မိုးကြိုးသန့်စင်ခြင်း
Vol. 103 Ch. 1414
“ထင်ထားသလိုပင် ရှေးဟောင်းအင်ပါယာကိုယ်လုပ်တော်ရဲ့ အရိပ်အယောင် ပေါ်လာခဲ့တာပဲ…”
တာအိုသခင်အိပ်မက်ပြာ၏ အမူအရာသည် လေဟာနယ်အထက်သို့ မော့ကြည့်လျက် သူ့အမူအရာမှာ သုန်မှုန်နေသည်။ သူ့အကြည့်သည် သည်လေဟာနယ်ကို ထွင်းဖောက်သွားနိုင်စွမ်းရှိသည့်ပုံပင်။
ဤအခိုက်အတန့်၌ တာအိုသခင်အိပ်မက်ပြာသာမဟုတ် တတိယအဆင့်ကျင့်ကြံသူအားလုံးနီးပါး၏ အမူအရာမှာ ပြောင်းလဲသွားကြသည်။ သူတို့သည် ကောင်းကင်ထက်သို့ သုန်မှုန်စွာဖြင့် ကြည့်နေကြသည်။
ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းတစ်ခုမှာ သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်း၌ တည်ရှိပေသည်။ လူအနည်းငယ်ကသာ သည်အကြောင်းကို သိထားကြ၏။ ယင်းအစိတ်အပိုင်းနေရာတစ်ခုတွင် အမျိုးသမီးအနည်းငယ် ရှိ၏။ သူတို့က မျက်လုံးဖွင့်ကာ အပေါ်သို့ မော့ကြည့်လိုက်သည်။
ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်း၌ ကြီးမားသောပုံရိပ်ကြီးတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကာ မြန်ဆန်စွာ သွားနေ၏။ သူကား ထာဆန်ပင်။ ထာဆန်၏မျက်လုံးများသည် နီရဲနေ၏။ သူ့ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ထပ်ခါထပ်ခါ ထုရိုက်လျက် ကျယ်လောင်သောတုန်ဟည်းသံများကို အဝေးသို့ ကျယ်ပြောစွာ ပျံ့နှံ့စေသည်။
“နင်က ဒီနတ်ဘုရားတစ်ပါးကို ကျေးကျွန်ဖြစ်လာစေချင်တယ်လား။ အိပ်မက်မက်နေလိုက်။ ငါဟာ မြင့်မြတ်တဲ့နတ်ဘုရားပဲ။ နင်ကသာ ငါ့စိတ်ဝိညာဉ်ကို ဝါးမြိုချင်နေတဲ့ ကျင့်ကြံသူလေး။ ဒီနေရာကနေ ထွက်သွားစမ်း။ ထွက်သွားစမ်း…”
ထာဆန်၏မျက်လုံးထဲတွင် ရူးသွပ်မှု ပြည့်နေ၏။
ထာဆန်သည် ရုတ်တရက် ရပ်တန့်ကာ လှည့်လိုက်၏။ သူ့နီရဲနေသော မျက်လုံးများဖြင့် ကြယ်ရောင်စုံကောင်းကင်ကို စိုက်ကြည့်သည်။
“ငါ့ကလန်ရဲ့ အော်ရာပဲ။ ဒီအော်ရာကို ငါ အရမ်းရင်းနှီးတယ်။ အရမ်းရင်းနှီးတယ်။ ငါ သူ့ကို သိသလိုပဲ။ မဟုတ်သေးဘူး။ ဒါက ငါ သိထားတဲ့ ထူစီပဲ…”
ထိုအသံသည် ဝမ်လင်း၏နားထဲသို့ မိုးကြိုးခြိမ်းသံအလား တိုးဝင်လာ၏။ သို့သော် သူ့လက်နှစ်ဖက်ကမူ ထာဝရမိုးကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲပင်။
“ဟာသပဲ။ သင် ပြောရုံနဲ့ ငါက ဘာကြောင့်များ ဒီမိုးကြိုးကို လက်လွှတ်ပေးရမှာလဲ။ ဒီထာဝရမိုးကြိုးက ငါ့အပိုင်ပဲ။ သင်သာ ဆက်ပြီးခေါင်းမောနေရင် ငါ့ရက်စက်မှုအတွက် အပြစ်မတင်နဲ့…”
ဝဲကတော့အတွင်းမှ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာသည်။ ဝမ်လင်းက ထိုဆန်းကြယ်သောတည်ရှိမှုကို ဒေါသထွက်စေခဲ့သလိုပင်။ ဝဲကတော့ပတ်လည်ရှိ မိုးကြိုးကန်သည် တစ်ခုခုထိုးထွက်လာတော့မည့်အလား အလျင်အမြန် လှည့်ပတ်နေ၏။
ဝမ်လင်းသည် ထိုဒေါသကို ရှင်းလင်းစွာ ခံစားမိသည်။ သူ့မျက်လုံးသည် အေးစက်လာ၏။
“ဒေါသ…။ ငါ့မီးအနှစ်သာရသာ ပြည့်ပြီးစုံသွားရင် ငါက သင့်ကို ဒီဒေါသနဲ့တင် ခံစားသွားရအောင် လုပ်နိုင်တယ်။ သင် မသေဘူးဆိုရင်တောင် ဒဏ်ရာအပြင်းအထန် ရသွားမှာ သေချာတယ်…”
