အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁) ကော့တေးပါတီ။
သူတို့ စိုက်ကြည့်နေကြစဉ်မှာပင် ကွမ်းထျန်ရှုံ ၏ နှလုံးပေါ်ရှိ အနီရောင်အဖုကြီးသည် ပန်းသီးတစ်လုံးခန့် ပမာဏအထိ ဖောင်းတက်လာပြီးနောက်လေထွက်သွားသည့် ရှူးရှူးမြည်သံနှင့်အတူ ချက်ချင်း ပေါက်ထွက်သွားခဲ့တော့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် မြင်းမြီးသန်ကောင်များနှင့် တူသော အကောင်ပေါင်း ထောင်သောင်းချီ၍ ထိုအဖုကြီးထဲမှ တိုးဝှေ့ရုန်းထွက်လာကြသည်။
အပေါက်ငယ်လေးများကို ကြောက်ရွံ့တတ်သည့်ရောဂါရှိသူ မည်သူမဆို ဤမြင်ကွင်းကို မြင်လိုက်ရုံမျှဖြင့် မေ့လဲသွားကြပေမည်။
"အားးးးး ဒါ ဒါက။"
ကွမ်းထျန်ရှုံတစ်ယောက် ဦးရေပြားများ တဖြတ်ဖြတ် တုန်ရီသွားသလို ခံစားလိုက်ရပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။ မကြာမီအချိန်၌ ထို မြင်းမြီးသန်ကောင်များအားလုံး မြေပြင်ပေါ်သို့ ကျရောက်သွားကြပြီး အကြိမ်အနည်းငယ် လူးလွန့်လှုပ်ရှားပြီးနောက် ငြိမ်သက်သွားကြတော့သည်။
ကွမ်းထျန်ရှုံ၏ နှလုံးသားဧရိယာကို ပြန်လည်ကြည့်ရှုလိုက်သည့်အခါထိုအနီရောင်အဖုကြီးသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည့်အပြင်အနီရောင်အစက်အကွက်လေးပင် ခြောက်သွေ့သွားပြီး ကွာကျသွားခဲ့ပြီဖြစ်၏။
ယဲ့ချန်သည် သူ၏ ယင်-ယန်မျက်လုံးကို အသက်သွင်းကာ ထပ်မံစစ်ဆေးကြည့်လိုက်ရာ ကွမ်းထျန်ရှုံ၏ ခန္ဓာကိုယ်ထဲတွင် မငြိမ်မသက် ဖြစ်နေသော မကောင်းသည့် အငွေ့အသက်များအားလုံး လုံးဝ ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။
"ကဲ... မင်းအတွက်တော့ ဒီနှလုံးစားကူပိုးအဆိပ်ဖြေရှင်းလို့ ပြီးသွားပြီ။"
တီ...။ အိမ်ရှင်အနေဖြင့် တာဝန်ဖြစ်သော 【ကွမ်းထျန်ရှုံအတွက် နှလုံးစားကူပိုးကို ဖယ်ရှားပေးရန်】 ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။
【ကူပိုးဖယ်ရှားခြင်အဆောင်】 အခု ၂၀ ရရှိပြီး ၎င်းတို့ကို သိုလှောင်ခန်းထဲတွင် အလိုအလျောက် သိမ်းဆည်းပေးလိုက်ပါပြီ။ ပြုပြင်ခြင်းစွမ်းအင် ၀.၀၁ ရရှိပါသည်။ စနစ်ပြုပြင်မှု ပြီးစီးမှုနှုန်း - ၃.၅၈% ဖြစ်ပါသည်။
'အော် ဂူပိုးဖယ်ရှားခြင်း အဆောင်ထွက်လာတာပဲလား မဆိုးပါဘူး...'
ယဲ့ချန်ခေါင်းအနည်းငယ် ငြိမ့်လိုက်ရင်း ကျေနပ်အားရမှုကို ခံစားလိုက်ရသည်။
"သခင်လေးယဲ့ ကျွန်တော် အခုချက်ချင်းပဲ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေကို စုစည်းပြီး ဟိုဘက်ကို ချီတက်သွားပါ့မယ်။ ပိုင်ရှောင်ရန် ကို သေချာပေါက် ပေးဆပ်ခိုင်းရမယ်။"
ဤအချိန်တွင် ကွမ်းထျန်ရှုံ၏ မျက်ဝန်းများသည် ဒေါသကြောင့် ပြူးကျယ်နေခဲ့ပြီးသူ၏ လူသတ်လိုသော အငွေ့အသက်များ လျှံထွက်နေခဲ့၏။ သူကိုယ်တိုင်ကလည်း ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက် ဖြစ်သည့်အတွက် ဤတစ်ကြိမ်တွင် ယခုကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ ယဲ့ချန်သာ အချိန်မီ ရှာမတွေ့ခဲ့ပါကသူသည် မည်သို့သေဆုံးသွားသည်ကိုပင် သိလိုက်ရမည် မဟုတ်ပေ။
လူကြီးလူကောင်းတစ်ယောက်သည် ဤကဲ့သို့သော ရန်ငြိုးကို မကရင်ဘဲ လက်လွှတ်မခံတတ်ပေ။
"မလောပါနဲ့ဦး။"
ယဲ့ချန်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ရန်သူကို သတိမပြုမိပါစေနဲ့။ နောက်တစ်ကြိမ် မင်း ပိုင်အုပ်စုက လူတွေနဲ့ တွေ့ရင်၊ ဘာမှမသိသလိုမျိုး ရေကိုပဲ ဆက်သောက်ပြနေလိုက်။"
