← Chapters

အခန်း ၇၇၇

Vol. 52 Ch. 777

အခန်း ၇၇၇

Vol. 52 Ch. 777

အပိုင်း ၇၇၇ : ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်ရှက်ရွံ့ခြင်း

"မင်းလည်း ငါ့ကိုမမေးခဲ့ဘူးလေ"

စွန်းဖန်က ပြန်ဖြေလိုက်သည်။

"မင်း...ကောင်စုတ်"

ကျောက်ကျယ်က ဒေါသထွက်နေသော အမူအရာဖြင့် ပြောလိုက်သည်။

ထို့နောက် သူက တောင်းပန်ချင်လေဟန် မျက်နှာထားဖြင့် ယဲ့ချန်းကို ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့... ခုနက ခင်ဗျားရှေ့မှာ ကျွန်တော် နည်းနည်းရိုင်းစိုင်းမိသွားတယ်။ တကယ်တောင်းပန်ပါတယ်"

ယဲ့ချန်းက သဘောထားကြီးကြီး လက်ခါပြပြီး ရယ်မောလိုက်သည်။

"သခင်လေးကျောက်... ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုပါဘူး။ ကျွန်တော်လည်း စိတ်ထဲမထားပါဘူး"

ယဲ့ချန်းအပေါ် သူ့သားဖြစ်သူက ရိုသေလေးစားသောသဘောထား ပြသနေသည်ကို မြင်သောအခါ ဥက္ကဋ္ဌကျောက် စိတ်အေးသွားသည်။

သားဖြစ်သူ၏ ဒေါသကြောင့် ယဲ့ချန်းကို စော်ကားမိသလိုဖြစ်သွားပြီး သူ့ကိုပါ ဂယက်ရိုက်လာမည်ကို သူ စိုးရိမ်နေခဲ့သည်။

ဥက္ကဋ္ဌကျောက်နှင့် ဥက္ကဋ္ဌစွန်းတို့မှာ သားဖြစ်သူများက ပါဆယ်ပို့ရမည့်အဖြစ်ကို စိတ်ထဲက လက်မခံကြသော်လည်း ဘာမှဆက်မပြောတော့သည်ကို မြင်သောအခါ အလွန်စိတ်သက်သာရာရသွားသည်။

"ကဲ ဥက္ကဋ္ဌယဲ့.. ဒီနေ့ကစပြီး ကျွန်တော့်သားကို ဥက္ကဋ္ဌယဲ့ဆီ အပ်လိုက်ပါပြီ။ ပါဆယ်ပို့တဲ့ ဘဝအတွေ့အကြုံရအောင် ဥက္ကဋ္ဌယဲ့နောက်ကိုသာ လိုက်ခိုင်းလိုက်ပါ"

ဥက္ကဋ္ဌကျောက်က ပြုံးလျက် ပြောလိုက်သည်။

ဥက္ကဋ္ဌဟွမ်းကလည်း ထောက်ခံလိုက်၏။

"ဥက္ကဋ္ဌယဲ့... ကျွန်တော့်သားကိုလည်း အပ်ပါတယ်ဗျာ"

"ဥက္ကဋ္ဌကျောက် ဥက္ကဋ္ဌဟွမ်း... ခင်ဗျားတို့ သေချာပြန်စဉ်းစားသင့်တယ်လို့ ထင်တာပဲ။ ပါဆယ်ပို့ရတာက အိမ်မှာနေရသလို သက်သောင့်သက်သာ မရှိဘူးလေ"

ဥက္ကဋ္ဌကျောက်က အလျင်အမြန် ပြောလိုက်လေသည်။

"ဥက္ကဋ္ဌယဲ့.. ကျွန်တော်က သူ့ကို ဆင်းရဲဒုက္ခ အခက်အခဲလေးတွေ ခံစားစေချင်ရုံပါ။ ကျွန်တော်တို့တွေလည်း အခက်အခဲပေါင်းများစွာကို ဖြတ်သန်းပြီးမှ အခုလိုအောင်မြင်မှုမျိုးကို ရလာခဲ့ကြတာမဟုတ်လား"

