ကောင်းကင်ဘုံတောင်ကို ခွင်းမည့် ဓားချက်ခုနစ်ချက် (၄)
Vol. 103 Ch. 1409
အကြီးအကဲခေါင်းဆောင်သည် ထိုဓားချက်ကြောင့် လုံးဝ တုန်ခါရလေပြီ။ သူသည် အတော်လေးကို ထိတ်လန့်နေပြီ ဖြစ်သည်။ ထိုဓားခုတ်ပိုင်းချက်က မိုးကြိုးချပ်ဝတ်သာ မရှိပါက သူ့ကို လုံးဝဖျက်စီးပစ်ဖို့ လုံလောက်နေပေ၏။ သူ့မူလစိတ်ဝိညာဉ်သည်ပင် လွတ်နိုင်လိမ့်မည့် မဟုတ်ပေ။
“ဒါက ဘယ်လိုဓားမျိုးလဲ…။ ထာဝရမိုးကြိုးချပ်ဝတ်တောင် ဒါကို မခုခံနိုင်ခဲ့ဘူး။ ငါ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ရတယ်…” အကြီးအကဲခေါင်းဆောင်၏မျက်နှာသည် ဖြူရောနေ၏။ ကြောက်ရွှံ့မှုနှင့် ပြည့်နေသည်။
ထာဝရမိုးကြိုးချပ်ဝတ်သည် ပြန့်ကြဲမိုးကြိုးကလန်၏ အဓိကရတနာသုံးခုထဲမှ တစ်ခု ဖြစ်၏။ ၎င်းသည် မိုးကြိုးသတ်ဖြတ်သူကြေးမုံရတနာထက် များစွာ ပိုအစွမ်းထက်သည်။ ၎င်းကို ကလန်၏ တတိယအဆင့်ကျင့်ကြံသူ ဘိုးဘေးက သန့်စင်ခဲ့ခြင်း ဖြစ်ကာ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းခဲ့ပြီး ပြန့်ကြဲမိုးကြိုးကလန်ကို ကာကွယ်မှု ပေးခဲ့သည်။
ပဉ္စမကောင်းကင်ဘုံဒုက္ခအဆင့် ပုဂ္ဂိုလ်များသာ ယင်းချပ်ဝတ်ကို အသုံးပြုနိုင်၏။ တတိယအဆင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် ထိုချပ်ဝတ်သည် သူတို့က ခဏတာ ရှင်သန်နိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိပေသည်။
သို့ရာတွင် ထိုချပ်ဝတ်သည် ဓားချက်တစ်ချက်တည်းဖြင့် ဖျက်စီးခံလိုက်ရ၏။ အကြီးအကဲခေါင်းဆောင်၏ ဦးရေပြားသည်ပင် ထုံထိုင်းမိသွားသည်။ သူသည် နောက်ဆုတ်ရန် ပြင်၏။ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူသည် ခုနစ်ပေဓားကို ဖြည်းဖြည်းချင်း ပင့်မြှောက်လိုက်သည်။
ထိုဓားခုတ်ပိုင်းချက်မှာ အလွန်အမင်း အစွမ်းထက်သော်လည်း ဝမ်လင်းသည် ထိုဓားချက် ထုတ်လွှတ်ချိန်၌ ခုနစ်သန်းလောကရှိ မရေမတွက်နိုင်သောလူများ၏ သေဆုံးမှုကို ရှင်းလင်းစွာ ခံစားမိသည်။ ထိုဓားချက်သည် လူပေါင်းများစွာ သူတို့၏ အသက်ကို စတေးရန် ဆန္ဒကနေ ထွက်ပေါ်လာခြင်းသာ။
ထိုဓားသည် လေးလံ၏။ လေးလံလွန်းသည်။
ဝမ်လင်း လက်မြှောက်လိုက်သည့်ကို တွေ့မြင်သည့်အခါ အကြီးအကဲခေါင်းဆောင်၏မျက်လုံး သူငယ်အိမ်မှာ ကြုံ့သွားလေ၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ ကောင်းကင်ထက်သို့ လက်ညွှန်၍ အရူးအမူး အော်ဟစ်လိုက်သည်။ “ထာဝရမိုးကြိုး…ဒီမုန်တိုင်းကို ချိုးဖျက်ပြီး ဆင်းသက်လာပါ…”
