← Chapters

အခန်း ၇၇၀

Vol. 52 Ch. 770

အခန်း ၇၇၀

Vol. 52 Ch. 770

အပိုင်း ၇၇၀ : ရှင်က အကောင်းဆုံးပဲ

"မုန်းစရာကြီး"

စုဝမ်ယိက မျက်နှာလေးနီရဲကာ ပြောလိုက်သည်။

ထောင့်နားရှိ ပါဆယ်ပို့သမားနှင့် အလှလေးတို့ ကြည်နူးနေကြသည်ကို မြင်နေရခြင်းမှာ လူကြားထဲ အကြွားခံလိုက်ရသလိုပင်။

ဘေးနားရှိ ရည်းစားမဲ့ရှာသူ တစ်ကိုယ်တည်းသမားများမှာ ငိုချင်လျက် မျက်ရည်မထွက်နိုင်အောင် ဖြစ်နေကြတော့သည်။

"သူ့ကို ကြည့်ပါဦး။ ပိုက်ဆံရှိတော့ သုံးနိုင်ဖြုန်းနိုင်တယ်။ လက်ထဲမှာလည်း အလှလေးတစ်ယောက်နဲ့။ ငါ့ကိုယ်ငါပြန်ကြည့်တော့ လုံးဝ အရှုံးသမားကြီး ဖြစ်နေတယ်"

"သူ့ကို အရမ်းမနာလိုတာပဲ။ ငါသာ သူ့တစ်ဝက်လောက်တော်ရင် ကောင်မလေး ရနေလောက်ပြီ"

"ဘဝကြီးက မတရားဘူးကွာ။ ဘာလို့ ငါကျတော့ သူ့လိုဘဝမျိုး မရနိုင်တာလဲ"

ယဲ့ချန်းကတော့ ဘေးနားရှိ အတင်းအဖျင်းများကို ဂရုမစိုက်တတ်ပေ။ ထို့ကြောင့် စုဝမ်ယိကို ကြည့်ကာ မေးလိုက်လေသည်။

"မိန်းမ.. ဘာလို့ ကိုယ့်ကို ဒီကိုခေါ်လိုက်တာလဲ။ အိမ်မှာတွေ့တာက ပိုမကောင်းဘူးလား"

"ခဏနေရင် သိရမှာပေါ့"

စုဝမ်ယိက လျှို့ဝှက်ဆန်းကြယ်လေဟန်ဖြင့် ပြောလိုက်သည်။

"ဒါဆိုလည်း ကိုယ် စောင့်ပါ့မယ်"

ယဲ့ချန်းက သူ့ကော်ဖီကို ဆက်သောက်နေလိုက်သည်။

ခဏအကြာတွင် စုဝမ်ယိက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

"ယဲ့ချန်း.. ဖေဖေက ရှင့်ကို ဒီတစ်ပတ် အိမ်မှာ ညစာလာစားဖို့ ဖိတ်ခိုင်းလိုက်တယ်"

ယဲ့ချန်းက "ဪ" ဟုသာ ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။

စုဝမ်ယိ၏ စိုးရိမ်နေလေဟန် မျက်နှာကို မြင်သောအခါ ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"မိန်းမ... စိတ်မပူပါနဲ့။ မင်းအတွက် အရာအားလုံးကို ကိုယ် ဖြေရှင်းပေးနိုင်ပါတယ်"

ယဲ့ချန်း၏စကားကို ကြားပြီးနောက် စုဝမ်ယိ၏ မျက်မှောင်များ ပြေလျော့သွားသည်။

"ယောက်ျား... ကျွန်မ ကောင်တာမှာ ကော်ဖီသွားမှာလိုက်ဦးမယ်"

"အင်း... သွားလေ။ ကိုယ် ဒီကနေပဲ စောင့်နေမယ်"

ရိုးရှင်းသော ရုပ်ရည်ရှိပြီး အဆင့်မြင့်ဝတ်စုံပြည့်ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် ကော်ဖီဆိုင်ထဲသို့ ဝင်လာသည်။

