အခန်း ၇၇၅
Vol. 52 Ch. 775
အပိုင်း ၇၇၅ : တောင်းဆိုမှုတစ်ခု
ရုတ်တရက်ဆိုသလို ဧည့်ခန်းထဲ၌ ဖုန်းမြည်လာခဲ့သည်။
အိမ်တော်ထိန်းက အပြေးအလွှားသွား၍ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို သခင်ကြီး... နားလည်ပါပြီ။ သခင်ကြီးပြောတဲ့အတိုင်း သခင်လေးကိုတစ်သဝေမတိမ်း ပြန်ပြောလိုက်ပါ့မယ်"
ကျောက်ကျယ်လည်း ဖုန်းထဲကတစ်ဆင့် သူ့အဖေ၏အသံကို ကြားလိုက်ရသဖြင့် အခြေအနေများ ကောင်းသွားပြီဟု တွေးလိုက်မိသည်။
သူက ဖုန်းချလိုက်သော အိမ်တော်ထိန်းကို ကြည့်ကာ ပြုံးလျက် မေးလိုက်၏။
"အိမ်တော်ထိန်းကျန်း... ကျွန်တော့်အဖေ စိတ်ပြောင်းသွားပြီလား"
"မဟုတ်ပါဘူး သခင်လေး"
အိမ်တော်ထိန်းက ပြန်ဖြေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်ကျယ်၏ မျှော်လင့်ချက်များ တစ်စစီရိုက်ချိုးခံလိုက်ရသလို ခံစားလိုက်ရသည်။
အိမ်တော်ထိန်းက ကျောက်ကျယ်နှင့် စွန်းဖန်တို့ကို ကြည့်ကာ ပြောလိုက်၏။
"သခင်လေးတို့နှစ်ယောက် အိမ်မှာရှိတဲ့ အကောင်းဆုံးဝိုင်ကိုယူပြီး အဲဒီလူငယ်လေးဆီ သွားလည်ရမယ်လို့ သခင်ကြီးက အခုလေးတင် ဖုန်းဆက်မှာလိုက်ပါတယ်"
"ဘာ... အဲဒီကောင်လေးဆီ သွားလည်ရမယ် ဟုတ်လား။ ငါ သူ့ကို သွားမထိုးမိရင်ပဲ ကံကောင်းလှပြီ"
ကျောက်ကျယ်က ဒေါသတကြီး ပြောလိုက်သည်။
ထို့နောက် စွန်းဖန်ကပါ ဝင်ပြောလေသည်။
"ဒါပေါ့.. သူဘယ်သူလဲဆိုတာ ငါမသိစေနဲ့။ သူ့ကို ထိုးကြိတ်ပစ်ဖို့ လူမိုက်ငှားပစ်မယ်"
အိမ်တော်ထိန်းက ပြုံးစစဖြင့် ပြောလိုက်သည်။
"သခင်လေးတို့နှစ်ယောက်ကို အဲဒီလိုမလုပ်ဖို့ အကြံပေးပါရစေ။ တကယ်လို့ အဲဒီလိုသာလုပ်ခဲ့ရင် သခင်လေးတို့ပဲ အိမ်ပေါ်က နှင်ချခံရနိုင်ပါတယ်"
အိမ်တော်ထိန်း၏ စကားကို ကြားသောအခါ ကျောက်ကျယ်နှင့် စွန်းဖန်တို့နှစ်ယောက်လုံး အော်ရယ်လိုက်ကြသည်။
"ဟာသပဲ။ အပြင်လူတစ်ယောက်အတွက်နဲ့ ငါ့အဖေက ငါ့ကို အိမ်ပေါ်က နှင်ချမယ်တဲ့လား။ ငါ တကယ်မယုံနိုင်ဘူး"
စွန်းဖန်က ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား ပြောလိုက်သည်။
"ဒါနဲ့ အိမ်တော်ထိန်းကျန်း... အဲဒီကောင်လေးက ဘယ်သူလဲဆိုတာ ခင်ဗျား ကျွန်တော်တို့ကို မပြောရသေးဘူးနော်"
ကျောက်ကျယ်က အနည်းငယ်ဇဝေဇဝါဖြစ်လေဟန်ဖြင့် မေးလိုက်သည်။
အိမ်တော်ထိန်းက ပြုံးလျက် ပြောလိုက်၏။
