အခန်း ၃၇၆
Vol. 38 Ch. 376
အခန်း ၃၇၆ ဓား လာစမ်း
"လင်းလုံကို လွှတ်လိုက်စမ်း... ငါ့ဆီလာခဲ့..."
နမ်းရှိုက်ရန် ပြင်ဆင်နေဆဲ အချိန်မှာပင် ဖိနှိပ်ထားသော ဒေါသများ ပါဝင်နေသည့် သဟဇာတ မဖြစ်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
ချန်ဖျင်အန်းသည် သူ၏ နတ်သမီးလေးက အခြားသူ တစ်ဦး၏ ရင်ခွင်ထဲတွင် မှီတွယ်နေပြီး နမ်းရှိုက်တော့မည့် အခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ မည်မျှအထိ ဒေါသထွက်သွားမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
"ရွှတ်"
သို့သော် ကျိုးဟန်ကမူ သူ့ကို လုံးဝ ဂရုမစိုက်ဘဲ ပိုင်လင်းလုံ၏ နူးညံ့သော နှုတ်ခမ်းလေးကို ငုံ့၍ နမ်းရှိုက်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ လူများကို လုံးဝ အဖက်မလုပ်ဘဲ ထိုအထဲမှ ချိုမြိန်မှုများကိုသာ အားပါးတရ မြည်းစမ်းနေလေသည်။
"သောက်ကျိုးနည်း... ထပ်နမ်းနေသေးတယ်ပေါ့လေ..."
"ငါပြောတာကို အရာမသွင်းဘူးပေါ့..."
ချန်ဖျင်အန်း၏ ရင်ထဲတွင် ဒေါသများ တောက်လောင်သွားခဲ့သည်။ ဤမျှလောက်အထိ သူ့ကို မျက်နှာမထောက်သူ တစ်ဦးတစ်ယောက်မျှ ယခင်က မရှိခဲ့ဖူးချေ။
သူ၏ အကြည့်များက ကျိုးဟန်ထံသို့ ရောက်ရှိသွားပြီး ရက်စက် ကြမ်းကြုတ်သော အလင်းတန်းများ ပြည့်နှက်နေကာ ကျိုးဟန်အား အရှင်လတ်လတ် ဝါးမြိုပစ်ချင်နေသည့်ဟန် ရှိလေသည်။
"သူက ဘယ်သူလဲ..."
ချန်ဖျင်အန်း၏ ဒေါသတကြီး ဖြစ်နေသော ပုံစံကို မြင်လိုက်ရသောအခါ ကျိုးဟန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ရင်ခွင်ထဲရှိ ပိုင်လင်းလုံကို မေးမြန်းလိုက်သည်။
"သာမန် မိသားစုကြီးတစ်ခုက သခင်လေးတစ်ယောက်ပါပဲ..."
"ကျွန်မ စန်းချုန်း ဧကရာဇ် မြို့တော်ကို ရောက်ကတည်းက အသည်းအသန် လိုက်နှောင့်ယှက်နေတာ..."
"ဟန်... ကျွန်မနဲ့သူ ဘာပတ်သက်မှုမှ မရှိဘူးနော်... ရှင် လျှောက်မတွေးနဲ့..."
ပိုင်လင်းလုံက ကျိုးဟန် အထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် အလျင်စလို ရှင်းပြလိုက်သည်။
"ကိုယ် ဘာမှလျှောက်မတွေးပါဘူး... စိတ်လည်းမဆိုးပါဘူး..."
"မင်းလို ပြိုင်ဘက်ကင်း မိန်းမလှလေး တစ်ယောက်ကို ပိုးပန်းတဲ့သူ များတာက ပုံမှန်ပဲလေ..."
ကျိုးဟန်သည် ပိုင်လင်းလုံ၏ ပခုံးလေးကို ပွတ်သပ်ပေးရင်း ပေါ့ပါးစွာ ပြုံး၍ ပြောလိုက်သည်။
ပိုးပန်းမည့်သူသာ မရှိခဲ့ပါက ထိုအရာကမှ အံ့ဩစရာ ကောင်းပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ဤကဲ့သို့သော ထူးချွန်သူများ၏ ဒုက္ခကို ကျိုးဟန် ကိုယ်တိုင်လည်း နက်နက်ရှိုင်းရှိုင်း ခံစားသိရှိထားပေသည်။
သူ၏ ဆွဲဆောင်မှုများကြောင့် ရူးသွပ် စွဲလမ်းနေကြသော မိန်းမပျိုလေးများလည်း မရေမတွက်နိုင်အောင် ရှိနေသည် မဟုတ်ပါလော။
"အင်းအင်း..."
