ကို မြင်မှပင် ချန်ချင်းယွီနောက်ဆုံးတွင် ခေါင်းညိတ်လိုက်တော့၏။
‘ဟီးဟီး၊ ကံကောင်းလို့ သူမ ပန်းဓာတ်ပုံတွေကို သေချာ ကြည့်ထားခဲ့တာ’
သူမ၏ ပန်းအရည်အသွေးမှာလည်း တော်တော်လေး ကောင်းမွန်သည့် ပုံပေါ်သည်။
သို့သော် မျက်စိလျင်သည့် အချို့သူများက သူမ၏ အထုပ်ကြီးထဲတွင် နောက်ထပ် သေတ္တာ နှစ်ခု ရှိနေသေးသည်ကို ချက်ချင်း သတိပြုမိသွားကြ၏။
"ညီမလေး၊ မင်းမှာ အများကြီး ကျန်သေးတာလား။ ထုတ်ပြပါဦး၊ ငါတို့ကို ပြပါဦး။"
"ဟုတ်တယ်၊ ဒီတစ်ခုရော ရောင်းမှာလား။ ညီမလေး၊ ရောင်းမှာလား။"
ချန်ချင်းယွီ တမင်တကာပင် ပြောလိုက်သည်။
"ဒါတွေက ကျွန်မ အခုတင် ဝယ်လာတာပါ၊ မရောင်းပါဘူး..."
သူမ ထိုသို့ ပြောလိုက်သည်နှင့် အားလုံးက ဤပန်းသည် သူမ ရောင်းလိုက်သည့် ပန်းထက် ပိုကောင်းရမည်ဟု ထင်မှတ်သွားကြသည်၊ မဟုတ်လျှင် ဝယ်ပြီးကာစ ပန်းကို အဘယ်ကြောင့် ရောင်းပါမည်နည်း။ လူတစ်စုသည် ချန်ချင်းယွီ ဘေးတွင် ဝိုင်းအုံလာကြ၏။ အားလုံး၏ ဝိုင်းဝန်းတိုက်တွန်းမှုကြောင့် ချန်ချင်းယွီ နောက်ဆုံးတွင် ကျန်သည့် သေတ္တာနှစ်ခုကို ဖွင့်ပြလိုက်ရတော့သည်။
"ဝါး... တကယ်ကို အံ့ဩစရာပဲ၊ အများကြီး ကောင်းတာပဲ"
လူအားလုံး ရေရွတ်လိုက်ကြ၏။
ဤလုပ်ငန်းထဲတွင် ရှိနေသည်မှာ ကြာပြီဖြစ်သဖြင့် ချန်ချင်းယွီသည် အရည်အသွေးကောင်းသည့် ပန်းအိုးများစွာကို ရရှိထားပြီး ဖြစ်သည့်အပြင် သူမထံတွင် အဆင့်မမီသည့် ပန်းအိုး မရှိပေ။
"ညီမလေး၊ ဒါတွေကိုရော ရောင်းမှာလား။"
"ဟုတ်ပါတယ်၊ မင်းလည်း ဒီလုပ်ငန်းထဲကမှန်း ငါ သိပါတယ်။ ဝယ်သူရှိရင် ရောင်းသူရှိတာပဲလေ၊ တို့တွေက စျေးနှုန်းကွာခြားချက်ကနေ ပိုက်ဆံရှာကြတာပဲ။ ညီမလေး..."
"သုံးအိုးလုံး ငါ့ကို ပေး၊ သုံးအိုးလုံး ငါ့ကို ပေး။ ငါ ခြောက်သောင်း ပေးမယ်။"
"မင်းတို့က ဘာလို့ လုနေကြသေးတာလဲ..."
ချန်ချင်းယွီသည် ပန်းအိုးကောင်းတစ်အိုးလျှင် မည်မျှအထိ တန်ဖိုးရှိသည်ကို သိထားသော်လည်း သူမ၏ ပန်းများသည် ဤအဆင့်လောက်သာ ရှိပေလိမ့်မည်။ အငြင်းပွားမှုများက ပိုမို ပြင်းထန်လာခဲ့၏။ ချန်ချင်းယွီသည် ဤအခြေအနေတွင် သူမ၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာသည်ကို ခံစားလိုက်ရ၏။
သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
"ကောင်းပြီလေ၊ ရှင့်ကို ရောင်းပါမယ်"
"ငါ ပိုက်ဆံ ပေးမယ်။"
အကြီးဆုံး ငွေစက္ကူတန်ဖိုးမှာ ဆယ်ယွမ်တန်မျှသာ ဖြစ်သည်ကို ကြည့်ပြီး အထင်မသေး၍မရပေ၊ ဤနေရာသို့ ပန်းလာဝယ်ကြသူများသည် မည်သည့်အချိန်မဆို အဆင်သင့် ဝယ်ယူရန်အတွက် ငွေများ ပြည့်နှက်နေသော အိတ်ကြီးများကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် အလွန်ပင် လျှင်မြန်ဖျတ်လတ်ကြ၏။ ထိုသူနှစ်ဦးသည် ငွေကို ချက်ချင်း လဲလှယ်လိုက်ကြပြီး ချန်ချင်းယွီသည် အိတ်ကို အမြန်ဖြည့်ကာ ထွက်ခွာသွားခဲ့သည်။
သူမ တစ်ချက်လေးမျှ မတုံ့ဆိုင်းရဲကာ အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် ချက်ချင်း ပြေးထွက်သွားခဲ့သည်။
သူမထံတွင် ငွေယွမ် ခြောက်သောင်း ရှိနေပြီ ဖြစ်၏။
မှန်းဆထားသည့်အတိုင်းပင် ချန်ချင်းယွီ ထွက်လာသည်နှင့် လူအချို့က သူမနောက်သို့ နောက်ယောင်ခံ လိုက်လာခဲ့ကြသည်။ သို့သော် ချန်ချင်းယွီသည် သာမန်လူ မဟုတ်ပေ၊ ထိုသူများ၏ လုပ်ရပ်များကို ကလေးကစားစရာပမာ ခါချထားနိုင်ခဲ့၏။ သူတို့သည် ပန်းကို လိုချင်သည်ဖြစ်စေ၊ ငွေကို လိုချင်သည်ဖြစ်စေ ချန်ချင်းယွီ ဂရုမစိုက်ဘဲ အလျင်အမြန်ပင် ပြေးလွှား ပျောက်ကွယ်သွားခဲ့သည်။
