ပြန်ဆင်းလာစမ်း…
Vol. 103 Ch. 1413
စူးရှတောက်ပသော ရွှေရောင်အလင်းသည် ပြန့်ကြဲမိုးကြိုးကလန်ဝင်တိုင်း၏ အာရုံကို စွဲဆောင်သွားသည်။ သူတို့အားလုံး၏ အကြည့်က ထိုရွှေရောင်အလင်းပေါ်သို့ ကျရောက်ချိန်တွင် သူတို့၏အမူအရာသည် ကြီးစွာ ပြောင်းလဲကုန်သည်။
“အကြီးအကဲခေါင်းဆောင်…”
“ဒါ…ဒါက မဖြစ်နိုင်ဘူး။ အကြီးအကဲခေါင်းဆောင်က ဘယ်လိုလုပ် ဒီလူ ဖမ်းတာ ခံရမှာလဲ။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကများ လုပ်ဆောင်ခဲ့တာလား…”
“စောနက သူပြောခဲ့တာသာ အမှန်ဆိုရင် အကြီးအကဲခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်ဟာ ပျက်စီးသွားခဲ့ပြီ။ သူ့မူလစိတ်ဝိညာဉ်တောင် ဖျက်စီးခံရလုနီးနီး ဖြစ်နေပြီး အကြွင်းအကျန်စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုပဲ ကျန်ရစ်တော့တယ်…”
“ဒီလူက ဘယ်သူလဲ။ အကြီးအကဲခေါင်းဆောင်က ရှုံးနိမ့်ခဲ့ပြီး သူ့ရဲ့ ဖမ်းဆီးတာခံခဲ့ရတာပဲ။ ထာဝရမိုးကြိုးတောင် အားနည်းစွာနဲ့ ပြန်ရောက်လာခဲ့ရသေးတယ်…”
ပြန့်ကြဲမိုးကြိုးကလန်၌ လှိုင်းထန်နေပေပြီ။ အကြီးအကဲခေါင်းဆောင် ကလန်တစ်ခုလုံး၏ စိတ်ပိုင်းဆိုင်ရာထောက်တိုင်၊ သူတို့၏ဘိုးဘေး ဖြစ်သည် မဟုတ်လား။ သူတို့သည် ဝမ်လင်း အစောပိုင်းက ပြောခဲ့သော စကားများကို မယုံခဲ့ကြပေ။ သို့သော် ခုချိန်တွင် သူတို့သည် အကြီးအကဲခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်ကို မျက်မြင်တွေ့နေရပြီ ဖြစ်၏။ သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်နှက်ကုန်သည်။
သူတို့၏စိတ်ပိုင်းဆိုင်ရာထောက်တိုင် ပြိုလဲပျက်စီးသွားပြီ ဖြစ်သည့်အတွက် သူတို့၏စိတ်မှာ တုန်ယင်နေသည်။ အကြီးအကဲခေါင်းဆောင် ကျဆုံးသွားပြီ ဖြစ်သည့်အတွက် သူတို့က မည်သို့ ခုခံနိုင်ပါတော့မည်နည်း။
ထိုအဖြစ်အပျက်များသည် မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ဝမ်လင်းသည် ပြင်ပနယ်မြေ(ဝါ)ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းမှ လူများအပေါ် လုံးဝ ကြမ်းကြုတ်ရက်စက်ပေ၏။ သူသည် အကြီးအကဲခေါင်းဆောင်ကို ဖမ်းဆီးထားပြီဟု ပြောခဲ့သည့်အချိန်တုန်းက သူက သူတို့၏ ထိုလူ့အပေါ် ယုံကြည်မှုကို နားလည်ခဲ့သည်။ ကလန်ဝင်တိုင်းက သူ့ကို မယုံကြည်ခဲ့ပေ။ သို့သော် သူက သူတို့အား သံသယမျိုးစေ့တစ်စေ့ ချပေးခဲ့ခြင်းသာ။
