← Chapters

အခန်း ၇၇၄

Vol. 52 Ch. 774

အခန်း ၇၇၄

Vol. 52 Ch. 774

အပိုင်း ၇၇၄ : လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေး

လူငယ်တစ်စု ထွက်သွားပြီးနောက် ဖူးရောင်ညိုမည်းနေအောင် အရိုက်ခံထားရသော ဟောက်ကျန့်တစ်ယောက် မြေပြင်ပေါ်တွင် လဲကျငိုကြွေးနေတော့သည်။ ယဲ့ချန်းက သူ့အတွက် ဂြိုဟ်ဆိုးတစ်ယောက်ဟု သူခံစားရသည်။ ယဲ့ချန်းနှင့် ဆုံမိသည့်အကြိမ်တိုင်း ကောင်းသောကိစ္စဟူ၍ တစ်ခါမှ မဖြစ်ခဲ့ပေ။

ယဲ့ချန်းက စုဝမ်ယိကိုခေါ်ပြီး ကားမောင်းထွက်သွားချိန်ဝယ် ချန်းကျားကျားက သူတို့နောက်ကို အသည်းအသန် လိုက်ပြေးလာသည်။

ကားနောက်ကြည့်မှန်ထဲကတစ်ဆင့် ထိုမြင်ကွင်းကို ကြည့်ရင်း စုဝမ်ယိက ယဲ့ချန်းကို ဆွဲဆိတ်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ယဲ့ချန်း... ရှင်က မိန်းမကိစ္စမှာ တကယ် ကံကောင်းတာပဲနော်။ ကြည့်စမ်းပါဦး... ရှင့်နောက်ကို အသေအလဲလိုက်နေတဲ့ ကောင်မလေးနော်။ ရှင့်အမြှောင်မယားအနေနဲ့ နေရရင်တောင် သူ ဂရုမစိုက်ဘူး"

"အဲဒါက ကိုယ်နဲ့ ဘာဆိုင်လို့လဲ။ ကိုယ့်နောက်ကိုလိုက်လာအောင် ခေါ်ထားတာမှ မဟုတ်တာ"

ယဲ့ချန်းက ခပ်အေးအေး ပြန်ဖြေလိုက်သည်။

သူ့စိတ်ထဲတွင်မူ ချန်းကျားကျားကို အလကားပေးလျှင်ပင် ယူမည်မဟုတ်ဟု တွေးနေလေသည်။

တက္ကသိုလ်ကျောင်းသားဘဝကတည်းက ဤမိန်းမ၏ ပိုက်ဆံမက်သည့် သဘာဝကို သူ အစောကြီးကတည်းက ရိပ်မိပြီးသားပင်။

လမ်းသွားလမ်းလာများကတော့ ဆံပင်ရှည်ရှည်၊ ဂါဝန်ရှည်နှင့် ဒေါက်မြင့်ဖိနပ်စီးထားသည့် ကောင်မလေးတစ်ယောက် အရှေ့က ပြိုင်ကားတစ်စီးနောက်ကို တကောက်ကောက် လိုက်ပြေးနေသည်ကို မြင်နေရ၏။

ချန်းကျားကျားကတော့ သူ(မ)၏သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။ ယဲ့ချန်းကို မီသွားပြီး သူနှင့် တစ်ညလောက် အတူတူနေလိုက်ရလျှင် ယဲ့ချန်းက သူ(မ)၏တန်ဖိုးကို အလိုလိုသဘောပေါက်သွားပြီး သူ(မ)ကို ထားရစ်ခဲ့မည်မဟုတ်ဟု တွေးနေလေသည်။

ဤသို့တွေးမိသောအခါ သူ(မ)၏ နှုတ်ခမ်းထောင့်စွန်းများ အလိုလိုကွေးတက်သွားပြီး ယဲ့ချန်းတစ်ယောက် သူ(မ)ကို ကြွေဆင်းသွားမည့်အဖြစ်ကိုပင် မျက်လုံးထဲ မြင်ယောင်နေမိသည်။

