← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉) ငါပြန်လာပြီ

စွန့်စားမှုများသော်လည်း ချန်ချင်းယွီ၏ ခရီးစဉ်မှာ အတော်လေး ချောမွေ့ခဲ့ပေသည်။

သို့သော်လည်း သာမန်လူတစ်ယောက်အတွက်မူ ဤမျှများပြားသော ပန်းအိုးများကို တစ်ပြိုင်နက်တည်း ရောင်းချခြင်းမှာ ပြဿနာတက်စရာ ဖြစ်လာနိုင်၏။ ချန်ချင်းယွီသည် နောက်မှ စောင့်ကြည့်နောက်ယောင်ခံလိုက်ခြင်း ခံရလေ့ရှိသော်လည်း ထိုသူများကို အရိပ်ပင် မမြင်ရအောင် ခါထုတ်ပစ်နိုင်စွမ်း ရှိသည်။ အခြားသူများမှာမူ ထိုသို့ ပြုလုပ်နိုင်ကြမည် မဟုတ်ပေ။

ကိစ္စရပ်များမှာ ထိုမျှ မလွယ်ကူလှချေ။

ချန်ချင်းယွီ ကိုယ်တိုင်ပင်လျှင် ဤသို့ ဆက်လက်လုပ်ဆောင်နေပါက စောင့်ကြည့်ပစ်မှတ်ထား ခံရမည်လားဆိုသည်ကို မရေရာပေ။ "နဂါးပင်လျှင် ဒေသခံမြွေကို မနှိမ်နင်းနိုင်" ဆိုသကဲ့သို့ပင်။ ဤခရီးစဉ်မှာ ဆယ်ရက်ခန့် ကြာမြင့်ခဲ့ပြီး နောက်ထပ် ရက်အနည်းငယ်မျှ ဆက်လက်ကြာမြင့်သွားပါက သူမ၏ အမှားတစ်ခုခု ပေါ်သွားနိုင်ကာ ကိစ္စအဝအဝကိုလည်း ပျက်စီးသွားစေနိုင်သည်။

ပြောရခက်လှ၏။

ချန်ချင်းယွီ မသိသည်မှာ သူမ သုံးလေးရက်မျှ ထပ်မံကြန့်ကြာသွားလျှင် တစ်စုံတစ်ယောက်က သူမ၏ နောက်ကြောင်းကို တကယ်ပင် စုံစမ်းသိရှိသွားနိုင်ခြင်း ဖြစ်၏။ အကြောင်းမှာ အချို့သော ပရော်ဖက်ရှင်နယ် ပန်းမှောင်ခိုသမားများမှာ အချင်းချင်း ချိတ်ဆက်မိနေကြသောကြောင့်ပင်။ ချန်ချင်းယွီသည် စုစုပေါင်း ပန်းအိုးပေါင်း နှစ်ရာနီးပါး ရောင်းချခဲ့ရာ အသက်သာဆုံး ပန်းအိုးမှာ ယွမ်တစ်သောင်းဖြစ်ပြီး အဈေးအကြီးဆုံးမှာ ယွမ်လေးသောင်းနီးပါးအထိ ရှိခဲ့သည်။

ပန်းဈေးကွက်မှာ အလွန်ခေတ်စား အရောင်းသွက်နေသော်လည်း အရည်အသွေးမြင့် ပန်းများ ရုတ်တရက် အများအပြား ဝင်ရောက်လာခြင်းမှာ သတင်းကောင်းတစ်ခု မဟုတ်ပေ။ ထို့ကြောင့် လူအများအပြား မကျေမနပ် ဖြစ်ကာ ကြိမ်းမောင်းနေကြလေ၏။ ထိုသူများသည် နောက်ကွယ်မှ လူကို ရှာဖွေဖော်ထုတ်ရန်နှင့် ထိုစည်းကမ်းဖောက်ဖျက်သူအား သင်ခန်းစာပေးရန် အုပ်စုဖွဲ့ ပူးပေါင်းလိုက်ကြသည်။

ချန်ချင်းယွီသည် အမြဲတမ်း ရုပ်ဖျက်ထားလေ့ရှိပြီး မျက်နှာနှင့် ဝတ်စားဆင်ယင်မှုကြောင့် ခန္ဓာကိုယ်အလေးချိန်ကို ပြောင်းလဲအောင် လုပ်နိုင်သော်လည်း အရပ်အမြင့်ကိုမူ ပြောင်းလဲ၍ မရနိုင်ပေ။ ချန်ချင်းယွီသည် ဖိနပ်များ အဆင်မပြေပါက ထွက်ပြေးရခက်မည်ကို စိုးရိမ်သဖြင့် ဖိနပ်အမြင့်စီးရန် မဝံ့ရဲခဲ့ပေ။ ထို့ကြောင့် သူမ၏ အမှန်တကယ် အရပ်အမြင့်မှာ ပြောင်းလဲမှု မရှိခဲ့ပေ။

ဆယ်ရက်ကျော်မျှ လိုက်လံရောင်းချပြီးနောက် လူအများအပြားက ဤသည်မှာ လူတစ်ယောက်တည်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အသေအချာ ယုံကြည်သွားကြသည်။

ဤလောကတွင် လွန်စွာတုံးအသူများ မရှိကြပေ။ မသမာသော စိတ်ဓာတ်ရှိသူ အချို့ဆိုလျှင် လွယ်လွယ်နှင့် ပိုက်ဆံအမြောက်အမြား ရရှိရန် သူမကို သီးသန့် ပစ်မှတ်ထား စောင့်ကြည့်နေကြတော့၏။ ပိုက်ဆံသည် ဆွဲဆောင်အား အကောင်းဆုံး မဟုတ်လော။

"ဒါတွေအကုန်လုံးကို လူတစ်ယောက်တည်းက လုပ်တာဆိုရင် အဲဒီလူမှာ ပိုက်ဆံတွေ ဘယ်လောက်တောင် များလိုက်မလဲ။"

တွေးလိုက်ရုံမျှဖြင့် စိတ်လှုပ်ရှားစရာကောင်းလှရာ ပန်းဈေးကွက်မှာ ပိုမိုလှုပ်ရှား ရိုက်ခတ်လာတော့သည်။

ပန်းများ ကုန်အောင် ရောင်းချပြီးနောက် ချန်ချင်းယွီသည် ပန်းဈေးကွက်တွင် ဆက်လက် လှည့်ပတ်မနေတော့ဘဲ အခြားနေရာများမှ ပစ္စည်းများကို ထပ်မံ ဝယ်ယူရင်း ရက်အနည်းငယ်မျှ ဆက်လက်နေထိုင်ခဲ့၏။ အမှန်အတိုင်း ပြောရလျှင် သူမသည် နေရာအနှံ့မှ ပစ္စည်းများကို လိုက်လံဝယ်ယူနေသဖြင့် မည်သူမျှ သူမအား ပန်းရောင်းချသူအဖြစ် ဆက်စပ်မတွေးမိကြခြင်း ဖြစ်သည်။

"ပိုက်ဆံရရင် ဘယ်သူက မပြေးဘဲ မြန်မြန် ထွက်မသွားဘဲ နေမှာလဲ။"

သူမ ပေါ်မလာတော့သည့်အခါ လူတိုင်း၏ စိတ်ထဲတွင် ပိုမို ဂယက်ထလာ၏။

ချန်ချင်းယွီ အိမ်သို့ ပြန်သွားသည့် အချိန်တွင်လည်း သူမ ချန်ရစ်ခဲ့သော ဒဏ္ဍာရီမှာ ပန်းဈေးကွက်အတွင်း ဆက်လက် ပျံ့နှံ့နေဆဲဖြစ်သည်။

ပေကျင်းသို့ အပြန်လမ်းတွင် ချန်ချင်းယွီသည် ရထားပေါ်၌

ကျွင်းကျစ်လန်ပန်း အရောင်းအဝယ်သမား ဂိုဏ်းဝင်အများအပြားနှင့် ဆုံတွေ့ခဲ့ရပြီး ထိုသူများမှာ ဗဟုသုတ ကြွယ်ဝစွာဖြင့် မည်သူက ဤပန်းမှ စီးပွားဖြစ်သွားကြောင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြ၏။ ထိုရိုက်ခတ်မှုကို နားထောင်ရင်း ချန်ချင်းယွီ သက်ပြင်းချလိုက်မိပြီး ဤလှိုင်းတံပိုး လွန်သွားပါက နောက်ထပ် နှစ်အတော်ကြာသည်အထိ ဤနေရာသို့ ပြန်လာတော့မည် မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။

"ညီမလေး... နင်ရော ဒီကို ပန်းအရောင်းအဝယ်လုပ်ဖို့ လာတာလား။"

အမျိုးသားကြီးတစ်ဦးက သူမအနီးသို့ တိုးကပ်လာရင်း မေးလိုက်သည်။

ချန်ချင်းယွီ ခေါင်းခါလိုက်ပြီး

"မဟုတ်ပါဘူး။ နှစ်သစ်ကူးခါနီးပြီဆိုတော့ ကျွန်မတို့ကုမ္ပဏီက နှစ်သစ်ကူးလက်ဆောင်ပေးဖို့ ဒီက တောင်ပေါ်ထွက်ကုန်တွေကို အော်ဒါမှာထားလို့ပါ။ တောင်ပေါ်ထွက်ကုန်တွေ မှာဖို့ လာတာပါ။ ပန်းဆိုတာကြီးက စိတ်မချရပါဘူး။ လူတွေ ဘာလို့ ဒီလောက်တောင် စိတ်လိုက်မာန်ပါ လုပ်နေကြမှန်း မသိဘူး။ ရှုံးသွားရင် ဘာလုပ်မလဲ..."

ချန်ချင်းယွီ စကားမဆုံးသေးမီပင် ထိုအမျိုးသားများက ချက်ချင်းဆိုသလို ပြန်ပြောလေသည်။

"ညီမလေး... နင် မှားနေပြီ။ စိတ်မချရတာ ဘာမှ မရှိဘူး။ ဒီခေတ်မှာ ကျွင်းကျစ်လန်ပန်း မစိုက်တဲ့သူဆိုရင် တကယ့်ကို ခေတ်နောက်ကျနေတာပဲ။ ညီမလေးက ဘာမှမသိတာပဲ။ နင်က အပြင်ကလာတာမလား၊ ငါ နင့်ကို ပြောပြမယ်..."

"အပြင်ကလာတဲ့ လူအများကြီးလည်း ဒီကို ပန်းေရောင်းဝယ်လာလုပ်ကြတာပဲ။ မိန်းမတွေဆိုတာ သိတဲ့အတိုင်း ကွဲကွဲပြားပြားမှ မသိတာ။"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။"

လူတိုင်း တစီစီနှင့် စကားတွေ ဖောင်ဖွဲ့ပြောဆိုနေကြ၏။ ချန်ချင်းယွီသည် မယုံကြည်သော အမူအရာပြသပြီး ပန်းအရောင်းအဝယ်သမားနှင့် မတူသဖြင့် သူမအား ဆက်လက် စိတ်မဝင်စားကြတော့ပေ။ သူတို့သည် ထိုအကြောင်းကို ဆွေးနွေးရုံတင်မကဘဲ ချန်ချင်းယွီကိုပါ အထက်စီးမှ ကြည့်လိုက်ကြ၏။

ချန်ချင်းယွီသည် သက်ပြင်းခပ်ဖွဖွ ချလိုက်မိသည်။ ထိုသို့ လှုပ်လှုပ်ရှားရှား စကားများကို နားထောင်ရသည်မှာ လှပသော်လည်း သူမ ပါဝင်ပတ်သက်ချင်စိတ် မရှိပေ။

‘ရိုးရိုးသားသား ပစ္စည်းရောင်းပြီး ရတဲ့ ပိုက်ဆံဆိုပေမဲ့ ဒီလို အမှောင်ရိပ်ထဲက ပိုက်ဆံမျိုးကျတော့ စိတ်မအေးရဘူး’

ချန်ချင်းယွီသည် ရထားပေါ်မတက်မီ သတင်းစာ အနည်းငယ် ဝယ်ယူခဲ့ပြီး စာမျက်နှာများကို လှန်လှောကြည့်လိုက်သည်။

ကျွင်းကျစ်လန်ပန်းအကြောင်း သီးသန့် ရေးသားထားသော သတင်းစာ မဟုတ်သော်လည်း ဒေသဆိုင်ရာ သတင်းစာများတွင် ဆက်စပ်သတင်းများစွာ ပါရှိနေ၏။ ချန်ချင်းယွီ ဖတ်နေသည့် သတင်းစာ၏ ဖြည့်စွက်စာမျက်နှာမှ ခေါင်းစီးသတင်းမှာ ~~ "အသက် ၅၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးသည် ကျွင်းကျစ်လန်ပန်းအိုးတစ်အိုးကို ယွမ် ၅၀,၀၀၀ ဖြင့် ရောင်းချခဲ့သော်လည်း အိမ်သို့ မရောက်မီ လုယက်ခံရပြီး ဓားဖြင့် အကြိမ်ကြိမ် ထိုးခံရ" ဟူ၍ပင်။

ချန်ချင်းယွီ : "..."

‘ဒီကနေ ပိုက်ဆံရခဲ့တယ်ဆိုပေမဲ့ ဒီလိုကိစ္စတွေကို နှိမ်နင်းဖို့ လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ဒီအတိုင်းသာ ဆက်ပြီး အပြိုင်အဆိုင် အမွှန်းတင်နေကြရင် တကယ်ပဲ ပြဿနာကြီးတက်ကုန်လိမ့်မယ်။ တရားဥပဒေစိုးမိုးရေးကလည်း အရင်ကလောက် မကောင်းတော့တာ ထင်ရှားနေတာပဲ။’

"ဟေ့... နင့်သတင်းစာကို ခဏလောက် ကြည့်လို့ရမလား။"

ချန်ချင်းယွီ ; "ရပါတယ်။ ရော့... ယူပါ။"

"ဒါ တကယ့်ကို ခြောက်ခြားစရာကောင်းတာပဲ။"

သို့သော်လည်း ထိုသူသည် ဓာတ်ပုံထဲမှ ပန်းအိုးကိုသာ ကြည့်နေပြီး သတင်းကို လုံးဝ မဖတ်သည်မှာ ထင်ရှားနေပေသည်။

"ဒီပန်းတွေက တကယ် လှတာပဲ..."

