အခန်း ၇၇၈
Vol. 52 Ch. 778
အပိုင်း ၇၇၈ : ရင်ခုန်သံမြန်ဆန်ခြင်း
ဥက္ကဋ္ဌကျောက်နှင့် ဥက္ကဋ္ဌဟွမ်းတို့ကို နှုတ်ဆက်ပြီးနောက် ယဲ့ချန်းလည်း စုဝမ်ယိထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။
မနေ့က စုဝမ်ယိ၏မိဘများက သူ့ကို အိမ်သို့ဖိတ်ချင်နေကြောင်း သူ(မ) ပြောထားသည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ အချိန်ဆွဲနေခြင်းထက် စောစောသွားတွေ့ခြင်းက ပိုကောင်းပေသည်။
သူ ဖုန်းခေါ်ရန် ပြင်လိုက်ချိန်မှာပင် စုဝမ်ယိထံမှ ဖုန်းဝင်လာသည်။
"ယဲ့ချန်း... ဒီနေ့ ဘာအစီအစဉ်ရှိလဲ။ ကျွန်မနဲ့အတူ ကျွန်မမိဘတွေဆီ သွားလည်ရအောင်လေ"
"ကောင်းပါပြီဗျာ။ အဲဒီအကြောင်းပြောဖို့ မင်းဆီ ဖုန်းဆက်မလို့လုပ်နေတာ။ မင်း ဘယ်မှာလဲ။ ကိုယ် အခု လာကြိုမယ်လေ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
"ရုံးခန်းအောက်ကပဲ စောင့်နေပေးနော်"
စုဝမ်ယိက ထိုသို့ပြောပြီးနောက် ဖုန်းချသွားလေသည်။
ယဲ့ချန်းလည်း သူ(မ)ကို မနက်စာစားပြီးပြီလားဟု မေးပြီး တစ်ခုခုဝယ်လာပေးချင်ခဲ့သည်။ ကံဆိုးချင်တော့ ထိုမိန်းမလှလေးက စကားပြော၍ မဆုံးသေးခင်မှာပင် အမြဲတမ်း အလောတကြီး ဖုန်းချသွားတတ်သည်။
ယဲ့ချန်းလည်း ရွှေမုခ်ခုံးဆီသို့ ကားမောင်းသွားပြီး မနက်စာနှစ်ပွဲဝယ်ကာ ကုမ္ပဏီဘက်သို့ ထွက်လာခဲ့သည်။
ကုမ္ပဏီအဝင်ဝသို့ ရောက်သောအခါ ယဲ့ချန်း ကားရပ်လိုက်ပြီး မနက်စာနှစ်ပွဲကိုင်၍ အဆောက်အအုံဆီသို့ လျှောက်သွားလိုက်သည်။
စုဝမ်ယိ၏ မိဘများနှင့် သွားရောက်တွေ့ဆုံရမည်ဖြစ်ရာ ယဲ့ချန်းလည်း ယဉ်ကျေးမှုအရ သပ်သပ်ရပ်ရပ် ဝတ်ဆင်လာသည်။
ရုံးချိန်ဖြစ်သောကြောင့် အသားကပ်ခြေအိတ်ရှည်ဝတ်ဆင်ထားသော ခြေတံရှည်မိန်းမချောလေးများက အဆောက်အအုံဆီသို့ အလျင်စလို သွားလာနေကြသည်။
အခြားသူဌေးများနှင့်မတူဘဲ ပိုင်ရှင်ဖြစ်သူ စုဝမ်ယိသည် အချိန်ဇယားနှင့်ပတ်သက်ပြီး မတင်းကျပ်ပေ။ ဝန်ထမ်းအများစုမှာ မိန်းကလေးများဖြစ်လေရာ ထွက်မလာခင် အချိန်ဆွဲတတ်ကြသဖြင့် သူ(မ)က ရုံးချိန်ကို မနက်ကိုးနာရီတိတိဟု သတ်မှတ်ပေးထားသည်။
ဝတ်စုံပြည့်ဖြင့် ခန့်ညားထည်ဝါစွာ အဆောက်အအုံဆီသို့ လျှောက်လာသော ယဲ့ချန်းက ထိုမိန်းကလေးများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။