အတွေးလွန်နေရင်းဖြင့် အရှေ့ရှိ ဓာတ်တိုင်ကို မမြင်လိုက်သည့် ချန်းကျားကျားတစ်ယောက် ဓာတ်တိုင်ကို ဝင်တိုက်မိပြီး မျက်လုံးထဲ ကြယ်တွေလတွေတောင် မြင်သွားလေသည်။

ချန်းကျားကျားကမူ တခြားဘာကိုမှ ဂရုမစိုက်နိုင်ဘဲ အဖုထွက်လာသည့် သူ(မ)၏ နဖူးကိုသာ ပွတ်သပ်နေချေသည်။

ပြိုင်ကားကြီးက သူ(မ)နှင့် ပိုဝေးသွားသည်ကို ကြည့်ရင်း ချန်းကျားကျားခမျာ ဒေါက်မြင့်ဖိနပ်ကို ချွတ်ပစ်လိုက်ပြီး ဖြူဖွေးလှသော ခြေဗလာဖြင့် ဆက်ပြေးနေချေသည်။

ယဲ့ချန်းကို မီအောင်လိုက်နိုင်ပြီး သူနှင့်အတူ ရှိနေနိုင်မည်ဆိုပါက ဤဆင်းရဲဒုက္ခများအားလုံးက တန်သည်ဟု ယုံကြည်နေချေသည်။

သူ(မ)၏ရင်ထဲရှိ ယုံကြည်မှုကြောင့်ပေလားမသိ။ ချန်းကျားကျားမှာ ခြေထောက်က နာကျင်မှုကို အံကြိတ်ခံရင်း ပြိုင်ကားကို မီလုနီးပါးဖြစ်လာသည်။

နီးကပ်လာသော ပုံရိပ်ကို မြင်လိုက်ရချိန်ဝယ် ယဲ့ချန်း တကယ်လန့်ဖျပ်သွားသည်။ ချန်းကျားကျား ဤမျှမြန်မြန် ပြေးနိုင်လိမ့်မည်ဟု သူ မထင်ထားပေ။

ချန်းကျားကျား ကားကိုလိုက်မီတော့မည်ဟု ထင်လိုက်ချိန်မှာပင် ခဲလုံးနှင့်ခလုတ်တိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

ပိုဝေးသွားသောပြိုင်ကားကို ကြည့်ရင်း ချန်းကျားကျားလည်း မြေပြင်ပေါ်က ခက်ခက်ခဲခဲကုန်းထလာပြီး အသံအကျယ်ကြီးဖြင့် အော်ငိုလိုက်လေတော့သည်။

ထိုအချိန်ဝယ် သူ(မ)၏ နှာခေါင်းက ပွန်းပဲ့ပြီး သွေးထွက်နေသည့်အပြင် သွားတစ်ချောင်းလည်း ကျွတ်ထွက်သွားသည်။ ချွေးများမျက်ရည်များကြောင့် မိတ်ကပ်များလည်း ပျက်ကုန်လေရာ သူ(မ)၏ပုံစံက အလွန်ကြည့်ရဆိုးနေတော့သည်။

လမ်းဘေးရှိ လူများကတော့ ဖရိုဖရဲဖြစ်နေသည့် ချန်းကျားကျားကို လက်ညှိုးထိုးပြီး အတင်းအဖျင်း ပြောနေကြသည်။

ချန်းကျားကျား လိုက်မမီတော့သည်ကို မြင်မှသာ ယဲ့ချန်းလည်း သက်ပြင်းချနိုင်တော့သည်။ တကယ် လန့်သေတော့မတတ်ပင်။

"စိတ်ပျက်သွားလား"

စုဝမ်ယိက ယဲ့ချန်းကို မေးလိုက်သည်။

ချန်းကျားကျားက ဇွဲမလျှော့ဘဲ ဆက်လိုက်နေသည်ကို မြင်သောအခါ စုဝမ်ယိ၏ ရင်ထဲတွင် မနာလိုသဝန်တိုစိတ်များ ဖြစ်ပေါ်လာသည်။

