← Chapters

အခန်း ၇၇၂

Vol. 52 Ch. 772

အခန်း ၇၇၂

Vol. 52 Ch. 772

အပိုင်း ၇၇၂ : နည်းနည်းတော့ ထူးဆန်းနေသလိုပဲ

"ဒါ မဖြစ်နိုင်ဘူး"

အခြေအနေက ချက်ချင်းပြောင်းပြန်လှန်သွားသောကြောင့် ဟောက်ကျန့်တစ်ယောက် ခဏမျှကြာသည်အထိ လက်မခံနိုင်လောက်အောင်ဖြစ်သွားပြီး အိန္ဒြေမဲ့စွာ အော်ဟစ်လိုက်မိတော့သည်။

သူအထင်သေးခဲ့သည့် ဤပါဆယ်ပို့သမား ယဲ့ချန်းမှာ တကယ်တမ်းတွင် ပိုင်ဆိုင်မှုအများကြီးရှိနေချေသည်။

ကြည့်စမ်း... တခြားလူတွေက ဘီလီယံနဲ့ချီပြီး ငွေကြေးစီမံခန့်ခွဲနေချိန်မှာ သူ့တစ်နှစ်စာဝင်ငွေက သိန်းရာဂဏန်းလောက်ပဲ ရှိတယ်။ ဒါဟာ သူ တစ်သက်လုံးရှာရင်တောင် မရနိုင်တဲ့ ငွေပမာဏပဲ။

ဘဏ်မန်နေဂျာတစ်ယောက်အနေနှင့် ဟောက်ကျန့်မှာ ဘီလျံဆယ်ဂဏန်းကို စီမံခန့်ခွဲခြင်းနှင့် ဘီလျံဆယ်ဂဏန်း ပိုင်ဆိုင်ခြင်းမှာ လုံးဝမတူညီသော အယူအဆနှစ်ခုဖြစ်ကြောင်း ကောင်းကောင်းသိထားသည်။

ယဲ့ချန်းက ထိပ်သီးသူဌေးကြီးတစ်ယောက်ဆိုသည်မှာ အသိသာချည်းပင်။

ယဲ့ချန်းက ဘီလျံဆယ်ဂဏန်းကို စီမံခန့်ခွဲနိုင်ကြောင်း သိလိုက်ရခြင်းမှာ သူ့ကြွယ်ဝချမ်းသာမှုမှာ ခန့်မှန်း၍မရနိုင်လောက်အောင် ကြီးမားသည်ဟူသော အဓိပ္ပာယ်ပင်။

အရေးအကြီးဆုံးအချက်မှာ ဘဏ်မန်နေဂျာဝမ်ယန်သည် ယဲ့ချန်းရှေ့တွင် ချက်ချင်းဆိုသလို ဖော်လံဖားတစ်ယောက် ဖြစ်သွားသည့်အတွက် ဝမ်ယန် အလွန်စိုးရိမ်ထိတ်လန့်မိသည်။

စောစောက ယဲ့ချန်းရှေ့တွင် သူ အထက်စီးဆန်ဆန် ဆက်ဆံခဲ့သည့်အဖြစ်ကို ပြန်တွေးမိပြီး ဟောက်ကျန့် နည်းနည်းရှက်သွားသည်။

ယဲ့ချန်းက ဘာကြောင့် သူ့အပေါ် ဤမျှအထိ အရေးမစိုက်လေဟန်ဖြင့် ဆက်ဆံနေခဲ့သလဲဆိုသည်ကို အခုတော့ ဟောက်ကျန့် သဘောပေါက်သွားလေပြီ။

ဘဏ်မန်နေဂျာပင် ယဲ့ချန်းကို ကပ်ဖားနေရသည်ဖြစ်ရာ သူဆိုလျှင် ယဲ့ချန်းရှေ့တွင် ဘာမှအရေးမပါသည့် လူတစ်ယောက်ပင်။

ယခုအချိန်သာ ​မြေတွင်းတစ်တွင်းရှိမည်ဆိုပါက ဟောက်ကျန့် ချက်ချင်း ဝင်ပုန်းလိုက်ချင်မိသည်။