"နဂါးပင် ဒေသခံမြွေကို မနိုင်" ဆိုသလိုပင်၊ သူမအနေဖြင့် တိုက်ရိုက် ရင်ဆိုင်မတိုးချင်ပေ၊ အထူးသဖြင့် ရောင်းစရာ ပန်းများ အများကြီး ကျန်နေသေးချိန်မျိုး၌ ပို၍ပင် မတိုးချင်ပေ။ ချန်ချင်းယွီသည် လှည့်ပတ်၍ လမ်းကြောင်းပြောင်းပြီး ယခင်နည်းလမ်းအတိုင်းပင် အခြားပန်းစျေး အများအပြားသို့ သွားရောက်ခဲ့သည်။ ပန်းစျေးများ အများကြီးရှိနေခြင်းသည် အားသာချက်တစ်ခု ဖြစ်သည်မှာ အမှန်ပင်။
အသက်ရွယ်ရနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်သွင်ဖြင့် သူမသည် စျေးကိုးခုသို့ ဆက်တိုက်သွားခဲ့ပြီး အချို့စျေးများတွင် သုံးအိုး၊ လေးအိုးနှင့် ငါးအိုးအထိ ရောင်းချခဲ့ရာ ပထမနေ့မှာပင် သေတ္တာ လေးသေတ္တာ ကုန်စင်သွားခဲ့၏။
ချန်ချင်းယွီ၏ ဆာလာအိတ်ဝက်ခန့် ပိုက်ဆံများဖြင့် ပြည့်နှက်သွားခဲ့၏။
သူမသည် စတင်စဉ်ကတည်းက သတိထားပြီး ဖြည်းဖြည်းနှင့် မှန်မှန် သွားရန် စဉ်းစားခဲ့သော်လည်း၊ မကြာမီမှာပင် ထိုအမြင်ကို ပြန်လည်ပြင်ဆင်လိုက်၏။ ပြင်ပကလာသည့် အပြင်လူတစ်ယောက်အဖြစ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်သူ ဟူသည့် ခေါင်းစဉ်တပ်ထားလျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ မိမိ၏ အမှန်တကယ် ရုပ်သွင်ကို ရိပ်မိသွားကြမည်မှာ အမှန်ပင်ဖြစ်သည်။
‘ပိုက်ဆံရှာရတာ မလွယ်ပါဘူး’
‘ရိုးရိုးသားသား ရှာဖွေတာတောင်မှ သတိထားဖို့ လိုတာပဲ’
သူမ ဝန်မခံချင်သော်လည်း၊ ဆယ်စုနှစ်များစွာ ကြာပြီးနောက်ပိုင်းနှင့် နှိုင်းယှဉ်လျှင် ယခုအချိန်သည် တကယ်ကို ပိုမို ရှုပ်ထွေး ရောထွေးနေသည်မှာ အမှန်ပင်ဖြစ်၏။
ကံကောင်းစွာဖြင့် စျေးထဲတွင် ငွေသားလဲလှယ်သည့်အခါတိုင်း ငွေကို သေချာရေတွက်ခဲ့သည်။ လူအများကြီး ကြည့်နေသည့်အတွက် အမှန်တကယ်တွင်မူ ပို၍ ဘေးကင်းပေသည်။ ယနေ့ဆိုလျှင် ချန်ချင်းယွီသည် အရောင်းအဝယ်ပြုလုပ်ရန် တိတ်ဆိတ်သည့်နေရာကို ရှာခိုင်းသည့် လူတစ်ယောက်နှင့်ပင် ကြုံတွေ့ခဲ့ရသော်လည်း သူမက ထိုသူကို လှည့်ပင် မကြည့်ခဲ့ပေ။
‘သူတို့က ငါ့ကို ငတုံးမလို့ ထင်နေကြတာလား’
နောက်တစ်နေ့တွင် သူမ၏ ရုပ်သွင်ကို ပြောင်းလဲနိုင်သော်လည်း ခန္ဓာကိုယ် အရွယ်အစားသည်ကား ပြောင်းလဲမည် မဟုတ်သဖြင့် ရက်အနည်းငယ်ကြာလျှင် ပစ်မှတ်ထား ခံရမည်ကို သူမ သိထားသည်။ အမှန်တကယ်တွင်လည်း ယနေ့မှာပင် သူမအား စောင့်ကြည့်နေသူ အတော်များများ ရှိနေလောက်ပြီ ဖြစ်၏။ ကံကောင်းစွာဖြင့် သူမ အမြန် လွတ်မြောက်သွားခဲ့သည်။
‘ငါ့နှယ်… ပိုက်ဆံရှာရတာလည်း ခက်တယ်၊ ဘဝကလည်း ခက်တာပဲ’
ချန်ချင်းယွီ၏ ခန့်မှန်းချက်သည် မမှားပေ။ သူမသည် ယနေ့၌ စျေးအများအပြားတွင် ပန်းအိုးပေါင်း သုံးဆယ်ကျော်၊ လေးဆယ်နီးပါး ရောင်းချခဲ့သည်။ အရည်အသွေးများမှာလည်း အလွန်ပင် ကောင်းမွန်လှ၏။ ထို့ကြောင့် သူမသည် အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သူမသည် စျေးအသီးသီးတွင် ခွဲ၍ ရောင်းချခဲ့သော်လည်း ပန်းအရောင်းအဝယ် အသိုင်းအဝိုင်းထဲမှ လူများသည် သတင်းအချက်အလက် အမြန်ဆုံး ဖြစ်ကြ၏။
