← Chapters

ငါက ရန်ငြိုးကိုမွေးထားတတ်တဲ့သူမျိုးမဟုတ်ဘူး

Vol. 37 Ch. 520

ငါက ရန်ငြိုးကိုမွေးထားတတ်တဲ့သူမျိုးမဟုတ်ဘူး

Vol. 37 Ch. 520

အခန်း (၅၂၀) ငါက ရန်ငြိုးကိုမွေးထားတတ်တဲ့သူမျိုးမဟုတ်ဘူး

လမ်းမှန်ဂိုဏ်းချုပ်တစ်ယောက်ကိုသတ်ဖြတ်ပြီး မိစ္ဆာဂိုဏ်းချုပ်တစ်ယောက်ကို သတ်ဖြတ်လေမည်လား။

ရန်ကျောက်ကဲတွင် ထိုသို့သောစိတ်ကူးမျိုး တစ်ခါမှ မရှိခဲ့သလို ထိုအကြောင်းက စဥ်းစားစရာမလိုသည့်အချက်လည်း ဖြစ်၏။

“ရေသလင်းနန်းတော် ၊ ဓားအသင်္ချေရေကန်နှင့် သွေးနီနဂါးဂိုဏ်းမှလူများက ရန်ကျောက်ကဲကို ဝိုင်းဝန်းသတ်ဖြတ်ကြမည်” ဟု ဖန်းခန်း ထုတ်ဖော်ပြောစဉ်တုန်းက ရန်ကျောက်ကဲက ဖန်းခန်းကို လှောင်ပြောင်ခဲ့သည်။

လက်ရှိ သမုဒ္ဒရာကမ္ဘာတွင် မိစ္ဆာဂိုဏ်းများနှင့် လမ်းမှန်ဂိုဏ်းများ၏ အာဏာချိန်ခွင်လျှာက ညီမျှနေပြီး ရန်ကျောက်ကဲ၏ တည်ရှိမှုက ထိုအာဏာချိန်ခွင်လျှာကို ပျက်ဆီးသွားစေနိုင်သည်။ ရန်ကျောက်ကဲသာ မိစ္ဆာဘက်သို့ရောက်သွားပါက လမ်းမှန်ဂိုဏ်းများအခက်တွေ့ရမည်ဖြစ်သလို လမ်းမှန်ဘက်သို့ ရောက်လာပါကလည်း မိစ္ဆာဂိုဏ်းများအတွက် စိုးရိမ်စရာပင်။

ဖန်းကျောက်ဟုန်သေဆုံးမှုကြောင့် ဖန်းခန်းနှင့် ရန်ကျောက်ကဲတို့ တိုက်ခိုက်ရသည်မှာ အမှန်ပင်။ သို့သော် ရန်ကျောက်ကဲက မိစ္ဆာလမ်းစဉ်လိုက်သူဟု အတည်မပြုနိုင်သေးဘဲ လမ်းမှန်ဂိုဏ်းများအနေဖြင့် သူ့ကို အရမ်းကာရော မတိုက်ခိုက်ဝံ့ကြပေ။ မဟုတ်ပါက ရန်ကျောက်ကဲကို မိစ္ဆာဂိုဏ်းများနှင့် ပူးပေါင်းရန် တွန်းပို့သလို ဖြစ်သွားပေမည်။

ယခု ရန်ကျောက်ကဲက မိစ္ဆာသူတော်စင် လင်ချန်းချန်ကို လှံရှည်ဖြင့် ချိန်ရွယ်ရသည့် အကြောင်းပြချက်တစ်ခုသာရှိသည်။

လင်ချန်းချန်က ဤနေရာသို့ရောက်လာပြီး ရန်ကျောက်ကဲဘက်မှ ရပ်တည်ပြခြင်းမှာ သူ့ကို မိစ္ဆာသူတော်စင်ဂိုဏ်းနှင့် ပတ်သက်နေကြောင်း တံဆိပ်ကပ်လိုခြင်းပင်။

