← Chapters

ဒဏ္ဌာရီ

Vol. 103 Ch. 1411

ဒဏ္ဌာရီ

Vol. 103 Ch. 1411

အကြီးအကဲခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်သည် သေအံ့မူးမူး ဖြစ်နေပေပြီ။ သူ့မူလစိတ်ဝိညာဉ်မှာ ခြောက်ကြိမ်မြောက်ဓားချက်၊ ထာဝရမိုးကြိုးနှင့် ခုနစ်ကြိမ်မြောက်ဓားချက်တို့ ထိပ်တိုက်တွေ့မှုမှ တုန်ခါလှိုင်းဒဏ် တို့ကို ခံရကာ ဒဏ်ရာပြင်းထန်ခဲ့သည်။ ထိုဖိသိပ်အားသည် သူ့မူလစိတ်ဝိညာဉ်၏ အစိတ်အပိုင်းတော်တော်များများကို ပြိုပျက်စီးစေသည်။ ခုချိန်တွင် သူသည် အသက်ရှင်သန်နိုင်မည့် အခွင့်အရေးဟူ၍ မရှိတော့ပေ။

သူ့ထံ၌ ကျိုးပဲ့နေသော မူလစိတ်ဝိညာဉ်တစ်ခုသာ ကျန်ရှိလေ၏။ သူ့မှတ်ဉာဏ်အများစုမှာလည်း ပျောက်ရှသွားခဲ့ရပေပြီ။ သူသည် မိန်းမောကြောင်ရီနေစဉ်မှာပင် ဝမ်လင်း၏ စိတ်ဝိညာဉ်ကျာပွတ်မှာ သူ့အား ဝန်းရံ ချည်ပတ်သွားပေပြီ။

စိတ်ဝိညာဉ်ကျာပွတ်သည် ရွှေရောင်အလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီးနောက် ၎င်းသည် ဝမ်လင်း လိုချင်သလို ကျာပွတ်အရွယ်အစားကို တိုချင်လည်းရ၏။ ရှည်ချင်လည်း ရသည်။ အစောပိုင်းတုန်းက ခွန်အားအပြည့်ရှိသော အကြီးအကဲခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်သည် အခုချိန်မှာတော့ ဝမ်လင်း၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။

ဝမ်လင်းသည် တတိယအဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သော ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို မည်သို့ လွှတ်ပေးပါ့မည်နည်း။ ထိုမူလစိတ်ဝိညာဉ်ကို သတ်၍ သူ၏ ဆန်းကြယ်လက်နက်မန္တာန် အစိတ်အပိုင်း ဖြစ်လာစေခြင်းသည် သူ့အတွက် သာ၍ ကောင်းလွန်မည် မဟုတ်လား။ ထို့အပြင် ထိုအကြီးအကဲခေါင်းဆောင်၏ မိုးကြိုးအပေါ် နားလည်မှုဉာဏ်အလင်းလည်း ရှိသေး၏။

အပြင်လူများအတွက် ပြန့်ကြဲမိုးကြိုးကလန်၏ မူလစိတ်ဝိညာဉ်သည် မိုးလောက်ကြီးမားသော ရတနာတစ်ခုသာ ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ဝမ်လင်းအတွက်မူ ၎င်းသည် ထိုသို့သော ရတနာထက် ပို၍ အရေးကြီးသည်။ မဟာအခွင့်အရေးကြီးတစ်ခု ဖြစ်လို့နေ၏။

“သူ့မူလစိတ်ဝိညာဉ်ဟာ ငါ့အတွက် အများကြီး အသုံးဝင်တယ်…” ဝမ်လင်းသည် လှုပ်ရှားလိုက်ကာ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်နှင့် ခုနစ်သန်းလောကများမှ လူသန်းချီနှင့်အတူ အက်ကြောင်းအဟအတွင်းမှ ထိုးထွက်လာတော့သည်။