ခဏမျှ ရပ်တန့်ပြီးနောက် ယဲ့ချန် သည် သူ၏ သိုလှောင်ခန်းထဲမှာအဆောက်တစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။ ဤအရာမှာ ပြီးခဲ့သည့်အကြိမ်က Wanda Plazaတွင် ထုံဟွမ်နှင့် သူ၏ လူမိုက်ညီအစ်ကိုတစ်စုကို စုပေါင်းပြီး ကိုယ်လုံးတီး အဝတ်ဗလာဖြင့် ပြေးခိုင်းခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့သည့် 【သရဲပူးကပ်ခြင်းအဆောင်】 အမျိုးအစား ဖြစ်သည်။
ယဲ့ချန် က ထိုအဆောင်ကို ကွမ်းထျန်ရှုံ ထံသို့ ကမ်းပေးလိုက်သည်။
"တကယ်လို့ မင်း ဒီဒေါသကို မမျိုချနိုင်ဘူးဆိုရင် ဒီအဆောင်ကို အရက်ထဲမှာ အရည်ဖျော်ပြီးတော့ အဲဒီပိုင်ဆိုတဲ့ကောင်ကို လှည့်စားပြီး တိုက်လိုက်။"
"ဟုတ်ကဲ့။"
ကွမ်းထျန်ရှုံစိတ်တ်လှုပ်ရှားစွာဖြင့် အဆောင်ကို လှမ်းယူလိုက်ပြီး မေးလိုက်၏။
"သခင်လေးယဲ့ဒါက ဘယ်လိုအဆောင်မျိုးလဲ ခင်ဗျာ။"
"သရဲပူးကပ်ခြင်းအဆောင်... တကယ်လို့ သူသာ အဲဒီရေကို သောက်လိုက်ရင် သုံးရက်အတွင်းမှာပဲ ဆယ်မိုင်ပတ်လည်မှာရှိတဲ့ လေလွင့်သရဲတွေရဲ့ နှောင့်ယှက်မှုကို ခံရလိမ့်မယ် ကံဆိုးမှုတွေ ဆက်တိုက်ကြုံရမယ် ညဘက်ဆိုရင်လည်း အိပ်မက်ဆိုးတွေမက်ပြီး သရဲအဖိခံရလိမ့်မယ် နောက်ဆုံး သူ အိပ်ရာထဲမှာ ကိစ္စရှုပ်နေတဲ့ အချိန်မျိုးမှာတောင် လေလွင့်သရဲတွေက စိုက်ကြည့်နေတာကို ခံရလိမ့်မယ်။ အခြေအနေ မကောင်းရင်တော့ သူ့ကို ကြောက်လန့်ပြီး ပန်းသေပန်းညှိုးတဲ့အထိ ဖြစ်သွားစေနိုင်တယ်။"
ယဲ့ချန်ပြုံးလိုက်၏။
"အချိန်အခါကောင်း ရောက်လာတဲ့အခါ သူ့ကို ငါကိုယ်တိုင် ရှင်းလင်းပေးပါ့မယ်။"
"ဟုတ်ပါတယ် သခင်လေးယဲ့သာ လက်မနှေးဘဲ အရေးယူရင်တော့ အဲဒီကောင်စုတ်က သေချာပေါက် ပျက်စီးရမှာပါ ကောင်းကောင်းမွန်မွန် သေရမှာမဟုတ်ဘူး သောက်ခွေးသား။"
ကွမ်းထျန်ရှုံ အံကြိတ်လိုက်သည်။ သို့သော်လည်း ယဲ့ချန်က အရေးယူပေးရန် သဘောတူလိုက်ပြီ ဖြစ်သည့်အတွက် အားလုံး အဆင်ပြေသွားမည်ပင်။
ပိုင်ရှောင်ရန် မင်းသေပြီ။
"သခင်လေးယဲ့ ကျွန်တော့်ဘက်က ရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ။"
ကွမ်းထျန်ရှုံ မျက်ရည်ဝဲလျက် ကုန်း၍ ကျေးဇူးတင်စကား ဆိုလိုက်၏။ ယဲ့ချန် ကတော့ စိတ်ထဲတွင် ရေရွတ်လိုက်သည်။
'မင်းကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။ ငါက ငါ့ရဲ့ ယွီရှီး (Yu Xi) အတွက် ရပ်တည်ပေးတာ ပြီးတော့ ကွမ်တာလမ်းပေါ်က လူတွေအတွက်လည်း ပါတာပေါ့။'
နေ့လယ်စာ စားချိန် ရောက်ရှိလာခဲ့၏။ ကွမ်းထျန်ရှုံက ယဲ့ချန် (Ye Chen) ကို ထမင်းအကြီးအကျယ် ကျွေးမွေးဧည့်ခံခဲ့ပြီးနောက်၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။
မွန်းလွဲပိုင်းတွင်... ယဲ့ချန်သည် ပျင်းပျင်းရှိသဖြင့် ကားကို ရည်ရွယ်ချက်မရှိဘဲ လျှောက်မောင်းနေစဉ် ရှယန်နန်ထံမှ ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာခဲ့သည်။
"ယန်နန်ဘာကိစ္စရှိလို့လဲ။"
ယဲ့ချန်ဖုန်းကို ဖြေကြားလိုက်ပြီး ပြုံးလိုက်သည်။
"ဆရာကြီး ဘာကိစ္စမှမရှိရင် ဖုန်းခေါ်လို့ မရဘူးလား။"
ရှယန်နန်၏ လေသံမှာ နူးညံ့ချိုသာလှပြီး အလွန်ပင် ယဉ်ကျေးသိမ်မွေ့နေခဲ့သည်။
"ဆရာကြီးက တကယ်ပဲနော်။ ကျွန်မကို သတိရလို့ဆိုပြီး ဖုန်းတောင် မခေါ်ဘူး။ စားပြီး နားမလည်လုပ်ပြီး ပစ်ထားတဲ့ ဂန္ထဝင်မြောက်တဲ့ လူစားမျိုးပဲ။"
"ဟင်..."
ယဲ့ချန်ကြောင်အသွား၏။
"ယန်နန်လျှောက်မပြောနဲ့။ ငါက ဘယ်တုန်းက စားပြီး နားမလည်လုပ်ခဲ့လို့လဲ။ ငါ ဘာမှမစားရသေးဘူးလေ။ မင်းက အဲဒီလို ပြောမှတော့... ငါတို့ အခန်းတစ်ခုသွားယူပြီး မင်းကို ငါ့ရဲ့ စွမ်းဆောင်ရည်တွေကို စမ်းသပ်ခွင့်ပေးလိုက်ရမလား ဘယ်လိုလဲ။"
"လူဆိုးကြီး ဆရာကြီးအဲဒါက မကောင်းဘူးနော်။ ကျွန်မတို့ အခန်းအတူတူ ယူဖူးပြီးပြီ မဟုတ်ဘူးလား ဒါ့အပြင် ကျွန်မတို့... ကျွန်မတို့ အတူတူတောင် အိပ်ခဲ့ဖူးတာကို..."