မိစ္ဆာသူတော်စင်၏အကြံအစည်က ရန်ကျောက်ကဲ ခုန်ဆင်းရန် တွင်းတူးထားခြင်းဖြစ်ပြီး သူ့ကို မိစ္ဆာဂိုဏ်းများဘက် အလွယ်တကူတွန်းပို့သည်ဟုသား နားလည်ရသည်။

ထို့ပြင် လီချင်းချန် ရေကိုမွှေနှောက်ရခြင်း နောက်ဆက်တွဲအကြောင်းရင်းမှာ ငါးမျှားရန်အတွက် ငါးမျှားတံပမာ သူ့ကို အသုံးချခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲ သံသယဝင်မိသည်။

ရန်ကျောက်ကဲက ကြောက်မက်ဖွယ်ရာ ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း အမတလက်ဖွဲ့သိုင်းဆရာသခင်အဆင့်သာ ရှိသေးလေရာ ဖန်းခန်း၏ လက်ချက်ဖြင့် အသက်မသေချင်ပါက သူ့ကိုသာအားကိုးရမည်ဟု မိစ္ဆာသူတော်စင်က သေချာပေါက် ထင်မှတ်ထားဟန်ပင်။

ဤနည်းအားဖြင့် ရန်ကျောက်ကဲကို သူ၏ လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်မည် ဖြစ်သည်။

သို့သော် သူ ဖိအားပေးလိုသော ထိုလူငယ်က ရေမြွေမဟုတ်ဘဲ နဂါးအစစ်  ဖြစ်နေခဲ့၏။

အမတလက်ဖွဲ့အဆင့်သာရှိသေးသော ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သန့်စင်နိုင်ခဲ့ပြီး လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းတွင် အထွတ်ထိပ်ရပ်တည်သော ၊ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ‘ဖန်းခန်း’ ကို သတ်ဖြတ်ပစ်ခဲ့သည်။

မူလက နယ်ရုပ်တစ်ရုပ်အဖြစ်အသုံးချနိုင်မည်ဟု ထင်မှတ်ထားခဲ့သူက ယခုတော့ စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်နေခဲ့သည်။

ထို့ကြောင့် ဖန်းခန်း သေဆုံးသွားခြင်း အဖြစ်ဆိုးက လင်ချန်းချန်အတွက်လည်း အကောင်းဘက် ဦးတည်နိုင်ခြင်း မရှိပေ။

သူ့လုပ်ရပ်အတွက် မည်သို့သောအကျိုးဆက် ခံစားရမည်ကို မိစ္ဆာသူတော်စင် ချက်ချင်းသဘောပေါက်သွားသည်။

“ငါက ရန်ငြိုးကို မွေးထားတတ်တဲ့သူမျိုးမဟုတ်ဘူးဆိုတာ မင်း ယုံလိုက်”

ရန်ကျောက်ကဲက လင်ချန်းချန်ကို အေးစက်စွာကြည့်ရင်း ပြုံးလျှက် စကားဆိုသည်။

“ငါက မကျေနပ်တာရှိရင် ချက်ချင်းချေတတ်တယ် ၊ အာဃာတတွေမထားဘဲ ဖြေရှင်းစရာကို ချက်ချင်းဖြေရှင်းတတ်တယ်”

သူက ဆက်ပြောသည်။

“ဆိုတော့... မင်းက ငါပြုတ်ကျအောင် တွင်းတူမှတော့ ငါက မင်းကို လက်တုံ့ပြန်ချင်တာ သဘာဝကျပါတယ်နော် ၊ မင်း ဘာတွေကြံစည်နေလဲ မသိနိုင်ပေမယ့် မင်းက ငါ့ကိစ္စတွေထဲ လာမွှေနှောက်ခဲ့တာတော့ အမှန်ပဲ”

ရန်ကျောက်ကဲ အေးစက်စွာ ပြုံးလိုက်စဉ် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လင်ချန်းချန်ကို လှံရှည်ဖြင့် ထိုးသွင်းလိုက်သည်။