ယဲ့ချန်းမှာ မရပ်တန့်ပါဘဲ စုဝမ်ယိ၏ ရုံးခန်းသို့ တိုက်ရိုက်သွားပြီး တံခါးမခေါက်ဘဲ အထဲဝင်သွားလိုက်သည်။
"အချစ်ရေ... ကိုယ် မနက်စာလာပို့တာ"
အထဲဝင်ပြီးပြီးချင်း ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
ကွန်ပျူတာရှေ့တွင် အလုပ်ရှုပ်နေသော စုဝမ်ယိကမူ သူ့အသံကို ကြားလိုက်ရသဖြင့် အလုပ်လုပ်နေခြင်းကို ခဏရပ်ထားလိုက်သည်။
ထိုအခါမှသာ သူ(မ) မနက်စာမစားရသေးကြောင်း ရုတ်တရက်သတိရသွားပြီး ဗိုက်ထဲက တဂွီဂွီမြည်လာတော့သည်။
"ယဲ့ချန်း... ရှင်လာတာအတော်ပဲ။ မနက်စာအတွက် ကျေးဇူးပဲ"
စုဝမ်ယိလည်း ယဲ့ချန်းကမ်းပေးသော မနက်စာကို ယူပြီး မိန်းကလေးပုံရိပ်ကိုပင် ဂရုမစိုက်တော့ဘဲ စားသောက်လေတော့သည်။
ယဲ့ချန်းကြောင့်သာ မဟုတ်လျှင် သူ(မ)အနေနှင့် နေ့လယ်စာစားချိန် ရောက်သည်အထိ စောင့်နေမိမည်မှာ သေချာသည်။
သူ့ရှေ့ရှိ စုဝမ်ယိကိုကြည့်ကာ သူ(မ) အလုပ်အပေါ် မည်မျှအာရုံစိုက်ထားကြောင်း တွေးမိပြီး ယဲ့ချန်း တဟားဟားရယ်မောလိုက်မိသည်။
အိမ်တွင် အေးအေးဆေးဆေး အနားယူ၍ ရနိုင်ပါလျက်နှင့် အမျိုးသားများကြားတွင် ဘာကြောင့် ဤမျှအထိ ကြိုးစားပမ်းစား အလုပ်လုပ်ချင်နေရသလဲဆိုသည်ကို သူ နားမလည်နိုင်ချေ။
ဤကိစ္စနှင့်ပတ်သက်၍ ယဲ့ချန်း စုဝမ်ယိကို အကြိမ်ကြိမ် မေးဖူးသော်လည်း မည်သူ့ကိုမှ အားမကိုးဘဲ သူ(မ)၏ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုကိုသာ ပိုင်ဆိုင်ချင်ကြောင်း အမြဲတမ်း အဖြေပေးတတ်သည်။
ယဲ့ချန်း၏ အကြည့်ကို ခံစားမိသဖြင့် စုဝမ်ယိက အမြန်မေးလိုက်သည်။
"ကျွန်မစားနေတဲ့ပုံစံက ရုပ်ဆိုးနေလို့လား"
"ကိုယ့်မျက်လုံးထဲမှာတော့ မင်းက အမြဲတမ်း အလှဆုံးပါပဲ"
ယဲ့ချန်းကလည်း ပြုံး၍ ဖြေလိုက်သည်။
"အပိုတွေ"
စုဝမ်ယိက ယဲ့ချန်းကို မျက်စောင်းထိုးလိုက်သည်။
ထို့နောက် မနက်စာစားနေသော ယဲ့ချန်းကိုကြည့်ကာ သူ(မ) ပြောလိုက်လေသည်။
"ယဲ့ချန်း... ကျွန်မကို ခဏလောက်စောင့်ပေးဦး။ အလုပ်လေး နည်းနည်းလုပ်စရာကျန်သေးလို့"
"ကောင်းပြီလေ။ အေးအေးဆေးဆေးသာလုပ်။ မလောနဲ့"
မနက်စာစားပြီးနောက် ယဲ့ချန်းလည်း အလုပ်ကို အာရုံတစိုက်လုပ်နေသော စုဝမ်ယိကိုသာ တောက်လျှောက် ထိုင်ကြည့်နေတော့သည်။
ယဲ့ချန်း ငေးကြည့်နေသည်ကို သိသော်လည်း စုဝမ်ယိကမူ ဘာမှမပြောပေ။