ယဲ့ချန်းရှေ့တွင် ဥက္ကဋ္ဌကျောက်က အလွန်နှိမ့်ချစွာ ပြောဆိုလေသည်။ သူ့အောင်မြင်မှုများကို ယဲ့ချန်းရှေ့တွင် မဝါကြွားဝံ့ပေ။ ထိုအောင်မြင်မှုဆိုသည်မှာ ယဲ့ချန်းရှေ့တွင် ဘာမှမပြောပလောက်သောကြောင့်ပင်။

"ကောင်းပါပြီ။ ခင်ဗျားတို့က ဆုံးဖြတ်ပြီးပြီဆိုမှတော့ ကျွန်တော်လည်း ဘာမှထပ်မပြောတော့ပါဘူး"

ယဲ့ချန်းက အနည်းငယ်တွန့်ဆုတ်နေသော်လည်း သဘောတူလိုက်သည်။

မစ္စတာယဲ့ချန်းက သဘောတူလိုက်သဖြင့် ဥက္ကဋ္ဌကျောက်နှင့် ဥက္ကဋ္ဌဟွမ်းတို့လည်း စိတ်အေးသွားကြသည်။

သူတို့၏သားများသာ ယဲ့ချန်းထံမှ သင်ယူနိုင်ပါက ကြီးမားသော တိုးတက်မှုများ သေချာပေါက်ရရှိလာပေမည်။ နောင်တစ်ချိန်တွင် လုပ်ငန်းများကို လွှဲပြောင်းရယူသည့်အခါ ယခုလို ကိုယ့်သဘောနှင့်ကိုယ် ထင်ရာစိုင်းတော့မည်မဟုတ်ပေ။

"ကဲ ဒါဆိုရင်လည်း အချိန်ဆွဲမနေကြနဲ့တော့။ မြန်မြန်သွားပြီး ပါဆယ်ပို့ကြတော့"

ဥက္ကဋ္ဌကျောက်က ကျောက်ကျယ်နှင့် စွန်းဖန်တို့ကို ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

တွန့်ဆုတ်နေကြသော်လည်း ကျောက်ကျယ်နှင့် စွန်းဖန်တို့ခမျာ ဘာမှဆက်မပြောရဲကြတော့ဘဲ ခေါင်းငိုက်စိုက်ချကာ ပြိုင်ကားဆီသို့ လျှောက်သွားကြသည်။

သားဖြစ်သူ၏ လုပ်ရပ်ကိုမြင်သော် ဥက္ကဋ္ဌကျောက်က အမြန်မေးလိုက်လေသည်။

"ရှောင်ကျယ်... မင်း ဘယ်သွားမလို့လဲ"

"ပါဆယ်သွားပို့မလို့လေ"

ကျောက်ကျယ်ကမူ ခေါင်းလှည့်မကြည့်ဘဲ ပြန်ဖြေသည်။

သားဖြစ်သူ၏ စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသော ဥက္ကဋ္ဌကျောက်က ပြောလိုက်၏။

"မင်းက ကားမောင်းပြီး ပါဆယ်သွားပို့ဖို့ စဉ်းစားထားတာလား"

"ကားမမောင်းရဘူးဆိုရင် ပြေးသွားရမှာလား"

ကျောက်ကျယ်က ပြန်မဖြေဘဲ ပြန်ခံပြောလိုက်သည်။

ဥက္ကဋ္ဌကျောက်ကမူ ရယ်မောလေသည်။

"ရှောင်ကျယ်... ဒီနေ့ကစပြီး ဒီပြိုင်ကားကို မောင်းဖို့ စိတ်မကူးနဲ့တော့"

"ဘာ"

ကျောက်ကျယ် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သူကိုင်ထားသော ကားသော့ကို ဖခင်ဖြစ်သူက သိမ်းယူသွားလေသည်။

စွန်းဖန်လည်း အလားတူကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ရသည်။ ဥက္ကဋ္ဌဟွမ်းက သူ့ကားသော့ကို မနက်ကတည်းက သိမ်းယူထားပြီးဖြစ်၏။

"အဖေ... ဘာလုပ်တာလဲ"