ဝမ်လင်းသည် ထာဝရမိုးကြိုးကြိုးတန်းကို ဆုပ်ကိုင်ကာ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားများ မြင့်တက်လာချိန်တွင် ၎င်းကို အောက်သို့ ကြမ်းတမ်းစွာ ဆွဲယူသည်။ ထာဝရမိုးကြိုးတန်းသည် ဝဲကတော့အတွင်းမှ လုံးဝ ဆွဲထုတ်ခံရလုနီးနီး ဖြစ်လာသည်။
ဝဲကတော့အတွင်းမှ အသံသည် ပိုပြင်းထန်လာသည်။ ၎င်းသည်လည်း ဆွဲငင်နေသော်လည်း ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားစွမ်းအားကို မယှဉ်နိုင်သည်မှာ သိသာသည်။
“လေဟာနယ်ပျက်သုဉ်းခြင်းတာအိုရဲ့ သစ္စာဖောက်၊ ရှေးဟောင်းနတ်ဘုရားတွေရဲ့ နောက်မျိုးဆက် အကြွင်းအကျန်ကများ။ နင့်ခန္ဓာကိုယ်ပတ်လည်က အော်ရာကသာ ငါနဲ့ မရင်းနှီးနေခဲ့ဘူးဆိုရင် ငါ နင့်ကို ဖျက်စီးပစ်တာ ကြာနေပြီ။ နင်က သေချင်နေမှတော့ ငါ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့…” ဝဲကတော့အတွင်း၌ ကျယ်လောင်သောအသံ ပဲ့တင်ထပ်သည်။ ဝဲကတော့ဗဟိုချက်တွင် မိုးကြိုးသည် ပျက်စီးကာ အနက်ရောင်အခိုးအငွေ့အဖြစ်သို့ ပြောင်းသည်။ ထိုအခိုးအငွေ့သည် ဝဲကတော့၏ဘေးနှစ်ဖက်ကို ဆုတ်ဖြဲနိုင်သော ကြီးမားသော ဧရာမလက်ကြီးနှစ်ဖက်အဖြစ်သို့ ပြောင်းလဲလေ၏။
ချက်ခြင်းပင် ဝဲကတော့သည် ဤဧရာမလက်နှစ်ဖက်၏ ဖွင့်ဟခြင်း ခံလိုက်ရသည်။ ဝဲကတော့၏ ပွင့်ဟလာသော အဟနေရာမှာ လုံးဝနက်မှောင်နေ၏။ ထိုအဟမှ ထိုးထွက်လာသော ကြမ်းရှသောလက်နှစ်ဖက်မှလွဲ၍ ဝဲကတော့အတွင်း၌ မည်သည့်အရာ ရှိနေသည်ကို မြင်ရဖို့ မဖြစ်နိုင်ပေ။
ထိုလက်နှစ်ဖက် ပေါ်လာသည်နှင့် ဟင်းလင်းပြင်သည် သူ့ဟာသူ ပျက်စီးရလေ၏။ ဝမ်လင်းသည် ထိုလက်နှစ်ဖက်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးသည် ချင်းချင်းနီရဲလာ၏။ သူသည် ထိုလက်ကို သိရှိသွားသည့်ပုံရ၏။
သူက ယင်းလက်များကို သိလိုက်သည်။ အကြောင်းမှာ သူသည် ဟိုးလွန်ခဲ့သောအချိန်က ဤသို့ လက်တစ်စုံကို တွေ့မြင်ခဲ့ဖူးသည် မဟုတ်လား။ သူသည် လွန်ခဲ့သောနှစ်တစ်ထောင်ကလည်း ဤလက်ကို ဆန့်ကျင်ကာ သူ့ဘဝတွင် မမေ့နိုင်သော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ဖူးသည်။
ထိုစဉ်က သူသည် ကျင့်ကြံခြင်းကိုလည်း များများစားစား မသိသေး၊ အတွင်းနယ်မြေ၊အပြင်နယ်မြေများ၏ လျှို့ဝှက်ချက်များကိုလည်း မသိရှိခဲ့သေးပေ။ သို့ပေမည့် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က သည်လက်နှစ်နှင့် တိုက်ခိုက်ခဲ့ဖူးပြီးနောက် သူသည် အတိတ်ကို ပြန်တွေးမိတိုင်း တုန်လှုပ်ခဲ့ရသည်သာ။
ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာ၏။ သူသည် ထိုလက်ကို စိုက်ကြည့်ကာ နာကျင်စွာ အော်ဟစ်လိုက်၏။
“သင်ပဲကိုး။ အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ဝမ်အာရဲ့စိတ်ဝိညာဉ်ကို ငါ့ရှိကနေ လုယူခဲ့တာ သင်ပဲ။ သင်ဟာ ကောင်းကင်ဘုံရဲ့ တမန်တော်ဆိုတဲ့သူပဲ…”
ဝမ်လင်းသည် ထိုသို့ အော်ဟစ်သည်မှာ ဖြစ်ခဲ၏။ ခုချိန်တွင် သူသည် သားရဲတစ်ကောင်အလား ရူးသွပ်လာခဲ့ပြီပင်။