"ဒီနေရာမှာ သဝန်တိုတဲ့အနံ့လေးနည်းနည်း ရနေသလိုပဲ"

ယဲ့ချန်းက တိုက်ရိုက်မဖြေဘဲ နောက်ပြောင်လိုက်သည်။

"ပေါက်ကရတွေပြောမနေနဲ့။ ကျွန်မကဖြင့် နည်းနည်းလေးတောင် သဝန်မတိုပါဘူး"

စုဝမ်ယိက အမြန်ငြင်းဆန်လိုက်သည်။

ယဲ့ချန်းရှေ့တွင် သူ(မ) ဝန်မခံရဲပေ။ ဤသည်မှာ အလွန်ရှက်စရာကောင်းလွန်းလှသည်။

ယဲ့ချန်းကတော့ ပြုံးရုံသာပြုံးပြီး ဘာမှမပြောတော့သော်ငြား သူ့ရင်ထဲတွင်မူ အလွန်နွေးထွေးသွားသည်။

အကြောင်းမှာ ယခုဆိုလျှင် စုဝမ်ယိက သူ့အပေါ် ပိုဂရုစိုက်လာသလို သူ့ကိုဆုံးရှုံးရမည်ကိုလည်း စိုးရိမ်နေသည်ဟု ခံစားလိုက်ရ၍ပင်။

ကားမောင်းလာပြီးနောက် ယဲ့ချန်းက စုဝမ်ယိကို အိမ်ပြန်ပို့ပေးခဲ့ပြီး လိုအပ်တာအချို့ မှာကြားပြီးနောက် ပြန်သွားလေသည်။

ထွက်ခွာသွားသော ယဲ့ချန်း၏ကျောပြင်ကို ကြည့်ရင်း စုဝမ်ယိ၏မျက်လုံးထဲတွင် စိတ်ပျက်သွားလေဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ(မ) ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှ ထွက်မလာချေ။

အစကတော့ စုဝမ်ယိ သူ့ကို ညအိပ်ခိုင်းချင်သော်ငြား ရှက်လွန်း၍ မပြောရဲခဲ့ပေ။

သူ(မ)၏ မိသားစုအသိုင်းအဝိုင်းက ငယ်စဉ်ကတည်းက သွန်သင်ဆုံးမမှုများကြောင့် စုဝမ်ယိသည် အလွန်အိန္ဒြေကြီးပြီး သိမ်မွေ့သော မိန်းကလေးတစ်ယောက် ဖြစ်လာခဲ့သည်။ ဤသို့သော မိန်းကလေးမျိုးက ယောက်ျားတစ်ယောက်ကို ဘယ်လိုလုပ်အိပ်ခိုင်းရဲမည်နည်း။

ညကိုးနာရီတွင်မူ ယဲ့ချန်းက ဟွားအိမ်ရာနံပါတ်တစ်ဗီလာကို ပြန်ရောက်လာပြီး သက်သောင့်သက်သာရေချိုးကာ ခုတင်ပေါ် လှဲနေလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျောက်ကျယ်နှင့် စွန်းဖန်တို့က ဟွားအိမ်ရာဗီလာထဲတွင် အွန်လိုင်းဆယ်လီတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်နှင့်အတူ ဝိုင်နီသောက်ရင်း အေးအေးဆေးဆေး စကားပြောနေကြသည်။

"သခင်လေးကျောက်.. ပြဿနာတော့တက်ပြီ"

အိမ်တော်ထိန်းကျန်းက စိုးရိမ်တကြီးဖြင့် ကမန်းကတန်း ရောက်လာသည်။

ကျောက်ကျယ်ကလည်း မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

"အိမ်တော်ထိန်းကျန်း... ကျွန်တော် အလုပ်များနေတာ မမြင်ဘူးလား။ ခင်ဗျားက ဘာတွေပျာယာခတ်နေတာလဲ"

စွန်းဖန်လည်း နည်းနည်းနားမလည်နိုင် ဖြစ်သွားသည်။ အိမ်တော်ထိန်းကျန်းက အမြဲတည်ငြိမ်နေတတ်သူဟု သူသိထားသည်ဖြစ်ရာ