ရှယန်နန်၏ လေသံ တိုးဝင်သွားခဲ့ပြီး အနည်းငယ် ရှက်ရွံ့နေဟန် ရှိသော်လည်း ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ကဲပါ ဆရာကြီး ကျွန်မ ဆရာကြီးကို နောက်မနေတော့ပါဘူး။ ဒီညနေကျရင် ဒေါ်လေးက ဖုန်းဆက်ပြီး ကျွန်မကို အိမ်မှာ ထမင်းလာစားဖို့ ခေါ်ထားတာ ဒါပေမဲ့ ကျွန်မမှာ လုပ်စရာကိစ္စလေး ရှိနေလို့ မသွားနိုင်တော့ဘူး။"
"အော်... အဲဒါလား။ ငါ့အမေကလည်း တကယ်ပဲ ငါ့ကို ဘာမှမပြောဘဲ မင်းကို ဖုန်းဆက်ဖိတ်ရတယ်လို့။ ငါတောင် မသိဘူး။"
ယဲ့ချန်ပြုံးလိုက်၏။
"ကောင်းပြီ ငါ့အမေကို ငါ ပြန်ပြောလိုက်ပါ့မယ်။"
"အဲဒါ မဟုတ်သေးဘူး ဆရာကြီးကျွန်မ စကားမဆုံးသေးဘူး။"
ရှယန်နန်က အလျင်အမြန် ပြောလိုက်သည်။
"ဒီည ကျွန်မနဲ့အတူ ကော့တေးပါတီတစ်ခုကို လိုက်ခဲ့ပေးနိုင်မလား။"
"ကော့တေးပါတီ ဘယ်ကော့တေးပါတီလဲ။"
ယဲ့ချန်၏ နှလုံးသား အနည်းငယ် လှုပ်ခတ်သွားသည်။
"ပိုင်အုပ်စုက ကျင်းပတဲ့ ကော့တေးပါတီလား။"
"ပိုင်အုပ်စုလား မဟုတ်ပါဘူး။ ကျွန်မတို့ ရှ မိသားစုနဲ့ ပိုင် မိသားစုက ဘာစီးပွားရေးလုပ်ငန်းမှ မပတ်သက်ဘူးလေ။"
ရှယန်နန်က ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်သည်။
"နိုင်ငံခြားကနေ ပြန်လာတဲ့ ကျွန်မရဲ့ အတန်းဖော်အချို့ ရှိလို့ပါ။ အားလုံး စုံစုံလင်လင်နဲ့ ကော့တေးပါတီ လုပ်ကြမလို့။ တကယ်တော့ ကျွန်မ မသွားချင်ပါဘူး ဒါပေမဲ့ သူတို့တွေက ကျွန်မ ဖုန်းကို အဆက်မပြတ် ဆက်နေကြလို့... ဆရာကြီးကျေးဇူးပြုပြီး ကျွန်မနဲ့အတူ လိုက်ခဲ့ပေးပါနော်..."
"အော်... အဲလိုလား။ သဘောပေါက်ပြီ။"
ယဲ့ချန်နားလည်သွားခဲ့သည်။
"ငါ့ရဲ့ ရည်းစားအဖြစ် ဟန်ဆောင်ပေးပါဆိုတဲ့ ဇာတ်လမ်းမဟုတ်လား မင်းကို လာပတ်သက်နေတဲ့ ဇွဲကောင်းတဲ့ လူရှုပ်တွေကို မောင်းထုတ်ပေးဖို့ ငါ့ကို အသုံးချချင်တာမလား။"
ဒီလိုကိစ္စမျိုးတွေ ကြုံရတာ ဘယ်နှကြိမ်မြောက် ရှိနေပြီလဲ။
ယဲ့ချန်စကားမဲ့သွားခဲ့ရ၏။
"ဟန်ဆောင်တာ..."
ရှယန်နန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါက ဟန်ဆောင်တာ မဟုတ်ပါဘူး... ကဲပါ ဆရာကြီး ကျွန်မအရင်သွားပြီး စောင့်နေပါ့မယ်။ ဦးလေးအတွက်လည်း လက်ဆောင်တစ်ခု ယူလာခဲ့မယ်။ တာ့တာ။"
"ဟန်ဆောင်တာ မဟုတ်ဘူး ဟုတ်လား။"
ယဲ့ချန်စဉ်းစားခန်း ဝင်သွားသည်။
"ဟူး... တကယ်ပဲ ငါ့ကို သူတို့ရဲ့ ရည်းစားလိုမျိုး သဘောထားနေတာလား။"
ယဲ့ချန်၏ နေအိမ်။
လူနေအိမ်ရာဝင်း။
ယဲ့ချန်၏ ဖခင်သည် လူနေအိမ်ရာဝင်းထဲတွင် သူ၏ သူငယ်ချင်းအချို့နှင့်အတူ ထိုင်ကာ ရေနွေးကြမ်းသောက်ရင်း စကားစမြည် ပြောဆိုနေခဲ့သည်။ ဤအရွယ်ရှိ လူကြီးများ စုမိကြသည့်အခါ အများစုမှာ မိမိတို့၏ သားသမီးများအကြောင်းကို ကြွားလုံးထုတ်ရသည်ကို နှစ်သက်ကြသည်။
"ဟေ့... ညီကိုယဲ့ ကြည့်စမ်း ဒါက ငါ့သားက ငါ့အတွက် အခုလေးတင် ဝယ်ပေးထားတဲ့ လက်ပတ်နာရီပဲ။ ဆွစ်ဇာလန်နိုင်ငံထုတ်ကွတစ်လုံးကို သုံးသောင်းကျော်တောင် ပေးရတာ။"
ထိပ်ပြောင်ပြောင်နှင့် လူတစ်ယောက်သည် သူ၏ လက်ကောက်ဝတ်ကို ယဲ့ချန်၏ ဖခင်ရှေ့တွင် ယမ်းပြရင်း သူဝတ်ဆင်ထားသော နာရီကို ကြွားဝါလိုက်သည်။
"ညီကိုယဲ့ရေငါ့ရဲ့ ချွေးမကတော့ ငါ့အတွက် အဆင့်မြင့် ငါးဖမ်းကိရိယာ အစုံလိုက် ဝယ်ပေးထားတယ်။ ဒီအပတ်ပိတ်ရက်ကျရင် ငါးသွားမျှားကြမလား။"
"ညီကိုယဲ့ ငါ့သမီးကတော့ နောက်လကျရင် ငါ့ကို မော်လ်ဒိုက်ကို အလည်အပတ် ခရီးလိုက်ပို့မလို့လေ။" ...