ကျိုးဟန် အမှန်တကယ် စိတ်မဆိုးကြောင်း မြင်တွေ့လိုက်ရသဖြင့် ပိုင်လင်းလုံက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်လေသည်။
"မင်းလိုကောင်ကများ ငါသခင်လေးချန် မျက်စိကျထားတဲ့ မိန်းမကို ထိရဲတယ်ပေါ့..."
"ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်တာလဲ..."
ထိုသူ နှစ်ဦးသား ရင်းနှီးစွာ ပရောပရည် လုပ်နေကြသည်ကို မြင်တွေ့လိုက်ရသောအခါ ချန်ဖျင်အန်းမှာ လုံးဝ ဒေါသပေါက်ကွဲသွားခဲ့ပြီး အဆုံးအစမဲ့သော သတ်ဖြတ်လိုစိတ်များဖြင့် အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာလေတော့သည်။
မကြာမီမှာပင် ပွဲကြည့် ပရိသတ်များမှာ ပိုမို များပြားလာခဲ့သည်။
လူတိုင်းက ခြေလှမ်းများကို ရပ်တန့်ကာ စိတ်ဝင်တစား စောင့်ကြည့်နေကြလေသည်။
"ဟေ့... ပွဲကောင်းကြည့်ရတော့မယ်... ဒီကောင်ကတော့ သေချင်နေတာပဲ... သခင်လေးချန်ကိုတောင် ဂရုမစိုက်ဘူးဆိုတော့ သူတော့ သွားပြီ..."
လမ်းသွားလမ်းလာ တစ်ယောက်က ဖရဲစေ့ စားရင်း ရယ်မောကာ ပြောလိုက်သည်။
"ဟီးဟီး... ဒီလိုကောင်ကများ ပြိုင်ဘက်ကင်း မိန်းမလှလေးကို ပိုင်ဆိုင်ထားရတာလဲ... သခင်လေးချန် သူ့ကို မြန်မြန် ပညာပေးလိုက်စမ်းပါကွာ..."
အခြား လမ်းသွားလမ်းလာ တစ်ယောက်၏ မျက်ဝန်းများထဲတွင်လည်း မနာလို ဝန်တိုမှုများ ထွက်ပေါ်နေလေသည်။
စောစောက ကျိုးဟန်မှာ မိန်းမပျိုလေးများစွာ၏ အာရုံစိုက်မှုနှင့် လိုက်လံ ပိုးပန်းမှုကို ရရှိခဲ့သဖြင့် ဤဘေးမှ စောင့်ကြည့်နေသူများ၏ ရင်ထဲတွင် အလွန် မသက်မသာ ဖြစ်နေခဲ့ကြသည်။
ယခုအခါ ပိုင်လင်းလုံ ကဲ့သို့သော ပြိုင်ဘက်ကင်း မိန်းမလှလေးကိုပါ နမ်းရှိုက်လိုက်သည်ကို မြင်တွေ့လိုက်ရသဖြင့် သူတို့၏ ရင်ထဲတွင် ပို၍ပင် မနာလို ဖြစ်သွားကြလေသည်။
"ဒီကောင်က ဝေးလံခေါင်သီတဲ့ မြို့ငယ်လေးကနေ ရောက်လာတဲ့ တောသားလေးဆိုပဲ... ငါတို့ စန်းချုန်း ဧကရာဇ် မြို့တော်မှာတောင် ဒီလောက် မောက်မာရဲသေးတယ်..."
