← Chapters

အခန်း ၇၆၈

Vol. 52 Ch. 768

အခန်း ၇၆၈

Vol. 52 Ch. 768

အပိုင်း ၇၆၈ : နှိမ့်ချစွာ နေထိုင်ပါ

"အများကြီး ကျေးဇူးတင်ပါတယ်"

အမျိုးသမီးဖန်းက ကျေးဇူးတင်စကားပြောလိုက်သည်။

ခွဲစိတ်မှုကို တစ်ရက်စောပြီး ပြုလုပ်ရခြင်းမှာ လူနာ၏ အခြေအနေအတွက် အလွန်အကျိုးရှိပေသည်။

ဒါရိုက်တာကျိုးက ပြုံးလျက် ပြောလိက်၏။

"အမျိုးသမီးဖန်း.... ဒီလောက်အထိ အားနာနေစရာ မလိုပါဘူး။ ဒါက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့အရာပါ"

ထိုစကားဝိုင်းကို ကြားသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသမီးက ကန့်ကွက်လိုက်သည်။

"ဒါရိုက်တာကျိုး... သူက ကျွန်မထက် နောက်ကျမှ ဆေးရုံတက်တာကို ဘာလို့ သူ့ခွဲစိတ်မှုကို ဒီညလုပ်ဖို့ စီစဉ်ပြီး ကျွန်မကိုကျတော့ တစ်လလောက် အချိန်ဆွဲထားရတာလဲ"

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဌာနမှူးချန်းကို သွားမေးလို့ ရပါတယ်"

ဒါရိုက်တာကျိုးက ပြုံးလျက် ပြောလိုက်သည်။

ဒါရိုက်တာကျိုး၏ အဖြေကို ကြားသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသမီးမှာ ဆွံ့အသွားလေတော့သည်။

စောစောက ယဲ့ချန်းနှင့် ဌာနမှူးချန်းတို့၏ စကားများကိုလည်း သူ(မ) ကြားထားသည်။ ဌာနမှူးချန်းထံမှ ထိုမျှအထိ ရိုသေလေးစားမှုကို ရရှိသူမှာ သာမန်လူတော့ မဖြစ်နိုင်ပေ။

သူ(မ)၏သားကို အကူအညီတောင်းခိုင်းလျှင်ပင် အရာရောက်လိမ့်မည် မဟုတ်ပေ။

"မစ္စတာယဲ့... တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော် သွားလိုက်ပါဦးမယ်"

ဒါရိုက်တာကျိုးက ပြုံးလျက် ပြောလိုက်သည်။

ယဲ့ချန်းကလည်း ပြုံးတုံ့တုံ့ဖြင့် ပြန်ဖြေသည်။

"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်"

ဒါရိုက်တာကျိုး လူနာခန်းထဲက ထွက်သွားပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသမီးက ယဲ့ချန်းကို ကြည့်ကာ တောင်းပန်လိုက်သည်။

"မစ္စတာယဲ့... ကျွန်မရဲ့ ခွဲစိတ်မှုကို နည်းနည်းလောက် စောပေးလို့ရမလားလို့ ဌာနမှူးကို မေးပေးလို့ ရမလား"

ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူ(မ)၏ မောက်မာမှုများကို ပျောက်ကွယ်သွားစေသည်။ ယဲ့ချန်းကို မလျှော့တွက်ရဲတော့သဖြင့် သူ(မ)၏ ဆက်ဆံရေးကလည်း သိသိသာသာ ပြောင်းလဲသွားသည်။

ယဲ့ချန်းက သူ(မ)ကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ပြုံးလျက် ပြောလိုက်သည်။

"ခင်ဗျားသားက ဆေးရုံက အထက်လူကြီးတွေကို သိတယ်ဆို။ သူ့ကိုပဲ ရှင်းခိုင်းလိုက်လေ"