ယဲ့ချန်၏ ဖခင်သည် စီးကရက်ကိုသာ သောက်နေပြီး ဘာမှ ပြန်မပြောခဲ့ပေ။
ကွက်တိဆိုသလိုပင်... အနက်ရောင် Volkswagen SUV ကားအသစ်စက်စက်တစ်စီး လူနေအိမ်ရာဝင်းထဲသို့ မောင်းနှင်ဝင်ရောက်လာခဲ့သည်။
မောင်းနှင်လာသူမှာ ရှယန်နန် ဖြစ်သည်။ သူမသည် ကားရပ်နားရန်နေရာ ရှာဖွေနေစဉ် ယဲ့ချန်၏ ဖခင်ကို တစ်ချက်တည်းနှင့် မြင်တွေ့သွားခဲ့သဖြင့် စတီယာရင်ကို လှည့်ကာ ကားကို ထိုနေရာသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။
သူမ ကားရပ်လိုက်၏။
"ဦးလေးယဲ့။"
ရှယန်နန်ကားပေါ်မှ ဆင်းလာခဲ့ပြီး တံခါးကို ပိတ်ကာ ယဲ့ချန် ယ ဖခင်ထံသို့ ယဉ်ကျေးသိမ်မွေ့သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့၏။ သူမသည် ယနေ့ညတွင် လူမှုရေးပွဲတစ်ခုသို့ တက်ရောက်ရမည် ဖြစ်သောကြောင့် အလွန်လှပစွာ ဝတ်ဆင်ပြင်ဆင်ထားသည်။
သူမသည် အဖြူရောင် ကိုယ်ကျပ် ခါးသိမ် Dior ဂါဝန်ကို ဝတ်ဆင်ထားပြီး၎င်းမှာ အလွန်ပင် ကျော့ရှင်းပြီး ခေတ်ဆန်လှကာ သူမ၏ ဂုဏ်ယူဖွယ်ရာ ကောက်ကြောင်းအလှကို အထင်အရှား ပေါ်လွင်စေသည်။
သူမ၏ မျက်နှာထက်တွင် သပ်ရပ်လှပသော မိတ်ကပ်ဖျော့ဖျော့လေးကို ခြယ်သထားပြီးတန်ဖိုးကြီး လည်ဆွဲနှင့် နားကပ်များကို ဆင်မြန်းထား၏။
သူမသည် တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ လှပလွန်းနေခဲ့ပြီး ထိုမွေးရာပါ မြင့်မြတ်သောအရှိန်အဝါကြောင့် သူမအား မည်သူမျှ အလွယ်တကူ မချဉ်းကပ်ရဲသကဲ့သို့ ခံစားရစေသည်။
"အော်... ယန်နန်ရောက်လာတာပဲ။"
ယဲ့ချန် ၏ဖခင်သည် ရုတ်တရက် သူ၏ မျက်နှာပွင့်လန်းသွားသလို ခံစားလိုက်ရ၏။ သူသည် အသံထွက်၍ အကျယ်ကြီး ရယ်မောပစ်ချင်သော်လည်း ထိန်းချုပ်ထားလိုက်ပြီး သူ၏ မျက်နှာကို ထူးထူးခြားခြား တည်ကြည်လေးနက်နေအောင် လုပ်ထားလိုက်သည်
သူ၏ မိတ်ဆွေဟောင်းများနှင့် သူငယ်ချင်းများမှာ ရှယန်နန်ကို ကြောင်ကြည့်နေကြသည်။
"ဦးလေးရေ... ပြီးခဲ့တဲ့အကြိမ်က ကျွန်မပထမဆုံးအကြိမ် တွေ့တုန်းက လက်ဆောင်မဝယ်ပေးဖြစ်ခဲ့လို့ တကယ်ပဲ အားနာမိပါတယ်ရှင်။ ဒါကြောင့်... ဒါက ဦလေးနှစ်သက်တဲ့ ကားလေးမို့လို့ ဦးလေးအတွက်ပါရှင်။"
ရှယန်နန်သည် အလွန်ပင် လိမ်မာသိမ်မွေ့စွာဖြင့် ကားသော့ကို ယဲ့ချန် ၏ ဖခင်ထံသို့ လှမ်းပေးလိုက်သည်။
"ကျွန်မ 4S အရောင်းပြခန်းနဲ့ စကားပြောပြီးပါပြီ ငွေအပြည့်အဝ ချေပီးသားဖြစ်သလို အာမခံလည်း အသက်ဝင်နေပါပြီ။ ဦးလေးအနေနဲ့ စာရွက်စာတမ်းလေးတွေ ယူသွားပြီး အမည်ပြောင်းဖို့ပဲ လိုပါတော့တယ်ရှင်။"
"အာ... ဒါက အားနာစရာကြီးပဲ..."