လင်ချန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေပြီး သူ့မျက်ဝန်းများက ကြယ်စင်များပမာ တောက်ပနေသည်။

ရန်ကျောက်ကဲ၏စကားကိုကြားသည့်အခါ သူ၏ ကြယ်စင်ပမာမျက်ဝန်းများက အနည်းငယ် တုန်ခါသွားသည်။

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တိုက်ခိုက်ခြင်းကို အနက်ရောင်ချီစွမ်းအား အခိုးအငွေ့များနှင့် ပိတ်ဆို့လိုက်ပြီး အဝေးသို့ လျှင်မြန်စွာ ထွက်ပြေးသွားလေတော့၏။

နှစ်ဖက်စလုံး၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများက လေထဲတွင် ပျံ့လွင့်လှုပ်ရှားသွားသော်လည်း လင်ချန်းချန်သည် စိတ်ရင်းဖြင့် တိုက်ခိုက်လိုဟန်မရှိဘဲ ဆုတ်ခွာသွားသည်။ သူက သေခြင်းရှင်ခြင်းတိုက်ပွဲကို ရှောင်ရှားလိုဟန် ရှိသည်။

ဒါကိုမြင်တော့ ဘာြဖစ်မည်ကိုကြည့်ရှုရန် လိုက်လာကြသူများက ထင်ကြေးများစွာဖြင့် ဝေဖန်သံများ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲကို နဂိုကပင် သံသယရှိသူများက လင်ချန်းချန်နှင့် ရန်ကျောက်ကဲ ဇာတ်တိုက်ပြီး တမင်တကာ သရုပ်ဆောင်နေသည်ဟု ထင်မှတ်သွားကြသည်။

ဓားအသင်္ချေရေကန် ဂိုဏ်းချုပ် ယန်ကန်းသည် ထောင်ချောက်ထဲသို့ ကျသွားမည်ကို စိုးရိမ်သောကြောင့် လွင့်မျောနေသော ဓားကို အားအပြည့်ဖြင့် မလွှတ်ဝံ့ဘဲ ရန်ကျောက်ကဲနှင့် လင်ချန်းချန်ကက ရုတ်တရက် သူ့ကို တိုက်ခိုက်ရန် ပူးပေါင်းလိုက်မည်ကို စိုးရိမ်နေသည်။

မည်သို့ပင်ဖြစ်စေ လီချန်းချန်က သိုင်းသူတော်စင်တစ်ယောက်ဖြစ်ပြီး သူက တိုက်ခိုက်လိုခြင်းမရှိဘဲ ဆုတ်ခွာသွားချင်လေရာ ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှာ လျှင်မြန်သော်လည်း သိုင်းသူတော်စင်တစ်ယောက်ကို ထိန်းချုပ်ထားရန် ခက်ခဲသည်။

သို့တိုင် ရန်ကျောက်ကဲမျက်နှာက စိတ်ဓာတ်ကျသွားဟန်မရှိဘဲ အတွေးနက်သွားသည်။

ထို့နောက် သူက နောက်ပြတ်ဆုတ်သွားသော လီချန်းချန်ကိုကြည့်ကာ ရယ်မောလိုက်ရင်း...

“မင်း ကျင့်ကြံထားတဲ့ သိုင်းပညာက “ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာ’ မဟုတ်လား ၊ အဲဒီပညာရဲ့ စွမ်းအားက ပုံမှန်မဟုတ်ဘဲ အပြောင်းအလဲတွေနဲ့ ပြည့်နေတဲ့အတွက် အခြေခံအုတ်မြစ်ကို ဖမ်းဆုပ်နိုင်ဖို့ ခက်ခဲတယ်”

