← Chapters

အခန်း ၇၇၉

Vol. 52 Ch. 779

အခန်း ၇၇၉

Vol. 52 Ch. 779

အပိုင်း ၇၇၉ : စုမိသားစုထံ အလည်သွားခြင်း

ယန်ရွှယ် ရုံးခန်းထဲက ထွက်သွားသည်ကို မြင်သောအခါ စုဝမ်ယိက ဒေါသတကြီးဖြင့် ပြောလိုက်၏။

"ယဲ့ချန်း... ဒါတွေအကုန်လုံး ရှင့်အပြစ်တွေချည်းပဲ။ ကျွန်မရဲ့ပုံရိပ်တော့ ပျက်စီးပါပြီ။ အခု ကုမ္ပဏီကလူတွေကို ကျွန်မ ဘယ်လိုမျက်နှာပြရတော့မလဲ"

ထိုသို့ပြောပြီးနောက် စုဝမ်ယိက ယဲ့ချန်းကို ရိုက်နှက်တော့မည့်ဟန် ပြင်လိုက်သည်။

"မိန်းမ... သေချာစဉ်းစားဦးနော်။ ခဏနေရင် နောက်တစ်ယောက် ထပ်ဝင်လာနိုင်သေးတယ်"

ယဲ့ချန်းက ခြိမ်းခြောက်လေဟန်အပြုံးဖြင့် ပြောလိုက်သည်။

ယဲ့ချန်း၏စကားကို စုဝမ်ယိ စဉ်းစားကြည့်လိုက်သောအခါ ကျိုးကြောင်းမဆီလျော်တာတော့ မဟုတ်ပေ။ ထို့ကြောင့် သူ(မ)လည်း နားနေခန်းသို့ အမြန်သွားလိုက်သည်။

"မိန်းမ... တွေးတတ်လှချည်လား။ ဒီထဲကို တစ်ယောက်ယောက် ဝင်လာရင်တောင် ကိုယ်တို့ ကြောက်စရာမလိုတော့ဘူး"

ယဲ့ချန်းက စုဝမ်ယိနောက်က ပျော်ရွှင်စွာ လိုက်ဝင်သွားသည်။

"ရှင် လျှောက်တွေးမနေနဲ့။ ကျွန်မ အဝတ်အစား လဲမလို့။ အပြင်ထွက်တော့"

စုဝမ်ယိက သူ့ကို မျက်စောင်းထိုးကြည့်ကာ တံခါးအပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

ယဲ့ချန်းက မတရားခံရသည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"မိန်းမရာ... ကိုယ့်ကို ဒီမှာနေခွင့်ပေးလို့ မရဘူးလား။ ပြီးတော့ မင်းခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ကိုယ်မြင်ဖူးနေတာပဲ။ ဘာရှက်စရာရှိလို့လဲ"

စုဝမ်ယိက ယဲ့ချန်းကို စိုက်ကြည့်လိုက်သည်။

"အခုချက်ချင်း အပြင်ထွက်တာ ကောင်းမယ်နော်။ မဟုတ်လို့ကတော့ လုံခြုံရေးခေါ်လိုက်မယ်"

"ကောင်းပါပြီ... ကောင်းပါပြီ... စနေတာပါ။ အတည်မမှတ်ပါနဲ့ဗျာ"

ယဲ့ချန်းက လက်မြှောက်အရှုံးပေး၍ အပြင်ထွက်လာပြီး စုဝမ်ယိကို ဆိုဖာပေါ်တွင်ထိုင်ကာ စောင့်နေလိုက်သည်။

အဝတ်အစားလဲပြီးနောက် စုဝမ်ယိက အိတ်သေးသေးလေးတစ်လုံးကိုင်ကာ ယဲ့ချန်းဆီသို့ ရောက်လာပြီး ပြောလိုက်၏။

"သွားရအောင်"