ဝဲကတော့အတွင်းမှ အေးစက်စက်နှာခေါင်းရှုံ့သံ ထွက်ပေါ်လာ၏။ ထို့နောက် လက်တစ်ဖက်သည် ဝမ်လင်းထံသို့ ကြမ်းတမ်းစွာ ဆန့်ထွက်လာသည်။ ယင်းလက်ကို မိုးကြိုးနှင့်လျှပ်စီးတို့က ဝန်းရံထား၏။
ကြည့်ရသည်မှာ မိုးကြိုးတန်းတစ်ခု သက်ဆင်းလာကာ ဝမ်လင်းထံ ဆန့်တန်းလာသည်နှင့်ပင် တူနေသေး၏။
ဝမ်လင်းသည် ရူးသွပ်သွားခဲ့လေပြီ။ သူ့ဘဝတွင် သူ လုံးဝထိပါးမခံနိုင်တာ တစ်ခု ရှိ၏။ ယင်းကာ လီမူဝမ်ပင်။ လီမူဝမ်နှင့် ပတ်သတ်သောအရာအားလုံးသည် သူ့ကို တည်ငြိမ်နေရာကနေ ရူးသွပ်သွားဖို့ရာထိ လုံလောက်နေပေ၏။ သည်အခိုက်၌ သူသည် ထာဝရမိုးကြိုးကို လက်လွှတ်ကာ ယင်းလက်ထံသို့ တိုးဝင်သွားဖို့ပင် တုံ့နှေးမနေခဲ့ပေ။
သူတိုးဝင်လာရင်း သူ့ခန္ဓာကိုယ်မှ ရှေးဟောင်းနတ်ဘုရားစွမ်းအား ပေါက်ကွဲထွက်လာ၏။ သူ့ကျင့်ကြံမှုအစွမ်း ရုန်းကြွလာ၏။ ရှေးဟောင်းနတ်ဘုရားအရိပ်တစ်ခုသည် သူ့နောက်တွင် ပေါ်လာကာ ပြင်းထန်သောဖိအားကို ပေးစွမ်းသည်။
“ဒါ…ဒါက ထူစီပဲ…” ဝဲကတော့အတွင်းမှ တုန်လှုပ်နေသောအသံတစ်သံ ထွက်ပေါ်လာ၏။
“မီး…” ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နှက်လာလျက် သူက သူ့ဘယ်လက်ကို ပင့်မြှောက်၏။ အပြာရောင်မီးသည် သူ့ဘယ်မျက်လုံးထံမှ ထွက်ပေါ်လာကာ ချက်ခြင်းပင် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။ အပြာရောင်ဟင်္သာငှက်တစ်ကောင် ပေါ်လာကာ ဟိန်းမြည်သံ ပြုသည်။
ယင်းငှက် ဟိန်းသံ ပြုနေရင်း အပြာရောင်မီး ချက်ခြင်း ပေါ်လာ၏။ ချက်ခြင်းပင် အပြာရောင်မီးပင်လယ်သည် ဤဧရိယာကို ဖုံးလွှမ်းသွားသည်။
“မိုးကြိုး…” ဝမ်လင်း၏ညာမျက်လုံးသည် လက်ခနဲ ဖြစ်ကာ မိုးကြိုးအမှတ်အသား ထွက်ပေါ်လာ၏။ သူ့အော်ကမှ မိုးကြိုးနဂါးသည် သူ့အား ခွေပတ်ကာ ဟင်္သာငှက်နှင့်နဂါးတို့သည် ယှက်လိမ်၏။ မိုးကြိုးနှင့်မီးတို့၏ တုန်လှုပ်ဖွယ်မန္တာန်တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။
“တိုက်ပွဲ…” ဝမ်လင်းသည် မာန်သွင်းအော်ဟစ်၏။ သွေးဓား ပေါ်လာ၏။ ၎င်းက ချက်ခြင်းပင် ပေတစ်ထောင်ထိ ကြီးမားလာသည်။ ဝမ်လင်းက ၎င်းဓားကို သူ့လက်ဖြင့် ဆုပ်ကိုင်သည်။
သူသည် ထိုဓားကို ဆုပ်ကိုင်လိုက်သည်နှင့် ရှေးဟောင်းနတ်ဘုရားအရိပ်သည် ၎င်း၏လက်နှစ်ဖက်ကို ပင့်မြှောက်သည်။ သွေးအလင်းလင်းလက်ကာ ပေတစ်သောင်းသွေးဓားသည် ၎င်းအရိပ်၏လက်တွင် ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သွေးဓားအတွင်းသို့ ဝင်ရောက်၏။ အပြာရောင်မီးပင်လယ်သည် သွေးဓားထံ လှိုက်တက်သည်။ အပြာရောင်ဟင်္သာငှက်သည်ပင် ယင်းသွေးဓား၏ အစိတ်အပိုင်း ဖြစ်လာသည်။
တစ်ချိန်တည်းမှာ မိုးကြိုးနဂါးသည် ရုတ်တရက် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တွင်းနက်တစ်ခုအလား။ မိုးကြိုးနဂါးကို စုပ်ယူသည်။ ထို့နောက် သူက မိုးကြိုးနဂါး၏ စွမ်းအားကို သွယ်ဝိုက်သောနည်းဖြင့် သွေးဓားအတွင်းသို့ တိုးဝင်စေသည်။