"ငါ့ကို ပြစမ်း၊ ဒီတစ်အိုးကို ပြစမ်း... ဟာ၊ တကယ်ပဲဟေ့။"

ချန်ချင်းယွီသည် သူတို့ကို စောင်းကြည့်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။

‘ပန်းစိုက်ပြီး ဈေးကစားတဲ့သူတွေလည်း တကယ်ကို စိတ်လွတ်သွားကြပြီပဲ။’

ကံကောင်းသည်မှာ စတင်ထွက်ခွာစဉ်က ရထားပေါ်တွင် ပန်းစိုက် ဈေးကစားသူ အတော်များများ ပါဝင်ပြီး တစီစီ စကားပြောနေခဲ့ကြသော်လည်း၊ ရထား ရှေ့သို့ ဆက်လက် ခုတ်မောင်းသွားသည်နှင့်အမျှ အခြေအနေများမှာ အတော်အတန် ငြိမ်သက်သွားခဲ့ကာ ဆွေးနွေးပြောဆိုသံများလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့ပေသည်။ ချန်ချင်းယွီသည်လည်း နောက်ဆုံး၌ အေးအေးဆေးဆေး ရှိသွားခဲ့တော့၏။

သို့သော်လည်း ခရီးစဉ်တစ်ခုလုံးတွင် သူမ လုံးဝ မအိပ်ရဲခဲ့ချေ။

ဘာပဲပြောပြော သူမသည် ကုန်ပစ္စည်းများကို ရောင်းချခဲ့ပြီးပြီ ဖြစ်သော်လည်း၊ ပိုက်ဆံအမြောက်အမြား ထည့်ထားသည့် အိတ်ကြီးတစ်အိတ်ကို သယ်ဆောင်ထားရဆဲ ဖြစ်ပေသည်။

ရထားကြီးသည် တဂျောင်းဂျောင်း ခုတ်မောင်းရင်း ဘူတာရုံအတွင်းသို့ ဖြည်းညှင်းစွာ ဆိုက်ရောက်လာသောအခါမှသာ ချန်ချင်းယွီ၏ ရင်ထဲတွင် တဖြည်းဖြည်း တည်ငြိမ်အေးချမ်းသွားခဲ့၏။

‘ဒီခရီးစဉ်ကတော့ တကယ့်ကို ပင်ပန်းဆင်းရဲလှတာပဲ။’

ကုန်ပစ္စည်းများ ဝယ်ယူရန် တောင်ပိုင်းသို့ ထွက်ခွာသည့် ခရီးစဉ်များနှင့် မတူချေ၊ ဤသည်မှာ လုံးဝ ကွဲပြားခြားနားသည့် ဖြစ်ရပ်တစ်ခု ဖြစ်၏။

ယခုခေတ် ပန်းစိုက် ဈေးကစားသူများမှာ ‘ခေတ်တစ်ခုအောင်မြင်မှု’ ရုပ်သံဇာတ်လမ်းတွဲထဲမှ စတော့ရှယ်ယာ ရူးသူများကဲ့သို့ပင် လုံးဝ ရူးသွပ်စွဲလမ်းနေကြခြင်း ဖြစ်ပေသည်။

“ချွေးမလေး... ချွေးမလေး...”

ချန်ချင်းယွီ ရထားပေါ်မှ ဆင်းလိုက်သည်နှင့် အဘွားကြီးကျောက် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

ချန်ချင်းယွီ : “ဒီမှာပါ...”

သူမသည် ကြိုတင်၍ ကြေးနန်းရိုက်ထားခဲ့သဖြင့် အဘွားကြီးကျောက်မှာ သူမအား လာရောက်ကြိုဆိုခြင်း ဖြစ်ပေသည်။

“အို... နင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ...”

အဘွားကြီးကျောက်သည် လွန်ခဲ့သော ရက်များအတွင်း သူမအတွက် အလွန်ပင် စိုးရိမ်ပူပန်နေခဲ့ရခြင်း ဖြစ်၏။

“ဘယ်လိုလဲဟင်။ အဆင်ပြေပြေ ဖြစ်ခဲ့ရဲ့လား။”

သူမ မေးလိုက်သည်။

ချန်ချင်းယွီ ပြုံးလိုက်ပြီး

“အဆင်ပြေပါတယ်”

“လာပါ၊ တရားဝင် စာရွက်စာတမ်းတွေ အပြီးသတ်ပြီး ကုန်ပစ္စည်းတွေ သွားထုတ်ကြတာပေါ့။ သားရေထည် သားမွှေးကုတ်အင်္ကျီအုပ်စုတစ်စု ဝယ်လာခဲ့တယ်၊ အိမ်ရောက်ရင် တစ်ထည် ရွေးလိုက်ပါဦး၊ တကယ်ကို ကောင်းတာနော်။”

အဘွားကြီးကျောက် : “သားရေထည် သားမွှေးကုတ်အင်္ကျီတွေလား။ ဟို ‘ကျော့ရှန်းတောက်’

ဓားပြခေါင်းဆောင် ဝတ်တဲ့မျိုးလား။”

ချန်ချင်းယွီ ရယ်မောလိုက်ပြီး

“ဟုတ်ပါတယ်၊ လာပါ၊ ကုန်ပစ္စည်းတွေ သွားထုတ်ကြရအောင်။”

ယခုအခါ မိမိ၏နယ်မြေဖြစ်သော မြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ချန်ချင်းယွီသည် စိတ်အေးလက်အေး ပိုမို ခံစားလိုက်ရပြီး အဆက်အသွယ်များလည်း ပိုမို ရှိနေပေသည်။

ယောက္ခမနှင့် ချွေးမ နှစ်ဦးသည် ကုန်ပစ္စည်းများ ပို့ဆောင်ရန် စတိုဂိုဒေါင်တစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ကြ၏။ မှန်ပါသည်၊ စတိုဂိုဒေါင်တစ်ခု ဖြစ်ပေသည်။ ချန်ချင်းယွီသည် လက်ကားစီးပွားရေး လုပ်ကိုင်ခဲ့စဉ်ကတည်းက ဤသို့သော ဂိုဒေါင်တစ်ခုကို ရှာဖွေနေခဲ့ခြင်း ဖြစ်၏။ ဂိုဒေါင်မှာ မီးရထားဘူတာရုံနှင့် မဝေးလှချေ။ ဂိုဒေါင်ပိုင်ရှင်၏ ဘိုးဘွားများမှာ မူလက မုန့်ဆိုင်ဖွင့်လှစ်ခဲ့ကြသူများဖြစ်ပြီး ဤနေရာမှာ ဂိုဒေါင်တစ်ခု ဖြစ်ခဲ့ဖူးသည်။ လွန်ခဲ့သည့် နှစ်များက သိမ်းဆည်းခြင်း ခံခဲ့ရသော်လည်း ယခုအခါ ပြန်လည်စွန့်လွှတ်ပေးခဲ့ခြင်း ဖြစ်၏။ ထိုမိသားစုက ဆက်လက်မသိမ်းဆည်းချင်တော့သဖြင့် ရောင်းချလိုက်ကြခြင်း ဖြစ်ပေသည်။

ချန်ချင်းယွီသည် ဈေးသက်သက်သာသာဖြင့် ရရှိခဲ့ခြင်း ဖြစ်၏။

သူမသည် လွန်ခဲ့သည့် သုံးနှစ်ကျော်ကတည်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အတိတ်ကို ပြန်လည်တွေးတောကြည့်ရင်း ချန်ချင်းယွီသည် မိမိကိုယ်ကို အလွန်ပင် ကံကောင်းသည်ဟု ခံစားရ၏။ စိတ်ပိုင်းဖြတ်မှု မြန်ဆန်ခဲ့ခြင်း၏ အကျိုးကျေးဇူးကို အမှန်တကယ်ပင် ခံစားခဲ့ရခြင်း ဖြစ်၏။ ၁၉၈၀ ပြည့်နှစ်က အိမ်တစ်အိမ် ဝယ်ယူချင်ခဲ့စဉ်၌လည်း လူအများအပြားသည် ဘိုးဘွားပိုင် ပစ္စည်းများကို ပြန်လည်ရရှိနေချိန်ဖြစ်ရာ သူမသည် အများအပြား ဝယ်ယူနိုင်ခဲ့ပေသည်။

သို့သော်လည်း နောက်ပိုင်းနှစ်များတွင် အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ထိုအိမ်ခြံမြေ အရောင်းအဝယ် လှိုင်းလုံးကြီး လွန်မြောက်သွားပြီးနောက်တွင်မူ စစ်ဟဲယွမ် ရှေးဟောင်းအိမ်ကြီးများကို ဝယ်ယူရန် အခွင့်အလမ်း အများကြီး မရှိတော့ချေ။ ကျန်ရှိနေသည့် အိမ်များမှာလည်း အများအားဖြင့် ပိုင်ဆိုင်မှု ရှုပ်ထွေးနေခြင်း သို့မဟုတ် အိမ်ငှားများက ဖယ်ရှားမပေးခြင်းတို့ ဖြစ်ကြ၏။ ဤသည်တို့မှာ ဖြေရှင်းရန် ခက်ခဲသည့် သမိုင်းဝင် ပြဿနာများ ဖြစ်ကြသည်။

ချန်ချင်းယွီ၏ မိသားစုသည် အိမ်ကို စောစီးစွာ ဝယ်ယူခဲ့ကြသဖြင့် ရွေးချယ်စရာများ ပိုမို များပြားခဲ့ခြင်း ဖြစ်၏။

သူတို့၏ ဂိုဒေါင်ကိုပင် ကြည့်လျှင် သိနိုင်သည်။ ယနေ့ခေတ်တွင် အပိုပိုက်ဆံ ပေးလျှင်ပင် ဝယ်ယူ၍ မရနိုင်တော့ပေ။

ချန်ချင်းယွီသည် ကုန်ပစ္စည်းများကို ပို့ဆောင်ခဲ့ပြီး ဂိုဒေါင်အတွင်းသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်၏။

အဘွားကြီးကျောက် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

“ဒီတစ်ခေါက် နင် အများကြီး ဝယ်လာတာပဲ...”

ချန်ချင်းယွီ ခေါင်းငြိမ့်လိုက်ပြီး

“ဒါပေါ့၊ သားမွှေး သားရေထည် အမျိုးမျိုး ရောင်းနေတာကို တွေ့တော့မှ ဒီလို ကုန်ပစ္စည်းကောင်းတွေ ရှိမှန်း သိလိုက်ရတာ။ အဲဒါနဲ့ စက်ရုံကို တိုက်ရိုက်သွားပြီး သားမွှေး သားရေထည် အင်္ကျီတွေကို အကုန် ဝယ်ယူခဲ့တာလေ။”

အဘွားကြီးကျောက် : “ညည်းကတော့ တကယ်ကို တော်တာပဲ။”

သူတို့နှစ်ဦးလုံးသည် ကျွင်းကျစ်လန်ပန်း အကြောင်းကို မပြောမိစေရန် နှုတ်ဆိတ်နေခဲ့ကြ၏။ သဘာဝကျကျပင် ထိုအကြောင်းကို အိမ်ရောက်မှ ပြောဆိုကြမည် ဖြစ်သည်။

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့သည် ကုန်ပစ္စည်းများကို အတွင်းသို့ ရွှေ့ပြောင်းပြီးနောက် ချန်ချင်းယွီ မှာကြားလိုက်၏။

“ဝမ်ရှို့ကို သွားခေါ်လိုက်ပါဦး၊ ဒီနေ့လယ်မှာ သူမ အားမလား ကြည့်လိုက်ပါဦး။ အားတယ်ဆိုရင် လာပြီး ကုန်ပစ္စည်းတွေ ရေတွက်ဖို့ ကူညီပေးပါဦး။ ကုန်ပစ္စည်းစာရင်း စစ်ဆေးပြီးတာနဲ့ လက်ကားအမြန် ရောင်းချရမယ်။ နှစ်ကုန်ပိုင်း အရောင်းသွက်နေတုန်းလေး အများကြီး ရောင်းရအောင် လုလုပ်ရမယ်။”

“ငါ အခုပဲ သွားလိုက်မယ်။”

သူတို့ ဂိုဒေါင်နှင့် မဝေးသော နေရာတွင် စာတိုက်တစ်ခု ရှိပြီး ထိုနေရာ၌ အများသုံးဖုန်း ဆက်သွယ်နိုင်ပေသည်။ အဘွားကြီးကျောက်သည် အပြင်သို့ လျှင်မြန်စွာ ထွက်သွားခဲ့တော့၏။ ဤ ဝမ်ရှို့ ဆိုသည်မှာ အခြားသူ မဟုတ်ဘဲ မာကျန့်ယီ၏ အငယ်ဆုံးသမီးပင် ဖြစ်သည်။ မာကျန့်ယီ၏ အငယ်ဆုံးသမီးသည် လွန်ခဲ့သော နှစ်များစွာက သူမ၏ အစ်ကိုဖြစ်သူ၏ အလုပ်ကို ဆက်ခံခဲ့ခြင်း ဖြစ်ပေသည်။

မာကျန်းနှင့် သူ၏ ဇနီးတို့သည် ယခုအခါ သူတို့၏ စီးပွားရေးတွင်သာ အပြည့်အဝ အာရုံစိုက်နေကြပြီ ဖြစ်၏။ သူတို့သည် ချန်ချင်းယွီကဲ့သို့ ပိုက်ဆံ အမြောက်အမြား မရှာနိုင်ကြသော်လည်း သာမန်လူအများစုထက်မူ အများကြီး ပိုမို အဆင်ပြေနေကြပြီ ဖြစ်၏။ ဇနီးမောင်နှံနှစ်ဦးသည် တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိကြရာ ဝင်းအတွင်း၌ ရှားပါးသည့် စံပြဇနီးမောင်နှံ ဖြစ်ကြပေသည်။

အမြဲတမ်း ညည်းတွားနေကြသည့် အခြားမိသားစုများနှင့် မတူဘဲ သူတို့သည် ပိုက်ဆံရှာရေးတွင်သာ စိတ်အာရုံအပြည့်ဖြင့် အာရုံစိုက်နေကြသူများတည်း။

မာဝမ်ရှို့သည် မာကျန်း၏ ညီမငယ်ဖြစ်ပေသည်။ သူမသည် တက္ကသိုလ်ဝင်တန်း မအောင်မြင်ခဲ့သဖြင့် အထက်တန်း အောင်မြင်ပြီးသည့်နောက် အစ်ကိုဖြစ်သူ၏ မူလတန်းပြ ဆရာမအလုပ်ကို ဆက်ခံခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူမ သင်ကြားရသည်မှာ သာမန် ဘာသာရပ်တစ်ခုဖြစ်သည့် သဘာဝသိပ္ပံ ဘာသာရပ်သာ ဖြစ်သည်။ မှန်၏…စာမေးပွဲ ရာသီ မရောက်မီမှာပင် "ဆရာမ ဖျားနေတယ်" ဆိုပြီး အချိန်စာရင်း အဖျက်ခံရတတ်သည့် ဆန်းကြယ်သော ဘာသာရပ်မျိုး ဖြစ်ပေသည်။