ကျောက်ကျယ်ခမျာ သူ့ဒေါသကို မနည်းထိန်းချုပ်ရင်း မေးလိုက်သည်။

ပါဆယ်ပို့ရန် ဖိအားပေးခံရသည်ကပင် ဒေါသထွက်စရာကောင်းနေလေပြီ။ သူ့မှာ သူ့အဖေနှင့် ဘော့စ်ယဲ့ချန်းတို့ရှေ့တွင် သူ့ဒေါသကို ဖွင့်ထုတ်ပြရန် မဝံ့ရဲပေ။

ယခုမူ ကားဖြင့် ပါဆယ်ပို့ခွင့်မပေးလျှင် သူ့ကို ပြေးသွားစေချင်လေသလား။ ဤသည်မှာ လုံးဝ သည်းမခံနိုင်စရာပင်။

"ပြိုင်ကားနဲ့ ပါဆယ်ပို့တဲ့လူကို မင်းမြင်ဖူးလို့လား"

ဥက္ကဋ္ဌကျောက်က သားဖြစ်သူကို မေးလိုက်သည်။

ကျောက်ကျယ်က ယဲ့ချန်းကို လက်ညှိုးထိုးပြ၍ ပြောလိုက်၏။

"ဒါပေမဲ့ ဥက္ကဋ္ဌယဲ့က ပြိုင်ကားနဲ့ ပါဆယ်ပို့တာလေ။ ပြီးတော့ အဖေက ကျွန်တော့်ကို ဥက္ကဋ္ဌယဲ့ဆီက သင်ယူစေချင်တာ မဟုတ်ဘူးလား"

သူက ဖခင်ဖြစ်သူ၏ စကားကို ပြန်လည်ကိုးကား၍ လိမ္မာပါးနပ်စွာ ချေပလိုက်သည်။ ယဲ့ချန်းက ပြိုင်ကားမောင်းပြီး ပါဆယ်ပို့နိုင်လျှင် သူလည်း သေချာပေါက် ထိုသို့လုပ်နိုင်ရမည်။

"ဆောရီးပဲဗျာ.. ကျွန်တော် ဒီနေ့ ကိစ္စလေးတစ်ခုရှိလို့ ခွင့်ယူထားတယ်"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

ယဲ့ချန်း၏စကားကို ကြားသောအခါ ကျောက်ကျယ် လုံးဝပြိုလဲသွားသလို ခံစားလိုက်ရသည်။

သူ့ခမျာ ခေါင်းငိုက်စိုက်ချလျက် ရှေ့သို့ လျှောက်သွားလိုက်သည်။

"ဟေ့ကောင်... မင်း ဘယ်သွားမလို့လဲ"

ဥက္ကဋ္ဌကျောက်က သူ့သားကို လှမ်းခေါ်လိုက်သည်။

ကျောက်ကျယ်က ခါးသီးနေသော မျက်နှာထားဖြင့် ပြန်ပြောလေသည်။

"ပါဆယ်သွားပို့မလို့လေ"

သူ့ဘေးရှိ စွန်းဖန်ကမူ တရိုတသေမေးလိုက်၏။

"ဥက္ကဋ္ဌယဲ့... ကျွန်တော်တို့ ပါဆယ်တွေကို ဘယ်သွားယူရမလဲ"

ဥက္ကဋ္ဌဟွမ်းက ပြုံးတုံ့တုံ့ဖြင့် သားဖြစ်သူကို ခေါင်းညိတ်ပြလိုက်သည်။ ဦးနှောက်မရှိသလို ပြုမူနေသော ကျောက်ကျယ်နှင့်မတူပါဘဲ သူ့သားက ပါးနပ်လှသည့်အတွက် ဝမ်းသာသွားသည်။

"ဒီမှာ မန်နေဂျာကျန်းရဲ့ ဖုန်းနံပါတ်။ သူ့ဆီကို ဖုန်းဆက်လိုက်ရင် သိရလိမ့်မယ်"