ခုလိုပျာယာခတ်ရလောက်သည်အထိဆိုလျှင် ကိစ္စကြီးတစ်ခုခုတော့ ဖြစ်နေချေပြီ။

"အိမ်တော်ထိန်းကျန်း..ဘာတွေဖြစ်တာလဲ။ ဖြည်းဖြည်းချင်းပြောပါ"

စွန်းဖန်က အိမ်တော်ထိန်းကျန်းကို မေးလိုက်သည်။

အိမ်တော်ထိန်းကျန်းက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြောလိုက်၏။

"သခင်ကြီးက အခုလေးတင် ဖုန်းဆက်တယ်။ မနက်ဖြန်ကစပြီး သခင်လေးအနေနဲ့ ကိုယ့်ဘာသာကိုယ် ရှာဖွေစားသောက်ရတော့မယ်။ ပြီးတော့ သူ့ရဲ့ ဘဏ်ကတ်တွေအားလုံးကိုလည်း ပယ်ဖျက်လိုက်ပြီလို့ သခင်လေးကို ပြောခိုင်းလိုက်ပါတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်ကျယ် တစ်ကိုယ်လုံးတုန်ယင်သွားပြီး ဖုန်းကို ကမန်းကတန်းပိတ်ကာ အိမ်တော်ထိန်းကျန်းကို မယုံနိုင်လေဟန်ဖြင့် မေးလိုက်သည်။

"ငါ့အဖေက ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဘာကိစ္စကြောင့် အခုလိုဖြစ်သွားရတာလဲ"

စွန်းဖန်မှာမူ စိတ်ထဲက ကျိတ်ဝမ်းသာနေသည်။ ကျောက်ကျယ်က သူ့ရှေ့တွင် မကြာခဏဆိုသလို မောက်မာတတ်သော်ငြား ယခုတော့ အပြင်ထွက်ပြီး သနားစရာကောင်းလောက်အောင် ကိုယ်တိုင်ရှာဖွေစားသောက်ရတော့မည်။

ဝဋ်လည်တယ်ဆိုတာ တကယ်ပဲ။

"သခင်လေးကျောက်.. စိတ်မပူပါနဲ့။ ဦးလေးက မင်းရဲ့ဘဏ်ကတ်တွေကို ပယ်ဖျက်လိုက်ပေမဲ့ မင်းရဲ့အစ်ကို ငါရှိသေးတယ်မလား။ မင်း ထမင်းငတ်မှာမဟုတ်ပါဘူး"

စွန်းဖန်က ဟန်ဆောင်ပြီး နှစ်သိမ့်လိုက်သည်။

စွန်းဖန်၏ စကားကို ကြားသောအခါ ကျောက်ကျယ်၏ စိုးရိမ်မှုများ သိသိသာသာလျော့ကျသွားသည်။

ဟုတ်သားပဲ... သူ့မှာ ဒီအစ်ကိုတစ်ယောက်လုံး ရှိသေးတာပဲ။ ဘာတွေ ပူနေစရာလိုသေးလို့လဲ။

အိမ်တော်ထိန်းကျန်းက စွန်းဖန်ကို ကြည့်ပြီး ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်၏။

"သခင်လေးစွန်း... မနက်ဖြန်ကစပြီး သခင်လေးကျောက်လိုပဲ မင်းလည်း အပြင်ထွက်ပြီး ကိုယ့်ဘာသာကိုယ် ရှာဖွေစားသောက်ရပါလိမ့်မယ်"

"ဘာ"

စွန်းဖန် မျက်လုံးပြူးကျယ်သွားပြီး အိမ်တော်ထိန်း ပြောသည့်စကားကို မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

ကျောက်ကျယ်၏ အဖေက ယခုလိုဆုံးဖြတ်ချက်မျိုး ချနိုင်ကြောင်း သူ ယုံသော်ငြား သူ့အဖေအရင်းက သူ့ကို ဒုက္ခခံခိုင်းလိမ့်မည်ဟုတော့ သူ မယုံနိုင်ပေ။