မီးနှင့်မိုးကြိုး ပေါင်းစည်းမှု၊ ရှေးဟောင်းနတ်ဘုရားစွမ်းအား ပေါက်ကွဲထွက်လာမှု၊ ဥပဒေသကြယ်မှ တိုက်ပွဲဆန္ဒ ပေါက်ကွဲမှုတို့ခြင်းဖြင့် ဝမ်လင်းသည် သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်ကာ ဓားချက်တစ်ချက် ထုတ်ဖော်လိုက်လေ၏။
လောကသည် တုန်ဟည်း၏။ အတိုင်းမသိလှိုင်းဂယက်တစ်ခု ပျံ့နှံ့သည်။ အောက်ဘက်ရှိ တော်ဝင်ကုန်းမြေမှာ တစစီ ဖြစ်သွားသည်။ ဂြိုဟ်ဆယ့်ခြောက်လုံးပင် ထိုဖိသိပ်အား၏ သက်ရောက်မှုကို ခံရကာ လွင့်စင်ကုန်ပြီး ဂြိုဟ်ပတ်လမ်းများ ပြောင်းကုန်သည်။
ထိုဓားသည် ကောင်းကင်နှင့်မြေကြီးကို ထွင်းဖောက်လေ၏။
သွေးဓားသည် တောက်ပစူးရှသည်။ အလင်းအားလုံး၏ ရင်းမြစ်တစ်ခု ဖြစ်လာသည့်အလား။ ဝမ်လင်းထံသို့ ဆန့်တန်းလာသော လက်သည် တုန်ယင်သွား၏။ ထိုလက်၏ လက်ကောက်ဝတ်နေရာတွင် သွေးလိုင်းတစ်ခု ပေါ်လာသည်။
ဓားရိုက်ချက်တစ်ချက်တည်းဖြင့် ထိုလက်သည် လက်ကောက်ဝတ်ကနေ ပြက်ထွက်သွားသည်။ သွေးများ နေရာအနှံ့သို့ ပြန့်ကြဲသည်။
ဝဲကတော့အတွင်းမှ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုလက်သည် ဝဲကတော့အတွင်းသို့ ပြန်ဆုတ်သွားလေ၏။ သို့ပေမည့် ၎င်းနောက်ဆုတ်သွားနေရင်း သွေးဓားသည် တဖန်တိုးဝင်ကာ ဝဲကတော့အတွင်းသို့ လိုက်ပါဝင်ရောက်သည်။
ထိုရိုက်ချက်ကား ဝဲကတော့ကိုပါ တုန်ဟည်းသွားစေ၏။ သို့သော် ၎င်းက ထိခိုက်သွားခြင်းတော့ မရှိပေ။ ထိုအစား ဓားရိုက်ချက်သည် ၎င်းကို ပြင်းထန်သောအားတစ်ခုက ထိမှန်ခြင်းကြောင့် ပိုမြန်ဆန်စွာ လည်ထွက်သွားစေသည်။ ထိုလက်သည် ပြန်ဝင်ရောက်သွားပြီးနောက် ဝဲကတော့မှာ ဘယ်တုန်းကမှ မတည်ရှိသည့်အလား ပျောက်ကွယ်သွားလေတော့၏။
ယင်းဝဲကတော့ ပျောက်ကွယ်သွားခါနီးတွင် ဝမ်လင်းသည် သွေးဓားနှင့်အတူ ရှေ့သို့ လှမ်း၏။ သူ့မျက်လုံးများမှာ ချင်းချင်းနီနေသည်။ ထိုဓားသည် မမြင်ရသော်လည်း ဝမ်လင်းက ၎င်းဓားဖြင့် မည်မျှထိုးစိုက်ပါစေ ဝဲကတော့အပေါ်သို့ တစ်စက်လေးပင် သက်ရောက်မှု မရှိပေ။
သူက ဝဲကတော့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကိုသာ စောင့်ကြည့်ရန် တတ်နိုင်တော့၏။ ဝဲကတော့အတွင်းမှ ဒေါသတကြီးအော်သံကိုလည်း ကြားလိုက်ရသည်။
“မင်းမှာ ဒီဓား ဘယ်လိုလုပ် ရှိနေတာလဲ။ ဒီဓားဟာ…” ထိုအသံသည် လွင့်ပါးသွားကာ ဝဲကတော့သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ ဝမ်လင်း၏ နောက်ဆုံးဓားခုတ်ချက်က ဝဲကတော့ပျောက်ကွယ်သွားသဖြင့် လွဲချောသွားလေ၏။
“သင် ဘယ်သူလဲ။ ဘယ်ကလာလဲ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ တနေ့မှာ ငါဟာ ကောင်းကင်ဘုံကို ဖွင့်လှစ်ပြီး သင်တို့အားလုံးကို လာရှာမယ်။ အတိတ်တုန်းက ငါ့ကျင့်ကြံမှုအဆင့် မပြီးပြည့်စုံခင်မှာ သင်ဟာ ငါ့ဇနီးရဲ့ စိတ်ဝိညာဉ်ကို ယူဆောင်သွားခဲ့ပြီး သူမကို အခုလို အခြေအနေနဲ့ ရှိစေခဲ့တယ်။ ငါ ဒါကို ခွင့်လွှတ်ပေးမယ် မထင်နဲ့…” ဝမ်လင်း၏အမူအရာမှာ ကြမ်းကြုတ်နေ၏။ သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ရောက်လာပြီးနောက် သူသည် အခုတစ်ခါတွင် ပထမဆုံးအကြိမ် ဒေါသထွက်ခဲ့ခြင်းပင်။
