အခန်း ၇၈
Vol. 8 Ch. 78
အခန်း ၇၈ ချုံခိုတိုက်ခိုက်ခံရခြင်း
"မဖြစ်နိုင်ဘူး"
"တောက်"
"ဒါ ဘာတွေ ဖြစ်ကုန်တာလဲ"
လင်ရှောင်သည် သေဆုံးနေသော စစ်သားဆယ်ဦး၏ အလောင်းများကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်၏။
တစ်ညတာအတွင်း စစ်သားဆယ်ဦး၏ လည်ပင်းများသည်တိတ်တဆိတ် ကျိုးသွားခဲ့ရ၏။
တံခါးကို စောင့်ကြပ်နေသော စွမ်းအားရှင်များလည်းမည်သည့်အရာကိုမျှ သတိမထားမိကြပေ။
လွန်စွာ ကြောက်စရာကောင်းနေပြီဖြစ်၏။
ပြိုင်ဘက်တွင်ဘယ်လိုစွမ်းအားမျိုး ရှိနေတာလဲ။ထူးဆန်းလှည်။
စစ်သားဆယ်ဦးသည် အကြောင်းရင်းမရှိဘဲ သေဆုံးသွားခဲ့ရာ လူတိုင်းကို ထိတ်လန့်တုန်လှုပ်မှုထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွား၏။
"တပ်မှူးလင်၊ ငါတို့ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး"
ယန်ကျန်း၏ မျက်နှာသည်ထိတ်လန့်တုန်လှုပ်မှုများဖြင့် အလွန်တရာ ခက်ထန်နေ၏။
သူတို့တွင် စုစုပေါင်း လူရှစ်ဆယ်နီးပါး ပါဝင်ခဲ့ကြ၏။
ချင်းယွင်တောင် အိမ်ရာသို့ ရောက်ရှိခဲ့ပြီး မည်သည့်အရာမျှ မလုပ်ရသေးမီမှာပင် လူတစ်ဆယ့်ကိုးယောက် ဆုံးရှုံးခဲ့ရပြီးဖြစ်၏။
"တပ်မှူးလင်၊ ငါတို့လူတွေ အေးခဲနေတဲ့ ငါးခြောက်အချို့ကို တွေ့ထားတယ်၊ အချိုးကျ ခွဲဝေစားသောက်ရင် ဖူနျူးတောင် အခြေစိုက်စခန်းကို ပြန်ရောက်တဲ့အထိ လုံလောက်မှာပါ"
ထိုစဉ် ဟယ်ချူယောင်ကလည်း ဝင်ပြောလိုက်၏။
လင်ရှောင်သည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်၏။
"အားလုံးကို ချက်ချင်း စုစည်းပြီး ထွက်ခွာဖို့ ပြင်ဆင်ခိုင်းလိုက်၊ အမြန်လှုပ်ရှားကြ"
ထိုအချိန်၌ ရှောင်ဖန်းသည် ယွမ်ချင်းမေနှင့်အတူ ယွန်းကျဲကျေးရွာ အပြင်ဘက်ရှိ တောင်ကုန်းလေးတစ်ခုပေါ်တွင် ပုန်းကွယ်နေ၏။
ထိုနေရာမှနေ၍ သူတို့သည် ယွန်းကျဲကျေးရွာအတွင်းရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်၏။
မနေ့ညက ရှောင်ဖန်းသည် သူတို့၏ ကင်းသမားများကို ရှင်းလင်းပြီးနောက် အခြားတစ်ဖက်က မိုးလင်းသည့်အထိ စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်ချက်ချမည်ဟု မူလက ထင်မှတ်ထားခဲ့၏။
သူ အံ့အားသင့်သွားရသည်မှာ သူတို့သည် ညတွင်းချင်းပင် ချင်းယွင်တောင်အိမ်ရာမှ စတင် ဆုတ်ခွာခဲ့ကြခြင်းဖြစ်၏။