သူသည် ယဲ့ချန်းရှိရာသို့ လျှောက်လာစဉ် မောက်မာလေယန် အမူအရာကို ဆင်မြန်းထားသည်။

သူ့ရှေ့ရှိ အမျိုးသားကို မြင်သော်လည်း ယဲ့ချန်းက ဘာတုံ့ပြန်မှုမှ မပြပေ။

"ယဲ့ချန်း... မင်းကို ဒီမှာတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး"

မောက်မာသော အမျိုးသားက ရုတ်တရက် ပြောလိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ"

ယဲ့ချန်းက သူ့ရှေ့ရှိ အမျိုးသားကို ကြည့်ကာ မေးလိုက်သည်။

"ငါ ဟောက်ကျန့်လေ။ မင်းက ငါ့ကိုတောင် မမှတ်မိဘူးလား"

မောက်မာသော အမျိုးသားက ပြောလိုက်သည်။

ယဲ့ချန်းမှာ အမူအရာကင်းမဲ့စွာ ခေါင်းခါပြလိုက်သည်။

ငါက ဘဏ်မန်နေဂျာတစ်ယောက်ပဲ။ မင်းက ငါ့ကိုတောင် မသိဘူးလားဟု ဟောက်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။

သူ ထိုသို့တွေးနေစဉ်မှာပင် ယဲ့ချန်းက ရုတ်တရက်ပြောလာလေသည်။

"ဪ ငါ အခုမှတ်မိပြီ။ မင်းက ငါ ကွင်းထဲမှာ ပတ်ပြေးဖို့ ဒဏ်ပေးဖူးတဲ့ ငါ့ကောလိပ်ကျောင်းနေဖက်သူငယ်ချင်း ဟောက်ကျန့်မလား"

ယဲ့ချန်း၏အသံက ကျယ်လောင်နေသဖြင့် ဘေးနားရှိလူများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။

ယဲ့ချန်း၏စကားအဆုံးတွင် စောစောက သူထုတ်ပြနေသော မာနများမှာ သိသိသာသာ လျော့ကျသွားတော့သည်။

အနေခက်သွားသဖြင့် ဟောက်ကျန့်က အမြန်ပြန်ပြောလိုက်လေသည်။

"အဲဒါက ကျောင်းတုန်းက ကိစ္စတွေပါ။ အခု ပြန်ပြောစရာမလိုပါဘူး"

ယဲ့ချန်းကို အကဲခတ်ကြည့်ပြီးနောက် ဟောက်ကျန့်က မေးလိုက်လေ၏။

"ယဲ့ချန်း.. မင်း အခု ဘာအလုပ်လုပ်နေလဲ"

"ပါဆယ်ပို့နေတာ"

ယဲ့ချန်းကမူ ဂရုမစိုက်လေဟန်ဖြင့် ပြောလိုက်သည်။

မင်းကန်းနေတာလား။ ငါ ပါဆယ်ပို့သမားဝတ်စုံ ဝတ်ထားတာကို မမြင်ဘူးလားဟု သူ့စိတ်ထဲက တွေးလိုက်သည်။

ဟောက်ကျန့်က ထပ်မေးလိုက်ပြန်သည်။

"မင်း တကယ်ပါဆယ်ပို့နေတာလား"

"အေးလေ။ ဘာပြဿနာရှိလို့လဲ"

ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် ယဲ့ချန်းက အမှန်တကယ် ပါဆယ်ပို့သမားတစ်ယောက် ဖြစ်နေကြောင်း ဟောက်ကျန့် သိလိုက်ရသဖြင့် အထက်စီးဆန်ချင်စိတ်များ ပြန်လည်မြင့်တက်လာတော့သည်။

"မင်းက ဘယ်လိုလုပ်ပြီး ပါဆယ်ပို့နေရတာလဲ။ ငါ့ကို ကြည့်စမ်းပါဦး"

ဟောက်ကျန့်က ပြုံးစစဖြင့် ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ယဲ့ချန်း ထပ်မေးလာမည့်အချိန်ကို စောင့်နေသော်လည်း ယဲ့ချန်းကမူ သူ့ကော်ဖီကိုသာ အေးအေးဆေးဆေး သောက်နေချေသည်။

