အခန်း ၇၉
Vol. 8 Ch. 79
အခန်း ၇၉ ကုန်လုနီးပါး
ယွန်းကျဲကျေးရွာ အတွင်း၌ယခင်က ပုဟွေ ပိုင်ဆိုင်ခဲ့သော အိမ်ကြီးထဲတွင်
ဒဏ်ရာရသူအချို့၏နာကျင်စွာ ညည်းတွားသံများထွက်ပေါ်နေ၏။
လင်ရှောင်၏ ခေါင်းထဲတွင်အတွေးပေါင်းစုံဖြင့်ရှုပ်ထွေးနေရ၏။
လူရှစ်ဆယ်ကျော် ပါဝင်သော အဖွဲ့မှာထက်ဝက်ပင် မကျန်တော့ပေ။ယင်းထဲတွင်ဒဏ်ရာရသူ ရှစ်ယောက်၊ ကိုးယောက်ခန့် ပါဝင်နေသေး၏။
မလာမီက လင်ရှောင်သည် ယုံကြည်မှုများ ပြည့်နှက်နေခဲ့သော်လည်း ယခုအခါမူ နောင်တများဖြင့် ပြည့်နှက်နေ၏။
နောက်ထပ် ဘာဆက်လုပ်ရမည်ကို စဉ်းစားနေစဉ် လီရှောင်ဖုန်းသည် သူ၏ ဘေးသို့ ရောက်ရှိလာခဲ့၏။
"တပ်မှူး၊ဒါက အဆင်မပြေဘူးလို့ထင်တယ်၊ အထူးစစ်ဆင်ရေး အဖွဲ့ကအရင်ဆုံး တိတ်တဆိတ် ဆုတ်ခွာရင် ကောင်းမလား"
လီရှောင်ဖုန်းက လေသံကို လျှော့၍ ပြောလိုက်၏။
လင်ရှောင်က လီရှောင်ဖုန်းကို စိုက်ကြည့်လိုက်၏။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါ ဒီလူတွေကို ခေါ်ထုတ်လာတာလေ၊ ဘာပဲဖြစ်ဖြစ် ငါ သူတို့ကို ပြန်ခေါ်သွားရမယ်"
"ဒါပေမဲ့ အခြားတစ်ဖက်က—"
လီရှောင်ဖုန်း စကားမဆုံးမီ လင်ရှောင်က ကြားဖြတ်ပြောလိုက်၏။
"ဘာမှ မပြောနဲ့တော့၊ ငါတို့ အတူတူ ထွက်လာတာမို့လို့ အတူတူ ပြန်ရမယ်"
"ဟူးးး"
လီရှောင်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်၏။
တပ်မှူး၏ စိတ်ဓာတ်ကို သူကောင်းစွ သိ၏။သူမလိုလားပါက မည်မျှပင် ဖျောင်းဖြပါစေ အသုံးဝင်မည် မဟုတ်ပေ။
လင်ရှောင်သည် ခဏမျှ စဉ်းစားပြီးနောက် သေမည့်နေ့ကို ထိုင်စောင့်နေ၍ မရဟု ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် သူသည် စွမ်းအားရှင်များ အားလုံးနှင့် ယန်ကျန်းကို ခေါ်ယူလိုက်ပြီး ပြန်လည် တိုက်ခိုက်ဖို့နည်းလမ်းကို ဆွေးနွေးရန် ပြင်ဆင်လိုက်၏။
လူတိုင်း ရောက်ရှိလာကြသောအခါ လင်ရှောင်က စကားစတင် ပြောကြားလိုက်၏။
"အားလုံးပဲ၊ ဒီအတိုင်း ဆက်သွားလို့ မရဘူး၊ ရန်သူက ငါတို့ကို အခုလို တဖြည်းဖြည်း သတ်တာကို ဒီအတိုင်း ခံနေလို့ မရဘူး၊ငါတို့ ပြန် တိုက်ခိုက်ရမယ်"
