အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း ၁၃၅ - အန္တရာယ်ရှိသည်။ သက်ဆိုင်သူများသာ ကြည့်ရှုပါရန်။
ထိုခဏ၌ သခင်လေးစုတစ်ယောက် တစ်ကိုယ်လုံး နွေးထွေးသွားပြီး ပြောမပြတတ်အောင် သက်တောင့်သက်သာရှိကာ ကျေနပ်သွားခဲ့သည်။ ကမ္ဘာ့ထိပ်ဖျားသို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစားလိုက်ရ၏။
စူးဇီချန်းသည် ဆရာကြီးအတုအယောင်လုပ်ပြီး လိမ်ညာလှည့်ဖြားနေသည့် အောက်လမ်းဆရာ မဟုတ်ပေ။
သူကိုယ်တိုင် ရေးဆွဲထားသော အဆောင်သည် ငတ်မွတ်ခြင်းသရဲများကို တိုက်ခိုက်ရန် အထူးပြုလုပ်ထားခြင်းဖြစ်ပြီး လူ၏ဇီဝဓာတ်ကို အားဖြည့်ပေးနိုင်သည့် တာအိုစွမ်းအား အနည်းငယ်လည်း ပါဝင်သည်။
“သရဲမောင်းထုတ်ပေးတာ ကျေးဇူးတင်ပါတယ် ဆရာကြီးစူး... တကယ်ကျေးဇူးတင်ပါတယ်။”
သခင်လေးစုက သူ၏ကျေးဇူးတင်စကားကို ဖော်ပြပြီးဖြစ်သည်။
ဟားဟား... ဆရာကြီးစူးရဲ့ လက်ရာဆိုတော့ သေချာပေါက် အဆင်ပြေသွားပြီပေါ့။
သူ၏အသက် ဘေးကင်းသွားပြီ ဆက်လက်ပြီး ပျော်ပါးသောင်းကျန်းလို့ ရပြီပေါ့။
သို့သော် ခဏအကြာမှာပင်...
ထိုဖျော့တော့တော့ ရွှေရောင်အဆောင်စာလုံးများသည် သခင်လေးစု၏ ဖောင်းကားနေသော ဝမ်းဗိုက်အတွင်းသို့ စိမ့်ဝင်သွားပြီးနောက် မည်သည့်ခြေရာလက်ရာမျှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ သခင်လေးစု၏ ဗိုက်တွင် ကပ်တွယ်နေသော သရဲမှာ ညည်းတွားသံပင် မထွက်ခဲ့သလို သေခါနီး စူးစူးဝါးဝါး အော်ဟစ်သံလည်း လုံးဝမထွက်ပေါ်ခဲ့ပေ။
“ဟမ်... ဘာဖြစ်တာလဲ။”
ဆရာကြီးစူးမှာ အလွန်ဇဝေဇဝါဖြစ်သွားပြီး သူ၏ ပါးလျနေသော ဆံပင်များကို ကုတ်ဖဲ့ကာ အလွန်တအံ့တဩ ဖြစ်နေခဲ့သည်။
“ကျိုးကြောင်းဆင်ခြင်ကြည့်ရင် အဲဒီငတ်မွတ်ခြင်းသရဲဟာ အဆောင်ရဲ့ စွမ်းအားကြောင့် စုလွမ်ရဲ့ ခန္ဓာကိုယ်ထဲကနေ အတင်းအဓမ္မ နှင်ထုတ်ခံရမှာလေ...”
“ဆရာကြီးစူး... အခု အခြေအနေက ဘယ်လိုဖြစ်တာလဲ။”
သခင်လေးစု၏ ငြိမ်ကျသွားသော အသည်းနှလုံးသည် ချက်ချင်းပင် ပြန်လည်ပူပန်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“မဟုတ်တော့ဘူး... တစ်ခုခုတော့ မှားနေပြီ။”
စူးဇီချန်း၏ နဖူးမှ ချွေးစေးများ စိမ့်ထွက်လာ၏။ သူသည် အခြောက်ခံထားသော မိုးမခရွက်များကို ထုတ်ယူကာ သူ၏မျက်ခွံများကို ထပ်မံပွတ်သပ်လိုက်သည်။
သူ၏သူငယ်အိမ်များသည် ဆန်းကြယ်သော အလင်းရောင်ဖြင့် တောက်ပလာ၏။
သူ သေချာကြည့်လိုက်သည်။
“ဟာ... အဲဒီငတ်မွတ်ခြင်းသရဲက စုလွမ်ရဲ့ ဗိုက်ထဲမှာ ရှိနေတုန်းပဲ ဘာဒဏ်ရာမှ မရဘူး အဲဒါ... အဲဒါက လှောင်ပြောင်နေသလိုတောင် ဖြစ်နေတယ်...”
