← Chapters

ကောင်းကင်ဘုံတောင်ကို ခွင်းမည့် ဓားချက်ခုနစ်ချက်(၅)

Vol. 103 Ch. 1410

ကောင်းကင်ဘုံတောင်ကို ခွင်းမည့် ဓားချက်ခုနစ်ချက်(၅)

Vol. 103 Ch. 1410

အကြီးအကဲခေါင်းဆောင်သည် ခြောက်ကြိမ်မြောက်ဓားစွမ်းအင်တန်းကို တွေ့မြင်သည့်အခါ သူ့အသိဉာဏ်ပင် လွတ်သွားမတတ် ဖြစ်သွား၏။ သူသည် နောက်သို့ အလျင်အမြန် ပိုဆုတ်သည်။ သူ့မျက်လုံးထဲ၌ ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးခဲ့သော ကြောက်ရွှံ့မှုမျိုးဖြင့် ပြည့်နှက်နေလေပြီ။

ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ လူများသာ ပြန့်ကြဲမိုးကြိုးကလန်၏ တတိယအဆင့်ကျင့်ကြံသူများကိုပင် လွယ်လင့်တကူ ဦးမညွတ်တတ်သော အကြီးအကဲခေါင်းဆောင်၏ ဤအဖြစ်ကို တွေ့မြင်ပါက သူတို့သည် မယုံကြည်နိုင် ဖြစ်ကုန်ပေလိမ့်မည်။

ဝမ်လင်းသည် ခုနစ်ပေဓားကို ကိုင်ထားလျက် ယခု ခြောက်ကြိမ်မြောက်ဓားချက်သည် ပြီးခဲ့သောငါးကြိမ်မြောက်ဓားချက်ထက် အဆများစွာ ပိုအားကောင်းသည်ကို သူ ရှင်းလင်းစွာ ခံစားမိသည်။ ထို့အပြင် ယင်းဓားချက်အတွင်း၌ ကြောက်မက်ဖွယ်မကျေမနပ်မှုတို့လည်း ပါဝင်နေသည်။

ထိုမကျေမနပ်မှုသည် အလွန်တရာ အားကောင်းသည်။ ဝမ်လင်းပင် တုန်လှုပ်မိရ၏။ သူသည် အရင်တုန်းက မကျေမနပ်မှုကို စုဆောင်းခဲ့ဖူးသည်။ သို့သော် သည်မကျေမနပ်မှုနှင့် ယှဉ်ပါက သူ စုဆောင်းခဲ့ဖူးသည်မှာ ပမွှားသာ။

ခြောက်ကြိမ်မြောက်ဓားချက် ပေါ်လာသည်နှင့် လောကသည် တုန်ယင်၏။ ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကြုံ့သွားသည်။ သူသည် လေဟာနယ်အတွင်းမှ စိတ်ဝိညာဉ်များသည် အမျှင်တန်းများအလား ထွက်ပေါ်လာသည်ကို မြင်သည်။ ထိုစိတ်ဝိညာဉ်များသည် အရင်နှင့်မတူ၊ ၎င်းတို့မှာ ကြောက်မက်ဖွယ်မကျေမနပ်မှုတို့နှင့် ပြည့်နှက်သည်။

ချက်ခြင်းပင် မကျေမနပ်စိတ်ဝိညာဉ်များစွာသည် ဆင့်ခေါ်ခံလိုက်ရသည့်အလား ဤလောကတွင် ပေါ်လာခဲ့ပေပြီ။ ထိုစိတ်ဝိညာဉ်များသည် ချက်ခြင်းပင် ယင်းတို့၏ပုံစံအသွင်ကို ဆောင်ကာ ကြမ်းကြုတ်သော အကြည့်များကို ထုတ်ဖော်၏။ ယင်းတို့သည် ခြောက်ကြိမ်မြောက်ဓားစွမ်းအင်တန်းကို ဝန်းရံကာ ကောင်းကင်တုန်လှုပ်ဖွယ် တစ္ဆေဆန်သော ခြောက်ကြိမ်မြောက်ဓားချက်ကို ဖြစ်ပေါ်စေသည်။