လတ်တလောတွင် မာဝမ်ရှို့၌ အလုပ် မရှုပ်လှပေ။

ချန်ချင်းယွီနှင့် ရွယ်တူခန့်ရှိသော ယွမ်ဟောက်ရွှယ်နှင့် မတူဘဲ၊ မာဝမ်ရှို့သည် ငယ်ရွယ်သေးပေသည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ သုံးလေးနှစ် အရွယ်၌ မာဝမ်ရှို့မှာ ကျောင်းတက်ဆဲပင် ရှိသေး၏။

သူမသည် ချန်ချင်းယွီထက် အသက် အနည်းငယ် ပိုငယ်သော်လည်း၊ ချိုက်မင်မင်နှင့် ချန်ချင်းယွီတို့သည် အမြဲတမ်း သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြသဖြင့် သူမတို့လည်း စတင် ထိတွေ့ဆက်ဆံလာကြခြင်း ဖြစ်သည်။ မာမိသားစုမှာ ဝင်းအတွင်း၌ ရှားပါးသည့် ရိုးသားသူများ ဖြစ်ကြရာ မာဝမ်ရှို့သည်လည်း အလိုလို အုပ်စုဝင်ဖြစ်နေ၏။ ချန်ချင်းယွီ အကူအညီ ရှာဖွေနေကြောင်း ကြားသိရသောအခါ သူမသည် သဘောထားကြီးစွာဖြင့် ကူညီရန် စေတနာ့ဝန်ထမ်း ထွက်လာခဲ့၏။

‘ငါက ချန်ချင်းယွီကို ကျေးဇူးတင်မိလို့ ကူညီပေးတာပါ။’

မှန်ပေသည်၊ ချန်ချင်းယွီအား ကျေးဇူးတင်နေခြင်း ဖြစ်၏။

မာဝမ်ရှို့သည် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ အိမ်ထောင်ကျခဲ့ခြင်း ဖြစ်ရာ၊ သူတို့နှစ်ဦးမှာ ငယ်ရွယ်သေးသည့်အပြင် အစိုးရ အိမ်ရာ စောင့်ဆိုင်းရမည့် ကိစ္စမှာလည်း အလှမ်းဝေးလှသော အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ မာဝမ်ရှို့နှင့် သူမ၏ အမျိုးသားမှာ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသော်လည်း သူ၏ မိသားစုမှာ ပြည့်စုံသူများ မဟုတ်ကြရာ နေထိုင်ရန် အခန်း လုံလောက်စွာ မရှိခဲ့ကြချေ။ ထို့ကြောင့် သူတို့သည် ပိုက်ဆံစုဆောင်းကာ ချန်ချင်းယွီ၏ အိမ်ကို ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။ ဝမ်ကျန့်ကော်ထံမှ ချန်ချင်းယွီ ဝယ်ယူထားခဲ့သည့် အိမ်ပင် ဖြစ်၏။

ချန်ချင်းယွီသည် မူလက အိမ်ကို ရောင်းချရန် စီစဉ်ထားခြင်း မရှိချေ၊ ချိုက်မင်မင် သူမထံ အကူအညီ တောင်းခံခဲ့၍ လက်ခံပေးခဲ့ခြင်းတည်း။

အပြင်လူများမှာ ဤဝင်းကြီးအတွင်းသို့ လာရောက်နေထိုင်ရန် မလိုလားကြဘဲ အိမ်သူအိမ်သားများကလည်း ပြောင်းရွှေ့ချင်နေကြသော်လည်း၊ မာဝမ်ရှို့မှာမူ ဤနေရာတွင် နေထိုင်ရသည်မှာ ယဉ်ပါးနေပြီဖြစ်ပြီး မိဘများနှင့် နီးနီးကပ်ကပ် နေထိုင်ကာ အကူအညီ ရယူချင်သဖြင့် ဤနေရာကိုပင် ပိုမို နှစ်သက်ခဲ့ခြင်း ဖြစ်၏။

ချိုက်မင်မင် တောင်းဆိုလာသဖြင့် ချန်ချင်းယွီလည်း သဘောတူလိုက်တော့သည်။

မည်သို့ဆိုစေကာမူ သူတို့ ဝင်းအတွင်းမှ အိမ်များမှာ တကယ်ပင် ဈေးသက်သာလှရာ စုဆောင်းထားပြီး နောက်ပိုင်းမှ ဈေးတင်ရောင်းလျှင် ကောင်းမွန်မည် ဖြစ်၏။ သို့သော်လည်း ပစ္စုပ္ပန်ကို နောင်ဆယ်စုနှစ်များစွာ ကြာမြင့်မည့် အနာဂတ်နှင့် အမြဲတမ်း နှိုင်းယှဉ်တွက်ချက်၍ မရနိုင်ချေ။ သူတို့၏ အိမ်ဈေးများ မြင့်တက်လာမည် ဖြစ်သလို အခြားသော အိမ်များ၏ ဈေးနှုန်းများလည်း မြင့်တက်လာပေလိမ့်မည်။ ဤခေတ်ကာလတွင် ပိုက်ဆံရှိပါက အခွင့်အလမ်းများစွာ ရှိနေပေသည်။ ဤအိမ်တစ်လုံးတည်းမှတစ်ဆင့် သူဌေးဖြစ်လာရန် မလိုအပ်ပေ။ချိုက်မင်မင်ထံ ရောင်းချပေးလိုက်ပြီး ကျေးဇူးတင်ခံလိုက်ခြင်းမှာ ပိုမို ကောင်းမွန်ပေလိမ့်မည်။

လူတိုင်းက ချိုက်မင်မင်သည် ချန်ချင်းယွီထံမှ အခွင့်ကောင်းယူနေသည်ဟု ထင်မှတ်နေကြသော်လည်း၊ ချိုက်မင်မင်သည် မိမိအား အများကြီး ကူညီပေးခဲ့သည်ကို ချန်ချင်းယွီ သိရှိထားပေသည်။

ဆောင်းရာသီ ရောက်တိုင်း ချိုက်မင်မင်သည် သူမ၏ မွေးရပ်မြေမှ သစ်သီးများ၊ သစ်ကြားသီးနှင့် ဟေဇယ်သီး ကဲ့သို့သော တောင်ပေါ်ထွက် ကုန်ပစ္စည်းများကို စုဆောင်းပေးလေ့ရှိ၏။ ချန်ချင်းယွီ ပိုက်ဆံ ပေးသော်လည်း ချိုက်မင်မင်သည် ပိုမို မတောင်းခံသည့်အပြင် အမြဲတမ်း အကောင်းဆုံးများကိုသာ ရွေးချယ်ပေးလေ့ရှိ၏။ သူမသည် အမျိုးသားဖြစ်သူနှင့်အတူ ရင်ဘောင်တန်း လုပ်ကိုင်ပေးပြီး မည်သည့်အခါမျှ တာဝန်မရှောင်လွှဲခဲ့ပေ။

ချိုက်မင်မင်တွင် မြောက်ဘက်ပိုင်းသားများ၏ သဘောထားကြီးမှု၊ တက်ကြွရွှင်လန်းမှုနှင့် ရိုးသားဖြောင့်မတ်မှုတို့ အပြည့်အဝ ရှိပေသည်။

ချန်ချင်းယွီသည် သူမနှင့် အလွန်ပင် အဆင်ပြေစွာ ပေါင်းသင်းနိုင်ခဲ့၏။

ဤအိမ်ဝယ်ယူသည့် ကိစ္စမှာ ချန်ချင်းယွီက ထိုကျေးဇူးတရားကို ပြန်လည် ပေးဆပ်ခြင်းပင် ဖြစ်ပေသည်။

ဝင်းအတွင်း၌ ချန်ချင်းယွီ မိသားစု ပိုင်ဆိုင်သည့် အိမ်ကို အမှန်တကယ်အားဖြင့် ချိုက်မင်မင်ထံ ရောင်းချခဲ့ခြင်း သို့မဟုတ် ဖလှယ်ခဲ့ကြခြင်းဟု ဆိုရပေမည်။

ချိုက်မင်မင်သည် ဂျင်ဆင်းမြစ် သုံးမြစ်၊ ကျားရေ နှစ်ထည်တို့ဖြင့် ဖလှယ်ခဲ့ခြင်း ဖြစ်၏။

ချိုက်မင်မင်သည် ချန်ချင်းယွီ၏ စိတ်ဓာတ်ကို အတော်အတန် နားလည်ထားသဖြင့် တိုက်ရိုက် ပိုက်ဆံပေးလျှင် ချန်ချင်းယွီ ရောင်းချချင်မှ ရောင်းချမည်ကို သိရှိထားပေသည်။ ထို့ကြောင့် သူမ၏ မိသားစုအား မွေးရပ်မြေတွင် လိုက်လံစုဆောင်းခိုင်းခဲ့ခြင်း ဖြစ်၏။ ယခုအခါ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ မိသားစုသည် ဝင်းအတွင်းမှ ပြောင်းရွှေ့ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။

ထိုဝင်းကြီးအတွင်း၌ သူတို့အတွက် အိမ်မရှိတော့ပေ။

ဖြစ်နိုင်သည်မှာ လူအများအပြားက သူမ၏ ဖလှယ်မှုမှာ မသင့်တော်ဟု ထင်မှတ်ကြပေလိမ့်မည်၊ သို့သော်လည်း ချန်ချင်းယွီမှာမူ မှန်ကန်သည်ဟု ခံစားရရာ ဤသည်မှာ အခြား မည်သည့်အရာထက်မဆို ပိုမို ကောင်းမွန်ပေသည်။ တောဂျင်ဆင်းမှာ အတုပြုလုပ် စိုက်ပျိုးထားသည့် ဂျင်ဆင်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သော တန်ဖိုးကြီး ပစ္စည်းတစ်ခု ဖြစ်၏။ ထို့အပြင် ဤအိမ် မရှိတော့လျှင်ပင် သူမအနေဖြင့် အခြားအိမ်များကို ဝယ်ယူနိုင်သေးပေသည်။

‘တခြားသူကို ကူညီတာဟာ ကိုယ့်ကိုယ်ကိုယ် ကူညီတာပဲလေ။’

ယခုကြည့်ရသည်မှာ ချိုက်မင်မင် ယူဆောင်လာသည့် ပစ္စည်းများမှာ အလွန်ပင် တန်ဖိုးရှိနေပေ၏။

ချန်ချင်းယွီသည် အခြားသူများကို ခက်ခဲအောင် မပြုလုပ်ခဲ့ချေ။ မူလက သူတို့၏ အိမ်ဝင်းကြီးမှာ ဂုဏ်သတင်း မကောင်းသဖြင့် အိမ်ဈေးများ သက်သာနေရာ၊ ပိုမို ဝယ်ယူစုဆောင်းထားပါက နောင်တစ်ချိန်တွင် တန်ဖိုးတက်လာမည်ဟု စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း ပြန်လည်စဉ်းစားကြည့်သောအခါ ထိုသို့မဟုတ်ကြောင်း သိလိုက်ရ၏။ သူတို့ အိမ်ဝင်းကြီး၏ ဂုဏ်သတင်းမှာ မကောင်းသဖြင့် အိမ်ဈေးများ ထိုးကျသွားခဲ့သော်လည်း အမှန်တကယ် အိမ်ပြောင်းနိုင်သူမှာ အနည်းစုမျှသာ ရှိပေသည်။

ထို့အပြင် သူမတွင် ပိုက်ဆံရှိနေသည် မဟုတ်လော၊ ဤအိမ်ဝင်းကြီးတစ်ခုတည်းကိုသာ အဘယ်ကြောင့် အမြဲတမ်း ကြည့်နေရမည်နည်း၊ သူမအနေဖြင့် ပိုမို အလှမ်းဝေးသည့် နေရာများကို လှမ်းမျှော်ကြည့်နိုင်ပေသည်။

ဤသို့ စဉ်းစားလိုက်မိသောကြောင့်ပင် ချန်ချင်းယွီသည် သူမ၏ မိသားစု ပိုင်ဆိုင်သည့် အိမ်ဝင်းကြီးထဲမှ အိမ်ကို ရောင်းချပြီးနောက်၊ ချန်းမန်ဘက်တွင် အထပ်မြင့် နှစ်ထပ်ပါသည့် အခန်းတစ်ခန်းကို ဝယ်ယူခဲ့ခြင်း ဖြစ်၏။ မိမိကိုယ်တိုင် မသုံးစွဲဘဲ ယခုအခါ အိမ်ငှားတင်ထားရာ၊ အိမ်ငှားမှာ မုန့်ဆိုင်ကြီးတစ်ဆိုင် ဖြစ်ပေသည်။

‘ငါ ပိုက်ဆံ ပိုပြီး ရှာနိုင်တာပဲလေ။’

ဤသို့ စဉ်းစား၍ မာမိသားစုက သူမထံ လာရောက် အကူအညီတောင်းသောအခါ သူမ ငြင်းဆန်ခြင်း မပြုခဲ့ပေ။

ချန်ချင်းယွီသည် မာဝမ်ရှို့ထံ အိမ်ကို ဝယ်ယူရန် လိုလိုလားလား ရောင်းချပေးခဲ့သဖြင့် မာဝမ်ရှို့မှာ အမြဲတမ်း ကျေးဇူးတင်နေခဲ့ပြီး၊ ဟိုဟိုဒီဒီ အကူအညီများ ပေးရန် အမြဲတမ်း ဦးဆောင်ထွက်လာလေ့ရှိ၏။ ချန်ချင်းယွီသည်လည်း အခြားသူများအား အလကား ခိုင်းစေလေ့မရှိရာ နှစ်ဦးကြား ဆက်ဆံရေးမှာ ယခင်ထက် ပိုမို နီးကပ်လာခဲ့ပေသည်။

မာဝမ်ရှို့နှင့် သူမ၏ အမျိုးသားတို့မှာ ဆရာ၊ ဆရာမများ ဖြစ်ကြသဖြင့် ဆောင်းရာသီနှင့် နွေရာသီ ကျောင်းပိတ်ရက်များ ရှိကြသည့်အပြင်၊ နှစ်ဦးလုံးမှာ အဓိက ဘာသာရပ် သင်ကြားသူများ မဟုတ်ကြ၍ အချိန်ပိုများရှိရာ ချန်ချင်းယွီအား မကြာခဏ ကူညီပေးနိုင်ကြခြင်း ဖြစ်၏။

