← Chapters

အခန်း ၇၆၉

Vol. 52 Ch. 769

အခန်း ၇၆၉

Vol. 52 Ch. 769

အပိုင်း ၇၆၉ : ရွှေအဆင့်ဖေဖေ

ဝမ်တာ့စံအိမ်ထဲက ထွက်လာစဉ် ရှောင်ဖန်၏ မျက်နှာပေါ်တွင် ကျေးဇူးတင်နေလေဟန် အမူအရာအပြည့်ရှိနေချေသည်။

"အစ်ကိုချန်း... ကျွန်တော် တကယ်ကျေးဇူးတင်လို့မဆုံးဘူးဗျာ"

"ငါတို့တွေက ညီအစ်ကိုတွေပဲဟာ။ ငါ့ကို ဒီလောက် အားနာနေစရာမလိုပါဘူး"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

ရှောင်ဖန်က သူ့လျှပ်စစ်သုံးဘီးဆိုင်ကယ်လေးကို စီးကာ ယဲ့ချန်းကတော့ ပါဂါနီပြိုင်ကားကို မောင်းနှင်ရင်း လမ်းဆုံတစ်ခုအရောက်တွင် သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြသည်။

ရုတ်ခြည်းပင် ယဲ့ချန်း၏ဖုန်းက အသံမြည်လာသည်။ ဥပဒေကို လေးစားလိုက်နာတတ်သော နိုင်ငံသားပီပီ သူက ကားကို လမ်းဘေးတွင် ရပ်လိုက်ပြီးမှ ဖုန်းကိုင်လိုက်သည်။

"ယဲ့ချန်း... ရှင် ဘာလို့ ဖုန်းကိုင်တာ ဒီလောက် ကြာနေရတာလဲ"

စုဝမ်ယိက အနည်းငယ် အပြစ်တင်သည့် လေသံဖြင့် မေးလိုက်သည်။

"အချစ်လေး... ကိုယ် ကားမောင်းနေလို့ပါ။ ဘာကိစ္စရှိလို့လဲ"

ယဲ့ချန်းက အမြန်ပြန်မေးလိုက်သည်။

စုဝမ်ယိနှင့် တွဲလာသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ သူ(မ)က အကြောင်းမရှိဘဲ ဖုန်းခေါ်လေ့မရှိကြောင်း သူသိသည်။

"ခဏနေရင် လပ်ကင်းကော်ဖီဆိုင်ကို လာခဲ့လို့ရမလား။ အဲ့ဒီမှာတွေ့ကြတာပေါ့"

စုဝမ်ယိက အနည်းငယ် အလျင်လိုနေသည့် လေသံဖြင့် ပြောလိုက်သည်။

ဖုန်းချပြီးနောက် ယဲ့ချန်းလည်း စုဝမ်ယိချိန်းဆိုထားသော ကော်ဖီဆိုင်သို့ သွားလိုက်သည်။

ဆိုင်သို့ရောက်သည်နှင့် ဆောက်လုပ်ရေးဘဏ်ဥက္ကဋ္ဌဝမ်ယန်ထံမှ စီးပွားရေးကိစ္စများ ဆွေးနွေးလိုကြောင်း ဖုန်းဝင်လာသည်။

ဤနေရာတွင် စုဝမ်ယိကို စောင့်နေစဉ်အတွင်း ဝမ်ယန်ကိုပါ လာခိုင်းလိုက်ပြီး တစ်ခါတည်း ဆွေးနွေးလိုက်လျှင် ကောင်းမည်ဟု ယဲ့ချန်း တွေးလိုက်သည်။

ဖုန်းချပြီး သိပ်မကြာခင်မှာပင် သပ်ရပ်ခန့်ညားသော ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအမျိုးသားတစ်ယောက် ကော်ဖီဆိုင်ထဲသို့ ဝင်လာသည်။