စူးဇီချန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ငါ့အဆောင်က သူ့အပေါ် ဘာမှသက်ရောက်မှု မရှိပါလား။”
“ဘာ...”
သခင်လေးစုမှာ အလွန်လန့်သွားသဖြင့် ခြေထောက်များ ပျော့ခွေကာ ဒူးထောက်ကျသွားခဲ့သည်။
ကျင်းဟန်နှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ဆရာကြီးစူး လူပုံလောကအလယ်မှာ ကျရှုံးသွားတာလား။
ယဲ့ချန်၏ မျက်နှာပေးမှာမူ ထိုသို့ဖြစ်မည်ကို ကြိုတင်ခန့်မှန်းထားသည့်အတိုင်း အလွန်သေချာနေသည့် ပုံစံရှိသည်။
“ဒါ မဖြစ်နိုင်ဘူး။”
စူးဇီချန်းက စက်ဝိုင်းပုံ စင်္ကြံလျှောက်နေခဲ့သည်။
“ဒါက လူဝင်စားဖို့ စိတ်ထက်သန်နေတဲ့ ငတ်မွတ်ခြင်းသရဲတစ်ကောင်ပဲလေ။ အသက်ရှင်နေတဲ့သူတစ်ယောက်ကို ငတ်မွတ်ခြင်းသရဲ ကပ်တွယ်လိုက်ပြီဆိုရင် သူတို့ဟာလည်း ငတ်မွတ်ခြင်းသရဲလိုဖြစ်သွားပြီး သန်းခေါင်ယံအချိန်တွေမှာ အမြဲတမ်း အစာစားချင်နေတတ်တာ။ ဒါက စုလွမ်ရဲ့ ရောဂါလက္ခဏာနဲ့ အတိအကျ ကိုက်ညီနေတာပဲ။”
“ယဲ့... ဆရာကြီးယဲ့...”
စူးဇီချန်းသည် အလိုအလျောက်ပင် ယဲ့ချန်ထံမှ အကူအညီတောင်းသည့် သဘောဖြင့် ကြည့်လိုက်သည်။
“ကျွန်တော်မျိုးရဲ့ တာအိုပညာက နက်နဲမှုမရှိစွမ်းအားလည်း မလုံလောက်ပေမဲ့ ဘယ်လောက်ပဲ ညံ့ပါစေ ဒီအဆောင်က စုလွမ်ဗိုက်ထဲက ငတ်မွတ်ခြင်းသရဲအပေါ် လုံးဝအသုံးမဝင်တာတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော် တကယ်ပဲ ငတ်မွတ်ခြင်းသရဲတွေကို အောင်အောင်မြင်မြင် နှိမ်နင်းခဲ့ဖူးတဲ့ အတွေ့အကြုံရှိပါတယ် အခြေအနေက ဒီလိုမဖြစ်သင့်ပါဘူး။”
“ဘာလို့လဲဆိုတော့ သခင်လေးစုရဲ့ ခန္ဓာကိုယ်မှာ ကပ်တွယ်နေတဲ့သရဲက ငတ်မွတ်ခြင်းသရဲ လုံးဝမဟုတ်လို့ပဲ။”
ယဲ့ချန်က ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ခေါင်းခါလိုက်သည်။
“စူးဇီချန်း... မင်းငါ့ဆီမှာ တပည့်ခံချင်ရင် လျှောက်ရမယ့်လမ်း အများကြီး လိုသေးတယ် လက်ရှိမှာတော့ မင်းဟာ မထိုက်တန်သေးဘူး။”
စူးဇီချန်းသည် ချွေးစေးများရွှဲလျက် ခေါင်းငုံ့ထားလိုက်သည်။ ယဲ့ချန်၏ စကားများက သူ့ကို လုံးဝရိုက်ကျိုးပစ်လိုက်ပြီး သူ၏ ဂုဏ်သိက္ခာနှင့် မာနများလည်း ကြာမြင့်စွာကတည်းက စိစိညက်ညက် ကျိုးပဲ့သွားခဲ့ပြီဖြစ်သည်။
“ကျွန်တော် ဆရာကြီးယဲ့၏ အမိန့်ကို နာခံပါ့မယ်။”
စူးဇီချန်းသည် ရှက်ရွံ့သော မျက်နှာဖြင့် ခေါင်းကို ပိုမိုငုံ့လိုက်၏။
သီးသန့်ခန်းအတွင်းရှိ လူတိုင်း၏ မျက်လုံးများသည် ယဲ့ချန်ထံသို့ စုပုံရောက်ရှိသွားကြသည်။
