သတ်တော့ဘာဖြစ်သလဲ
Vol. 37 Ch. 519
အခန်း (၅၁၉) သတ်တော့ဘာဖြစ်သလဲ
ရန်ကျောက်ကဲ၏လက်ထဲမှ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကိုကြည့်ရင်း ဖန်းခန်း ကျောရိုးထဲစိမ့်သွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ကို ဖိနှိပ်ထားသဖြင့် ရန်ကျောက်ကဲ၏သိုင်းကွက်နှင့်အတွေးအာရုံများကို သူ့အနေဖြင့် ကောက်ချက်ချနိုင်စွမ်း မရှိတော့ပေ။
ထိုလူငယ် ရည်ရွယ်ချက်ရှိရှိဖြင့် တည်ဆောက်ထားသော ဧရာမကွန်ယက်ကြီးတစ်ခုထဲတွင် ပိတ်မိနေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ဖန်းခန်းစိတ်ထဲ တုန်လှုပ်သွားသည်။ သူသေကိုယ်သေ တိုက်ခိုက်ရင်း ရန်ကျောက်ကဲကို သူနှင့်အတူ သေရွာခေါ်သွားနိုင်မည်ဆိုသော အတွေးသည် သူ့ကို အထင်မှားစေသော ထောက်ချောက်သာ ဖြစ်သည်။
ရန်ကျောက်ကဲက ပိုက်ကွန်တစ်ခုတည်ဆောက်ထားပြီး ဖန်းခန်း အလိုလိုဝင်လာစေရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
အစိမ်းရောင်ချောက်နက်ဓားက နဂါးအသွင်ပြောင်းသွားပြီး ဟိန်းဟောက်သံပြုရင်း ဖန်းခန်း၏ ရင်ဝတည့်တည့်သို့ စိုက်ဝင်သွားသည်။ သူ့အနောက်ဘက်မှာတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပိတ်ဆို့ထား၏။
သေခြင်းအရိပ်သည် ဖန်းခန်းအား လွှမ်းခြုံနေခဲ့လေပြီ။
တိုက်ပွဲကိုကြည့်နေကြသော သိုင်းသမားများအားလုံး မြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေကြသည်။
ဖန်းခန်းက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်လေရာ ရန်ကျောက်ကဲက ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ဖန်းခန်းလက်ချက်ဖြင့် အသက်ငယ်ရွယ်စဉ်မှာပင် သေရတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခုတော့ လှောင်အိမ်ထဲမှ သားရဲပမာ ဘဝအဆုံးသတ်ရမည့်သူမှာ ဖန်းခန်းဖြစ်နေခဲ့ပေပြီ။
သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်သည် ရန်ကျောက်ကဲလက်ချက်ဖြင့် အံ့အားသင့်စွာ ပျက်သုဉ်းရပေတော့မည်။
ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ ကြက်သေသေနေကြသည်။ ဤသို့ ဖြစ်ပျက်လာမည်ဟု သူတို့အားလုံး တွေးထင်မထားကြပေ။ သူတို့၏ ကျွန်းသခင်ကိုယ်တိုင် ရောက်ရှိလာသည့်တိုင် အခြေအနေက ဤသို့ ဖြစ်လာသည်မှာ မယုံနိုင်စရာပင်။
“မင်း မိုက်မဲတဲ့အလုပ်တွေ မလုပ်နဲ့နော်”
ကြံ့ဝိညာဉ်ကျွန်းမှ တပည့်တစ်ယောက်က တုန်လှုပ်စွာဖြင့် အော်ပြောသည်။