“မင်းရဲ့ ခန္ဓာကိုယ်က ပုံရိပ်ယောင်လို ဖြစ်နေတာဆိုတော့ ရန်သူရဲ့ တိုက်ကွက်တိုင်းက မင်းအပေါ် ကျရောက်ဖို့ ခက်ခဲတယ် ၊ တူညီတဲ့ ကျင့်ကြံခြင်းအဆင့်မှာတောင် ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာကျင့်ကြံထားသူတွေကို သတ်ဖြတ်ဖို့ခက်ခဲတယ်လို့ နာမည်ကြီးတယ် ၊ အဆင့်တူတဲ့သူမပြောနဲ့ ကျင့်ကြံခြင်းအဆင့်သာလွန်ရင်တောင် ခက်ခဲသတဲ့ ၊ ငါ့အထင်ပြောရရင် ဒီသမုဒ္ဒရာကမ္ဘာမှာ မင်းက သတ်ရအခက်ဆုံး လူတစ်ယောက် ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲက ပေါ့ပါးသည့်လေသံဖြင့် ဆက်ပြောသည်။

“ဒါပေမဲ့ အဲဒါက သာမန်အခြေအနေတစ်ခု အောက်မှာပဲ ပြောတာနော်”

“ဒီပုံရိပ်ယောင်မိစ္ဆာသိုင်းပညာကို ပြီးမြောက်အောင်မြင်တဲ့ အဆင့် (၁၀) အထိ ကျင့်ကြံမထားဘူးဆိုရင်... လတစ်လရဲ့ (၁)ရက် ၊ (၅) ၊ (၁၀)ရက် ၊ (၁၁)ရက် ၊ (၁၅) ရက် စတဲ့ရက်တွေဖြစ်တဲ့ စုစုပေါင်း (၉)ရက်မှာ မင်းက အားနည်းတဲ့ အခြေအနေမှာ ရှိနေလိမ့်မယ်”

“မင်းက သိုင်းသူတော်စင် ပထမအဆင့်ဆိုတော့ သာမန်ဆိုရင် ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာ အဆင့် (၇) ဒါမှမဟုတ် အဆင့် (၈) လောက်မှာ ရှိလောက်ဦးမှာမဟုတ်လား”

ရန်ကျောက်ကဲက ညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း...

“မင်း အားနည်းနေတဲ့အချိန်မှာ တိုက်ခိုက်မယ်ဆိုရင် ကြယ်တာရာချီစွမ်းအားကို မထုတ်ဖော်နိုင်သလို ကျင့်ကြံခြင်းအခြေခံတွေလည်း မတည်မငြိမ် ဖြစ်နိုင်တယ် ၊ ဒီတော့ ဒီလိုနေ့မျိုးတွေမှာ မင်း ကောင်းကောင်းပုန်းနေဖို့ လိုအပ်တယ်”

လင်ကျန်းချန်သည် မရပ်မနားဆုတ်ခွာသွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

သို့သော် ရန်ကျောက်ကဲစကားများကြောင့် ဤနေရာသို့လိုက်ပါလာကြသော သိုင်းသမားများအားလုံး စိတ်ထဲလှုပ်ရှားသွားသလို အဝေးတစ်နေရာသို့ ရောက်သွားသော မိစ္ဆာသူတော်စင်၏ ခန္ဓာကိုယ်သည်လည်း ဆတ်ခနဲ တုန်ခါသွားသည်။

သူတို့အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး...

“ငါတို့ အရူးလုပ်ခံနေရတာတော့ မဟုတ်ဘူးမလား”

လူတိုင်း ထင်ယောင်ထင်မှား ခံစားနေရသော်လည်း ယန်ကန်းလက်ထဲမှ ‘မျောလွင့်ဓား’ က တော့ မှားယွင်းခြင်း မရှိနိုင်ပေ။

ထိုသို့ဆိုလျှင် ရန်ကျောက်ကဲပြောသည့်စကားများက အမှန်တရား ဖြစ်နိုင်လေ၏။

ထိုအခါ လမ်းမှန်သိုင်းသမားများအားလုံး စိတ်ဓာတ်တက်ကြွက်လာကြသည်။

ရေသလင်းနန်းတော်မှ အကြီးအကဲ’တုန်း’ နှင့် ကျန်းဟောက်ချန်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မျက်ဝန်းများတွင် ထိတ်လန့်တုန်လှုပ်မှုများကို တွေ့မြင်နိုင်သည်။

ကျန်းဟောက်ချန်က ချီတုံချတုံဖြင့်...