ယဲ့ချန်းက စွန်းဖန်ထံသို့ ဖုန်းနံပါတ်ကမ်းပေးလိုက်သည်။

အခြားသူ၏သားက အလွန်ထက်မြက်နေကြောင်း မြင်လိုက်ရပြီး ခေါင်းပြတ်နေသော ယင်ကောင်လို ဖြစ်နေသည့် သူ့သားနှင့် ယှဉ်ကြည့်ကာ ဥက္ကဋ္ဌကျောက် အနည်းငယ်စိတ်ဓာတ်ကျသွားသည်။

စွန်းဖန်က ထိုဖုန်းနံပါတ်ကိုယူ၍ ကျောက်ကျယ်ဆီသို့ လျှောက်သွားလိုက်၏။

"ညီအစ်ကို... ငါတို့ အတူတူပါဆယ်သွားပို့ကြရအောင်"

သူတို့နှစ်ယောက် ထွက်သွားတော့မည်ကို မြင်သော် ယဲ့ချန်းက အမြန်တားလိုက်လေသည်။

"မင်းတို့နှစ်ယောက် အရင်ဆုံး လျှပ်စစ်စကူတာ တစ်စီးလောက် ဝယ်လိုက်ဦးလေ။ ရပ်ကွက်လမ်းသွယ်တွေထဲ ပါဆယ်ပို့ရတာ ပိုအဆင်ပြေတာပေါ့"

ယဲ့ချန်း၏စကားကို ကြားသောအခါ ကျောက်ကျယ် အနည်းငယ် တက်ကြွသွားသည်။ အနည်းဆုံးတော့ ခြေလျင်လျှောက်ပြီး ပို့စရာမလိုတော့ဘဲ သွားရေးလာရေးအတွက် ယာဉ်တစ်စီးတော့ ရှိသေးသည်ဟု တွေးလိုက်မိသည်။

ဥက္ကဋ္ဌကျောက်က ရယ်မောရင်း ပြောလိုက်လေသည်။

"မင်းတို့နှစ်ယောက်ဆီမှာ လျှပ်စစ်စကူတာဝယ်ဖို့ မုန့်ဖိုးအလုံအလောက်ရှိမှာပါ"

"ဘာလဲ။ ဆိုင်ကနေ လျှပ်စစ်စကူတာတွေ ထုတ်မပေးဘူးလား။ ကိုယ့်ဟာကိုယ်ဝယ်ရမှာလား"

ကျောက်ကျယ်နှင့် စွန်းဖန်တို့ ရင်ထဲတွင် ညည်းတွားလိုက်ကြသည်။

အစပိုင်းက သူတို့၏ မုန့်ဖိုးများကို ကောင်းကောင်းမွန်မွန်စားသောက်ရန် စဉ်းစားထားသော်လည်း ယခုမူ အပေါစားလျှပ်စစ်စကူတာတစ်စီးဝယ်ရန် ငွေအချို့ကို သုံးစွဲရပေတော့မည်။

သို့သော် သူတို့တွင် ရွေးချယ်စရာမရှိပေ။ ပိုက်ဆံချွေတာလိုက်ပါက လမ်းတစ်လျှောက်လုံး ခြေလျင်လျှောက်ရချေမည်။

ကောင်းကောင်းမွန်မွန် စားသောက်ရန်ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။ လျှပ်စစ်စကူတာတစ်စီး အရင်ဝယ်ပြီး ပါဆယ်များကို ရိုးရိုးသားသားပို့ကာ ယနေ့တစ်ရက်ကိုတော့ ကြိတ်မှိတ်သည်းခံလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

လျှပ်စစ်စကူတာစီး၍ ဆိုင်ကယ်ဦးထုပ်ဆောင်းကာ ပူပြင်းလှသော နေပူထဲတွင် ပါဆယ်ပို့ရမည့်အဖြစ်ကို တွေးမိပြီး နှစ်ယောက်စလုံး ခေါင်းကိုက်သွားကြသည်။

သို့သော် အဘိုးကြီးက ပြောပြီးပြီဖြစ်ရာ သူတို့အနေနှင့် မလိုက်နာပါက အိမ်ပေါ်က နှင်ချခံရနိုင်ချေရှိသည်။

ဤအကြောင်း တွေးမိသည်နှင့် ကျောက်ကျယ်တစ်ယောက် ချွေးစေးများပင် ပြန်လာတော့သည်။

ကျောက်ကျယ်နှင့် စွန်းဖန်တို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်လေသည်။