“ငါတို့ ကြံ့ဝိညာဉ်ကျွန်းက လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းထဲကတစ်ဂိုဏ်းဖြစ်တယ် ၊ မင်း ငါတို့ ကျွန်းသခင်ကို သတ်မယ်ဆိုရင် လမ်းမှန်ဂိုဏ်းအားလုံးကို ဆန့်ကျင်ရာကျလိမ့်မယ် ၊ ငါတို့ လမ်းမှန်ဂိုဏ်းတွေက မိစ္ဆာဂိုဏ်းတွေကို ဆန့်ကျင်ဖို့အတွက် အမြဲတမ်း စည်းစည်းလုံးလုံး ရပ်တည်ကြတာ”
ထိုစကားကိုကြားတော့ ရေသလင်းနန်းတော် ၊ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် လေ့ဖုန်းဂိုဏ်းအပါအဝင် လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှ သိုင်းသမားများ မျက်မှောင်ကြုတ်လိုက်ကြသည်။ မည်သူမှ အခြားဂိုဏ်းတစ်ဂိုဏ်းကိုယ်စား အချည်နှောင်မခံလိုကြပေ။
သို့သော် ရန်ကျောက်ကဲကို ကြည့်နေသော သူတို့မျက်ဝန်းများက သံသယများဖြင့် ပြည့်နက်နေကြသည်။
မိစ္ဆာသူတော်စင်ရောက်ရှိလာပြီး ဓားအသင်္ချေရေကန်မှ “မျောလွင့်ဓား”နှင့် တိုက်ခိုက်နေသည်ကိုကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲအပေါ် သံသယမဝင်ဘဲ မနေနိုင်ကြပေ။ မိစ္ဆာသူတော်စင် ရောက်မလာသည့်တိုင် ထိုလူငယ်က ကြံ့ဝိညာဉ်ကျွန်းသခင်းကို သတ်ဖြတ်လိုက်ခြင်းက မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းအတွက် အကျိုးရှိပြီး လမ်းမှန်ဂိုဏ်းများအတွက် ဆုံးရှုံးမှုရှိသည်မှာ အမှန်ပင်။
ရန်ကျောက်ကဲ က ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများကို မရယ်မပြုံးမျက်နှာထားဖြင့် လှမ်းကြည့်၏။ သူ့အကြည့်ကို ရင်ဆိုင်ရတော့ ကြံ့ဝိညာဉ်ကျွန်းမှသိုင်းသမားများ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွားကြသည်။
“ငါ ဘာပဲလုပ်လုပ် မင်းတို့ သောက်ကြောင်းပါလား ၊ မင်းတို့အားနေရင်း ငါ့အကြောင်းမစဉ်းစားဘဲ ကိုယ့်အတွက်ကိုယ် စဉ်းစားကြစမ်းပါ”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်ပြီး ဖန်းခန်းကို လှည့်ကြည့်လိုက်သည်။
ဖန်းခန်းက ချောင်းတဟွတ်ဟွတ်ဆိုးလျှက် သွေးများအန်ထုတ်လိုက်သည်။ ဒဏ်ရာများစွာရထားပြီး ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်တော့သည့်တိုင် သူ့မျက်နှာအမူအရာက အေးစက်နေဆဲပင်။
သူက...
“မင်းငါ့ကို သတ်ရဲရင် သတ်လိုက်လေ ၊ မင်း ငါ့ကိုသတ်ရင် ရေသလင်းနန်းတော် ၊ ဓားအသင်္ချေရေကန်နဲ့ သွေးနီနဂါးဂိုဏ်းတွေက မင်းကို ဝိုင်းသတ်ကြမှာပဲ ၊ ဒီအဘိုးကြီး မင်းထက်အရင် သေတယ်ဆိုလည်း ငရဲမှာ မင်းကို စောင့်နေမယ်”
ဖန်းခန်းစကားမဆုံးခင်မှာပင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ကို လက်သီးဖြင့် ထိုးနှက်ချလိုက်သည်။
“ဘုန်း...”
ဖန်းခန်းတစ်ကိုယ်လုံး လေထဲတွင် ပေါက်ကွဲထွက်သွားပြီး သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက...
