အခန်း ၇၈၀
Vol. 52 Ch. 780
အပိုင်း ၇၈၀ : အကြံတစ်ခုရလာခြင်း
ယဲ့ချန်းက အမြန်ပြောလိုက်၏။
"ထားလိုက်ပါတော့။ ဝမ်ယိနဲ့ ကျွန်တော် အဆင်ပြေပါတယ်"
စုဝမ်ယိက သူတို့၏ သမီးအရင်းရော ဟုတ်ရဲ့လားဟု သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။ ယောက္ခမဖြစ်သူက သမီးဖြစ်သူကို ဘယ်လိုဆုံးမရမလဲဆိုသည်ကို သမက်အား သင်ပေးနေသည်။ ဤကိစ္စသာ အပြင်လူများသိသွားပါက စိတ်ဝင်စားစရာ ကောင်းနေပေတော့မည်။
"မင်း ကြောက်နေတဲ့ပုံစံကိုကြည့်ပြီး ငါ ဒေါသထွက်သွားလို့ပါ။ မင်းလို ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အလွယ်တကူ ခံနေရတာလဲ"
ဖေဖေစုက ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
"အဖေ... ကျွန်တော်က ဝမ်ယိကို ချစ်လို့ပါ။ သူ့ကို ကြောက်လို့မဟုတ်ပါဘူး"
ယဲ့ချန်းကလည်း အမြန်ရှင်းပြလိုက်သည်။
"ယောက်ျားဆိုတာ ယောက်ျားလိုနေရတယ်။ မိန်းမတစ်ယောက်ရှေ့မှာ ပျော့ညံ့နေတာက ဘယ်လိုယောက်ျားမျိုးလဲ။ ဟုတ်တယ်မလား"
ဖေဖေစုက သူ့အမြင်ကို ဆက်လက်ထုတ်ဖော်ပြောဆိုနေသည်။
ဖေဖေစုက ဆက်ပြောပြန်သည်။
"ခုနက မင်း အိတ်တွေအကုန်လုံး သယ်လာရပြီး ဝမ်ယိရဲ့လက်ထဲမှာကျတော့ ဘာမှမရှိဘူး။ ငါသာဆိုရင် ဒါမျိုးကို လုံးဝလက်ခံမှာမဟုတ်ဘူး"
အစောပိုင်းက ပြောခဲ့သည့်စကားများကို သူ သေချာနားမလည်လိုက်ဘူးဟု ယဲ့ချန်း ထင်လိုက်သဖြင့် စကားမပြောတော့ဘဲ တိတ်တဆိတ်သာ နားထောင်နေလိုက်သည်။
ယဲ့ချန်း စကားမပြောသည်ကို မြင်သောအခါ ဖေဖေစုက ယဲ့ချန်းလည်း သူ့အမြင်ကို သဘောတူလက်ခံသည်ဟု ယူဆလိုက်၏။
"ရှောင်ချန်း... ငါ့ကို ယုံစမ်းပါ။ မိန်းမတွေဆိုတာ ရိုးရိုးတန်းတန်း ထိန်းကျောင်းလို့မရဘူး။ သူတို့ကို ရိုက်မှရမှာ"
ဖေဖေစုက လျှို့ဝှက်ဆန်းကြယ်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ယဲ့ချန်းခမျာ အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ စုဝမ်ယိက သူတို့သမီးအရင်းရော ဟုတ်ရဲ့လားဟု ပို၍ပင်သံသယဖြစ်လာသည်။
ဖခင်တစ်ယောက်အနေနှင့် ဤသို့သောစကားမျိုးကို ဘယ်လိုလုပ်ပြီး ပြောထွက်ရလေသလဲ။ အပြင်လူတစ်ယောက်အနေနှင့်ပင် သူ သဘောမတူနိုင်ပေ။