အဖြစ်အပျက်များသည် မြန်လွန်း၏။ လူတိုင်းပင် အလျင်မီ မတုန့်ပြန်လိုက်နိုင်ကြပေ။ ဝဲကတော့ ပျောက်ကွယ်သွားပြီ ဖြစ်သည့်အတွက် ထာဝရမိုးကြိုးအဖို့ ပြေးစရာနေရာ မရှိတော့ပေ။
ဝမ်လင်းသည် ရုတ်တရက် လှည့်ကာ ထာဝရမိုးကြိုးကို စိုက်ကြည့်၏။ ခုနစ်သန်းလောကများတွင် ဒဏ်ရာရခဲ့ပြီးနောက် ၎င်းမိုးကြိုးသည် အလွန်အမင်း အားနည်းနေခဲ့ပြီ ဖြစ်၏။
“မင်း အခု ဘယ်ပြေးမလဲ…” ဝမ်လင်းသည် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ ထာဝရမိုးကြိုး၏ ရှေ့သို့ ရောက်ရှိလာ၏။ သူ့လက်ဖြင့် ၎င်းကို ကြမ်းတမ်းစွာ ဆွဲယူလိုက်သည်။
ထာဝရမိုးကြိုးထံမှ မိုးကြိုးတုန်ဟည်းသံများ ထွက်ပေါ်၏။ ၎င်းသည် ပြေးနေခြင်းကို ရပ်တန့်ကာ ထိုအစား ဝမ်လင်းထံ တိုးဝင်လာသည်။ သို့ပေမည့် ဝမ်လင်းသည် ချက်ခြင်းပင် ၎င်းကို သူ့လက်ဖြင့် ညှစ်ချလိုက်သည်။ ထာဝရမိုးကြိုးက ရုန်းကန်၏။ ဝမ်လင်းသည် ချက်ခြင်းပင် ၎င်းကို သူ့ပါးစပ်အတွင်းသို့ ဝါးမြိုပစ်လိုက်တော့သည်။ ထာဝရမိုးကြိုးသည် ဝမ်လင်း၏ ဝါးမြိုခြင်းကို ချက်ခြင်းလိုလို ခံလိုက်ရပေပြီ။
ဒီထာဝရမိုးကြိုးနဲ့ မိုးကြိုးနဂါးရှစ်ကောင်ကို သန့်စင်ပြီး အကြီးအကဲခေါင်းဆောင်ရဲ့ မိုးကြိုးကိုပါ ယူဆောင်ပြီးခဲ့ရင်တော့ ငါ့မိုးကြိုးအနှစ်သာရဟာ ပြီးပြည့်စုံပြီ။ ဒါဆို ငါ့ကျင့်ကြံမှုအဆင့်ဟာ တိုးတက်လာလိမ့်မယ်…”
ဝမ်လင်းသည် ကောင်းကင်ဘုံတမန်တော်၏ လက်ကောက်ဝတ်ကို ဖြက်တောက်ပစ်ခဲ့၏။ ထိုကောင်းကင်ဘုံတမန်တော်သည် ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်မလာသေးသော်လည်း ၎င်းလက်တစ်စုံသည် အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ ဝမ်လင်း တွေ့ကြုံဖူးသည်ထက် အဆများစွာ သန်မာပေသည်။ သို့ပေမည့် ဝမ်လင်းသည် သူ့မိုးကြိုး၊မီးနှင့် တိုက်ပွဲဆန္ဒတို့ကို အသုံးပြုကာ ယင်းလက်ကို ဖြက်တောက်ပစ်ခဲ့ပြီး သွေးဓားဖြင့် ၎င်းလက်ကို အတင်းအကြပ် နောက်ဆုတ်စေခဲ့သည်။
ထာဝရမိုးကြိုးကို ယူဆောင်ပြီးနောက် ဝမ်လင်းသည် သူ့ရူးသွပ်မှုနှင့် ကောင်းကင်ဘုံ၏တမန်တော်ကို ရင်ဆိုင်ရမှုကြောင့် အတိတ်ကိုအောက်မေ့ကာ ဖြစ်ပေါ်လာသော ဝမ်းနည်းမှုတို့ကို ပြန်ဖိနှိပ်ထားလိုက်၏။
သူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူ့ရှေ့၌ ကောင်းကင်ဘုံတမန်တော်၏ လက်ဝါးသည် ပြုတ်ကျလာသည်။ ထိုလက်ဝါးကို ဖြက်တောက်ပစ်ပြီးနောက် ယင်းတွင် အသွေးအသားဟူ၍ မရှိတော့ပေ။ ခုချိန်၌ ၎င်းလက်ဝါးမှာ သလင်းပုံစံရှိကာ တောက်ပသောအလင်းတစ်ခုကို ပေးစွမ်းနေသည်။
၎င်းလက်ဝါးကို ကြည့်လိုက်ပြီးနောက် ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ ထိုလက်ဝါးတွင် လက်ရာကင်းမဲ့နေပေ၏။
လူသားတိုင်း၏လက်များတွင် လက်ရာ(ဝါ)လက္ခဏာများ ရှိကြသည်သာ။ မည်မျှ မြင့်မားသောကျင့်ကြံမှုအဆင့် ရှိသူ ဖြစ်ပါစေ သူတို့သည် သူတို့၏လက်ရာများကို ဖျက်စီးပစ်ဖို့ ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။