ယင်းဓားချက်ကား မကျေမနပ်မှုဓားချက်တည်း။

၎င်းဓားချက်သည် ခုနစ်သန်းလောက၏ နတ်ဘုရားပြစ်ဒဏ်ကြောင့် သေဆုံးသွားခဲ့ရသော ကျင့်ကြံသူများ၏ မကျေမနပ်စိတ်ဝိညာဉ်များကြောင့် ဖြစ်ပေါ်လာခြင်းပင်။ ၎င်းတို့သည် သေဆုံးသွားခဲ့ပြီး ဖြစ်သော်လည်း သူတို့၏မကျေမနပ်မှုက ငြိတွယ်ကျန်ရစ်ခဲ့တုန်းသာ။ သူတို့ သေဆုံးသွားခါနီးအချိန်၌ သူတို့သည် အရာအားလုံးကို သဘောပေါက်ကာ ကောင်းကင်ဘုံသား ဆိုသော ပြန့်ကြဲမိုးကြိုးကလန်ဝင်များအပေါ် မကျေမနပ် ဖြစ်ခဲ့၏။ ကောင်းကင်ဘုံကို မကျေမနပ် ဖြစ်ခဲ့၏။

ဤအခိုက်အတန့်တွင် ခြောက်ကြိမ်မြောက်ဓားချက်သည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ဤမကျေမနပ်စိတ်ဝိညာဉ်များကို နိုးထလာစေခြင်းသာ။ ယင်းတို့သည် ကောင်းကင်ဘုံသားကို ဝါးမြိုကာ မကျေမနပ်မှုကို ပုံချပေါက်ကွဲပစ်ပေတော့မည်။

ဝမ်လင်း ခြောက်ကြိမ်မြောက်ဓားချက် ခုတ်ပိုင်းလိုက်ချိန်၌ ဓားစွမ်းအင်တန်းသည် အကြီးအကဲခေါင်းဆောင်ထံ တိုးဝင်သွားခဲ့လေပြီ။

အကြီးအကဲခေါင်းဆောင်သည် နောက်ဆုတ်၍လည်းမတတ်နိုင်၊ မန္တာန်တစ်ခု အသုံးပြုရန်လည်း အချိန်မရှိ ဖြစ်ရ၏။ သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားသလို အသက်ဓာတ်လည်း အများကြီး ကုန်ခမ်းနေပေပြီ။ လျှပ်တပြတ်အတွင်း သူသည် မကျေမနပ်စိတ်ဝိညာဉ်များ၏ ဝန်းရံခြင်း ခံလိုက်ရတော့သည်။

အကြီးအကဲခေါင်းဆောင်မှာ နာကျင်စွာအော်ဟစ်၏။ မကျေမနပ်စိတ်ဝိညာဉ်များသည် သူ့အား ဝန်းရံကာ အရူးအမူး ဝါးမြိုကြလေ၏။ ဖျပ်ခနဲအတွင်းမှာ ပြန်ကောင်းခါစ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ လုံးဝ ဝါးမြိုခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်အထက်ပိုင်းမှာလည်း မကျေမနပ်စိတ်ဝိညာဉ်များစွာ၏ ဝန်းရံထားခြင်း ခံရသည်။ သူ့ခန္ဓာကိုယ်မှာ သွေးအလိမ်းလိမ်း ဖြစ်၏။ နာကျင်မှုက သူ့ထံ လှိုက်တက်နေသည်။ သူ့အော်သံမှာ ထိတ်လန့်တကြား။ မကျေမနပ်စိတ်ဝိညာဉ်များသည် သူ့အသွေးအသားကို ကိုက်ခဲနေလေပြီ။

ချက်ခြင်းပင် အကြီးအကဲခေါင်းဆောင်၏ အသွေးအသားနှင့် အရိုးများသည် ဝါးမြိုခံလိုက်ရကာ မိုးကြိုးများ ပြည့်နှက်နေသော သူ၏မူလစိတ်ဝိညာဉ်သာ ကျန်ခဲ့တော့သည်။ သို့ပေမည့် သူ့မူလစိတ်ဝိညာဉ်ပါ ဝါးမြိုခြင်း ခံနေရသည်။