သူ့ခေါင်းထဲတွင် ဆိုးဝါးသော အတွေးတစ်ခု ရုတ်ခြည်းဖြတ်ပြေးသွားသည်။

"ဝမ်ယန်က ယဲ့ချန်းအပေါ် ဒီလောက်တောင် ရိုသေလေးစားနေမှတော့ တကယ်လို့ ယဲ့ချန်းကသာ သူ့အကြောင်း တိုင်လိုက်မယ်ဆိုရင် သူ့ဘဏ်မန်နေဂျာရာထူး ထိခိုက်ရုံတင်မကဘူး။ အထုပ်အပိုးသိမ်းပြီး ထွက်သွားရတဲ့အထိ ဖြစ်သွားနိုင်တယ်"

ဤသို့တွေးမိလိုက်သောအခါ ဟောက်ကျန့်၏ မျက်နှာကား အနည်းငယ် ဖြူရော်သွားသည်။

ဝမ်ယန်ကလည်း ဟောက်ကျန့်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သဖြင့် ဒီကောင် သူ့ဆီကများ ဖောက်သည်လာလုတာလားဟု တွေးလိုက်မိသည်။

"ဟောက်ကျန့် မင်း ဒီမှာ ဘာလာလုပ်တာလဲ။ ငါ့ကွယ်ရာမှာ ငါ့အပေါ် မဟုတ်တာတွေများ လုပ်ထားသေးလား"

"ငါ့အပေါ် မဟုတ်တာလုပ်ထားတယ်တဲ့လား"

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ချန်း တစ်ကိုယ်လုံး ကြက်သီးထသွားပြီး နည်းနည်းထူးဆန်းနေသလို ခံစားလိုက်ရသည်။

ဝမ်ယန်နှင့် ဟောက်ကျန့်တို့၏ ဆက်ဆံရေးက ဘာကြောင့်များ သိပ်မရိုးရှင်းသလို ဖြစ်နေရလေသလဲ။

ဟောက်ကျန့်ခမျာ ပို၍ပင်ထိတ်လန့်လာပြီး ချွေးများပါ ရွှဲရွှဲစိုလာတော့သည်။

သူ့လက်အောက်ခံဝန်ထမ်း၏ အခြေအနေကို မြင်လိုက်ရသောအခါ ဟောက်ကျန့်က သူ့အပေါ် အမှန်တကယ် အမှားတစ်ခုခု လုပ်ထားသည်ဟု ဝမ်ယန် ပို၍ပင် ယုံကြည်သွားတော့သည်။

ဟောက်ကျန့်ခမျာ အနည်းငယ်ထိတ်လန့်ကာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေချေသည်။

"ကျွန်တော်... ကျွန်တော်..."

သူ ဘယ်လိုရှင်းပြရမှန်း မသိတော့ပေ။

ထိုအချိန်တွင် ဟောက်ကျန့်မှာ လွန်စွာနောင်တရနေပြီး စောစောက ယဲ့ချန်းရှေ့တွင် ကြွားလုံးထုတ်ခဲ့သည်အထိ မိုက်မဲခဲ့သည့် သူ့အဖြစ်ကို တွေးနေမိသည်။ ဤသည်မှာ ကိုယ့်သေတွင်းကိုယ် တူးနေခြင်းပင်မဟုတ်လော။

အစတုန်းကတော့ သူသည် ဘဏ်မန်နေဂျာတစ်ယောက်အနေနှင့် ကိုယ့်ကိုယ်ကိုယ် ကြွားဝါချင်ခဲ့ပြီး သာမန်ပါဆယ်ပို့သမားတစ်ယောက်ဖြစ်သည့် ယဲ့ချန်းကို လှောင်ပြောင်ချင်ခဲ့သည်။ သို့သော် သူ့အထက်လူကြီးက ယဲ့ချန်းရှေ့တွင် ချက်ချင်းဆိုသလို ဖော်လံဖားတစ်ယောက် ဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူ့ရည်းစား ဘယ်လောက်လှကြောင်း ကြွားဝါခဲ့မိကြောင်း တွေးမိချိန်တွင်လည်း ယဲ့ချန်း၏ရည်းစားက နတ်သမီးလေးတစ်ပါးနှယ် လှပရုံသာမက နားလည်မှုလည်းရှိကြောင်း မည်သူက သိမည်နည်း။

ယနေ့ အပြင်မထွက်ခင် သူ ပြဿဒါးရက်ရာဇာမကြည့်လာမိဘူးဟု ရုတ်တရက် ခံစားလိုက်ရသည်။

"မင်းက ဘာတွေကို ကျွန်တော်ကျွန်တော်လုပ်နေတာလဲ။ ပြောစမ်းပါ"