ရွေးချယ်စရာ မရှိသဖြင့် ရှောင်ဖန်းသည် ယွမ်ချင်းမေကို ဦးဆောင်၍ သူတို့အဖွဲ့၏ နောက်သို့ တိတ်တဆိတ် နောက်ယောင်ခံ လိုက်ခဲ့ရ၏။
လမ်းခရီးတွင် သူသည် နောက်ထပ် လူအနည်းငယ်ကို ရှင်းလင်းလိုက်ပြီးနောက် ညဉ့်နက်သန်းခေါင်တွင် ရွာအတွင်းသို့ ခိုးဝင်ခဲ့၏။
ဟာလာဟင်းလင်းလက်ဝါးကို အသုံးပြု၍ နောက်ထပ် ဆယ်ဦးကို သတ်ဖြတ်ခဲ့၏။
"အဘိုးကြီးရှောင်၊ ကြည့်ဦး၊ သူတို့ ထွက်လာကြပြီ၊ ထွက်သွားတော့မယ့် ပုံပဲ"
ယွမ်ချင်းမေက တိုးတိုးလေး ပြောလိုက်၏။
"အင်း၊ ငါ သူတို့ကို မြင်တယ်၊ ငါတို့ နည်းနည်း ရှေ့တိုးပြီး သူတို့ထဲက နောက်ထပ် အနည်းငယ်ကို ရှင်းလင်းဖို့ နည်းလမ်းရှာရအောင်"
စကားပြောပြီးနောက် ရှောင်ဖန်းသည် ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး လင်ရှောင်တို့ ဦးတည်သွားရာ လမ်းကြောင်းအတိုင်း အမြန် ပြေးသွားခဲ့၏။
မကြာမီ ရှောင်ဖန်းနှင့် ယွမ်ချင်းမေတို့သည် ယွန်းကျဲကျေးရွာမှ ဖူနျူးတောင် အခြေစိုက်စခန်းသို့ ဦးတည်သည့် တစ်ခုတည်းသော လမ်းဘေးရှိ တောင်ကုန်းလေးတစ်ခုထံ သို့ ရောက်ရှိသွားကြ၏။
ရှောင်ဖန်းကစွမ်းအားသုံး၍ နှင်းတုံးကြီးတစ်ခုကို အမြန်တူးဖော်လိုက်ရာ နှင်းဂူတစ်ခု ဖြစ်ပေါ်လာ၏။
သူနှင့် ယွမ်ချင်းမေတို့ အတွင်း၌ ပုန်းကွယ်လိုက်ပြီးနောက်အဝင်ဝကို နှင်းများဖြင့် ပိတ်လိုက်၏။
ထို့နောက် သူသည် လင်ရှောင်တို့ လာရာဘက်သို့ ဦးတည်သည့် အပေါက်ငယ်တစ်ခုကို တူးလိုက်၏။
ခဏအကြာတွင် လင်ရှောင်နှင့် ဟယ်ချူယောင်တို့က အဖွဲ့ကို ဦးဆောင်၍ လေနှင့် နှင်းများကြားမှ ခက်ခဲစွာလျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။
မီတာ ငါးဆယ်။
မီတာ သုံးဆယ်။
မီတာ နှစ်ဆယ်။
ရှောင်ဖန်းသည် အကွာအဝေးကို တွက်ချက်လိုက်၏။
အဖွဲ့နီးကပ်လာသောအခါ ရှောင်ဖန်းကသူတို့၏ အထက်တည့်တည့်တွင် ဟင်းလင်းပြင်လက်ဝါးကို စတင်အသုံးပြုလိုက်၏။
စက်သေနတ်တစ်လက် ပေါ်ထွက်လာပြီး အဖွဲ့၏ အလယ်တည့်တည့်သို့ ပစ်ခတ်တော့၏။
"ဒိုင်း ဒိုင်း ဒိုင်း"
မကြာမီ ကျည်ကတ်တစ်ခုလုံး ကုန်စင်သွားခဲ့၏။
"ရန်သူ့တိုက်ခိုက်မှု၊ ရန်သူ့တိုက်ခိုက်မှု၊ အကာအကွယ်ယူကြ"
တစ်ယောက်က အော်ဟစ်လိုက်၏။