သူ(မ)၏ အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသမီးမှာ ခွဲစိတ်မှုကို တစ်လတိတိ နောက်ဆုတ်လိုက်ရကြောင်း ကြားရသဖြင့် အလွန်စိတ်ပူပန်သွားသည်။

ယဲ့ချန်း၏ စကားကို ကြားပြီးနောက် သူ(မ)က နှိမ့်ချစွာ ပြန်ပြောလိုက်၏။

"ကျွန်မသားက မစ္စတာယဲ့လောက်တော့ ဘယ်လိုလုပ် အရည်အချင်းရှိမှာလဲရှင်။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ကူညီပေးပါဦး"

ယဲ့ချန်းအတွက်တော့ ဤသည်မှာ စကားတစ်ခွန်း ပြောပေးရုံမျှသာဖြစ်သဖြင့် သူ(မ)ကို မကူညီနိုင်ခြင်းတော့ မဟုတ်ပေ။ သို့သော် ယခင်ရက်များက သူ(မ)သည် ဖန်းသားအမိကို မည်သို့လှောင်ပြောင်ခဲ့ကြောင်း ပြန်အမှတ်ရလိုက်လေရာ သူများကို အထင်မသေးတတ်စေရန် သင်ခန်းစာပေးဖို့ ယဲ့ချန်း ဆုံးဖြတ်လိုက်သည်။

ထိုအမျိုးသမီး၏ တောင်းပန်စကားများကို လျစ်လျူရှုကာ ယဲ့ချန်းက အမျိုးသမီးဖန်းနှင့် စကားပြောပြီး ပြုံးပြိလိုက်သည်။

"အန်တီ... ကျွန်တော် ပြန်လိုက်ပါဦးမယ်။ တစ်ခုခုလိုအပ်ရင် ရှောင်ယင်းကို ဆက်သွယ်ခိုင်းလိုက်ပါ"

"ကောင်းပါပြီ ယဲ့ချန်း... ကျေးဇူးပါပဲ"

အမျိုးသမီးဖန်းကလည်း ပြုံးစစဖြင့် ပြန်ဖြေသည်။

ယဲ့ချန်းက သူ(မ)ကို အရေးမစိုက်ကြောင်း မြင်သောအခါ လူလတ်ပိုင်းအရွယ် အမျိုးသမီးမှာ အလွန်စိတ်ပျက်သွားတော့သည်။ ယနေ့ ပုလဲသစ်သီးကို လက်လွတ်လိုက်ရရုံသာမက သူ(မ)၏ ခွဲစိတ်မှုလည်း တစ်လတိတိ နောက်ဆုတ်ခံလိုက်ရပေသည်။

ယဲ့ချန်း လူနာခန်းထဲက ထွက်လာသောအခါ ဖန်းယင်းက သူ့ကို ကားပါကင်အထိ လိုက်ပို့ပေးခဲ့သည်။

"ရှောင်ယင်... ပြန်ပြီး အန်တီ့ကို သွားပြုစုလိုက်ပါဦး"

ဖန်းယင်က ရုတ်တရက် ခြေဖျားထောက်ကာ ယဲ့ချန်း၏ ပါးကို အမြန်နမ်းလိုက်ပြီးနောက် နီမြန်းနေသော မျက်နှာဖြင့် လှည့်ပြေးသွားတော့သည်။

ရုတ်တရက် အနမ်းခံလိုက်ရသဖြင့် ယဲ့ချန်း ခဏတာ ကြောင်အမ်းသွားပြီးနောက် အနမ်းခံရသော နေရာကို ကိုင်ကာ ရယ်ချင်စိတ်ပေါက်သွားသည်။