ကုမ္ပဏီက စောစောထွက်လာခဲ့လျှင် ယန်ရွှယ်နှင့် တိုးမည်မဟုတ်ဟု တွေးမိသဖြင့် စုဝမ်ယိ အနည်းငယ် နောင်တရသွားသည်။

သို့သော် ဖြစ်ပြီးသွားသည့်ကိစ္စဖြစ်၍ နောင်တရနေလည်း အလကားပင်။

ယဲ့ချန်းနှင့် စုဝမ်ယိတို့ အဆောက်အအုံထဲက ထွက်လာသောအခါ ပတ်ဝန်းကျင်ရှိ လူများ၏ မနာလိုအားကျနေသော အကြည့်များကို ဆွဲဆောင်လိုက်နိုင်သည်။

သူတို့နှစ်ယောက် ကားနားသို့ လျှောက်သွားလိုက်သည်။ စုဝမ်ယိက ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်ပြီးနောက် ယဲ့ချန်းလည်း စုမိသားစု၏ နေအိမ်ဆီသို့ ကားမောင်းထွက်လာခဲ့သည်။

လမ်းတစ်ဝက်တွင် လက်ဆောင်ပစ္စည်းအချို့ဝယ်ရန် ကုန်တိုက်တစ်ခုတွင် ရပ်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ လက်ဗလာဖြင့်သွားခြင်းမှာ ရိုင်းရာကျမည် မဟုတ်ပါလော။

ကုန်တိုက်ထဲက ထွက်လာချိန်တွင် စုဝမ်ယိက သူ့အမေထံသို့ ဖုန်းခေါ်လိုက်သည်။

"မေမေ... သမီးနဲ့ ယဲ့ချန်း အိမ်ကိုလာနေပြီနော်"

"အေးပါ အေးပါ.. နင့်အဖေနဲ့ ငါလည်း အိမ်မှာ စောင့်နေတယ်"

မေမေစုက စိတ်လှုပ်ရှားစွာ ပြောပြီးနောက် ဖေဖေစုကို တစ်ချက်လှမ်းကြည့်လိုက်သည်။

တစ်နာရီခွဲခန့် ကားမောင်းပြီးနောက် ယဲ့ချန်းနှင့် စုဝမ်ယိတို့ စုမိသားစု၏နေအိမ်သို့ ရောက်လာခဲ့သည်။

ထိုအချိန်တွင် မေမေစုနှင့် ဖေဖေစုတို့က တံခါးဝတွင် စောင့်ကြိုနေကြပြီဖြစ်၏။ သူတို့၏ သမီးဖြစ်သူက အိမ်ပြန်လာခဲသည့်အပြင် ယခုတစ်ခေါက်တွင် ချစ်သူကောင်လေးပါ ခေါ်လာခြင်းဖြစ်လေရာ သူတို့အတွက် စိတ်လှုပ်ရှားစရာ ဖြစ်နေလေသည်။

ကားပါကင်ထိုးပြီးနောက် စုဝမ်ယိ ကားပေါ်မှဆင်းကာ မိခင်ဖြစ်သူထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

သနားစရာကောင်းသော ယဲ့ချန်းမှာမူ လက်ဆောင်အိတ်များကို တပွေ့တပိုက်သယ်ကာ အနောက်က မနည်းလိုက်လာရသည်။

ထိုမြင်ကွင်းကို မြင်သောအခါ မေမေစုက သမီးဖြစ်သူကို အပြစ်တင်လေဟန်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။

"ဝမ်ယိ... ရှောင်ချန်းကို နင် မကူပေးတော့ဘူးလား။ ကြည့်စမ်း... ကလေးမှာတော့ ပင်ပန်းနေရှာတာ"

ထိုသို့ပြောပြီးနောက် မေမေစုက ယဲ့ချန်းဆီသို့ လျှောက်သွားကာ သူ့လက်ထဲမှ လက်ဆောင်အချို့ကို ကူသယ်ပေးလိုက်သည်။