"သူက ဟွားအိမ်ရာရဲ့ နံပါတ်တစ်စံအိမ်ပိုင်ရှင်ပါ။ နာမည်ကတော့ ယဲ့ချန်းလို့ ခေါ်ပါတယ်"
ကျောက်ကျယ်နှင့် စွန်းဖန်တို့နှစ်ယောက်စလုံး ချက်ချင်းအသံတိတ်သွားပြီး နေရာမှာတင် အံ့သြမှင်တက်သွားကြသည်။
ဟွားအိမ်ရာရှိ စံအိမ်နံပါတ်များမှာ လူနေမှုအဆင့်အတန်း၏ ပြယုဂ်တစ်ခုဖြစ်ပြီး နံပါတ်စဥ်ပိုငယ်လေ စွမ်းဆောင်ရည် ပိုမိုကြီးမားလေဖြစ်ကြောင်း သိထားသင့်ပေသည်။
မည်မျှပင် ဩဇာတိက္ကမကြီးမားပါစေ အားလီလုပ်ငန်းစုရှိ ဥက္ကဋ္ဌမာပင် ဟွားအိမ်ရာနံပါတ်နှစ်စံအိမ်တွင်သာ နေနိုင်ပေသည်။
သို့ဆိုပါက ဤယဲ့ချန်းသည် အလွန်ဩဇာကြီးမားသူတစ်ဦး ဖြစ်ရပေမည်။ သူတို့၏အဖေများ ဤမျှအထိ စိုးရိမ်တကြီးဖြစ်နေသည်မှာလည်း အံ့သြစရာမဟုတ်တော့ပေ။
သူတို့ သွေးပူပြီး စိတ်လိုက်မာန်ပါ မလုပ်ခဲ့ကြ၍သာ တော်တော့သည်။ သို့မဟုတ်ပါက အိမ်ပေါ်က တကယ်နှင်ချခံရနိုင်ချေရှိသည်။
သခင်လေးနှစ်ယောက်၏ အံ့အားသင့်နေသော မျက်နှာများကိုမြင်သော် အိမ်တော်ထိန်းက ဆက်ပြောလိုက်၏။
"ဥက္ကဋ္ဌကျောက်နဲ့ ဥက္ကဋ္ဌစွန်းတို့က သခင်လေးတို့နှစ်ယောက်ကို မစ္စတာယဲ့ဆီကနေ သင်ယူစေချင်တာပါ"
"ဘာကို သင်ယူရမှာလဲ"
ကျောက်ကျယ်နှင့် စွန်းဖန်တို့ ပြိုင်တူမေးလိုက်ကြသည်။
သူတို့၏ဖခင်များက စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်၏။ အကယ်၍ သူတို့ တစ်ခုခုကို သင်ယူချင်ပါက သူတို့ဖခင်၏ ကုမ္ပဏီသို့ သွားရောက်သင်ယူနိုင်သည်။
သို့သော် ယဲ့ချန်းထံက ဘာကြောင့် သင်ယူရမည်နည်း။ သူ့ထံတွင် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေလေသလား။
အိမ်တော်ထိန်းက ဆက်ပြောလေသည်။
"သခင်လေးတို့နှစ်ယောက် မနက်ဖြန်ကျရင် ပါဆယ်တွေ သွားပို့ပေးရမှာပါ"
"ပါဆယ်ပို့ရမယ် ဟုတ်လား"
ကျောက်ကျယ်နှင့် စွန်းဖန်တို့ခမျာ သူတို့ နားကြားမှားသည်ဟုထင်ကာ ပြန်မေးလိုက်ကြသည်။
"ဟုတ်ပါတယ်။ မစ္စတာယဲ့က ပါဆယ်ပို့တဲ့အလုပ်ကိုပဲ လုပ်နေတာပါ"
အိမ်တော်ထိန်းက ထပ်ပြောသည်။
"ဘာပြောလိုက်တယ်"
ကျောက်ကျယ်ခမျာ အလွန်အံ့သြသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ ယဲ့ချန်းက ထိုမျှအထိ အရည်အချင်းရှိနေပါက ဘယ်လိုလုပ်ပြီး ပါဆယ်ပို့သည့်အလုပ်ကို လုပ်နေနိုင်မည်နည်း။