ပြင်းထန်သောနာကျင်မှုအောက်မှာ အကြီးအကဲခေါင်းဆောင်သည် စိတ်လွတ်သွား၏။ နာကျင်စွာအော်ဟစ်လိုက်ရင်း သူ့ခန္ဓာကိုယ်မှ မိုးကြိုး ပေါက်ကွဲထွက်လာသည်။ သူသည် မကျေမနပ်စိတ်ဝိညာဉ်တစ်ကောင်ကို ဖျက်စီးလိုက်သည်။ သို့သော် ထိုစိတ်ဝိညာဉ်နေရာတွင် ပိုများသောစိတ်ဝိညာဉ်များက နေရာယူသွားသည်သာ။ ယင်းတို့သည် သူ့ကို လုံးဝ ဝါးမြိုမပစ်မရခြင်း လက်လျော့မည့်ပုံ မရပေ။

“သေလိုက်တော့…သေစမ်း…သေစမ်း…ဒီအဘိုးအိုအတွက် သေလိုက်စမ်း…”

အကြီးအကဲခေါင်းဆောင်သည် အော်ဟစ်နေရင်း သူ့မျက်ခုံးနှစ်ခုကြားမှ ကလန်အမှတ်အသားသည် တစစီ ဖြစ်သွားသည်။ သည်တစ်ကြိမ်တွင် ၎င်းအမှတ်အသားမှာ လုံးဝ ပျက်စီးသွားခြင်းပင်။ ပြင်းထန်သောအားတစ်ခု သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ချက်ခြင်းပင် မကျေမနပ်စိတ်ဝိညာဉ်များကို ဖျက်စီးပစ်သည်။

သူ့ကလန်အမှတ်အသား ပျက်စီးစေခြင်းက အတွင်းဘက်နယ်မြေ၏ ကျင့်ကြံသူတစ်ယောက်၏ မိမိကိုယ်ကို ဖောက်ခွဲဖျက်စီးခြင်းနှင့် တူညီသည်။ သို့ပေမည့် ပြင်ပနယ်မြေ၏ အထူးသဘောသဘာဝကြောင့် သူတို့၏ကလန်အမှတ်အသား တစစီဖြစ်သွားခဲ့လျှင်ပင် သူတို့သည် ချက်ခြင်း မသေပေ။ ထိုအစား သူတို့သည် ကြီးမားသောစွမ်းအားကို ရရှိကာ အချိန်တစ်ခု ရှင်သန်နိုင်၏။

ဤအခိုက်အတန့်တွင် အကြီးအကဲခေါင်းဆောင်၏ ကလန်အမှတ်အသားသည် ပေါက်ကွဲထွက်လာ၏။ သူ့စွမ်းအားမှာ အကြီးအကျယ် တိုးပွားလာသည်။ သူက မိုးကြိုးခန္ဓာကိုယ်အသစ်ကို ပြန်ဖွဲ့တည်၏။ မကျေမနပ်စိတ်ဝိညာဉ်အားလုံးကို ဖျက်စီးပစ်သည်။ သို့ပေမည့် သူသည် ဝမ်လင်းထံ တိုးဝင်လာရင်း သူ့မျက်လုံးများမှာ ရူးသွပ်မှုကြောင့် နီရဲနေပေသည်။

“သေစမ်း..သေစမ်း…သေစမ်း…မင်းတို့အားလုံး သေလိုက်ကြတော့။ ဒီအဘိုးအိုဟာ ငါ့ဘဝ၊ ငါ့ကျင့်ကြံမှုအဆင့် အားလုံးကို စတေးပစ်ခဲ့ပြီး ဖြစ်တယ်။ ဒီအဘိုးအိုဟာ အသက်သုံးရှိုက်မန္တာန်ကို အသုံးပြုမယ်။ မင်းတို့အားလုံး သေရတော့မှာပါ…”

အသက်သုံးရှိုက်မန္တာန်သည် ပြန့်ကြဲမိုးကြိုးကလန်၏ မန္တာန်မဟုတ်၊ ထူးခြားဆန်းကြယ်သော ကျင့်ကြံသူများ သူတို့ ထွက်မသွားခင်က ချန်ထားခဲ့သော မန္တာန်သာ ဖြစ်သည်။ ၎င်းကို တာအိုမန္တာန်တစ်ခုဟုပင် ယူဆနိုင်သည်။

ယင်းမန္တာန်သည် ရန်သူကို အသက်သုံးရှိုက်စာအတွင်း အသက်ဓာတ်အားလုံးကို ဆုံးရှုံးသွားအောင် လုပ်နိုင်သည်။ သို့ပေမည့် ယင်းမန္တာန် အသုံးပြုရန်အတွက် တန်ကြေးမှာ သူ့အသက်ပင်။ အသက်ရှင်လိုသော မည်သူကမျှ ဤမန္တာန်ကို အသုံးပြုမည် မဟုတ်ပေ။