“သတ်တော့ဘာဖြစ်လဲ ၊ လောကမှာ ငါမလုပ်ရဲတာ ဘာမှမရှိဘူး”
သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများမှာ ရန်ကျောက်ကဲကိုကြည့်ရင်း စိတ်ထဲ အေးစက်သွားကြသည်။
မိုးမြေကိုတုန်လှုပ်စေသော အနှီလူငယ်ပါရမီရှင်လေး အဆုံးစွန် လုပ်နိုင်သောအလုပ်မှာ ကျန်းဟောက်ချန်နှင့် လီရှန်ကို တစ်ချက်တည်းအနိုင်ယူခြင်းသာဖြစ်သည်ဟု သူတို့အားလုံး အစက ထင်မှတ်ခဲ့ကြ၏။
သို့သော် လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းတွင် တစ်ဂိုဏ်းအပါအဝင်ဖြစ်သော ကြံ့ဝိညာဉ်ကျွန်း၏ ကျွန်းသခင်ကို သတ်ဖြတ်ပစ်မည်ဟု မည်သူထင်မှတ်ပါမည်နည်း။
ဤသည်က လောကကို တုန်လှုပ်စေသော လုပ်ရပ်မဟုတ်ဘဲ မိုးကောင်းကင်ကိုပါ ထိတ်လန့်တုန်စေသော လုပ်ရပ်ဖြစ်သည်။
ယခင်က ရန်ကျောက်ကဲကို မည်သူမှ မသိကြသော်လည်း ယခုတော့ “ရန်ကျောက်ကဲ” ဆိုသည်မှာ သမုဒ္ဒရာကမ္ဘာတစ်ခွင် နာမည်ကြီးတစ်ယောက် ဖြစ်လာပေပြီ။
ရေသလင်းနန်းတော်မှ အကြီးအကဲ’တုန်း’ နှင့် ကျန်းဟောက်ချန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့စိတ်ထဲမှာလည်း ပြင်းထန်သောခံစားချက်များဖြင့် ပြည့်နက်နေ၏။
“အကျိုးဆက်ကို မစဉ်းစားဘဲ ဒီလို ရက်ရက်စက်စက်သတ်ဖြတ်တာက မိစ္ဆာလမ်းစဉ်လိုက်တဲ့လူတွေရဲ့ လုပ်ရပ်မျိုးပဲ”
“သူက မိစ္ဆာဂိုဏ်းက ဟုတ်ချင်မှဟုတ်မှာပေါ့ ၊ ဖန်းကျောက်ဟုန်ကို သတ်လိုက်ကတည်းက သူနဲ့ ဖန်းခန်းကြားမှာ မပြေတဲ့သွေးကြွေး ရှိနေပြီလေ ၊ တစ်မိုးအောက်မှာ သူတို့နှစ်ယောက် အတူတူ အသက်ရှင်လို့မရဘူး ၊ တစ်ယောက်ရှင်သန်မယ်ဆိုရင် တစ်ယောက်နိဂုံးချုပ်ရမှာပဲ ၊ ဖြန်ဖြေပေးတဲ့သူရှိလို့ အချိန်ဆွဲထားနိုင်မယ်ဆိုရင်တောင် ဖန်းခန်းက သူ့သားအတွက် ဒီလူငယ်ကို သတ်မှာပဲလေ”
“သူနဲ့ မိစ္ဆာသူတော်စင်က ဘယ်လိုပတ်သက်မှန်း မသိရဘူး ၊ သူသာ တကယ်ပဲ မိစ္ဆာဂိုဏ်းဘက်ကလူဆိုရင်တော့ လွမ်းမိုးသက်ရောက်မှုက အရမ်းကြီးလိမ့်မယ်”
“ဒါပေမဲ့ သူက မိစ္ဆာလမ်းစဉ်လိုက်တဲ့သူတစ်ယောက်လို့ မခံစားရဘူး ၊ ပြီးတော့ သူကိုယ်တိုင်က စွမ်းအားကြီးမားသလို ကြောက်စရာကောင်းတဲ့ သိုင်းသူတော်စင်ကိုယ်ပွားကိုလည်းပိုင်ဆိုင်ထားတာ ၊ အခုချိန် မိစ္ဆာဂိုဏ်းတွေနဲ့ လမ်းမှန်ဂိုဏ်းတွေ စစ်ပွဲဖြစ်လာမယ်ဆိုရင် သေတဲ့သူက ဖန်းခန်းတစ်ယောက်တည်း မဟုတ်နိုင်ဘူး”