ထိုစဉ် အဘွားကြီးကျောက်သည် ကျောင်းသို့ ဖုန်းဆက်ပြီး ပြန်လာလေသည်။

“ဝမ်ရှို့က သူ တစ်နာရီကြာရင် လာခဲ့မယ်တဲ့၊ သူ့အမျိုးသားနဲ့အတူ လာမှာ”

ချန်ချင်းယွီ ခေါင်းငြိမ့်လိုက်ပြီး

“အတော်ပဲပေါ့၊ ကောင်မလေးရဲ့ အမျိုးသားက ထွားထွားကျိုင်းကျိုင်း ဆိုတော့ အလုပ်လုပ်ရတာ အဆင်ပြေတာပေါ့။”

ယခုခေတ်ကာလ မဟုတ်ဘဲ နောင်ဆယ်စုနှစ်များစွာ ကြာမြင့်သည့် ခေတ်မျိုးတွင်ဆိုပါက ဆရာ၊ ဆရာမများအနေဖြင့် စိတ်ကြိုက် ခွင့်တောင်းရန် မလွယ်ကူချေ။ သို့သော်လည်း ဤခေတ်တွင်မူ အတော်အတန် လွတ်လပ်မှု ရှိနေပြီး၊ အထူးသဖြင့် သူတို့ကဲ့သို့ အရန်ဘာသာရပ် သင်ကြားသူများအဖို့ စာမေးပွဲ ရာသီတွင် ခွင့်ယူခြင်းမှာ ဘာမျှ အဆန်းတကြယ် မဟုတ်ပေ။

ချန်ချင်းယွီ၏ ဤဂိုဒေါင်မှာ စတုရန်းမီတာ ၅၀၀ ကျော်မျှ ကျယ်ဝန်းသော်လည်း၊ ချန်ချင်းယွီသည် အခြေခံအားဖြင့် ထိုမျှလောက် အများကြီး သုံးစွဲရန် မလိုပေ။ သို့သော်လည်း သုံးစွဲသည်ဖြစ်စေ၊ မသုံးစွဲသည်ဖြစ်စေ ကြီးမားနေခြင်းသည် ပိုမို ကောင်းမွန်ပေသည်။

အဘွားကြီးကျောက် : “ဒီရက်ပိုင်း လုပ်စရာ အလုပ်မရှိတာနဲ့ အိမ်ဝင်းကြီးဘက် သွားပြီး စကားစမြည် ပြောခဲ့သေးတယ်။ ကြားရတာတော့ ဒီနှစ် နှစ်သစ်ကူးကျရင် မာကျန်းက ချိုက်မင်မင်နဲ့အတူ ယောက္ခမအိမ်ကို ခရီးထွက်မလို့တဲ့။ ညည်း ပြောကြည့်ပါဦး၊ ဘယ်လိုလုပ် ယောက္ခမအိမ်မှာ သွားပြီး နှစ်သစ်ကူး ရတာလဲ၊ တကယ့်ကိုပဲ...”

ချန်ချင်းယွီ : “အမေနဲ့ ဘာဆိုင်လို့လဲ။”

“သူတို့ လိုလိုလားလား သွားချင်တဲ့နေရာ သွားကြတာပေါ့၊ ဒါ့အပြင် အဘိုးကြီးမာတောင် ဘာမှ မပြောသေးတာကို။”

အဘွားကြီးကျောက် : “ငါကြည့်ရတာ ပိုင်ဖုန်းရှန်လည်း သိပ်ပြီး ပျော်နေတာ မဟုတ်ပါဘူး၊ စိတ်ထဲက မပါဘဲ ဟန်ဆောင်နေတာပါ။”

ချန်ချင်းယွီ : “သူတို့ကိုယ်တိုင်က မသဘောတူဘူးလို့ မပြောသမျှ အပြင်လူတွေအနေနဲ့ အများကြီး ဝေဖန်ဖို့ မလိုပါဘူး။ အမေ ကိုယ့်အကြောင်းကိုယ်ပဲ ကြည့်ရင် ရပြီ။”

သူတို့ မိသားစုသည် ယခုအခါ စစ်ဟဲယွမ် ရှေးဟောင်းအိမ်ကြီးဘက်သို့ ပြောင်းရွှေ့သွားခဲ့ကြသော်လည်း၊ ထိုနေရာမှ အိမ်နီးနားချင်းများမှာမူ ဟိုဟိုဒီဒီ သွားရောက် လည်ပတ်ခြင်း မရှိကြသည့်အပြင် အတင်းအဖျင်း ပြောဆိုခြင်းမျိုးလည်း လုံးဝ မရှိကြချေ။ ဤသည်မှာ အဘွားကြီးကျောက်အား အလွန်ပင် မွန်းကျပ်စေခဲ့ရာ၊ သူတို့ ပြောင်းရွှေ့ထွက်ခွာလာခဲ့ကြသော်လည်း အဘွားကြီးကျောက်သည် အိမ်ဝင်းကြီးဘက်သို့ ခကြာခဏ ပြန်သွားလေ့ရှိသည်။ ယင်းမှာ သူမအတွက် စိတ်ဓာတ်ရေးရာ အာဟာရ ရရှိမှုပင်။

ထို့ကြောင့် အိမ်ဝင်းကြီးမှ ကိစ္စအရပ်ရပ်ကို ပြောင်းရွှေ့သွားခဲ့ကြလျှင်ပင် သူတို့သည် အသေးစိတ်အထိ ရေရေလည်လည် သိရှိနေကြခြင်း ဖြစ်၏။

အဘွားကြီးကျောက် : “ညည်း ဒီတစ်ခေါက် ချန်ချွင်းကို သွားတာ၊ ဟိုဘက်မှာ စည်ကားရဲ့လား။”

ချန်ချင်းယွီ : “စည်ကားတာပေါ့၊ ဘာလို့ မစည်ကားဘဲ နေရမှာလဲ၊ ဟိုဘက်က လူတွေဆို ရူးသွပ်နေကြတာ။ ကျွင်းကျစ်လန်က တကယ်ကို အသေအလဲ အရောင်းသွက်နေတာလေ၊ အပြင်က ထမင်းဆိုင် သေးသေးလေးမှာ ထမင်းသွားစားရင်တောင် ကျွင်းကျစ်ပန်း အကြောင်း ဆွေးနွေးနေကြတာကို ကြားရတယ်။ အိမ်တိုင်း အိမ်တိုင်းလိုလို ပန်းစိုက်နေကြသလိုပဲ၊ နည်းနည်းတောင် ကြောက်စရာ ကောင်းနေပြီ။”

အဘွားကြီးကျောက် : “ဒီလောက်တောင် စည်ကားနေတာလား၊ ဒါဆို ဒီပန်းက တကယ်ပဲ ဒီလောက် တန်ကြေးရှိတာလား။”

ချန်ချင်းယွီ ခေါင်းငြိမ့်လိုက်သော်လည်း

“ကြည့်ရတာတော့ အပြိုင်အဆိုင် စိတ်ဇောတွေ သိပ်များလွန်းတယ်၊ နောက်တစ်ခါ ပြန်သွားခိုင်းရင်တော့ ကျွန်မ မသွားရဲတော့ဘူး။”

အဘွားကြီးကျောက်မှာ အံ့အားသင့်သွားရသည်၊ ချန်ချင်းယွီပင် မသွားရဲတော့ဟု ပြောဆိုရသည်အထိ ဆိုပါက ထိုနေရာ မည်သို့သောအခြေအနေမျိုး ဖြစ်နေမည်ကို စဉ်းစားကြည့်၍ပင် ရနိုင်၏။

သူတို့နှစ်ဦး အေးအေးဆေးဆေး စကားလက်ဆုံ ကျနေကြစဉ်မှာပင် မကြာမီ မာဝမ်ရှို့ ရောက်ရှိလာခဲ့၏။ သူမသည် တစ်ယောက်တည်း မဟုတ်ဘဲ အမျိုးသားဖြစ်သူနှင့် အစ်ကိုဖြစ်သူ မာကျန်းကိုပါ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

“အစ်မချန်... ပြန်ရောက်ပြီ ပေါ့နော်။ အစ်မ အရှေ့မြောက်ပိုင်းကို သွားတယ် ကြားတော့ ပစ္စည်းသွားဝယ်တာလို့ ထင်နေတာ၊ တကယ်လည်း ဟုတ်နေတာပဲ။ အစစအရာရာ အဆင်ပြေခဲ့ရဲ့လား။”

ချန်ချင်းယွီ : “အဆင်ပြေပါတယ်ဟာ၊ နင်တို့ ရောက်လာတော့ ငါ ပိုလို့တောင် အဆင်ပြေသွားသေးတယ်။”

မာဝမ်ရှို့ ပြုံးလိုက်ရင်း

“ကုန်ပစ္စည်း စစ်ကြမလား။”

ချန်ချင်းယွီ ခေါင်းငြိမ့်လိုက်၏။ ပစ္စည်းများ သယ်ယူလာပြီးနောက် မလွဲမသွေ စစ်ဆေးရေတွက်ရမည် ဖြစ်ရာ၊ ချန်ချင်းယွီသည် မာဝမ်ရှို့အား ကူညီပေးရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ယနေ့မှ ချန်ချွင်းမှ ပြန်ရောက်လာပြီး တစ်လမ်းလုံး မနားရသေးသော်လည်း ချန်ချင်းယွီသည် တက်ကြွဆဲ ဖြစ်ရာ ကုန်ပစ္စည်းများကို ဆက်လက် စီစဉ်ရန် အင်အားရှိနေသေး၏။ မာကျန်းနှင့် ဝမ်ရှို့၏ အမျိုးသား ဖြစ်သူ ယိလင်းတို့က အလေးအနက် စနစ်တကျ သယ်ယူပြင်ဆင်ပေးကြပြီး ချန်ချင်းယွီမှာ မာဝမ်ရှို့ကို ဦးဆောင်ကာ မှတ်တမ်းတင် ရေးသွင်းခဲ့သည်။

ဂိုဒေါင်သွင်းသည်ဆိုသည်မှာ ပစ္စည်းများကို သယ်ယူလာရုံဖြင့် ပြီးစီးသွားခြင်း မဟုတ်ချေ။

လူအနည်းငယ် ပူးပေါင်းလုပ်ကိုင်ကြရင်း ညနေစောင်းမှပင် သပ်သပ်ရပ်ရပ် စနစ်တကျ ဖြစ်သွားခဲ့၏။

အဘွားကြီးကျောက်မှာ မည်သည့်အချိန်က အပြင်ထွက်သွားမှန်း မသိရကာ၊ ယခုအခါ ပြန်ရောက်လာပြီး လူတိုင်းအား ဝေမျှပေးလိုက်၏။

“လာကြ... တစ်ယောက်ကို ဘဲကင် တစ်ကောင်စီ ယူကြပါ။ စည်းကမ်းအတိုင်းဆိုရင် ညဘက် နင်တို့ကို ထမင်းဖိတ်ကျွေးရမှာ၊ ဒါပေမဲ့ ငါ့ချွေးမလေးက ခရီးပန်းလာတာရော၊ ပြန်ရောက်တာနဲ့ မနားရဘဲ အလုပ်ရှုပ်နေရတာရောဆိုတော့ ညစာစားဖို့လည်း အင်အားရှိတော့မှာ မဟုတ်ဘူး။ နင်တို့ ဒါလေးယူသွားပြီး ညဘက် ဟင်းတစ်ခွက် ပိုစားလိုက်ကြနော်။”

“အဒေါ်ကြီးကျောက်... ဒါမျိုးတော့ မလုပ်ပါနဲ့...”

“ဘာလို့ မလုပ်ရမှာလဲ၊ ကျေးဇူးတရား အပြန်အလှန် ရှိရမယ်ဆိုတဲ့ လူမှုရေးထုံးစံကို ငါမသိဘဲ နေမလား။”

အဘွားကြီးကျောက် : “အကုန် ယူထားကြ၊ ငါ့လာပြီး အားနာမနေကြနဲ့။”

မာကျန်း : “ကောင်းပါပြီ၊ ဒေါ်လေးစကားအတိုင်းပဲ လုပ်တာပေါ့။ ဒါနဲ့ ရှောင်ချန်... နင် ဒီကုန်ပစ္စည်းတွေကို အပြင်ကို လက်ကားပြန်ရောင်းမှာလား။”

ချန်ချင်းယွီ ခေါင်းငြိမ့်လိုက်ပြီး

“ဟုတ်တယ်၊ ငါ အခု သီးသန့် လက်လီမရောင်းတော့ဘူး၊ နင်တို့လည်း သိတဲ့အတိုင်း ငါတစ်ယောက်တည်း ဆိုတော့ လုံးဝ မနိုင်နင်းဘူးလေ၊ အဲဒါကြောင့် လက်ကားဒိုင် လုပ်တာက ပိုကောင်းတယ်။ နင် စိတ်ဝင်စားရင် နမူနာ နည်းနည်း ယူသွားပြီး စမ်းရောင်းကြည့်လေ။ ဒါပေမဲ့ မကောင်းတဲ့ စကားကို ကြိုပြောထားရရင် ဒီပစ္စည်း ရောင်းရမရတော့ ငါမသိဘူးနော်၊ သားမွှေးသားရေဆိုတာ ကလေးကစားစရာ မဟုတ်ဘူး၊ ဒါတွေက မြေခွေးနဲ့ ကျားသားရေတွေဆိုတော့ ဈေးနှုန်းက အတော်လေး မြင့်နေတုန်းပဲ။”

“ဒါကိုတော့ ငါ သိပါတယ်။”

မာကျန်း : “ဒါဆို မနက်ဖြန် ငါ လာခဲ့မယ်။”

ချန်ချင်းယွီ : “ကောင်းပြီ။”

ချန်ချင်းယွီထံတွင် ခရီးပန်းလာသည့် နွမ်းနယ်မှုအချို့ ရှိနေသည်ကို ရိပ်မိကြ၍ထင်၏၊ သူတို့သည် အလုပ်ပြီးသည်နှင့် ကြာရှည် မနေကြဘဲ လျင်မြန်စွာပင် နှုတ်ဆက် ထွက်ခွါသွားကြပြီး ချန်ချင်းယွီအား ဒုက္ခမပေးကြချေ။ အဘွားကြီးကျောက်သည် ဘေးတွဲမော်တော်ဆိုင်ကယ်ကို မောင်းနှင်ကာ ချန်ချင်းယွီကို တင်၍ အိမ်သို့ ပြန်ခဲ့ကြသည်။