တတိယအဆင့်ကျင့်ကြံသူများသည်ပင် ဤတာအိုမန္တာန်နှင့် ရင်ဆိုင်ရပါက ခေါင်းကိုက်သွားနိုင်၏။ ပြန့်ကြဲမိုးကြိုးကလန်ကို တတိယအဆင့်ကျင့်ကြံသူတစ်ယောက် မရှိဘဲ မဟာကလန်တစ်ခုအဖြစ် ယူဆနိုင်သည့် အကြောင်းရင်း အစစ်အမှန်မှာ ဤမန္တာန်ကြောင့်သာ ဖြစ်သည်။

အကြီးအကဲခေါင်းဆောင်သည် ဝမ်လင်းထံသို့ လက်ညွှန်လိုက်ရင်း ကြမ်းကြုတ်စွာ အော်ဟစ်၏။

“အသက်သုံးရှိုက်မန္တာန်….ငါ့အတွက် သေလိုက်တော့…”

ချက်ခြင်းပင် အတိုင်းမသိအော်ရာတစ်ခုသည် ဤခုနစ်သန်းလောကများအတွင်း ပေါ်လာကာ ဝမ်လင်းထံသို့ စုဝေးလာသည်။ ယင်းကား တာအိုမန္တာန်တစ်ခု၏ စွမ်းအား မည်သည်။

ဝမ်လင်း၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ ချိုးဖျက်ခြင်း၊ ခုခံနိုင်ခြင်း ပြုလုပ်ဖို့ မဖြစ်နိုင်သော ဤစွမ်းအားသည် ချက်ခြင်း ရောက်ရှိလာခဲ့ပေပြီ။ ဝမ်လင်းသည် သူ့အသက်ဓာတ်များ လျော့ပါးသွားသည်ကို ခံစားမိသည်။

အသက်ရှုစာတစ်ကြိမ် မြန်ဆန်စွာ ကုန်လွန်သွား၏။ ဝမ်လင်း၏စိတ်ထဲတွင် လေကောင်းကင်ဘုံနယ်မြေမှ ဂိတ်တံခါး ပေါ်လာကာ သူသည် အချိန်စီးဆင်းခြင်းမန္တာန်ကို အသက်သွင်းသည်။

“အချိန်စီးဆင်းခြင်း…နှစ်ပေါင်းတစ်ထောင် ပြန်ပြောင်းစီးဆင်းခြင်း…”

အချိန်စီးဆင်းခြင်းမန္တာန်သည် အလျင်အမြန် လုပ်ဆောင်လာရင်း ဝမ်လင်းသည် ဓားကို နောက်ဆုံးအကြိမ် ဝေ့ယမ်း၏။ ခုနစ်ကြိမ်မြောက်ဓားချက်တည်း။

ခုနစ်ကြိမ်မြောက်ဓားချက်မှာ ကောင်းကင်တုန်လှုပ်နိုင်၏။ ဝမ်လင်း၏လက်ထဲမှ ခုနစ်ပေဓားသည် ပျံသန်းထွက်ကာ လေဟာနယ်အတွင်းသို့ ဝင်ရောက်၏။ ခုနစ်ကြိမ်မြောက် ဓားချက်သည် ဟင်းလင်းပြင် ပျက်စီးသွားစေလောက်သည့်အထိ သန်မာသည်။ ကုန်းမြေများကို တစစီပင် ဖြစ်စေနိုင်သည်။ ခုနစ်သန်းလောကများတစ်ခွင်၌ ကောင်းကင်တုန်လှုပ်စေမည့် ဟိန်းသံ ပဲ့တင်ထပ်သည်။

ခုနစ်သန်းလောကများ၏ ပျက်စီးမှုသည် အတောမသပ် ဖြစ်၏။ မရေမတွက်နိုင်သော အစိတ်အပိုင်းမြေများ ပြိုပျက်သည်။ ထိုအစိတ်အပိုင်းကုန်းမြေများပေါ်တွင် မရေမတွက်နိုင်သော သေမျိုးများ၊ ကျင့်ကြံသူများ ရှိကြ၏။ သူတို့သည် အရာအားလုံးကို ပေးဆပ်ဖို့ ဆန္ဒ ရှိနေကြသည်။