လူတို့၏ သဘာဝမှာ ဤသို့ပင် ဖြစ်သည်။ အဆင့်အတန်း နိမ့်ကျသူ တစ်ဦးက ပြိုင်ဘက်ကင်း မိန်းမလှလေး၏ မျက်နှာသာပေးမှုကို ရရှိသွားသောအခါ သဘာဝကျကျပင် အခြားသူများ၏ မနာလို မုန်းတီးမှုကို ခံရမည် ဖြစ်သည်။
ပြောင်းပြန်အားဖြင့် အဆင့်အတန်း မြင့်မားသူများက ဤအရာအားလုံးကို ရရှိသွားပါက သူတို့၏ အမြင်တွင် ယုတ္တိတန်သည်ဟု ယူဆကြပေမည်။
ထို့ကြောင့်ပင် လူအများက ကျိုးဟန်အပေါ် ရန်လိုနေကြခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်မှာလည်း အဆင့်အတန်း နိမ့်ကျသူများ ဖြစ်ကြရာ သူတို့ မရရှိနိုင်သော အရာကို ကျိုးဟန်က မည်သို့များ ရရှိနိုင်မည်နည်း ဟူသော အတွေးကြောင့်ပင် ဖြစ်သည်။
"လင်းလုံ ငါနဲ့လိုက်ခဲ့... ဒီလို တောသားက မင်းနဲ့ မတန်ဘူး..."
ချန်ဖျင်အန်းက အလွန် မောက်မာသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"ချန်ဖျင်အန်း... ကျွန်မနာမည် အပြည့်အစုံကိုပဲ ခေါ်ပါ... ကျိုးဟန် အထင်လွဲသွားမှာ စိုးလို့..."
"ကျွန်မနဲ့ ရှင့်ဆက်ဆံရေးက လမ်းသွားလမ်းလာတွေထက် နည်းနည်းလေး ပိုရုံပဲရှိတာ... နောက်ဆို ကျွန်မကို လာမနှောင့်ယှက်ပါနဲ့တော့..."
ပိုင်လင်းလုံက ဒေါသတကြီးဖြင့် ပြောလိုက်ပြီး သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်တော့ချေ။
သေချာပေါက် သူမမှာ ကြမ်းတမ်း ခက်ထန်သူ တစ်ဦး မဟုတ်ပေ။ ချန်ဖျင်အန်းက ကျိုးဟန်အပေါ် ရိုင်းစိုင်းစွာ ဆက်ဆံသည်ကို မြင်တွေ့လိုက်ရသဖြင့်သာ ဤကဲ့သို့ ပြတ်သားသော စကားများကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"ဘာ... မင်း..."
ချန်ဖျင်အန်း၏ မျက်နှာမှာ မျက်နှာပျက်သွားပြီး အလွန် အရှက်ရသွားသလို ခံစားလိုက်ရသည်။ လူအများ၏ ရှေ့မှောက်တွင် ဤမျှ ရက်စက်စွာ ငြင်းပယ်ခံလိုက်ရသည် မဟုတ်ပါလော။
သို့သော် ပိုင်လင်းလုံအပေါ် ဒေါသ မထွက်ရက်သဖြင့် ထိုဒေါသများ အားလုံးကို ကျိုးဟန်၏ အပေါ်သို့သာ ပုံချလိုက်လေတော့သည်။
"မင်း ငါတို့ ချန် မိသားစုက စန်းချုန်း ဧကရာဇ် မြို့တော်မှာ ဘယ်လောက် ဩဇာရှိလဲဆိုတာ သိရဲ့လား..."
"မင်းကို ပြောလိုက်မယ်... မင်းက ရန်မစသင့်တဲ့သူကို ရန်စလိုက်မိပြီ..."
"ဒူးထောက်ပြီး အခါတစ်ရာလောက် ဦးချကန်တော့စမ်း... အဲဒါဆိုရင် မင်းရဲ့ ခွေးအသက်ကို ချမ်းသာပေးမယ်..."