သို့သော်လည်း ယဲ့ချန်း နှုတ်ဆိတ်လျက်သာ နေခဲ့သည်။
"ငါ မင်းကိုပြောပြမယ်။ တစ်ချက်ရိုက်လို့မရရင် နှစ်ချက်ရိုက်။ နှစ်ချက်ရိုက်လို့မရရင် သုံးချက်ရိုက်လိုက်။ နောက်ဆုံးတော့ သူ အရှုံးပေးသွားမှာပဲ။ ဟုတ်တယ်မလား"
ဖေဖေစုက ပြုံးလျက် ပြောလိုက်သည်။
ဖေဖေစု၏ အမြင်ကို ကြားသောအခါ ယဲ့ချန်းလည်း မေးခွန်းတစ်ခု တကယ်မေးချင်သွားသည်။
'အဖေလည်း မေမေစုအပေါ် ဒီလိုပဲ ဆက်ဆံခဲ့တာလား'ဟုပင်။
သို့သော် ယဲ့ချန်း ပါးစပ်ဟလိုက်သော်ငြား နောက်ဆုံးတွင်တော့ မမေးဖြစ်ခဲ့ပေ။ အကြောင်းကား ဤသည်မှာ သူတို့မိသားစုကိစ္စဖြစ်ပြီး သူက လူငယ်တစ်ယောက်အနေနှင့် ဝင်ပါရန် မသင့်တော်သောကြောင့်ပင်။
ယဲ့ချန်းထံမှ တုံ့ပြန်မှုမရှိသည်ကို မြင်သောအခါ ဖေဖေစုက သူ့ကိုကြည့်ပြီး မေးလိုက်၏။
"နားလည်လား"
"နားလည်ပါပြီ"
ယဲ့ချန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
သူ ဤအကြောင်းအရာကို ဆက်မပြောချင်တော့ပေ။ အဓိကအကြောင်းအရင်းမှာ ဖေဖေစုက ယခုလိုပြောနေလျှင်ပင် သူ့အနေနှင့် စုဝမ်ယိကို လက်ဖျားနှင့်ပင် ထိမည်မဟုတ်သောကြောင့်ပင်။
ယဲ့ချန်း၏ ရင်ထဲတွင်မူ ဇနီးဆိုသည်မှာ မြတ်နိုးယုယရမည့်သူဖြစ်ရာ သူ(မ)ကို မည်သို့ရိုက်နှက်နိုင်မည်နည်း။
ဖေဖေစုက သူ ယဲ့ချန်းကို အောင်မြင်စွာ ပညာပေးနိုင်ခဲ့ပြီဟုတွေးကာ ကျေကျေနပ်နပ်ကြီး ဆေးလိပ်သောက်နေလေသည်။
ဆေးလိပ်သောက်ပြီးနောက် ဖေဖေစုက ပြုံးလျက် ယဲ့ချန်းကို ပြောလိုက်သည်။
"ရှောင်ချန်း... အောက်ထပ်ဆင်းရအောင်"
ယဲ့ချန်း အပေါ်ထပ်သို့ တက်သွားချိန်တွင် ဖခင်ဖြစ်သူနှင့် ယဲ့ချန်းတို့ ဘာတွေပြောကြမည်ကို ကြားချင်သဖြင့် စုဝမ်ယိ အနောက်က လိုက်သွားချင်ခဲ့သည်။
သို့သော် သူ(မ)၏အမေက သူ(မ)ကို တားလိုက်သည်။ မေမေစုက သမီးဖြစ်သူကို ကြည့်ကာ ပြောလိုက်၏။
"ဝမ်ယိ... နင့်အဖေနဲ့ ယဲ့ချန်းက အလုပ်ကိစ္စတွေ ပြောနေကြတာ။ နင် ခိုးနားထောင်လို့ မရဘူး"
"သူတို့ပြောတာကို သမီးက ဘာလို့ နားထောင်လို့ မရရမှာလဲ"
စုဝမ်ယိက နားမလည်နိုင်သည့်ပုံစံဖြင့် မေးလိုက်သည်။