သူ့နောက်တွင်လည်း သက်တော်စောင့်များ လိုက်ပါလာကြသည်။

ဤလူမှာ အခြားသူမဟုတ်ပါဘဲ ယဲ့ချန်းနှင့် စီးပွားရေးကိစ္စများ ဆွေးနွေးမည့် ဘဏ်ဥက္ကဋ္ဌဝမ်ယန်ပင်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကော်ဖီဆိုင်ထဲရှိ အခြားဖောက်သည်များမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။

အချို့က သူ မည်သူမည်ဝါဖြစ်ကြောင်းကိုပင် မှတ်မိနေကြသည်။

"ဝိုး... အဲ့ဒါ ဘဏ်ဥက္ကဋ္ဌ ဝမ်ယန်မဟုတ်ဘူးလား။ သူ ဒီမှာ ဘာလာလုပ်တာလဲ"

"ဘယ်သိမလဲ။ သူက သန်းပေါင်းများစွာ ထုတ်ပေးနိုင်တဲ့ ဖောက်သည်တွေနဲ့ပဲ တွေ့လေ့ရှိတယ်လို့ ကြားဖူးတယ်"

"ဟုတ်တယ်။ သူကိုယ်တိုင် အပြင်ထွက်ပြီး အလုပ်ကိစ္စလာပြောရတယ်ဆိုတော့ တစ်ဖက်လူက သာမန်လူတော့ မဖြစ်နိုင်ဘူး"

ဝမ်ယန်ကိုယ်တိုင် ကော်ဖီဆိုင်သို့ ရောက်လာသည်ကို မြင်သောအခါ ထိုဗီအိုင်ပီဖောက်သည်ကြီးက မည်သို့သောပုဂ္ဂိုလ်မျိုး ဖြစ်မည်ကို လူတိုင်း စိတ်ဝင်တစား ခန့်မှန်းနေကြသည်။

ယဲ့ချန်းကတော့ ဘေးနားရှိ ပြောဆိုသံများကို လျစ်လျူရှုကာ ကော်ဖီကိုသာ အေးအေးဆေးဆေး သောက်နေလိုက်သည်။

လူတိုင်း၏ အကြည့်အောက်တွင် ဝမ်ယန်သည် သေသပ်စွာ ဝတ်ဆင်ထားသော ဖောက်သည်များကို ကျော်ဖြတ်ကာ ပါဆယ်ပို့သမားဝတ်စုံဝတ်ထားသော လူငယ်လေးထံသို့ အလွန်ရိုသေလေးစားသော အမူအရာဖြင့် တန်းတန်းမတ်မတ် လျှောက်သွားလေသည်။

ယဲ့ချန်းကဲ့သို့ ဩဇာကြီးမားသည့် ပုဂ္ဂိုလ်မျိုးအတွက် ဝမ်ယန်အနေနှင့် သူ့စေတနာကို ပြသရန် ကိစ္စရပ်များကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆွေးနွေးရမည်မှာ အသေအချာပင်။

ဤသူဌေးကြီးများက လေးစားမှုကို အလေးထားတတ်ကြောင်း ဝမ်ယန် ကောင်းကောင်းသိသည်။

သူ့အတွက်တော့ ယဲ့ချန်းက ရွှေအဆင့်ဖေဖေလို ဖြစ်နေပြီး အဘိုးဟုခေါ်လျှင်ပင် လျော့နေဦးမည်ဖြစ်၏။

ယဲ့ချန်းကဲ့သို့သော ဖောက်သည်ကြီးများကြောင့် သူ့ဆုကြေးငွေမှာ သန်းပေါင်းများစွာရှိပြီး ရာထူးများလည်း အဆက်မပြတ် ထိုးတက်လာခဲ့သည်။

လူတိုင်း၏ အံ့ဩနေသော အကြည့်များအောက်တွင် ဝမ်ယန်သည် ယဲ့ချန်းရှေ့သို့ ရောက်လာကာ ခါးညွတ်၍ ရိုသေစွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"

သူ့နောက်ရှိ သက်တော်စောင့်များကလည်း ပြိုင်တူအော်ဟစ်နှုတ်ဆက်ကြသည်။

"ဥက္ကဋ္ဌယဲ့"

"ဥက္ကဋ္ဌယဲ့ ဟုတ်လား"

