အခန်း ၇၇၁
Vol. 52 Ch. 771
အပိုင်း ၇၇၁ : နောင်တမျက်ရည်
ချစ်သူကောင်မလေး၏ မြှောက်ပင့်မှုများကြောင့် ဟောက်ကျန့်မှာ သူ့ဘဝအထွတ်အထိပ်သို့ ရောက်သွားသလို ခံစားလိုက်ရသည်။
ဘေးနားရှိ လူများက ဟောက်ကျန့်နှင့် ချန်းကျားကျားတို့အား ငတုံးများနှယ် ကြည့်နေကြသည်။
ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးရှေ့မှာ ကြွားလုံးထုတ်နေခြင်းမှာ ရူးမိုက်ရာမကျပေဘူးလား။
"ယဲ့ချန်း... ဒါက ရှင့်အတွက် ကျွန်မမှာထားတဲ့ တီရာမီဆူကိတ်မုန့်လေ"
စုဝမ်ယိက ယဲ့ချန်းကိုကြည့်၍ ပြုံးစစဖြင့် ပြောလိုက်သည်။
ဟောက်ကျန့်လည်း အသံလာရာသို့ လှမ်းကြည့်လိုက်လေရာ သူ့နှလုံးသားထဲက နတ်ဘုရားမလေး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
"ကျေးဇူးပါ မိန်းမရေ"
ယဲ့ချန်းကလည်း စုဝမ်ယိရှိရာသို့ လျှောက်သွားရင်း ပြောလိုက်သည်။
စုဝမ်ယိမှာ မျက်နှာလေး နီရဲသွားသည်။
"ယဲ့ချန်း... တခြားလူတွေရှေ့မှာ ကျွန်မကို မိန်းမလို့ မခေါ်နဲ့လေ။ ဝမ်ယိလို့ပဲ ခေါ်ပါ"
ယဲ့ချန်းနှင့် အလှလေးတို့ ဤမျှအထိ ရင်းရင်းနှီးနှီး စကားပြောနေကြသည်ကို မြင်သောအခါ ဟောက်ကျန့်မှာ သူ့မျက်လုံးကိုပင် မယုံနိုင်အောင်ဖြစ်သွားသည်။
ဤမျှကျက်သရေရှိသော အလှလေး၏ ဘေးနားရှိ အမျိုးသားက သူသာ ဖြစ်သင့်သည်ဟု တွေးလိုက်မိသည်။
ပါဆယ်ပို့သမားယဲ့ချန်းက ဤမျှထူးချွန်ပြောင်မြောက်သော အလှလေးကို မည်သို့ပိုင်ဆိုင်ထားလေသလဲ။
သူ့မှာ ဘေးနားရှိ ချန်းကျားကျားကို ကြည့်လိုက်ပြီးနောက် အရှေ့ရှိ အလှလေးကို လှမ်းကြည့်လိုက်သည်။
နှိုင်းယှဉ်စရာ မလိုလောက်အောင် စိတ်ပျက်စရာ ကောင်းလှပေသည်။
ဟောက်ကျန့်၏ရင်ထဲတွင် စိတ်ပျက်မှုများ လွှမ်းမိုးသွားပြီး ယခင်က ချန်းကျားကျားနှင့် ဘာကြောင့်များ တွဲခဲ့မိသလဲဟု အလွန်နောင်တရသွားသည်။
ချန်းကျားကျားက လှပသည်ဆိုသော်ငြား သူ(မ)၏မျက်နှာမှာ ခွဲစိတ်ပြုပြင်ထားခြင်းဖြစ်ကြောင်း သူသိသည်။ သူ့ရှေ့ရှိ သဘာဝအလှတရားနှင့် နှိုင်းယှဉ်လိုက်ပါက သိသိသာသာ မှေးမှိန်သွားသည်။
ချစ်သူကောင်လေးက သူ(မ)ကို အထင်သေးလေဟန်အကြည့်ဖြင့် ကြည့်နေကြောင်း မြင်သောအခါ ချန်းကျားကျားမှာ စိတ်ထဲတွင် အလွန်ဒေါသထွက်သွားသည်။