သေနတ်သံကို ကြားလိုက်ရသဖြင့် လင်ရှောင်သည် အဖွဲ့၏ အလယ်သို့ အမြန်ပြေးဝင်သွား၏။
စစ်သားအများအပြား သေနတ်မှန်၍ မြေပြင်ပေါ်သို့ လဲကျနေသည်ကို သူ မြင်လိုက်ရ၏။
ပစ်ခတ်သူ၏ တည်နေရာကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း နေရာတိုင်းသည် ဖြူဖွေးနေပြီး လူတစ်ယောက်မျှ မတွေ့ရပေ။
"ထိခိုက်ဒဏ်ရာရသူတွေကို ရေတွက်စမ်း"
လင်ရှောင်က အမိန့်ပေးလိုက်၏။
ခဏအကြာတွင် ယန်ကျန်းသည် လင်ရှောင်၏ ဘေးသို့ ရောက်လာပြီး လေးနက်သော မျက်နှာပေးဖြင့် ပြောလိုက်၏။
"တပ်မှူးလင်၊လူငါးယောက် သေနတ်မှန်ပြီး သေဆုံးသွားပါတယ်၊ ရှစ်ယောက် ဒဏ်ရာရထားတယ်၊ ဒဏ်ရာရသူတွေထဲက ငါးယောက်ဟာ အခြေအနေ စိုးရိမ်ရပါတယ်၊ အင်ဂျင်နီယာ တပ်ခွဲက တပ်ခွဲမှူးဝမ်လည်း သေဆုံးသွားပါပြီ"
"သေနတ်မှန်သွားတဲ့ လူတွေရဲ့ ဒဏ်ရာတွေကို ကျွန်တော် အခုတင် စစ်ဆေးခဲ့ပါတယ်၊ တိုက်ခိုက်မှုရဲ့ အရင်းအမြစ်ဟာ အဖွဲ့ရဲ့ အထက်တည့်တည့်က ဖြစ်ပါတယ်"
လင်ရှောင်သည် နှင်းများ ဆက်တိုက်ကျဆင်းနေသည့် ကောင်းကင်ကို မော့ကြည့်လိုက်၏။
"ဒါ က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ကျွန်တော်လည်း မဖြစ်နိုင်ဘူးလို့ ထင်တာပါပဲ၊ ဒါပေမဲ့ သေနတ်ဒဏ်ရာတွေအရ ပစ်ခတ်မှုဟာ အဖွဲ့ရဲ့ အထက်တည့်တည့်က လာတာပါ၊ စစ်သည်အချို့လည်း ကောင်းကင်ကနေ ကျဆင်းလာတဲ့ ကျည်ခွံအတော်များများကို တွေ့ရှိခဲ့ပါတယ်"
လင်ရှောင်နှင့် ယန်ကျန်းတို့ စကားပြောနေစဉ်အဖွဲ့အတွင်းမှအော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
"လက်ပစ်ဗုံး၊ သတိထားကြ"
"ဒုန်း"
"ဒုန်း"
ကျယ်လောင်သော ပေါက်ကွဲသံ နှစ်သံသည် လူအုပ်အတွင်း ရုတ်တရက် ပေါက်ကွဲထွက်သွား၏။
ခဏချင်းမှာပင် လူအုပ်သည် ပေါက်ကွဲမှုကြောင့် ဘေးသို့ လွင့်စင်သွားကြ၏။
လင်ရှောင်သည် သူ၏ ထိခိုက်ဒဏ်ရာရပြီး မောပန်းနွမ်းနယ်နေသော အဖွဲ့ကို ကြည့်ရင်း အရူးတစ်ယောက်ကဲ့သို့ ပတ်ဝန်းကျင်ကို အော်ဟစ်လိုက်၏၊
"ထွက်ခဲ့စမ်း၊ ထွက်ခဲ့ပြီး ငါနှင့်ရင်ဆိုင်စမ်း၊ မင်းတို့ သူရဲဘောကြောင်တဲ့သူတွေ"
သူ ရရှိလိုက်သော တစ်ခုတည်းသော တုံ့ပြန်မှုမှာ ဘေးဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော သေနတ်သံပင် ဖြစ်၏။