စွန်းဖန်ခမျာ တကယ်ယုံရခက်နေသဖြင့် အိမ်တော်ထိန်း အထင်လွဲခြင်းဖြစ်မည်ဟုပင် တွေးလိုက်မိသည်။

"သခင်လေးစွန်း.. ဒါက တကယ်ပါ။ ဥက္ကဋ္ဌကျောက်နဲ့ ဥက္ကဋ္ဌစွန်းတို့က တလောတုန်းကမှ လူငယ်တစ်ယောက်နဲ့ တွေ့ဆုံပြီးတော့ သတိတရားတစ်ခု ရသွားတာပါ"

အိမ်တော်ထိန်းကျန်းက အကျိုးအကြောင်း ရှင်းပြလိုက်သည်။

"ငါ့အဖေက လူငယ်တစ်ယောက်နဲ့ တွေ့ပြီး သတိတရားရသွားတာက ဘာများအရေးကြီးလို့လဲ"

စွန်းဖန် ဒေါသများ လိပ်တက်လာလေတော့သည်။

သူ့အဖေက သူ့အပေါ် အမြဲချစ်ခင်ယုယကြောင်း သူ ကောင်းကောင်းသိသည်။

ဥက္ကဋ္ဌစွန်းက အသက်လေးဆယ်ကျော်မှ စွန်းဖန်ကို ရခဲ့သဖြင့် သူ့ကို အလွန်အမင်းတန်ဖိုးထားပြီး အလိုလိုက်ကာ ဘယ်လိုဆင်းရဲဒုက္ခမျိုးကိုမှ မခံစားစေချင်ခဲ့ပေ။

ယခုလိုဆုံးဖြတ်ချက်မျိုး ချလိုက်ခြင်းမှာ စွန်းဖန်အတွက်တော့ တကယ်လက်ခံဖို့ ခက်ခဲလွန်းသည်။

"ငါ့အဖေကို ဖုန်းဆက်ပြီး ဒီကိစ္စကို သေချာစုံစမ်းရမယ်"

ကျောက်ကျယ်က ဖုန်းထုတ်ရင်း ပြောလိုက်သည်။

"ငါလည်း ငါ့အဖေကို ဖုန်းဆက်ပြီး ရှင်းပြခိုင်းရမယ်"

စွန်းဖန်ကလည်း ထိုနည်းတူ သူ့ဖုန်းကို ထုတ်ယူရင်း ဆိုချေသည်။

အိမ်တော်ထိန်းကျန်းက သူတို့ကို ကမန်းကတန်း တားဆီးလိုက်၏။

"သခင်လေးတို့...ဖုန်းမခေါ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့ ဥက္ကဋ္ဌကျောက်နဲ့ ဥက္ကဋ္ဌစွန်းတို့ရဲ့ ဆုံးဖြတ်ချက်က ပြန်ပြင်လို့မရတော့လို့ပါ"

ထို့နောက် သူက ဆက်ဖျောင်းဖျလိုက်သည်။

"သခင်လေးတို့ ဒုက္ခမရောက်ရအောင် လိမ္မာပါးနပ်စွာနဲ့ နာခံလိုက်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ်"

အိမ်တော်ထိန်းကျန်း၏စကားကို ကြားလိုက်ရသောအခါ ကျောက်ကျယ်နှင့် စွန်းဖန်တို့ခမျာ လေလျှော့လိုက်သော ပူဖောင်းများနှယ် စိတ်ဓာတ်ကျစွာ ခေါင်းငိုက်စိုက်ကျသွားကြတော့သည်။

သူတို့၏ ကံကြမ္မာကို ပြောင်းလဲပစ်လိုက်သည့် လျှို့ဝှက်ဆန်းကြယ်သော ဤလူငယ်လေးက ဘယ်သူလဲဆိုသည်ကို သူတို့ တကယ်နားမလည်နိုင်လောက်အောင် ဖြစ်နေကြသည်။

•••••••••••••••••••

All Chapters