← Chapters

ကောင်းကင်ဘုံတောင်ကို ခွင်းမည့် ဓားချက်ခုနစ်ချက်(၃)

Vol. 102 Ch. 1408

ကောင်းကင်ဘုံတောင်ကို ခွင်းမည့် ဓားချက်ခုနစ်ချက်(၃)

Vol. 102 Ch. 1408

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ရှိနေ၏။ သူက ဤအစီအရင်ကို အသက်မသွင်းချင်သည့်အလား။ သို့သော် သူ လုပ်ရပေမည်။ သူသည် တခြားသူများကို ဘယ်တုန်းကမျှ တွန်းအားမပေးဖူးခဲ့သလို ကျင့်ကြံသူများနှင့် သေမျိုးများ အပေါ် သူ့တာအိုသင်ကြားမှုများကလည်း နှစ်ပေါင်းပင် မရေတွက်နိုင်တော့ပေ။

“ငါတို့နေတဲ့ ဒီလောကကိုက အစကတည်းက မှားနေခဲ့တာ။ ငါတို့ ပြောခဲ့တဲ့ ကောင်းကင်ဘုံနယ်မြေဆိုတာ အမှားကြီးပဲ။ ငါတို့တ ဒီလောကကို အတူတူ ချိုးဖျက်ဖို့လိုတယ်။ ဒါမှအမှန်တရားကို တွေ့မြင်နိုင်မှာ။ ငါတို့ ဒီလောကကနေ လှမ်းဖောက်ထွက်ဖို့ လိုတယ်။ ဒါမှ ငါတို့ဟာ လူစစ်စစ်တွေ ဖြစ်လာမှာ။ ဒါဟာ ငါ့တာအိုပဲ…”

ခုနစ်သန်းလောကများ၏ အသက်ပေါင်းသန်းတစ်ရာအစီအရင်သည် ခုနစ်သန်းလောကများအတွင်း၌ နေထိုင်သော သက်ရှိများကို ရင်းမြစ်အဖြစ် အသုံးပြုပေမည်။ အရှင်ပြန့်ကြဲစိတ်ဝိညာဉ်၏ စကားလုံးများသည် ပဲ့တင်ထပ်လာရင်း ခုနစ်သန်းလောကများရှိ သေမျိုးမြို့များအနှံ့၌ လူအများသည် သူတို့၏အိမ်များထံမှ ထွက်လာကြ၏။

လူငယ်၊လူအို၊ ယောကျ်ား၊မိန်းမ အစုံပါဝင်၏။ သူတို့သည် လှမ်းလျှောက်ထွက်လာကာ ထိုင်ချလိုက်၏။ သူတို့က မန္တာန်များ အသုံးမပြုနိုင်ပေ။ သို့သော် အစွမ်းထက်ဆန္ဒတစ်ခုမှာ သူတို့၏စိတ်များအတွင်း၌ ပြည့်နှက်သည်။ ထိုဆန္ဒမှာ ဒီလောကကို ချိုးဖျက်ရန် ဆန္ဒ ဖြစ်၏။

“ငါတို့ဟာ ပုရွက်ဆိတ်တွေ မဟုတ်ဘူး။ ငါတို့ဟာ ကျွဲ၊နွားတွေ မဟုတ်ဘူး။ ငါတို့ဟာ ကောင်းကင်ဘုံကို ချိုးဖျက်ချင်တယ်။ ဒီလောကကို ချိုးဖျက်ချင်တယ်။ ကောင်းကင်ဘုံနယ်မြေကို ချိုးဖျက်ချင်တယ်။ ငါဟာ နောက်မျိုးဆက်တွေရဲ့ တောက်ပတဲ့အနာဂတ်အတွက် ငါ့အသက်ကို စတေးဖို့ ဆန္ဒရှိပါတယ်…”