လမ်းမှန်ဂိုဏ်းများက စိတ်မသက်မသာ ခံစားနေရသလို မိစ္ဆာဂိုဏ်းများသည်လည်း မသက်မသာ ဖြစ်ကြရသည်ပင်။
ကျန်လုန်ဂိုဏ်းမှ အကြီးအကဲ’ယွဲ့’ က ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တစ်ချက်ပင်အလွတ်မပေးဘဲ စောင့်ကြည့်နေသည်။
ရန်ကျောက်ကဲ၏စွမ်းအားနှင့် မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင်၏ အနှိုင်းမဲ့ကြီးမားသော စွမ်းအားတို့က သမုဒ္ဒရာကမ္ဘာတစ်ခုလုံး၏ အာဏာချိန်ခွင်လျှာအပေါ်မှာပင် လွှမ်းမိုးစေနိုင်သော အစွမ်းသတ္တိရှိ၏။
လီရှန်က ရန်ကျောက်ကဲကိုကြည့်ရင်း ခေါင်းတစ်ချက်ခါယမ်းလျှက် အကြီးအကဲ’ယွဲ့’ ကို မေးလိုက်သည်။
“ဆရာ ဘယ်တော့ ရောက်လာမလဲ”
အကြီးအကဲ’ယွဲ့’ က ...
“မကြာခင် ရောက်လာမယ်ထင်တယ် ၊ တစ္ဆေဝိညာဉ်သေတ္တာလည်း တစ္ဆေဝိညာဉ်ဂိုဏ်းက ထွက်လာတယ်လို့ သတင်းရတယ် ၊ ရေသလင်းနန်းတော်ဂိုဏ်းချုပ်နဲ့ သွေးနီနဂါးဂိုဏ်းက နဂါးကိုးကောင်လက်ချောင်းလည်း လာနေပြီ ထင်တယ်”
လီရှန်က သက်ပြင်းချရင်း...
“အကုန်ရောက်လာရင်တော့ ဒီနေရာမှာ မိုးမြေပြောင်းပြန်လန်ကုန်တော့မှာပဲ”
အားလုံးက သူ့ကို အာရုံစိုက်နေကြချိန် ရန်ကျောက်ကဲအမူအရာက တည်ငြိမ်နေသည်။
သူက မှင်တက်ဆွံ့အနေကြသော ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းမသားများကို အရေးမစိုက်ဘဲ ဖူအန်းစုကို လှည့်ကြည့်ကာ ပြုံးလိုက်၏။
“ဆရာဒေါ်လေး ဒဏ်ရာရထားရဲ့သားနဲ့ ကျွန်တော့်ကို ကူညီပြီး ရန်သူကို အချိန်ဆွဲပေးထားရတယ် ၊ ဒုက္ခများစေခဲ့ပြီ”
ဖူအန်းစုကိုယ်တိုင်လည်း အံ့သြထိတ်လန့်နေရာမှ ပြန်လည်သတိဝင်လာသည်။
သူမက ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ခွဲကို အံ့အားသင့်စွာဖြင့် ကြည့်ရင်း...
“ငါက ဘာမှမဖြစ်ပါဘူး ၊ ဒါပေမဲ့ မင်းကတော့ တကယ့်ပွဲကြီးပွဲကောင်းပဲ ၊ ပြကွက်က အတော်ခမ်းနားတယ်နော်”
သူမက ဆက်ပြောသည်။
“ဒါနဲ့... အဲဒါက ဟို ကျောက်ရုပ်တုနောက်ကွယ်က အဓိပ္ပါယ် အမှန်လား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ”
သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ခွဲကိုကြည့်ကာ ပြုံးရင်း...