ထို့နောက် သူသည် အကာအကွယ်အစီအရင်ကို တစ်ချက်တည်းနှင့် ဖျက်စီးပစ်ခဲ့ပြီးနောက် ဤအခိုက်မှာ သူတို့၏စိတ်သည် တုန်လှုပ်သွားချိန်မှာ သူသည် စိတ်ဝိညာဉ်ကျာပွတ်ကို ထုတ်ယူလိုက်ခြင်းပင်။ သူက ၎င်းကို တိုက်ခိုက်ရန် အသုံးမပြု၊ သူတို့အကြီးအကဲခေါင်းဆောင်၏ မူလစိတ်ဝိညာဉ်ကို ပြသခြင်းအားဖြင့်သာ ထိုကလန်ဝင်များ၏ စိတ်နှလုံးကို ခပ်ကြမ်းကြမ်း ရိုက်နှက်လိုက်ပေသည်။
ယင်းလုပ်ရပ်သည် သူ အစောပိုင်းက မြှုပ်နှံ့ပေးခဲ့သေ သံသယမျိုးစေ့ကို ပေါက်ကွဲထွက်လာစေတော့၏။ ဝမ်လင်း မျှော်လင့်ထားသလိုပင် ပြန့်ကြဲမိုးကြိုးကလန်တစ်ခုလုံးသည် ပရမ်းပတာ ဆောက်တည်ရာမရ ဖြစ်ကုန်၏။
ထိုအခိုက်အတန့်တွင် ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်၏။ မိုးကြိုးသံ ဟိန်းမြည်လျက် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သွေးအလင်းတစ်ချက် တောက်ပသွား၏။ မမြင်ရသောသွေးဓားသည် စတုတ္ထအဆင့်ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူထံသို့ တိုက်ရိုက်တိုးဝင်သွားချေသည်။
ယင်းကား ဝမ်လင်း၏ဝှက်ဖဲပင်။ သွေးဓားသည် အံ့မခန်းအမြန်နှုန်းဖြင့် တိုးဝင်သွားသည်။ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူသည် ယင်းဓားကို သတိပြုမိချိန်၌ ၎င်းသည် သူ့မျက်ခုံးနှစ်ခုကြားကို ထွင်းဖောက်သွားခဲ့လေပြီ။
နာကျင်စွာအော်သံ ပဲ့တင်ထပ်သွားကာ ပြန့်ကြဲမိုးကြိုးကလန်ဝင်များကို တုန်လှုပ်၍ ဆောက်တည်ရာမရ ဖြစ်နေရာကနေ သတိဝင်လာစေ၏။ သူတို့သည် ခဏတာ ဆောက်တည်ရာမရ ဖြစ်သွားသော်လည်း ပေးဆပ်ရသည့်တန်ဖိုးမှာ ကြီးမားလှချေသည်။
စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူ၏ မျက်ခုံးနှစ်ခုကြား၌ အပေါက်ကြီး ဖြစ်သွားလေပြီ။ သူ့ခန္ဓာကိုယ်သည် ပျက်စီးသွား၏။ သူ့မူလစိတ်ဝိညာဉ်မှာ အော်ဟစ်ကာ ထွက်ပြေးသည်။ သို့သော် သွေးဓားက သူ့မူလစိတ်ဝိညာဉ်ကိုပါ ထပ်မံ ထွင်းဖောက်သွားလေသည်။
သူသာ အစောပိုင်းက တုန်လှုပ်နေခြင်းကြောင့်သာ မဟုတ်ပါက သည်တိုက်ပွဲသည် ခုမျှ လွတ်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သည်ကျင့်ကြံသူသည် စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်လား။ သူသည် ခုလိုချက်ခြင်းကြီးတော့ မသေသွားနိုင်ပေ။
တကယ်တော့ ဝမ်လင်း၏လက်ရှိကျင့်ကြံမှုအစွမ်းအရ သူသည် တတိယကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူများကို အနိုင်ယူနိုင်၏။ သို့သော် စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်များကို ရင်ဆိုင်ရာတွင်မူ သူ့အတွက် ပြဿနာ ဖြစ်နိုင်သေးသည်။