"ပြန်တိုက်ခိုက်ရမယ်ဟုတ်လား၊ ဘယ်လိုလုပ်မှာလဲ၊ ငါတို့ကို တိုက်ခိုက်တဲ့သူတွေ ဘယ်မှာ ရှိနေမှန်းတောင် မသိတာကို"
ဝမ်ရှောင်လီက ဝေခွဲမရစွာ ပြောလိုက်၏။
"ဟုတ်တယ် တပ်မှူးလင်၊ ငါတို့ကို တိုက်ခိုက်နေတဲ့ လူတွေကို ငါတို့ မမြင်ဖူးသေးဘူး၊ ဒါကကြောက်စရာ ကောင်းလွန်းတယ်"
ဟူးဖေးကလည်း ထောက်ခံလိုက်၏။
လင်ရှောင်သည် ဝမ်ရှောင်လီနှင့် ဟူးဖေးတို့ကို တစ်ချက် ကြည့်လိုက်၏၊
"ပြိုင်ဘက်က စွမ်းအားရှင် တစ်ယောက်ပါ၊ နတ်ဘုရားမဟုတ်ပါဘူး၊ စွမ်းအားရှင်ပေမယ့်သူလည်း လူသားတစ်ယောက်ပဲ၊ သူတို့ ဒဏ်ရာရနိုင်တယ်၊ သွေးထွက်နိုင်တယ်၊ သေဆုံးနိုင်တယ်"
ထို့နောက် လင်ရှောင်သည် ယနေ့ သူ သတိပြုမိခဲ့သော အရာများကို ပြောပြလိုက်၏။
လူတိုင်း ကြားသိလိုက်ရပြီးနောက် အခန်းထဲ၌ ပိုမိုတိတ်ဆိတ်သွားတော့၏။
၎င်းသည် အမှန်ပင် နတ်ဘုရားမဟုတ်သော်လည်း နတ်ဘုရားနီးပါးဖြစ်နေ၏၊ သူတို့သည်ကိုယ်ပျောက်နိုင်ကြ၏။
သေနတ်များသည် လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး ပစ်ခတ်ပြီးနောက် ပြန်လည် ပျောက်ကွယ်သွား၏။
ထို့ပြင် နောက်တစ်ကြိမ် တိုက်ခိုက်မှုသည် မည်သည့်နေရာမှ ရောက်ရှိလာမည်ကို မည်သူမျှ မသိကြပေ။
"ပြိုင်ဘက်မှာ ကျွန်မစွမ်းအားလို မမြင်နိုင်တဲ့ စွမ်းအားမျိုး ရှိနေနိုင်တာ မဖြစ်နိုင်ဘူးလား"
ဟယ်ချူယောင်က ပထမဦးစွာ ပြောလိုက်၏။
"မဖြစ်နိုင်ဘူး၊ ပြိုင်ဘက်က ပျံသန်းနိုင်တယ်။ မဟုတ်ရင် ပထမဆုံး သေနတ်မှန်သွားတဲ့ စစ်သားတွေကို ဘာလို့ အထက်တည့်တည့်ကနေ တိုက်ခိုက်ခဲ့ရတာလဲ"
ယန်ကျန်းက ပြန်လည် ငြင်းခုံလိုက်၏။
"ဒါဆို ပြိုင်ဘက်က ပျံသန်းနိုင်တာများလား"
ပုဟွေက သူ၏ထင်မြင်ချက်ကိုပြောလိုက်၏။ပုဟွေ၏ စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြ၏။
မမြင်နိုင်ဘူး၊ ပျံသန်းနိုင်တယ်ဟုတ်လား။
၎င်းက လူများကို ပိုမို ကြောက်ရွံ့စေ၏။
ဒါ ဘယ်လို စွမ်းအားရှင်မျိုးလဲ၊ တကယ်ပဲ နတ်ဘုရားနဲ့တူနေပြီ။
"နောက်ထပ် တစ်ခု ရှိသေးတယ်၊ ငါတို့ ရန်သူရဲ့ အရှိန်အဝါကို လုံးဝ မခံစားရဘူး၊ သူက အရှိန်အဝါကို ဖုံးကွယ်နိုင်တဲ့ စွမ်းအား ရှိနေတာ ဒါမှမဟုတ်သူ့ရဲ့ အင်အားက ငါတို့ထက် အများကြီး ပိုမို ကြီးမားနေတာ ဖြစ်ရမယ်"