သူ(မ)က အရှေ့ရှိအလှလေးကို ခပ်ညစ်ညစ်ကြည့်ကာ မေးလိုက်လေသည်။
"ရှင်က ယဲ့ချန်းရဲ့ကောင်မလေးမလား။ ရှင့်ချစ်သူက ဘာအလုပ်လုပ်လဲဆိုတာ ရှင်သိရဲ့လား"
စုဝမ်ယိကမူ ပြန်မဖြေဘဲ အရှေ့ရှိ ကောင်မလေးကို ပြန်မေးလိုက်သည်။
"ရှင်က ဘယ်သူလဲ။ ကျွန်မတို့ သိလို့လား"
"မင်္ဂလာပါ။ ကျွန်မက ယဲ့ချန်းရဲ့ ကောလိပ်ကျောင်းနေဖက်သူငယ်ချင်း ချန်းကျားကျားပါ"
ချန်းကျားကျားက ပြုံးလျက် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ စုဝမ်ယိက ယဲ့ချန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး သူ အပြင်မှာ မိန်းကလေးတွေနဲ့ ထပ်ရှုပ်နေပြန်ပြီဟု တွေးလိုက်လေသည်။
ယဲ့ချန်းက အပြစ်ကင်းစင်စွာ ခေါင်းခါပြလိုက်သည်။
စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော စုဝမ်ယိမှာ ယဲ့ချန်း ဘာကိုဆိုလိုကြောင်း အလိုလိုနားလည်လိုက်သည်။
သူ(မ) စကားမပြောသည်ကို မြင်သောအခါ ချန်းကျားကျားလည်း စုဝမ်ယိက ယဲ့ချန်း၏အလုပ်အကိုင်အစစ်ကို ဘာမှမသိထားဘူးဟု ယူဆလိုက်သည်။
သူ(မ) စကားပြောတော့မည့်ဆဲဆဲမှာပင် စုဝမ်ယိက မထင်မှတ်ထားဘဲ ပြောလာလေသည်။
"ကျွန်မသိတာပေါ့။ ယဲ့ချန်းက ပါဆယ်ပို့သမားလေ။ အရမ်းမိုက်တယ်မလား"
ဟောက်ကျန့်မှာ ခလုတ်တိုက်ပြီး လဲကျလုနီးပါးပင် ဖြစ်သွားသည်။
တရားမျှတမှုဆိုတာ ရှိသေးရဲ့လား။ ယဲ့ချန်းလို ပါဆယ်ပို့သမားက ဘယ်လိုလုပ်ပြီး ဒီလောက် ကျက်သရေရှိတဲ့ ချစ်သူကောင်မလေးကို ပိုင်ဆိုင်ထားရတာလဲ။
သူကမူ တစ်နှစ်ကို ယွမ်သိန်းချီ ဝင်ငွေရနေသည့်တိုင် ခွဲစိတ်ပြုပြင်ထားသော ချစ်သူကောင်မလေးကိုသာ ပိုင်ဆိုင်ထားသည်။
သူ(မ)မျှော်လင့်ထားသည့် စကားကို မကြားရသဖြင့် ချန်းကျားကျားလည်း စုဝမ်ယိကို ကြည့်ကာ ဆက်မေးလိုက်ပြန်သည်။
"ဒါဆိုပါဆယ်ပို့သမားတစ်ယောက်က တစ်လကို ဘယ်လောက်ရလဲ ရှင်သိလား"
သူ(မ)က သူ(မ)၏ တန်ဖိုးထားမှုများဖြင့် အခြားသူများ၏အချစ်ကို ဝေဖန်အကဲဖြတ်နေခြင်းပင်။ ငွေကြောင့် လမ်းခွဲခဲ့ကြရသော စုံတွဲများ မရေမတွက်နိုင်အောင် ရှိကြောင်း သူ(မ) သိထားသည်။
သို့သော် မထင်မှတ်ထားပါဘဲ စုဝမ်ယိက တည်ငြိမ်စွာ ပြန်ဖြေချေသည်။