ခုနစ်သန်းလောကများ၏ ကျင့်ကြံသူများသည် သူတို့၏အသီးသီးသောကလန်များကနေ လှမ်းထွက်လာကြ၏။ သူတို့သည် ကောင်းကင်ထက်သို့ ပြတ်သားစွာ ကြည့်၏။ ထို့နောက် ထိုင်ချကာ သူတို့၏ ပိုပြင်းထန်သောဆန္ဒကို ထုတ်လွှတ်သည်။

“ငါတို့ဟာ နုံဖျင်းတဲ့ကျင့်ကြံသူတွေ မဟုတ်ဘူး။ ငါတို့ဟာ တခြားလူတွေ ငါတို့ကို နတ်ဘုရားပြစ်ဒဏ်နဲ့ ဖျက်စီးမှာကို ခွင့်ပြုမယ့် ကျင့်ကြံသူတွေ မဟုတ်ဘူး။ ငါတို့ဟာ အသွေးနဲ့အသားနဲ့။ ငါတို့ဟာ ပျော်တက်၊ဝမ်းနည်းတက်တယ်။ ကောင်းကင်ဘုံသားတစ်ယောက်ဖြစ်ဖို့ ကျင့်ကြံခြင်းဟာ မဟာတာအိုပဲ။ ငါတို့ဟာ ကောင်းကင်ဘုံနယ်မြေထိ မြင့်တက်ဖို့ လိုချင်ခဲ့တယ်။ ဒါပေမဲ့ ဒီကောင်းကင်ဘုံနယ်မြေဟာ အတုအယောင် ဖြစ်နေတယ်။ ဒါ့ကြောင့် ငါတို့ဟာ ဒီကောင်းကင်ဘုံနယ်မြေကို ဖျက်စီးပစ်ပြီး ငါတို့ကိုယ်တိုင်ဘဲ ကောင်းကင်ဘုံသား ဖြစ်လာစေရမယ်…”

နတ်ဘုရားပြစ်ဒဏ်ကို ရှောင်လွှဲနိုင်ရန် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်က ချိပ်ပိတ်ထားသော စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူများစွာသည် သူတို ပုန်းကွယ်ရာနေရာများကနေ လှမ်းထွက်လာကြ၏။ သူတို့သည် ကောင်းကင်ထက်သို့ ကြမ်းတမ်းစွာ ကြည့်၏။ သူတို့၏ဆန္ဒမှာ ပေါက်ကွဲထွက်လာသည်။

“ငါတို့ဟာ လူသားတွေဖြစ်တယ်။ သတ်ဖြတ်ဖို့အတွက် သတ်မှတ်ခံထားရတဲ့ ကျွဲ၊နွားတွေ မဟုတ်ဘူး။ ငါတို့ဟာ ကျင့်ကြံသူတွေ ဖြစ်တယ်။ ကောင်းကင်ဘုံနယ်မြေက စိတ်ဝိညာဉ်မိုးကြိုး စုဆောင်းဖို့အတွက် အသုံးပြုခံရတဲ့ အရာတွေမဟုတ်ဘူး။ လူသားတွေ ဖြစ်တယ်။ ကောင်းကင်ဘုံနယ်မြေဟာ ပျက်စီးတော့မှာ။ ဒီလောကဟာ တစစီဖြစ်တော့မှာ။ ငါတို့ဟာ လှောင်ချိုင့်ထဲကနေ လှမ်းထွက်ချင်တယ်…”

သက်ရှိတိုင်း၏ အတွေးများသည် သူတို့၏စိတ်ထဲ၌ မြင့်တက်လာကာ မမြင်ရသောမုန်တိုင်းအသွင် ဖြစ်တည်ရန် စုဝေးကုန်သည်။

ထိုမုန်တိုင်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖိနှိပ်ခံထားရသော ခုနစ်သန်းလောကများ၏ ခုခံမှုပင်။