"ရှောင်ချန်းရယ်... ဒီလောက်ပစ္စည်းတွေအများကြီး ဝယ်မလာလည်း ရပါတယ်ကွယ်"

"မများပါဘူး အန်တီ။ အေးအေးဆေးဆေး သုံးဆောင်ပါ။ ဝမ်ယိနဲ့ ကျွန်တော်က အန်တီတို့နားမှာ အမြဲရှိမပေးနိုင်တော့ တကယ်အားနာမိပါတယ်"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မေမေစု၏ မျက်ဝန်းများ အနည်းငယ်နီရဲသွားသည်။

"အန်တီ... ဝမ်ယိနဲ့ကျွန်တော် နောက်ဆို ခဏခဏအလည်လာပါ့မယ်"

ယဲ့ချန်းက အမြန်ထပ်ဖြည့်ပြောလိုက်သည်။

ထို့နောက် ယဲ့ချန်းက ဖေဖေစုကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဖေဖေစု"

ဖေဖေစုက မကျေနပ်လေဟန် မျက်နှာထားဖြင့် ပြောလိုက်၏။

"ငါတို့တွေက မိသားစုတွေဖြစ်နေပြီပဲ။ တခြားနာမ်စား ပြောင်းခေါ်သင့်တာ မဟုတ်ဘူးလား"

ထိုစကားကို ကြားသောအခါ ယဲ့ချန်း အနည်းငယ် နေရခက်သွားသည်။ သူသည် စုဝမ်ယိနှင့် လက်မထပ်ရသေးသဖြင့် တခြားနာမ်စား ပြောင်းခေါ်ရန်မှာ အနည်းငယ်နေရခက်လှသည်။

စုဝမ်ယိက ဖေဖေစု၏ လက်မောင်းကို အမြန်ဆွဲလှုပ်ကာ ပြောလိုက်လေသည်။

"ဖေဖေ ဘာတွေပြောနေတာလဲ... သမီးတို့က လက်မှမထပ်ရသေးတာကို"

"အနှေးနဲ့အမြန်ပဲ ကွာတာပါ"

ဖေဖေစုက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ဖေဖေ..."

စုဝမ်ယိက စိတ်မကျေနပ်လေဟန်ဖြင့် ခေါ်လိုက်သည်။

ဖေဖေစုက သမီးဖြစ်သူကို လျစ်လျူရှုကာ ယဲ့ချန်းကို ကြည့်လိုက်သည်။

"ရှောင်ချန်း... အပေါ်ထပ်ကို ခဏလိုက်ခဲ့ဦး။ မင်းကို မေးစရာလေးရှိလို့"

ထို့နောက် အပေါ်ထပ်သို့ တက်သွားလေသည်။

ယဲ့ချန်းလည်း ဘာလုပ်ရမှန်းမသိတော့ပါဘဲ ဆိုဖာပေါ်က အင်တင်တင်ဖြင့်ထလာပြီး အပေါ်ထပ်သို့ လိုက်သွားလိုက်သည်။

စိုးရိမ်တကြီးဖြစ်နေသော စုဝမ်ယိအနားက ဖြတ်သွားစဉ် ယဲ့ချန်းလည်း သူ(မ)၏ပခုံးကို ခပ်ဖွဖွပုတ်၍ နှစ်သိမ့်လိုက်သည်။

"မစိုးရိမ်ပါနဲ့။ ကိုယ် အကုန်ရှင်းလိုက်ပါ့မယ်"

ယဲ့ချန်းထံမှ ဤစကားကိုကြားရတိုင်း စုဝမ်ယိကမူ မှော်ပညာတစ်ခုလို ခံစားရပြီး စိတ်အေးသွားသည်။

ယဲ့ချန်း အပေါ်ထပ်သို့ ရောက်သောအခါ ဖေဖေစုတစ်ယောက် ဆေးလိပ်သောက်၍ ရပ်နေသည်ကို မြင်လိုက်ရ၏။

"ဦးလေး... ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ"