စောစောထခဲ့ရ၍လားမသိ။ ယဲ့ချန်းတစ်ယောက် မသိလိုက်မသိဘာသာ အိပ်ပျော်သွားလေသည်။
ဆိုဖာပေါ်တွင် အိပ်ပျော်နေသော ယဲ့ချန်းကိုမြင်သော် စုဝမ်ယိမှာ နားနေခန်းထဲက စောင်တစ်ထည်ယူလာ၍ ဖွဖွလေးခြုံပေးပြီးနောက် ကွန်ပျူတာရှေ့သို့ ပြန်သွားပြီး အလုပ်ဆက်လုပ်နေချေသည်။
နာရီကို ကြည့်လိုက်လေရာ နေ့လယ်၁၂နာရီပင် ကျော်နေလေပြီ။ စုဝမ်ယိက အကြောဆန့်၍ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်သည်။
"နောက်ဆုံးတော့ အားလုံး ပြီးသွားပြီပဲ"
သူ(မ)လည်း ထိုင်ရာကထပြီး အိပ်မက်ကမ္ဘာထဲ ရောက်နေဆဲဖြစ်သော ယဲ့ချန်းထံသို့ တိတ်တဆိတ် လျှောက်သွားပြီး သူ့ဘေးတွင် အသာထိုင်ချကာ သူ့ကို အသေအချာကြည့်နေမိသည်။
သူ(မ)၏ အမျိုးသားက ဘယ်လောက်တောင် ချောမောလိုက်သလဲဟု ရုတ်တရက် သတိထားမိသွားပြီး အနည်းငယ်ဂုဏ်ယူမိသည်။
ကြည့်လေလေ ပိုနစ်မျောသွားလေလေဖြစ်ကာ တွေးတောငေးမောနေမိသည်အထိပင်။
"ကြည့်လို့ဝပြီလား"
အမျိုးသားတစ်ယောက်၏အသံက တိတ်ဆိတ်မှုကို ရုတ်တရက်ဖြိုခွဲလိုက်၏။
ဤအသံကြောင့် စုဝမ်ယိ လန့်သွားလေသည်။
သူ(မ) စိတ်ငြိမ်သွားသောအခါ ယဲ့ချန်းက အစကတည်းက နိုးနေပြီး အိပ်ချင်ယောင်ဆောင်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။
သူကလည်း သူ(မ)ကို ကြည့်နေချေသည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံသောအခါ စုဝမ်ယိ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။
"ယဲ့ချန်း... ရှင်က ကျွန်မကိုနောက်ဖို့ အိပ်ချင်ယောင်ဆောင်နေတာပေါ့လေ"
စုဝမ်ယိက မျက်နှာအရဲသားဖြင့်ပြောကာ သူ(မ)၏ လက်သီးဆုပ်လေးများဖြင့် ယဲ့ချန်းကို ခပ်ဖွဖွထုရိုက်လိုက်သည်။
ယဲ့ချန်းကတော့ လုံးဝဝန်ခံမည်မဟုတ်ပေ။ သူက မတရားစွပ်စွဲခံရသလို ဟန်ဆောင်လိုက်၏။
"အချစ်ရေ... ကိုယ် အခုလေးတင်မှ နိုးလာတာပါကွာ။ နိုးနိုးချင်း မင်းခိုးကြည့်နေတာကို တွေ့လိုက်ရတာပဲ"
စုဝမ်ယိက သူ့ကို လုံးဝမယုံကြည်ပါချေ။ ဆက်တိုက် ရိုက်နှက်ဆိတ်ဆွဲကာ ကျီစယ်နေလေသည်။
အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသော်လည်း စုဝမ်ယိ လုံးဝမကြားလိုက်ပေ။
ယန်ရွှယ်က တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲဝင်လာရင်း ပြောလိုက်လေသည်။
"ဥက္ကဋ္ဌစု... နေ့လယ်စာစားချိန် ရောက်ပြီ။ ကျွန်မတို့ ဘယ်သွား..."