စျေးကွက်ထဲသို့ ပန်းအိုးပေါင်း မြောက်မြားစွာ ဝင်ရောက်လာခြင်းသည် သမုဒ္ဒရာထဲသို့ ရေတစ်စက် လောင်းထည့်လိုက်သကဲ့သို့ ဖြစ်သော်လည်း၊ ယနေ့ခေတ်တွင် လူတိုင်း ပန်းအရောင်းအဝယ် ကစားနေကြသည် မဟုတ်လော။ နေ့စဉ်နေ့တိုင်း အရောင်းအဝယ် အများကြီး ရှိနေသော်လည်း သူမ၏ ပန်းများသည် အရည်အသွေး ကောင်းမွန်သောကြောင့် ထင်းထွက်နေခြင်း ဖြစ်သည်။
"သူ့ကို စောင့်ကြည့်ထား။ အဲ့ဒီ အဘွားကြီး မနက်ဖြန် ထပ်ရောက်လာရင် သူ့နောက်ကို လိုက်သွား။ ဒီနေ့တော့ သူ အဆင်ပြေသွားတာ၊ ပြေးတာ မြန်လို့။"
"သူက အခြားစျေးတွေမှာပါ သွားရောင်းနေတာလို့ ပြောချင်တာလား။"
"သေချာတာပေါ့။ သူ့ဝတ်စားဆင်ယင်မှုကို ကြည့်တာနဲ့တင် တစ်ယောက်တည်းဆိုတာ ထင်ရှားနေတာပဲ။ ဒီနေ့ သူ ပိုက်ဆံတွေ အများကြီး ရသွားတယ်။"
"အတိအကျပဲ။ တစ်အိုးကို တစ်သောင်းနဲ့ဆိုရင်တောင် သောင်းဂဏန်း သိန်းဂဏန်းမက ရှိနေပြီ။"
"ဝါး... ပိုက်ဆံတွေ အများကြီးပဲနော်။"
"သေချာတာပေါ့"
ထိုအကြောင်းကို ကြားရုံမျှဖြင့် သူတို့၏ စိတ်များ လှုပ်ရှားလာကြသော်လည်း လူတိုင်း ဓားပြတိုက်ရန် မဝံ့ရဲကြပေ၊ ထို့ကြောင့် ထိုအမျိုးသမီးထံတွင် ပန်းများ ကျန်ရှိနေသေးသလားဆိုသည်ကိုသာ လူတိုင်း ပိုမို စိတ်ဝင်စားနေကြသည်။
“နောက်တစ်ခေါက် ထွက်လာရင် သူ့နောက်ကို လိုက်သွား။ ဘယ်မှာ နေလဲဆိုတာ ကြည့်ထား။ ငါတို့ အဲ့ဒီကို သွားပြီး စျေးလျှော့ဝယ်လို့ ရတာပေါ့။”
“ဒါ ကောင်းတဲ့ အကြံပဲလို့ ငါ ထင်တယ်။”
အချို့က သူမ၏ အခြေအနေကို အခွင့်ကောင်းယူ၍ ပန်းများကို စျေးပေါပေါဖြင့် ဝယ်ယူချင်ကြသည်၊ အချို့မှာမူ သုံးစွဲရန် ငွေအချို့ ချေးချင်ကြသည်၊ ကျန်သူများတွင်လည်း မသမာသော မကောင်းသည့် စေတနာများ ရှိနေကြ၏။
ပြောရလျှင် ချန်ချင်းယွီ၏ ယနေ့ ပေါ်ထွက်လာမှုသည် လူအများအပြားကို အံ့အားသင့်သွားစေခဲ့သည်။ သို့သော် ချန်ချင်းယွီသည် နောက်တစ်နေ့တွင် အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်ရန် စီစဉ်ထားခဲ့၏။
သူမသည် နောက်တစ်နေ့တွင် ထင်းထွက်မနေချင်ပေ။
လူတိုင်း သက်ကြီးပိုင်း အမျိုးသမီးဆီမှာ အာရုံစိုက်နေချိန်တွင် သူမက အရပ်ပုပု အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်လိုက်သည်။
ဤတစ်ကြိမ်တွင် သူမသည် ထင်ရှားသည့် သေတ္တာကို သယ်ဆောင်မသွားဘဲ ပန်းအိုးတစ်အိုးကိုသာ သယ်ဆောင်သွားခဲ့၏။ ကံကောင်းစွာဖြင့် ဆောင်းရာသီဖြစ်သဖြင့် အကျီအလွှာများစွာ ဝတ်ဆင်ထားရရာ၊ ပန်းများကို အိတ်ထဲသို့ ထည့်လိုက်ပြီး အပြင်ထွက်သည့်အခါ သေတ္တာကို ပစ်ချကာ အိတ်ကို ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်း၍ ပန်းများကို ရောင်းချခဲ့သည်။
သူမသည် စျေးအတော်များများသို့ လှည့်ပတ်သွားခဲ့ပြီး တစ်နေ့လျှင် ပန်းအိုး ဆယ်အိုးခန့် ရောင်းချနိုင်ခဲ့သည်။ စျေးတစ်ခုလျှင် ပန်းတစ်အိုး ရောင်းချခြင်းသည် သိပ်ပြီး ထင်းထွက်မနေပေ။
ယခုအချိန်တွင် လူတိုင်း ပန်းရောင်းဝယ်နေကြသော်လည်း အများစုမှာ ရာဂဏန်းအနည်းငယ်သာ ဖြစ်ပြီး အချို့မှာ ထောင်ဂဏန်းမျှသာ ဖြစ်သည်။ တစ်သောင်းကျော်တန် ပန်းအိုးများသည် ရှားပါးသောကြောင့် လူအများက သူမအား စောင့်ကြည့်နေကြခြင်း ဖြစ်၏။ ရက်အနည်းငယ် ရောင်းချပြီးနောက် ချန်ချင်းယွီသည် စောစော ရောင်းရလျှင် စောစော ထွက်သွားနိုင်မည်ကို သဘောပေါက်သော်ငြား… ပထမနေ့၌ ပန်းအများအပြား ရောင်းချခဲ့မိသည်မှာ အနည်းငယ် သတိလက်လွတ် ဖြစ်သွားခဲ့ကြောင်း နားလည်လိုက်သည်။