"အင်းလေ... ငါလည်း မင်းထက် အများကြီးပိုသာနေတာတော့ မဟုတ်ပါဘူး။ တစ်နှစ်ကို လစာ ယွမ်သိန်းဂဏန်းပဲရတဲ့ ဘဏ်မန်နေဂျာတစ်ယောက်ပါ။ မိုတုမြို့မှာ အိမ်တစ်လုံးဝယ်ထားပြီး အရမ်းလှတဲ့ ချစ်သူကောင်မလေးတစ်ယောက်လည်းရှိတယ်..."

ဟောက်ကျန့်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

သူက ပြောလေလေ ပိုစိတ်လှုပ်ရှားလာလေလေဖြစ်ကာ ရပ်တန့်၍ပင် မရတော့ချေ။

ကောလိပ်တုန်းက ဟောက်ကျန့်သည် ကောင်မလေး တော်တော်များများကို လိုက်ပိုးခဲ့ဖူးသော်လည်း အားလုံးက တခြားလူကို သဘောကျနေပြီဟုဆိုကာ သူ့ကို ငြင်းပယ်ခဲ့ကြသည်။

သူ စုံစမ်းကြည့်လိုက်သော် ထိုကောင်မလေးများအားလုံးက ကျောင်း၏ အသည်းကျော်လေးဖြစ်သော ယဲ့ချန်းတစ်ယောက်တည်းကိုသာ သဘောကျနေကြောင်း သိလိုက်ရသည်။

ထိုအချိန်ကစ၍ ဟောက်ကျန့်လည်း ယဲ့ချန်းအပေါ် အငြိုးထားပြီး သူ့ကို ပြိုင်ဘက်တစ်ယောက်အဖြစ် မြင်ခဲ့သည်။

ယဲ့ချန်းက ရုပ်ပိုချောရုံသာမကဘူးဟု သူ တွေးခဲ့သည်။

ပညာရေးတွင်လည်း ပိုတော်သေးသည်။

ထို့ပြင် ဘတ်စကက်ဘော ကစားရာတွင်လည်း ပိုတော်သည်။

ယခု သူ ဘဏ်မန်နေဂျာတစ်ယောက်ဖြစ်နေချိန်တွင် ယဲ့ချန်းက ပါဆယ်ပို့သမားဖြစ်နေကြောင်း ကြားလိုက်ရသဖြင့် သူတို့နှစ်ဦးကြားရှိ ကွာဟချက်မှာ အလွန်ကြီးမားသည်ဟု ခံစားလိုက်ရသည်။

သူ့အထက်စီးဆန်ချင်စိတ်များမှာ ပိုမိုပြင်းထန်လာခဲ့သည်။

သူ တတွတ်တွတ်ပြောနေစဉ်မှာပင် သူ့ရှေ့ရှိလူက ပျောက်သွားကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။

သန့်စင်ခန်းထဲက ယဲ့ချန်း၏အသံ ထွက်လာသည်။

"ဟောက်ကျန့်.. ဒီထဲမှာ အိမ်သာသုံးစက္ကူ မရှိတော့ဘူး။ မင်း အပြင်မှာ ရှိသေးတယ်မလား။ ငါ့ကို နည်းနည်းလောက်ယူပေးပါဦး"

ထိုစကားကို ကြားသောအခါ ဟောက်ကျန့်၏ စိတ်ထဲတွင် ကျိန်ဆဲသံများ မရေမတွက်နိုင်အောင် ပေါ်လာတော့သည်။

ဒီတော့ ယဲ့ချန်းရဲ့စိတ်ထဲမှာ သူက အိမ်သာသုံးစက္ကူ လာပို့ပေးရမယ့်လူအဆင့်လောက်ပဲ ရှိတယ်ပေါ့...