ယဲ့ချန်းက မေးလိုက်သည်။

"ငါတို့က မိသားစုတွေပဲ။ အခုကစပြီး ငါ့ကို အဖေလို့ပဲ ခေါ်တော့။ ကြားလား"

ဖေဖေစုက အတည်ပေါက်ဖြင့် ပြောလိုက်သည်။

ယဲ့ချန်းကလည်း နားလည်ကြောင်း ပြသသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။

"ရှောင်ချန်း... မင်းတို့နှစ်ယောက်လုံးလည်း ငယ်တော့တာ မဟုတ်ဘူး။ အိမ်ထောင်ပြုဖို့ စဉ်းစားသင့်ပြီ မဟုတ်ဘူးလား"

ဖေဖေစုက ယဲ့ချန်းကို မေးလိုက်သည်။

ဖေဖေစုအနေနှင့် အိမ်ထောင်ရေးအကြောင်း မေးလာလိမ့်မည်ဟု ယဲ့ချန်း ကြိုတွက်ထားပြီးသားဖြစ်ရာ ထင်သည့်အတိုင်းပင် ဖြစ်လာသည်။

"အဖေ... ကျွန်တော်တို့ ငယ်ပါသေးတယ်။ အိမ်ထောင်ပြုဖို့ မလောပါဘူး"

ယဲ့ချန်းက ခေါင်းတကုတ်ကုတ်လုပ်ရင်း ဖြေလိုက်သည်။

"မင်းတို့က မလောပေမဲ့ ငါနဲ့ မင်းယောက္ခမကတော့ မြေးချီချင်နေပြီကွ"

ဖေဖေစုက ပိုလေးနက်စွာ ပြောလာချေသည်။

ယဲ့ချန်းက ဖေဖေစုအနားသို့ တိုးကပ်ကာ ပြုံးလျက် ပြောလိုက်၏။

"အဖေ မစိုးရိမ်ပါနဲ့။ ဝမ်ယိနဲ့ ကျွန်တော်က အဖေ့အတွက် သေချာပေါက် မြေးလေးတွေ မွေးပေးမှာပါ။ တစ်ယောက်မကတောင် ပိုမွေးချင်မွေးပေးမှာ"

"မင်းက ငါ့သမီးကို ဝက်လို့များ သဘောထားနေတာလား"

ဖေဖေစုက မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး... ကလေးများများရှိရင် ပိုပျော်စရာကောင်းမယ်ထင်လို့ပါ"

ယဲ့ချန်းက အမြန်ရှင်းပြလိုက်သည်။

ဖေဖေစုက ဆေးလိပ်ကို တစ်ဖွာဖွာလိုက်ပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ဝမ်ယိအမေဆီကနေ ကြားတာတော့ မင်းက အဲဒီလောက်မြန်မြန် အိမ်ထောင်မပြုချင်သေးဘူးဆို။ ဟုတ်လား"

"ဟုတ်ကဲ့။ မှန်ပါတယ်"

ယဲ့ချန်းကလည်း ပြန်ဖြေလိုက်သည်။

ယခင်က ဝမ်ယိကို အခြေအနေတစ်ရပ်မှ ကယ်တင်ပေးရန်အတွက် မေမေစု၏ရှေ့တွင် သူ့ဘက်က အိမ်ထောင်မပြုချင်သေးကြောင်း ဝန်ခံထားခဲ့ဖူးလေရာ ဖေဖေစုထံတွင် ငြင်းဆိုလိုက်ပါက မကောင်းနိုင်ပေ။

မယုံကြည်ထိုက်သူတစ်ယောက်အဖြစ် မြင်သွားစေနိုင်ရုံသာမက စုဝမ်ယိကိုလည်း သစ္စာဖောက်ရာကျသွားမည်ဖြစ်ရာ သူ(မ)ကလည်း သူ့ကို အလွယ်တကူ ခွင့်လွှတ်ပေးမည် မဟုတ်ပေ။