"ကျွန်မ သိတာပေါ့။ ထောင်ဂဏန်းလောက်ပဲ ရတာလေ။ ဒါပေမဲ့ အဲဒါက သူ့အပေါ်ထားတဲ့ ကျွန်မရဲ့အချစ်ကို မထိခိုက်စေပါဘူး။ ပြီးတော့ ကျွန်မမှာ ကိုယ်ပိုင်ကုမ္ပဏီရှိတယ်။ ယဲ့ချန်း ကျွန်မကို လုပ်ကျွေးဖို့မလိုဘူး"
စုဝမ်ယိက ခိုင်မာသော ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သူ(မ)က ယဲ့ချန်းထံသို့ လျှောက်သွားကာ သူ့လက်မောင်းကို ငှက်ငယ်လေးတစ်ကောင်ပမာ ဖက်တွယ်လိုက်သည်မှာ ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး အမျိုးသမီးတစ်ယောက်အလားပင်။
ထိုစကားကို ကြားသောအခါ ဟောက်ကျန့်၏ စိတ်ထဲတွင် ကျိန်ဆဲသံများ ဆူညံသွားတော့သည်။
ကျက်သရေရှိလှသော အလှလေးက လှပရုံသာမက သန်မာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သူလည်း ဖြစ်သည်။
စဉ်းစားကြည့်ပါလေ။ သူနှင့်ချန်းကျားကျား တွဲကတည်းက သူ(မ)သည် အလုပ်မလုပ်တော့ဘဲ အိမ်မှာနေကာ ဘရန်းအိတ်များနှင့် နာရီများကိုသာ နေ့တိုင်းပူဆာခဲ့သည်။
သူ့လစာက ဤမိန်းမကို ထောက်ပံ့ရန်ပင် မလောက်ငှတော့သလို ခံစားနေရသည်။
ယဲ့ချန်း၏ချစ်သူကို ကြည့်လိုက် သူ့ချစ်သူကို ပြန်ကြည့်လိုက် လုပ်နေမိသည်။
ချန်းကျားကျားက အပြင်ပန်းဟန်ဆောင်ကောင်းပြီး အတွင်းသဘောထားမကောင်းသည့် မိန်းမတစ်ယောက်ပင်။
ထိုအချိန်တွင် ဟောက်ကျန့်မှာ ချန်းကျားကျားကို ပို၍ပင်အထင်သေးစွာ ကြည့်လိုက်သည်။
ချန်းကျားကျားလည်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်မိသည်။ ဤဝမ်ယိနှင့် နှိုင်းယှဉ်လိုက်လျှင် သူ(မ)က ဘာကြောင့် အဆင့်အတန်းနိမ့်ကျနေရသလဲ။
သူ(မ)လည်း ရှက်ရွံ့မှုကြောင့် ခေါင်းငုံ့ထားမိတော့သည်။
ဟောက်ကျန့်လည်း မကျေမနပ်ဖြစ်ကာ ခေါင်းခါယမ်းလိုက်သည်။
"ဘာလို့ ငါက ယဲ့ချန်းရဲ့လွှမ်းမိုးမှုအောက်ကို အမြဲရောက်နေရတာလဲ"
ပါဆယ်ပို့သမား ဖြစ်နေသည့်တိုင် ယဲ့ချန်း၏ ချစ်သူက ထူးချွန်ပြောင်မြောက်ပြီး သူ့အပေါ် မယိမ်းမယိုင် သစ္စာရှိနေသေးသည်။
ပြိုင်ဆိုင်ချင်သော ဟောက်ကျန့်မှာ နှုတ်ခမ်းကိုက်လျက် ယဲ့ချန်းက ဤမျှကောင်းမွန်သော ချစ်သူနှင့် မထိုက်တန်ဘူးဟု တွေးလိုက်သည်။
သူ့မျက်လုံးထဲတွင် ကောက်ကျစ်သော အကြံတစ်ခု ရုတ်ခြည်းလင်းလက်သွားသည်။ ယဲ့ချန်း၏ ချစ်သူကို လုယူရန် သူ ဆုံးဖြတ်လိုက်သည်။