ပထမနေ့၌ အမှန်တကယ်ပင် ပို၍ ထင်းထွက်နေခဲ့၏။
ကံကောင်းစွာဖြင့် သူမသည် ပထမနေ့တွင် နှာခေါင်းစည်း တပ်ဆင်ထားခဲ့သည်။
သို့သော် သူမအနေဖြင့် အထူးတလည် နောင်တမရခဲ့ပေ။
တစ်သောင်းကျော်တန် ပန်းများကို ရောင်းချခြင်းသည် အများကြီး မဟုတ်သော်လည်း၊ စျေးအများအပြားတွင် နေ့စဉ် ရောင်းချနေသည့်အတွက် နောက်ဆုံးတွင် အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သူမသည် အလှည့်ကျ ဝတ်ဆင်ရန် အဝတ်အစား အများအပြား ယူဆောင်လာခဲ့သော်လည်း၊ သူမ၏ ရုပ်ရည်နှင့် အချိုးအစားကို ပြောင်းလဲနိုင်သော်လည်း… အရပ်ကိုမူ ပြောင်းလဲ၍ မရနိုင်ပေ။
ကံကောင်းစွာဖြင့် ဆောင်းရာသီဖြစ်သောကြောင့် ပို၍ ဝတုတ်သည့် ပုံစံမျိုး ဖန်တီးနိုင်သေးသည်။
သူမသည် ခုနစ်ရက်၊ ရှစ်ရက်ခန့် ရောင်းချခဲ့ပြီး သေတ္တာ ၁၃ သေတ္တာ ရောင်းကုန်သွားခဲ့သည်။ သေတ္တာ ၇ သေတ္တာ ကျန်ရှိတော့သည့်အခါ စျေးသို့ သွားရောက် ရောင်းချသည့်အခါတိုင်း လူများ၏ စောင့်ကြည့်ခြင်းကို ခံနေရသည်ကို သူမ သိသိသာသာ ခံစားလိုက်ရ၏။
ကံကောင်းစွာဖြင့် သူမသည် အကြိမ်တိုင်း ထိုသူများကို ခါထုတ်နိုင်ခဲ့ပြီး၊ ဤ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ရောင်းချနေသည့် အမျိုးသမီးငယ်သည် စျေးတွင် ပန်းများ ခဏခဏ လာရောက်ရောင်းချနေသည့် ထိုသူပင် ဖြစ်သည်ဟု မည်သူမျှ သံသယဝင်ကြမည် မဟုတ်ပေ။ ချန်ချင်းယွီသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ပန်းအိုးပေါင်း တစ်ရာကျော်ကို ရောင်းချခဲ့သည်။
ထို့အပြင် ထိုပန်းများအားလုံးသည် အရည်အသွေး ကောင်းမွန်ကြသဖြင့် စျေးကွက်ကို အမှန်တကယ်ပင် သက်ရောက်မှု ရှိစေခဲ့၏၊ စျေးနှုန်းများသည် ယခင်ထက် အနည်းငယ် လျော့ကျသွားခဲ့သည်။ အချို့သူများဆိုလျှင် ပန်းအဝယ်တော်ကြီးအချို့သည် စျေးကွက် မကောင်းတော့ဟု ထင်မြင်သောကြောင့် သူတို့၏ ကုန်ပစ္စည်းများကို တမင်တကာ ထုတ်ရောင်းနေကြခြင်း ဖြစ်သည်ဟုပင် သံသယဝင်လာကြ၏။
စျေးကွက်ထဲတွင် ပန်းများစွာ ရှိနေခြင်းသည် မကောင်းသည့်အရာ ဖြစ်ကြောင်း လူတိုင်း သိကြသည်။
အရည်အသွေးမြင့် ပန်းများ နည်းပါးလေ ပိုကောင်းလေဖြစ်ပြီး၊ ရှားပါးမှုက တန်ဖိုးနှင့် အကျိုးအမြတ်များကို မြင့်တက်စေ၏။
ချန်ချင်းယွီသည် မိမိကိုယ်ကို လူအများ၏ ဒေါသကို ဆွပေးနေမိပြီဆိုသည်ကို မသိရှိခဲ့ပေ။
သူမသည် ကူးပြောင်းရောက်ရှိလာသူ ဖြစ်သော်လည်း၊ ကူးပြောင်းရောက်ရှိလာခြင်းက သူမ၏ ဉာဏ်ရည်ကို မြင့်တက်မသွားစေခဲ့ပေ၊ သူမတွင် အနာဂတ်ကို ကြိုတင်သိရှိသည့် "ကြိုတင်မြင်နိုင်စွမ်း" သာ ရှိသော်လည်း၊ လက်တွေ့တွင်မူ အမြဲတမ်း အမှားသေးသေးလေးများ ကျူးလွန်မိတတ်သည်။ သူမသည် ရွေးချယ်ပွဲများ သို့မဟုတ် ပြိုင်ပွဲများတွင် မပါဝင်ဘဲ၊ ပန်းတစ်အိုးကို သောင်းဂဏန်းများစွာဖြင့် ရောင်းချရန် မရည်ရွယ်ပါက ပိုမို ဘေးကင်းလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ထိုသို့ မဟုတ်ခဲ့ပေ။
သူမတွင် ပန်းများစွာ ရှိနေခဲ့၏။ ထိုမျှများပြားသည့် ပန်းများ စျေးကွက်အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာခြင်းကို မည်သို့လျှင် အာရုံမစိုက်ဘဲ ရှိနိုင်မည်နည်း။