ဝမ်ယန် အနည်းငယ် စိတ်မရှည်တော့ပေ။

ဟောက်ကျန့် စကားမပြောနိုင်ခင်မှာပင် ယဲ့ချန်းက ပြုံးစစဖြင့် ပြောလိုက်၏။

"ဥက္ကဋ္ဌဝမ်.. ခင်ဗျားက ကျွန်တော့် ကောလိပ်ကျောင်းနေဖက်သူငယ်ချင်းကို သိတာလား"

"ကောလိပ်ကျောင်းနေဖက်သူငယ်ချင်း"ဟူသော စကားကို ကြားလိုက်ရသောအခါ ဟောက်ကျန့်အပေါ်ထားသည့် ဝမ်ယန်၏သဘောထားက အလွန်ပြေလျော့သွားသည်။

"ဟုတ်ပါတယ်။ ဟောက်ကျန့်က ကျွန်တော့်ဝန်ထမ်းပါ"

သူ့စိတ်ထဲတွင်မူ 'ကံကောင်းလိုက်တာ... သူ့ဝန်ထမ်းက ဥက္ကဋ္ဌယဲ့ရဲ့ ကျောင်းနေဖက်သူငယ်ချင်းဖြစ်နေတာကိုး'ဟု တွေးလိုက်မိသည်။ ဤအဆက်အသွယ်နှင့်သာဆိုလျှင် ဥက္ကဋ္ဌယဲ့က နောက်နောင် သူတို့ဘဏ်ကို ပိုမျက်နှာသာပေးတော့မည်ဖြစ်၏။

ဝမ်ယန်က ဟောက်ကျန့်၏ပခုံးကို ပုတ်ကာ ရယ်မောလိုက်သည်။

"ဟောက်ကျန့်... မင်းက အရည်အချင်းအစစ်တွေကို ဖုံးကွယ်ထားတာပဲ။ ဥက္ကဋ္ဌယဲ့လို ထိပ်သီးပုဂ္ဂိုလ်နဲ့တောင် သိနေတာကိုး"

ဝမ်ယန်က ယဲ့ချန်းသဘောကျစေရန်အတွက် ဟောက်ကျန့်ကို ရာထူးတိုးပေးပြီး လစာတိုးပေးဖို့ပင် တွေးနေချေသည်။

ဟောက်ကျန့်ခမျာ အတင်းပြုံးပြလိုက်ရသည်။ သူ့စိတ်ထဲမှာတော့ ခါးသီးမှုများ ပြည့်နှက်နေတော့သည်။

ယဲ့ချန်းအပေါ် သူနားလည်ထားသလောက်ဆိုလျှင် သူ့ကို ယခုလိုလှောင်ပြောင်ထားသည့်အတွက် ယဲ့ချန်းဘက်က လွယ်လွယ်နှင့် လွှတ်ပေးဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

ထင်ထားသည့်အတိုင်းပင်။ ဆက်ပြောလာသည့် ယဲ့ချန်း၏စကားများကြောင့် ဝမ်ယန်၏မျက်နှာထက်ဝယ် ဒေါသထွက်နေဟန် အမူအရာများ ပေါ်လာခဲ့သည်။

"ဥက္ကဋ္ဌဝမ်... ခင်ဗျားတို့ဘဏ်က ဝန်ထမ်းတွေက လူတွေကို ခွဲခြားခွဲခြား ဆက်ဆံတတ်တာလား"

ယဲ့ချန်းက အသာပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသောအခါ ဝမ်ယန်က ဘေးနားရှိ ဟောက်ကျန့်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

သူ့ဝန်ထမ်းက ဤထိပ်သီးသူဌေးဖြစ်သူ ယဲ့ချန်းအား စော်ကားမိသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။

"ဟောက်ကျန့်...ဘာဖြစ်ခဲ့တယ်ဆိုတာ မင်း ငါ့ကို သေသေချာချာရှင်းပြတာ ကောင်းမယ်နော်"

ဝမ်ယန်ကလည်း ဒေါသတကြီး မေးလိုက်သည်။

"ဥက္ကဋ္ဌဝမ်... ယဲ့ချန်းက ကျွန်တော်တို့ဘဏ်ရဲ့ အရေးကြီးဖောက်သည်ဆိုတာကို ကျွန်တော် တကယ်မသိခဲ့လို့ပါ။ အဲ့ဒါကြောင့်..."