ပါဆယ်ပို့သမားတစ်ယောက်ဆိုသည်မှာ တစ်လလျှင် ယွမ်ငွေထောင်ဂဏန်းမျှသာ ရသည်။ သူ တစ်သက်လုံး အလုပ်လုပ်လျှင်ပင် ဤမျှများပြားသော ကြွယ်ဝချမ်းသာမှုမျိုးကို စုဆောင်းနိုင်မည် မဟုတ်ပေ။
အိမ်တော်ထိန်း၏စကားကို ကြားပြီးနောက် စွန်းဖန်၏ တုံ့ပြန်မှုကား ကျောက်ကျယ်နှင့် လုံးဝကွာခြားနေပေသည်။ ယခင်က သူ့အဖေ ယဲ့ချန်းအကြောင်း ပြောဖူးသည်ကို ပြန်ကြားယောင်လာသဖြင့် တွေးတွေးဆဆဖြင့် ထိုင်နေမိသည်။
သူတို့နှင့်မတူသည်မှာ ယဲ့ချန်းသည် သူဌေးသားတစ်ယောက်မဟုတ်ဘဲ ကိုယ်တိုင်ရုန်းကန်ကြိုးစားနေသူတစ်ယောက်ဖြစ်ကြောင်း သူ ပိုသိလာသည်။
သူ့တွင် စည်းစိမ်များစွာ ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း ပါဆယ်ပို့သည့်အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်နေဆဲပင်။
အိမ်တော်ထိန်းက ပြုံးလျက် ပြောလိုက်၏။
"မစိုးရိမ်ပါနဲ့ သခင်လေးတို့ရယ်.. သခင်ကြီးတွေက သခင်လေးတို့ကို ဘဝအတွေ့အကြုံ ရစေချင်ရုံ သက်သက်ပါ။ အကြာကြီးလုပ်ရမှာတော့ မဟုတ်ပါဘူး"
အိမ်တော်ထိန်း၏စကားကို ကြားပြီးနောက် ယဲ့ချန်း၏ နောက်ခံအစစ်အမှန်ကြောင့် ကျောက်ကျယ် အံ့အားသင့်သွားသော်လည်း လူမိုက်ငှားပြီး ထိုးကြိတ်ပစ်မည်ဟု ဆက်မကြွားဝံ့တော့ပေ။ သို့သော် ပါဆယ်ပို့ရမည့်အရေးကိုတော့ တွန့်ဆုတ်နေဆဲပင်။
ယခုအချိန်ကား ပူအိုက်စေးကပ်လှသော ရာသီဥတုဖြစ်၏။ အဲယားကွန်းခန်းထဲ နေရခြင်းကပင် ခက်ခဲလှသည်။ တစ်မြို့လုံးအနှံ့ စက်ဘီးနင်းပြီး ပါဆယ်ပို့ရမည့်အကြောင်းကိုတော့ ပြောစရာပင် မလိုတော့ပေ။
ထိုသို့တွေးမိသည်နှင့် ကျောက်ကျယ်၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားသည်။
စွန်းဖန်၏ ရင်ထဲတွင်လည်း ထပ်တူတွန့်ဆုတ်နေမိသည်။ သို့သော် ဖခင်ဖြစ်သူက တစ်စုံတစ်ရာကို ဆုံးဖြတ်ပြီးပါက ပြောင်းလဲ၍မရကြောင်း သူ ကောင်းကောင်းသိသည်။
သူက ကျောက်ကျယ်၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။
"ညီအစ်ကိုရေ.. မင်းရဲ့ကံကြမ္မာကိုသာ လက်ခံလိုက်ပါတော့"
ရုတ်ခြည်းပင် ကျောက်ကျယ်၏ မျက်လုံးများ အရောင်လက်သွားသည်။
အဖေက ယဲ့ချန်းကို ဒီလောက်တောင် လေးစားနေမှတော့ ယဲ့ချန်းကသာ အဖေ့ရှေ့မှာ ငါ့အတွက် စကားကောင်းဝင်ပြောပေးမယ်ဆိုရင် ပြဿနာရှိမှာ မဟုတ်ဘူးဟု သူ တွေးလိုက်မိသည်။
