အခန်း ၇၆၆
Vol. 52 Ch. 766
အပိုင်း ၇၆၆ : ရှားပါးသစ်သီး
လူလတ်ပိုင်းအရွယ် သူဌေးမကြီးက ဒါရိုက်တာ၏ အမူအရာကို မြင်သောအခါ ဖန်းသားအမိက အဆင့်မြင့်လူနာခန်းတွင် နေနိုင်သော်လည်း ဈေးပေါသော သစ်သီးများကို စားနေသောကြောင့် အံ့ဩသွားသည်ဟု ထင်လိုက်သည်။
သူ(မ)က လှောင်ပြောင်လေဟန် မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ဒါရိုက်တာကျိုး... အထင်မှားမယ်နော်။ တချို့လူတွေက ဒီမှာနေနိုင်တယ်ဆိပေမဲ့ ဆင်းရဲသား အောက်ခြေလူတန်းစားတွေပါပဲ"
ဒါရိုက်တာကျိုးက သူ(မ)၏စကားကို လျစ်လျူရှုကာ အမျိုးသမီးဖန်းကို မေးလိုက်သည်။
"ဒီသစ်သီးက ဘယ်ကရလာတာလဲ"
ရိုးသားသူတစ်ယောက်ဖြစ်သော အမျိုးသမီးဖန်းမှာ ဒါရိုက်တာကျိုး၏ မေးခွန်းကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။
သူ(မ) ပြန်မဖြေရသေးခင် ယဲ့ချန်းက ပြောလိုက်သည်။
"ကျွန်တော် ယူလာတာပါ။ ပြဿနာရှိလို့လား"
ထိုလူငယ်လေး၏ စကားကို ကြားသောအခါ ဒါရိုက်တာကျိုးက သူ့ကို အပေါ်အောက်စုံချည်ဆန်ချည် အကဲခတ်ကြည့်လိုက်ပြီး ယုံကြည်ရန် ခက်ခဲနေလေသည်။
လူလတ်ပိုင်းအရွယ် သူဌေးမကြီးကတော့ ဒါရိုက်တာကျိုးသည် လူနာကို ဈေးပေါသော သစ်သီးများ ပေးခြင်းမှာ ကျန်းမာရေးအတွက် မကောင်းကြောင်း ပြောကာ သူ့ကို ဆူပူကြိမ်းမောင်းတော့မည်ဟု ထင်နေတော့သည်။
"ဒါရိုက်တာကျိုး... ဒီသစ်သီးပုပ်အိတ်ကို အဲ့ဒီပါဆယ်ပို့သမား ယူလာတာ အမှန်ပါပဲ။ ကျွန်မ သက်သေပြနိုင်ပါတယ်"
လူလတ်ပိုင်းအရွယ် အမျိုးသမီးက အမြန်ဝင်ပြောလိုက်သည်။
သူ(မ)၏စကားကို ကြားပြီးနောက် ဒါရိုက်တာကျိုးမှာ သိသိသာသာ မကျေမနပ်ဖြစ်သွားဟန်ဖြင့် ပြောလိုက်သည်။
"သစ်သီးပုပ် ဟုတ်လား။ ဒီသစ်သီးတစ်အိတ်က တန်ဖိုးဖြတ်မရသလို လူနာပြန်သက်သာလာဖို့အတွက်လည်း အရမ်းအကျိုးရှိတယ်"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီဟာက သစ်သီးပုပ်အိတ်ကြီးလေ။ ဘယ်လိုလုပ်ပြီး တန်ဖိုးဖြတ်မရတာလဲ။ ဒါရိုက်တာကျိုး... ကျွန်မတို့ကို နောက်မနေပါနဲ့"
လူလတ်ပိုင်းအရွယ် သူဌေးမကြီးက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
ယဲ့ချန်းက စုတ်ပြဲနေသော ပလတ်စတစ်အိတ်ကို ကိုင်ဆောင်လာကြောင်း မြင်ကတည်းက အထဲတွင် ကောင်းမွန်သည့်အရာ ပါလာမည်ဟု သူ(မ) မယုံကြည်ပေ။
ဖန်းယွင်က အိတ်ထဲမှ ထုတ်လိုက်သောအခါ သစ်သီးမှာ အလွန်သေးငယ်ပြီး မမှည့်သေးသည့်ပုံပေါက်နေသဖြင့် ဈေးပေါသည့် သစ်သီးသာဖြစ်ကြောင်း ရှင်းနေချေသည်။
သို့သော် အတွေ့အကြုံများစွာရှိသော ဒါရိုက်တာက ဤသို့ပြောသည်ကို မြင်သောအခါ သူ(မ) အမှန်တကယ် အနည်းငယ် သံသယဝင်သွားသည်။
"ဗဟုသုတမရှိလိုက်တာ"
ထိုသို့ပြောပြီးနောက် ဒါရိုက်တာကျိုးက လူလတ်ပိုင်းအရွယ် သူဌေးမကြီးကို ဆက်ဂရုမစိုက်တော့ပေ။