ထိုစွမ်းအားသည် အနှိုင်းမဲ့လှ၏။ ကောင်းကင်ဘုံတာအိုသည်ပင် ယင်းစွမ်းအားရှေ့၌ တုန်လှုပ်သွားနိုင်သည်။ ယင်းသည် ပုရွတ်ဆိတ်များ၏ ပုန်ကန်မှု မည်၏။ ယင်းကာ ဝမ်လင်းကိုပင် တုန်လှုပ်သွားစေသော ကောင်းကင်ဘုံကို ဖိဆန်သည့် ဆန္ဒမည်၏။

ယင်းကား လူတစ်ဦးတစ်ယောက်တည်း၏ ကောင်းကင်ဘုံကို ဖိဆန်မည့် ဆန္ဒမဟုတ်၊ ခုနစ်သန်းလောကများအတွင်း နေထိုင်ကြသော လူသန်းပေါင်းများစွာ၏ ကောင်းကင်ဘုံကို ဖိဆန်သည့်ဆန္ဒသာ ဖြစ်သည်။

“ငါဟာ ဒီလောကထဲကို ဘယ်ပြင်ပအားမှ မဝင်ရောက်နိုင်အောင် တားဆီးထားတဲ့ ချိပ်ပိတ်မှုကို ဖွင့်လှစ်ဖို့ ငါ့ခုနစ်သန်းလောကများရဲ့ အသွေးနဲ့အသားကို အသုံးပြုမယ်…”

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ ခွန်အားပြည့်အသံသည် ခုနစ်သန်းလောကများ၏ လှည်းနေလှေအောင်း မြင်းစောင်းမကျန်ထိ ပျံ့နှံ့လေ၏။

သူ့အသံ ထွက်ပေါ်လာနေရင်း သူ့စွမ်းအားမှာ ရုတ်တရက် တိုးလာသည်။ သူ ပို၍ သန်မာလာသည်။ သန်မာသထက် သန်မာလာကာ အစွမ်းထက်မုန်တိုင်းတစ်ခုကို ဖြစ်တည်စေသည်။ ထိုမုန်တိုင်းမှာ အဆုံးစွန်အစွမ်းထက်၏။ ၎င်းမုန်တိုင်းမျိုးကို ဝမ်လင်း ဘဝတွင် အရင်က လုံးဝ မမြင်ဖူးခဲ့ချေ။

ယင်းမုန်တိုင်းကို လူတစ်ယောက်၏ မျက်လုံးဖြင့် မြင်ရနိုင်မည် မဟုတ်။ သို့သော် နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လျှင်မူ ထိုမုန်တိုင်းသည် ကောင်းကင်ကိုတစစီဖြစ်စေမည့် စွမ်းအားကို ပေးစွမ်းနေသည်ကို တွေ့ရပေမည်။

ထိုမုန်တိုင်းသည် ခုနစ်သန်းလောကများ၏ သက်ရှိတိုင်းနှင့် သူတို့၏ဆန္ဒကနေ ဖြစ်ပေါ်ခြင်းတည်း။ ၎င်းမှာ နေရာတိုင်းတွင် ရှိသည်။ ထိုမုန်တိုင်းသည် မည်သည့်ပြင်ပအားမှ မဝင်ရောက်လာနိုင်မည့် နံရံကြီးတစ်ခုအလား။

ထိုဆန္ဒနှင့်အသက်များကြောင့် ဖြစ်တည်သည့် ဤမုန်တိုင်း ပေါ်လာချိန်တွင် ပြန့်ကြဲမိုးကြိုးကလန်၏ ထာဝရမိုးကြိုးသည် လေဟာနယ်ကို ချိုးဖျက်ကာ ရောက်လာခဲ့ပေပြီ။ ၎င်းသည် မုန်တိုင်းကို ချေမွကာ ချိုးဖျက်ပစ်ရန် တာဆူသည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ လောကတစ်ခွင်မှာ တုန်ခါ၏။ မုန်တိုင်းသည် စတင် တုန်ယင်လာ၏။ အော်သံဟိန်းသံများ မုန်တိုင်းအတွင်း၌ ပြည့်နှက်သည်။ ယင်းတို့သည် မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သန်းချီသောသေမျိုးများ၏ ဟိန်းအော်သံများတည်း။ ထိုဟိန်းအော်သံများသည် အသံတစ်ခုတည်းအဖြစ် အတူတကွပေါင်းစည်းသွားလေသည်။