ကျောက်ကျယ်နှင့် စွန်းဖန်တို့လည်း ၁၉၈၂ခုနှစ်ထုတ် ရိုမန်နီကွန်တီဝိုင်ပုလင်းကို ကိုင်ဆောင်လျက် ဟွားအိမ်ရာရှိ နံပါတ်တစ်စံအိမ်ဆီသို့ ထွက်လာခဲ့ကြသည်။
သူတို့ပြင်ဆင်လာသော ဝိုင်ကိုကြည့်ရုံမျှဖြင့် ဥက္ကဋ္ဌကျောက်နှင့် ဥက္ကဋ္ဌစွန်းတို့ ယဲ့ချန်းအပေါ် မည်မျှ သဘောထားကြီးကြောင်း ခန့်မှန်းနိုင်သည်။
ယခင်က ဤဝိုင်ကို သောက်ချင်လွန်း၍ ကျောက်ကျယ် ပူဆာခဲ့ဖူးသည်။ သို့သော် ဖခင်ဖြစ်သူက အရေးပါသော ပုဂ္ဂိုလ်ကြီးတစ်ယောက်အတွက် ဖြစ်သည်ဟုဆိုကာ ခွင့်မပြုခဲ့ပေ။
ထိုအရေးကြီးပုဂ္ဂိုလ်က သူနှင့် အလွန်နီးကပ်စွာ နေထိုင်နေသူဖြစ်ကြောင်း ယခုမှပင် သူ သဘောပေါက်သွားတော့သည်။
သူတို့ လူခေါ်ဘဲလ်ကို နှိပ်လိုက်ပြီးနောက် အပြင်ဘက်တွင် ရပ်စောင့်နေကြသည်။
တံခါးပွင့်လာသောအခါ ရိုးရာဝတ်စုံကို ဆင်မြန်းထားသော အလွန်လှပသည့် မိန်းမချောလေးတစ်ယောက်က အပေါက်ဝတွင် ရပ်နေသည်။
သူ(မ)ရှေ့ရှိ လူငယ်နှစ်ယောက်ကို မြင်သောအခါ လင်းဝမ်ယိုက ပြုံးပြလိုက်သည်။
"သခင်လေးတို့နှစ်ယောက်.. ဘာများကူညီပေးရမလဲရှင့်"
လင်းဝမ်ယိုကို မြင်လိုက်ရသောအခါ ကျောက်ကျယ်၏မျက်လုံးများ ပြူးကျယ်သွားပြီး အိန္ဒြေပျက်သွားလေသည်။
သို့သော် စွန်းဖန်ကမူ ရိုသေလေးစားစွာ ပြောလိုက်၏။
"မင်္ဂလာပါ.. ကျွန်တော်တို့ မစ္စတာယဲ့ချန်းဆီ လာလည်တာပါ။ မစ္စတာယဲ့ အိမ်မှာရှိလားမသိဘူး"
"ဪ... သခင်လေးကို လာရှာကြတာကိုး"
လင်းဝမ်ယိုက ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် သူ(မ)က ဆက်ပြောပြန်သည်။
"သခင်လေးတို့ရဲ့ နာမည်တွေ သိခွင့်ရှိမလားရှင့်"
"ကျွန်တော့်နာမည်က စွန်းဖန်ပါ။ သူကတော့ ကျောက်ကျယ်ပါ။ ကျွန်တော်တို့က ဥက္ကဋ္ဌစွန်းနဲ့ ဥက္ကဋ္ဌကျောက်တို့ရဲ့ သားတွေပါ"
စွန်းဖန်က ယဉ်ကျေးစွာ မိတ်ဆက်လိုက်သည်။
"ဟုတ်ကဲ့ပါ။ ဧည့်ခန်းထဲမှာ ခဏလောက်စောင့်ပေးပါနော်။ သခင်လေးကို သွားခေါ်ပေးပါ့မယ်"
လင်းဝမ်ယိုက သူတို့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
ကျောက်ကျယ်နှင့် စွန်းဖန်တို့ အထဲသို့ဝင်သွားသောအခါ နံပါတ်တစ်စံအိမ်ဟု ခေါ်ထိုက်လောက်သည့် အတွင်းပိုင်းအပြင်အဆင်များကို တွေ့လိုက်ရသည်။ အတွင်းရှိ အရာအားလုံးမှာ ထူးခြားဆန်းသစ်နေပြီး အဆင့်မြင့်ခမ်းနားမှုများကို ထင်ဟပ်နေလေသည်။