ထို့နောက် သူက ယဲ့ချန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ကောင်လေး... အိတ်ထဲက သစ်သီးကို ငါ တစ်ချက်လောက် ကြည့်လို့ရမလား"
"ရပါတယ်"
ဤသို့ပြောပြီး ယဲ့ချန်းကလည်း မတ်တတ်ထရပ်ကာ စုတ်ပြဲနေသော အိတ်ကို ဒါရိုက်တာကျိုးထံသို့ ကမ်းပေးလိုက်သည်။
"ဒါပဲ... ဒါပဲ"
အိတ်ထဲမှ သစ်သီးတစ်လုံးကို ယူရင်း ဒါရိုက်တာကျန်းက တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
သူသည် သစ်သီးကို ပြုတ်ကျသွားမည်စိုးသည့်အလား တန်ဖိုးမဖြတ်နိုင်သော အရာတစ်ခုကို ကိုင်ထားသလို လက်ဖဝါးထဲတွင် တယုတယ ကိုင်ထားလေသည်။
တုန်ယင်နေသော အသံဖြင့် ဒါရိုက်တာကျန်းက ယဲ့ချန်းကို ကြည့်ကာ ပြောလိုက်သည်။
"ကောင်လေး... ဒီသစ်သီးကို ပုလဲသစ်သီးလို့ ခေါ်မှန်း မင်းသိလား။ အထွက်နှုန်း အရမ်းနည်းလို့ Yနိုင်ငံ တော်ဝင်မိသားစုဝင်တွေပဲ သီးသန့်သုံးဆောင်တဲ့ သစ်သီးမျိုး"
လူလတ်ပိုင်းအရွယ် သူဌေးမကြီးမှာ အလွန်တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
ခေတ်ဆန်ဆန်ဝတ်ဆင်ထားသော ကောင်မလေး၏ မျက်နှာထက်တွင်လည်း အံ့ဩသွားလေဟန် အမူအရာများ ပေါ်လွင်နေသည်။
ဤစကားကို ကြားသောအခါ ယဲ့ချန်းကိုယ်တိုင်ပင် ယုံကြည်ရန် ခက်ခဲနေသည်။ ဥက္ကဋ္ဌကျိုး၏ လက်ဆောင်က တန်ဖိုးကြီးမှန်း သူသိသော်လည်း ဤမျှရှားပါးလိမ့်မည်ဟု မထင်ထားပေ။
ဤသည်မှာ တော်ဝင်မိသားစုအတွက်ဖြစ်လေရာ သာမန်လူများအနေနှင့် စားရန်မဆိုထားနှင့်။ မြင်ဖူးရန်ပင် ခဲယဉ်းသောအရာဖြစ်ကြောင်း သူသိလိုက်သည်။
အစတုန်းက ဥက္ကဋ္ဌကျိုးသည် သူ့ကို ဘူးသေးသေးလေးတစ်လုံးသာ ပေးသောကြောင့် ကပ်စေးနှဲသည်ဟု သူထင်ခဲ့မိသည်။ ယခုမှပင် အကြောင်းအရင်းကို သူ နားလည်တော့သည်။ ဤသစ်သီးက အမှန်တကယ်ပင် အလွန်ရှားပါးသောကြောင့်ပင်။
လူလတ်ပိုင်းအရွယ် သူဌေးမကြီးကတော့ မယုံကြည်သေးပေ။ အကယ်၍ ဤအရာက တော်ဝင်မိသားစုအတွက်ဆိုလျှင် ဒါရိုက်တာကျိုးက ဘယ်လိုလုပ် မြင်ဖူးရလေသလဲ။ သူမြင်မဖူးလျှင် ဤအရာကို ရှားပါးလှသော ပုလဲသစ်သီးဟု မည်သို့ပြောနိုင်မည်နည်း။
"ဒါရိုက်တာကျိုး... ရှင် မြင်တောင်မမြင်ဖူးဘဲနဲ့ ဒါက ပုလဲသစ်သီးဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"
လူလတ်ပိုင်းအရွယ် သူဌေးမကြီးက မေးလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ဒါရိုက်တာကျိုးက ဖုန်းထုတ်၍ ဓာတ်ပုံတစ်ပုံကို ဖွင့်ပြပြီး လူလတ်ပိုင်းအရွယ် သူဌေးမကြီးထံ ကမ်းပေးလိုက်၏။
"မနှစ်က ကျွန်တော်နဲ့ ဌာနမှူးတို့ Yနိုင်ငံက တော်ဝင်မိသားစုဝင်တစ်ယောက်ကို ဆေးကုသဖို့ ဖိတ်ကြားခံရတုန်းက သူတို့ရဲ့ ညစာစားပွဲမှာ ဒီသစ်သီးကို ကျွန်တော် မြင်ခဲ့ရသလို မြည်းစမ်းခွင့်တောင် ရခဲ့တယ်။ တကယ်အရသာရှိတာ"