လင်ရှောင်က ထပ်လောင်း ပြောလိုက်ကြားလိုက်၏။
သူ့စကားသည် လူတိုင်းကို ပြန်လည် တိတ်ဆိတ်သွားစေ၏။
တွက်ချက်ထားသည့်အတိုင်း အမှန်တကယ် ဖြစ်နေပါကမကြာခင်သူတို့ အားလုံးသေဆုံးကြရတော့မည်ဖြစ်သည်။
ပျံသန်းနိုင်ပြီး မမြင်နိုင်သော ရန်သူကို တိုက်ခိုက်ရမယ်လား။ဘယ်လို တိုက်ခိုက်ရမှာလဲ။
ထို့ပြင်ပြိုင်ဘက်၏ အင်အားသည်သူတို့ထက်အများကြီး ပိုမိုသာလွန်နေဖွယ် ရှိ၏။
"တပ်မှူးလင်၊ ငါတို့ ဒီအတိုင်း ဆက်သွားလို့ မရဘူး၊ ဒီအတိုင်းဆိုရင် တစ်တပ်လုံး ကုန်သွားလိမ့်မယ်"
ယန်ကျန်းက လေးနက်သော မျက်နှာပေးဖြင့် အကြံပြုလိုက်၏။
လင်ရှောင်က ယန်ကျန်းကိုပြန် ကြည့်လိုက်ပြီး
"တပ်ခွဲမှူးယန်၊ မင်းမှာ ဘာ အကြံကောင်းတွေ ရှိလဲ"
"မနက်ဖြန်မှာငါတို့ လူစု ခွဲပြီး ဆုတ်ခွာဖို့ အကြံပြုတယ်၊ ငါတို့ အားလုံး အတူတူ ရှိနေရင် နောက်ဆုံးမှာ လူတစ်ယောက်မျှ ပြန်ရောက်နိုင်မှာ မဟုတ်ဘူး"
ယန်ကျန်းကသူ့အမြင်ကို ပြောလိုက်၏။
သီးခြားစီ ဆုတ်ခွာခြင်းသည် ရိုးရိုးစစ်သည်အများအပြား သေဆုံးလိမ့်မည်ဟု အဓိပ္ပာယ်ရရာ လင်ရှောင်ကို တွန့်ဆုတ်သွားစေ၏။
"တပ်မှူး၊တပ်ခွဲမှူးယန်ရဲ့ အကြံပြုချက် မှန်တယ်လိုကျွန်တော်ထင်တယ်၊ဒီအတိုင်းဆက်သွားရင်ကျွန်တော်တို့ အားလုံး ဒီမှာ သေဆုံးကြရလိမ့်မယ်၊ အခြေစိုက်စခန်းကလည်း ဘာဖြစ်သွားလဲဆိုတာ သိနိုင်တော့မှာ မဟုတ်ဘူး"
လီရှောင်ဖုန်းကထပ်လောင်း ပြောလိုက်၏။
"ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို မေဂျာထံ သတင်းပို့ဖို့ လူတစ်ယောက်ယောက်တော့ အခြေစိုက်စခန်းကို ပြန်ရမယ်"
ကျန်ရှိသောစွမ်းအားရှင်များကလည်း ယန်ကျန်း၏ အကြံပြုချက်ကို သဘောတူကြ၏။
မည်သို့ပင်ဖြစ် စေ၎င်းမှာသူတို့၏အသက်များကို ကယ်တင်နိုင်သည့် သော့ချက်ဖြစ်သည်ကို လူတိုင်း သိကြ၏။
ဟယ်ချူယောင်၊ ပုဟွေနှင့် ဟူးဖေးတို့သည် ထိုသဘောထားကို ထောက်ခံကြသည်။
စိတ်ထဲ၌ အကြိမ်ကြိမ် လွန်ဆွဲပြီးနောက် လင်ရှောင်သည် ယန်ကျန်း၏ အကြံပြုချက်ကို သဘောတူလိုက်၏။