“ကောင်းကင်ဘုံရဲ့ တမန်တော်တွေဟာ လက်ဝါးရာမရှိတာများ ဖြစ်နိုင်မလား…” ဝမ်လင်း၏မျက်လုံးသည် လင်းလက်ကာ သူသည် ထိုသလင်းကျောက်လက်ဝါးကို သူ၏သိုလှောင်အိတ်နေရာအတွင်းသို့ သိမ်းဆည်းထားလိုက်သည်။ သူက အနားကပ်မလာဝံ့ကြသော ပြန့်ကြဲမိုးကြိုးကလန်ဝင်များကို ဝေ့ဝိုက်ကြည့်လိုက်၏။
ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ထွက်ခွာရန် ပြင်၏။ သူသည် ရှင်းလင်းပေးပြီးဖြစ်သည့်အတွက် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်က ကျန်တာကို ဆက်လုပ်ပေလိမ့်မည်။ မည်သည့်အရာကမျှ ဝမ်လင်းနှင့် ဆက်၍ ပတ်သတ်တော့မည် မဟုတ်ပေ။
ဝမ်လင်းသည် ထွက်ခွာရန် ပြင်စဉ် လူတစ်ယောက်သည် အကွာအဝေးတစ်ခုကနေ လှမ်းလာ၏။ သူ့အား ကြယ်အလင်းက ဝန်းရံထားသည်။ သူ့ခြေထောက်အောက်တွင် စူးကဲ့သို့အရာမျိုး ရှိနေပြီး သူက ဝမ်လင်းထံ ပျံသန်းလာ၏။
“သ…သခင်…သင် အကျွန့်ကို မှတ်မိသေးရဲ့လား…” ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူက ဖော်လံဖားစကားကို ပြောလိုက်ချိန်၌ တစ်ချိန်တည်းမှာ သူ့ပြန့်ကြဲမိုးကြိုးကလန်ကို သစ္စာဖောက်လိုက်ခြင်းမည်၏။ သူ့ကလန်သည် သေရေးရှင်ရေး ရင်ဆိုင်နေရသော်လည်း သူကား သူ့ကလန်၏ ပထမဆုံးအသတ်ခံရသူပင် ဖြစ်လာနိုင်သည်။ သို့ပေမည့် သူ့စိတ်နှလုံးထဲရှိ စိတ်ဆုံးဖြတ်မှုကြောင့် သူက များများစားစား တွေးမနေတော့ပေ။
“လူတစ်ယောက်ဟာ သူတို့ရဲ့ ဘဝမှာ ဆုံးဖြတ်ချက်တစ်ခု ချရတာပဲ။ ဒီဆန္ဒဟာ ကံပေါ်မူတည်တယ်။ ငါ ဒီမှာ ဆက်နေရင်လည်း သေရမှာပဲ။ ဒါ့ကြောင့် ငါ့ကလန်ကို သစ္စာဖောက်တာ ဖြစ်ခဲ့ရင်တောင် ငါ သခင့်နောက်ကို လိုက်မယ်။ ငါ ဂရုမစိုက်ဘူး…”
ဝမ်လင်းသည် ရပ်ကာ အေးစက်စက် လှည့်ကြည့်လိုက်သည်။
သူ့အကြည့်သည် ထိုကျင့်ကြံသူပေါ်သို့ ကျရောက်သွား၏။ ထိုလူမှာ တုန်ယင်သွား၏။ သူက အံတင်းတင်းကြိတ်ကာ အလျင်အမြန် ပြောလိုက်သည်။ “သခင်…ငါ..ငါဟာ ကျုံးသဟုန်ပါ။ ကျုံးလေးပါး…။ သခင် ငါ့ကို ထားမသွားပါနဲ့။ ငါဟာ သခင့်ထံမှာ တစ်ဘဝလုံး ကောင်းမွန်စွာ အမှုထမ်းဖို့ ဆန္ဒရှိပါတယ်။ သခင့်ကိုလည်း ဘယ်တော့မှ သစ္စာမဖောက်ပါဘူး…”
ဝမ်လင်း၏အမူအရာသည် အေးစက်နေဆဲပင်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်း ငါနဲ့ လိုက်ချင်တာလား…”
ကျုံးသဟုန်သည် သူ့ကလန်ဝင်များ သူ့အား မသတ်နိုင်အောင် အဝေးကနေ ပျံသန်းလာ၏။ ဝမ်လင်း၏ စကားကို ကြားလိုက်ရသည့်အခါ သူသည် ခပ်သွက်သွက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သခင်…သခင်တောင်းဆိုသမျှ ဒီကောင်လေးက ဘာမဆို လုပ်မှာပါ။ သခင် မီးမွှေးခိုင်းတာပဲ ဖြစ်ဖြစ်၊ လုယူခိုင်းတာပဲ ဖြစ်ဖြစ်၊ ငါဟာ အရာအားလုံးမှာ ကျွမ်းကျင်ပါတယ်။ ငါဟာ ရှုလီကောထက် ညံ့တဲ့အချက် မရှိပါဘူး။ သခင်…ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေးတစ်ခုလောက်ပေးပါ။ သခင်…”