အဖြစ်အပျက်မှာ မြန်လွန်းသည်။ ပြန့်ကြဲမိုးကြိုးကလန်က သူတို့၏အကြီးအကဲခေါင်းဆောင် သေဆုံးမှုကို လက်သင့်မခံနိုင် ဖြစ်နေစဉ်မှာပင် ဝမ်လင်းက သူတို့၏ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်အကြီးအကဲကို သတ်ပစ်ကာ သူတို့အား တုန်လှုပ်စေခဲ့ပြန်သည်။
ဝမ်လင်း၏အမူအရာသည် မထူးခြားနား ရှိ၏။ သူသည် ထိုသူများကို ဆက်၍ အာရုံစိုက်မနေတော့ပေ။ သွေးဓားသည် သူ့ပတ်လည်တွင် ဝန်းရံလျက် မိုးကြိုးနဂါးသည် ရှေ့သို့ တိုးဝင်လာသည်။ သူ့ရှေ့ရှိ ကျင့်ကြံသူအားလုံးမှာ နောက်ဆုတ်ကုန်သည်။ သူတို့သည် ရှေ့သို့ ခြေလှမ်းတစ်ဝက်ပင် မလှမ်းဝံ့ကြတော့ပေ။
“ဒီလူတွေရဲ့ စိတ်ဟာ ဆောက်တည်ရာမရ ဖြစ်နေပြီ။ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ် သင့်ရဲ့ခွန်အားနဲ့ဆို ကိုင်တွယ်လို့ရလောက်မှာပါ…” ဝမ်လင်းသည် မိုးကြိုးနဂါး၏ထိပ်တွင် မားမားရပ်လျက် မိုးကြိုးကလန်၏ တော်ဝင်ကုန်းမြေရှိ တိုးဝင်လာချေပြီ။
တောင်ဝင်ကုန်းမြေမှာ ကျင့်ကြံခြင်းဂြိုဟ်ဆယ့်ခြောက်လုံး၏ အလယ်တွင် ရှိ၏။ သူသည် ရောက်ရှိလာသည်နှင့် တော်ဝင်ကုန်းမြေကို ကြည့်သည်။ သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက မိုးကြိုးနဂါးပေါ်တွင် ထိုင်ချကာ ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ခန္ဓာကိုယ်မှာ မိုးကြိုးနဂါးနှင့် ပေါင်းစပ်သွားလေတော့၏။
သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် တဖျပ်ဖျပ် ဖြစ်ပေါ်လျက် မိုးကြိုးနဂါးသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာ ဟိန်းသံကို ထုတ်ဖော်သည်။
တော်ဝင်ကုန်းမြေ၏ အပြင်ဘက်၌ ပြန့်ကြဲမိုးကြိုးကလန်ဝင်များစွာ ရှိလို့နေ၏။ သို့သော် သူတို့သည် ဧရာမနဂါးကြီးကို တွေ့မြင်သည့်အခါ ကြောက်လန့်တကြား အော်ဟစ်ကာ နောက်သို့ အလျင်အမြန် ဆုတ်ကုန်သည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ မိုးကြိုးနဂါးသည် တော်ဝင်ကုန်းမြေထံ တရကြမ်းတိုးဝင်ကာ ခပ်ကြမ်းကြမ်း ဝင်ဆောင့်လေသည်။
တောင်ဝင်ကုန်းမြေ တုန်ခါသွား၏။ ၎င်းပတ်လည်တွင်လည်း အစီအရင်တစ်ခု ရှိနေပသည်။ သို့သော် မိုးကြိုးနဂါးက ၎င်းကို ဝင်ဆောင့်ချိန်၌ ထိုအစီအရင်မှာ တုန်ဟည်း၍ ပျက်စီးသွားသည်။ ကုန်းမြေသည် တုန်ယင်ကာ အနားစွန်းများ ပဲ့ကျကုန်သည်။