ယဲ့ချန်းလည်း သူ့ပါဂါနီကားလေးဖြင့် ပါဆယ်များကို ဆက်လက်ပို့ဆောင်ခဲ့သည်။

ပါဆယ်ပို့ရမည့် နေရာဖြစ်သော ဝမ်တာ့စံအိမ်သို့ ရောက်လာခဲ့သည်။

ထိုအချိန်တွင် အဝင်ဝရှိ လုံခြုံရေးအစောင့်နှစ်ယောက်က ဝင်ထွက်သွားလာနေသူများကို သတိကြီးကြီး စောင့်ကြည့်နေပြီး သူတို့၏ တာဝန်ကို အကြိုးကြိုးစားစား ထမ်းဆောင်နေကြသည်။

ရုတ်ခြည်းပင် သူတို့ စံအိမ်ထဲသို့ ပါဆယ်ပို့ရန် ဝင်ရောက်လာသူတစ်ဦးကို မြင်လိုက်ရသည်။

အစောင့်နှစ်ယောက်က ချက်ချင်း ရှေ့ထွက်လာပြီး သူ့ကို တားဆီးလိုက်၏။

"ဆရာ... တောင်းပန်ပါတယ်။ ဒီအဆင့်မြင့်လူနေအိမ်ရာမှာ သူစိမ်းတွေကို ဝင်ခွင့်မပြုပါဘူး"

အတားခံလိုက်ရသူမှာ ရှောင်ဖန်ဖြစ်၏။ သူ့ခမျာ အလွန်စိတ်ဓာတ်ကျနေပုံပေါ်သည်။

စံအိမ်ရှိ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များကို စောင့်ဆိုင်းရသည်မှာ အနည်းဆုံး တစ်နာရီခန့် ကြာတတ်ပြီး အချိန်များစွာ ဖြုန်းတီးပစ်ရသည်။

ဤတစ်ကြိမ်မှာမူ ရှောင်ဖန် ကံမကောင်းလှပေ။ ဝမ်တာ့စံအိမ်သို့ ပါဆယ်ပို့ရန် ရှိနေပေသည်။

သူက ဖုန်းထုတ်၍ ပါဆယ်ထုပ်ပေါ်ရှိ ဆက်သွယ်ရန် နံပါတ်ကို ခေါ်ဆိုလိုက်သည်။

"မစ္စဝမ်လားဗျ ကျွန်တော် ပါဆယ်ပို့သမားပါ။ ခင်ဗျားအတွက် ပါဆယ်တစ်ခု ပါလို့ပါ။ ကျေးဇူးပြုပြီး အောက်ဆင်းပြီး လာယူပေးလို့ရမလား"

"ဪ သိပါပြီ"

အမျိုးသမီးတစ်ယောက်က ပြန်ဖြေလာသည်။

"ဘယ်အချိန်လောက် ဆင်းလာနိုင်..."

ရှောင်ဖန် စကားမဆုံးခင်မှာပင် ဖုန်းကျသွားသည်။

သူ ဘာမှမတတ်နိုင်တော့ပေ။ မူလက အချိန်ဘယ်လောက်ကြာမလဲဟု မေးပြီး နောက်ထပ်ပါဆယ်တစ်ခုကို အရင်သွားပို့ရန် သူ စဉ်းစားထားသည်။

သို့သော် ယခုတော့ သူ သေချာမသိရသဖြင့် ထိုနေရာတွင်သာ စောင့်နေရတော့သည်။

အကယ်၍ မစ္စဝမ် ဆင်းလာချိန်တွင် သူ့ကို မတွေ့ပါက သေချာပေါက် တိုင်ကြားလိမ့်မည်။

စိတ်မပါသော်လည်း သူ ရွေးချယ်စရာ မရှိပေ။

ယဲ့ချန်းသည် သူ့ပါဂါနီကားဖြင့် ဝမ်တာ့စံအိမ်သို့ ဝင်ရန် ဟန်ပြင်နေစဉ် ရှောင်ဖန်တစ်ယောက် ဂိတ်ပေါက်ဝတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။