ဝမ်ယန်နှင့် သူ့နောက်ရှိ သက်တော်စောင့်များက ယဲ့ချန်းကို ဤသို့ခေါ်လိုက်ကြောင်း ကြားသောအခါ လူတိုင်း တစ်ဖန်ဆွံ့အသွားကြပြန်သည်။

ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ရသည်မှာ သာမန်ပါဆယ်ပို့သမားတစ်ဦးနှင့်သာ တူနေပေသည်။

သူ့ရှေ့ရှိ ဘဏ်ဥက္ကဋ္ဌကမူ နှိမ့်ချသော အစေခံတစ်ယောက်ကဲ့သို့ ပြုမူနေသည်။

ဝိုး... ဘဏ်ဥက္ကဋ္ဌတစ်ယောက်ကတောင် ဒီလောက်အထိ ရိုရိုသေသေဆက်ဆံရအောင် ဒီပါဆယ်ပို့သမားက ဘယ်လိုနောက်ခံမျိုး ရှိနေလို့လဲ။

လူတိုင်း စိတ်ထဲက ခန့်မှန်းနေကြသည်။

သူ့အပေါ် ကျရောက်နေသော လူတိုင်း၏ အံ့ဩလေဟန် အကြည့်များကို ခံစားရသည့်အပြင် ဘေးနားရှိ လူများထံမှ ပါဆယ်ပို့သမားတစ်ယောက်အပေါ် ထားရှိသည့် အထင်သေးမှုနှင့် လှောင်ပြောင်မှုတို့ကို ခံစားလိုက်ရသောအခါ ယဲ့ချန်း၏မျက်နှာထက်ဝယ် အပြုံးတစ်ပွင့် ပေါ်လာလေသည်။

ဥက္ကဋ္ဌတစ်ယောက် ဖြစ်လာရန်အတွက် ဝမ်ယန်အနေနှင့် မျက်နှာကဲကောင်းကောင်းခတ်တတ်ရပေသည်။

ယဲ့ချန်းကျေနပ်စေရန် သူက တမင်တကာ အသံမြှင့်ကာ ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့.. ကျွန်တော်တို့ဆီမှာ အပ်ထားတဲ့ ခင်ဗျားရဲ့အပ်ငွေ ဘီလီယံပေါင်းများစွာကို စနစ်အကျဆုံး နည်းလမ်းတွေနဲ့ စီမံခန့်ခွဲပေးထားပါတယ်။ ပြီးတော့ အခု ထပ်အပ်လိုက်တဲ့ တစ်ဘီလီယံကိုလည်း ခင်ဗျားအတွက် အမြင့်ဆုံး အကျိုးအမြတ်ရရှိစေဖို့ အကောင်းဆုံးအစီအစဉ်နဲ့ စီမံခန့်ခွဲပေးသွားမှာပါ"

ယဲ့ချန်းက ခေါင်းညိတ်ပြလေသည်။

"အဲဒီအတွက် ကျေးဇူးပါပဲ"

ဝမ်ယန်၏စကားကို ကြားသောအခါ ယခင်က ယဲ့ချန်းကို အထင်သေးခဲ့သူများအားလုံးမှာ ကြောင်အမ်းအမ်းဖြင့် ပါးစပ်အဟောင်းသားပင် ဖြစ်သွားလေတော့သည်။

ဘဏ်ဥက္ကဋ္ဌဝမ်ယန်က လိမ်ပြောစရာအကြောင်း လုံးဝမရှိပေ။

ဤပါဆယ်ပို့သမားက ရူးလောက်အောင် ချမ်းသာသူပင်။

ကော်ဖီဆိုင်ထဲရှိ စကားပြောသံများမှာ တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားရလောက်သည်အထိ ငြိမ်သက်သွားသည်။

"ဒဏ္ဍာရီလာသူဌေးကြီး.. တစ်ခုခုများ လိုအပ်သေးလား"

"ဘော့စ်... ကျွန်တော့်ကို လက်ခံပေးပါ။ ဒီနေ့ကစပြီး ဘော့စ်ရဲ့တပည့် လုပ်ပါရစေ"