တော်ဝင်ကုန်းမြေအနှံ့ပေါ်၌ အက်ကြောင်းများ ပျံ့နှံ့ကာ တစီစီအသံများ ထွက်ပေါ်သည်။ တော်ဝင်ကုန်းမြေမှ လူများထံမှ တုန်ဟည်းသံများသည် ပို၍ ကျယ်လောင်လာ၏။
ကျောင်းတော်ထဲ၌ ရှိနေသော ထာဝရမိုးကြိုးမှာ အတော်လေး အားနည်းနေခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက မိုးကြိုးနဂါးဖြင့် အစီအရင်ကို ချိုးဖျက်လိုက်ချိန်တွင် ယင်းထာဝရမိုးကြိုးတန်းထံမှ မိုးကြိုးတုန်ဟည်းသံ ထွက်ပေါ်လာသည်။ ကျောင်းတော်ထံမှ မိုးကြိုးမုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာကာ ယင်းကျောင်းတော်သည် အပိုင်းပိုင်းအစစ ဖြစ်ကာ အဘက်ဘက်သို့ ပြန့်ကြဲသည်။
ကျောင်းတော်ပျက်စီးသွားခိုက်၌ ထာဝရမိုးကြိုးသည် အန္တရာယ်ရှိလာပြီကို သဘောပေါက်ကာ ၎င်းက စတင်ကြုံ့လေ၏။ ထို့နောက် ၎င်းသည် အဆုံးမဲ့လေဟာနယ်အတွင်းသို့ စတင်ပျံသန်းသည်။
ဧရာမဝဲကတော့တစ်ခု အဝေးရှိ လေဟာနယ်တွင် ပေါ်လာ၏။ ထိုဝဲကတော့မှာ မိုးကြိုးနှင့် ဖုံးလွှမ်းနေသည်။ ထာဝရမိုးကြိုးသည် ထိုဝဲကတော့၏ ဗဟိုချက်သို့ ဦးတည်နေသည်။
ထာဝရမိုးကြိုး လွတ်မြောက်တော့မည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းသည် ရုတ်တရက် ထ၍ ခြေသုံးလှမ်းလှမ်းကာ ၎င်းနားသို့ ရောက်ရှိလာသည်။
ခုလက်ရှိတွင် သူက ဝဲကတော့ကြီးအောက်ဘက်တွင် ရောက်နေ၏။ ထာဝရမိုးကြိုး၏ အစိတ်အပိုင်းတော်တော်များများသည် ယင်းဝဲကတော့အတွင်း ပျောက်ကွယ်နေပေပြီ။ အပြင်ဘက်တွင် အစိတ်အပိုင်းတစ်ခုသာ ကျန်တော့၏။
ဝမ်လင်းသည် နှေးဖင့်မနေဘဲ သူ့လက်ကို ဆန့်ထုတ်ကာ ထွက်ပြေးနေသော ထာဝရမိုးကြိုးတန်းကို လှမ်းဖမ်းကာ ကြမ်းတမ်းစွာ ဆွဲယူသည်။
“ဒီကို ပြန်ဆင်းလာခဲ့စမ်း…”
မိုးကြိုးတုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ဝဲကတော့အတွင်းမှ ဟိန်းသံတစ်ခုသည် ပြင်းထန်သောဖိသိပ်အားနှင့်အတူ ပေါက်ကွဲထွက်လာသည်။ ဝမ်လင်းက သွေးအန်လိုက်ရ၏။ သူသည် ထိုဝဲကတော့အတွင်းမှ ဖိသိပ်အားကို တောင့်ခံနိုင်စွမ်း မရှိပေ။
ထိုအားကြောင့် ထာဝရမိုးကြိုး၏ အစိတ်အပိုင်းတော်တော်များများသည် ဝဲကတော့အတွင်းသို့ ဆွဲသွင်းခြင်း ခံရကာ အပြင်ဘက်တွင် ပေတစ်ရာမျှသာ ကျန်တော့၏။ ဝမ်လင်း၏ခန္ဓာကိုယ်ပါ ဆွဲငင်ခြင်း ခံရသည်။
ဝမ်လင်း၏အမူအရာသည် ကြမ်းကြုတ်၏။ သူ လုပ်ဆောင်ခဲ့သမျှ အားလုံးသည် ဤထာဝရမိုးကြိုးကို စုပ်ယူနိုင်ဖို့သာ ဖြစ်သည် မဟုတ်လား။ သို့ပေမည့် ခုလိုမျိုး အန္တရာယ်ကြီးသောအခိုက်အတန့်တွင် ထာဝရမိုးကြိုးတန်းသည် ထွက်ပြေးနေသည်။