ဟောက်ကျန့်လည်း အိမ်သာသုံးစက္ကူတစ်လိပ်ကို ယူကာ ယဲ့ချန်းထံသို့ အင်တင်တင်ဖြင့် ကမ်းပေးလိုက်ရသည်။

ထိုအချိန်တွင် ချန်းကျားကျား ကော်ဖီဆိုင်ထဲသို့ ပြေးဝင်လာသည်။ လောလောလောလော ပြေးလာရဟန်တူသဖြင့် သူ(မ)၏ ဆံပင်များမှာ ရှုပ်ပွနေပြီး ချွေးများကြောင့် မျက်တောင်ကော့ဆေးများလည်း ပျက်ကာ မျက်လုံးအစုံကား ပန်ဒါဝက်ဝံအလား ဖြစ်နေချေသည်။

"အချစ်ရေ... ကျွန်မ ရောက်ပြီ"

ချန်းကျားကျားက နှုတ်ဆက်လိုက်သည်။

ဤအမျိုးသမီးကို မြင်လိုက်ရသဖြင့် ဟောက်ကျန့်လည်း လန့်သွားသည်။

ချစ်သူကောင်လေး၏ မျက်နှာအမူအရာကို သတိထားမိလိုက်သဖြင့် ချန်းကျားကျားက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"အချစ်.. ဘာလို့ ကျွန်မကို အဲဒီလိုကြီး ကြည့်နေတာလဲ"

ဟောက်ကျန့်သာမက ကော်ဖီဆိုင်ထဲရှိ အခြားသူများပင် ချန်းကျားကျားကြောင့် လန့်သွားကြသည်။

"မင်းဆံပင်တွေ ရှုပ်ပွပြီး မိတ်ကပ်တွေလည်း ပျက်နေပြီ"

ဟောက်ကျန့်က သူ(မ)ကို သတိပေးလိုက်သည်။

ထိုအချိန်တွင် လှပချောမောသော စုဝမ်ယိ အဝေးက လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် သူ တကယ်လိုချင်သည့် ချစ်သူကောင်မလေးက ဒီလိုမျိုးပဲဟု စိတ်ထဲက တွေးလိုက်သည်။

ဟောက်ကျန့်၏အကြည့်ကို ခံစားမိလိုက်သဖြင့် ချန်းကျားကျားလည်း သဝန်တိုစိတ်ဝင်သွားသည်။

ကိစ္စပြီးသွားသည့်နောက် ယဲ့ချန်း သန့်စင်ခန်းထဲက ထွက်လာခဲ့သည်။

"ယဲ့ချန်း"

ပါဆယ်ပို့သမားဝတ်စုံ ဝတ်ထားသော အမျိုးသားကို ချန်းကျားကျားက လှမ်းခေါ်လိုက်သည်။

"ချန်းကျားကျား"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။

သူတို့၏စကားဝိုင်းကို ကြားသောအခါ ဟောက်ကျန့်က ချန်းကျားကျားကို ပြောလိုက်လေသည်။

"ငါ မင်းကို ခုနက ပြောမလို့ပဲ။ ငါ ယဲ့ချန်းကို တွေ့ခဲ့တယ်လို့"

ချန်းကျားကျားက ယဲ့ချန်းကို ကြည့်ကာ ပြုံးလိုက်လေသည်။

"ယဲ့ချန်း.. နင်က ပါဆယ်ပို့သမားဖြစ်နေတာလား"

"ဟုတ်တယ်လေ"

ငါ့အတန်းဖော်တွေအားလုံး ဘာလို့ ဒီလောက်တောင်ကန်းနေကြတာလဲဟု ယဲ့ချန်း စိတ်ထဲက တွေးလိုက်သည်။

ယဲ့ချန်းကို ပါဆယ်ပို့သမားဝတ်စုံဖြင့် မြင်ရသောအခါ ချန်းကျားကျားမှာ တိတ်တဆိတ် ဝမ်းသာသွားသည်။ ယခင်က သူ(မ)ကို ယဲ့ချန်း ငြင်းပယ်ခဲ့သည့်အတွက်လည်း ကျေးဇူးတင်မိသည်။ မဟုတ်လျှင် သူ(မ) ကြမ်းတမ်းသော ဘဝကြီးကို ဖြတ်သန်းနေရမည်သာ။