ချန်ဖျင်အန်းက မောက်မာဝင့်ကြွားစွာဖြင့် ပြောလိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများက အလိုအလျောက် ထွက်ပေါ်လာလေသည်။
မူလက ကျိုးဟန်၏ မကြောက်မရွံ့ ဖြစ်နေသော ပုံစံကို မြင်တွေ့လိုက်ရသဖြင့် သူ၏ ရင်ထဲတွင် အလွန် သတိထားနေခဲ့ပြီး ဖြည်းညှင်းစွာ စမ်းသပ်ကြည့်ရန် ပြင်ဆင်နေခဲ့သည်။ အကယ်၍ တကယ့် အစွမ်းထက်သူ တစ်ဦး ဖြစ်နေပါက အဆုံးသတ်ရန် ခက်ခဲသွားမည် မဟုတ်ပါလော။
သို့သော် လူအုပ်ကြီးထဲမှနေ၍ ကျိုးဟန်၏ နောက်ခံမှာ ဝေးလံခေါင်သီသော မြို့ငယ်လေးမှ ဖြစ်ကြောင်း ကြားလိုက်ရလေသည်။
ချက်ချင်းပင် သူ၏ စိတ်ထဲတွင် သက်သာရာ ရသွားခဲ့သည်။
ထိုကဲ့သို့သော ကျေးတောရပ်ကွက် မျိုးတွင် အရင်းအမြစ်များ ရှားပါးလှရာ တကယ့် သိုင်းပညာရှင် တစ်ဦး ဖြစ်နေလျှင်တောင်မှ မည်မျှအထိ အစွမ်းထက်နိုင်မည်နည်း။
ထို့ကြောင့် ချန်ဖျင်အန်းမှာ စမ်းသပ်နေရန်ပင် ပျင်းရိသွားပြီး မျက်နှာဖုံးကို တိုက်ရိုက် ဆွဲခွာကာ ကြိမ်းမောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"သောက်ရူး..."
ကျိုးဟန်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
"ဘာ... မင်းက ဘယ်လိုသတ္တိမျိုးနဲ့များလဲ..."
"ငါက စန်းချုန်း ဧကရာဇ် မြို့တော်ထဲမှာ လူမသတ်ရဲဘူးလို့ တကယ် ထင်နေတာလား..."
ချန်ဖျင်အန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အလွန် အန္တရာယ်ရှိသော အလင်းတန်းများ ပေါက်ကွဲထွက်လာလေသည်။
မြို့တော် အတွင်း၌ လူသတ်ပါက တန်ဖိုးတစ်ခုကို ပေးဆပ်ရမည် မှန်သော်လည်း ချန်ဖျင်အန်း၏ ရင်ထဲတွင် ဒေါသ မီးတောက်များ ပြင်းထန်စွာ တောက်လောင်နေပြီ ဖြစ်ရာ ထိုအရာများကို ဂရုစိုက်မနေနိုင်တော့ချေ။
"ဟက်... မင်းက စကား အရမ်းများတာပဲ... တိုက်မယ်ဆိုလည်း မြန်မြန်လုပ်..."
ကျိုးဟန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
ကျိုးဟန်ဘက်မှ အရင် မလှုပ်ရှားခြင်း မဟုတ်ပေ။
မြို့တော် အတွင်းမှာ ဘေးကင်းဇုန် ဖြစ်နေသဖြင့် တစ်ဖက်လူက အရင် စတင် မတိုက်ခိုက်ပါက ကျိုးဟန်အနေဖြင့် တိုက်ခိုက်ခွင့် မရှိသောကြောင့်သာ ဖြစ်သည်။
ထိုသို့မဟုတ်ပါက သူ့ကို ချက်ချင်းပင် သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်သည်။
"ကောင်းပြီလေ..."
"ဓား လာစမ်း..."
ခြိမ်းခြောက်မှုများက အရာမထင်ကြောင်း မြင်တွေ့လိုက်ရသဖြင့် ချန်ဖျင်အန်းမှာ တိုက်ခိုက်ရန်သာ ရှိတော့သည်။
သူ၏ အော်ဟစ်သံနှင့်အတူ ကျောပေါ်ရှိ ရွှေရောင် ဓားမကြီးထံမှ ပြင်းထန်သော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက ၎င်းအတွင်းမှ ဖြည်းညှင်းစွာ နိုးထလာလေသည်။
ငရဲဘုံမှ ကြမ်းကြုတ်သော ဝိညာဉ် တစ်ကောင်အလား ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများက လွင့်ပျံလာသော သိပ်သည်းသည့် ရွှေရောင် အလင်းတန်းများနှင့်အတူ အောက်ဘက်သို့ ကျဆင်းလာလေသည်။
ထိုနေရာရှိ လူအများစုမှာ အသက်ရှူရပင် ခက်ခဲသွားကြောင်း ခံစားလိုက်ရပြီး လေထုထဲရှိ အခြေအနေမှာ သိသိသာသာ ပိတ်လှောင်သွားကာ ပုံမှန်အတိုင်း လှုပ်ရှားနိုင်ရန်ပင် ယခင်ကထက် ပို၍ ခက်ခဲသွားလေသည်။
"ဟိုက်... ဒါက ရွှေရောင် ဝိညာဉ်ပိုင်းဖြတ် ဓား မဟုတ်လား... ကြည့်ရတာ သခင်လေးချန်က တကယ် အစွမ်းပြတော့မယ့်ပုံပဲ..."