ဝမ်လင်းသည် သူ့ရှေ့ရှိ အရာအားလုံးကို ကြည့်ကာ ကြက်သေသေမိနေ၏။ သူ့စိတ်သည်ပင် ထိုဟိန်းအော်သံကြောင့် တုန်ယင်ရ၏။ သူ့စိတ်ဝိညာဉ်သည် ထိုဟိန်းသံနှင့် သမူဟ ဖြစ်လာသည့်ပုံ ပေါ်သည်။ သူ့တာအိုခိုင်မာမှု၊ သေချာမှက ပို၍ ရှင်းလင်းလာ၏။

ထာဝရမိုးကြိုးသည် ပထမတစ်ကြိမ်တည်းဖြင့် ဤမုန်တိုင်းကို မချိုးဖျက်နိုင်၊ မုန်တိုင်းသည် ပိုအစွမ်းထက်လာသည်။ လူသန်းချီ၏ ဟိန်းသံမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာ၏။

ထိုကဲ့သို့ ဖိအားမျိုးအောက်တွင် ထာဝရမိုးကြိုးသည်ပင် ပေထောင်ချီထိ ပြန်လွင့်စင်သွားရသည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ ထာဝရမိုးကြိုးသည် လင်းလက်ကာ သူ့ဟာသူ ကောင်းကင်ဘုံနှင့် ချိတ်ဆက်သွားသလား ထင်မှတ်ရသည်။ ၎င်းသည် ချက်ခြင်းပင် တဖန် သက်ဆင်းလို့လာ၏။

ထိုတုန်လှုပ်ဖွယ်မြင်ကွင်းသည် အကြီးအကဲခေါင်းဆောင်၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှု ပြည့်နှက်သွားစေ၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် အတော်လေး ထိတ်လန့်မိနေပြီ။ အခုလိုမျိုး တုန်လှုပ်ဖွယ်ကောင်းသော အရာမျိုးသည် ခုနစ်သန်းလောက၌ အရင်က လုံးဝ မဖြစ်ဖူးခဲ့ပေ။ သူသာမက ပြန့်ကြဲမိုးကြိုးကလန်၏ ပထမဆုံးဘိုးဘေးသည်ပင် ဤလောကများတွင် ခုလို ဖြစ်လာမည်ဟု တွေးထင်မိလိမ့်မည် မဟုတ်ပေ။

“ရူးကုန်ပြီ။ မင်းတို့အားလုံး ရူးသွားကြပြီ။ ခုနစ်သန်းလောကရဲ့ ကျင့်ကြံသူအားလုံးဟာ ရူးသွားပြီး။ သေမျိုးတွေပါ ရူးကုန်ကြပြီ။ အားလုံး ရူးကုန်ပြီ...”

ထာဝရမိုးကြိုးသည် ခုနစ်သန်းလောကများကို ဝန်းရံထားသော မုန်တိုင်း၏အပြင်ဘက်သို့ ရောက်ရှိလာ၏။ ၎င်းသည် ဒုတိယကြိမ်မြောက် မုန်တိုင်းပေါ်သို့ သက်ဆင်းလာသည်။

ထိုမုန်တိုင်းသည် တုန်ဟည်းလာကာ ခုနစ်သန်းလောကရှိ မရေမတွက်နိုင်သော သေမျိုးများသည် သွေးအန်ထွက်ကွာ လဲကျကုန်သည်။ သို့သော် ပိုများပြားသော သူများက လဲကျသွားသူများနေရာ၌ အစားထိုး ဝင်လာကြ၏။