ရုပ်ချောရုံဖြင့် ထမင်းစား၍မရပေ။

သူ(မ) ထိုသို့တွေးလိုက်မိသောအခါ ဤအချက်က ဟောက်ကျန့်၏ ရုပ်ရည်နှင့် ပတ်သက်၍ သူ(မ)ကို နှစ်သိမ့်မှုရစေသည်။

"ယဲ့ချန်း.. ဟောက်ကျန့်က အခု ငါ့ချစ်သူဖြစ်နေပြီ။ သူက တစ်နှစ်ကို လစာယွမ်သိန်းချီရတဲ့ ဘဏ်မန်နေဂျာတစ်ယောက်လေ"

ချန်းကျားကျားက ဂုဏ်ယူဝင့်ကြွားနေဟန် မျက်နှာဖြင့် ပြောလိုက်သည်။

စိတ်ပျက်စရာကောင်းသည်မှာ ယဲ့ချန်း၏ မျက်နှာထက်တွင် မနာလိုဖြစ်နေသော အမူအရာကို မတွေ့ရခြင်းပင်။

ယဲ့ချန်းက ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။

"သြော်"

အားမလိုအားမရ ဖြစ်နေသေးသော ချန်းကျားကျားက ဆက်ပြောလိုက်၏။

"ယဲ့ချန်း... အဲ့ဒီတုန်းက နင့်ကို လက်မခံခဲ့မိတာ ငါ တကယ်ဝမ်းသာတယ်။ မဟုတ်ရင် အခုလိုဘရန်းအိတ်တွေဝယ် ဇိမ်ခံကားတွေမောင်းပြီး စံအိမ်ထဲမှာ ငါ ဘယ်နေနိုင်ပါ့မလဲ"

သူ(မ)က ဟောက်ကျန့်ရှေ့တွင် တမင်သက်သက် ပြောလိုက်သည်။ သူ(မ)ကသာ ယဲ့ချန်းကို ငြင်းပယ်ခဲ့သယောင်ဖန်တီးပြီး သူ(မ)ကိုယ်သူ(မ) ပိုအထင်ကြီးစရာကောင်းအောင် လုပ်လိုက်ခြင်းပင်။

သို့သော် ယဲ့ချန်းက သူ(မ)ကို ပြန်လည်ချေပရန် ရည်ရွယ်ချက်မရှိသဖြင့် ချန်းကျားကျားလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်တော့သည်။

"ကျားကျား... မင်းရဲ့အမြင်က တကယ်ကောင်းတာပဲ။ ငါနဲ့အတူနေရင် မင်း ဇိမ်ကျကျနေရမှာ။ ရုပ်ချောတော့ရော ဘာအသုံးကျလို့လဲ။ သူက တစ်လကို ယွမ်ထောင်ဂဏန်းလောက်ပဲရတဲ့ ပါဆယ်ပို့သမားလေးတစ်ယောက်လေ။ မင်းအတွက် အဲဒီလိုဇိမ်ခံပစ္စည်းတွေကို သူက ဘယ်လိုလုပ်ဝယ်ပေးနိုင်မှာလဲ။ ငါရတဲ့လစာလောက်ရဖို့အတွက် သူ ပါဆယ်တွေ မရေမတွက်နိုင်အောင် ပို့နေရဦးမှာ"

ဟောက်ကျန့်က တစ်ဖန်ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်ပြန်သည်။

"ဟုတ်တယ် အချစ်ရဲ့။ ကျွန်မစိတ်ထဲမှာ ရှင်က အကောင်းဆုံးပဲ"

ချန်းကျားကျားက ထောက်ခံ​လိုက်သည်။

ယဲ့ချန်းကမူ သူတို့နှစ်ယောက် အတိုင်အဖောက်ညီနေကြသည်ကို ကြည့်ရင်း ဆွံ့အသွားသည်။

••••••••••••••••••

All Chapters