ထိုအချိန်တွင် ယဲ့ချန်သည် အမူအရာ လုပ်နေသော်လည်း အမှန်တကယ်ပင် ဆရာကြီးတစ်ပါး၏ ဟန်ပန်မျိုး ရှိနေခဲ့သည်။
‘ဆရာကြီးရဲ့ ပညာအစစ်အမှန်ကို ပြသရမယ့်အချိန် ရောက်ပြီ။’
လှပသော CEO မမ ရှယန်နန်မှာမူ သဘာဝအတိုင်း ရူးရူးမူးမူး စွဲလမ်းနေခဲ့သည်။
ထန်မော့ရွှေက ရှယန်နန်ကို ကြည့်လိုက်ပြီး စိတ်ထဲတွင် အထက်စီးဆန်သော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။
‘တကယ်ပဲ ဒီလိုလုပ်ဖို့ လိုလို့လား။ ရှမိသားစုရဲ့ ဂုဏ်သရေရှိ သမီးပျိုလေးက သူ့ကိုယ်သူ သွားပုံပေးနေတာ ပေါ့ပျက်လိုက်တာ။’
ယဲ့ချန်က သူ၏အတွေးများကို စုစည်းလိုက်ပြီး ပြုံးလိုက်သည်။
“ပထမဆုံးအနေနဲ့ ငတ်မွတ်ခြင်းသရဲဆိုတာ တစ်ကိုယ်လုံး အစိမ်းရောင်ရှိရမယ် ပါးချိုင့်နေရမယ် သရဲခန္ဓာကိုယ်က ပိန်လှီပြီး လက်တံ ခြေတံတွေ ပိန်ကပ်နေရမယ် မျက်လုံးတွေ ပြူးထွက်နေပြီး သူငယ်အိမ်က အစိမ်းရောင်ဖြစ်ရမယ်။ ဒါပေမဲ့ သခင်လေးစုရဲ့ ဗိုက်ထဲက သရဲက ကလေးငယ် ပုံသဏ္ဌာန်ရှိနေတယ် ဒါဟာ လုံးဝမကိုက်ညီဘူး။”
“ဟုတ်ပါတယ်။”
စူးဇီချန်းက ခဏမျှ တွေးတောလိုက်ပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါ့ပြင် သန်းခေါင်ယံအချိန်ဟာ နာနာဘာဝတွေ စားသောက်တဲ့ အချိန်ဖြစ်တာ မှန်ပေမဲ့ ငတ်မွတ်ခြင်းသရဲ ကပ်တွယ်ခံရတဲ့သူဟာ ဂယောင်ဂယက်ဖြစ်တာ စိတ်ရှုပ်ထွေးတာတွေ ဖြစ်ပြီး လက်လှမ်းမှီသမျှ အကုန်လျှောက်စားလိမ့်မယ်။”
ယဲ့ချန်က အနည်းငယ် ပြုံးလိုက်၏။
“ဆိုလိုတာက ငတ်မွတ်ခြင်းသရဲ ကပ်တွယ်ခံထားရတဲ့ အသက်ရှင်နေသူဟာ ရိုးရိုးအစားအစာတင်မကဘဲ အိုး၊ ခွက်၊ ဇွန်း၊ ပန်းကန်၊ ပုလင်း၊ စားပွဲ၊ ကုလားထိုင်၊ ဧည့်ခန်းထဲက တီဗီရီမုတ်အထိ တွေ့ရာမှန်သမျှ မခွဲခြားဘဲ ကိုက်ဝါးစားပစ်တတ်တယ်။ တစ်ခါက ငတ်မွတ်ခြင်းသရဲ ကပ်တွယ်လို့ သေဆုံးသွားခဲ့ရတဲ့သူတစ်ယောက် ရှိဖူးတယ် အလောင်းကို တွေ့ရှိလို့ ခွဲစိတ်စစ်ဆေးကြည့်တဲ့အခါ သူ၏ ရင်ဘတ်တစ်ခုလုံးမှာ အမှိုက်သရိုက် အမျိုးမျိုးနဲ့ ပြည့်နှက်နေပြီး အစာအိမ်က ပေါက်ထွက်နေရုံတင်မကဘဲ ဖန်ကွဲစတွေ ပလတ်စတစ်တွေ ကြွေထည်အပိုင်းအစတွေနဲ့ အခြား ပစ္စည်းအမြောက်အမြား ပါဝင်နေတာကို တွေ့ခဲ့ရတယ်။”
ယဲ့ချန်၏ သေချာရေရာစွာ ပြောဆိုသံကို ကြားရသောအခါ သီးသန့်ခန်းအတွင်းရှိ လူတိုင်းမှာ အသက်ရှူမှားသွားကြပြီး ကျောရိုးထဲအထိ စိမ့်အောင် အေးစက်သွားကြသည်။
ငတ်မွတ်ခြင်းသရဲ ကပ်တွယ်ခံရခြင်းသည် လွန်စွာမှ ထိတ်လန့်ဖွယ်ရာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။
“ဆရာကြီးယဲ့... အဲဒါ တကယ်ပဲ...”