ချန်ချင်းယွီသည် အနီးအနားရှိ စားသောက်ဆိုင်တစ်ခုတွင် တစ်ယောက်တည်း ညစာစားနေစဉ်မှာပင် လူများ ထိုအကြောင်းကို အတင်းအဖျင်း ပြောနေကြသည်ကို ကြားလိုက်ရ၏။
"ဟေ့... နင် သိလား၊ ဒီရက်ပိုင်း အရည်အသွေး တော်တော်ကောင်းတဲ့ ကျွင်းကျစ်လန်ပန်းတွေ လာရောင်းနေတဲ့သူ အများကြီး ရှိနေတယ်လို့ ကြားတယ်။ စျေးနှုန်းတွေ ကျသွားမယ်လို့ မထင်ဘူးလား။"
"မဖြစ်နိုင်တာ။ ကျွင်းကျစ်လန်ပန်းက အခု အရမ်း ခေတ်စားနေတာ၊ နေရာအနှံ့က လူတွေ ဒီကို လာနေကြတာလေ။ ပစ္စည်းကောင်းရင် ဝယ်လိုအားက အမြဲရှိနေတာဆိုတော့ စျေးက ဆက်ပြီး ကောင်းနေဦးမှာပါပဲ။"
"ဒါဆို ဘာလို့ လူတွေက အများကြီး လာရောင်းနေကြတာလဲ။ ပိုက်ဆံ အမြန်ရအောင် လုပ်ပြီး ထွက်သွားကြတာ မဟုတ်ဘူးလား။"
"နင်ကလည်း အလကားနေရင်း စိုးရိမ်နေတာပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ လူတစ်ယောက်က အများကြီး လာရောင်းသွားတာ မဟုတ်လား၊ အခုရက်ပိုင်း မှ မဟုတ်တာ။ အားလုံးက ဟိုနားတစ်စ ဒီနားတစ်စ ခွဲပြီး ရောင်းနေကြတာပါ။ ငါ အမှန်အတိုင်း ပြောရရင် ငါ့ရဲ့ ဆွေမျိုးတစ်ယောက်ဆိုရင် ပန်းတစ်အိုးကို ယွမ်တစ်သောင်းနဲ့ ရောင်းလိုက်ရတာ။ လူတွေဆိုတာ အမျိုးမျိုး လာမေးနေကြတာ၊ စျေးကွက်ကြီးက အကြီးကြီးပါ။ အားလုံးက အလကားနေရင်း စိုးရိမ်နေကြတာလို့ပဲ ငါထင်တယ်။ နေ့တိုင်း ဘယ်လောက်တောင် အရောင်းအဝယ် ဖြစ်နေလဲ စဉ်းစားကြည့်လေ။ လူတစ်ယောက်တည်း လာရောင်းနေတာမှ မဟုတ်တာ။"
"ဒါလည်း ဟုတ်တာပါပဲ။"
ဘေးစားပွဲက အမျိုးသားနှစ်ဦးသည် စတင် ငြင်းခုံဆွေးနွေးနေကြသည်။
"ဒါပေမဲ့ ဒီလုပ်ငန်းထဲက ပန်းအဝယ်တော်ကြီး အချို့က စျေးကွက်ကို စောင့်ကြည့်နေကြတယ်လို့ ကြားတယ်။ အရပ်ပုပု အမျိုးသမီးတစ်ယောက်က သူ့ပစ္စည်းတွေကို စျေးကွက်ထဲ စျေးလျှော့ပြီး အမြောက်အမြား ပစ်ရောင်းနေတယ်တဲ့။ စျေးကွက်ကို တမင် ဖျက်လိုဖျက်ဆီး လုပ်နေတာ၊ တကယ့်ကို ကောက်ကျစ်တဲ့ မိန်းမပဲ။"
"အဲ့ဒါကြောင့်မို့လို့ဆိုပေမယ့် လူတွေက မဝယ်ဘဲ မနေကြပါဘူး။"
"ဒီလိုလူမျိုးတွေကတော့ သေသင့်တာ။"
ချန်ချင်းယွီသည် ခေါင်းကို ငုံ့ကာ အမဲသားခေါက်ဆွဲကို စားရင်း စိတ်ပါဝင်စားစွာ နားထောင်နေခဲ့၏။
သူမသည် မိမိ၏ မဆင်မခြင် ဖြစ်မှုကို သတိထားရန် စိတ်ထဲမှ ပြန်လည် သတိပေးနေမိ၏။
‘မှန်းဆထားတဲ့အတိုင်းပဲ၊ ငါ ပန်းအိုးတွေ အများကြီး ရောင်းလိုက်မိတာကိုး’
သို့သော်လည်း ပန်းအိုး နှစ်ရာတောင် မပြည့်သည့် ပမာဏက ဤမျှလောက် ပြင်းထန်သည့် တုံ့ပြန်မှုမျိုး ရှိလာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
‘ပန်းရဲ့ အရည်အသွေးက တကယ်ကို ကောင်းလွန်းလို့ ဖြစ်ရမယ်’
သို့သော် ထိုသို့ဖြစ်လင့်ကစား၊ သူမထံတွင် ယွမ် ငါးသောင်း၊ ခြောက်သောင်း တန်ကြေးရှိသည့် ထိပ်တန်းအရည်အသွေးမျိုး ပန်းအိုးတစ်အိုးမျှ ပါမလာခဲ့ပေ။
စားသောက်ဆိုင်ပိုင်ရှင်က သူတို့၏ ဆွေးနွေးမှုကို ကြားသွားသဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။
"မင်းတို့တွေ အတွေးလွန်နေကြတာပါ။ စျေးနှုန်းဆိုတာ တက်ပဲတက်မှာ၊ ကျမလာနိုင်ပါဘူး။ မင်းတို့ ဒီနေ့ သတင်းစာ မဖတ်ရသေးတာ သေချာတယ်။ ဒီနေ့ 'ကျွင်းကျစ်လန်ပန်း' သတင်းစာထဲမှာ ပါတာလေ၊ အနောက်လမ်းဘက်က နိုင်ငံခြားသားတစ်ယောက်က ပန်းတစ်အိုးကို ယွမ် ၇၀,၀၀၀ နဲ့ ဝယ်သွားတယ်တဲ့။"