အဘွားကြီးကျောက် : “ဟဲဟဲ... ဒီကားကို မောင်းပြီး ထွက်လာတိုင်း ငါ့ကိုယ်ငါ လမ်းပေါ်မှာ အတော်ဆုံး အဖွားကြီးလို့ ခံစားရတာပဲ။”

ချန်ချင်းယွီ : “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အမေက အတော်ဆုံးပါပဲ။”

သူတို့သည် လမ်းတစ်လျှောက် ပြန်လာခဲ့ကြစဉ် အဘွားကြီးကျောက်မှာ ဆိုလိုက်သည်။

“ငါတို့ အိမ်က ဒီနေရာလေးက တကယ်ကို ကောင်းတာ၊ တစ်ခုတည်းသော မကောင်းတာက အိမ်နီးနားချင်းတွေက စည်းစနစ် အရမ်းကြီးကြတာပဲ။ နင် စဉ်းစားကြည့်ပါဦး၊ အားလုံး စုထိုင်ပြီး ဖရုံစေ့ကိုက်ရင်း သိုးမွေးအင်္ကျီလေး ဘာလေး ရက်ရင် ဘယ်လောက် ကောင်းမလဲ။ သူတို့ကကျ အကုန်လုံး ယဉ်ကျေးမှုရှိရှိ ရင်းနှီး စကားပြောရတာမျိုး ဖြစ်နေတယ်။ ငါ့မှာ စကားလက်ဆုံ ပြောဖော်တောင် မရှိဘူး။”

ချန်ချင်းယွီ ခပ်ပြုံးပြုံးလေး လုပ်နေစဉ်၊ အဘွားကြီးကျောက်မှာ ဆက်၍

“ဒီအချက်ကတော့ ငါတို့ အိမ်နီးနားချင်းဟောင်းတွေကို မမီဘူး။”

ဆိုင်ကယ်မောင်းနေသော်လည်း အဘွားကြီးကျောက်၏ တတွတ်တွတ် စကားပြောမှုကိုမူ လုံးဝ မတားဆီးနိုင်အေ။

“ငါ ဒီရက်ပိုင်း ဟိုဘက်သွားပြီး စကားပြောတော့၊ ရှီရှောင်ဝေက နောက်တစ်ခါ ကြင်ဖက်တွေ့ဆုံပွဲ လုပ်ပြန်ပြီ၊ မအောင်မြင်သေးဘူး။ အခုဆို သူက ဘယ်အမျိုးအစားမဆို သွားတွေ့နေတာ၊ ဒါပေမဲ့ အခြေခံအားဖြင့် အဆင်မပြေဘူး။ နင် ပြောကြည့်ပါဦး... သူ ဘာလုပ်နေတာလဲ၊ အသက်ကလည်း သုံးဆယ်နီးပါး ရောက်နေပြီ၊ ယောက်ျားကြီး တန်မဲ့နဲ့ တုတ်တုတ်မလှုပ်ဘဲ မိန်းကလေးလောက်တောင် အသုံးမကျဘူး။”

“လီလင်းလင်းလည်း ထိန်းမရ သိမ်းမရ ပုံစံပါပဲ၊ ယွမ်မိသားစု နားမှာပဲ တဝဲလည်လည် လုပ်နေတာ၊ လွန်ခဲ့တဲ့နှစ် တင်းတင်းကျပ်ကျပ် နှိမ်နင်းတုန်းက ဘယ်သူမှ သတင်းမပို့လို့ တော်သေးတာပေါ့။ မဟုတ်ရင် သူလည်း ရှုပ်ထွေးတဲ့ အမျိုးသားအမျိုးသမီး ဆက်ဆံရေး အောက် ရောက်သွားမှာ။ ဘာတဲ့... သွေးသောက်အစ်ကိုညီမအဖြစ် အသိအမှတ်ပြုလိုက်ရုံနဲ့ သူတို့ ဘာပြဿနာရှာနေလဲ ငါတို့ မသိဘူး ထင်နေတာလား။ နေ့စဉ်နေ့တိုင်း ကျောက်ရုံနားမှာ ဝဲနေတာ၊ ကျောက်ရုံကိုလည်း အမေခေါ်လိုက်၊ ဒေါ်လေးခေါ်လိုက်နဲ့။ ချွေးမထက်တောင် ရင်းနှီးနေသေးတယ်၊ ကွမ်ထင်းထင်းက ဒါကို ဘယ်လိုများ သည်းခံနေလဲ မသိဘူး။”

ချန်ချင်းယွီ : “ကွမ်ထင်းထင်းက စိတ်ထဲကနေ ‘ငါ့ယောက်ျားကို စွဲမက်နေတဲ့သူ ရှိတာ ငါ့ယောက်ျားက ဆွဲဆောင်မှု ရှိလို့ပဲ’ လို့ ထင်နေတာ ဖြစ်မယ်။ ပြီးတော့ ပိုက်ဆံမပေးဘဲ အလကား ခိုင်းစားလို့ရနေတာ၊ ဘာလို့ မကြိုက်ဘဲ နေရမှာလဲ။ ဒါတောင် နှစ်ပေါင်းများစွာ ကြာသွားပြီ၊ လီလင်းလင်းက ပိုက်ဆံတစ်ပြားမှ မရတဲ့အပြင် သူ့အိမ်အတွက် ပိုက်ဆံရှာပေးနေရသေးတယ်၊ နွားနဲ့ မြင်းလိုမျိုး ကြိုးကြိုးစားစား လုပ်ပေးနေတာကို ဘယ်သူက မကြိုက်ဘဲ နေမှာလဲ။ သူတို့အိမ်က အကျိုးအမြတ် ရနေတာဆိုတော့ ကွမ်ထင်းထင်းက စိတ်ထဲ သိပ်မထားတော့တာပေါ့။”

နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သော်လည်း အိမ်ဝင်းကြီးမှာ ပြောင်းလဲမှု သိပ်မရှိပေ။ ပြောင်းလဲမှု ရှိသည်ဟု ပြောရလျှင် ဝမ်ကျန့်ကော်တို့မိသားစု ပြောင်းရွှေ့သွားပြီး၊ ထို့နောက် ချန်ချင်းယွီတို့ မိသားစု ပြောင်းရွှေ့သွားခြင်းပင် ဖြစ်၏။ အခြားသူများမှာမူ မပြောင်းရွှေ့ကြဘဲ ကြီးမားသည့် အပြောင်းအလဲများလည်း မရှိကြချေ။

ရှီရှောင်ဝေနှင့် လီလင်းလင်း တို့သည် နောက်လိုက်ခွေးဘဝ၊ ခြေတော်တင်ဘဝဖြင့် ဆက်လက် တည်ရှိနေဆဲ ဖြစ်၏။

မာမိသားစုနှင့် အဒေါ်ကြီးမေ့မိသားစုတို့သည် ဘဝအတွက် ပိုက်ဆံရှာရန် ဆက်လက် ရုန်းကန်နေကြဆဲပင်။

သြော်... ဒါနဲ့၊ ကျောက်ရုံ ထောင်မှ လွတ်လာခဲ့ပြီ ဖြစ်ပြီး၊ အဘွားကြီးဟွမ်လည်း ထောင်မှ လွတ်လာခဲ့ပြီ ဖြစ်၏။

သို့သော်လည်း ထောင်ထဲ တစ်ကြိမ် ရောက်ဖူးသွားကြသဖြင့် ထိုနှစ်ဦးလုံးသည် နောက်ဆုံး၌ ငြိမ်သက်သွားခဲ့ကြပြီး အိမ်ဝင်းကြီးအတွင်း ခါတိုင်းကဲ့သို့ နေရာတကာ မပါကြတော့ပေ။

သူတို့သည် အိမ်ဝင်းကြီးအတွင်း ပြဿနာ မရှာကြတော့သော်လည်း၊ အိမ်တွင်း၌မူ အနည်းငယ် ဒေါသထွက်စရာများ ရှိနေပေသည်။ သို့သော်လည်း ထောင်ကျဖူးသူများ ဖြစ်သွားကြသဖြင့် မည်သူမျှ သူတို့ကို အလိုမလိုက်ကြချေ။

အဘွားကြီးဟွမ် ဆိုပါက၊ သူမ ထောင်ကျနေစဉ် အိမ်၌ ချွေးမတစ်ယောက် ရောက်ရှိလာခဲ့ရာ၊ သူမသည် ယောက္ခမ အရှိန်အဝါ ပြကာ ချွေးမအား နိုင်ထက်စီးနင်း လုပ်ချင်ခဲ့သော်လည်း၊ ထို ရှောက်ဖန်း ဆိုသည့် မိန်းကလေးမှာ သာမန်မိန်းမ မဟုတ်ချေ။ အဘွားကြီးဟွမ်ကို ဂြိုဟ်မွှေကာ တဝဲလည်လည် ဖြစ်အောင် လုပ်ပစ်ခဲ့၏။

ကျောက်ရုံသည်လည်း အိမ်၌ ယခင်ကဲ့သို့ စကားပြောခွင့် ရချင်သေးသော်လည်း၊ ထိုသည်မှာ လုံးဝ မဖြစ်နိုင်တော့သည့် ကိစ္စပင် ဖြစ်၏။

အဘွားကြီးကျောက်၏ တစ်လမ်းလုံး တတွတ်တွတ်စကားပြောသံကို ချန်ချင်းယွီက စိတ်ဝင်တစား နားထောင်ရင်း နောက်ဆုံး၌ အိမ်သို့ ရောက်ရှိလာခဲ့ကြသည်။ အဘွားကြီးကျောက်သည် အိမ်ထဲ၌ မှောင်မဲနေသည်ကို ကြည့်ကာ

“သူတို့ ကျောင်းက မဆင်းသေးဘူး၊ စဉ်းစားကြည့်ရင် အခုခေတ်က အံ့ဩစရာပဲ၊ အလယ်တန်း ရောက်တာနဲ့ ဒီလောက် ပင်ပန်းနေရတယ်၊ ကလေးတွေ စာသင်ရတာ တကယ် မလွယ်ဘူး။”

ချန်ချင်းယွီ နာရီကို ကြည့်လိုက်ရင်း

“ဒါ ငါးနာရီကျော်ရုံပဲ ရှိသေးတာ၊ ကျောင်းမဆင်းသေးတာ ပုံမှန်ပါပဲ။”

ဆောင်းရာသီတွင် မိုးစောစော မှောင်တတ်ရုံမျှသာ ဖြစ်၏။

အဘွားကြီးကျောက် : “မိုးမှောင်သွားပြီ၊ ငါ သူတို့ကို သွားကြိုလိုက်ဦးမယ်။”

ချန်ချင်းယွီ : “ကျွန်မ သွားလိုက်ပါ့မယ်။”

အဘွားကြီးကျောက် : “မလိုပါဘူး၊ နင်လည်း ပင်ပန်းလာတာပဲ၊ နားလိုက်ပါဦး။”

ရှောင်ကျားနှင့် ရှောင်ယွမ် တို့တွင် စက်ဘီးကိုယ်စီ ရှိကြသော်လည်း၊ အဘွားကြီးကျောက်သည် သူတို့ကို ခကြာခဏ သွားရောက် ကြိုပို့ပေးလေ့ရှိသည်။

အင်း... သူမသည် မိမိကိုယ်ကို အတော်ဆုံး အဘွားကြီးအဖြစ် ကြွားဝါချင်၍ မဟုတ်ပေ…

ဘေးတွဲမော်တော်ဆိုင်ကယ်ကို စီးပြီး ဟိုဟိုဒီဒီ သွားချင်၍လည်း မဟုတ်ပေ…

သူမသည် ထိုသို့ ကြွားဝါတတ်သည့်သူ လုံးဝ မဟုတ်ပေ…

အဟမ်း… လုံးဝ မဟုတ်ပါဘူးနော်…

အဘွားကြီးကျောက်သည် ဆိုင်ကယ်ကို မောင်းနှင်ကာ လျှင်မြန်စွာ ထွက်ခွာသွားခဲ့ပြီး၊ ချန်ချင်းယွီမှာမူ ဆာလာအိတ်ကြီးကို ကိုင်ဆောင်ကာ အိမ်ထဲသို့ ဝင်ရောက်သွားခဲ့တော့၏။

စစ်ဟဲယွမ် ရှေးဟောင်းအိမ်ကြီး၌ နေထိုင်ရသည်မှာ တိုက်ခန်းတွင် နေထိုင်ရသည်ထက် မကောင်းသည့် တစ်ခုတည်းသော အချက်ရှီသည်…၎င်းမှာ ဆောင်းရာသီတွင် ပိုမို ဒုက္ခရောက်ခြင်းပင်။ မီးဖိုကို မိမိဘာသာ မီးမွှေးရပေသည်။ သူတို့ မိသားစုသည် ကျောက်မီးသွေးကို တွန့်တိုခြင်း မရှိဘဲ ရက်ရက်ရောရော သုံးစွဲကြပြီး၊ သွားလာလှုပ်ရှားသူ မရှိသည့် အချိန်များ၌ပင် မီးဖို၏ မီးကို အဖုံးအုပ်၍ ထိန်းထားလေ့ရှိသော်လည်း၊ မည်သို့ပင်ဖြစ်စေ တိုက်ခန်းများကဲ့သို့မူ နွေးထွေးမှု မရှိဘဲ အတော်လေး ကွာခြားလှပေသည်။

ချန်ချင်းယွီသည် ပစ္စည်းများကို ချထားလိုက်ပြီး မီးဖို စတင် မီးမွှေးလိုက်၏။

အဘွားကြီးကျောက် ကလေးများကို ခေါ်ဆောင်၍ ပြန်ရောက်လာသည့် အချိန်တွင် ချန်ချင်းယွီသည် အခန်းအသီးသီးရှိ မီးဖိုများကို မီးမွှေးပြီးစီးသွားပြီဖြစ်ရာ၊ အခန်းထဲ၌လည်း နွေးထွေးသည့် အငွေ့အသက်များ လွှမ်းမိုးနေပြီ ဖြစ်သည်။

“မေမေ... မေမေ...”