ဆရာကြီးစူးမှာ အလွန်ရှက်ရွံ့ မိနေခဲ့၏။
“ဒီတပည့်... ဒီတပည့် စိစစ်ပြီးမတွေးလိုက်မိပါဘူး။”
“ဒီသခင်လေးစုကရော... သူ့ရဲ့ အစားသောက်လိုချင်စိတ်က မြင့်တက်လာပြီး သန်းခေါင်ယံတိုင်းမှာ ငတ်မွတ်ခေါင်းပါးစွာနဲ့ ရူးသွပ်စွာ စားသောက်နေပေမဲ့ သူစားတဲ့အရာတွေက အာဟာရပြည့်ဝတဲ့ အစားအစာတွေချည်းပဲ။ သူဟာ လျှောက်စားတာမျိုး.မခွဲခြားဘဲ စားတာမျိုး မရှိဘူး။”
ယဲ့ချန်က သခင်လေးစုကို ကျီစယ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ငါပြောတာ မှားလား။”
“ဟုတ်... ဟုတ်ပါတယ်... အဲဒါ အမှန်ပါပဲ...”
သခင်လေးစုမှာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်ပြီး ရုတ်တရက် ယဲ့ချန်ကို အကြိမ်ကြိမ် ဦးခိုက်လိုက်၏။
“ဆရာကြီးယဲ့... ကျနော့်ကို ကယ်ပါ ကယ်ပါ တောင်းပန်ပါတယ်။ ကျနော့်အသက်ကို ကယ်ပါ ဆရာကြီးကို သန်း ၁၀၀ ပေးပါ့မယ်မဟုတ်ပါဘူး သန်း ၁၀၀၀ ပေးပါ့မယ်။”
ဒီအချိန်မှာတော့ မျက်မမြင်တစ်ယောက်ပင်လျှင် ယဲ့ချန်သည် ဆရာကြီးစူးထက် အဆပေါင်းများစွာ သာလွန်ကြောင်း မြင်နိုင်ပေသည်။
သခင်လေးစုသည် ယဲ့ချန်၏ရှေ့တွင် သူ၏နောက်ဆုံး မျှော်လင့်ချက်အဖြစ် ကပ်တွယ်ရင်း ဝပ်တွားတောင်းပန်နေခဲ့၏။
“ဒါဆို... ဆရာကြီးယဲ့ စုလွမ်ရဲ့ ဗိုက်ထဲမှာ တကယ်ပဲ ဘာသရဲရှိနေတာလဲ။”
စူးဇီချန်းက တုန်တုန်ယင်ယင် မေးလိုက်သည်။
ယဲ့ချန်က မဖြေဘဲ သခင်လေးစုကို ပြန်မေးလိုက်သည်။
“ငါ မမှားဘူးဆိုရင် လွန်ခဲ့တဲ့ သုံးလက မင်း ဆေးရုံတစ်ခုကို သွားခဲ့ဖူးတယ်မလား။ အဲဒါက သားဖွားမီးယပ် ဆေးရုံ ဒါမှမဟုတ် မီးယပ်အထူးကု ဆေးရုံတစ်ခုခုပဲ။”
“ဟုတ်... ဟုတ်ပါတယ် ဆရာကြီးယဲ့...”
ထိုအချိန်တွင် သခင်လေးစုသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပင် အမှန်အတိုင်း အကုန်ပြောပြလိုက်သည်။
“လွန်ခဲ့တဲ့ သုံးလက ကျနော်နဲ့ တွဲနေတဲ့ မော်ဒယ်မလေး ကိုယ်ဝန်ရှိလာလို့ ထန်ရှီးမီးယပ်ဆေးရုံမှာ ကိုယ်ဝန်ဖျက်ချဖို့ ခေါ်သွားခဲ့တာပါ...”