ရှောင်ဖန်၏ နာမည်အရင်းမှာ ဟန်ချုံးဖြစ်ပြီး သူ၏ဝကစ်ကစ်ကိုယ်လုံးနှင့် အစားအသောက်ကို နှစ်သက်မှုကြောင့် လူတိုင်းက သူ့ကို ရှောင်ဖန်ဟု ခေါ်ကြသည်။

သူက ငယ်ရွယ်သော်လည်း အလုပ်ကြိုးစားသဖြင့် ယဲ့ချန်း သူ့ကို သဘောကျသည်။

ယဲ့ချန်းလည်း ကားမှန်ကိုချ၍ မေးလိုက်၏။

"ရှောင်ဖန်.. မင်း ဘယ်လိုဖြစ်လို့ အပြင်မှာ သောင်တင်နေပြန်တာလဲ"

ရင်းနှီးနေသော အသံကို ကြားသောအခါ ရှောင်ဖန်က မျက်လုံးပွတ်၍ သူမြင်နေရသည့် မြင်ကွင်းကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

"အစ်ကိုချန်း အစ်ကိုလား"

"အေးလေ... အံ့ဩသွားလား"

ယဲ့ချန်းက ပြုံးလျက် မေးလိုက်သည်။

သူ့ရှေ့ရှိ ခပ်မိုက်မိုက် ပါဂါနီပြိုင်ကားလေးကို ကြည့်လိုက်သည်။

ကားမောင်းသူနေရာတွင် ထိုင်နေသော ယဲ့ချန်းကို သူ လှမ်းကြည့်လိုက်ပြီးနောက် အံ့ဩလွန်း၍ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

"ဝိုး! အစ်ကိုချန်း... ဒီဇိမ်ခံကားက အစ်ကို့ဟာလား"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်"

ပုံမှန်ဆိုလျှင် ရှောင်ဖန်သည် ယဲ့ချန်း ကျီလိကားတစ်စီး မောင်းနေသည်ကိုသာ မြင်ဖူးသည်။

ဤလူက ကောလာဟလထွက်နေသည့် ဘဝအတွေ့အကြုံယူနေသော သူဌေးသားဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားပေ။

အနည်းငယ် သံသယရှိနေဆဲဖြစ်သော ရှောင်ဖန်ခမျာ ထိုနေရာ၌ မယုံကြည်နိုင်ဟန်ဖြင့် ကြက်သေသေနေတော့သည်။

"ရှောင်ဖန်... တက်လေ။ မင်းကို အထဲခေါ်သွားပေးမယ်"

ယဲ့ချန်းက ပြောလိုက်သည်။

ရှောင်ဖန် မလှုပ်မယှက်ဖြစ်နေသည်ကို မြင်သောအခါ ယဲ့ချန်းက စနောက်လိုက်၏။

"ရှောင်ဖန်... မင်း မလိုက်ချင်ရင်လည်း ဒီမှာပဲ ဆက်စောင့်နေခဲ့တော့။ ငါ အရင်ဝင်နှင့်ပြီ"

ယဲ့ချန်းက သူ့ကို နောက်ပြောင်သည့်အနေနှင့် ကားကို မောင်းထွက်သွားတော့မည့်ဟန် ပြုလိုက်သည်။

ရှောင်ဖန်လည်း သတိပြန်ဝင်လာပြီး အမြန်အော်လိုက်လေတော့သည်။

"အစ်ကိုချန်း... ကျွန်တော့်ကို စောင့်ပါဦး"

မစ္စဝမ် ဘယ်အချိန်ဆင်းလာမည်ကို မသိရသဖြင့် သူ ထပ်မစောင့်ချင်တော့ပေ။

မျက်စိရှင်သော အစောင့်နှစ်ယောက်က ပါဂါနီကားကို မြင်သည်နှင့် အမြန်မတ်တတ်ရပ်ကာ စည်းကမ်းတကျ အလေးပြုလိုက်ကြသည်။