ရွှေရောင် အလင်းတန်းများ ကျဆင်းလာချိန်တွင် ဘေးမှ စောင့်ကြည့်နေသူ အချို့က ဤရွှေရောင် ဓားမကြီး၏ မူလဇစ်မြစ်ကို ချက်ချင်းပင် မှတ်မိသွားကြပြီး လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်ကြသည်။
"အို... ဒီရွှေဓားက ဘာထူးခြားလို့လဲ..."
"ဟက်... မင်းက တကယ် ဗဟုသုတ နည်းတာပဲ... ဒါက ကြယ်ကိုးပွင့် နတ်ဘုရားအဆင့် အရည်အသွေးရှိတဲ့ အဖိုးတန်ဓားကွ... ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ပေါက်ကွဲထွက်စေနိုင်ပြီး စစ်ပွဲတွေမှာ အောင်ပွဲတွေ အများကြီး ရခဲ့တာ..."
"ချန်ဖျင်အန်းက ဒီဓားကိုသုံးပြီး အစွမ်းထက်သူ အများကြီးကို သတ်ဖြတ်ခဲ့တာ... အနီးစပ်ဆုံး တိုက်ပွဲကို ပြောရရင် ပြီးခဲ့တဲ့လကတင် ချန်ဖျင်အန်းဟာ ဒီရွှေရောင် ဝိညာဉ်ပိုင်းဖြတ် ဓားနဲ့ အထွတ်အထိပ်အဆင့် အစွမ်းထက်သူ တစ်ယောက်ကို သတ်ဖြတ်ခဲ့တာ..."
"ဘာ... အဲဒီလောက်တောင် ကြမ်းတာလား... ဟေ့လူ ကျိုးဟန်ဆိုတဲ့ ကောင်လေးကတော့ သေချာပေါက် သေရတော့မှာပဲ..."
စကားပြောဆိုနေကြသူများ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားနေသော အလင်းတန်းများ တောက်ပနေလေသည်။
ကျိုးဟန်မှာ ဝေးလံခေါင်သီသော မြို့ငယ်လေးမှ လာရောက်သူ ဖြစ်ကြောင်း သိရှိသွားကတည်းက သူတို့၏ ရင်ထဲတွင် ကျိုးဟန်အပေါ်ထားရှိသော ရန်လိုမှုများ ပိုမို ကြီးမားလာခဲ့ပြီး မြို့ကြီးသားများ၏ သာလွန်မှု ခံစားချက်က အလိုအလျောက် ထွက်ပေါ်လာခဲ့လေသည်။
"ဟက်... တောသားလေး တစ်ယောက်ကများ အကဲခတ်နိုင်စွမ်း နည်းနည်းလေးမှ မရှိဘူး... သေရမှာက အစောနဲ့အနှောင်းပဲ..."
"ရှူး... နည်းနည်း နောက်ဆုတ်နေ... သခင်လေးချန် သိုင်းကွက် ထုတ်တော့မယ်..."
လူအများ၏ အကြည့်များက ချန်ဖျင်အန်း၏ ကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြလေသည်။
သူ၏ တစ်ကိုယ်လုံးရှိ သွေးချီများမှာ ဆူပွက်လာပြီး ခန္ဓာကိုယ်မှာ ချက်ချင်းပင် အဆပေါင်းများစွာ ကြီးထွားလာကာ အစွမ်းထက်လှသော ခွန်အားများက ခန္ဓာကိုယ် ပတ်လည်ရှိ လေထုကို အဆက်မပြတ် ရိုက်ခတ်နေသဖြင့် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေလေတော့သည်။