ထိုစကားကို ကြားလိုက်ရသောအခါ သီးသန့်ခန်းအတွင်းရှိ ထန်မော့ရွှေနှင့် ရှယန်နန်တို့ကဲ့သို့သော အမျိုးသမီးများ၏ မျက်လုံးများတွင် မသိစိတ်မှ စက်ဆုပ်ရွံရှာသော အကြည့်များ ပေါ်ထွက်လာကြ၏။
“မင်းဗိုက်ထဲက သရဲက သန္ဓေသားသရဲအမျိုးအစားပဲ။”
ယဲ့ချန်က သေချာစွာ ပြောလိုက်၏။
“သန္ဓေသားသရဲ ဟုတ်လား။”
ဆရာကြီးစူးပင်လျှင် ထိုကဲ့သို့သော သရဲမျိုးကို တစ်ခါမျှ မကြားဖူးပေ။
“သန္ဓေသားသရဲ ဆိုတာ ဝမ်းဗိုက်ထဲမှာတင် သေဆုံးသွားခဲ့တဲ့ သန္ဓေသားအလောင်းကနေ ဖြစ်ပေါ်လာတာ။ ဒီလို သရဲမျိုးရဲ့ ရိုးတွင်းခြင်ဆီအထိ နာကျည်းမှုက အလွန် အလွန်.အလွန်ကို ကြောက်ဖို့ကောင်းပြီး ငတ်မွတ်ခြင်းသရဲတွေ ဒါမှမဟုတ် မီးလောင်သေတဲ့ သရဲတွေထက် အများကြီး ပိုမိုပြင်းထန်တယ်။”
ယဲ့ချန်သည် သန္ဓေသားသရဲ၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို ဖော်ပြရန် အလွန်ဆိုသည့် စကားလုံးကို သုံးကြိမ်တိုင်တိုင် သုံးနှုန်းခဲ့သည်။
ဆရာကြီးစူး အပါအဝင် သီးသန့်ခန်းအတွင်းရှိ လူတိုင်း ထိတ်လန့်သွားကြ၏။
“ဒါကြောင့် သန္ဓေသားသရဲတွေဟာ မီးယပ်ဆေးရုံတွေမှာ ခဏခဏ ပေါ်ပေါက်တတ်ကြတယ်။ သူတို့ဟာ ဆေးရုံရဲ့ မှောင်မိုက်တဲ့ ထောင့်တွေမှာ ပုန်းအောင်းနေပြီး အသက်ရှင်နေတဲ့သူတစ်ယောက်ရဲ့ ဗိုက်ထဲကို ဝင်ရောက်ကပ်တွယ်ဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေကြတာ။ ဒါပေမဲ့ သူတို့က အဲဒီလူကို ချက်ချင်း မသတ်ပါဘူး ကြီးထွားဖို့ အချိန်လိုတယ်။”
ယဲ့ချန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒါဟာ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်တာနဲ့ သဘောတရားတူတူပါပဲ။”
“သန္ဓေသားသရဲတွေဟာ အသက်ရှင်နေတဲ့သူရဲ့ ခန္ဓာကိုယ်ထဲမှာ ကပ်တွယ်ပြီး နေ့စဉ် အာဟာရနဲ့ ဇီဝဓာတ်တွေကို စုပ်ယူကြတယ်။ သူတို့ရဲ့ သရဲခန္ဓာကိုယ် အပြည့်အဝ ကြီးထွားလာတာနဲ့ သူတို့ဟာ... အသက်ရှင်နေတဲ့သူရဲ့ ဗိုက်ကို ဖောက်ပြီး ထွက်လာကြလိမ့်မယ်။”
တိတ်ဆိတ်သွားခဲ့၏။
ဖောက်ထွက်လာမယ် ဟုတ်လား။
အဲဒါ အရမ်းကြောက်ဖို့ကောင်းတာပဲ။
“ဆရာကြီးယဲ့... ကျွန်တော့်ကို ကယ်ပါ ကျွန်တော်တကယ် မသေချင်ဘူး ကျွန်တော့်... ကျွန်တော့် မှာမိသားစုမှာ ပိုက်ဆံတွေ အများကြီးရှိတယ် ကျွန်တော်ကို ကယ်ပေးသမျှ ကျွန်တော့် အဖေက ဆရာကြီးကို ပိုက်ဆံတွေ အများကြီး အများကြီး ပေးမှာပါ...”