စကားပြောရင်း ဒါရိုက်တာကျိုးမှာ အတိတ်အမှတ်တရများထဲ နစ်မျောသွားပြီး သစ်သီး၏ အရသာကို တွေးကာ တံတွေးမျိုချလိုက်မိသည်။
ဓာတ်ပုံကို မြင်ပြီးနောက် လူလတ်ပိုင်းအရွယ် သူဌေးမကြီးလည်း ချက်ချင်းပင် ယုံကြည်သွားတော့သည်။
အမှန်တရားနှင့် ရင်ဆိုင်လိုက်ရသောအခါ သူ(မ)တွင် ပြန်လည်ချေပစရာ မရှိတော့သလို ပြောစရာစကားလည်း ဆွံ့အသွားသည်။
"ကောင်လေး... ဒီပုလဲသစ်သီးကို မင်း ဘယ်ကရလာတာလဲ"
ဒါရိုက်တာကျိုးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ယဲ့ချန်းက ခပ်ဖွဖွပြုံး၍ ပြောလိုက်၏။
"မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးလိုက်တာပါ"
"မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးတာ ဟုတ်လား"
ယဲ့ချန်း၏ စကားကို ကြားသောအခါ လူလတ်ပိုင်းအရွယ် သူဌေးမကြီးသာမက ဒါရိုက်တာကျိုးပင် အံ့ဩသွားသည်။
ဤမျှရှားပါးလှသော သစ်သီးကို လက်ဆောင်အဖြစ် ပေးနိုင်လောက်သည့် ထိုသူငယ်ချင်းမှာ ဘယ်လောက်တောင် ဩဇာကြီးမားသည့် နောက်ခံမျိုးရှိနေလေမလဲ။ သူတို့ရှေ့ရှိ ဤလူငယ်လေး၏ နောက်ခံကိုလည်း လျှော့တွက်၍ မရနိုင်တော့ပေ။
"ဟုတ်ပါတယ်။ ကျွန်တော့်မိတ်ဆွေက ပေးလိုက်တာပါ"
ယဲ့ချန်းက ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ဖန်းသားအမိကလည်း ထိုစကားကို ကြားသောအခါ အလွန်တုန်လှုပ်သွားကြသည်။ အစပိုင်းတွင် သာမန်သစ်သီးသာဖြစ်မည်ဟု ထင်ခဲ့သော်လည်း တော်ဝင်မိသားစုအဆင့် ဆက်ဆံခံရလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် အံ့ဩမှင်တက်သွားသည်။
"ယဲ့ချန်း... ဒီပုလဲသစ်သီးက အရမ်းတန်ဖိုးကြီးလွန်းပါတယ်။ အန်တီတို့ လက်မခံနိုင်ဘူး။ မင်းပဲ ပြန်ယူသွားလိုက်ပါ"
အမျိုးသမီးဖန်းက အမြန်ပြောလိုက်သည်။
ယဲ့ချန်းက သူတို့ကို အများကြီး ကူညီပေးခဲ့ပြီးဖြစ်လေရာ ဤမျှတန်ဖိုးကြီးသော လက်ဆောင်ကိုပါ လက်ခံလိုက်လျှင် ထိုကျေးဇူးကို မည်သို့ပြန်ဆပ်ရမည်မှန်း သူ(မ) မသိတော့ပေ။
ယဲ့ချန်း စကားမပြောရသေးခင် ဖန်းယွင်က ပြောလိုက်သည်။
"အစ်ကိုယဲ့ချန်း... အမေပြောတာ မှန်တယ်။ အစ်ကိုပဲ ပြန်ယူသွားပါ"
"ကျွန်တော် ယူလာပြီးမှတော့ အန်တီစားဖို့ပဲပေါ့။ ဒီလောက်အထိ အားနာနေစရာ မလိုပါဘူး"
ယဲ့ချန်းက ဖန်းသားအမိကို ပြုံးလျက် ပြောလိုက်သည်။
ဒါရိုက်တာကျိုးကလည်း ယဲ့ချန်းကို လေးစားသွားသည်။ အစပိုင်းက သစ်သီး၏ ရှားပါးမှုကို မသိဘဲ လက်ဆောင်ပေးခြင်းမှာ ကိစ္စမရှိပေ။
သို့သော် ယခု အမှန်တရားကို သိနေလျက်နှင့်ပင် လက်ဆောင်အဖြစ် အတင်းအကျပ် ပေးနေခြင်းမှာ သူ့ရက်ရောမှုကား အမှန်တကယ် ချီးကျူးစရာပင်။