"ဥက္ကဋ္ဌကျောက် ဥက္ကဋ္ဌစွန်း... ခင်ဗျားတို့ရဲ့ သားတွေက သားအရင်းတွေရော ဟုတ်ရဲ့လား"

"ဒါပေါ့"

သူတို့နှစ်ယောက်သား ပြိုင်တူ ဖြေလိုက်ကြသည်။

"ခြစ်ခြစ်တောက်ပူနေတဲ့ နေပူထဲမှာ ကိုယ့်သားကို လျှပ်စစ်စကူတာစီးပြီး ပါဆယ်သွားပို့ခိုင်းရတယ်လို့။ ကျွန်တော် တကယ်မယုံနိုင်ဘူး"

ယဲ့ချန်းက သူ့အတွေးကို ဖွင့်ဟပြောဆိုလိုက်သည်။

ဥက္ကဋ္ဌကျောက်မှာမူ သက်ပြင်းချလိုက်လေသည်။

"တကယ်တော့ အရင်က အဲဒီလိုမတွေးခဲ့မိပါဘူး။ အဓိကကတော့ ထူးချွန်ပြောင်မြောက်တဲ့ ဥက္ကဋ္ဌယဲ့ကိုယ်တိုင် ပါဆယ်ထွက်ပို့နေတာကို မြင်ပြီးတဲ့နောက်မှာ ရှောင်ကျယ့်ကိုလည်း လေ့ကျင့်ပေးဖို့ လိုတယ်လို့ တွေးမိသွားပါတယ်။ သူတို့ကို ဆင်းရဲဒုက္ခ ခံစားခိုင်းတာ ကောင်းတယ်လို့ ထင်တာပါပဲ"

ဥက္ကဋ္ဌဟွမ်းကလည်း ထပ်ဖြည့်ပြောလိုက်၏။

"ရှောင်ကျယ်နဲ့ ရှောင်ဖန်တို့ကို ကျွန်တော်တို့က အလိုလိုက်ထားမိတာလေ။ ရောင့်ရဲတင်းတိမ်တတ်ဖို့ဆိုတာလည်း မသိကြသလို ပိုက်ဆံရှာရတာ ဘယ်လောက်ခက်ခဲလဲဆိုတာကိုလည်း နားမလည်ကြဘူး။ ဖြုန်းတီးဖို့ပဲ သိကြတယ်။ ဒီအတိုင်းဆိုရင် ကျွန်တော်တို့မိသားစုလုပ်ငန်းက သူတို့လက်ထဲမှာ သေချာပေါက် ပျက်စီးလိမ့်မယ်"

"ဪ... နားလည်ပါပြီ။ ခင်ဗျားတို့ရဲ့ အတွေးတွေက အဓိပ္ပာယ်ရှိပါတယ်"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

"ပြီးတော့ ဥက္ကဋ္ဌယဲ့က ဒီလောက်ချမ်းသာနေတာတောင် ပစ္စုပ္ပန်မှာ ရောင့်ရဲမနေဘဲ တိုးတက်မှုကို မရပ်တန့်ပစ်ဘူး။ အဲဒီအစား ဘဝအတွေ့အကြုံယူဖို့အတွက် ပါဆယ်လိုက်ပို့နေသေးတယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ရှက်ရွံ့မိပါတယ်"

ဥက္ကဋ္ဌကျောက်က ဆက်ပြောလေသည်။

ယဲ့ချန်းကမူ တဟားဟားရယ်မောလိုက်၏။

"အင်း... အဆင်ပြေပါတယ်။ ကျွန်တော်က ဘဝအတွေ့အကြုံရဖို့သက်သက် လုပ်တာပါ။ ပါဆယ်ပို့တဲ့အခါ လူအမျိုးမျိုးနဲ့တွေ့ရလို့ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လေ။ ပြီးတော့ ကျွန်တော့်လုပ်ငန်းစုရဲ့ အနာဂတ်တိုးတက်မှုအတွက်လည်း အများကြီး အထောက်အကူဖြစ်တယ်လေ"

•••••••••••••••••••

All Chapters