သခင်လေးစု၏ ဦးရေပြားတစ်ခုလုံး စိမ့်ခနဲ ဖြစ်သွား၏။ သူသည် စိတ်ဓာတ်ကျဆင်းလုနီးပါး ဖြစ်သွားပြီး အလွန်ပျို့အန်ချင်လာခဲ့ကာ ကြောက်ရွံ့မှုများက သူ၏ သွေးစက်တိုင်းသို့ စိမ့်ဝင်သွားသကဲ့သို့ မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေခဲ့သည်။
လွန်ခဲ့သည့် သုံးလအတွင်း သူ၏ သန်းခေါင်ယံ အစားအသောက်များမှာ သူ၏ ဗိုက်ထဲရှိ သန္ဓေသားသရဲကို အာဟာရမွေးမြူပေးနေခြင်း ဖြစ်သည်ဆိုသည်မှာ အံ့ဩဖွယ်ရာပင်။
“ပိုက်ဆံအကြောင်းပဲ မပြောနေစမ်းပါနဲ့။ အပုပ်နံ့ထွက်နေတဲ့ ပိုက်ဆံနည်းနည်းရှိတာနဲ့ပဲ အရမ်းကြီးမြတ်နေတာလား။”
ရှယန်နန်က အနည်းငယ် စက်ဆုပ်သော အသံဖြင့် ပြောလိုက်သည်။
“ပိုက်ဆံနဲ့ အသက်ကို ဝယ်လို့မရဘူး။”
ယဲ့ချန်က ပြုံးလိုက်ပြီး သခင်လေးစုကို ဂရုမစိုက်တော့ပေ။
“ဆရာကြီးယဲ့... အခု စုလွမ်ကို ကယ်လို့ ရနိုင်ပါသေးလား။”
ဆရာကြီးစူးက မေးလိုက်သည်။
“အဲဒါက သူ့ဗိုက်ထဲက သန္ဓေသားသရဲ အပြည့်အဝ ကြီးထွားပြီးပြီလား ဆိုတာအပေါ်မှာ မူတည်တယ်။”
ယဲ့ချန်က လေးနက်စွာ ပြောလိုက်၏။
“ဒီသရဲခန္ဓာကိုယ်က အပြည့်အဝ မကြီးထွားသေးဘူးဆိုရင် မျှော်လင့်ချက် ရှိပါသေးတယ်။ အဓမ္မ နှင်ထုတ်ဖို့ မိစ္ဆာနှိမ်နင်းရေး အဆောင်နဲ့ တာအိုစွမ်းအားကို သုံးနိုင်ပြီး အန်ထုတ်တာ ဒါမှမဟုတ် ဝမ်းနှုတ်တာမျိုး လုပ်နိုင်တယ်ဒါဆိုရင် ခန္ဓာကိုယ်ကို ထိခိုက်မှု ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ သရဲခန္ဓာကိုယ်က ပြီးပြည့်စုံနေပြီဆိုရင်တော့ သူ့ဟာသူ ဖောက်ထွက်လာတာကို စောင့်ရုံပဲ ရှိတော့တယ်။ သန္ဓေသားသရဲက ခန္ဓာကိုယ်ကို ဖောက်ထွက်လာတာဆိုတော့... လူတစ်ယောက် အသက်ရှင်နိုင်မယ်လို့ မင်းထင်လား။”
“ဆရာကြီးယဲ့ ကျွန်တော့်ဗိုက်ထဲက ကောင်က အပြည့်အဝ ကြီးထွားပြီးပြီလား မကြီးထွားသေးဘူးလား။”
ထိုအချိန်တွင် သခင်လေးစုသည် ရေပိုက်ခေါင်း ပွင့်သွားသကဲ့သို့ မျက်ရည်၊ နှာရည်၊ တံတွေးများ ပန်းထွက်လာခဲ့သည်။
“သွားတွေကို ကြည့်ရမယ်။ သန္ဓေသားသရဲတစ်ကောင် အပြည့်အဝ ကြီးထွားလာသလားဆိုတာ ပိုင်းခြားစိတ်ဖြာဖို့အတွက် သွားပေါက်မပေါက် ကြည့်ရမယ်။”
ယဲ့ချန်က သူ၏မျက်လုံးများကို အနည်းငယ် မှေးစိုက်လိုက်သည်။
“လွန်ခဲ့တဲ့ သုံးလအတွင်း မင်း ညဘက်အိပ်ပျော်နေတုန်း သွားကြိတ်သံ ဘာညာ ကြားဖူးသလား။”
“အာ... ဒါ... ကျနော်ကိုယ်တိုင်လည်း မသိဘူး...”