ရှောင်ယွမ်သည် လူမဝင်လာသေးမီမှာပင် တအိအိဖြင့် လှမ်းအော်နေပြီး၊ တံခါးဝသို့ ဝင်လာသည်နှင့် ချန်ချင်းယွီ၏ ရင်ခွင်ထဲသို့ ပြေးဝင်ဖက်တွယ်လိုက်ကာ

“မေမေ... သမီး မေမေ့ကို လွမ်းနေတာ။”

ချန်ချင်းယွီ : “သမီးက မေမေ့ကို လွမ်းတာလား၊ ဒါမှမဟုတ် ယူလာတဲ့ လက်ဆောင်တွေကို လွမ်းတာလား။”

“ဒါပေါ့... မေမေ့ကို လွမ်းတာပေါ့၊ မေမေက သမီးကို အထင်မလွဲပါနဲ့။”

ချန်ချင်းယွီ ရယ်မောမိသွားသည်။

ရှောင်ကျားသည်ပါ ဘေးသို့ တိုးကပ်လာပြီး

“မေမေ... ဒီတစ်ခေါက် ခရီးမှာ ပင်ပန်းသွားပြီ မဟုတ်လား။”

ချန်ချင်းယွီ : “အဆင်ပြေပါတယ်၊ နည်းနည်း အန္တရာယ်ရှိတာကလွဲရင် အခြား ဘာမှမရှိပါဘူး။”

ဤသို့သော ကိစ္စများကို ချန်ချင်းယွီသည် ကလေးများအား မည်သည့်အခါမျှ ဖုံးကွယ်ထားလေ့ မရှိချေ။ သူတို့ မိသားစု၏ စီးပွားရေး အခြေအနေ ကောင်းမွန်သည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ ချန်ချင်းယွီသည် ကလေးများကို ဘာမှမသိဘဲ အပြစ်ကင်းစင်လွန်းသည့် လူအမျိုးအစားအဖြစ် မကြီးပြင်းစေချင်သည်မှာ အမှန်ပင်။ ထို့ကြောင့် ဤနှစ်များအတွင်း ဖြစ်ပျက်သမျှ ဘဝအတွေ့အကြုံများနှင့် အိမ်၌ ပိုက်ဆံရှာသည့် ကိစ္စရပ်များကို ကလေးများနှင့်အတူ ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးလေ့ရှိသည်။

“မေမေက ပန်းသွားရောင်းတာ မဟုတ်ဘူးလား။ အဲဒါကလည်း အန္တရာယ် ရှိလို့လား။”

ရှောင်ယွမ်သည်လည်း အလေးအနက် ဖြစ်သွားပြီး၊ မျက်နှာလေးမှာ ရုတ်တရက် တင်းမာသွား၏။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အရပ်အမောင်း မြင့်မားလာကြသော်လည်း၊ အခြေခံအားဖြင့် အလယ်တန်းကျောင်းသားများသာ ရှိကြသေးရာ မျက်နှာလေးများမှာ ကလေးသဘာဝ အပြစ်ကင်းစင်မှုများ ကျန်ရှိနေသေးပေသည်။

“မေမေ... ဘာဖြစ်လို့လဲဟင်။”

အမွှာများဖြစ်ကြပြီး အသက်အရွယ် အတူတူပင် ဖြစ်သော်လည်း၊ ရှောင်ကျားသည် မိမိကိုယ်မိမိ အိမ်၏ တစ်ဦးတည်းသော အမျိုးသားအဖြစ် ခံယူထားသဖြင့် အိမ်တွင်းကိစ္စများကို အတော်အတန် စိတ်ပူတတ်ပေသည်။ အိမ်၏ စိစစ်ရေးမှူးလေး တစ်ဦးကဲ့သို့ပင်…

ချန်ချင်းယွီ : “ဟုတ်တယ်၊ မေမေက ပုံမှန်အတိုင်း ပန်းသွားရောင်းတာပါ။ ဒါပေမဲ့ မေမေ ရောင်းလိုက်တဲ့ ပမာဏက များလွန်းတော့ အခြားသူတွေရဲ့ စောင့်ကြည့်တာကို ခံလိုက်ရတာပေါ့။ ဒါ့အပြင် စဉ်းစားကြည့်လေ၊ တစ်လ လုပ်ခလစာမှ ဘယ်လောက်ရလို့လဲ၊ ပန်းတစ်အိုးက ရုတ်တရက် ချမ်းသာသွားစေနိုင်တာလေ။ လူတွေရဲ့ စိတ်က မယိမ်းယိုင်ဘဲ နေမလား။ မေမေလည်း စဉ်းစားမိပါတယ်၊ ဒီလောက် အများကြီး သယ်သွားရင် လူတွေရဲ့ စောင့်ကြည့်တာခံရမယ်ဆိုတာ၊ အဲဒါကြောင့် စောစောစီးစီး ရုပ်ဖျက်ထားခဲ့တာ။ ဒါပေမဲ့ ဒီလို လုပ်ထားတာတောင်မှ ပန်းရောင်းပြီးတိုင်း ထွက်လာရင် နောက်က လိုက်လာတဲ့သူတွေ ရှိတယ်။ မေမေက ကိုယ်ခံပညာ ကောင်းလို့သာ မသိမသာ မရမက ရုန်းထွက်နိုင်ခဲ့တာ။”

“ဒီလောက်တောင် အန္တရာယ် များတာလား။”

ရှောင်ကျား မျက်မှောင်ကြုတ်လိုက်ရင်း

“သူတို့ကို တားဆီး ထိန်းချုပ်ပေးမယ့်သူ မရှိဘူးလား။”

ချန်ချင်းယွီ : “ရှိတာပေါ့၊ အနည်းဆုံးတော့ ဈေးကွက်ထဲမှာ အတော်လေး ဘေးကင်းပါတယ်။ မဟုတ်ရင် မေမေလည်း အဆင်ပြေပြေ ရောင်းနိုင်မှာ မဟုတ်ဘူး။ နားလည်ထားရမှာက... လူတွေ ကောင်းသလား၊ မကောင်းဘူးလားဆိုတဲ့ ပြဿနာ မဟုတ်ဘူး၊ ကြီးမားတဲ့ မက်မောစရာ ရလဒ်တွေ ရှေ့မှာ အပြစ်မလုပ်မိဖို့ ဆိုတာ မလွယ်ဘူးလေ။ မေမေ ဂရုစိုက် စေ့စပ်တာက အနည်းငယ် ပိုတယ်လို့ ထင်ရပေမဲ့၊ ကြည့်ပါဦး... မေမေ ပြဿနာအများကြီးကို ရှောင်လွှဲနိုင်ခဲ့တယ် မဟုတ်လား။ သားတို့ သမီးတို့လည်း အလုပ်လုပ်တဲ့အခါ သတိထားကြ၊ ပိုပြီးတော့လည်း ဂရုစိုက်ကြ။”

“သမီးတို့ နားလည်ပါပြီ။”

ချန်ချင်းယွီ : “ဒါနဲ့... သားတို့ သမီးတို့ကော၊ စာမေးပွဲ ရာသီ ရောက်တော့မယ်ဆိုတော့ ဘယ်လိုလဲ။”

“အဆင်ပြေပါတယ်”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ နှစ်ဦးလုံးသည် စာပေသင်ကြားရေးတွင် ထူးချွန်ကြ၏။ ချန်ချင်းယွီမှာ သူတို့ကို မည်သည့် ဖိအားမှ မပေးသော်လည်း၊ ကလေးနှစ်ဦးလုံးသည် မိခင် ဝမ်းသာစေရန်အတွက် ကြိုးစားပြချင်ကြပေသည်။ ဘာပဲပြောပြော သူတို့၌ ယခုကဲ့သို့ အေးဆေးချမ်းသာသည့် ဘဝကို ပိုင်ဆိုင်ထားရခြင်းမှာ မိခင်ကျေးဇူးတရားကြောင့် ဖြစ်၏။

ရှောင်ကျား : “မေမေ စိတ်ချပါ၊ သားတို့ စာကို သေချာ ကြိုးစားပါမယ်။ ဒါနဲ့... မေမေ က နောက်ပိုင်း ကျွင်းကျစ်လန်ပန်းတွေကို သွားရောင်းဦးမှာလား။ သားတို့အိမ်က ပန်းတွေကို အကုန် ရောင်းလိုက်ပြီလား။”

ချန်ချင်းယွီ : “အကုန် ရောင်းလိုက်ပြီ၊ ကာလတိုအတွင်း မေမေ ထပ်ပြီး မစိုက်ပျိုးတော့ဘူး။”

သူမသည် မူလကတည်းက ပိုက်ဆံရရှိရန်အတွက်သာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး… မဟုတ်ပါက ဤသို့ ပင်ပန်းခံမည် မဟုတ်ပေ။

ချန်ချင်းယွီမှာ အသေးစိတ်ကျသည့် အမျိုးအစား မဟုတ်ရာ၊ ပန်းပင်များကို ပြုစုစောင့်ရှောက်ရသည်မှာလည်း အတော်လေး ဒုက္ခရောက်ပေသည်။ သူမသည် ပန်းပင်များ ပျက်စီးသွားမည်၊ သေဆုံးသွားမည်ကို တစ်နေ့ကုန် ပူပန်နေရခြင်းထက် မိမိစိတ်ကြိုက် လွတ်လပ်စွာ နေထိုင်ရခြင်းကို ပိုမို နှစ်သက်ပေသည်။ ယခု သူမ၏ အိမ်ဝင်းအတွင်း၌ နှင်းဆီပန်းများစွာ စိုက်ပျိုးထားခဲ့၏။

ချန်ချင်းယွီသည် ဤသို့သော ပူပြင်း တောက်ပသည့် ပန်းများကို နှစ်သက်လေသည်။

နှင်းဆီပန်းမှာ ပြုစုရ အလွန်လွယ်ကူသည် မဟုတ်သော်လည်း ခက်ခဲလွန်းလှသည်လည်း မဟုတ်ချေ။ စိုးရိမ်တထိတ်ထိတ်ဖြင့် ပြုစုစောင့်ရှောက်စရာ မလိုဘဲ၊ ပိုမို ကောင်းမွန်စွာပင် စိုက်ပျိုးနိုင်၏။

“မစိုက်ချင်ရင်လည်း မစိုက်နဲ့တော့၊ ပန်းရောင်းတာက တကယ်ကို ကြောက်စရာ ကောင်းတာပဲ။”

ချန်ချင်းယွီ ခေါင်းငြိမ့်လိုက်၏။

“ဟုတ်တာပေါ့၊ ဒါပေမဲ့ မေမေ မစိုက်တော့တာက ပန်းရောင်းရတာ အန္တရာယ်ရှိလို့ မဟုတ်ဘူး၊ ဒီစီးပွါးရေး ဖောင်းပွမှုကြီးက ကြီးမားလွန်းနေလို့ပဲ။ လူတိုင်း ပန်းစိုက်ပျိုးလာကြပြီဆိုရင် ဒီဖောင်းပွမှုကြီး ပေါက်ကွဲတော့မယ်ဆိုတာကို ညွှန်ပြနေတာပဲ။”

ရှောင်ကျား ခဏမျှ စဉ်းစားလိုက်ပြီး စည်းချက်ကျကျ ခေါင်းငြိမ့်လိုက်သည်။

“မေမေ ပြောတာ မှန်ပါတယ်။”

သူတို့ မောင်နှမနှစ်ဦးသည် အပြစ်ကင်းစင်လွန်းသည့် ကလေးများ မဟုတ်ကြချေ။ အိမ်၏ အခြေအနေ ကောင်းမွန်သဖြင့် သူတို့သည် ဗဟုသုတ များစွာရှိကြပြီး စာအုပ်များစွာ ဖတ်ရှုဖူးကြရာ၊ နည်းနည်း စဉ်းစားကြည့်ရုံဖြင့် နားလည်နိုင်ကြပေ၏။

“ကဲပါ... ဒါတွေကို မပြောတော့ပါဘူး၊ လက်ဆေးကြတော့၊ ထမင်းစားဖို့ ပြင်ရအောင်။ မေမေ ဒီတစ်ခေါက် ဒေသထွက် ကုန်ပစ္စည်းအချို့ ဝယ်လာခဲ့တယ်၊ ခဏနေကျရင် ခွဲဝေကြတာပေါ့။”

“ဟုတ်...”

“သြော်... ဒါနဲ့၊ မေမေ သားရေထည် အခင်းလေးတွေပါ ဝယ်လာခဲ့တယ်၊ ခဏကျရင် ကိုယ့်အခင်းကိုယ် ခင်းလိုက်ကြနော်၊ ဆောင်းရာသီမှာ နွေးထွေးနေမှာ သေချာတယ်။”

“မေမေက အကောင်းဆုံးပါပဲ။”

ချန်ချင်းယွီ : “ဒါပေါ့၊ မေမေ လုပ်တာထက် ပိုကောင်းတဲ့သူ မရှိပါဘူး။”

အဘွားကြီးကျောက်သည် မိမိ၏ မျက်လုံးလှန်ကြည့်ချင်သည့် စိတ်ကို မနည်း ထိန်းချုပ်လိုက်ရ၏၊ ဤချွေးမလေးသည် တကယ်ကို ကြွားဝါလွန်းပေသည်။

“ငါ ထမင်းဟင်းတွေ သွားပြင်လိုက်ဦးမယ်။”

အမှန်တကယ်အားဖြင့် အသင့်ပြင်ဆင်ပြီးသား ဝယ်ယူလာခဲ့ခြင်း ဖြစ်သော်လည်း၊ အနည်းငယ် အေးစက်နေပြီဖြစ်ရာ မီးဖိုပေါ်တွင် ပြန်လည် နွေးပေးရဦးမည်သာ။

သူတို့ မိသားစုသည် ဤနေရာသို့ ပြောင်းရွှေ့လာခဲ့ကြသဖြင့် အဒေါ်ကြီးမေ့အား နေ့စဉ် ထမင်းဟင်း ချက်ပြုတ်ခိုင်းရန် မဖြစ်နိုင်တော့သော်လည်း၊ ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမမှာ ထမင်းဟင်း ချက်ပြုတ်ရသည်ကို အမှန်တကယ်ပင် သိပ်မနှစ်သက်ကြချေ။ ယခင်က နည်းလမ်းမရှိ၍သာ ဖြစ်ပြီး၊ ယခုအခါ နည်းလမ်းရှိလာပြီဖြစ်ရာ ပိုက်ဆံအကုန်အကျခံရန်သာ ပိုမို လိုလားကြပေသည်။