သူ(မ)၏စကား မဆုံးသေးခင်မှာပင် ဆိုဖာပေါ်တွင် အမျိုးသားတစ်ယောက်နှင့် ကလူကျီစယ်လေဟန်ဖြင့် စကားများနေသော စုဝမ်ယိကို မြင်လိုက်ရသည်။ တစ်ဖက်လူက သူ(မ)၏စကားကို မကြားသည်မှာ သေချာပေသည်။
ယန်ရွှယ်က အမြန်မျက်စိမှိတ်လိုက်ပြီး ရုံးခန်းထဲက ထွက်သွားရန် ကြံရွယ်လိုက်သည်။
သို့သော် နောက်ကျသွားလေပြီ။ ယဲ့ချန်းက စုဝမ်ယိကိုတွန်းရင်း ပြောလိုက်၏။
"မင်းရဲ့အတွင်းရေးမှူး ရောက်နေပြီ"
ထိုစကားကို ကြားသောအခါ အခန်းထဲသို့ လူတစ်ယောက် ဝင်လာသည်ကို သတိမထားလိုက်မိမှန်း သိလိုက်ရသဖြင့် စုဝမ်ယိ၏ မျက်နှာကား ပို၍ပင် နီရဲသွားတော့သည်။
ထို့ပြင် သူ(မ)သည် ပုံမှန်အားဖြင့် မာနကြီးပြီး အေးစက်စက်နေတတ်သူဖြစ်ရာ ဝန်ထမ်းများက သူ(မ)ကို ရေခဲဘုရင်မဟုပင် သတ်မှတ်ထားကြသည်။
ဤကဲ့သို့သော အပြုအမူမျိုးက သူ(မ)၏ ပုံရိပ်ကို သေချာပေါက် ပျက်စီးသွားစေသည်။
အရာအားလုံး သူ့အပြစ်ဟုတွေးကာ စုဝမ်ယိမှာ အပြစ်တင်လိုသော အကြည့်ဖြင့် ယဲ့ချန်းကို စိုက်ကြည့်လိုက်သည်။
ယဲ့ချန်းက အပြစ်ကင်းစင်ဟန်ဖြင့် စုဝမ်ယိကို တွန်းလိုက်သော်လည်း သူ(မ)က ဖိချထားသဖြင့် ထမရပေ။
နောက်ဆုံးတွင် အခြေအနေကို သတိပြုမိသွားသော စုဝမ်ယိလည်း အဝတ်အစားများကို သေချာဆွဲဆန့်ရန် အမြန်ထရပ်လိုက်သည်။
ကြောင်တောင်တောင်ဖြင့် ရပ်နေသော ယန်ရွှယ်ကို ကြည့်ကာ စုဝမ်ယိ မေးလိုက်လေသည်။
"ယန်ရွှယ်... ဘာကိစ္စရှိလို့လဲ"
"ဥက္ကဋ္ဌစု... ကျွန်မ ဘာမှမမြင်လိုက်ပါဘူး"
ယန်ရွှယ်က မျက်နှာအရဲသားဖြင့် ပြောလိုက်သည်။
သူ(မ)၏ စကားကြောင့် စုဝမ်ယိခမျာ ချက်ချင်းပင် အနေခက်သွားတော့သည်။
ယဲ့ချန်းလည်း ဆိုဖာပေါ်က ထလာပြီး သူ့ရှေ့ရှိ ချစ်စရာကောင်းသော ကောင်မလေးကို ကြည့်ကာ ပြောလိုက်၏။