သခင်လေးစုက ခေါင်းခါလိုက်၏။
“ဒါဆို ဒီလိုလုပ်ရအောင် ငါ အခု သခင်လေးစုကို အိပ်မောကျသွားအောင် စိတ်ညှို့ပေးမယ်။”
“သူ အိပ်ပျော်နေတဲ့အချိန်ဟာ သူ့ဗိုက်ထဲက သန္ဓေသားသရဲအတွက် အလှုပ်ရှားဆုံး အချိန်ပဲ။ သရဲသွားကြိတ်သံ ကြားရရင်တော့ သန္ဓေသားသရဲက လုံးဝကြီးထွားပြီးသွားပြီမို့ အချိန်မရွေး ဖောက်ထွက်လာနိုင်တယ်လို့ အဓိပ္ပာယ်ရတယ်။ အပြန်အလှန်အားဖြင့် သရဲသွားကြိတ်သံ မရှိရင်တော့ သူ၏ အသက်ကို ကယ်တင်နိုင်ဖို့ ငါးဆယ်ကနေ ခြောက်ဆယ် ရာခိုင်နှုန်းလောက် မျှော်လင့်ချက်ရှိတယ်။”
ယဲ့ချန်သည် သူ၏ ယင်-ယန်းမျက်လုံးများဖြင့် ကြည့်ရှုခဲ့သော်လည်း သခင်လေးစု၏ ဗိုက်ထဲရှိ သန္ဓေသားသရဲသည် ပါးစပ်ကို တင်းတင်းစေ့ထားသဖြင့် သွားပါမပါ မသေချာပေ။
ပြောပြီးသည်နှင့် ယဲ့ချန်သည် သခင်လေးစုကို ကြမ်းပြင်ပေါ်တွင် လှဲအိပ်စေကာ စိတ်ညှို့လိုက်သည်။
စက္ကန့်ဝက်ခန့် ကြာပြီးနောက် သခင်လေးစုသည် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့၏။
ယဲ့ချန်တွင် ထိုကဲ့သို့ ဆန်းကြယ်သော စွမ်းရည်များ ရှိသည်ကို မြင်တွေ့ရသဖြင့် သီးသန့်ခန်းအတွင်းရှိ လူတိုင်း အံ့ဩမှင်သက်သွားကြသည်။
“ရှူးးး”
ထိုအချိန်တွင် ယဲ့ချန်က နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တိတ်တိတ်နေရန် အမှတ်အသား ပြလိုက်၏။
သီးသန့်ခန်းအတွင်းရှိ လူတိုင်း အသက်ရှူပင် မရှူဝံ့ကြပေ။ ရှယန်နန်ပင်လျှင် မသိစိတ်မှ လက်ဖြင့် မက်မွန်သီးရောင် နှုတ်ခမ်းလေးကို အုပ်ထားလိုက်သည်။
“ဘယ်သူမှ အသံမထွက်ရဘူး နားထောင်ရုံပဲ နားထောင်။”
ယဲ့ချန်က အလွန်လေးနက်စွာ အမိန့်ပေးလိုက်သည်။
ထိုအချိန်မှာပင်
“ဒုတ် ဒုတ် ဒုတ် ဒုတ်”
သခင်လေးစု၏ ခန္ဓာကိုယ်အတွင်းမှ နှလုံးခုန်သံကို လူတိုင်း ကြားလိုက်ကြရသည်။
ဆန်းကြယ်သော အရာတစ်ခု စတင်ဖြစ်ပေါ်လာခဲ့သည်။
“ဒုတ် ဒုတ် ဒုတ် ဒုတ်”
သခင်လေးစု၏ ခန္ဓာကိုယ်အတွင်း၌ အခြားလူတစ်ယောက်၏ သို့မဟုတ် အခြားအရာတစ်ခု၏ နှလုံးခုန်သံ ကြားလိုက်ရခြင်းဖြစ်သည်။
နှလုံးခုန်သံ နှစ်ခု တစ်ခုက မြန်ပြီး တစ်ခုက နှေးကာ သူ၏ ခန္ဓာကိုယ်အတွင်းမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့၏။
သို့သော် လျင်မြန်စွာပင် ထိုနှလုံးခုန်သံ နှစ်ခုသည် အချိန်ကိုက် ဖြစ်သွားပြီး အံ့ဩဖွယ်ရာ ညီညာသွားခဲ့သည်။
ရုတ်တရက်။
ဂျီးး ဂျီးး ဂျီးး ဂျီးး ဂျီးး
အိပ်ပျော်နေသော သခင်လေးစု၏ ကိုယ်ဝန်ကိုးလရှိသကဲ့သို့ ဖောင်းကားနေသော ဗိုက်သည် မရပ်မနား လှုပ်ရှားရွေ့လျားလာပြီး စူးရှကာ နားမခံနိုင်သော သွားကြိတ်သံများ ထွက်ပေါ်လာခဲ့သည်။
အရိုးများကို ဝါးစားနေသကဲ့သို့ပင်။
အလွန် အလွန် အလွန်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှပေ၏။