ဤအကြိမ်တွင် စက်သေနတ်တစ်လက်သည် လေထဲမှ ရုတ်တရက်ပေါ်ထွက်လာသည်လင်ရှောင်ကိုယ်တိုင်မျက်စိနှင့်တပ်အပ်မြင်လိုက်ရသည်။
လူအုပ်ထဲသို့ တရစပ်ပစ်ခတ်ပြီးနောက် ၎င်းသည် ထပ်မံ ပျောက်ကွယ်သွားခဲ့၏။
လင်ရှောင်ကြက် သေသေသွား၏။ ဒါ ဘယ်လို စွမ်းအားမျိုးလဲ။မမြင်နိုင်တဲ့ စွမ်းအားလား။
ဟယ်ချူယောင် ဖြစ်နိုင်မလား။
လင်ရှောင်သည် လူအုပ်ကို လှည့်ကြည့်လိုက်ရာ ဟယ်ချူယောင်၏ ပုံရိပ်ကို တွေ့လိုက်၏။
ဟယ်ချူယောင်သည်လည်း အတော်ပင် အထိနာနေသည့် ပုံစံ ဖြစ်နေ၏။
ဟယ်ချူယောင် မဟုတ်နိုင်ပေ။
လင်ရှောင်က သူမအားကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ဟယ်ချူယောင်သည်အမြန် ပြေးလာခဲ့၏။
"ခေါင်းဆောင်လင်၊ ငါတို့ ဒီလို ဆက်သွားလို့ မဖြစ်ဘူး၊ ယွန်းကျဲကျေးရွာဆီ အရင်ပြန်ဆုတ်ဖို့ ကျွန်မအကြံပြုချင်တယ်၊ဒီမှာ ဆက်ပြီး နေရင် ရန်သူရဲ့ တဖြည်းဖြည်းတိုက်စားတာကို ခံရလိမ့်မယ်"
ဘေးနားရှိ ယန်ကျန်းကလည်း သဘောတူထောက်ခံလိုက်၏၊
"ဒုတပ်မှူးဟယ်ရဲ့ အကြံပြုချက်ကို ကျွန်တော် သဘောတူတယ်၊ ဒီမှာ ဆက်နေလို့ မဖြစ်ဘူး၊ ယွန်းကျဲရွာကို ပြန်ဆုတ်ပြီး အစီအစဉ်ထပ်ဆွဲရအောင်"
အဖွဲ့၏ အင်အား ထက်ဝက်ခန့် လျှော့နည်းသွားသည်ကို ကြည့်ရင်း လင်ရှောင်သည် ခေါင်းညိတ် သဘောတူလိုက်မှတစ်ပါး အခြားမရှိတော့ပေ။
သူတို့ ဒီအတိုင်း ဆက်သွားပါက ရန်သူက သာမန်စစ်သားအားလုံးကိုဝေးဝေးသို့ မရောက်မီသတ်ဖြတ်သွားနိုင်သည်။
စွမ်းအားရှင်များဖြစ်သည့် သူတို့ပင်လျှင်တိုက်ခိုက်ခံရနိုင်၏။
စွမ်းအားရှင်များ အားလုံးက သာမန်စစ်သားများကို စွန့်ပစ်ပြီး အရင် ထွက်ပြေးပါကရှင်သန်နိုင် သေးသည်။
သို့သော်သူသည်ထိုအရာကို မလုပ်ဆောင်နိုင်ပေ။
နှင်းဂူထဲတွင် ပုန်းနေသော ရှောင်ဖန်းသည် လင်ရှောင်တို့လူစု ယွန်းကျဲကျေးရွာဘက်သို့ ပြန်လှည့်သွားသည်ကို မြင်လိုက်ရ၏။
ကျေနပ်သော အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် ပေါ်ထွက်လာ၏။
"အဘိုးကြီးရှောင်၊တကယ် တော်တာပဲ၊ သူတို့ကို ခနလေးနဲ့အများကြီး သတ်လိုက်နိုင်တယ်"
ယွမ်ချင်းမေက ချီးကျူးလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ရှောင်ဖန်းအပေါ် လေးစားအားကျမှုများ ပြည့်နှက်နေ၏။