ယဲ့ချန်၏ ဖခင်သည် သူ၏ဘဝတွင် အမြင့်ဆုံးသော ဂုဏ်သိက္ခာပိုင်းသို့ ရောက်ရှိသွားသလို ခံစားလိုက်ရ၏။ သူ၏ သူငယ်ချင်းဟောင်းများ၏ မနာလိုခြင်း အားကျခြင်းနှင့် မုန်းတီးခြင်း မျက်ဝန်းများကို ကြည့်ရင်း သူသည် တကယ်ကို လေပေါ်မှာ ပျံဝဲနေသကဲ့သို့ ခံစားလိုက်ရသည်။ လူတစ်ယောက် ရှင်သန်နေထိုင်တယ်ဆိုတာ ဒီလိုဂုဏ်သိက္ခာလေးတစ်ခုအတွက် တိုက်ပွဲဝင်နေကြတာ မဟုတ်ဘူးလား။ ကားက ဒုတိယအချက်သာဖြစ်ပြီး၊ အဓိကအချက်မှာ ရှယန်နန်က ယနေ့တွင် သူ့ကို အများရှေ့၌ မျက်နှာပန်းလှအောင် လုပ်ပေးလိုက်ခြင်းပင် ဖြစ်သည်။
"ဦးလေးပျော်ရွှင်နေသရွေ့ အဆင်ပြေပါတယ်ရှင်။"
ရှယန်နန်က ကားသော့ကို ယဲ့ချန်၏ ဖခင်လက်ထဲသို့ တက်ကြွစွာ ထည့်ပေးလိုက်၏။
"အာ... ယန်နန် ကျေးဇူးတင်ပါတယ် ဦးလေးသမီးကို တကယ်ကျေးဇူးတင်ပါတယ်။ နောင်အနာဂတ်မှာ မင်းက သေချာပေါက် သိတတ်တဲ့ ချွေးမကောင်းတစ်ယောက် ဖြစ်လာမှာပါ။"
ယဲ့ချန်၏ ဖခင်သည် သူ၏ ရယ်မောချင်စိတ်ကို အတင်းအကျပ် အောင့်အည်းထားရင်း လှည့်လိုက်ပြီး သူ၏ သူငယ်ချင်းဟောင်းများကို ပြောလိုက်သည်။
"အော်... ငါ့သားရဲ့ ရည်းစားလေးလေ သူက အရမ်းယဉ်ကျေးတာပဲ။ ဟေ့... ဒါကို ကြည့်ပါဦး။ ပထမဆုံးအကြိမ် လက်ဆောင်ပေးတာကိုတင် Volkswagen Tiguan တစ်စီး ပေးတာဗျာ။ ငါတော့ တကယ်ကို အားနာလှပါတယ်။"
"ညီကိုယဲ့ရယ်လူတတ်ကြီးလုပ်မနေပါနဲ့။ Volkswagen Tiguan လဲ။ ဒါက အဆင့်အမြင့်ဆုံး Touaregကွ၊ ကားလမ်းပေါ်ရောက်စျေးတင် သိန်းတစ်သောင်းကျော် (တစ်သန်းကျော်) ရှိတယ်။ တော်ပါပြီ၊ တော်ပါပြီ၊ မင်းသားက တကယ်စွမ်းတာပဲ။"
စောစောက နာရီကြွားသွားသည့်သူက မနာလိုသောလေသံဖြင့် ပြောလိုက်သည်။
"ဟူး... တော်တဲ့သူတွေထက် ပိုတော်တဲ့သူတွေ ရှိနေတာပဲ။ ညီကိုယဲ့ နောက်ဆိုရင် ငါတို့ ညီအစ်ကိုတွေ မင်းရှေ့မှာ ဘာမှမကြွားရဲတော့ဘူး။ မင်းကို မယှဉ်နိုင်ပါဘူး။"
"ယန်နန် ဦးလေး ဒါလေးကို အရင်သွားမောင်းကြည့်လိုက်ဦးမယ်။ သမီးမှာ အိမ်သော့ရှိတယ်မလား အိမ်ထဲဝင်ပြီး ရှောင်ချန်ကို စောင့်နေလိုက်နော်။"
ထို့နောက် သူ၏ လေသံကို နှိမ့်လိုက်သည်။
"ယန်နန် ဦးလေးဒီနေ့ တကယ်ကို ပျော်ရွှင်ရပါတယ် ဘဝမှာ ဒီလောက် မပျော်ဖူးဘူး နောက်ဆို ရှောင်ချန်မင်းကို အနိုင်ကျင့်ရင် ပြောသူ့ကို ဆုံးမပေးမယ်။"
"ဟုတ်ကဲ့ပါ ဦးလေးကတိအတိုင်းပဲနော် ကားကို ဖြည်းဖြည်းမောင်းပါရှင်။"
ရှယန်နန်ချိုသာစွာ ပြုံးလိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ယဲ့ချန်၏ မိခင်သည် ယဲ့ချန်၏ အိမ်သော့ကို ရှယန်နန်ထံသို့ ပေးအပ်ထားခဲ့သည့်အတွက်ကြောင့် သူမသည် မိမိကိုယ်ပိုင်အိမ်သို့ ဝင်ရသကဲ့သို့ ယဲ့ချန်၏ အိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
"လူတွေပြောကြတာတော့... မင်းရဲ့ ရည်းစားကို ဖမ်းစားချင်ရင် အရင်ဆုံး သူတို့ရဲ့ မိဘတွေကို ဖမ်းစားရမယ်တဲ့။ ဒီနည်းလမ်းက တကယ်ကို အသုံးဝင်ပုံရတယ်။"
ရှယန်နန်လည်း ယနေ့တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
မကြာမီအချိန်၌ ယဲ့ချန်အိမ်သို့ ပြန်ရောက်လာခဲ့သည်။
"ယန်နန် ငါ့အမေကတော့ မင်းကို တကယ်ပဲ အမွှန်းတင်ထားတာပဲ ငါ့အိမ်သော့ကိုတောင် မင်းကို ပေးထားရတယ်လို့။"
ယဲ့ချန်အနည်းငယ် စကားမဲ့သွားခဲ့၏။
သို့သော်လည်း ရှယန်နန်၏ ယနေ့ ဝတ်စားဆင်ယင်မှုနှင့် မိတ်ကပ်ပြင်ဆင်မှုမှာ တကယ်ကို လှပလွန်းနေသည့်အတွက် ယဲ့ချန် ၏ စိတ်ကို မငြိမ်မသက် ဖြစ်စေခဲ့သည်။
သူ လျှောက်သွားပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
"ဆရာကြီး ကတိပေးထားတဲ့အတိုင်းပဲနော်၊ ခဏနေရင် ကျွန်မနဲ့အတူ ကော့တေးပါတီကို လိုက်ခဲ့ရမယ်။"
ယဲ့ချန် မြင်လိုက်ရသည့်အခါ ရှယန်နန် ၏ ရင်ထဲတွင် ပိုမိုချိုမြိန်သွားခဲ့ရသည်။ ၎င်းမှာ တစ်ရက်ခွဲခွာရခြင်းသည် ဆောင်းဦးသုံးခါ ပြောင်းလဲသွားသကဲ့သို့ဆိုသည့် စကားပုံအတိုင်းပင် ခံစားရစေသည်။
"တကယ်တော့ ငါ ကော့တေးပါတီတွေ တစ်ခါမှ မတက်ဖူးဘူး။"
ယဲ့ချန်က မတတ်သာသည့်လေသံဖြင့် ပြောလိုက်၏။
"ဒါပေမဲ့ မင်းက တောင်းဆိုထားမှတော့... ငါ မင်းနဲ့အတူ လိုက်ခဲ့ပါ့မယ်။"
"ဆရာကြီး စိတ်မပူပါနဲ့ ကျွန်မရဲ့ အတန်းဖော်တွေက နိုင်ငံခြားက ပြန်လာကြပြီး မိသားစုနောက်ခံ ကောင်းကြတယ်ဆိုပေမယ့်လည်း
တကယ့် အရည်အချင်းပိုင်းကို ပြောရမယ်ဆိုရင်တော့ ဆရာကြီးကို ဘယ်လိုမှ မမီနိုင်ကြပါဘူး..."