သူ ထိုသို့ မာန်သွင်းလိုက်ရင်း သူ့ကလန်အမှတ်အသားကို ထိရိုက်၏။ ထာဝရမိုးကြိုးကို ဤနေရာသို့ ဆင့်ခေါ်နိုင်ရန် သူ့ကလန်အမှတ်အသား၏ စွမ်းအားအားလုံးကို ထုတ်လွှတ်သည်။ သူက ထာဝရမိုးကြိုး ဤနေရာသို့ ရောက်လာနိုင်မှသာ ရှင်သန်နိုင်မည်ဟု ခံစားချက် ရနေသည်။
မဟုတ်ပါက ယနေ့တွင် သူသည် သံသယမရှိ သေဆုံးသွားရပေတော့မည်။
သူသည် ခုလိုအခြေအနေမျိုး အရင်က လုံးဝ မကြုံဖူးခဲ့ပေ။ သူသည် ရူးသွပ်လုနီးပါး အော်ဟစ်လိုက်ရင်း မုန်တိုင်းအပြင်ဘက်ရှိ မိုးကြိုးသည် အဆများစွာ ရုန့်ရင်းကြမ်းကြုတ်လာပြီးနောက် မုန်တိုင်းကို စတင် တိုက်ခိုက်တော့သည်။
လောကတစ်ခွင် မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ မိုးကြိုးရိုက်ချက် ကျရောက်တိုင်း မုန်တိုင်းသည် တုန်ယင်ကာ မရေမတွက်နိုင်သောလူများ သေဆုံးရသည်။
ဝမ်လင်းသည် အပြင်ဘက်ရှိ ထိုအဖြစ်အပျက်ကို လစ်လျူရှုထား၏။ သူ့လက်ထဲရှိ ဓားကို ပင့်မြှောက်ကာ သူသည် အကြီးအကဲခေါင်းဆောင်ထံသို့သာ စိုက်ကြည့်၏။ ဒုတိယမြောက်ဓားချက် ခုတ်ပိုင်းလိုက်လေပြီ။
ဓားစွမ်းအင်တန်းတစ်ခု ထိုးထွက်သွား၏။ ထိုဓားစွမ်းအင်တန်းထဲ၌ မရေမတွက်နိုင်သော သက်ရှိများ၏ စိတ်ဝိညာဉ်များ၊ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်တို့ ပါဝင်ချေသည်။ ဖော်ပြရန်ပင်ခက်သော ဓားစွမ်းအင်တန်းသည် အကြီးအကဲခေါင်းဆောင်ထံ တဟုန်ထိုး ဝင်ရောက်လာခဲ့ပြီ။
အကြီးအကဲခေါင်းဆောင်သည် မာန်သွင်း၏။ “ထာဝရမိုးကြိုး ဆင်းသက်တော့…ဆင်းသက်တော့…ဆင်းလာပါတော့…”
တစ်ချိန်တည်းမှာ သူ့ဟိန်းအော်သံကို မုန်တိုင်းအပြင်ဘက်ရှိ ထာဝရမိုးကြိုးက ကြားသည့်သိဟု ထင်မှတ်ရသည်။ ထာဝရမိုးကြိုးတန်းသည် အမည်မသိနည်းလမ်းဖြင့် ချက်ခြင်း အဆများစွာ ချဲ့ကားကြီးမားလာကာ ပေတစ်သောင်းခန့်ထူထဲသော မိုးကြိုးတန်းအဖြစ်သို့ ပြောင်း၍ မုန်တိုင်းပေါ်သို့ ကျဆင်းလာလေသည်။
ထိုမုန်တိုင်းသည် အပြင်းအထန် တုန်ယင်ကာ ခုနစ်သန်းလောကများအတွင်းရှိ လူများ ဆက်တိုက် သေဆုံးကုန်သည်။ ဝမ်လင်း၏ ဒုတိယမြောက်ဓားချက်သည်ပင် ထိုသေဆုံးမှုများ၏ သက်ရောက်ခြင်းခံရကာ အကြီးအကဲခေါင်းဆောင်၏ ရှေ့အရောက်တွင် စွမ်းအားများစွာ လျော့နည်းသွားလေသည်။