ထိုဓားချက်သည် မည်မျှအစွမ်းထက်လေသနည်း။ တတိယအဆင့်ကျင့်ကြံသူ တာအိုပညာရှင်ရေသည် ထိုဓားချက်ကို ရင်ဆိုင်ရပါက သူသည် ထွက်ပြေးရပေလိမ့်မည်။ ယင်းဓားချက်နှင့်သာ ထိမိပါက သူသည် သဲလွန်စမရှိ သေဆုံးရပေမည်။

အကြီးအကဲခေါင်းဆောင် မည်မျှ ထွက်ပြေးပါစေ သူက ဤဓားချက်ကို မရှောင်နိုင်ပါ။ အကြီးအကဲခေါင်းဆောင်သည် သူ့မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်၏။ အခုမှ မိုးကြိုးဖြင့် ပြန်ဖြစ်ပေါ်ခါစ သူ့ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်သွား၏။

ထိုဓားချက်ရှေ့မှောက်တွင် သူ့မူလစိတ်ဝိညာဉ်ပါ မလွတ်မြောက်နိုင်ပေ။ သူသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏မူလစိတ်ဝိညာဉ်သည် မြန်ဆန်စွာ ပျောက်ကွယ်နေလျက် နောက်သို့ အသည်းအသန် ဆုတ်သည်။

သူ လုံးဝ သေရတော့မည့်ကို သိသည့်အခါ သူသည် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် မသေခင် နောက်ဆုံးအကြိမ် အော်ဟစ်လိုက်၏။

“ထာဝရတော်ဝင်မိုးကြိုး…ငါ့ကို ကယ်တင်ပေးပါ။ ကယ်တင်ပေးပါ…”

သူ့အသံ ပဲ့တင့်ထပ်သွားသည့်အခါ မုန်တိုင်းကို တိုက်ခိုက်နေသော ထာဝရမိုးကြိုးသည် ရုတ်တရက် ရပ်တန့်သွား၏။ ၎င်းက သူ့ကျေးကျွန်သေတော့မည်ကို အာရုံခံမိသည့်အလား။ မိုးကြိုးသည် အပြင်းအထန် တုန်ဟည်းလာကာ ပေတစ်သိန်းထက် ပိုရှည်လျားလာ၏။

ယင်းက မုန်တိုင်းထံ တိုက်ရိုက် တိုးဝင်လေ၏။ ထာဝရမိုးကြိုး၏စွမ်းအားသည် ကြီးစွာ တိုးတက်လာလျက် မုန်တိုင်းပေါ်သို့ စောင့်ကျလာသည်။ အခုချိန်ထိ တောင့်ခံထားသော မုန်တိုင်းမှာ ရုတ်တရက် ပျက်စီးသွားလေ၏။

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် သွေးအန်ထုတ်လိုက်ရပြီး ခုနစ်သန်းလောကများနှင့် ပေါင်းစည်းနေရာကနေ လွင့်စင်ထွက်လာသည်။ ထာဝရမိုးကြိုးသည် ခုနစ်သန်းလောကများအတွင်းသို့ ချက်ခြင်း တိုးဝင်လာကာ သေအံ့မူးမူး အကြီးအကဲရှေ့သို့ ရောက်လာ၏။ ၎င်းမိုးကြိုးသည် အံ့မခန်းခုနစ်ချက်မြောက်ဓားချက်နှင့် ထိပ်တိုက်တွေ့လေသည်။

ဓားစွမ်းအင်တန်းမှာ တုန်ယင်၍ ပျက်စီးမည့် အရိပ်အယောင် ပြသလာသည်။ သို့ပေမည့် ဓား၏မူလခန္ဓာကိုယ်မှာမူ ရှိနေဆဲသာ။ ၎င်းသည် ထာဝရမိုးကြိုးထံ တဟုန်ထိုး ဝင်ရောက်သည်။

ချက်ခြင်းပင် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်က ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ မာန်သွင်းအော်ဟစ်လိုက်သည်။