နှိုင်းယှဉ်ကြည့်ပြီးနောက် ချန်းကျားကျားတွင် ဆက်လက်တွဲထားစရာ တန်ဖိုးရှိသည့်အရာ ဘာတစ်ခုမှ မရှိတော့ဘူးဟု ဟောက်ကျန့် ခံစားလိုက်ရသည်။
ဟောက်ကျန့်က စုဝမ်ယိရှိရာသို့ ပြုံးစစဖြင့် လျှောက်သွားပြီး အလွန်လူကြီးလူကောင်းဆန်ဆန် လက်ကမ်းပေးလိုက်သည်။
"မင်္ဂလာပါ မိန်းကလေးဝမ်ယိ... ကျွန်တော်က ဟောက်ကျန့်ပါ။ ယဲ့ချန်းရဲ့ ကောလိပ်ကျောင်းနေဖက်သူငယ်ချင်းပါ။ ကျွန်တော်က အခု ကျန်းဘဏ်က မန်နေဂျာတစ်ယောက် ဖြစ်နေပြီမို့ တစ်နှစ်ကို လစာယွမ်သိန်းချီရပါတယ်။ ကျွန်တော်တို့ သူငယ်ချင်း ဖြစ်လို့ရမလား"
စုဝမ်ယိကမူ လက်ပြန်မကမ်းဘဲ ခပ်ပြတ်ပြတ်ပြောလိုက်လေသည်။
"မင်္ဂလာပါ။ သူငယ်ချင်းဖြစ်ဖို့တော့ မလိုဘူးလို့ ထင်ပါတယ်"
သူ(မ)က ဟောက်ကျန့်ကိုပင် သေချာမကြည့်ပေ။
စုဝမ်ယိထံမှ ငြင်းပယ်ခံလိုက်ရသဖြင့် ဟောက်ကျန့်မှာ နေရခက်ဟန်ဖြင့် လက်ကို ပြန်ရုပ်လိုက်ရသည်။
သူ့ခမျာ ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။ ယဲ့ချန်းမှာ ဘယ်လိုမှော်ဆန်သောစွမ်းရည်များ ရှိနေသဖြင့် ထူးချွန်လှသော အမျိုးသမီးက သူ့အပေါ် ဤမျှစိတ်နှစ်ထားရသလဲဆိုသည်ကို ပို၍ပင် နားမလည်နိုင်ချေ။
ထိုအချိန်တွင် ဝမ်ယန်က အပြင်ဘက်မှ မောကြီးပန်းကြီး ပြေးဝင်လာသည်။
ရှင်းရှင်းပြောရလျှင် ဤလူမှာ ဟောက်ကျန့်၏ အထက်လူကြီးပင်။
အရှေ့ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်သောအခါ ဟောက်ကျန့်က ရိုသေလေးစားစွာ မေးလိုက်လေသည်။
"ဥက္ကဋ္ဌဝမ်... ဒီကို ဘာကိစ္စရှိလို့ပါလဲ"
"ဥက္ကဋ္ဌ"
ချန်းကျားကျားက အံ့ဩတကြီး ရေရွတ်လိုက်သည်။
ဝမ်ယန်သည် ကျန်းဘဏ်၏ ဥက္ကဋ္ဌဖြစ်ပြီး သူ့အပေါ် အလွန်ဂရုစိုက်ကြောင်း ဟောက်ကျန့်က ပြောဖူးသည်။
ဟောက်ကျန့်၏ လက်ရှိမန်နေဂျာရာထူးကိုလည်း ဝမ်ယန်ကပင် စီစဉ်ပေးခဲ့သည်။
ဘာကြောင့်များ ဝမ်ယန် ဤနေရာကို လာရလေသလဲ။
ဟောက်ကျန့်ရော ချန်းကျားကျားပါ နားမလည်နိုင်လောက်အောင် ဖြစ်သွားကြသည်။
သူတို့ ခန့်မှန်းနေကြစဉ်မှာပင် ဝမ်ယန်က ယဲ့ချန်းထံသို့ လျှောက်သွားပြီး အလွန်ရိုသေလေးစားသော အမူအရာဖြင့် ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့.. ကျွန်တော် တစ်ခုခုမေ့ကျန်ခဲ့မှန်း အခုမှသတိရလို့ပါ"