“ကျွန်တော် အထင်မမှားဘူးဆိုရင်... ဒီနှစ်တွေတစ်လျှောက် မိစ္ဆာသိုင်းသူတော်စင်က လတစ်လရဲ့ (၁)ရက် ၊ (၅)ရက် ၊ (၁၀) ရက် ၊ (၁၁)ရက် ၊ (၁၅) ရက်တွေမှာ ဘယ်တော့မှ ထွက်ပေါ်လာတာ မရှိဘူး ၊ အဲဒါ ဒီလိုမျိုး အားနည်းချက်ကြောင့် ဖြစ်မယ်ထင်တယ်”

အကြီးအကဲ’တုန်း’ မျက်လုံးများမှေးမှိတ်လျှက် ခဏမျှစဉ်းစားပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်ပြသည်။

“အမှန်ပဲ ၊ (၁) ရက် ၊ (၅) ရက် ၊ (၁၀) ရက်... အဲဒီလိုရက်တွေတိုင်းပဲ ၊ (၉)ရက်လုံးလုံးတော့ တွက်ဆလို့မရပေမယ့် အဲဒီရက်တွေမှာ နီးစပ်မှုရှိတယ်”

ကျန်းဟောက်ချန်က သက်ပြင်းချရင်း...

“သူသာ မပြောလိုက်ရင် မိစ္ဆာသူတော်စင်ရဲ့ အားနည်းချက်ကို ကျွန်တော်တို့သိမှာ မဟုတ်ဘူး ၊ ဒီလိုအားနည်းချက်ကို သိထားတော သူသာ ကောင်းကောင်းပုန်းမနေရင် တိုက်ခိုက်ဖို့ အတော်ကောင်းမှာပဲ ၊ အခုတော့ အခွင့်အရေးတွေအများကြီး လက်လွတ်ခဲ့ရတယ်”

မိစ္ဆာသူတော်စင်၏အားနည်းချက်ကို ရန်ကျောက်ကဲက ထုတ်ဖော်လိုက်သည့်တိုင် ထိုသူက အစွမ်းထက်နေဆဲဖြစ်သည်။ လမ်းမှန်ဂိုဏ်းသားများကို စိတ်အနှောက်အယှက်အဖြစ်စေဆုံးအရာမှာ မိစ္ဆာသူတော်စင်၏ ခန့်မှန်းမရသော လှုပ်ရှားမှုများပင်ဖြစ်သည်။

ရေသလင်းနန်းတော်မှ သိုင်းသမားတစ်ယောက်က အသံပို့လွှတ်စနစ်ဖြင့် အကြီးအကဲ’တုန်း’ ကို စကားဆိုသည်။

“ဒါလည်း ကျွန်တော်တို့ကိုလှည့်စားဖို့ သူတို့ရဲ့ ထောင်ချောက်တစ်ခုပဲလား”

အကြီးအကဲ’တုန်း’ က...

“မဖြစ်နိုင်ဘူး ၊ ဘာလို့လဲဆိုတော့ သူပြောတဲ့စကားက မိစ္ဆာသူတော်စင်ရဲ့ လှုပ်ရှားမှုနဲ့ ကိုက်ညီနေတယ် ၊ ပြီးတော့ ဒီလို လှည့်စားတာက ဘယ်သူ့အတွက်မှ အကျိုးကျေးဇူးမရှိဘူး ၊ အခန့်မသင့်ရင် မိစ္ဆာသူတော်စင်တောင် အန္တရယ်ကျရောက်သွားနိုင်တယ်”

သူက ရန်ကျောက်ကဲကိုကြည့်ကာ သက်ပြင်းသဲ့သဲ့ချရင်း...