အချို့သေမျိုးများဆို ပြန်ထာနိုင်ရန်အတွက် ရုန်းကန်ကြသည်။ သူတို့၏ပါးစပ်များအတွင်းမှ သွေးများပန်းထွက်နေလျှင်ပင် သူတို့သည် အစွမ်းကုန်လုပ်ဆောင်နေ၏။

ကျင့်ကြံသူများလည်း သွေးအန်ရ၏။ သို့သော် သူတို့သည် သေမျိုးများထက် ပိုအားကောင်းစိတ်ဆန္ဒကို ထုတ်လွှတ်ထားကြသည်။ ထို့ကြောင့် သူတို့သည် ပို၍ ဒဏ်ခံရ၏။ အချို့ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များဆို ပေါက်ကွဲကုန်၏။ သို့သော် ကျန်သည့်သူများသည် လက်လျော့မသွားပေ။ သူတို့ သေရမည်ဆိုလျှင်ပင် သူတို့သည် ရှေ့ဆက်မည့် ဆန္ဒရှိနေကြသည်။

သူတို့သဏ္ဌာန်၌ ပြန်ဆုတ်မည့်လမ်း မရှိတော့ချေ။

အရှင်ပြန့်ကြဲစိတ်ဝိညာဉ်၏ မျက်လုံးထဲတွင် ဝမ်းနည်းမှု ပြည့်နှက်လာ၏။ သူက ထိုင်ချကာ မျက်လုံးမှိတ်လိုက်သည်။ သူ မျက်လုံးမှိတ်လိုက်ချိန်၌ သူသည် ဤလောကကနေ လွင့်ပါးပျောက်ကွယ်သွားကာ ခုနစ်သန်းလောကများ၏ အစိတ်အပိုင်း ဖြစ်လာသလို ထင်ရသည်။

ချက်ခြင်းပင် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်ထံမှ အလင်းမြောက်များစွာ ထွက်ပေါ်လာသည်။ သူသည် ခုနစ်သန်းလောကများ၏ မုန်တိုင်း၏ ဗဟိုချက် ဖြစ်ကာ ပို၍ အစွမ်းထက်လာသည်။

မုန်တိုင်းသည် ဟိန်းမြည်နေ၏။ ထာဝရမိုးကြိုးသည် မည်သို့ပင် ဝုန်းဒိုင်းကြဲ ရိုက်ချလာပါစေ ယင်းမုန်တိုင်းသည် မရွှေ့သွားပေ။

သလင်းဓားတစ်လက် မုန်တိုင်းအတွင်း၌ စတင် သိပ်သည်းဖွဲ့စည်းလာ၏။ ၎င်းဓားပေါ်လာသည်နှင့် လောကသည် တုန်ယင်ကာ ထိုဓားသည် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ အထက်၌ လွင့်မြောသည်။

ထိုဓားသည် ခုနစ်ပေခန့် ရှည်လျား၏။ သုံးလက်မ ဗြက်ရှိ၏။ ၎င်းဓားသည်‌ တောက်ပလှသည်။

“ရောင်းရင်းကျင့်ကြံသူ…ဒီအဘိုးအိုဟာ ခုနစ်သန်းလောကများရဲ့ သက်ရှိတွေကို အသုံးပြုပြီး ဒီအစီအရင်ကို ဖန်တီးခဲ့တာ။ ဒီအစီအရင်ဟာ ဒီလောကကို ချိပ်ပိတ်ပစ်ပြီး တစ်ချိန်တည်းမှာလည်း ဒီကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားကို ဖွဲ့စည်းတယ်။ ဒီဓားကို ယူပြီး အကြီးအကဲခေါင်းဆောင်ကို ခုနစ်ချက်တိတိ ခုတ်ပိုင်းပါ။ ငါ့ယုံကြည်မှု ခုနစ်ဆယ်ရာခိုင်နှုန်းဟာ ဒီဓားချက်တွေကနေ လာတာပဲ…”