၎င်းက ကြယ်များကြားသို့ ထွက်ပြေးပါက ဝမ်လင်းသည် နောက်လိုက်နိုင်သေး၏။ သို့သော် သူ့ရှေ့တွင် ဖြစ်ပျက်နေသည်ကား ဝမ်လင်းစိတ်ကူးထားနိုင်သည်ထက် ပိုလွန်နေ၏။ ထိုဝဲကတော့အတွင်းမှ ထွက်ပေါ်နေသော အော်ရာမှာ ဝမ်လင်းနှင့် စိမ်းနေ၏။ ထိုဝဲကတော့အတွင်းရှိ တစ်စုံတစ်ခုကြောင့် သူ့စိတ်နှလုံးထဲ၌ ကြောက်လန့်မှုအရိပ်အမြွက်ပင် ပေါ်လာသည်။
ထိုခံစားချက်သည် သူ့ဦးရေပြားကိုပါ ထုံထိုင်းသွားစေ၏။
“ဒီထာဝရမိုးကြိုးဟာ ငါ့မျက်စိရှေ့မှာပဲ။ ဘယ်သူကမှ ဒါကို ငါ့လက်ထဲကနေ လုယူလို့ မရဘူး။ ဒီလိုလုယုဖို့ ကြိုးစားတဲ့ ဘယ်သူမဆို၊ နတ်ဘုရားဖြစ်ဖြစ်၊ ကောင်းကင်ဘုံသားဖြစ်ဖြစ် ငါ သတ်ပစ်မယ်…” ဝမ်လင်း၏စိတ်နှလုံးထဲတွင် ဖိဆန်သောဆန္ဒ ဖြစ်ပေါ်၏။ ခုနစ်သန်းလောကများ၏ မရေမတွက်နိုင်သောလူများ၏ ဖိဆန်မှုဆန္ဒကို တွေ့မြင်ခဲ့ရပြီးနောက် သူသည် ဝဲကတော့အတွင်းမှ တခြားတစ်ဖက်သည် မည်သည့်အရာ ဖြစ်နေပါစေ သူ့ထံမှ ထာဝရမိုးကြိုးကို လုယူခွင့်မပြုဟု စိတ်ပိုင်းဖြတ်လိုက်သည်။
“ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်…ချဲ့ကားလာစမ်း…” ဝမ်လင်းသည် ထာဝရမိုးကြိုးကို ကိုင်ဆောင်ထားချိန်တွင် သူ၏မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာ လှည့်ပတ်၏။ ချက်ခြင်းပင် သူသည် ပေတစ်သောင်းအထိ ကြီးမားလာကာ အစစ်အမှန်ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသည်။
ပေတစ်သောင်းရှေးဟောင်းနတ်ဘုရားတစ်ပါးမှာ ကောင်းကင်တုန်လှုပ်ဖွယ်အစွမ်းကို ပိုင်ဆိုင်၏။ ဝမ်လင်း၏ လက်နှစ်ဖက်မှာလည်း ကြီးမားလာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးများ အလျင်အမြန် လှည့်ပတ်ကာတ သူ့နှလုံးခုန်သံမှာ မြန်သထက်မြန်လာ၏။ ထိုအဖြစ်က သူ့ကို ပိုအစွမ်းထက်လာစေသည်။
ရှေးဟောင်းနတ်ဘုရားကြယ်များသည် မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်၏။ ရှေးဟောင်းနတ်ဘုရားအော်ရာသည် သူ၏ခန္ဓာကိုယ်တစ်လက်မမကျန် နေရာကနေ ပေါက်ကွဲထွက်လာကာ မမြင်ရသောမုန်တိုင်းတစ်ခုကို ဖန်တီးသည်။
ထိုမုန်တိုင်းသည် သူ့နှလုံးခုန်ချက်နှင့် ပေါင်းစပ်ကာ ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းသံကို ဖြစ်ပေါ်သည်။ ဝမ်လင်း၏မျက်နှာထက်တွင် သွေးကြောများ ဖောင်းကြွနေကာ သူသည် ကြမ်းတမ်းစွာ ဆွဲချလိုက်တော့၏။
“ပြန်ဆင်းလာစမ်း…”