ရှယန်နန်က အလေးအနက် ပြောလိုက်သည်။
"ပြီးတော့ သူတို့ရဲ့ ရုပ်ရည်တွေကလည်း ဆရာကြီးကို မယှဉ်နိုင်ပါဘူး။"
"ရှယန်နန် ငါသိသားပဲ မင်းက ငါ့ရဲ့ ချောမောပြီး စင်ကြယ်တဲ့ ခန္ဓာကိုယ်ကို မက်မောနေတာမလား။"
ယဲ့ချန်ပြုံးလိုက်ပြီးနောက် ရှယန်နန်ကို ဆွဲယူကာ သူ၏ ရင်ခွင်ထဲသို့ ထည့်လိုက်၏။
"ယန်နန် မင်းရဲ့ ဝိညာဉ်က ထပ်ပြီး မငြိမ်မသက် ဖြစ်နေပြန်ပြီလို့ ငါထင်တယ်။"
ဝိညာဉ် တည်ငြိမ်အောင် ပြုလုပ်ခြင်း။ ရှယန်နန်သည် ယဲ့ချန် ၏ ရင်ခွင်ထဲသို့ နူးညံ့ပျော့ခွေစွာ လဲကျသွားခဲ့ပြီးသူမ၏ လက်ချောင်းလေးများဖြင့် သူ၏ ရင်ဘတ်ပေါ်တွင် အဝိုင်းလေးများ ဆွဲနေခဲ့ကာသူမ၏ မျက်ဝန်းများမှာ မိန်းမောတွေဝေနေရင်း ညည်းတွားလိုက်သည်။
"ဆရာ... ဆရာကြီးမသိပါဘူး ကျွန်မ ဆရာကြီးကို တကယ်ပဲ အများကြီး သဘောကျတာ..."
"အော် အဲလိုလား။"
ယဲ့ချန်ပြုံးလိုက်၏။
"ဒါနဲ့... မင်းရဲ့ အမျိုးသမီးသဘာဝကိစ္စက ပြီးသွားပြီလား။"
"ဆရာကြီးက အဲဒါကိုပဲ စိတ်ဝင်စားနေတယ်... လူဆိုးကြီး။"
ရှယန်နန်က မကျေနပ်သလိုမျိုး နှုတ်ခမ်းလေးကို စူလိုက်သည်။ ပြတင်းပေါက်မှ ဖြာကျလာသော နေရောင်ခြည်သည် သူမ၏ မျက်နှာထက်သို့ ကျရောက်နေပြီး၊သူမ၏ လှပသော မျက်နှာလေးကို ကျောက်စိမ်းကဲ့သို့ ကြည်လင်နေစေကာ ကြည့်ရသည်မှာ နှုတ်ခမ်းနီများ သုတ်လိမ်းထားသကဲ့သို့ လှပလွန်းနေသည်။
ခဏမျှ ရပ်တန့်ပြီးနောက် သူမက မကြားတကြား လေသံလေးဖြင့် ပြောလိုက်သည်။
"ပြီးသွားပါပြီ... ဒါပေမဲ့ ဆရာကြီး အဲဒီလောက်ကြီး မလောပါနဲ့ဦး... ကျွန်မက ဆရာကြီးအပိုင် ဖြစ်လာမှာပါ ကျွန်မကို အချိန်နည်းနည်းလောက်ပဲ ထပ်ပေးပါဦး..."
"ငါလည်း မလောပါဘူး။"
ယဲ့ချန် က စိတ်ထဲမပါဘဲ ပြောလိုက်သည်။ ထိုနှစ်ဦးစလုံးမှာ ဆိုဖာပေါ်တွင် တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်စွာ နွှဲပျော်နေခဲ့ကြပြီး စိတ်ခံစားချက်များ မြင့်တက်လာသည့်အခါ ဝိညာဉ်တည်ငြိမ်မှု အချို့ကို လုပ်ဆောင်ခဲ့ကြသည်။
ညစာစားချိန် နီးကပ်လာသောအခါ ယဲ့ချန် နှင့် ရှယန်နန်တို့ အတူတူ အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ ယဲ့ချန်သည် သူ၏ Mercedes-Benz G-Class ကားကို ယန်မြို့တော် ရှိ အလွန်အဆင့်မြင့်သော ခြံဝန်းကြီးတစ်ခုဆီသို့ တိုက်ရိုက် မောင်းနှင်လာခဲ့သည်။
ကျူရှန် အိမ်ရာ ဤအိမ်ရာသည် ဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိပြီး တောင်များကို နောက်ခံပြုကာ ရေထုနှင့် နီးကပ်စွာ တည်ရှိသဖြင့် အလွန်ကောင်းမွန်သော ဖုန်းရွှေတည်နေရာနှင့် သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင် ရှိသည်။
ယဲ့ချန်သည် သူ၏ကားကို အိမ်ရာအပြင်ဘက်ရှိ ကားပါကင်သို့ မောင်းဝင်လိုက်သည့်အခါ Lamborghini များ၊ Ferrariများနှင့် အခြားသော တန်ဖိုးကြီး ဇိမ်ခံကား အမြောက်အမြားကို မြင်တွေ့လိုက်ရသည်။ သူ၏ Mercedes-Benz G-Classမှာ ၎င်းတို့နှင့် ယှဉ်လိုက်လျှင် အနည်းငယ် သာမန်ဆန်နေသကဲ့သို့ ရှိသည်။
သူတို့ ကားပေါ်မှ ဆင်းခဲ့ကြ၏။ သူတို့ အိမ်ရာထဲသို့ ဝင်ရောက်ခဲ့ကြသည်။ အိမ်ရာ၏ အတွင်းပိုင်း ပြင်ဆင်မှုမှာ အလွန်ပင် တန်ဖိုးကြီး ဇိမ်ခံဆန်လှပြီး နေရာအနှံ့တွင် ဆန်းသစ်သော ဒီဇိုင်းများ ရှိနေကာ ရှေးဟောင်းဆန်ပြီး မွှေးရနံ့များ သင်းပျံ့နေသဖြင့် ရှေးခေတ် မင်းညီမင်းသားတို့၏ ဥယျာဉ်တော်ကြီးတစ်ခုကဲ့သို့ပင် ရှိသည်။