"အစ်ကိုပါဆယ်ပို့သမား... ကျွန်တော်ပါ အစ်ကိုနဲ့အတူ ပါဆယ်လိုက်ပို့ပါရစေ။ ဒါမှ ဘဝရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်မှာမို့လို့ပါ"

ဆိုင်ထဲရှိ အမျိုးသမီးကြီးတစ်ယောက်ကပင် စနောက်လေဟန်ဖြင့် ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့... ကျွန်မမှာ သမီးတစ်ယောက် ရှိတယ်။ သူ့ကို ကောင်မလေးအနေနဲ့ မိတ်ဆက်ပေးလို့ရမလား"

အခြားအမျိုးသမီးကြီးတစ်ယောက်ကလည်း ပြောလိုက်လေသည်။

"ဥက္ကဋ္ဌယဲ့... ကျွန်မမှာ သမီးနှစ်ယောက်ရှိတယ်။ ရှင်စိတ်မရှိဘူးဆိုရင် နှစ်ယောက်စလုံးကို မိတ်ဆက်ပေးချင်ပါတယ်"

ယဲ့ချန်းမှာ စကားပင်မပြောနိုင်တော့ချေ။

ဒီအန်တီကြီးတွေ ဘာတွေများတွေးနေကြတာလဲဟု တွေးမိသည်။

စုဝမ်ယိ သူ့ဆီသို့ လျှောက်လာသည်ကို မြင်သောအခါ ယဲ့ချန်းက သူ(မ)ကို ဆွဲဖက်လိုက်သည်။

လူတိုင်း၏အကြည့်များကို ခံစားနေရသဖြင့် စုဝမ်ယိခမျာ မျက်နှာတစ်ခုလုံး နီရဲသွားပြီး သတိပေးလိုက်လေသည်။

"ယဲ့ချန်း.. ကျွန်မကိုလွှတ်ဦး"

ယဲ့ချန်းက စုဝမ်ယိ၏စကားကို လျစ်လျူရှုပြီး အမျိုးသမီးကြီးများကို ပြောလိုက်၏။

"ဆောရီးပါဗျာ။ ကျွန်တော့်မှာ မိန်းမရှိပြီးသားဗျ"

ထိုစကားကို ကြားသောအခါ အမျိုးသမီးကြီးများက သက်ပြင်းချလိုက်သည်။

"ငါ့သမီးက ကံမပါဘူးထင်ပါတယ်လေ"

စုဝမ်ယိကမူ ယဲ့ချန်းကို မယုံကြည်နိုင်လေဟန်ဖြင့် ကြည့်ကာ မေးလိုက်သည်။

"ယဲ့ချန်း.. ဘာတွေဖြစ်နေတာလဲ"

သူ(မ)က တုံးအသူမဟုတ်ပေ။ ထိုအမျိုးသမီးကြီးများက သူတို့၏သမီးများနှင့် ယဲ့ချန်းကို သဘောတူချင်နေကြမှန်း သဘောပေါက်လိုက်သည်။

"မိန်းမရေ... မင်းယောက်ျားက ဈေးကွက်ထဲမှာ အတော်အရောင်းသွက်နေတာနော်။ ကိုယ့်ကို သေချာလေး စောင့်ကြည့်ထားမှ ရမယ်။ မဟုတ်ရင် တစ်နေ့နေ့ တစ်ယောက်ယောက်က လာလုသွားလိမ့်မယ်"

ယဲ့ချန်းက နောက်ပြောင်လိုက်သည်။

"လုပ်ရဲရင်လုပ်ကြည့်လေ"

စုဝမ်ယိကလည်း ဒေါသတကြီး ပြောလိုက်သည်။

စုဝမ်ယိ စိတ်ဆိုးသွားကြောင်း သိလိုက်သဖြင့် ယဲ့ချန်းက အမြန်ပြောလိုက်ရသည်။

"ကိုယ်က နောက်တာပါကွာ။ နောက်လို့တောင် မရဘူးလား"