"ကောင်းပြီ၊ မနက်ဖြန် မနက်မှာ မင်းတို့ အားလုံး သီးခြားစီ ဖောက်ထွက်ကြ၊ ငါကကျန်တဲ့စစ်သည်တွေကို ခေါ်သွားမယ်"
"တပ်မှူး၊ ခင်ဗျား အဲဒီလို လုပ်ရင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
သူ၏ တပ်မှူးသည် စစ်သည်များကိုအသက်ပေး၍ကာကွယ်ကျန်ရစ်မည်ကို သူသိအလျင်အမြန်ပင်တားလိုက်၏။။
လင်ရှောင်က လက်ယမ်းလိုက်ပြီး လီရှောင်ဖုန်းကို ထပ်မပြောရန် အချက်ပြလိုက်၏။
"ဆုံးဖြတ်လိုက်ပြီ၊ ဒီည စွမ်းအားရှင် ထပ်မံ မဝင်ရောက်နိုင်အောင် ဒီအိမ်ရဲ့ တံခါးတွေကို ပိတ်ဆို့ထားကြ"
မကြာမီ လက်အောက်ငယ်သားများသည် လင်ရှောင်၏ တောင်းဆိုချက်ကို လိုက်နာပြီး တံခါးများကို ထူထပ်သော နှင်းများဖြင့် ပိတ်ဆို့လိုက်ကြ၏။
ဤသို့ဖြင့် ပြိုင်ဘက်သည် မမြင်နိုင်အောင် လုပ်ဆောင်နိုင်လျှင်ပင် ဝင်ရောက်ရန် ကြိုးစားပါက သူတို့ သတိပြုမိလိမ့်မည် ဖြစ်၏။
စွမ်းအားရှင်များ အားလုံးသည် ဘေးကင်းစေရန်အတွက် ဝင်ပေါက်အနီးတွင် နေရာယူခဲ့ကြသည်။
ထိုအချိန်တွင်ရှောင်ဖန်းသည်လင်ရှောင်တို့နေရာကို စုံစမ်းသိရှိပြီးဖြစ်၏။
သူသည် ထိုနေရာ၏ နောက်ဘက် မဝေးသော နေရာတွင် နှင်းဂူတစ်ခု ပြုလုပ်လိုက်ပြီးအတွင်း၌ပုန်းလိုက်၏။
အတွင်းသို့ရောက်သောအခါ ရှောင်ဖန်းသည် ယခင်ကသိမ်းဆည်းရရှိခဲ့သော လက်ပစ်ဗုံးများ အားလုံးကို ထုတ်ယူလိုက်၏။
ထို့နောက်အားလုံးကိုတိပ်ဖြင့် စည်းလိုက်ပြီးနောက် အရက်ပုလင်းများကို ထုတ်ယူကာ ကြိုးဖြင့် အတူတကွ ချည်နှောင်လိုက်၏။
ပုလင်းဝများထဲသို့ အဝတ်စများကို ထည့်သွင်း၍ လောင်စာအဖြစ် အသုံးပြုရန် ပြုလုပ်လိုက်၏။
ထို့နောက် သူသည် မျက်လုံးများကို မှိတ်၍ အနားယူတော့၏၊ သင့်တော်သောအချိန်ကိုစောင့်ဆိုင်းရမည်ဖြစ်သည်။
နောက်တစ်နေ့ နံနက်အစောပိုင်းအထိ စောင့်ဆိုင်းပြီးမှ သူတို့ကို လက်ဆောင်ကြီးတစ်ခု ပေးမည် ဖြစ်၏။
ညဉ့်သည် လွန်စွာ တိတ်ဆိတ်နေ၏။
လင်ရှောင်က စစ်သည်များ၏ အခြေအနေကို အကြိမ်ကြိမ် စစ်ဆေးခဲ့ပြီး မည်သည့် ပြဿနာမျှ မရှိသည်ကို တွေ့ရှိမှအနည်းငယ် စိတ်အေးသွားခဲ့ရ၏။