ခုနစ်ပေခန့်ဓားသည် တလက်လက် ဖြစ်ကာ ဝမ်လင်းထံသို့ ပျံသန်းလာ၏။ ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်ကာ ဓားကို ဖမ်းဆုပ်လိုက်သည်။ ဓားကို ကိုင်ထားလျက် ဝမ်လင်းသည် ယင်းဓားအတွင်းမှ တိုင်းတာ၍မရသောရူးသွပ်မှုကို ရှင်းလင်းစွာ ခံစားမိသည်။

ထိုအော်ရာမှာ အညံ့မခံ၊လက်မခံနိုင်မှုနှင့် ပြည့်နှက်၏။ ဤလောကကို ချိုးဖျက်ပစ်မည့် ဆန္ဒဇောနှင့် ပြည့်နှက်သည်။

“ဒါက ဘယ်လိုဓားမျိုးလဲ။ ဒါဟာ ခုနစ်သန်းလောကများရဲ့ သက်ရှိအားလုံးရဲ့ မျှော်လင့်ချက်ဆိုတာ ရှင်းနေတယ်…”

ထိုအရာများအားလုံးသည် အချိန်တိုအတွင်း ဖြစ်ပွားသွားခြင်းသာ။ အကြီးအကဲခေါင်းဆောင်၏အမူအရာသည် ကြီးစွာ ပြောင်းလဲ၏။ သူသည် ခုနစ်ပေခန့်ဓားကို ကြည့်သည်။ သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားလေသည်။

“မောက်မာလိုက်တာ…”

သူသည် ညစ်ပြုံးပြုံးကာ ဝမ်လင်းထံသို့ လှမ်း၏။ သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ မိုးကြိုးတုန်ဟည်းသံ ပဲ့တင်ထပ်သည်။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ သူသည် အကြီးအကဲခေါင်းဆောင် နီးကပ်လာသည်ကို မတွေ့မြင်သည့်အလား။ အဆုံးမဲ့မိုးကြိုးများ ချက်ခြင်း နီးကပ်လာကာ မရေမတွက်နိုင်သော မိုးကြိုးလုံးများ ဖွဲ့တည်သည်။ ယင်းတို့သည် ဝမ်လင်းကို ချေမွပစ်ပေတော့မည်။ အကြီးအကဲခေါင်းဆောင်သည်လည်း ဝမ်လင်းနှင့် ပေတစ်ရာပင် မလိုတော့ပေ။

ဝမ်လင်းသည် ရုတ်တရက် ခေါင်းမော့ကာ ခုနစ်ပေဓားကို ဆုပ်ကိုင်ပြီး ခုတ်ပိုင်းချလိုက်လေ၏။

လောကသည် တုန်ယင်ကာ တောက်ပသောအလင်းတစ်ခု ဖြစ်ပေါ်သည်။ ထိုအလင်းသည် လောကကို ဖုံးလွှမ်း၍ တခြားအလင်းအားလုံးကို စုပ်ယူသည်။

ဓားခုတ်ချက်တစ်ချက်သည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေနိုင်၏။

မည်သည့်ဓားစွမ်းအင်မှ ရှိမနေပါ။ သို့သော် အရိုးများကိုပါ တစစီ ဖြစ်သွားနိုင်လောက်သည့် မရေမတွက်နိုင်သော အော်သံများ ပဲ့တင်ထပ်သည်။ ထိုဓား ကျဆင်းလာသည်နှင့် ခုနစ်သန်းလောကများအတွင်းရှိ မရေမတွက်နိုင်သောလူများသည် သေဆုံးကုန်သည်။ သို့ပေမည့် သူတို့၏သေဆုံးခြင်းမှာ ဆန္ဒရှိစွာ ဖြစ်၏။ သူတို့သည် ဖော်ပြရန်ခက်ခဲ့သောအားတစ်ခု ပြောင်းလဲ၍ ဓားထံမှ ထိုးထွက်လာသည်။