“ခုနစ်သန်းလောကများဟာ ချိုးဖျက်ခံရပြီး ငါ့ကလန်ဟာ လွတ်လပ်ပြီ။ ငါ့လူတွေအားလုံး၊ သက်ရှိအားလုံး…ငါတို့ ကောင်းကင်ဘုံနယ်မြေကို အတူတကွ ချိုးဖျက်ကြမယ်…”

ပြိုပျက်စီးနေသော ခုနစ်သန်းလောကများသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ်သို့ ပြောင်းလဲ၏။ ခုထိ အသက်ရှင်နေသူအားလုံးသည် သူတို့၏အသက်များကို ဓားထံသို့ ဆန္ဒရှိစွာ ပေးအပ်၏။ ထာဝရမိုးကြိုးနှင့် သူတို့၏ နောက်ဆုံးတိုက်ပွဲကို စတင်လေသည်။

ခုနစ်ပေဓားသည် ခုနစ်သန်းလောကများ၏ စွမ်းအားအားလုံး ပါဝင်သည်။ ထာဝရမိုးကြိုးမှာမူ ပြန့်ကြဲမိုးကြိုးကလန်၏ တော်ဝင်အရာ ဖြစ်၏။ ယင်းအားနှစ်ခု ထိပ်တိုက်တွေ့ခြင်းက ဤခုနစ်သန်းလောကများရှိ လူများ၏ သည်လောကများကနေ ချိုးဖျက်ရန် ဆုံးဖြတ်ချက်ကြောင့်သာ။

လောကတစ်ခွင် မိုးကြိုးတုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ထိုဟိန်းမြည်သံမှာ အလွန်ပြင်းထန်သည်။ လောကအဆုံးသပ်ရှိ အရံအတားပေါ်၌ပင် အက်ကြောင်းများကို ဖြစ်စေသည်။ ထို့နောက် အနှီအရံအတားသည် ရုတ်တရက် ပျက်စီးပြိုပျက်သည်။

ထိုအရံအတားပျက်စီးမှုသည် လောကကို ဗရမ်းဗတာ ဖြစ်စေတော့၏။ ခုနစ်သန်းလောကများသည်လည်း စတင် ပြိုပျက်စီးလေပြီ။

တစ်ချိန်တည်းမှာ ခုနစ်ပေဓားမှာလည်း ပျက်စီးကာ မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် လွင့်ပျောက်သွားတော့၏။ ထာဝရမိုးကြိးမှာ ပြင်းထန်လေးလံသော ရိုက်ချက်ကို ခံစားလိုက်ရ၏။ ၎င်းသည် အကြီးအကဲခေါင်းဆောင်ကို ဆက်၍ အရေးစိုက်မနေတော့ဘဲ လေဟာနယ်ကို အလျင်အမြန် ချိုးဖျက်ကာ တော်ဝင်ကုန်းမြေထံ ပြန်ဆုတ်သည်။ ၎င်းသည် တော်ဝင်ကုန်းမြေပေါ်ရှိ ကျောင်းတော်အတွင်းသို့ ပြန်ရောက်သွားသည်နှင့် ပြန့်ကြဲမိုးကြိုးကလန်သို့ ဝင်ရောက်မည့်သူတိုင်းကို ဟန့်ထားပေးမည့် အစီအရင်တစ်ခု အသက်ဝင်လာသည်။

“ကျန်ရစ်တဲ့ ကလန်ဝင်တွေ…ကောင်းကင်ဘုံနယ်မြေဟာ ပွင့်လှစ်သွားခဲ့ပြီ။ ဒီလောကဟာ ဖျက်စီးခံလိုက်ရပြီ။ ဒါ့ကြောင့် ငါတို့ ထိုးထွက်ကြမယ်…”

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် စိတ်လှုပ်ရှားမှု ပြည့်နှက်နေ၏။ သူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ခုနစ်သန်းလောကများအတွင်းရှိ ကျန်ရစ်သော သက်ရှိအားလုံးကို ခေါ်ဆောင်သည်။ ထို့နောက် သူသည် ထာဝရမိုးကြိုး ထွက်ခွာသွားချိန်က ပွင့်ဟသွားသော အဟကြားကနေ ထိုးထွက်လေ၏။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ ရုတ်တရက် စိတ်ဝိညာဉ်ကျာပွတ်တစ်ခု ပေါ်လာသည်။ ၎င်းသည် သေအံမူးမူး အကြီးအကဲခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်ထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေ၏။

***

All Chapters