တာအိုပညာရှင်ပြန့်ကြဲစိတ်ဝိညာဉ်သည် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ သူ့ရင်ဘက်သို့ ညွှန်သည်။ သူ သွေးအန်ရ၏။ သူ အားနည်းသွားပုံ ပေါ်သည်။ သို့သော် ခုနစ်သန်းလောကများအတွင်းမှ အစွမ်းထက်အားတစ်ခု ထွက်ပေါ်လာသည်။
ထိုစွမ်းအားသည် တောင်များ၊မြစ်များ၊ မြေကြီးထု၊ မြက်ပင်နှင့် သားရဲများအားလုံးတို့ထံမှ လာခြင်းပင်။ ယင်းစွမ်းအင်သည် မုန်တိုင်းနှင့် ပေါင်းစပ်ကာ ထာဝရမိုးကြိုး ချိုးဖျက်နိုင်ခြင်း မရှိအောင် တားဆီးသည်။
အကြီးအကဲခေါင်းဆောင်သည် နာကျင်စွာအော်ဟစ်၍ နောက်ဆုတ်ရပြီး ပါးစပ်အပြည့် သွေးခြောက်ကြိမ် အန်ထုတ်ရသည်။ အစောပိုင်းက သူ့ကလန်အမှတ်အသားကြောင့် ဖြစ်ပေါ်သော အကာအကွယ်အမှတ်အသားမှာလည်း ပျက်စီးသွားပြီး သူ့ရင်ဘက်ပေါ်တွင် နောက်ထပ် ဒဏ်ရာတစ်ခု ပေါ်လာ၏။ ထိုဒဏ်ရာသည် နက်လှကာ အရိုးများကိုပါ မြင်ရ၏။
ထိုမျှဖြင့် ဤဓားစွမ်းအင်၏ ခွန်အားကို ဖော်ပြနိုင်မည် မဟုတ်ပါ။ ဓားချက်နှစ်ချက်ကြောင့် အကြီးအကဲခေါင်းဆောင် ရရှိသော ဒဏ်ရာနှစ်ခုတွင် ခုနစ်သန်းလောကများ၏ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ ပြည့်နှက်နေ၏။ ယင်းတို့သည် ဒဏ်ရာများကို ဝါးမြိုကြလေသည်။ ထိုအဖြစ်က ယင်းဒဏ်ရာနှစ်ခုထံမှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာစေသည်။
ထာဝရမိုးကြိုးကသာ ဤဓားချက်၏ခွန်အား ခုနစ်ဆယ်ရာခိုင်နှုန်းကို လျော့ပါးစေခဲ့ခြင်းကြောင့်သာ မဟုတ်ပါက အကြီးအကဲခေါင်းဆောင်အတွက် လွတ်မြောက်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
သို့ပေမည့် မည်သို့ပင်ဖြစ်စေ အကြီးအကဲခေါင်းဆောင်သည် ဒဏ်ရာအပြင်းအထန် ရသွားဆဲသာ။
ပြင်းထန်သော နာကျင်မှုသည် လူတစ်ယောက်ကို ရူးသွားအောင် လုပ်နိုင်၏။ မျှော်လင့်ချက်မဲ့မှုသည် သူရူးတစ်ယောက် ဖြစ်သွားအောင် လုပ်နိုင်၏။ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ၏ ဝါးမြိုမှုက အကြီးအကဲခေါင်းဆောင်၏ ခန္ဓာကိုယ်အတွင်း၌ နာကျင်မှုတို့ ပြည့်နှက်ကုန်သည်။ သူ့စိတ်ထဲ၌လည်း မျှော်လင့်ချက်မဲ့လာ၏။ သူ မည်သို့ လွတ်မြောက်နိုင်မည်နည်း။
“ရူးသွပ်မှု သူ့ထံ၌ ပြည့်နှက်လာချိန်တွင် သူသည် ပြေးနေခြင်းကို ရပ်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့လက်ကို ဝေ့ယမ်း၍ မာန်သွင်းသည်။ ဘယ်သူကမှ ဒီအဘိုးအိုကို မသတ်နိုင်ဘူး။ ငါဟာ ငါ့သက်တမ်းသုံးထောင်ကို စတေးပြီး ငါ့မိုးကြိုးအမှတ်အသားကို နိုးထစေပြီး ငါ့တတိယအဆင့်ဘိုးဘေးရဲ့ မန္တာန်ကို အသုံးပြုမယ်။ ယင်နဲ့ယန်ထာဝရမိုးကြိုး…ငါ့အတွက် ပေါ်လာစမ်း…”