ဒီကြီးမားသောတိုက်ပွဲပြီးသည့်နောက် ခုနစ်သန်းလောကများသည် အပျက်အစီးပုံ ဖြစ်နေပေပြီ။ ဟင်းလင်းပြင်အက်ကြောင်းများ နေရာတိုင်း၌ ပြည့်နှက်နေ၏။ ဒီလောကများ၏ အစွန်းနားမှ အရံအတားသည်ပင် ပျက်စီးသွားခဲ့လေပြီ။ မုန်တိုင်းများ ရိုက်ခတ်ကာ အရာအားလုံးကို ဝါးမြိုနေချေပြီ။

ခုနစ်သန်းလောကများသည် အစောကတည်းက တစ်စုံတစ်ယောက်က ဖန်တီးထားခဲ့တာ ဖြစ်၏။ အခုဆို ဖုန့်မှုန်များသည် ဖုန်မှုန့်များအဖြစ်သို့၊ မြေကြီးထုသည် မြေကြီးအဖြစ်သို့၊ အရာအားလုံးသည် မူလဖြစ်တည်ခဲ့သည့်အဖြစ်သို့ ပြန်လည် ရောက်ရှိသွားကြပေပြီ။

ဝမ်လင်းသည် ထွက်ခွာလာချိန်၌ သူ့စိတ်နှလုံးမှာ ရှင်းလင်းနေသည်။ သူသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ရောက်သည့်အချိန်မှာ တိုတောင်းသေးသော်လည်း သူက ကျင့်ကြံသူများစွာကို ဝါးမြိုပြီး သူတို့၏မှတ်ဉာဏ်များကို ရရှိခဲ့ပြီး ဖြစ်သည်။ ဝမ်လင်း အကြီးအကဲခေါင်းဆောင်မှာ ပြန့်ကြဲမိုးကြိုးကလန်၏ ဘုရင်တစ်ပါးအလား ဖြစ်ကြောင်းကို သိ၏။ ထိုကလန်၏အကြွင်းမဲ့အုပ်စိုးသူ ဖြစ်မှန်း သိ၏။

ရှေးဟောင်းကြယ်အဖွဲ့အစည်းသည်ပင် ထိုအကြီးအကဲခေါင်းဆောင်သည် အတော်လေး ကျော်ကြားပေသည်။ တတိယအဆင့်ကျင့်ကြံသူအချို့မှလွဲ၍ လူတိုင်းနီးပါးက သူ့ကို မစော်ကားဝံ့ကြပေ။ ပြန့်ကြဲမိုးကြိုးကလန်မှာ ချိပ်ပိတ်နယ်မြေအစီအရင်ထဲသို့ ရတနာတစ်ခု ပေးပို့ခဲ့သော ကလန်တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် အကြီးအကဲခေါင်းဆောင်မှာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းအတွက် အလွန်အရေးကြီးသူသာ။

သူ့သေဆုံးမှုက ကပ်ဘေးတစ်ခု၊လှုပ်ခတ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ ထာဆန်သည်လည်း ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၌ လူများစွာကို သတ်ခဲ့သူဟု ဆိုနိုင်သော်လည်း သူသည် ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင်ကဲ့သို့ အဆင့်အတန်းရှိသော လူမျိုးနှင့် လုံးဝ မကြုံခဲ့ဖူးပေ။

ကလန်တစ်ခုသည် အန္တရာယ်ကျရောက်လာချိန်၌ အဆင့်အတန်းမြင့်သော သူများသည် သူတို့၏ ကလန်ဝင်မျာားကို အန္တရာယ်ကနေ ခေါ်ထုတ်ပေးကြမည် ဖြစ်၏။ ထို့နောက် ထိုအဆင့်အတန်းမြင့်သော သူများသည် ကလန်ဝင်များ၏အသက်ကို ကယ်တင်ကာ လွတ်မြောက်နိုင်ကြပေလိမ့်မည်။