ရှယန်နန်သည် ကျော့ရှင်းစွာဖြင့် ယဲ့ချန် ၏ လက်မောင်းကို သဘာဝကျကျ ချိတ်လိုက်ပြီးငှက်ငယ်လေးတစ်ကောင်ကဲ့သို့ သူ၏ကိုယ်ပေါ်သို့ မှီတွဲလာခဲ့၏။ သူမသည် မိမိကိုယ်မိမိ ယဲ့ချန်၏ တရားဝင် ရည်းစားတစ်ယောက်အဖြစ် အမှန်တကယ်ပင် သတ်မှတ်ထားခဲ့ပြီ ဖြစ်သည်။ အဆုံးမှာတော့ ပြီးခဲ့သည့်အကြိမ်က ဟိုတယ်တစ်ခုတွင် ယဲ့ချန်နှင့်အတူ အခန်းယူခဲ့ဖူးပြီး ၎င်းတို့ တရားဝင် ကိစ္စမပြီးမြောက်ခဲ့ကြသော်လည်း ကုတင်တစ်ခုတည်းပေါ်တွင် အတူတူ အိပ်စက်ခဲ့ကြဖူးသည်။
အတွင်းစိတ်ပိုင်းတွင် အနည်းငယ် ရိုးရာဆန်သော ရှယန်နန်ကဲ့သို့သော မိန်းကလေးတစ်ယောက်အတွက်မူ မိဘများ၏ အမိန့် သို့မဟုတ် အောင်သွယ်တော်များ၏ စကား မရှိခဲ့သော်လည်း ဤအရာမှာ ဘဝတစ်ခုလုံးကို သီးသန့် ကတိသစ္စာပြုလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
တစ်လျှောက်လုံးတွင် ရှယန်နန်၏ ပုရိသအတန်းဖော်အချို့မှာ သူမအပေါ် ကြီးမားသော စိတ်ကူးယဉ်မှုများ ရှိခဲ့ကြပြီး သူမကို ဇွဲကောင်းကောင်းဖြင့် လိုက်လံပိုးပန်းခဲ့ကြသည်။
ယခုအကြိမ်တွင် ယဲ့ချန် ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းမှာလည်း သူမ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သိစေချင်သောကြောင့်ပင်။
ပန်းမှာ အရှင်သခင် ရှိနေပြီမို့လို့ မင်းတို့ရဲ့ အားအင်တွေကို ချွေတာလိုက်ကြပါတော့။
မကြာမီအချိန်၌ ရှယန်နန်သည် ယဲ့ချန်ကို တန်ဖိုးကြီး ဇိမ်ခံ သီးသန့်အခန်းကြီးတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ဤအချိန်တွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး ထူးခြားသော အရှိန်အဝါရှိသည့် အမျိုးသား အမျိုးသမီး အချို့မှာ သီးသန့်အခန်းထဲရှိ ဝိုင်းဝန်းသော စားပွဲတွင် ထိုင်နေကြပြီ ဖြစ်သည်။
ဤအမျိုးသား အမျိုးသမီးများမှာ ရှယန်နန်၏ အတန်းဖော်ဟောင်းများ ဖြစ်ကြသည်။ ရှယန်နန်တက်ရောက်ခဲ့သည့် ကျောင်းမှာ အထက်တန်းလွှာကျောင်း ဖြစ်သည့်အတွက်ကြောင့် သူမ၏ အတန်းဖော်များမှာလည်း ချမ်းသာကြွယ်ဝသူများ သို့မဟုတ် ဂုဏ်သရေရှိသူများသာ ဖြစ်ကြသည်။
၎င်းတို့၏ မိဘများသည် အစိုးရတွင် ရာထူးကြီးများ ရယူထားကြသူများ သို့မဟုတ် ၎င်းတို့၏ မိသားစုများသည် ကုမ္ပဏီကြီးများ ထူထောင်ကာ စီးပွားရေးအကြီးအကျယ် လုပ်ကိုင်နေကြသူများဖြစ်၏။ အကျဉ်းချုပ်ရလျှင် ၎င်းတို့အားလုံးမှာ အံ့ဩဖွယ်ရာ နောက်ခံသမိုင်းကြောင်းများ ရှိကြသည့် လူမှုရေး အထက်တန်းလွှာများ ဖြစ်ကြသည်။
ဤကဲ့သို့သော အသိုင်းအဝိုင်းငယ်လေး၏ ဆုံဆည်းမှုမှာ တကယ်တော့ မိမိတို့၏ ကွန်ရက်ကို ချိတ်ဆက်ရန်နှင့် ချဲ့ထွင်ရန်အတွက် အရေးကြီးသော စင်မြင့်တစ်ခုပင် ဖြစ်သည်။
"ဟေး... ယန်နန်ရောက်လာပြီပဲ။"
ရှယန်နန် ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ စားပွဲရှိ ပုရိသအတန်းဖော်များ အားလုံး တစ်ပြိုင်နက်တည်း ထရပ်လိုက်ကြပြီး ၎င်းတို့၏ မျက်နှာထက်တွင် ဖော်ရွေသော အပြုံးများဖြင့် ပြည့်နှက်သွားခဲ့သည်။
သို့သော်လည်း ရှယန်နန် က အမျိုးသားတစ်ယောက်ကို ခေါ်ဆောင်လာပြီး သူ၏ လက်မောင်းကိုလည်း ချစ်ခင်စနိုးဖြင့် ချိတ်ထားသည်ကို မြင်လိုက်ရသည့်အခါ ၎င်းတို့၏ မျက်နှာများ ချက်ချင်း ပျက်သွားခဲ့ရတော့သည်။
"ယန်နန် သူက ဘယ်သူလဲ။"
ရှယန်နန်ထက် အနည်းငယ်သာ ရုပ်ရည် လျော့နည်းသော အတော်အတန် လှပပြီး ကိုယ်လုံးကိုယ်ပေါက် လှပသည့် မိန်းကလေးတစ်ယောက်က ရှယန်နန်ကို အံ့ဩတုန်လှုပ်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
"ဒါက..."