"ဗျာ... ဘယ်နားလဲ၊ ငါ့ကို ပြပါဦး... ငါ ဒီနေ့ သတင်းစာ မဝယ်ရသေးဘူး။"
"ဟာ... ဒါမျိုး ဖြစ်ရမှာကွ"
ထိုလူစုမှာ ချက်ချင်းပင် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကြပြီး သူတို့၏ စိုးရိမ်မှုများ အကုန်လုံး ပျောက်ကွယ်သွားခဲ့ကြသည်။
ချန်ချင်းယွီသည် မျက်တောင်ခတ်လိုက်ပြီး တိတ်တဆိတ် ပိုက်ဆံရှင်းကာ ထွက်ခွာလာခဲ့၏။ ပြောရလျှင် ဤသတင်းသည် သူမအား အမှန်တကယ် ကူညီပေးခဲ့သည်။ သူမသည် ပစ္စည်းများကို ဆက်တိုက် ရောင်းချနေခဲ့သဖြင့် အချို့သူများ စတင် တွေဝေနေကြသော်လည်း၊ ဤသတင်းက စျေးကွက်ကို ချက်ချင်းပင် ပြန်လည် အသက်ဝင်စေခဲ့၏။
မှန်းဆထားသည့်အတိုင်းပင် နောက်နေ့တွင် စျေးကွက်မှာ ပေါ်လွင်နေခဲ့သည်၊ ချန်ချင်းယွီသည် စောစောစီးစီး ထွက်ခွာခဲ့ပြီး စျေးတစ်ခုပြီးတစ်ခု သွားရောက်ခဲ့သည်။ ကျန်ရှိနေသည့် သေတ္တာများကို ကုန်အောင် ရောင်းချရန် သူမ သုံးရက်ခန့် အချိန်ယူခဲ့ရ၏။ သူမသည် ပန်းအများအပြားကို သယ်ဆောင်လာခဲ့ပြီး၊ အိမ်သို့ ပြန်သည့်အခါတွင်မူ ငွေသားများ ပြည့်နှက်နေသည့် အိတ်ကြီးတစ်အိတ်ဖြင့် ပြန်လာခဲ့သည်။
ချန်ချင်းယွီသည် အိတ်ကို လေးထပ်ခန့် သေချာ ထုပ်ပိုးလိုက်၏။
သတင်းကြောင့် စျေးကွက်မှာ ပိုမို အသက်ဝင်လာခဲ့သဖြင့် ချန်ချင်းယွီ၏ ရောင်းအားမှာလည်း ပိုမို မြန်ဆန်လာခဲ့သည်။ သို့သော် အမှန်တကယ်ပင် သူမအား စောင့်ကြည့်နေသူများ ရှိခဲ့ပြီး သူမနောက်သို့ လိုက်ရန် ကြိုးစားခဲ့ကြသည်။ ကံကောင်းစွာဖြင့် သူမသည် ဖျတ်လတ်စွာ တုံ့ပြန်နိုင်ခဲ့သဖြင့် အကြိမ်တိုင်း လွတ်မြောက်နိုင်ခဲ့၏။
သို့သော် ချန်ချင်းယွီသည် မိမိကိုယ်ကို တစ်စုံတစ်ယောက်၏ အာရုံစိုက်မှုကို ခံလိုက်ရပြီဖြစ်ကြောင်း သိရှိထားသည်။
ထို့ကြောင့် နောက်ဆုံးရက်အနည်းငယ်တွင် သူမသည် မိမိကိုယ်ကို လုံးဝ ဖုံးကွယ်ထားခဲ့ပြီး၊ သံသယများအားလုံးကို လျစ်လျူရှုကာ ပန်းရောင်းပြီး ပြေးရန်သာ အာရုံစိုက်ခဲ့တော့သည်။
သိတယ်မဟုတ်လား... ဤနည်းလမ်းသည် အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သော်လည်း အရောင်းအဝယ်ဖြစ်မှုမှာမူ အလွန်ပင် မြန်ဆန်လှ၏။ အဓိကအားဖြင့် စျေးကွက်ထဲတွင် မည်သူမျှ တကယ်ကို ရူးသွပ်စွာဖြင့် ပိုက်ဆံနှင့် ပစ္စည်းများကို လုယူကာ လူကို ထိန်းချုပ်မည် မဟုတ်သောကြောင့်ပင်။ ထိုသို့ ပြုလုပ်ပါက စျေးကွက်၏ ယုံကြည်စိတ်ချရမှု မည်သည့်နေရာတွင် ကျန်ရှိတော့မည်နည်း။ ကျွင်းကျစ်လန်ပန်း စီးပွားရေးသည် ခဏတာမျှသာ ဖြစ်သည်ဟု မည်သူမျှ မထင်ကြပေ၊ အားလုံးက ရေရှည်တည်တံ့သည့် စီးပွားရေးတစ်ခုအဖြစ် ရှုမြင်ထားကြသည်။
ထို့ကြောင့် ထိုမျှ ထင်ရှားသည့် လုပ်ရပ်ကို မည်သူမှ ပြုလုပ်မည် မဟုတ်ပေ၊ ထို့အပြင် ချန်ချင်းယွီသည် အဝင်ဝတွင် ခြုံခိုတိုက်ခိုက်လျှင်ပင် ဖမ်းမမိနိုင်အောင် မြန်ဆန်လှ၏။
ဤတစ်ကြိမ်တွင် ချန်ချင်းယွီသည် ဆယ်ရက်ခန့်အတွင်း ပန်းအိုးပေါင်း ၁၈၀ ကို ရောင်းချခဲ့သည်။ ဆယ်ရက်နှင့် စျေးဆယ်ခုတွင် ခွဲရောင်းခဲ့သဖြင့် အလွန်အမင်း မဟုတ်သော်လည်း၊ ပန်းအိုးများ၏ ပမာဏ (တစ်အိုးလျှင် ယွမ်တစ်သောင်းမက) ကြောင့် အတော်လေး ဂယက်ရိုက်သွားခဲ့၏။
ပစ္စည်းအားလုံး ရောင်းကုန်သွားသည့်အခါမှပင် ချန်ချင်းယွီသည် သက်ပြင်းချနိုင်တော့သည်။ သို့သော် သူမသည် ချက်ချင်း ထွက်မသွားဘဲ၊ စျေးထဲတွင် အိတ်များကို သယ်ဆောင်ကာ ရက်အနည်းငယ် လှည့်ပတ်နေခဲ့သည်။