ယွမ်သန်းဆယ်ချီတန်သော ကားကို မောင်းနှင်သူတိုင်းမှာ သာမန်လူ မဖြစ်နိုင်သဖြင့် သူတို့ မပေါ့ဆရဲကြပေ။

ဤလူများသည် စံအိမ်၏ အထက်တန်းလွှာများ ဖြစ်ကြသည်။

အကယ်၍ ထိုကဲ့သို့သောလူကို စော်ကားမိပါက သူတို့ အလုပ်ပြုတ်သွားနိုင်သည်။

အစောင့်နှစ်ယောက်က ယဲ့ချန်းကို တားဖို့ စိတ်ကူးမရှိဘဲ လေးလေးစားစား လမ်းဖယ်ပေးလိုက်ကြသည်။

ရှောင်ဖန်လည်း ထပ်တူ အံ့ဩသွားသည်။ ဇိမ်ခံကားဖြင့် ပါဆယ်ပို့နေသော ယဲ့ချန်းမှာ အတားအဆီးမရှိ အလွယ်တကူ ဝင်ခွင့်ရသွားသဖြင့် အံ့ဩသွားရသည်။

"အစ်ကိုချန်း... အစ်ကိုကတော့ လွန်တယ်ဗျာ။ ဒီလောက်တောင် သိုသိုသိပ်သိပ်နေရလား"

ရှောင်ဖန်က အပြစ်တင်သလို နောက်ပြောင်လိုက်သည်။

ယဲ့ချန်းမှာ သာမန်လူတစ်ယောက်လို ပြုမူနေထိုင်ပြီး သူ့ဝတ်စားဆင်ယင်ပုံနှင့် အမူအရာတို့တွင် သူဌေးသားတစ်ယောက်၏ အဆင့်အတန်းကို လုံးဝ မပေါ်လွင်စေပေ။

အမှန်တော့ သူ့အထင် မှားနေချေသည်။ ယဲ့ချန်းက သူဌေးသားမဟုတ်ပါဘဲ သူဌေးတစ်ဦးပင်။

"သိုသိုသိပ်သိပ်နေရမယ်လေ။ သိုသိုသိပ်သိပ်နေဖို့ အရေးကြီးတယ်"

ယဲ့ချန်းက နောက်ပြောင်လေဟန်ဖြင့် ပြန်ဖြေလိုက်သည်။

ရှောင်ဖန်ခမျာ စုတ်သပ်လိုက်မိသည်။ ယွမ်သန်းဆယ်ချီတန်သော ကားဖြင့် ပါဆယ်ပို့နေပြီးမှ သိုသိုသိပ်သိပ်နေဖို့ ပြောနေသေးသည်။

သို့သော် သူ့ပါးစပ်က ထုတ်ပြောမည်တော့ မဟုတ်ပေ။

ယဲ့ချန်းကြောင့်သာ မဟုတ်ပါက သူလည်း မစ္စဝမ်ကို ပင်ပင်ပန်းပန်း ဆက်စောင့်နေရဦးမည်ဖြစ်ရာ တန်ဖိုးရှိသော ပါဆယ်ပို့ချိန်များကို ဖြုန်းတီးမိပေလိမ့်မည်။

ယခုမူ ဤပါဆယ်ပို့ခြင်း ပြီးစီးသွားပါက သူ့အနေနှင့် နောက်ထပ်ပါဆယ်ပို့ရမည့်နေရာသို့ သွားနိုင်မည်ဖြစ်ရာ ယဲ့ချန်းကိုသာ ကျေးဇူးတင်ရမည်ဖြစ်၏။

ယဲ့ချန်းလည်း လူနေအိမ်ရာထဲသို့ မောင်းဝင်သွားပြီး ကားရပ်လိုက်သည်။

သူတို့နှစ်ယောက်သား ကားပေါ်ကဆင်းကာ ကိုယ့်ပါဆယ်ကိုယ်ပို့ရန် ခွဲထွက်သွားကြသည်။

•••••••••••••••••••••••

All Chapters