"အင်း... ယဲ့ချန်ရဲ့ ရည်းစားလေ။"
ရှယန်နန်က ရှက်ပြုံးလေးဖြင့် ချိုမြိန်စွာ မိတ်ဆက်ပေးလိုက်သည်။
ဤစကားကြောင့် သီးသန့်အခန်းထဲရှိ အမျိုးသား အမျိုးသမီးများအားလုံး ငြိမ်မနေနိုင်ကြတော့ပေ။ ရှယန်နန်သည် ၎င်းတို့၏ အသိုင်းအဝိုင်းငယ်လေးတွင် အလှဆုံး မိန်းကလေးဖြစ်ပြီး သူမ၏ မိသားစုမှာလည်း အချမ်းသာဆုံး ဖြစ်သည်။
သူမကို မည်မျှလောက်သော အမျိုးသားများက မက်မောနေကြသည်ကို မည်သူသိနိုင်မည်နည်း။ ပန်းမှာ အရှင်သခင် ရှိသွားခဲ့ပြီ။
"မဆိုးဘူးပဲ ညီအစ်ကို။ ယန်နန်က လိုက်ရခက်တာနဲ့ နာမည်ကြီးတာ ငါတို့အားလုံး သူမရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတာချည်းပဲ။"
ဝတ်ကောင်းစားလှ ဝတ်ဆင်ထားပြီး တက်ကြွကာ ချောမောလှပသော အမျိုးသားတစ်ယောက်က ယဲ့ချန်ကို မကောင်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"မင်း ဘယ်မှာ အလုပ်လုပ်လဲ မိတ်ဆက်ကြတာပေါ့။ ငါက ကျင်းဟန်ပါ Harvardမှာ ကျောင်းသွားတက်ပြီး အခုမှ ပြန်လာတာ။ ငါ့မိသားစုက ဆေးဘက်ဆိုင်ရာ ကိရိယာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တာပါ။"
သီးသန့်အခန်းထဲရှိ လူအားလုံးက ယဲ့ချန်ကို စူးစမ်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။
"ဟားဟားဟား"
ယဲ့ချန်ရယ်မောလိုက်၏
"ငါ့ရဲ့ နောက်ခံကို မေးနေဖို့ မလိုပါဘူးငါ့မှာ ဘာနောက်ခံမှ မရှိပါဘူး။ သာမန် ကောလိပ်ကျောင်းသားတစ်ယောက်ပါပဲဘာကြီးကျယ်တဲ့ သမိုင်းကြောင်းမှ မရှိပါဘူး။"
ယဲ့ချန်ဤသို့ ပြောလိုက်သည်ကို ကြားလိုက်ရသည့်အခါ အခန်းထဲရှိ အမျိုးသားအနည်းငယ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၎င်းတို့၏ မျက်ဝန်းများထဲတွင် စိတ်ပျက်မှုမကျေနပ်မှုများနှင့် အားမလိုအားမရ ဖြစ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
အကယ်၍ ရှယန်နန်၏ ရည်းစားမှာ မည်မျှလောက် စွမ်းအားကြီးမားပြီး ဩဇာညောင်းသည့် ကြီးကျယ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ပါက ၎င်းတို့အနေဖြင့် သက်ပြင်းချကာ လက်ခံလိုက်ရုံမှတစ်ပါး အခြားမရှိပေ။
သို့သော် သူက သာမန်လူတစ်ယောက် ဖြစ်နေရသည်ကို လုံးဝ လက်ခံနိုင်စရာ မရှိပေ။
လက်ခံရခက်လှသည်။
ရှယန်နန်ကတော့ စိတ်ထဲတွင် ရွံရှာစွာ ရေရွတ်လိုက်၏။
'ငါ့ဆရာကြီးရဲ့ သဘာဝလွန် စွမ်းအင်တွေကိုနင်တို့လို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး အပေါ်ယံပဲကြည့်တဲ့ အပေါ်ယံသမားတွေက ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ။'
ကွက်တိဆိုသလိုပင်ချောမောသော်လည်း အဆီပြန်နေသော အသွင်ရှိသည့် အမျိုးသားတစ်ဦးသည် အလွန်ပင် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် သီးသန့်အခန်းထဲသို့ ပြေးဝင်လာခဲ့သည်။
"ငါတို့ တကယ် ကံကောင်းတာပဲ အားလုံး နားထောင်ကြဦး ငါ အခုလေးတင် ငါ့မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာ ဆရာကြီးစူးက ကျူရှန် အိမ်ရာကို ရောက်နေတယ်ကွ သူက ငါတို့ဘေးက သီးသန့်အခန်းထဲမှာ ရောက်နေတာ ငါတို့ ထမင်းစားပြီးရင် သူ့ကို သွားရောက် ဂါရဝပြုကြရအောင် ဒါက အရမ်းစွမ်းတဲ့ ပုဂ္ဂိုလ်ကြီးကွ တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးပဲ။"
ဤစကားကို ကြားလိုက်ရသည့်အခါ အခန်းထဲရှိ လူအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။
"ဟမ်"
ယဲ့ချန်ကြောင်အသွား၏။
"ဘယ် ဆရာကြီးစူးလဲ။"
ကျင်းဟန်က နှာခေါင်းရှုံ့လိုက်သည်။
"ညီအစ်ကို... မင်း ဆရာကြီးစူးရဲ့ နာမည်ကို မသိတာက သဘာဝကျပါတယ်။ မင်းတို့ရဲ့ အသိုင်းအဝိုင်းက ကွာခြားနေတာကိုးမင်းကတော့ ပုံမှန်အားဖြင့် သူ့ကို ဆက်သွယ်နိုင်မယ့် အခွင့်အရေး ရှိမှာမဟုတ်ဘူး။ ဆရာကြီးစူးဇီချန်း ဆိုတာ ထန်မြို့ရဲ့ ဆရာကြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုပေါင်းမြောက်မြားစွာရဲ့ လေးစားခြင်းခံရတဲ့ ဧည့်သည်တော်ကြီးပေါ့မင်း ကံကောင်းပါတယ်။ ခဏနေရင် ငါတို့ ဆရာကြီးစူးကို သွားရောက်ဂါရဝပြုတဲ့အခါ၊ မင်းလည်း ဂုဏ်သိက္ခာကို အတူတူ မျှဝေခံစားပြီး သူ၏ မသေမျိုး အရှိန်အဝါကို မင်းရဲ့ မျက်စိနဲ့ တပ်အပ် မြင်တွေ့ခွင့်ရမှာဖြစ်လို့နောင်အနာဂတ်မှာ အပြင်ထွက်ရင် ကြွားစရာတစ်ခု ဖြစ်သွားတာပေါ့။"