ဝမ်လင်းသည် ကျုံးသဟုန်ကို ကြည့်ကာ သူ့မျက်လုံးသည် တလက်လက် ဖြစ်သွားသည်။ ထို့နောက် သူသည် နောက်လှည့်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ ကျုံးသဟုန် ပတ်လည်တွင် လေပြင်းတစ်ခု ပေါ်လာပြီးနောက် သူ့ကို ရှုလီကောနှင့် အတူရှိနေစေမည့် သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်တော့သည်။ ထို့နောက် ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်းကာ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ် ပြန့်ကြဲမိုးကြိုးကလန်၏ ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်နေသော နေရာသို့ ရောက်ရှိလာသည်။
ထိုဧရိယာတွင် မန္တာန်များ ပြည့်နှက်နေ၏။ ဝမ်လင်း ပေါ်လာသည့်အခါ သူ့မျက်လုံးသည် နီရဲနေသည်။ သူ့ဂျီနယ်ပယ်သည် အနီရောင်လျှပ်စီးအဖြစ် ထိုးထွက်သွား၏။ ၎င်းမှာ သိသာစွာ မြန်လွန်းသည်။ ၎င်းသည် ပထမဆုံးကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်၏ ဦးခေါင်းကို ထွင်းဖောက်သွားကာ ထိုသူ၏မူလစိတ်ဝိညာဉ်ကိုပါ ပျက်စီးသွားစေသည်။ ထို့နောက် ဒုတိယမြောက်ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူထံ ဝင်ရောက်ကာ သူ၏ဦးခေါင်းကိုလည်း ပေါက်ကွဲစေလိုက်သည်။
“ရောင်းရင်းကျင့်ကြံသူ ပြန့်ကြဲစိတ်ဝိညာဉ်။ သင့်ကိုယ်သင် ဂရုစိုက်ပါ…။ ငါ ထွက်သွားတော့မယ်…” ဝမ်လင်းသည် နောက်ထပ်ခြေတစ်လှမ်းလှမ်းကာ သူ့ဂျီနယ်ပယ်ကို ပြန်ရုတ်သိမ်းပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
သူသည် ပေါ်လာသည်နှင့် ချက်ခြင်း လူနှစ်ယောက်ကို သတ်ပစ်ခဲ့ပြီးပင်။ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်နှင့် တိုက်ခိုက်နေသော လူများသည် ကြောက်လန့်ကုန်၏။ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အစ်ကိုဝမ်…ဂရုစိုက်ပါ။ ဒီအဘိုးအိုက ငါတို့ တနေ့ ပြန်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်…”
“ငါတို့ ထပ်တွေ့တဲ့အချိန်ကျရင် သင် အံ့အားသင့်ရပါလိမ့်မယ်…” ဝမ်လင်းသည် ပြန့်ကြဲမိုးကြိုးကလန်၏ နယ်မြေကနေ ထွက်သွားရင်း သူ့အသံသည် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာခဲ့၏။
“အံ့အားသင့်တာ…” တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် စဉ်းစားမရ ဖြစ်သွားသည်။ သို့သော် သူသည် များများစားစားတွေးမနေတော့ဘဲ ပြန့်ကြဲမိုးကြိုးကလန်ကို လက်စားပြန်ချေနိုင်ဖို့အတွက် စတင်အမြစ်ဖျက်တော့သည်။
ဝမ်လင်းသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းကို ဖြတ်၍ မြန်ဆန်စွာ ပျံသန်းနေ၏။ ပျံသန်းနေရင်း သူ့အော်ရာကို မြန်ဆန်စွာ ရုတ်သိမ်းပစ်သည်။ သူသည် သေမျိုးတစ်ယောက်အလား ဖြစ်လာ၏။ သူ့အနှစ်သာရငါးခုသည် ယှက်လိမ်ကာ ထိုအဖြစ်က သူ့အော်ရာကို လုံးဝ ထွက်မပေါ်လာစေအောင် လုပ်ပေးသည်။
“တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို ငါ့ကို လွယ်လွယ်နဲ့ ရှာနိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ငါ့အနှစ်သာရတွေနဲ့ ငါ့အော်ရာကို ဖုံးအုပ်ထားတဲ့အတွက် ငါဟာ လူများများရှိတဲ့နေရာတစ်ခုကို ရှာရုံပဲ လိုအပ်တာ။ ငါ့ကိုရှာမယ့် တစ်စုံတစ်ယောက် ရှိနေခဲ့ရင်တောင် ငါဟာ အချိန်တစ်ခုလောက် ပုန်းကွယ်နေနိုင်မှာ ဖြစ်တယ်…”