"ဥက္ကဋ္ဌယဲ့လား"
ဝမ်ယန်က ယဲ့ချန်းကို ထိုသို့ခေါ်လိုက်ကြောင်း ကြားသောအခါ ဟောက်ကျန့်မှာ အလွန်တုန်လှုပ်သွားသည်။
ဝမ်ယန်က သူ့ကို "ဥက္ကဋ္ဌယဲ့"ဟု ခေါ်ရလောက်အောင် ယဲ့ချန်းတွင် ဘယ်လိုနောက်ခံမျိုး ရှိနေလေသလဲ။
အကြောင်းမှာ ဝမ်ယန်သည် ကျန်းဘဏ်တွင် အလွန်ဩဇာကြီးမားပြီး အထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိထားသောကြောင့်ပင်။
ဟောက်ကျန့် သူနှင့်တွေ့လျှင်ပင် အလွန်ရိုသေစွာ ဆက်ဆံရသည်။ တစ်ဖက်လူ စိတ်အလိုမကျဖြစ်သွားပါက သူ့မန်နေဂျာရာထူး ပြုတ်သွားမည်ကိုလည်း စိုးရိမ်ရသည်။
ချန်းကျားကျားလည်း အံ့ဩသွားလေသည်။ ယခုမူ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။
ကျန်းဘဏ်၏ ဂုဏ်သရေရှိဥက္ကဋ္ဌက ယဲ့ချန်းရှေ့တွင် ရိုသေလေးစားနေသည့်အပြင် "ဥက္ကဋ္ဌယဲ့"ဟု ခေါ်ဝေါ်နေသည်ကို သိလိုက်ရသောကြောင့်ပင်။
ဝမ်ယန်ကို ဤမျှရိုသေလေးစားအောင် လုပ်နိုင်သည့် ယဲ့ချန်း၏ နောက်ခံက ဘာများလဲ။
ဝမ်ယန်က မျက်နှာချိုသွေးလျက် ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့... ခုနက ယွမ်တစ်ဆယ်ဘီလျံရင်းနှီးမြှုပ်နှံမှုစာချုပ်မှာ လက်မှတ်ထိုးဖို့ မေ့သွားလို့ပါ။ ကျေးဇူးပြုပြီး အခု လက်မှတ်ထိုးပေးလို့ ရမလား"
"ဪ ရပါတယ်"
ယဲ့ချန်းက ဝမ်ယန်ထံမှ ဘောပင်ကို ယူကာ စာချုပ်ပေါ်တွင် လက်မှတ်ကို အမြန်ရေးထိုးပေးလိုက်သည်။
"တစ်... တစ်ဆယ်ဘီလျံ"
ချန်းကျားကျားခမျာ မယုံကြည်နိုင်လေဟန်ဖြင့် ထပ်ခါတလဲလဲ ရေရွတ်လိုက်သည်။
ယဲ့ချန်းတွင် ယွမ်တစ်တယ်ဘီလျံ တကယ်ရှိနေလိမ့်မည်ဟု သူ(မ) တွေးပင်မတွေးရဲပေ။
သူ(မ)အနေနှင့် ထိုကဲ့သို့သော အခွင့်အရေးကြီးကို မျက်ကွယ်ပြုခဲ့မိသဖြင့် ချန်းကျားကျား လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။
ထိုအချိန်တွင် သူ(မ) အလွန်အမင်း နောင်တရသွားပြီး အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင်ဟု ဆန္ဒပြုမိတော့သည်။
ယခင်ကသာ ယဲ့ချန်းတွင် ငွေအများကြီးရှိကြောင်း သိထားခဲ့လျှင် သူ့ကို တွယ်ကပ်ထားနိုင်ရန် ဘယ်အရာမဆို လုပ်ခဲ့မည်သာ။
သူ(မ)မှာ နောင်တမျက်ရည်များပင် ကျဆင်းလာတော့သည်။
••••••••••••••••••••••