“ဆရာဒေါ်လေး... ဒီပွဲက မပြီးသေးဘူး”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ကြုံးဝါးသံတစ်ချက် ပြုလုပ်ရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရနှင့်အတူ ရန်ကျောက်ကဲနှင့် ဖူအန်းစုကိုပါ အဝေးတစ်နေရာသို့ ခေါ်ဆောင်သွားသည်။
သူတို့ဦးတည်ရာက “ဝင်္ကပါပင်လယ်” သို့ ဖြစ်၏။
ထိုအခါမှ သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများသည်လည်း သတိဝင်လာကြသည်။
အကြီးအကဲ’တုန်း’ နှင့် အခြားသူများက အံကိုတင်းတင်းကြိတ်ရင်း သူတို့နောက်သို့ လိုက်ပါသွားကြ၏။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဧရာမဂဠုန်ငှက်ကြီးတစ်ကောင်ပမာ အချိန်ခဏအတွင်း လီပေါင်းတစ်ထောင်မက ခရီးပေါက်နိုင်သည်။
ဝင်္ကပါပင်လယ်တွင် တိုက်ခိုက်နေကြသူ (၂)ယောက်မှာ နဂိုကပင် ရေနက်စင်္ကြံတိုက်ပွဲကို အာရုံစိုက်နေကြလေရာ ရန်ကျောက်ကဲကို ချဉ်းကပ်လာသည်ကို ချက်ချင်း အာရုံခံမိကြသည်။
မိစ္ဆာသူတော်စင် လင်ချန်းချန်နှင့် ဓားအသင်္ချေရေကန် ဂိုဏ်းချုပ်လက်ထဲမှ မျောလွင့်ဓားတို့သည် မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင်၏ ပြင်းထန်သောရောင်ဝါကို ခံစားမိသည်နှင့် တိုက်ခိုက်ခြင်းများ ရပ်တန့်လိုက်ကြသည်။
အထူးသဖြင့် ဓားအသင်္ချေရေကန်ဂိုဏ်းချုပ် ‘ယန်ကန်း’ သည် ရန်ကျောက်ကဲကို အလွန်သတိထားနေပြီး ပြန်လည်ဆုတ်ခွာရန်ပင် ဟန်ပြင်နေလေပြီ။
သူ့လက်ထဲတွင် ‘မျောလွင့်ဓား’ ရှိနေသည့်တိုင် မိစ္ဆာသူတော်စင်’လင်ချန်းချန်’ ၊ ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အားလုံးကို ရင်ဆိုင်ရမည်ဆိုလျှင် ရှုံးနိမ့်မှုက စောင့်ကြိုနေမည်သာ။
သို့သော် ယန်ကန်းကို အနည်းငယ် ဇဝေဇဝါဖြစ်စေသည့်အချက်မှာ လင်ချန်းချန်သည် သူနှင့် တိုက်ခိုက်လိုဟန်မရှိဘဲ ရန်ကျောက်ကဲကို ကူညီပြီးပါက ပြန်လည်ဆုတ်ခွာလိုသည့်အရိပ်အယောင်များ ပြသနေခြင်းပင်။
ထိုအချိန်မှာပင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူတို့မျက်စိရှေ့သို့ ရောက်လာပြီး လှံရှည်နှစ်လက်ပမာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
ရွှေရောင်နှင့်အနက်ရောင်အလင်းတန်းများက လှည့်ပတ်လျှက် မိုးမြေတစ်ခွင်တွင် ဂဠုန်ငှက်ကြီးတစ်ကောင် တဟုန်ထိုးဝင်ရောက်လာသည့်ပမာ ဖြစ်သည်။
သူ၏ ပစ်မှတ်က မိစ္ဆာသူတော်စင် လင်ချန်းချန်မှလွဲပြီး အခြားသူ မဟုတ်ပါပေ။