သူတို့နှစ်ယောက်ခမျာ အနည်းငယ် အံ့သြသွားကြသည်။ ခမ်းနားထည်ဝါမှုကို ဖော်ပြနေသော အပြင်အဆင်များက ပိုင်ရှင်ဖြစ်သူ၏ ထူးကဲသော နောက်ခံအဆင့်အတန်းကို ညွှန်ပြနေသည်။
ခဏကြာသော် ယဲ့ချန်း အပေါ်ထပ်က ဆင်းလာခဲ့သည်။
ကျောက်ကျယ်နှင့် စွန်းဖန်တို့လည်း အလျင်အမြန် မတ်တတ်ထရပ်လိုက်ကြသည်။
"မစ္စတာယဲ့... ဒီလောက်နောက်ကျမှ လာနှောင့်ယှက်မိတဲ့အတွက် တကယ်အားနာပါတယ်ဗျာ"
"သခင်လေးကျောက်... သခင်လေးစွန်း... ဒီလောက်ယဉ်ကျေးနေစရာမလိုပါဘူး။ ထိုင်ကြပါဦး"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ သူတို့ ထိုင်လိုက်ကြသည်။ သူတို့၏အဖေများပင် ယဲ့ချန်းကို အလွန်ရိုသေလေးစားရသည်ဖြစ်ရာ လူငယ်နှစ်ယောက်အနေနှင့် မည်သို့များ မလေးမစားလုပ်ဝံ့မည်နည်း။
ယဲ့ချန်းက မေးလိုက်လေသည်။
"သခင်လေးကျောက်... သခင်လေးစွန်း.. ကျွန်တော် ဘာများကူညီပေးရမလဲ"
ကျောက်ကျယ်က ဝိုင်ပုလင်းနှစ်ပုလင်းကို အမြန်ထုတ်ယူကာ ယဲ့ချန်းထံသို့ ကမ်းပေးလိုက်သည်။
"ဒါလေးက လက်ဆောင်သဘောမျိုးပါဗျ။ မစ္စတာယဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
ယဲ့ချန်းက ဝိုင်ပုလင်းကို တစ်ချက်ကြည့်လိုက်သည်။ သေချာပေါက် ရိုမန်နီကွန်တီဖြစ်ကြောင်းသိလိုက်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဥက္ကဋ္ဌကျောက်နှင့် ဥက္ကဋ္ဌစွန်းတို့က ကိစ္စရပ်များကို မည်သို့ကိုင်တွယ်ရမည်ဖြစ်ကြောင်း နားလည်ပုံရသည်။ သူတို့ဘက်က သူ့ကို လေးစားမှုပြသလာလျှင် သူကလည်း ယဉ်ကျေးမှုကို တုံ့ပြန်ရမည်သာ။
အစပိုင်းတွင် သခင်လေးနှစ်ယောက်၌ မေးမြန်းစရာ ရှိလိမ့်မည်ဟုထင်ကာ အချိန်အတော်ကြာအောင် စကားစမြည်ပြောဖြစ်ခဲ့ကြသော်လည်း နောက်ပိုင်းမှ ရိုးရိုးလာလည်ခြင်းသာဖြစ်ကြောင်း သူ သိလိုက်ရသည်။
ကျောက်ကျယ်နှင့် စွန်းဖန်တို့က သူ့ကို လေးစားအားကျကြောင်း ပြောကြသည်။ ဤသူဌေးသားများက မောက်မာကြပြီး သူတစ်ပါးကို ချီးကျူးခဲလှကြောင်း ယဲ့ချန်း သိထားသော်လည်း သူ လုံးဝ ဂရုမစိုက်ခဲ့ပေ။
ပြန်ခါနီးဆဲဆဲတွင် ကျောက်ကျယ်က ယဲ့ချန်း၏လက်ကို ရုတ်တရက်ဆုပ်ကိုင်ပြီး ပြောလိုက်၏။
"မစ္စတာယဲ့... ကျွန်တော် တောင်းဆိုစရာလေးတစ်ခု ရှိလို့ပါ။ ခင်ဗျား ကျွန်တော့်ကို ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်"
•••••••••••••••••••••