ဆောင်းရာသီတွင် ပေါက်စီနှင့် ဖက်ထုပ်များကို အမြောက်အမြား ပြုလုပ်လေ့ရှိပြီး၊ အဒေါ်ကြီးမေ့အား ငှားရမ်းကာ အများအပြား ထုပ်ခိုင်း၍ အိတ်များဖြင့် စနစ်တကျ ထုပ်ပိုးထားကြ၏။ ဤသို့သော ရာသီဥတုတွင် ပျက်စီးသွားခြင်း မရှိဘဲ ကာလရှည်ကြာ သိမ်းဆည်းထားနိုင်ပေသည်။

ထို့အပြင် ချဉ်ဖတ်သိပ်ထည့်ထားသည့် အိုးကြီးများမှာလည်း အလွန်ပင် ကောင်းမွန်လှပေသည်။

နွေရာသီတွင် ဆောင်းရာသီကဲ့သို့ မလွယ်ကူသော်လည်း အဘွားကြီးကျောက်သည် အဒေါ်ကြီးမေ့ထံ ခကြာခဏ သွားရောက်လေ့ရှိ၏။ ပစ္စည်းများကို ကြာရှည် မသိမ်းဆည်းနိုင်ပါက ခရီးမကြာခဏ သွားရောက်ရုံမျှသာ ဖြစ်ပြီး၊ မည်သို့ပင်ဖြစ်စေ အဘွားကြီးကျောက်သည်လည်း ဟိုဘက်သို့ သွားရောက်ကာ စကားစမြည် ပြောဆိုချင်နေသူ ဖြစ်ပေသည်။

ချန်ချင်းယွီ : “မနက်ဖြန်ညကျရင် တို့တွေ တုန်းလိုင်ရွှင့်စားသောက်ဆိုင်ကို သွားကြမလား။ ဟော့ပေါ့လေး စားချင်လို့။”

“ကောင်းတာပေါ့။”

သူတို့ အိမ်၌လည်း ကြေးဟော့ပေါ့အိုး ရှိသော်လည်း အပြင်ထွက် စားသောက်သည်လောက် အဆင်မပြေချေ။

အဘွားကြီးကျောက် : “ငါ အဒေါ်ကြီးမေ့ကို ပြောထားတယ်၊ တို့ဟူး အများကြီး ဝယ်ပြီး တို့ဟူးခဲ လုပ်ထားခိုင်းထားတယ်။ နှစ်သစ်ကူး မတိုင်မီ သွားယူပြီးရင် ငါတို့အိမ်မှာ မုန်လာချဉ်နဲ့ ချက် စားကြတာပေါ့။”

ချန်ချင်းယွီ : “ကောင်းတာပေါ့၊ ဟော့ပေါ့ထဲ ထည့်ပြုတ် စားလို့လည်း ရတာပဲ။”

“ဒါပေါ့။”

မိသားစုတစ်စုလုံး အတူတကွ ညစာ စားသုံးကြရင်း ချန်ချင်းယွီမှာ စကားစလိုက်သည်။

“ခဏနေ စားပြီးရင် အပြင်ထွက်ပြီး ရေချိုးလိုက်ဦးမယ်၊ သားတို့ သမီးတို့ လိုက်မလား။”

“လိုက်မယ်...”

ချန်ချင်းယွီသည် ပြန်ရောက်တိုင်း ရေချိုးလေ့ရှိ၏၊ ရထားပေါ်တွင် တစ်လမ်းလုံး ပေရေညစ်ပတ်လာခဲ့ရရာ တကယ်ကို သည်းမခံနိုင်ပေ။

“ဒီနှစ် နှစ်သစ်ကူးက စောတယ်၊ ဒီတစ်ခေါက် လက်ကားရောင်းချတဲ့ ကိစ္စတွေ ပြီးသွားရင် တို့တွေ နှစ်သစ်ကူး ပစ္စည်းတွေ ဝယ်ယူပြင်ဆင်ရတော့မယ်။ ဒီနှစ် သိုးသားနဲ့ အမဲသား ပိုပြီး ဝယ်ကြရအောင်၊ ပေါက်စီ လုပ်ကြတာပေါ့။”

“ညည်း ပြောတဲ့အတိုင်းပဲ လုပ်တာပေါ့။”

ချန်ချင်းယွီတို့ မိသားစု၏ ဘဝမှာ ပိုမို ကောင်းမွန်လာပြီး တဟုန်ထိုး တိုးတက်နေသော်လည်း၊ အိမ်တိုင်း အိမ်တိုင်းမှာ ထိုသို့မဟုတ်ပေ။ ကံကောင်းသည်မှာ သူတို့ မိသားစုသည် ယခုအခါ သီးသန့် အိမ်ဝင်းကြီးဖြင့် နေထိုင်ကြသဖြင့် စားသောက်သည့်အခါ အခြားသူများအား အားနာစရာ မလိုတော့ချေ။ အကယ်၍ ယခင်အိမ်ဝင်းကြီးထဲတွင်သာ ဆက်လက် နေထိုင်နေပါက သတိထားပြီးရင်း သတိထားနေရပေလိမ့်မည်။ အစားအသောက် ကောင်းမွန်စွာ စားသောက်နိုင်သော်လည်း အနည်းနှင့်အများ ရှောင်ကွင်းနေရဦးမည် ဖြစ်၏၊ သို့သော် ယခုအခါတွင်မူ အများကြီး ပိုမို ကောင်းမွန်သွားခဲ့ပြီ ဖြစ်သဖြင့် မိမိစိတ်ကြိုက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။

ချန်ချင်းယွီသည် အပြင်မှ ပြန်လည်ရောက်ရှိလာသော်လည်း အမှန်တကယ်အားဖြင့် နားနေရခြင်း မရှိချေ၊ ရေချိုးပြီး ပြန်လာသောအခါ စာရင်းဇယားများကို တွက်ချက်ရဦးမည် ဖြစ်၏။ ဘာပဲပြောပြော မနက်ဖြန်တွင် အပြင်သို့ လက်ကားစတင် ရောင်းချတော့မည် မဟုတ်လော့။

“မနက်ဖြန်ကျရင် အမေ မှောင်ခိုဈေးဘက် သွားပြီး ဟိုဘက်က ဆိုင်ခန်းအချို့ကို ကျွန်မတို့မှာ ကုန်ပစ္စည်းတွေ ရှိကြောင်း သွားပြောလိုက်ပါ။”

“ကောင်းပြီ။”

မှောင်ခိုဈေးဟု ခေါ်ဆိုကြသော်လည်း ဤသည်မှာ အမည်ဟောင်းမျှသာ ဖြစ်ပြီး၊ မူလ မှောင်ခိုဈေးနေရာ၌ ယခုအခါ သာမန် ဈေးကွက်ငယ်လေး ဖြစ်နေပြီ ဖြစ်၏။ လူထုက စျေးကွက်စတင် လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။ ချန်ချင်းယွီ လက်ကားစီးပွားရေး စတင် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်းတွင် ထိုသူ အမြောက်အမြားသည် ချန်ချင်းယွီထံမှ ကုန်ပစ္စည်းများ လာရောက် ဝယ်ယူကြ၏။

မည်သို့ပင်ဖြစ်စေ အရင်းအနှီး လှည့်ပတ်မှု လုံလောက်စွာ မရှိသေးသည့် အချိန်တွင် ချန်ချင်းယွီထံ လာရောက် ကုန်ပစ္စည်းယူခြင်းကို ပိုမို လိုလားကြပေသည်။

သူတို့ အခြားဒေသသို့ သွားရောက်ပါက ကုန်ကျစရိတ်မှာလည်း မနည်းလှဘဲ ရက်ပေါင်းများစွာ အချိန်ကုန်ဆုံးရဦးမည် ဖြစ်၏။

“ငါ ကြည့်ရတာ မာကျန်းက စိတ်ဝင်စားနေတဲ့ ပုံပဲ။”

ချန်ချင်းယွီ : “ပုံမှန်အတိုင်း ကုန်ပစ္စည်း လာယူရင် ပြဿနာ မရှိပါဘူး။”

ချန်ချင်းယွီသည် မည်သူ ကုန်ပစ္စည်း လာယူသည်ကို ဂရုမစိုက်ချေ၊ ဘာပဲပြောပြော သူမအတွက်မူ ပိုက်ဆံ ရရှိနေသည်မှာ အတူတူပင် ဖြစ်၏။

ချန်ချင်းယွီ ပြန်ရောက်လာပြီးနောက် နားနားနေနေ မရှိဘဲ အလုပ်ရှုပ်နေခဲ့သလို… ဟိုဘက် အိမ်

ဝင်းကြီးအတွင်း၌လည်း မာကျန်းနှင့် ချိုက်မင်မင်တို့နှစ်ဦးသည် စားပွဲတွင် ထိုင်ကာ စာရင်းတွက်ချက်နေကြသည်။

“ငါတို့ဆီမှာ ပိုက်ဆံ ဘယ်လောက် ထုတ်ယူလို့ ရမလဲ။”

“သောင်းဂဏန်းလောက်တော့ အေးဆေး ထုတ်လို့ရပါတယ်။”

သူတို့ မိသားစုသည် စီးပွားရေး လုပ်ကိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ၊ လက်ထဲတွင် သောင်းဂဏန်းမျှ ထုတ်ယူရန် အလွန်ပင် လွယ်ကူလှပေသည်။ ဘဏ်တွင်လည်း စုငွေများ ရှိသေးရာ၊ ထိုသည်မှာ ရက်ချိန်းမပြည့်သေးသဖြင့် ထုတ်ယူ၍ မရသေးခြင်း ဖြစ်၏။

“ဒါဆိုရင် သောင်းဂဏန်းလောက် ပထမဆုံး ဝယ်ယူလိုက်တာပေါ့၊ ငါကြည့်ရတာ ရှောင်ချန် ဝယ်လာတဲ့ သားရေထည်တွေရဲ့ အရည်အသွေးက အရမ်းကောင်းတယ်။”

ချိုက်မင်မင်သည် မိမိ အမျိုးသား၏ အမြင်ကို ယုံကြည်သကဲ့သို့ ချန်ချင်းယွီ၏ အမြင်ကိုလည်း ယုံကြည်ပေသည်။ သို့သော်လည်း သူမ သတိပေစလိုက်၏။

“ဒါတွေက အတော်လေး ဈေးကြီးတာ၊ ရောင်းရ မလွယ်မှာ စိုးရတယ်နော်။”

မာကျန်း : “ငါ ထျန်းကျင်းဘက်ကို သွားဖို့ စီစဉ်ထားတယ်။”

“ဟင်...”

မာကျန်း : “ငါ ထျန်းကျင်းကို သွားပြီး ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တံခါးဝမှာ သွားရောင်းမလို့။ ငါတို့ မြို့တော်မှာလည်း ဝယ်မယ့်သူ အမြောက်အမြား ရှိမှာ သေချာပေမဲ့ အဲဒီအချိန်ကျရင် ပြိုင်ဆိုင်မှုလည်း ကြီးမားလိမ့်မယ်။ ငါ အခြားဒေသကို သွားရင် လမ်းစရိတ် ပိုကုန်ပေမဲ့ သိပ်တော့ မဝေးပါဘူး။ ဒီစီးပွားရေး လုပ်လို့ရတယ်လို့ ငါ ထင်တယ်၊ ဟိုဘက်မှာ ပြိုင်ဆိုင်မှု နည်းတာပေါ့။”

“ဒါဆို ကျွန်မလည်း ရှင်နဲ့အတူ လိုက်ခဲ့မယ်။”

“ဒါပေါ့၊ ငါတစ်ယောက်တည်းလည်း မလုပ်နိုင်ပါဘူး။ ဘာကိစ္စမဆို မိန်းမ ဖြစ်သူ မင်းကပဲ ငါ့အတွက် ဦးဆောင် ပဲ့ကိုင်ပေးရမှာလေ။”

“သွားပါ... ပိုပြီ။”

သူတို့နှစ်ဦး စကားပြောနေကြသော်လည်း၊ ပြတင်းပေါက် အောက်တွင် လူတစ်ယောက် ခိုးနားထောင်နေသည်ကိုမူ မသိရှိကြပေ။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ လီလင်းလင်းပင် ဖြစ်၏။

လီလင်းလင်းသည် ရှီရှောင်ဝေ၊ ယွမ်ဟောက်ရွှယ်တို့နှင့် သက်တူရွယ်တူများ ဖြစ်ကြပြီး သုံးဆယ်နီးပါး ရောက်ရှိနေပြီဖြစ်ကာ၊ အမှန်တကယ် မပြည့်သေးသော်လည်း သူမ၏ အသက်အရွယ်အရ သာမန်လူဆိုလျှင် လက်ထဲတွင် အတန်အသင့် စုဆောင်းမိထားသင့်ပြီ ဖြစ်သည်။ အထူးသဖြင့် စီးပွားရေး လုပ်ကိုင်ကာ ဆိုင်ထွက်ရောင်းသူများဆိုလျှင် မည်သူမဆို လက်ထဲတွင် ပိုက်ဆံ အနည်းနှင့်အများ ရှိကြပေသည်။

သို့သော် လီလင်းလင်းထံတွင်မူ ဘာမှမရှိချေ။

သူမသည် ယွမ်ဟောက်ဖုန်း အတွက် အလုပ်လုပ်ပေးနေသော်လည်း လုပ်ခလစာ မရရှိဘဲ၊ သူမ၏ နေ့စဉ် စားသောက်စရိတ်မှာ မိမိဘာသာ ကြုံရာကျပန်း အလုပ်လုပ်၍ ရှာဖွေရခြင်း ဖြစ်၏။ နေ့တိုင်း အလွန် ပင်ပန်းလှသော်လည်း ပို၍ ပင်ပန်းလေလေ လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းကို လက်မလွှတ်နိုင်လေလေပင်။

သူမသည် ယွမ်ဟောက်ဖုန်းနှင့်အတူ ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အပေါ်ယံ ဖုံးကွယ်ထားမှုများ ရှိနေသော်လည်း သူတို့၏ ဆက်ဆံရေးကို လူတိုင်း သိကြပေသည်။ ထို့အပြင် သူမသည် အသက်လည်း မငယ်တော့သည့်အပြင် အလုပ်လည်းမရှိ၊ ပိုက်ဆံလည်းမရှိသဖြင့် အခြား ထွက်ပေါက် လုံးဝ မရှိတော့ချေ။

သူမ၏ ဤတစ်သက်တွင် အကြီးမားဆုံး အားကိုးရာမှာ ယွမ်ဟောက်ဖုန်းပင် ဖြစ်ရာ၊ ယွမ်ဟောက်ဖုန်း လင်မယား ကွာရှင်းမည့်ရက်ကိုသာ မျှော်လင့်နေရ၏။