မိုးကြိုးတုန်ဟည်းသံများ အပြင်းအထန် ပဲ့တင်ထပ်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ နောက်သို့ အမူးအရူး ဆုတ်သည်။ သူသည် ထာဝရမိုးကြိုးတန်းပေတစ်ထောင်လောက်ကို ဝဲကတော့အတွင်းမှ အတင်းအကြပ် ဆွဲထုတ်လိုက်လေသည်။
ဝဲကတော့အတွင်းမှ နောက်ထပ်အားတစ်ခု ထွက်ပေါ်လာကာ ဝမ်လင်းသည် ထာဝရမိုးကြိုးကို ကိုင်ဆောင်ထားလျက်ဖြင့်ပင် ၎င်းအားနှင့် စတင်တိုက်ခိုက်ရတော့သည်။
“ငါ့ရှိက ဘယ်သူမှ လုယူတာကို ခွင့်မပြုဘူး…” ဝမ်လင်း၏အမူအရာမှာ ကြမ်းကြုတ်နေ၏။ သူ့နှလုံးခုန်နှုန်းမှာ အံ့မခန်းနှုန်း ဖြစ်နေပေပြီ။ သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်များသည် ရှင်းရှင်းလင်းလင်း မမြင်ရလောက်သည့်အထိ မြန်ဆန်စွာ လှည့်ပတ်သည်။
သူ့ခန္ဓာကိုယ်မှ ပိုအစွမ်းထက်သော ရှေးဟောင်းနတ်ဘုရားအော်ရာတစ်ခု ထွက်ပေါ်လာသည်။ လောကသည် တုန်ယင်၏။ ခပ်လျလျ ဒေါသသံတစ်ခု ဝဲကတော့အတွင်းမှ ထွက်ပေါ်လာ၏။
တစ်ချက်ထပ်ဆွဲယူလိုက်ရာ ဝမ်လင်းကြောင့် ထာဝရမိုးကြိုးသည် ပေထောင်ချီလောက် ဆွဲယူခြင်း ခံလိုက်ရပေသည်။
ထိုမြင်ကွင်းသည် ပြန့်ကြဲမိုးကြိုးကလန်တိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
ဝဲကတော့အတွင်းမှ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာကာ ယင်းအသံရှေ့တွင် သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးပင် တုန်ယင်သွားသည်ဟု ထင်ရ၏။ “လက်လွှတ်လိုက်။ ဒီမိုးကြိုးဟာ လူတစ်ယောက် ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။ မင်းဆက်လုပ်ရင် ငါ မင်းကို သတ်ရလိမ့်မယ်…”
ထိုအခိုက်အတန့်၌ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ မရေမတွက်နိုင်သောလူများသည် ယင်းအသံကို ကြားရသည်။
အပြာရောင်ပိုးသားကလန်ရှိ အပြာရောင်တောင်ထိပ်ပေါ်တွင် လီချန်မေသည် အကွာအဝေးတစ်ခုသို့ တည်ငြိမ်စွာ ကြည့်နေ၏။ သူမ၏မျက်လုံးထဲတွင် ရုန်းကန်မှု၊ စိတ်ရှုပ်ထွေးမှုတို့ ရှိနေ၏။ သူမ၏ ဖြတ်တောက်ခံထားရသော မှတ်ဉာဏ်များမှာ ဖြည်းဖြည်းချင်း ပြန်နိုးထလာနေသည့်အလား။
သူမဘေးရှိ တာအိုသခင်အိပ်မက်ပြာသည် သက်ပြင်းချမိသည်။ သူက ကုချင်းတီးခတ်နေခြင်းကို ရပ်တန့်လိုက်သည်။ သူက စကားပြောရန် ပြင်ပြီးမှ သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အိမ်ထဲမှ တဟုန်ထိုး လှမ်းထွက်လိုက်သည်။ သူ့မျက်လုံးသည် အေးစက်လာကာ သူသည် အဆုံးမရှိကြယ်ရောင်စုံကောင်းကင်ထက်သို့ စိုက်ကြည့်သည်။
***