အကြီးအကဲခေါင်းဆောင် မာန်သွင်းလိုက်သည့်နောက် သူ့မျက်နှာသည် ပို၍ ဖြူရောလာသည်။ သူ့သက်တမ်းသုံးထောင်မှာလည်း လွင့်ပျောက်သွားသည်။ ပြင်းထန်သောအားတစ်ခုက သူ့ရှေ့၌ စုဝေးလာ၏။
ထိုအားသည် ရုတ်တရက် သူ့ရှေ့တွင် လှည့်ပတ်သည်။ ထို့နောက် ယင်နှင့်ယန်သင်္ကေတ ပေါ်လာ၏။ ယင်နှင့်ယန် သင်္ကေတသည် ဝဲကတော့တစ်ခု ဖြစ်လာသည့်အထိ လှည့်ပတ်ကာ ယင်းဝဲကတော့အတွင်းမှ မိုးကြိုးတုန်ဟည်းသံများ ထွက်ပေါ်သည်။ ဒုတိယအဆင့်ကျင့်ကြံသူများထက် သာလွန်သော ဖိအားသည် ရုတ်တရက် ယင်နှင့်ယန်သင်္ကေတအတွင်း၌ ပေါ်လာသည်။
“ယင်နဲ့ယန်ထာဝရမိုးကြိုး… ဒီလူ့ကို သတ်…” အကြီးအကဲခေါင်းဆောင်သည် အော်ဟစ်၏။ ယင်နှင့်ယန်သင်္ကေတသည် ရုတ်တရက် နှစ်ခြမ်းကွဲသွားသည်။ ယင်မိုးကြိုးသည် စိတ်ဝိညာဉ်ကို ဖျက်စီးမည်။ ယန်မိုးကြိုးသည် ခန္ဓာကိုယ်ကို ဖျက်စီးမည်။ ယင်နှင့်ယန်ထာဝရမိုးကြိုးကို အတူတကွ ဖြစ်ပေါ်၏။
ထိုမိုးကြိုးသည် ဝမ်လင်းထံ တရကြမ်း တိုးဝင်လာစဉ် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ တတိယကြိမ်မြောက် ဓားချက်ကို ခုတ်ပိုင်းလိုက်သည်။ ဓားစွမ်းအင် တလျှံလျှံတောက်ပသည်။ ခုနစ်သန်းလောကများ၏ စိတ်ဝိညာဉ်များ ထိုဓားစွမ်းအင်တွင် ပါဝင်ပေသည်။ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ၏ ဗလုံးဗထွေးအော်သံများသည် ပဲ့တင်ထပ်လျက် ဓားစွမ်းအင်မှာ ယင်နှင့်ယန်မိုးကြိုးဖြင့် ထိပ်တိုက်တွေ့သည်။
မိုးကြိုးတုန်ဟည်းသံများ မြည်ဟိန်း၏။ ဝမ်လင်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ သွေးအန်လိုက်ရသည်။ သူ့မျက်နှာ ကြမ်းကြုတ်နေ၏။ သူသည် ရှေ့သို့ ပြန်တိုးဝင်လာကာ လေးကြိမ်မြောက် ဓားချက်ကို ခုတ်ပိုင်းသည်။
ယင်နှင့်ယန်ထာဝရမိုးကြိုးသည် သန်မာလှသော်လည်း ယင်းသည် ခုနစ်သန်းလောကများ၏ စိတ်ဝိညာဉ်များကိုမူ မယှဉ်သာပေ။ ယင်နှင့်ယန်ထာဝရမိုးကြိုးသည် ပျက်စီးသွားကာ တုန်ခါလှိုင်းသည် အကြီးအကဲခေါင်းဆောင်ထံ ကျရောက်သည်။ သူသည် သွေးအန်ရ၏။ သူ့မျက်နှာမှာ အလွန်တရာ ဖြူရောလို့နေပေပြီ။ သူ့ရင်ဘက်ပေါ်တွင် တတိယမြောက်ဒဏ်ရာ ပေါ်လာကာ သူ့ကိုယ်တွင်းအင်္ဂါများ စတင် ပျက်စီးလေ၏။