သို့သော် ယွမ်ဟောက်ဖုန်းသည် ဤမျှ ကြာမြင့်စွာ အချိန်ဆွဲထားပြီး လုံးဝ ကွာရှင်းမပေးခဲ့ပေ။

ယခင်က သောင်းဂဏန်းမျှ စုဆောင်းမိပါက ကွာရှင်းပေးမည်ဟု ပြောခဲ့သော်လည်း၊ နှစ်ပေါင်းများစွာ ကုန်လွန်သွားသည့်အခါ ပိုက်ဆံမှာ ပြည့်ပြီဟု သူမ ထင်နေသော်လည်း ကွမ်ထင်းထင်းက မလောက်သေးဟု ပြောဆိုခဲ့သဖြင့် လီလင်းလင်းသည် ကွမ်ထင်းထင်းကို အလွန်ပင် မုန်းတီးနေခဲ့သည်။ သူမ ယခု လုပ်ဆောင်နိုင်သည်မှာ ယွမ်ဟောက်ဖုန်းကို ပိုမို ချစ်ပြလိုက်ရုံပင် ဖြစ်ပြီး၊ တစ်နေ့နေ့တွင် မိမိ တောင့်တသည့်အတိုင်း ဖြစ်လာမည်ဟု မျှော်လင့်နေ၏။

ထို့ကြောင့် ယွမ်ဟောက်ဖုန်းကို ကူညီပေးနိုင်သည့် ကိစ္စရပ်မှန်သမျှကို သူမသည် လက်မနှေးဘဲ ရှေ့ဆုံးမှ လုပ်ဆောင်လေ့ရှိ၏။

သူမသည် ချိုက်မင်မင် တို့အိမ်၏ နံရံအောက်သို့ မကြာခဏ လာရောက် ခိုးနားထောင်လေ့ရှိပြီး၊ မည်သို့ပင်ဖြစ်စေ အကျိုးအမြတ် ရှိပါက ချက်ချင်း လက်ဦးမှုယူရန် ကြံစည်ထားသည်။

တစ်ကြိမ် မက နှစ်ကြိမ် မက ဖြစ်လာသည့်အခါ မာကျန်းနှင့် ချိုက်မင်မင် တို့သည် လီလင်းလင်း အမြဲ ခိုးနားထောင်နေသည်ကို သိရှိသွားကြတော့၏။ ဤအချိန်ရောက်မှပင် သူတို့သည် ယခင်က ချန်ချင်းယွီတို့ အိမ်နံရံအောက်တွင် ရှားစောင်းလက်ပတ်များစွာ အဘယ်ကြောင့် စိုက်ပျိုးထားခဲ့သည်ကို နားလည်သွားကြသည်၊ ဤသို့သော လူများကို ကာကွယ်ရန်အတွက်ပင် ဖြစ်၏။

ကြိုတင် ကာကွယ်မှု ရှိထားသော်လည်း လီလင်းလင်းကို လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခြင်း မရှိပေ။

မာကျန်းနှင့် ချိုက်မင်မင် ဇနီးမောင်နှံနှစ်ဦးမှာ လီလင်းလင်းကို တကယ်ကို စိတ်ပျက်လက်လျှော့နေထားကြပြီဖြစ်၏။

လီလင်းလင်းသည် ခိုးနားထောင်ရင်း၊ ခဏအကြာတွင် ဘာမှ မကြားတော့သဖြင့် ခေါင်းမော့လိုက်စဉ်… ရုတ်တရက် ပြတင်းပေါက် ပွင့်သွားပြီး ရေတစ်ဇလုံ ပက်ထုတ်လိုက်သည်ကို ခံလိုက်ရ၏... ဖျန်း...

လီလင်းလင်း : “အား...”

သူမ မြောက်တက်မတတ် ခုန်လိုက်ရပြီး၊ ချိုက်မင်မင်မှာ မျက်နှာသေဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ

“ဟယ်... နင် ဘာလို့ ငါတို့အိမ် ပြတင်းပေါက်အောက် ရောက်နေတာလဲ။ ညဘက်ကြီး မြောက်လေတွေ တိုက်နေတာကို နင် အေးမနေဘူးလား။ ဘာလဲ... ငါတို့အိမ်က နံရံအောက်က စကားပြောတာ နားထောင်လို့ သိပ်ကောင်းနေလို့လား။”

လီလင်းလင်းသည် ရှက်ရွံ့စွာဖြင့် ခြေတစ်လှမ်း ဆုတ်လိုက်ရင်း

“နင်... နင် ငါ့ကို အထင်လွဲနေတာပါ။”

ချိုက်မင်မင် : “အထင်လွဲသလား မလွဲဘူးဆိုတာ နင့်ဘာသာနင် အသိဆုံးပဲ။ နင် အထီးကျန်နေရင်လည်း အမျိုးသား ရဲဘော်တစ်ယောက်သွားရှာလေ၊ ငါတို့အိမ် ပြတင်းပေါက် အောက်မှာ နေ့စဉ်နေ့တိုင်း လာမနေနဲ့။ နင် ဒီလို လုပ်နေတာ နင် ရှက်မနေရင်တောင် ငါတို့ လင်မယားနှစ်ယောက် ရှက်နေရတယ်။ ပြီးတော့ နင် ငါ့ယောက်ျားကို မြှူဆွယ်ဖျားယောင်းမှာလည်း ငါ စိုးရိမ်သေးတယ်။”

အခြားသူသာဆိုလျှင် ချိုက်မင်မင်သည် ဤမျှ ရိုင်းစိုင်းသည့် စကားများကို ပြောဆိုမည် မဟုတ်သော်လည်း လီလင်းလင်းတွင် ယခင် ပြစ်ချက် ရှိနေသည် မဟုတ်လော။

သူမနှင့် ယွမ်ဟောက်ဖုန်း တို့၏ ရှုပ်ထွေးပွေလီလှသည့် ဆက်ဆံရေးကို မည်သူ မသိဘဲ နေမည်နည်း။

ချိုက်မင်မင်၏ အသံမှာ မတိုးလှသဖြင့် ဒုတိယအိမ်ဝင်းထဲမှ လူများ အကုန်လုံး ထွက်လာကြတော့၏။

အစ်မကြီးဖန် လှောင်ပြုံး ပြုံးလိုက်ရင်း

“ဘာဖြစ်လို့လဲ... နင့်အိမ် နံရံအောက်မှာ ထပ်ပြီး ခိုးနားထောင်ပြန်ပြီလား။”

ချိုက်မင်မင် : “ဟုတ်ပ၊ ကျွန်မတော့ တကယ်ကို လက်မြှောက်အရှုံးပေးလိုက်ပါပြီ။”

အစ်မကြီးဖန် : “အောင်မယ်လေး... ဒါဆိုရင်တော့ နင် သတိထားမှ ရတော့မယ်။”

အဘွားကြီးကျောက်ဆိုသည့် မိန်းမကြမ်းကြီး ပြောင်းရွှေ့သွားခဲ့သော်လည်း၊ သူတို့ အိမ်ဝင်းကြီး၏ ပြဿနာများမှာ နည်းပါးမသွားပေ။

ရှီကျန့်ရှန်း : “ဟုတ်တယ်... နင်ကတော့ နင့်အဖေနဲ့ အမေရဲ့ မျက်နှာကို တကယ် အရှက်ခွဲတာပဲ။ လင်စန်းရှင်းက ဘာလို့ နေ့တိုင်း မျက်နှာပျက်နေရတာလဲလို့ ငါ စဉ်းစားနေတာ၊ နင့်လို သမီးမျိုး ရှိနေမှတော့ ဘယ်သူက မျက်နှာသာ ပေးနိုင်တော့မှာလဲ၊ တကယ်ကို စိတ်ပူလို့ မဆုံးနိုင်ပါဘူး။”

အဘွားကြီးကျောက် မိသားစု ပြောင်းရွှေ့သွားချိန်မှစ၍ ရှီကျန့်ရှန်း သည်လည်း ထောင်ထောင် ထောင်ထောင် ဖြစ်လာခဲ့၏။ သူမသည် ယခင်က သရဲကြောက်ခဲ့ခြင်းဖြစ်ရာ၊ ယခုအခါ သရဲနှင့် ပတ်သက်သည့်သူများ ပြောင်းရွှေ့သွားပြီဖြစ်သဖြင့် မကြောက်တော့ချေ။ စကားပြောသည့်အခါ ယခင်အတိုင်း ဝင့်ဝင့်ကြွားကြွား ပြန်ဖြစ်လာခဲ့၏။

စကားလုံးများထဲတွင် အဓိပ္ပာယ်များစွာ ပါဝင်နေပေသည်။

“လင်းလင်း ရယ်... ဒီလိုလုပ်တာတော့ မကောင်းပါဘူး၊ ငါ နင့်အတွက် အိမ်ထောင်ဖက်တစ်ယောက် မိတ်ဆက်ပေးရမလား။ နင် ဒီလိုမျိုး နေလို့မှ မရတာ။”

လီလင်းလင်းသည် ရေတစ်ဇလုံ ပက်ခံလိုက်ရသဖြင့် မိမိ၏ သနားစရာကောင်းလှသည့် ပုံစံကြောင့် အလွန်ပင် သိမ်ငယ်သွားခဲ့၏။ အခြားသူများလည်း ပွဲကြည့်နေကြသဖြင့် သူမသည် ဝမ်းနည်းစွာ မျက်ရည်ကျလာရင်း

“ရှင်တို့ ဘာလို့ ဒီလို လုပ်ကြတာလဲ၊ ရှင်တို့ ဘာလို့ ကျွန်မကို ဒီလောက် အထင်လွဲနေကြတာလဲ။ အားလုံးက အိမ်ဝင်းတစ်ခုတည်းက အိမ်နီးနားချင်းတွေပဲကို... ရှင်တို့...”

ချိုက်မင်မင် : “နင် ငါတို့အိမ် နံရံအောက်မှာ လာမထိုင်ရင် ငါက ဒီလို လုပ်ပါ့မလား။ နင် နေ့တိုင်း လာထိုင်နေတော့ ငါတို့ လင်မယားလည်း ဘာမှ မလုပ်ရဲတော့ဘူး။”

ဤအရွယ် အမျိုးသမီး၏ စကားမှာ အလွန်ပင် ပွင့်လင်းလွန်းလှပေသည်။

“နင် ငါတို့ရဲ့ လင်မယားဘဝကို အင်မတန် ပျက်စီးစေတာပဲ။”

အပြင်ထွက်၍ ကြည့်ရှုနေကြသည့် အိမ်နီးနားချင်းများမှာ တစ်ယောက်ပြီးတစ်ယောက် တဟားဟား ရယ်မောလိုက်ကြတော့၏။

သို့သော်လည်း ချိုက်မင်မင် မုသား မပြောကြောင်း လူတိုင်း သိကြပေသည်။

လီလင်းလင်း ဤသို့ ခိုးနားထောင်နေသည်မှာ ထိုသူတို့အတွက် တကယ်ကို မလွယ်ကူပေ။

“ဟောက်ဖုန်းက မစွမ်းဆောင်နိုင်လို့များ လီလင်းလင်းက နေ့တိုင်း အခြားသူတွေရဲ့ စကားကို လာနားထောင်နေတာများလား။”

“မဖြစ်နိုင်တာ... မစွမ်းဆောင်နိုင်ရင် လီလင်းလင်း က ဒီလောက် သစ္စာရှိပါ့မလား။ အဓိကက ဟောက်ဖုန်း က လူနှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်နေရတာလေ။”

“ဟားဟား... ဟားဟားဟား...”

လူတိုင်း၏ စကားများမှာ နားထောင်၍ မကောင်းလှချေ၊ ယွမ်မိသားစုဝင်များမှာလည်း ထွက်မလာကြ၍ လီလင်းလင်းသည် နှုတ်ခမ်းကို ကိုက်ထားရင်း ဝမ်းနည်းမှုများကိုသာ ခံစားလိုက်ရ၏။ သူမ အသံကျယ်ကျယ်ဖြင့်

“ရှင်တို့ အစ်ကိုဟောက်ဖုန်းကို မစော်ကားကြပါနဲ့၊ အစ်ကိုဟောက်ဖုန်းရဲ့ စရိုက်နဲ့ ကျင့်ဝတ်ကို ရှင်တို့ သံသယဝင်လို့ မရပါဘူး၊ ရှင်တို့ လွန်လှပြီ...”

ချိုက်မင်မင် အေးစက်စွာဖြင့်

“...နင့် ဟောက်ဖုန်း မှာ မိန်းမ ရှိပြီးသားလေ။”

လီလင်းလင်း အသံကျယ်ကျယ်ဖြင့် ပြန်ပြောကာ

“ရှင်တို့ စွက်ဖက်စရာ မလိုဘူး၊ ရှင်တို့ ကျွန်မကို အနိုင်ကျင့်နေတာ၊ ရှင်တို့ အုပ်စုဖွဲ့ပြီး ကျွန်မကို အနိုင်ကျင့်နေတာ၊ ရှင်တို့ လွန်လှပြီ...”

ပြောပြီးသည်နှင့် ခြေဆောင့်ကာ ထွက်ပြေးသွားတော့၏။

ချိုက်မင်မင် : “သူ အိမ်မပြန်ဘဲ ဘာလို့ အလယ်အိမ်ဝင်းဘက် ပြေးသွားတာလဲ။”

“ဘာလုပ်ရဦးမှာလဲ၊ ယွမ်ဟောက်ဖုန်း သွားပြီး တိုင်တန်းမလို့ပေါ့။”

တစ်ယောက်တစ်မျိုး ပြောဆိုကြရင်း ဘာပြောရမည်ကိုပင် မသိကြတော့ပေ။ အချို့သူများ၏ စရိုက်မှာ မကောင်းသော်လည်း ဤသို့သော ကိစ္စမျိုးကိုမူ တကယ်ကို… လက်ဖျားခါရ၏။

အဓိပ္ပာယ် မရှိလှချေ၊ တကယ်ကို အဓိပ္ပာယ် မရှိလှသည်တကား…

မာကျန်း စေ့စေ့ကြည့်လိုက်ရင်း

“သူမ ငါတို့ ကုန်ပစ္စည်း ရောင်းချမယ့် ကိစ္စကို ခိုးနားထောင်သွားတာပဲ...”

ချိုက်မင်မင် ပို၍ပင် စိတ်တိုသွားတော့၏။

“အား... ဘာလို့ ဒီလောက် စိတ်ရှုပ်စရာကောင်းတဲ့ လူမျိုး ရှိနေရတာလဲ...”

All Chapters