‘ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိနေတော့ ဧည့်ဂေဟာမှာ ထားခဲ့ဖို့ စိတ်မချဘူး’
သူမသည် စွန့်စားခဲ့ပြီးပြီ ဖြစ်ကာ ကံကောင်းစွာဖြင့် မကောင်းသည့်အရာ ဘာမှ ဖြစ်မလာခဲ့ပေ။ ယခုအခါတွင်မူ အဖော်တစ်ယောက် ရှိခြင်း၏ ကောင်းကွက်ကို သူမ တမ်းတနေမိ၏။
‘အဖော်နဲ့ဆို ပိုပြီး အဆင်ပြေမှာ’
အမှန်တကယ်၌ ယခုတစ်ခေါက်သည် ချန်ချင်းယွီ၏ ချန်ချွင်းမြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်သည်၊ သူမ၏ ယခင်ဘဝတွင်ပင် ဤနေရာသို့ တစ်ခါမှ မရောက်ဖူးခဲ့ပေ။ သို့သော် ဤနှစ်များအတွင်း ချန်ချွင်းမြို့သည် အလွန်ပင် စည်ကားလှပေသည်။ ကျွင်းကျစ်လန်ပန်းများ၏ ရေပန်းစားမှုကြောင့်လည်း ဖြစ်နိုင်၏။
မြို့တစ်မြို့လုံးသည် အလွန်ပင် သက်ဝင်လှုပ်ရှားနေသလို ခံစားရသည်။ လမ်းဘေးစျေးသည်များလည်း အများအပြား ရှိနေကြ၏။ လွန်ခဲ့သည့်နှစ်က နိုင်ငံတော် စီမံချက်ဖြင့် ဒုစရိုက်နှိမ်နင်းမှုတစ်ခု ရှိခဲ့သဖြင့် မြို့ထဲတွင် လမ်းဘေးစျေးသည် အနည်းငယ်မျှသာ ကျန်ရှိတော့သည်။ ထို့ကြောင်ပင် သူမသည် လွန်ခဲ့သည့်နှစ် အစပိုင်းကတည်းက လက်လီရောင်းချခြင်းကို ရပ်တန့်ခဲ့သည်၊ ခဏမျှ ငြိမ်ငြိမ်လေး နေသင့်သည်ဟု တွေးမိသောကြောင့် ဖြစ်၏၊ မဟုတ်ပါက သံသယဖြစ်စရာကောင်းသည်ဟု သတ်မှတ်ခံရပြီး အရေးယူခံရနိုင်သည်။
ချန်ချင်းယွီသည် လွန်ခဲ့သည့်နှစ်၌ မလှုပ်ရှားခဲ့သလို၊ ဤနှစ်တွင်လည်း ငြိမ်ငြိမ်လေး နေခဲ့၏။ သူမတစ်ယောက်တည်း မဟုတ်ဘဲ ရှောင်ထောင်းနှင့် အခြားသူများပင်လျှင် မေလ ၁ ရက်နေ့ နောက်ပိုင်းမှသာ ဆိုင်များကို ပြန်လည် ဖွင့်လှစ်ခဲ့ကြသည်။ မည်သူမျှ တုံးအကြသည် မဟုတ်ကြပေ။ ချန်ချင်းယွီသည် နောက်နှစ်တွင်မှ ပြန်လည် လုပ်ကိုင်ရန် စီစဉ်ထား၏။
သို့သော် ဤတစ်ကြိမ် သူမ၏ အမြတ်ရရှိမှုမှာမူ တကယ်ကို... ချန်ချင်းယွီသည် စုစုပေါင်းကို မတွက်ချက်ရသေးသော်လည်း ပမာဏသည် မိမိကိုယ်ကိုပင် ထိတ်လန့်သွားစေရန် လုံလောက်ပေသည်။
‘ငါ့အိတ်ထဲမှာ ယွမ်သန်းပေါင်းများစွာ ပါနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ’
အိတ်များမှာ အလွန် လေးလံလှပြီး တင်းကျပ်စွာ ထုပ်ပိုးထားခြင်းဖြစ်သည်။
အကုန်လုံး ပိုက်ဆံတွေချည်းပဲ…
ချန်ချင်းယွီသည် ပစ္စည်းများ ရောင်းချပြီး... ယခု ချက်ချင်း ထွက်သွားပါက အလွန် ထင်းထွက်နေလိမ့်မည် ဖြစ်သဖြင့် စာရင်းမရှင်းသေးဘဲ နောက်ထပ် နှစ်ရက်ခန့် ဆက်လက်နေထိုင်ကာ နှစ်သစ်ကူး ပစ္စည်းအချို့ကို ဝယ်ယူခဲ့သည်။ ချန်ချွင်းမှ လူအများအပြားသည် ကျွင်းကျစ်လန်ပန်း ရူးသွပ်မှုကြောင့် ပိုက်ဆံများ ရရှိခဲ့ကြသဖြင့် သဘဝကျကျပင် ငွေသုံးစွဲချင်ကြ၏။ ချန်ချွင်းမြို့သည် မြို့တော်ထက်ပင် ပိုမို စည်ကားနေသည်ကို ချန်ချင်းယွီ တွေ့ရှိခဲ့ရ၏။
သူမသည် ကျားသားရေများကိုပင် ရောင်းချနေသည်ကို တွေ့မြင်ခဲ့ရသည်။
မြတ်စွာဘုရား…
‘ငါ ဒါတွေကို ဝယ်မှဖြစ်မယ်’
နောက်နှစ်အနည်းငယ် အကြာတွင် ဤအခွင့်အရေးမျိုး ထပ်မံ ရရှိတော့မည် မဟုတ်ပေ။
သို့သော် ဤသည်မှာ ချန်ချင်းယွီအား သတိပေးလိုက်သလို ဖြစ်သွားခဲ့သည်၊ သူမ ရောက်ရှိနေပြီဖြစ်သဖြင့် ဤအတိုင်း လက်လွတ်စပယ် ပြန်၍ မဖြစ်ပေ။ သူမသည် စုံစမ်းမေးမြန်းကာ စက်ရုံငယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သော်လည်း အလွန် မကြီးမားလှပေ။