ဤသည်မှာ သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော သူဌေးများ၏ ကမ္ဘာတစ်ခုပင်။
"အန်တီဖန်း... အခုရော ဘယ်လိုနေသေးလဲ"
ဒါရိုက်တာကျိုးက အမျိုးသမီးဖန်းကို မေးလိုက်သည်။
အစက စစ်ဆေးရုံသက်သက်သာ လာခဲ့ခြင်းဖြစ်သော်လည်း ဖန်းသားအမိက ဤမျှ ဩဇာကြီးမားသော နောက်ခံရှိသူနှင့် သိကျွမ်းနေကြောင်း မြင်သောအခါ သူတို့ကို မျက်နှာလုပ်ချင်သွားသည်။
ဘယ်သူသိနိုင်မည်နည်း။ ဤသည်မှာ အနာဂတ်တွင် ရာထူးတိုးဖို့အတွက် အထောက်အကူ ဖြစ်လာနိုင်သည်။
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျိုး... ကျွန်မ သက်သာပါတယ်"
အမျိုးသမီးဖန်းက ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ။ ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်။ အဆင်မပြေတာတစ်ခုခုရှိရင် ကျွန်တော့်ကိုသာ လှမ်းခေါ်လိုက်ပါ"
ဤသို့ပြောပြီးနောက် ဒါရိုက်တာကျိုးက အခန်းထဲမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ဒါရိုက်တာကျိုးက သူ(မ)ကို ဘာမှမမေးသဖြင့် လူလတ်ပိုင်းအရွယ် သူဌေးမကြီးမှာ စိတ်ဆိုးသွားပြီး လျစ်လျူရှုခံရသည်ဟု ခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ သူတို့က လူနာခန်းတစ်ခုတည်းတွင် အတူရှိနေကြသည်မဟုတ်လော။
ဒါရိုက်တာက မျက်နှာလိုက်လို့ မရဘူးလေ။ ဟုတ်တယ်မလား။
"ဒါရိုက်တာ... ရှင် ကျွန်မကို ဘာမှမမေးရသေးဘူး။ ကျွန်မ ခံစားနေရတာက..."
လူလတ်ပိုင်းအရွယ် သူဌေးမကြီးက နာကျင်နေလေဟန် မျက်နှာထားဖြင့် ပြောလိုက်သည်။
သူ(မ) စကားမဆုံးခင်မှာပင် ဒါရိုက်တာကျိုးက စိတ်မရှည်လက်မရှည် ပြောလိုက်လေသည်။
"ခင်ဗျား ကောင်းကောင်းစား ကောင်းကောင်းသောက်နေနိုင်တာကို ကျွန်တော် မြင်နေရတာပဲ။ အကောင်းကြီးပါ။ ဘာပြဿနာမှ မရှိဘူး"
ထိုသို့ပြောပြီးသည်နှင့် လူနာခန်းထဲက ထွက်သွားလေသည်။
သူ(မ)အပေါ် ထားရှိသော ဒါရိုက်တာကျိုး၏ သဘောထားကို ခံစားလိုက်ရသဖြင့် လူလတ်ပိုင်းအရွယ် သူဌေးမကြီးမှာ ဒေါသထွက်သွားလေသည်။ ထိုကဲ့သို့သော ဆက်ဆံမှုမျိုးကို တစ်ခါမှ မခံခဲ့ရဖူးပေ။
သူ(မ)ခင်ပွန်း၏ အဆင့်အတန်းနှင့် ရာထူးကြောင့် ဤဆေးရုံသို့ ရောက်ကတည်းက ဌာနမှူးကလွဲ၍ ကျန်းမာရေးဝန်ထမ်းအားလုံးက သူ(မ)ကို အလွန်ယဉ်ကျေးစွာ ဆက်ဆံခဲ့ကြသည်။ သူ(မ) ဗီအိုင်ပီတစ်ယောက်လို အခွင့်အရေးကို ခံစားခဲ့ရသည်။ သို့သော် အမျိုးသမီးဖန်းရောက်လာပြီးကတည်းက အခြားသူများ၏ အပြုအမူများ ပြောင်းလဲသွားလေရာ သူ(မ) မွန်းကျပ်ရသည်။
"ခဏနေပါဦး ဒါရိုက်တာကျိုး"
ယဲ့ချန်းက ရုတ်တရက် လှမ်းခေါ်လိုက်သည်။
"ကောင်လေး... ဘာကိစ္စများရှိလို့လဲ"
ဒါရိုက်တာကျိုးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
•••••••••••••••••••••••