"ယန်ရွှယ် ဟုတ်လား။ ဥက္ကဋ္ဌစုကိုလာတွေ့တာ ဘာကိစ္စများရှိလို့လဲ"
ယဲ့ချန်း၏အမေးကြောင့် ယန်ရွှယ်လည်း သတိပြန်ဝင်လာသည်။
တီဗီမင်းသားတစ်ယောက်လို ရုပ်ရည်မျိုးရှိပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသော အမျိုးသားကို သူ(မ) ကြည့်လိုက်မိပြီးနောက် မျက်နှာတစ်ခုလုံး ပို၍ပင် နီရဲသွားတော့သည်။
"ဒီလူချောလေးက တကယ်ရုပ်ဖြောင့်တာပဲ။ ဥက္ကဋ္ဌစုက သူနဲ့ကျမှ ဒီလိုမျိုးပြုမူနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ငါ့မှာလည်း ဒီလိုရည်းစားချောချောလေးရှိရင် ကောင်းမှာပဲ"
စိတ်ဖတ်နိုင်စွမ်းရှိသော ယဲ့ချန်းက ယန်ရွှယ် ဘာတွေးနေသလဲဆိုသည်ကို သေချာပေါက်သိသည်။
"တကယ်တော့ အရေးကြီးကိစ္စမဟုတ်ပါဘူး။ ဥက္ကဋ္ဌစုကို နေ့လယ်စာစားဖို့ လာခေါ်တာပါ"
ယန်ရွှယ်က ခေါင်းငုံ့ကာ ပြောလိုက်သည်။
သူ(မ)၏မျက်နှာ ပိုနီရဲလာမည်ကို စိုးရိမ်သဖြင့် ယဲ့ချန်းကို ထပ်မကြည့်ရဲတော့ပေ။
စုဝမ်ယိက အားနာဟန်ဖြင့် ပြောလိုက်လေသည်။
"ယန်ရွှယ်... ငါ ခဏနေရင် သွားစရာရှိလို့ နေ့လယ်စာ အတူတူလိုက်မစားတော့ဘူးနော်။ ပြီးတော့ ဒီနေ့နေ့လယ်ပိုင်း ရုံးကို ပြန်မလာတော့ဘူး။ ကိစ္စတစ်ခုခုရှိရင် ဖုန်းဆက်လိုက်ပါ"
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌစု"
ယန်ရွှယ်က ထိုသို့ပြောပြီး ရုံးခန်းထဲက ထွက်သွားလေသည်။
သူ(မ) လှည့်ထွက်သွားချိန်မှာပင် ယဲ့ချန်းနှင့် အကြည့်ချင်းဆုံသွားသဖြင့် သူ(မ)၏ ရင်ခုန်သံမှာ သမင်လေးတစ်ကောင် ခုန်ပေါက်နေသလို မြန်ဆန်သွားသည်။
ယောက်ျားလေးတစ်ယောက်ရှေ့တွင် ယန်ရွှယ် ဤကဲ့သို့ ခံစားရခြင်းမှာ ပထမဆုံးအကြိမ်ပင်။ ဤခံစားချက်မှာ မြင်မြင်ချင်းချစ်မိသွားခြင်းဖြစ်ကြောင်း သူ(မ) သိလိုက်သည်။
••••••••••••••••••••