ယင်းအတွက်ကြောင့် ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင် သေဆုံးမှုသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးကို လှုပ်ခတ်သွားစေဖို့ လုံလောက်နေသည်။ ထို့အတွက် ဝမ်လင်းကို စောင့်နေသည်မှာ ကြီးမားသောအန္တရာယ်ပင်။

ခုနစ်သန်းလောကများ၏ လူများသည် ထွက်ပေါ်လာကြပြီ။ ပြန့်ကြဲမိုးကြိုးကလန်သည် ကျိန်းသေပေါက် ဖျက်စီးခံရပေတော့မည် ဖြစ်၏။ ယင်းကား တုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခုပင်။ ကလန်ကြီးတစ်ခု ပျက်စီးမှုက အာရုံစိုက်စရာများစွာကို ဖြစ်စေပေလိမ့်မည်သာ။

ဝမ်လင်းသည် ရှေ့သို့ ဆက်သွားနေရင်း သူ့မျက်လုံးမှာ တလက်လက် ဖြစ်နေ၏။ အန္တရာယ်သည် ကြောက်မက်ဖို့ ကောင်းသော်လည်း သူသည် နောက်ဆုတ်မည် မဟုတ်ပေ။

ခုနစ်သန်းလောကများ ပျက်စီးခြင်းမှ ဖြစ်ပေါ်သော တုန်ဟည်းတုန်ခါမှုများသည် ဖြည်းဖြည်းချင်း လွင့်ပါးသွား၏။ ထိုတိုက်ပွဲကား တာအိုပညာရှင်ရေနှင့် သူ တိုက်ခိုက်ခဲ့စဉ်ကထက် ပိုပြင်းထန်ခဲ့၏။ တာအိုပညာရှင်ရေကို ရင်ဆိုင်ခဲ့စဉ်က ဝမ်လင်းအဖို့ အခွင့်အရေးလုံးဝ မရှိခဲ့ပေ။ သို့သော် ဤအကြီးအကဲခေါင်းဆောင်နှင့် ရင်ဆိုင်ရသည်ကတော့ အခက်အခဲ ပိုများစေခဲ့သည်။ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်နှင့် ပူးပေါင်းခြင်းသာ မရှိပါက ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ဖို့မှာ မဖြစ်နိုင်လောက်ပေ။

အဟကြားကနေ ထိုးထွက်လာရင်း တောက်ပသောအလင်းသည် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ ရှေ့တွင် ပေါ်လာသည်။ တာအိုသခင်သည် သူ့ကလန်ဝင်များကို စိတ်လှုပ်ရှားစွာ ခေါ်လာခဲ့ပြီး ပြန့်ကြဲမိုးကြိုးကလန်၏ ကြယ်နယ်မြေတွင် ပေါ်လာခဲ့ပေပြီ။

သူ ပေါ်လာသည်နှင့် သူ့မျက်လုံးထံမှ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာ၏။ သူသည် စိတ်လက်ပေါ့ပါးစွာ ရယ်မောပစ်လိုက်သည်။ သူသာမက သူ့အကာအကွယ်အောက်တွင် ရှိသောလူများသည်လည်း အတူတူသာ။ သူ့အကာအကွယ်ကြောင့် သေမျိုးများသည်ပင် ဟင်းလင်းပြင်တွင် ပုံမှန်အတိုင်း မသေဆုံးကြပေ။ သူတို့သည်လည်း ခုနစ်သန်းလောကများထံမှ ချိုးဖျက်ကာ သူတို့အား ခြုံလွှမ်းထားသော ကောင်းကင်ဘုံနယ်မြေဟု သိထားသော ပြန့်ကြဲမိုးကြိုးနယ်မြေသို့ ဝင်ရောက်လာသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံရလေသည်။ သူတို့ခံစားမိသော စိတ်လှုပ်ရှားမှုမှာ တိုင်းတာ၍ပင် ရနိုင်မည် မဟုတ်ပါ။