သို့သော်နံနက် ၅ နာရီခန့်တွင် စစ်သားတစ်ဦး၏ ကျယ်လောင်စွာအော်ဟစ်သံကသူ၏ ရင်ထဲတွင်စိတ်ပျက်အားငယ်မှုများပြည့်နှက်သွားစေခဲ့၏။
"လက်ပစ်ဗုံး"
"လက်ပစ်ဗုံးတွေ စုချည်ထားတာ"
ထိုစစ်သား အော်ဟစ်ပြီးသည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ပုဟွေအိမ်သည် ခဏချင်းမှာပင် ပြိုကျသွားတော့၏။
နှင်းပွင့်များသည် ဖုန်မှုန့်များနှင့် ရောနှော၍ ခဏချင်းမှာပင် ပေအတော်များများ မြင့်တက်သွားခဲ့၏။
ဆက်လက်၍ ပြိုကျသွားသော အိမ်အတွင်းမှ ကြီးမားသော မီးတောက်ကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။
ပထမဦးစွာ ပြေးထွက်လာသော လင်ရှောင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အားကိုးရာမဲ့စွာဖြင့် အော်ဟစ်လိုက်၏။
"ရန်သူ့တိုက်ခိုက်မှု"
"မြန်မြန်၊ မြန်မြန်၊ ထွက်ကြ"
မကြာမီ ဟယ်ချူယောင်နှင့် အခြား စွမ်းအားရှင် အများအပြားသည် မီးတောက်နှင့် ဖုန်မှုန့်များထဲမှ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြသည်ကို တွေ့ရှိရ၏။
သူတို့နောက်တွင် ယန်ကျန်းနှင့် သူ၏ လက်အောက်ခံ စစ်သည် အနည်းငယ် လိုက်ပါလာကြ၏။
"အထဲမှာ လူရှိသေးလား၊ မြန်မြန် ထွက်ခဲ့ကြ"
လင်ရှောင်သည် နီရဲနေသော မျက်လုံးများဖြင့် ကျယ်လောင်စွာ အော်ဟစ်နေတုန်းပင် ဖြစ်၏။
"တပ်မှူးလင်၊ မအော်ပါနဲ့တော့၊ ငါတို့ပဲ ကျန်တော့တာပါ၊ ပုန်းဖို့ နေရာတစ်ခု အမြန် ရှာရမယ်"
ယန်ကျန်းက စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သော လင်ရှောင်ကို ဆွဲကိုင်လိုက်၏။
ထိုအခါမှလင်ရှောင် သတိပြန်ဝင်လာခဲ့သည်။
ထို့နောက် ကျန်ရှိသော လူများသည် အိမ်တစ်အိမ်ကို အမြန် ရှာဖွေပြီး အတွင်း၌ ပုန်းလိုက်ကြ၏။
လင်ရှောင်တို့ ထွက်ခွာသွားပြီး မကြာမီတွင်ရှောင်ဖန်းသည် ယွမ်ချင်းမေ၊ ကျူချမ်းချမ်းနှင့် ယွဲ့ဟွာတို့နှင့်အတူ ပြိုကျနေသော အိမ်ဘေးတွင် ပေါ်လာခဲ့၏။
"စွမ်းအားရှင်တွေက အတော်လေး ခံနိုင်ရည်ရှိကြတာပဲ၊ ဒီလို ဖြစ်ပြီးတာတောင် ဘာမှ မဖြစ်ကြဘူး"
ရှောင်ဖန်းက ပြိုကျနေသော အိမ်ကို ကြည့်ရင်း ပြောလိုက်၏။
*********