မရေမတွက်နိုင်သော စိတ်ဝိညာဉ်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ တရကြမ်း ဝင်ရောက်ကာ သူ့အား စတင် ဝါးမြိုသည်။ ပြင်းထန်လှသော နာကျင်မှုက အကြီးအကဲခေါင်းဆောင်ကို ရူးသွပ်လုနီးနီး ဖြစ်စေသည်။ သူသည် သူ့ပြင်းထန်သောဒဏ်ရာများကို လစ်လျူရှုကာ ဝမ်လင်းထံ တိုးဝင်လာ၏။
“ငါ သေရမယ်ဆိုရင်တောင် ဒီအဘိုးအိုက မင်းကိုပါ ဆွဲခေါ်သွားမယ်…”
သို့ပေမည့် သူ ရှေ့သို့ တိုးဝင်လာရုံ ရှိသေး ဝမ်လင်း၏ လေးကြိမ်မြောက်ဓားချက်သည် ဆင်းသက်လာပေပြီ။ ၎င်းဓားချက်ထဲ၌ ပြန့်ကြဲမိုးကြိုးကလန်သို့ ခုနစ်သန်းလောကများ၏ လူများ၏ အမုန်းတရား ပြည့်နှက်နေသည်။
ချက်ခြင်းပင် ဝမ်လင်း၏ညာလက်သည် လှုပ်ရှားသည်။ သူသည် ငါးကြိမ်မြောက်ဓားချက်ကိုပါ ချက်ခြင်း ထုတ်ဖော်လိုက်သည်။
ဓားစွမ်းအင်တန်းနှစ်ခုသည် တစ်ခုပြီးနောက်တစ်ခု ပျံသန်းထွက်သွားကြ၏။ ထိုဓားစွမ်းအင်တန်းနှစ်ခုထဲ၌ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ၏ အော်သံဟစ်သံများ ပါဝင်သည်။ အကြီးအကဲခေါင်းဆောင်သည် နာကျင်မှုကြောင့် ရူးသွပ်လုနီးနီး ဖြစ်နေပေပြီ။ သူသည် သူ့သက်တမ်းကို ဆက်၍ ဂရုစိုက်မနေတော့ချေ။ သူက သူ့လက် ဝေ့ယမ်းလိုက်၏။
“ငါ့သက်တမ်း တစ်သောင်းကို စတေးပြီး ပြန့်ကြဲမိုးကြိုးကလန်ရဲ့ ခုနစ်စင်ကြယ်မန္တာန်ကို အသက်သွင်းနိုင်ဖို့အတွက် အပူဇော်ခံမီးတောက်အဖြစ် ငါ့ရဲ့ ပြန့်ကြဲမီးတောက်ကလန်ဝင်တွေကို အသုံးပြုနိုင်ဖို့ ငါ့ရဲ့ တတိယအဆင့်မိုးကြိုးအမွေအနှစ်ကို ပျက်စီးစေမယ်…”
အကြီးအကဲခေါင်းဆောင်၏ မာန်သွင်းသံမှာ ကောင်းကင်တုန်လှုပ်ဖွယ်ကောင်း၏။ သူသည် ချက်ခြင်းပင် သူ့သက်တမ်းတစ်သောင်းကို စတေးပစ်လေသည်။
ခုနစ်စင်ကြယ်မန္တာန်သည် ပြန့်ကြဲမိုးကြိုးကလန်၏ အစွမ်းထက်ဆုံးမန္တာန် ဖြစ်သည်။ ခုနစ်စင်ကြယ်မန္တာန်မှာ ကြယ်များ၏စွမ်းအားကို ငှားယမ်းကာ သတ်ဖြတ်ခြင်းကြယ်ကိုးခုအဖြစ် ပြောင်းလဲခြင်းတည်း။ အကြီးအကဲခေါင်းဆောင်၏ ရှေ့ရှိ ဟင်းလင်းပြင်သည် တွန့်ခေါက်လာကာ တောက်ပသောကြယ်ကိုးလုံးမှာ အစီအရင်တစ်ခုအသွင် ပေါ်ထွက်လာ၏။
ထိုကြယ်ကိုးလုံးသည် နတ်ဆိုးဆန်သောအလင်းကို ပေးစွမ်းကာ ဝမ်လင်း၏ လေးကြိမ်မြောက်နှင့်ငါးကြိမ်မြောက် ဓားစွမ်းအင်တန်းတို့ကို ခုခံဖို့ငှာ မြန်ဆန်စွာ ပျံသန်းထွက်လာ၏။
ဓားစွမ်းအင်တန်းနှစ်ခုနှင့် ပြန့်ကြဲမိုးကြိုးကလန်၏ နံပါတ်တစ်ဖြစ်သော ခုနစ်စင်ကြယ်မန္တာန်တို့ ထိပ်တိုက်တွေ့သည့်အခါ တုန်ဟည်းသံများ မြန်ဆန်စွာ ပဲ့တင်ထပ် ပျံ့နှံ့ကုန်သည်။