“ဒါဟာ ကောင်းကင်ဘုံနယ်မြေပဲ။ ဒါဟာ ငါတို့ရဲ့ သေခြင်းရှင်ခြင်းကို အမြဲတမ်း ဆုံးဖြတ်ပေးခဲ့တဲ့ ကောင်းကင်ဘုံနယ်မြေပဲ။ အခုကစပြီး ငါ့ကလန်ဟာ ကောင်းကင်ဘုံကလန် ဖြစ်လာရမယ်။ ဒီနေရာကို ပြန့်ကြဲမိုးကြိုးကလန် ပိုင်ဆိုင်ထားမှတော့ ငါ့ကလန်ဟာလည်း ဒါကို ပိုင်ဆိုင်သင့်တယ်…”

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် ကျယ်လောင်စွာ ရယ်မောသထက် ရယ်မောရင်း သူသည် စတင် ငိုလေတော့သည်။

သူသာမက ခုနစ်သန်းလောကများ၏ လူတိုင်းသည် စတင် ငိုကုန်ကြသည်။ သူတို့ ရင်ဆိုင်ခဲ့ရသော ခက်ခဲမှုများမှာ နားလည်ပေး၍ မရနိုင်သည် မဟုတ်လား။ အထူးသဖြင့် အပိုင်းအစတစ်ခုလောက် ချိုးဖျက်နိုင်ဖို့ရာအတွက် သူတို့၏အသက်ပေါင်း (၉၀)ရာခိုင်နှုန်းကို ပေးဆပ်ခဲ့ရပေသည်။ ထိုဝမ်းနည်းမှုမှာ သူတို့၏စိတ်နှလုံးအတွင်း ထိုးဆွနေလေ၏။

“ခုက စပြီး ငါတို့ လွတ်လပ်ပြီ…”

ဝမ်လင်းသည် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်နှင့် သူ့လူများကို ငြိမ်သက်စွာ ကြည့်နေ၏။ သူသည် သူတို့၏စကားလုံးများကို နားထောင်နေသည်။ သူတို့၏အပြုံးများ၊မျက်ရည်များကို ကြည့်နေမိလျက် သူ့စိတ်ထဲကနေ သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရ၏။ သူသည် အပေါ်သို့ တိတ်ဆိတ်စွာ မော့ကြည့်လျက် သူ့အကြည့်မှာ လေဟာနယ်ကို ထွင်းဖောက်ကာ အထက်ရှိ ကောင်းကင်ဘုံအစစ်အမှန်ကို တွေ့မြင်နေသည့်အလား ထင်မှတ်ရသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် ခေါင်းငုံ့ကာ ခပ်တိုးတိုး ပြောသည်။ “ငါတို့ တကယ်ရော ချိုးဖျက်လာတာ ဟုတ်ရဲ့လား…”

သူသည် အတိတ်တုန်းက တိမ်ပင်လယ်ရှိ သူ၊ လီချန်မေနှင့် လုယန်ကုံးတို့ တာအိုအကြောင်း ဆွေးနွေးခဲ့သောညကို ပြန်မတွေးမိဘဲ မနေနိုင် ဖြစ်ရ၏။

ကောင်းကင်ဘုံဟူသည်းကား စက်ဝန်းတစ်ခုလား။ သင်သည် လှမ်းထွက်နိုင်ခဲ့လျှင်ပင် နောက်ထပ် သင့်ပတ်လည်တွင် မမြင်ရသော စက်ဝန်းများစွာ ရှိပေဦးမည်သာ။ သင် မည်သို့ လွတ်မြောက်နိုင်မည်နည်း။

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် တဖြည်းဖြည်းဖြင့် သူ့စိတ်နှလုံးထဲရှိ စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေ၏။ ထို့နောက် သူသည် ဝမ်လင်းဘက်သို့ လှည့်ကာ လက်နှစ်ဖက်ဆုပ်၍ အလွန်ကျေးဇူတင်ကြောင်းကို ပြသသည်။