ထိုခဏ၌ သီးသန့်ခန်းအတွင်းရှိ လူတိုင်း၏ ဝိညာဉ်များပင်လျှင် မတည်မငြိမ်ဖြစ်သွားကြပြီး တစ်ယောက်ချင်းစီမှာ ပြုတ်ကျတော့မည့်အတိုင်း ယိမ်းထိုးသွားကြသည်။
သူတို့သည် အလွန်အမင်း ကြောက်ရွံ့မှုထဲသို့ ကျရောက်သွားခဲ့ကြပြီဖြစ်သည်။
လူတစ်ယောက်သည် အလွန်အမင်း ကြောက်ရွံ့နေချိန်တွင် ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာရန် တွန်းအားဖြစ်စေ၏။
စူးဇီချန်းသည် သူ၏ ဝိညာဉ်ကို တည်ငြိမ်စေရန် တာအိုစွမ်းအားကို လျင်မြန်စွာ အသုံးပြုလိုက်သည်။
ယဲ့ချန်၏ စိတ်က လှုပ်ရှားသွားပြီး ရှယန်နန်အတွက် တစ်ခု ထန်မော့ရွှေအတွက် တစ်ခု ဝိညာဉ်တည်ငြိမ်ရေး အဆောင်နှစ်ခုကို တိုက်ရိုက် ဖန်တီးလိုက်သည်။
စက္ကူကဲ့သို့ ဖြူလျော့နေသော ထန်မော့ရွှေ၏ မျက်နှာသည် ရုတ်တရက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ မူလအတိုင်း ပြန်ဖြစ်သွားပြီး ယဲ့ချန်ကို ကြည့်ကာ ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ပြီ... သရဲက သွားကြိတ်နေပြီ။ သခင်လေးစုရဲ့ ခန္ဓာကိုယ်ထဲက သန္ဓေသားသရဲက အပြည့်အဝ ကြီးထွားသွားပြီ။ အချိန်မရွေး ဖောက်ထွက်လာနိုင်တယ်။”
ယဲ့ချန်က ရုပ်သွင်ပြအဆောင် တစ်ခုကို ထုတ်ယူလိုက်သည်။
“ကြောက်တဲ့သူတွေ စိတ်ဓာတ်မခိုင်မာတဲ့သူတွေ သီးသန့်ခန်းထဲကနေ ချက်ချင်း ထွက်သွား အန္တရာယ်ရှိတယ် သက်ဆိုင်သူတွေပဲ ကြည့်ကြ။”
ယဲ့ချန် ထိုသို့ပြောလိုက်သောအခါ သီးသန့်ခန်းအတွင်းရှိ မည်သူမျှ ထွက်သွားမည့် အမူအရာ မပြကြပေ။ ကြောက်ရွံ့မှုပြီးနောက် ရရှိလာသော စပ်စုချင်စိတ်နှင့် စိတ္တဇစိတ်လှုပ်ရှားမှုတို့က ခေတ္တမျှ အရာအားလုံးကို လွှမ်းမိုးသွားပုံရသည်။
သူတို့ကို ဆက်လက်ကြည့်ရှုချင်စိတ် ပိုမိုပြင်းပြစေခဲ့သည်။
ဒီလိုအရာမျိုးက AV ဇာတ်ကားတွေထက်တောင် ပိုပြီး ကြည့်လို့ကောင်းသေးတယ် မဟုတ်လား။ ဒါကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရတဲ့သူ နည်းပါးတာကိုး။
“ဟက်... တကယ်ကို မသိတဲ့သူတွေက ကြောက်ရွံ့မှု မရှိကြဘူးပဲ မင်းတို့ မထွက်သွားကြဘူးဆိုရင်တော့ နောက်မှ ဖြစ်လာမယ့်အရာအတွက် စိတ်ဓာတ်ကြံ့ခိုင်အောင် ပြင်ဆင်ထားကြပေါ့။ မင်းတို့ မျက်လုံးများကို ကိုယ်တိုင် ပြူးထွက်ချင်လောက်အောင် ကြောက်ဖို့ကောင်းတဲ့ မြင်ကွင်းတွေ ပါလာလိမ့်မယ်။”
ယဲ့ချန်သည် အချိန်မဆွဲတော့ဘဲ ရုပ်သွင်ပြအဆောင်ကို မီးရှို့ရန် တာအိုစွမ်းအားကို တိုက်ရိုက်အသုံးပြုလိုက်သည်။
ရွှေရောင်အလင်းတန်းများ လင်းလက်သွားခဲ့၏။
ရွှေရောင်အလင်းတန်း တစ်ခုသည် သခင်လေးစု၏ ဖောင်းကားနေသော ဝမ်းဗိုက်သို့ တိုက်ရိုက်ထိမှန်သွားပြီး X-ray ရိုက်လိုက်သကဲ့သို့ ထိုးလင်းသွားခဲ့သည်။