မရေမတွက်နိုင်သောဟိန်းသံများ ပါရှိသော ဓားအလင်းသည် အကြီးအကဲခေါင်းဆောင်ထံ တိုးဝင်လာသည်။ သူ ဖန်တီးလိုက်သော မိုးကြိုးသည် ချက်ခြင်းပင် ခုခံနိုင်ခြင်း အလျင်းမရှိ ပျက်စီးသွား၏။

အကြီးအကဲခေါင်းဆောင်၏ စိတ်သည် အပြင်းအထန် တုန်ယင်နေ၏။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်သည်။ သူ့ဘေးပတ်လည်ရှိ မိုးကြိုးချပ်ဝတ်သည် ချဲ့ကားလာကာ သူ့ရှေ့၌ ပိတ်ဆို့ပေးသည်။ ပထမဓားချက်သည် ထိုမိုးကြိုးချပ်ဝတ်နှင့် ထိပ်တိုက်တွေ့လေ၏။

ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းသံတစ်ခု ပဲ့တင်ထပ်၏။ အလင်းအတွင်းမှ ဗလုံးဗထွေးအော်သံတစ်ခု ထွက်ပေါ်လာသည်။ အကြီးအကဲခေါင်းဆောင်၏မျက်လုံးထဲ၌ မယုံကြည်နိုင်မှု၊ အလွန်အမင်း ကြောက်လန့်မှုတို့ ပြည့်နှက်၏။ သည်မိုးကြိုးချပ်ဝတ်မှာ ပြန့်ကြဲမိုးကြိုးကလန်၏ တတိယအဆင့်ကျင့်ကြံသူဘိုးဘေး သန့်စင်မွန်းမံခဲ့ခြင်း ဖြစ်ပြီး ဝမ်လင်း၏ အပူဇော်ခံမီးတောက်များကိုပင် ခုခံနိုင်ခဲ့သည်။ သို့ပေမည့် ဓားရိုက်ချက် ကျရောက်လာသည့်အခါတွင်မူ သူသည် သွေးအန်ကာ နောက်ဘက် ပေတစ်သောင်းလောက်ထိ လွင့်စင်သွားသည်။

ဓားအလင်းသည် ပျောက်ကွယ်သွားသည်။ ပထမဓားချက် ပြီးဆုံးသွားလေပြီ။

အကြီးအကဲခေါင်းဆောင်၏မျက်လုံးထဲ၌ အလွန်အမင်း ထိတ်လန့်မှုတို့ ကြီးစိုးနေလေပြီ။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ မိုးကြိုးချပ်ဝတ်ထံမှလည်း အက်ကွဲသံများ ထွက်ပေါ်ကာ ၎င်းပေါ်၌ အက်ကွဲရာမြောက်များစွာ ပေါ်လာသည်။ ထို့နောက် ဘန်းခနဲ ပေါက်ကွဲကာ နှစ်သောင်းချီလက်ဆင့်ကမ်းလာခဲ့သော ပြန့်ကြဲမိုးကြိုးကလန်၏ ဤချပ်ဝတ်ရတနာသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ်သို့ ပျက်စီးသွားတော့သည်။

အကြီးအကဲခေါင်းဆောင်၏ ရင်ဘက်ပေါ်တွင်လည်း ခပ်နက်နက် ဒဏ်ရာတစ်ခု ပေါ်လာသည်။ ၎င်းဒဏ်ရာမှာ သွေးအလိမ်းလိမ်း ဖြစ်နေ၏။ သူ့မျက်နှာသည် အလွန်တရာ ဖြူရောနေသည်။ သူသည် နောက်ထပ်သွေးအန်လိုက်ရသည်။ သူက နောက်သို့ တွေဝေခြင်းမရှိ ဆုတ်လေ၏။

***

All Chapters