“ခုချိန်မှာ ငါ မိုးကြိုးကို မြန်မြန်သန့်စင်ဖို့ လိုအပ်နေပြီ…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူသည် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အကြိမ်များစွာ အသုံးပြုပြီးနောက် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး၏အထက်တွင် ပေါ်လာခဲ့သည်။
ထိုကျင့်ကြံခြင်းဂြိုဟ်ကို ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကလန်ငယ်တစ်ခုက ပိုင်ဆိုင်သည်။ ၎င်းဂြိုဟ်ပေါ်တွင် သေမျိုးများနှင့် ပြည့်နှက်နေ၏။ မြို့တော်ထဲ၌ လူများပြည်ကျပ်နေသည်။ လမ်းများထက်၌ လူများ ရှုပ်ယှက်ခတ်ကာ ဤမြို့တွင် လူဦးရေဆယ်သန်းထက်မနည်း ရှိလောက်သည်။
ဝမ်လင်းက ပေါ်လာသည်နှင့် သူ့ဆံပင်မှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကာ ကျောင်းတော်သားတစ်ယောက်ကဲ့သို့ လက်ထဲတွင်လည်း ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူက ဤထူးဆန်းသောသေမျိုးလောကသို့ ခြေချလာခဲ့လေပြီ။
လမ်းများသည် လူများ ပြည့်နှက်နေ၏။ သူတို့အားလုံးသည် ကျက်သရေရှိစွာ ဝတ်ဆင်ထားကြပြီး အတော်လေး အသက်ဝင်လှသည်။
လမ်းဘေးဆိုင်တန်းလေးများလည်း ရှိကြကာ ထိုင်ခုံအချို့ ချခင်းထားသည်။ လူတော်တော်များများ စုဝေးလို့နေသည်။ ဝမ်လင်းသည် စားသောက်ဆိုင်တစ်ခုကို ဖြတ်လာချိန်မှာ တစ်စုံတစ်ယောက် စာဖတ်ပြနေသည်ကို ကြားလိုက်ရ၏။
“ကျန်ယန်ကလန်ရဲ့ ရှုယုဟွမ် အကြောင်းပြောပြမယ်။ သူဟာ ထူးဆန်းတဲ့ စိတ်နေစိတ်ထားရှိပြီး သေမျိုးကမ္ဘာမှာ လှုပ်ရှားသွားလာရတာကို နှစ်သက်တယ်။ သူ့ စွန့်စားမှုခရီးစဉ်တွေနဲ့ ပတ်သတ်ပြီး ကောလာဟာလအမျိုးမျိုး ရှိကြတယ်။ ဒါကတော့ သူ သူ့တာအိုလက်တွဲဖော် ချူယွဲ့ရှန်နဲ့ ဘယ်လို ဆုံးစည်းခဲ့ပုံပေါ့။ ဒီကနေ့ ငါတို့ဟာ ကောင်းကင်ဘုံသားနှစ်ယောက်ရဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းနဲ့ ပတ်သတ်လို့ ပြောကြမယ်။ ဒီဇာတ်လမ်းဟာ တကယ့်ကို အနှစ်သာရရှိတယ်။ ဒါ့ကြောင့် မင်းတို့အားလုံး သေချာနားထောင်ကြ…”
ဝမ်လင်းသည် ပြုံးမိသည်။ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သေမျိုးမြို့များသည် စိတ်ဝင်စားဖို့ ကောင်းသည်။
သူ သည်မြို့ထဲသို့ ဝင်လာသည်နှင့် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ခြင်း မပြုဘဲဖြင့် ဤနေရာတွင် ကျင့်ကြံသူများစွာ ရှိကြောင်းကို ပြောနိုင်၏။ သည်မြို့တော်၏ အရှေ့ဘက်ပိုင်းတွင်ပင် ကျင့်ကြံသူတစ်ရာနီးပါး ရှိနေ၏။
“ဒီလို လူသူထူထပ်တာ ကောင်းတယ်။ ငါ့အနှစ်သာရတွေရဲ့ အကူအညီကြောင့် ငါဟာ ငါ့ကိုယ်ငါ ဖုန်းကွယ်ထားနိုင်ပြီး ကာလတိုတစ်ခုအနေနဲ့တော့ အဆင်ပြေလောက်မယ်။ ထာဝရမိုးကြိုးကို ငါ့မူလစိတ်ဝိညာဉ်အတွင်း သန့်စင်နိုင်တဲ့အထိတော့ အချိန်ရလောက်မှာပါ။ ထာဝရမိုးကြိုးကို ငါ ဝါးမြိုပြီးရင် ငါ့ကျင့်ကြံမှုအဆင့် ဘယ်လောက်ထိ တိုးတက်လာမလဲ ငါ သိချင်မိသေးတယ်…”
ဝမ်လင်းသည် တည်ငြိမ်စွာပင် စားသောက်ဆိုင်တစ်ခုထံသို့ လှမ်းလျှောက်သွား၏။
***