“ရောင်းရင်းကျင့်ကြံသူရဲ့ အကူအညီကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ငါ့ကောင်းကင်ဘုံကလန်တစ်ခုလုံးက ဒီအကူအညီကို မျိုးဆက်ပေါင်းများစွာထိ မေ့ပစ်မှာ မဟုတ်ပါဘူး။ ရောင်းရင်းကျင့်ကြံသူ တောင်းဆိုချင်တာ တစ်ခုခုရှိရင် ငါ့ကောင်းကင်ဘုံကလန် မလုပ်ဝံ့တဲ့ဟာ မရှိစေရဘူး…”

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် ထိုသို့ ပြောပြီးနောက် သူ ကယ်တင်ပေးခဲ့သော လူသန်းအနည်းငယ်ကလည်း ဝမ်လင်းကို စိတ်လှုပ်ရှားစွာ ကြည့်ကြ၏။ သူတို့၏မျက်လုံးထဲ၌ ကျေးဇူးတင်မှုကို ပြသနေသည်။ သူတို့ကလည်း သူတို့၏လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကြ၏။

“ငါ့ကောင်းကင်ဘုံကလန်ဟာ ဘယ်လိုတောင်းဆိုမှုကိုမှ စိုးရွှံ့နေမှာ မဟုတ်ဘူး…”

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် သူ့လက်ကို ဝေ့ယမ်း၏။ သူ့လက်ဝါးပေါ်တွင် မိုးကြိုး ပေါ်လာသည်။ စိတ်ဝိညာဉ်မိုးကြိုးတန်းထောင်သောင်းချီသည် ဝမ်လင်းထံသို့ ပျံသန်းသွားလေ၏။

“ဒါက ငါ ရောင်းရင်းကို ကတိပေးထားခဲ့တဲ့ စိတ်ဝိညာဉ်မိုးကြိုးတန်းတွေပါ…”

ဝမ်လင်းသည် တည်ငြိမ်စွာဖြင့် သူ့လက်ကို ဝေ့ယမ်းကာ ယင်းတို့အားလုံးကို စုဆောင်းလိုက်၏။ ယင်းကာ သူ လက်ခံရရှိသည့်အရာပင်။ သည်တစ်ခုစီကပင် နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်သန်းခဲ့‌သော ကျင့်ကြံသူတစ်ယောက်စီ၏ ဘဝကနေ ရရှိခဲ့သော မိုးကြိုးဟု ဆိုနိုင်သည်။

“ပြန့်ကြဲမိုးကြိုးကလန်ရဲ့ ထာဝရမိုးကြိုးဟာ ခုချိန်မှာ ဒဏ်ရာရထားတယ်။ ငါ အခု ပြန့်ကြဲမိုးကြိုးကလန်ရှိ သွားပြီး ထာဝရမိုးကြိုးကို ဝါးမြိုမယ်။ သင်ကော အခု ဘာလုပ်မယ်တွေးထားလဲ…” ဝမ်လင်း၏အကြည့်သည် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်ထံသို့ ကျရောက်သွား၏။

တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်နှက်လာကာ သူသည် ပြော၏။ “ကောင်းတယ်။ ငါ ပြန့်ကြဲမိုးကြိုးကလန်ကို ဒီအတိုင်း ခွင့်လွှတ်မပေးနိုင်ဘူး။ ငါ ဒီကလန်ကို ဖျက်စီးပစ်မယ်ဆိုရင်တောင် ခုနစ်သန်းလောကများကနေ လွတ်မြောက်ဖို့အတွက် ရင်းနှီးခဲ့ရတဲ့ ငါ့ကလန်ဝင်တွေရဲ့ အသက်ပေါင်းကိုးဆယ်ရာခိုင်နှုန်း ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်းတရးကို ဖြေလျော့နိုင်မှာ မဟုတ်ဘူး…”