“နောက်တစ်ချက်က... ဒီလူငယ်လေးကို ငါတို့ယုံကြည်သွားအောင်လုပ်ချင်တယ်ဆိုရင်လည်း... အဲဒါက မိစ္ဆာသူတော်စင်အတွက် ဘာအကျိုးအမြတ်မှ မရှိဘူး”

ကျန်းဟောက်ချန်က ရန်ကျောက်ကဲနံဘေးမှ မြောက်ပိင်းသမုဒ္ဒရာကိုယ်ပွားကို လှမ်းကြည့်လိုက်ပြီး မချိပြုံးတစ်ချက် ပြုံးလိုက်သည်။

“အမှန်ပဲ... ဒီ ‘ရန်’ သခင်လေးက မိစ္ဆာသူတော်စင်ဂိုဏ်းရဲ့တပည့် မဖြစ်နိုင်ဘူး ၊ သူက ဒီကမ္ဘာပေါ်က ဘယ်သိုင်းကျင့်ကြံသူနဲ့မဆို ရင်ဆိုင်နိုင်စွမ်းရှိပြီး ကိုယ့်အစွမ်းအစနဲ့ကိုယ် ရပ်တည်နိုင်တဲ့သူပဲ”

သို့ပေသိ...

ရန်ကျောက်ကဲက မိစ္ဆာသူတော်စင်ဂိုဏ်းမှမဟုတ်လျှင် လမ်းမှန်ဂိုဏ်းများက သူ့ကို မည်သို့ရှုမြင်ရပါမည်နည်း။

လူတိုင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် မချိပြုံး ပြုံးလိုက်ကြသည်။

ပြန်တွေးကြည့်တော့ စောစောကတိုက်ပွဲတွင် ဖန်းခန်းရောက်လာမည်ကို သိလျှက်နှင့် ရန်ကျောက်ကဲက ရှောင်ပြေးသွားခဲ့ခြင်း မရှိပေ။

မည်သူက ကိုယ့်အစွမ်းကိုယ် နားမလည်ဘဲ ဖန်းခန်းလက်ထဲ အသေခံရန် ထိုင်စောင့်နေပါမည်နည်း။ ငတုံးတစ်ယောက်ပင်လျှင် ထိုသို့ပြုလုပ်လိမ့်မည် မဟုတ်ပေ။

ယခုတော့ ‘မျောလွင့်ဓား’ ကိုကိုင်ဆောင်ထားသည့် ဓားအသင်္ချေရေကန်ဂိုဏ်းချုပ် ‘ယန်ကန်း’ သည်ပင် ရန်ကျောက်ကဲနှင့် တိုက်ခိုက်ရလျှင် ခေါင်းကိုက်သွားမည် ဖြစ်၏။

အကယ်၍ ရန်ကျောက်ကဲက မိစ္ဆာလမ်းစဉ်လိုက်သူဖြစ်ကြောင်း သေချာလျှင် လမ်းမှန်ဂိုဏ်းများအတွက်‌ ပြောစရာမရှိပေ။ သူတို့အားလုံးက ရှိသမျှအစွမ်းအစကို အသုံးပြုပြီး ထိုလူငယ်ကို သုတ်သင်ပစ်ကြမည် ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲက ကြားနေတစ်ယောက်ဆိုလျှင်တော့ မိစ္ဆာဂိုဏ်းများနှင့် ပူးပေါင်းသွားစေရန် သူတို့ဘက်က အတင်းအကျပ်ဖိအားပေးမိပါက ကိုယ့်ဒုက္ခကိုယ်ရှာသလိုသာ ဖြစ်ပေမည်။

ရန်ကျောက်ကဲကိုငေးကြည့်ရင်း စဉ်းစားခန်းဖွင့်လျှက် သူတို့အားလုံး ခေါင်းကိုက်လာကြလေတော့၏။

All Chapters