"ငါလည်း ဒီအရွယ်ကို ဖြတ်သန်းဖူးပါတယ်။ ယောက်ျားတွေ မျက်စိကစားတတ်တာက ပုံမှန်ပါပဲ။ ဒါပေမဲ့ အသက်အရွယ်တစ်ခုရောက်လာရင်တော့ အတည်တကျနေသင့်ပြီလေ"

ဖေဖေစုက လေးလေးနက်နက်ဖြင့် အကြံဉာဏ်ပေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ယဲ့ချန်းက တစ်ခုခုလွဲချော်နေပြီဟု ခံစားမိသွားသဖြင့် အမြန်ရှင်းပြလိုက်သည်။

"အဖေ... အဖေထင်သလို မဟုတ်ပါဘူး။ အဖေ အထင်လွဲနေပြီ"

"ရှင်းပြစရာမလိုပါဘူး။ ငါ နားလည်ပါတယ်"

ဖေဖေစုက ပြောလိုက်လေသည်။

"အဖေ... တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ အိမ်ထောင်မပြုခင် ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အရင်တည်ဆောက်ချင်တာပါ။ ဝမ်ယိကို ပိုကောင်းတဲ့ဘဝတစ်ခု ပေးချင်လို့ပါ"

ယဲ့ချန်းက လေးနက်စွာ ပြောလိုက်သည်။

"မင်းက အခုလည်း ထူးချွန်နေပါပြီ။ ငါ့သမီးကို ပျော်ရွှင်တဲ့ဘဝတစ်ခု ပေးနိုင်စွမ်းရှိနေပါပြီ။ ပြီးတော့ ငါ့သမီးအကြောင်းကို ငါ အသိဆုံးပဲ။ သူက မင်းကို ဒီအတိုင်းလေးပဲ ချစ်တာပါ"

"ဒါပေမဲ့... ဒါပေမဲ့..."

ယဲ့ချန်း စကားထစ်ငေါ့သွားသည်။

ရုတ်ခြည်းပင် ဖေဖေစုလည်း တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရ၏။

"ရှောင်ချန်း... ပြောစမ်းပါဦး။ ဝမ်ယိကများ အိမ်ထောင်မပြုချင်လို့လား။ မင်းပေးတဲ့ အကြောင်းပြချက်က သိပ်အဓိပ္ပာယ်မရှိလို့"

ယဲ့ချန်း ဘာမှမပြောနိုင်ပေ။ အမှန်တကယ်ပင် သူ ဘာပြောရမှန်း မသိတော့ပေ။

ဖေဖေစု ဤသို့မေးလာခြင်းမှာ ဤကိစ္စနှင့်ပတ်သက်ပြီး သူ သံသယဝင်နေပြီဖြစ်ကြောင်း ပြသနေသည်။

"ရှောင်ချန်း... မိန်းမတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို မင်း ခံနေလို့မရဘူး။ သူတို့ကို လမ်းညွှန်ပြသပေးဖို့ လိုအပ်တယ်။ ခုနက ငါတွေ့လိုက်ရတဲ့အပေါ် အခြေခံပြီးပြောရရင် အိမ်မှာ မင်းရဲ့နေရာက ဘာမှမရှိဘူးဆိုတာ သိသာနေတယ်"

ဖေဖေစုက ယဲ့ချန်းကို ပြောလိုက်သည်။

ယဲ့ချန်း ဤကိစ္စကို ဘယ်လိုတုံ့ပြန်ရမည်မသိသဖြင့် တိတ်တိတ်လေးသာ နေလိုက်သည်။

"ရှောင်ချန်း... မင်းအတွက် ငါ တကယ်စိတ်ပူမိတယ်။ မင်းကို နည်းလမ်းလေး နည်းနည်းပါးပါး သင်ပေးမှ ဖြစ်တော့မယ်ထင်တယ်"

ဖေဖေစုက စိတ်မကောင်းလေဟန်ဖြင့် ပြောလိုက်သည်။

•••••••••••••••••••••

All Chapters