ဝမ်လင်းသည် အချိန်ဆက်ဖြုန်းမနေတောဘဲ ရှေ့သို့ တိုးဝင်လာ၏။ သူ့ညာမျက်လုံးထဲတွင် မိုးကြိုးသည် လင်းလက်ကာ သူသည် မိုးကြိုးအဖြစ်သို့ ပြောင်းလဲသည်။ သူက သူ့မူလခန္ဓာကိုယ်နှင့် အတူ သွားသည့်အထိ သူ တစ်စုံတစ်ယောက်ကို ပိုင်စိုးထားချိန်ထက် အဆများစွာ ပိုသန်မာနေပြီ ဖြစ်သည်။

ဝမ်လင်းသည် ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် အကြီးအကဲခေါင်းဆောင်တစ်ယောက်ကိုသာ ရှိန်ပေသည်။ ကျန်သည့်သူများက သူ့အတွက် ပြဿနာ မဟုတ်ပေ။ သူတို့ကသာ မိုးကြိုးကျင့်ကြံသူများ မဟုတ်ပါက ဝမ်လင်းအတွက် ပြဿနာအချို့ ရှိနိုင်ဦးမည် ဖြစ်၏။ တကယ်တော့ ပြန့်ကြဲမိုးကြိုးကလန်၌ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူနှစ်ယောက် ရှိနေသေးသည် မဟုတ်လား။

သို့ရာတွင် သူတို့သည် မိုးကြိုးကို ကျင့်ကြံမှတော့ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် ဖြစ်နေလျှင်ပင် ဝမ်လင်းက သူတို့ကို မလန့်ပေ။ မိုးကြိုးကျင့်ကြံသူများကြား တိုက်ပွဲမှာ မိုးကြိုးကို အပြိုင်အဆိုင် ထိန်းချုပ်ခြင်း မဟုတ်လော။

ဝမ်လင်းသည် ရှေးဟောင်းမိုးကြိုးနဂါးရှစ်ကောင်နှင့် စိတ်ဝိညာဉ်မိုးကြိုးတန်းထောင်သောင်းချီကို ဝါးမြိုခဲ့ပြီး ဖြစ်သည်။ သူသည် ယင်းတို့ကို လုံးဝ သန့်စင်မမွန်းရသေးသော်လည်း သူ့မိုးကြိုးအနှစ်သာရ၏ စွမ်းအားမှာ ကောင်းကင်တုန်လှုပ်ဖွယ်ရာ ဖြစ်နေပြီပင်။ ထို့ကြောင့် မည်သူက မိုးကြိုးအရာ၌ သူနှင့် ယှဉ်နိုင်ပါ့မည်နည်း။

စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်တွင် ရှိနေသော်လည်း သူတို့သည် မိုးကြိုးကျင့်ကြံသူများ ဖြစ်နေသ၍ သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။

“အကြီးအကဲခေါင်းဆောင် သေသွားပြီဆိုတော့ ဒီပြန့်ကြဲမိုးကြိုးကလန်ဟာ ငါ့အတွက် မှုလောက်စရာ မဟုတ်တော့ဘူး…”

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူသည် မြန်သထက်မြန်မြန် ရွှေ့လျားလာသည်။ ပြန့်ကြဲမိုးကြိုးကလန်၏ ဂြိုဟ်ဆယ့်ခြောက်လုံးကြောင့် ဖြစ်ပေါ်သော အကာအကွယ်အစီအရင်ထံ သူ တိုးတင်လာသည့်အခါ မိုးကြိုးတုန်ဟည်းသံများ ထွက်ပေါ်၏။

“ဒီတိုက်ပွဲကို မြန်မြန် လက်စသပ်ရမယ်။ ငါဟာ ထာဝရမိုးကြိုးကို ဝါးမြိုနိုင်တဲ့အထိ ငါ့လမ်းတစ်လျှောက်လုံး သတ်ဖြတ်သွားမယ်။ အဲ့ဒီနောက်မှ ငါ ထွက်သွားမယ်…”

ဝမ်လင်းသည် ရှေ့သို့ တရကြမ်း တိုးဝင်လာနေရင်း အဆုံးမဲ့မိုးကြိုးများ သူ့ဘေးပတ်လည်တွင် စုဝေးလာ၏။