ဟောက်ကျန့်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလေသည်။

ဝမ်ယန်လည်း အနည်းငယ် စိုးရိမ်သွားသည်။ ဟောက်ကျန့်၏ကိစ္စကြောင့် သူပါ အရှုပ်ထုပ်ထဲ ပါသွားနိုင်ကြောင်း သူသိနေပေသည်။

"ဟောက်ကျန့်... ငါ့ကို အမြန်ရှင်းပြစမ်း"

ဝမ်ယန်၏လေသံက အေးစက်ခက်ထန်လာသည်။

"ယဲ့ချန်းက သာမန်ပါဆယ်ပို့သမားတစ်ယောက်လို့ ကျွန်တော်ထင်ခဲ့တာပါ။ အဲဒါကြောင့် သူ့ရှေ့မှာ ကြွားဝါပြီး လှောင်ပြောင်မိသွားတာပါ"

ဟောက်ကျန့်လည်း အရာအားလုံးကို ​ဝန်ခံလိုက်ရသည်။

ဟောက်ကျန့်၏စကားကို ကြားသောအခါ ဝမ်ယန်က ပြောလိုက်လေသည်။

"မင်းက ဥက္ကဋ္ဌယဲ့ရှေ့မှာတောင် ကြွားရဲသေးတယ်ပေါ့"

"ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျွန်တော့်အမှားကို ကျွန်တော် သိပါပြီ။ ကျွန်တော့်ကိုယ်ကျွန်တော် အထင်ကြီးလွန်းသွားတာပါ"

ဟောက်ကျန့်က နောင်တတကြီး ပြောလိုက်လေသည်။

ဝမ်ယန်ကလည်း ဒေါသတကြီး နှာမှုတ်လိုက်၏။

"မင်းအမှားကို မင်းသိနေမှတော့ ဥက္ကဋ္ဌယဲ့ကို အမြန်တောင်းပန်လိုက်လေ"

ဟောက်ကျန့်က မတ်တတ်ရပ်နေဆဲပင်။ သူ မှားကြောင်း သိသော်လည်း တောင်းပန်ဖို့ ဝန်လေးနေချေသည်။

"ဒီမှာ ဘာရပ်လုပ်နေတာလဲ။ မြန်မြန်သွားလေ"

ဝမ်ယန်၏ အမိန့်ကို ကြားလိုက်ရသောအခါ ဟောက်ကျန့်လည်း အင်တင်တင်ဖြင့် ခေါင်းမော့ကာ ယဲ့ချန်းကိုကြည့်၍ ပြောလိုက်လေသည်။

"ဥက္ကဋ္ဌယဲ့... ကျွန်တော် တောင်းပန်ပါတယ်။ ခုနက ကျွန်တော့်ရဲ့ မိုက်မဲတဲ့အပြုအမူတွေအတွက် ခွင့်လွှတ်ပေးပါ"

ယဲ့ချန်းကမူ ဘာမှမပြောဘဲ သူ့ကို ပြုံးပြရုံသာ ပြုံးပြလိုက်သည်။

ယဲ့ချန်း၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ယဲ့ချန်းက ဟောက်ကျန့်ကို ခွင့်လွှတ်ဖို့ ရည်ရွယ်မထားကြောင်း ဝမ်ယန် သဘောပေါက်လိုက်သည်။

ဘဏ်မန်နေဂျာတစ်ယောက်အနေနှင့် ယဲ့ချန်းဘက်က ရှင်းရှင်းလင်းလင်း မပြောလျှင်ပင် ဝမ်ယန် အဓိပ္ပာယ်ကိုနားလည်သည်။

"ဟောက်ကျန့်... မနက်ဖြန် ဘဏ်ကို လာစရာမလိုတော့ဘူး။ မင်းကို အလုပ်ဖြုတ်လိုက်ပြီ"

ဝမ်ယန်က အကြင်နာကင်းမဲ့စွာ ပြောလိုက်သည်။

"ဥက္ကဋ္ဌဝမ်... ကျွန်တော့်အမှားကို ကျွန်တော် တကယ်သိပါပြီ။ လူတွေကို အထင်သေးမိတဲ့ ကျွန်တော့်ကိုပဲ အပြစ်တင်ပါ"

ဟောက်ကျန့်က သူ့အမှားကို ထပ်ဝန်ခံလိုက်သည်။

ဝမ်ယန်က ဆို၏။

"ငါ့ကိုခွင့်လွှတ်ဖို့ တောင်းဆိုနေလည်း အလကားပဲ။ ဥက္ကဋ္ဌယဲ့ ခွင့်လွှတ်မှဖြစ်မှာ"