"ငါ ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာ မင်း မသိသေးဘူးလား"
ရှောင်ဖန်းက ကျီစယ်လိုက်၏။
"ဟွန့်"
ယွမ်ချင်းမေက တိုးတိုးလေး ရေရွတ်လိုက်၏၊
"နောက်ထပ် ဘာလုပ်ကြမလဲ"
" ဒီည သူတို့ကို နောက်ထပ် တစ်ချီ ထပ်တိုက်ဦးမယ်၊ သူတို့ အင်အားနည်းသွားပြီဆိုမှ အားလုံးကို တစ်ပြိုင်နက်တည်း ရှင်းပစ်မယ်"
ရှောင်ဖန်းက ပြုံး၍ ပြောလိုက်၏။
စကားပြောပြီးနောက် ရှောင်ဖန်းသည် နှင်းဂူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးမှ မေးလိုက်၏။
"ချင်းမေ၊ မင်း မအေးဘူးလား"
ယွမ်ချင်းမေက ဇဝေဇဝါဖြင့်ပြန်ကြည့်ရင်း
"အဘိုးကြီးရှောင်...စိတ်နောက်နေတာလား၊ ငါတို့က စွမ်းအားရှင်တွေလေ၊ ဘာလို့ အအေးဒဏ်ကို ကြောက်ရမှာလဲ၊ ဒါ့အပြင် ငါတို့ရဲ့ အင်အား တိုးတက်လာတာနဲ့အမျှ အဝတ်အစား မပါဘဲ နှင်းထဲမှာ ရပ်နေရင်တောင် အဆင်ပြေလိမ့်မယ်လို့ထင်တယ်"
"ဟုတ်လို့လား"
ယွမ်ချင်းမေက ရှင့်အကြံကိုကျွန်မသိတာ်ဟူသောပုံစံဖြင့်မျက်စောင်းထိုးလိုက်၏။
သူမ၏အမူအရာကိုရှောင်ဖန်းကအသဲတယားယားဖြင့်လှမ်းဖက်လိုက်ရာယွမ်ချင်းမေကအလိုက်သင့်ပင်သူ့လည်တိုင်ကိုပြန်ဖက်တွယ်လာခဲ့သည်။
ခနအကြာတွင်လေတိုးမရနိုင်အောင်ပင်နှစ်ကိုယ့်တစ်ကိုယ်ပေါင်းစည်းသွားကြပြီးအသက်ရှူသံခပ်ပြင်းပြင်းသာထွက်ပေါ်လာ၏။
တစ်နာရီ ကြာပြီးနောက်ရှောင်ဖန်းနှင့် ယွမ်ချင်းမေတို့သည် နှင်းဂူထဲမှ တွားသွား ထွက်လာကြ၏။
"ချင်းမေ၊ မင်း အရင်ပြန်နှင့်၊ မနက်ဖြန် မနက် ၅ နာရီမှာ ကျူချမ်းချမ်းနဲ့ ယွဲ့ဟွာတို့ကို ငါတို့အရင်ပုန်းခဲ့တဲ့ နေရာကို ခေါ်လာခဲ့"
"ကောင်းပြီ၊ ရှင်လည်း တစ်ယောက်တည်း ဂရုစိုက်နော်"
စကားပြောပြီးနောက် ယွမ်ချင်းမေသည် ချင်းယွင်တောင်အိမ်ရာထံသို့ ပြေးထွက်သွားတော့၏။
ယွမ်ချင်းမေ ထွက်သွားပြီးနောက် ရှောင်ဖန်းသည် ဖန်ချင်းယွီ ပြုလုပ်ထားသော အထူး အစားအသောက်တစ်ခုကို သူ၏ သိုလှောင်မှုနယ်ပယ်ထဲမှ ထုတ်ယူပြီးစားသုံးလိုက်၏။
အဆက်မပြတ်တိုက်ခိုက်မှုများသည် သူ၏ အားအင်များကို လျှင်မြန်စွာ ကုန်ဆုံးစေခဲ့ရာ အားအင် ပြန်လည် ဖြည့်တင်းရန် လိုအပ်၏။
ညဉ့်ရောက်ရှိလာခဲ့ပြီဖြစ်ရာ
ရှောင်ဖန်းသည် ယွန်းကျဲကျေးရွာ၏ အနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့၏။
*********