ထိုသို့ ဖြစ်ရခြင်းမှာ ဝမ်လင်း၏မိုးကြိုးအနှစ်သာရသည် ပတ်ဝန်းကျင်ရှိ မိုးကြိုးများကို အလိုလိုစွဲဆောင်နိုင်သည့်အထိ သန်မာလှသောကြောင့်ပင်။ ပိုပိုများပြားသော မိုးကြိုးများ စတင်စုဝေးလာကြ၏။

ခဏအကြာတွင် ဝမ်လင်း၏ပတ်လည်ရှိ မိုးကြိုးများမှာ မိုးကြိုးကန်တစ်ခုအလား ဖြစ်လာ၏။ အံ့မခန်းမိုးကြိုးခွန်အားကို ‌ပေးစွမ်း၏။ နတ်ဘုရားပြစ်ဒဏ်သည်ပင် ထိုမျှလောက်သာ အစွမ်းထက်နိုင်ပေလိမ့်မည်။

အခြားလူများသည် ဤအဖြစ်သနစ်ကို တွေ့မြင်ရပါက တုန်လှုပ်ကုန်မည် ဖြစ်၏။ တတိယအဆင့်ကျင့်ကြံသူများသည်ပင် မျက်မှောင်ကြုတ်သွားနိုင်၏။

အချိန်တိုက်စားမှုကြောင့် တိမ်မြှုပ်ပျောက်ကွယ်သွားသော ဒဏ္ဌာရီတစ်ခု ရှိလေ၏။ ထိုဒဏ္ဌာရီတွင် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် လျှို့ဝှက်ချက်ကြီး ပါဝင်သည်ဟု ကောလာဟာလ ဆိုသည်။

ပြောကြသည်က လူတစ်ယောက်သည် သူတို့၏အနှစ်သာရကို အားဖြည့်ပေးနိုင်ဖို့ အပူဇော်ခံမီးတောက်အပေါ်တွင်သာ မှီခိုရမည်ဟု ဆို၏။ ထိုမှသာ ကောင်းကင်ဘုံဂိတ်တံခါးကို ဖွင့်နိုင်မည်ဟု ဆိုသည်။ ယင်းသို့နည်းဖြင့် လူတစ်ယောက်၏ အနှစ်သာရကို ပြီးပြည့်စုံစေကာ သူတို့၏ခန္ဓာကိုယ်ကို လုံးဝ ပြောင်းလဲစေပေလိမ့်မည်။ ထိုအခိုက်အတန့်၌ လူတစ်ယောက်သည် သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ပေ။

သို့ပေမည့် အပူဇော်ခံမီးတောက်ထက် ရှေးကျသော ကောလဟာလ တစ်ခု ရှိ၏။ ယင်းဒဏ္ဌာရီအရဆိုပါက လူတစ်ယောက်သည် အပူဇော်ခံမီးတောက်ကို မှီခိုစရာမလို၊ ကိုယ်ပိုင်နားလည်မှုဖြင့်ပင် တတိယအဆင့်ကို ရောက်နိုင်သည် ဟူ၏။ သူတို့သည် သူတို့၏အနှစ်သာရကို အမည်မသိနည်းလမ်းတစ်ခု အသုံးပြုကာ ကောင်းကင်ဘုံဂိတ်တံခါးကို ချိုးဖျက်၍ ကောင်းကင်တုန်လှုပ်ဖွယ်ရာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်သည်။

ယင်းကဲ့သို့ နည်းလမ်းဖြင့် တတိယအဆင့်သို့ ဝင်ရောက်ခြင်းမှာ ဒဏ္ဌာရီတစ်ခု ဖြစ်လာနိုင်သည်။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်မှာ တဖြည်းဖြည်းချင်း ထိုဒဏ္ဌာရီနှင့် နီးကပ်သထက် နီးကပ်လာခဲ့ပြီပင်။

***

All Chapters