"ဥက္ကဋ္ဌယဲ့... ဥက္ကဋ္ဌယဲ့... ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"

ဟောက်ကျန့်ခမျာ ယဲ့ချန်းဘေးနားသို့ တိုးသွားပြီး တောင်းပန်တိုးလျှိုးလိုက်သည်။

ယဲ့ချန်းကလည်း ခေါင်းခါ၍ ပြောလိုက်လေသည်။

"ငါ့ကို တောင်းပန်နေလို့ ဘာထူးမှာလဲ။ ငါက သာမန်ပါဆယ်ပို့သမားလေး တစ်ယောက်လေ"

ဤသည်မှာ ဟောက်ကျန့်ကို ရည်ရွယ်ပြီး ​လှောင်လိုက်ခြင်းဖြစ်ကြောင်း သိသာလွန်းလှသည်။

"ဥက္ကဋ္ဌယဲ့... အဲ့လိုမဟုတ်ပါဘူး။ ခင်ဗျားရဲ့ စကားတွေက ကျွန်တော့်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာပါ"

ဟောက်ကျန့်က တုန်ရီစွာဖြင့် ပြောရှာသည်။

သူ့အနာဂတ်သည် ယခု ယဲ့ချန်း၏ လက်ထဲတွင် ရှိနေပြီး ယဲ့ချန်း တစ်ခွန်းဟလိုက်သည်နှင့် သူလည်း ဘာမှမရှိတော့သည့် အခြေအနေသို့ ရောက်သွားနိုင်ကြောင်း သူသိသည်။

ယဲ့ချန်းက ဘာမှထပ်မပြောတော့ဘဲ ငွေကြေးကိစ္စများနှင့်ပတ်သက်၍ ဝမ်ယန်နှင့် စကားစမြည်ဆက်ပြောနေလိုက်သည်။

ဝမ်ယန်က ဟောက်ကျန့်ကို အလုပ်ကြိုးစားပြီး အရည်အချင်းရှိသူအဖြစ် သတ်မှတ်ကာ တန်ဖိုးထားခဲ့သော်လည်း ဘာအသုံးဝင်မည်နည်း။

အင်အားနည်းသူက အင်အားကြီးသူကို မယှဉ်နိုင်ချေ။ ယဲ့ချန်းက သူ့ငွေတွင်းကြီးဖြစ်နေလေရာ သူ့အနေနှင့် အရည်အချင်းရှိသူကို နှမြောလျှင်ပင် ရင်နာနာနှင့် စွန့်လွှတ်လိုက်ရမည်သာ။

"ဟောက်ကျန့်.. မင်း သွားလိုက်တော့။ မနက်ဖြန် ဘဏ်ကိုမလာနဲ့တော့"

ဝမ်ယန်က အေးစက်မာကျောစွာ ပြောလိုက်သည်။

"ဥက္ကဋ္ဌဝမ်.. ကျွန်တော့်ကို ကူညီပေးပါလို့ တောင်းပန်ပါတယ်။ ကျွန်တော် ဒီအလုပ်ကို တကယ်ဆုံးရှုံးလို့မဖြစ်ဘူး"

ဟောက်ကျန့်က ဝမ်ယန်ကိုကြည့်ကာ တောင်းပန်လိုက်သည်။

ဝမ်ယန်ကမူ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

"ဥက္ကဋ္ဌယဲ့က လက်မခံမှတော့ ငါ့ကို တောင်းပန်နေလည်း အလကားပဲ"

ထိုစကားကို ကြားလိုက်ရသောအခါ ဟောက်ကျန့်ခမျာ ခေါင်းငိုက်စိုက်ကျသွားလေသည်။

သူ တကယ်ကိစ္စတုံးပြီဖြစ်ကြောင်း သိလိုက်သည်။ ဘဏ်မန်နေဂျာရာထူးကို ဆုံးရှုံးရုံသာမက အလုပ်ပါ လက်လွှတ်လိုက်ရပြီဖြစ်ရာ ရှေ့ဆက်ပြီး ဘယ်လိုအသက်ရှင်ရပ်တည်ရတော့မည်နည်း။

သို့သော် သူ့ကို ပိုစိတ်ပျက်အားငယ်စေသည့်အရာမှာ ဤကိစ္စမဟုတ်ချေ။ နောက်ဆက်တွဲဖြစ်လာမည့်ကိစ္စက သူ့ကို ပြိုလဲလုနီးပါး ဖြစ်သွားစေသည်။

•••••••••••••••••••

All Chapters