စုဝမ်ယိကလည်း လက်သီးဆုပ်လေးများဖြင့် ယဲ့ချန်းကို မနာအောင် ထုလိုက်ပြီး ညည်းတွားလိုက်သည်။

"အဲ့ဒီလိုကိစ္စမျိုးကို ထပ်မနောက်နဲ့တော့"

ဝမ်ယန်ခမျာ ဘေးနားတွင် နေရခက်စွာ ရပ်နေမိသည်။ ဤအလှလေး ရောက်လာပြီးနောက် ယဲ့ချန်းက သူ့ကို ဘေးဖယ်ထားသလို ခံစားလိုက်ရသည်။

ယခုတော့ သူ ဆက်နေရမလား။ ပြန်ရမလားပင် မသိတော့ပေ။

"ဥက္ကဋ္ဌယဲ့... ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး သိချင်တာများ ရှိသေးလားဗျ"

ဝမ်ယန်က ခပ်တိုးတိုး မေးလိုက်သည်။

ထိုအခါမှသာ ယဲ့ချန်းကလည်း ဝမ်ယန် ရှိနေသေးကြောင်း ရုတ်တရက်သတိရသွားပြီး စုဝမ်ယိနှင့် နောက်ပြောင်နေမိသည်ကို ပြန်တွေးကာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

"ဘာမှမရှိတော့ပါဘူး။ ဘဏ္ဍာရေးကိစ္စတွေကို ဥက္ကဋ္ဌဝမ်ကိုပဲ လွှဲထားလိုက်ပါတော့မယ်"

ယဲ့ချန်း ပြောလိုက်သည်။

ဝမ်ယန်လည်း သက်တော်စောင့်များကို ခေါ်ကာ ကော်ဖီဆိုင်ထဲက ထွက်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ဥက္ကဋ္ဌယဲ့အနေနှင့် သူ့ဝန်ဆောင်မှုကို အလွန်ကျေနပ်သွားပုံပေါ်သည်။

ဤကျေးဇူးရှင်ကြီးကို ကျေနပ်အောင် ထားနိုင်ခြင်းမှာ အနာဂတ်တွင် ဆုကြေးငွေများနှင့် ရာထူးတိုးများ ပိုမိုရရှိလာမည်ဟု ဆိုလိုခြင်းပင်။

အမှန်တော့ စုဝမ်ယိသည် ဝမ်ယန့်အကြောင်း ကောင်းကောင်းသိထားသည်။ ဝမ်ယန် ဤနေရာကို ဘာကြောင့်ရောက်နေသလဲဟု သူ(မ)တွေးနေမိသည်။

သို့သော် သူ(မ) စကားမပြောရသေးခင်မှာပင် ယဲ့ချန်းက ရယ်မောကာ ပြောလိုက်သည်။

"သူက ဘဏ္ဍာရေးကိစ္စ လာဆွေးနွေးတာလေ။ မင်းရောက်လာတာနဲ့ ကိုယ်တို့လည်း အခုလေးတင်ဆွေးနွေးလို့ပြီးသွားတာမို့ သူလည်း ပြန်သွားတာ"

စုဝမ်ယိက ယဲ့ချန်းကို မယုံကြည်နိုင်စွာ မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ပြီးနောက် သူ(မ) မေးချင်နေသည့်ကိစ္စကို သူ ဘယ်လိုသိသလဲဟု မေးခွန်းထုတ်နေမိသည်။

"မင်းယောက်ျားဖြစ်နေလို့ မင်း ဘာတွေးနေလဲဆိုတာကို ကိုယ်သိတာပေါ့"

ယဲ့ချန်းက စုဝမ်ယိကို ထပ်နောက်ပြောင်လိုက်သည်။

ယဲ့ချန်းတွင် စိတ်ဖတ်နိုင်သော စွမ်းရည်ရှိနေသဖြင့် အခြားသူများ၏ အတွေးများကို သိနေခြင်းမှာ သူ့အတွက် အလွန်လွယ်ကူလှသော ကိစ္စတစ်ခုသာ။

••••••••••••••••••

All Chapters