ပြင်းထန်သောတုန်ဟည်းမှုက ဟင်းလင်းပြင်ကိုယ်တိုင် ပြိုလဲပျက်စီးတော့မည့်အလား။ ထိုဆုတ်ဖြဲအားသည် ခုနစ်သန်းလောကများအတွင်းသို့ ပျံ့နှံ့သည်။ ပြန့်ကြဲမိုးကြိုးကလန်၏ ထိန်းချုပ်ရင်ပြင်သည်ပင် တုန်ဟိန်းကာ မရေမတွက်နိုင်သောအစိတ်အပိုင်းများအဖြစ် ပျက်စီးသွားလေ၏။
တုန်ဟည်းသံများ ဆက်တိုက် ဖြစ်ပေါ်နေရင်း ခုနစ်စင်ကြယ်အစီအရင်မှာ တစစီဖြစ်ကုန်၏။ သတ်ဖြတ်ခြင်းကြယ်ကိုးလုံးသည် လွင့်စင်ပျက်စီးသည်။ အကြီးအကဲခေါင်းဆောင်၏ခန္ဓာကိုယ်မှာ သွေးအလိမ်းလိမ်း ဖြစ်ကုန်ပြီး သူ၏ခြေထောက်အောက်ပိုင်းမှာ ပေါက်ကွဲထွက်၍ ခန္ဓာကိုယ်အထက်ပိုင်းသာ ကျန်ခဲ့သည်။ အံ့မခန်းနာကျင်မှုက သူ့ကို ရူးသွပ်မှုကနေ အသိပြန်ဝင်လာစေသည်။ သူသည် ပူပန်တကြီး နောက်ဆုတ်သည်။ နောက်ဆုတ်ရင်းဖြင့်လည်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်ပေါ်စေသည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်း အသွေးအသားတို့မှာ ရွှေ့လျားကာ မြန်ဆန်စွာ ကောင်းမွန်လာသည်။
“ဒီလူရှိမှာ ကမ္ဘာသန်းချီစိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းကျာပွတ်လည်း ပိုင်ဆိုင်ထားတယ်။ ဒါ့ကြောင့် ငါက ငါ့မူလစိတ်ဝိညာဉ်နဲ့ ထွက်ပြေးလို့ ရနိုင်မှာ မဟုတ်ဘူး…”
လေးကြိမ်မြောက်နှင့်ငါးကြိမ်မြောက် ဓားစွမ်းအင်တို့ လွင့်ပါးသွားချိန်တွင် ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်၏။ ခုနစ်သန်းလောကများအတွင်းရှိ မရေမတွက်နိုင်သော သက်ရှိများမှာလည်း သေဆုံးကုန်ကြလေပြီ။ သူသည် သွေးအန်လိုက်ရ၏။
သူက ရုတ်တရက် မော့ကာ အကြီးအကဲခေါင်းဆောင်ကို စိုက်ကြည့်သည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်နှက်လျက် သူက မာန်သွင်းအော်ဟစ်လိုက်သည်။ “သင် ဒီနေ့ မသေသေးသ၍ ငါ ဝမ်လင်းဟာ ရပ်တန့်မှာ မဟုတ်ဘူး…”
ဝမ်လင်းသည် တဟုန်ထိုး တိုးဝင်လာလေ၏။ သူက ခုနစ်ပေဓားကို ပင့်မြှောက်ကာ ခြောက်ကြိမ်မြောက် ခုတ်ပိုင်းချသည်။
ဓားစွမ်းအင်တန်းသည် လောကကိုပါ တုန်ယင်စေသည်။ ခုနစ်သန်းလောကများ၏ အစွန်းပိုင်းနေရာများမှာ စတင်ပြိုပျက်လာသည်။ မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများ ပေါ်လာ၏။ ခုနစ်သန်းလောကများသည်ပင် အစိတ်အပိုင်းများ စဖြစ်လာသည်။ ခုနစ်သန်းလောကများသည် လုံးဝ ပျက်စီးသွားတော့မည့်အလား။
***