ချန်ချင်းယွီသည် သားမွေးကုတ်အင်္ကျီ အသုတ်လိုက်ကို မှာယူလိုက်၏။
အခြေအနေများမှာ ၁၉၇၀ ပြည့်လွန်နှစ်များကဲ့သို့ မဟုတ်တော့ပေ၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒသည် နှစ်အတော်ကြာ ကျင့်သုံးခဲ့ပြီး ဖြစ်ရာ ပတ်ဝန်းကျင်မှာ အတော်လေး လျှော့ပါးသွားခဲ့ပြီ ဖြစ်သည်။ ကျွင်းကျစ်လန်ပန်း ရူးသွပ်မှုသည် အရှိန်ဟုန်ကောင်းမွန်နေပြီး စက်မှုလုပ်ငန်းအားလုံးကို တိုးတက်စေခဲ့၏။ ချန်ချင်းယွီသည် စတင်စဉ်က စည်းရုံးပြောဆိုမှုများစွာ ပြုလုပ်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ပစ္စည်းများ ရရှိရန်မှာ အံ့ဩစရာကောင်းလောက်အောင် လွယ်ကူနေခဲ့သည်။
တာဝန်ရှိသူမှာပင် တိုက်ရိုက်ပြောခဲ့၏။
"လူအချို့ဆိုရင် တစ်ကြိမ်တည်းနဲ့ အထည်ပေါင်း ဒါဇင်နဲ့ချီပြီး မှာကြတာပါ။"
လူအချို့သည် ကျွင်းကျစ်လန်ပန်းမှ ပိုက်ဆံများ ရရှိခဲ့ကြသဖြင့် သူတို့၏ မိသားစုများအတွက် သားမွေးကုတ်အင်္ကျီများကို စုပေါင်း၍ မှာယူကြခြင်း ဖြစ်သည်။ ထို့ကြောင့် ချန်ချင်းယွီသည် တစ်ဦးတည်း ဖြစ်သော်လည်း ဤသို့ ဝယ်ယူသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ သူမသည် သူတို့ထက် ပိုမို ဝယ်ယူခဲ့ပြီး၊ လက်တွေ့တွင် အကုန်လုံးနီးပါးကို ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း သူတို့သည် ချမ်းသာသူများကို အများအပြား မြင်တွေ့ဖူးကြ၍ အံ့ဩစရာ မဟုတ်ခဲ့ပေ။ ကျွင်းကျစ်လန်ပန်းကြောင့် မည်သူက ညတွင်းချင်း ချမ်းသာသွားမည်ကို သူတို့ မသိနိုင်သဖြင့် ချန်ချင်းယွီအား အထူးတလည် အာရုံမစိုက်ကြပေ။
မကြာမီအချိန်မှစ၍ ကျွင်းကျစ်လန်ပန်းမှ သူဌေးဖြစ်လာသူများသာ ထင်းထွက်နေကြ၏။
ချန်ချင်းယွီ: “….”
သို့သော် ချန်ချင်းယွီ၏ လာရောက်မှုသည် ပစ္စည်းဝယ်ယူရန်ဖြစ်ကြောင်း ထင်ရှားနေသဖြင့် ဧည့်ဂေဟာ ဝန်ထမ်းများပင်လျှင် သူမသည် ကျွင်းကျစ်လန်ပန်းအတွက် လာရောက်ခြင်းဖြစ်သည်ဟု သံသယ မဝင်ကြပေ။ ထို့အပြင်... စက်ရုံက သားမွေးများကို အကုန်လုံး ဝယ်ယူလိုက်ပြီး၊ ရုရှားမှ ချောကလက် အသုတ်လိုက်ကိုလည်း တွေ့ခဲ့ရသည်။
ချန်ချင်းယွီသည် တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့သဖြင့် ထိုအရာအားလုံးကို လက်ကား စျေးနှုန်းဖြင့် ဝယ်ယူလိုက်၏။
လူတိုင်း ကြိုက်နှစ်သက်မည် မဟုတ်သော်လည်း၊ ပေကျင်းသို့ ပြန်ရောက်သည့်အခါတွင် ရောင်းကောင်းလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်၊ အထူးသဖြင့် နှစ်သစ်ကူး နီးကပ်လာချိန်တွင် ဖြစ်၏။
ချန်ချင်းယွီသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လာခဲ့သော်လည်း အိမ်သို့ ပြန်သည့်အခါတွင်မူ အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်။
ဤခရီးမှာ တကယ်ကို တန်လွန်းလှသည်။
အပြန်လမ်းတွင် သူမထံ၌ ပိုက်ဆံများစွာ ကျန်ရှိတော့မည် မဟုတ်သော်လည်း၊ ပစ္စည်းများနှင့် လဲလှယ်လိုက်နိုင်ခဲ့၏။
လုပ်ထုံးလုပ်နည်းများ အားလုံးကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီးနောက် ရထားပေါ်သို့ တက်လိုက်သည့် အချိန်တွင်မှ ချန်ချင်းယွီသည် နောက်ဆုံးတွင် စိတ်အေးသွားခဲ့တော့သည်။
ပိုက်ဆံရှာရသည်မှာ ခက်ခဲလှကာ..အတော်လေးလည်း အန္တရာယ်များလှ၏။
ကဲ... သွားကြစို့။