"ဝမ်ယိ... လာ ငါ့ကိုဟင်းကူချက်ပေး"
မေမေစုက သူ့သမီးကို မီးဖိုချောင်ထဲသို့ ဆွဲခေါ်သွားလေသည်။
သူ(မ)၏အဖေက ယဲ့ချန်းကို ဘာတွေပြောမလဲဟု စုဝမ်ယိ အလွန်သိချင်နေသော်လည်း အမေက တားဆီးကာ မီးဖိုချောင်ထဲသို့ အတင်းဆွဲခေါ်သွားသဖြင့် ဘာမှမတတ်နိုင်ခဲ့ပေ။
မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော အစ်မကျန်းကို မြင်သောအခါ စုဝမ်ယိက မေးလိုက်လေသည်။
"မေမေ... အစ်မကျန်း ဟင်းချက်နေတာ မဟုတ်ဘူးလား"
မေမေစုက ခက်ထန်တင်းမာစွာ ပြောလိုက်လေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် နင် အပေါ်ထပ်ကို သွားလို့မရဘူး။ နင် အပေါ်တက်ပြီး ခိုးနားထောင်တာကို နင့်အဖေသာသိရင် သေချာပေါက် ဒေါသထွက်လိမ့်မယ်"
သူ(မ)အမေ၏ စကားက အမှန်ပင်။ သူ(မ)အဖေ၏ဒေါသကို သူ(မ) သိသည်။
စုဝမ်ယိလည်း မီးဖိုချောင်ထဲမှထွက်ကာ ဧည့်ခန်းထဲသို့သွားပြီး တီဗီကို ပျင်းရိပျင်းတွဲထိုင်ကြည့်ရင်း မျက်လုံးများကမူ အပေါ်ထပ်သို့ မကြာခဏ အကဲခတ်နေမိသည်။
သူ(မ)၏အဖေက ယဲ့ချန်းနှင့် ဤမျှအကြာကြီး ပြောဆိုနေရလောက်အောင် ဘာတွေများ အရေးကြီးနေသလဲဟု တွေးနေမိသည်။
သူ(မ) အပေါ်ထပ်သို့ စိုးရိမ်တကြီး လှမ်းကြည့်နေစဉ်မှာပင် ဖေဖေစုနှင့် ယဲ့ချန်းတို့ ဒုတိယထပ်မှ ဆင်းလာကြသည်။
အပေါ်သို့ လှမ်းကြည့်နေသော စုဝမ်ယိ၏ မျက်လုံးများကို မြင်သောအခါ ယဲ့ချန်းက ရယ်ကာမောကာဖြင့် ပြောလိုက်၏။
"ဘာလဲ... ခဏလေးအတွင်းမှာတင် ကိုယ့်ကို လွမ်းနေပြီလား"
"ကျစ်... အထင်ကြီးမနေနဲ့။ ကျွန်မ ရှင့်ကို နည်းနည်းလေးတောင် မလွမ်းဘူး"
စုဝမ်ယိက ပွင့်ပွင့်လင်းလင်း ငြင်းလိုက်သည်။
"ရှောင်ချန်း... မင်း အရင်ထိုင်နေဦး။ ငါ ခြံထဲမှာ လမ်းခဏသွားလျှောက်လိုက်ဦးမယ်"
ဖေဖေစုက ယဲ့ချန်းကို ပြောလိုက်သည်။
ဖခင်ဖြစ်သူ အပြင်ထွက်သွားသည်နှင့် စုဝမ်ယိက ယဲ့ချန်းနားသို့ အမြန်ကပ်လာပြီး မေးလိုက်တော့သည်။
"ယဲ့ချန်း... ခုနက ရှင်နဲ့ ကျွန်မအဖေ ဘာတွေပြောနေကြတာလဲ"
ယဲ့ချန်းက ခေါင်းတကုတ်ကုတ်လုပ်၍ ပြောလိုက်လေသည်။
"မင်းမသိတာ ပိုကောင်းပါတယ်"
ယဲ့ချန်းက သူ(မ)ကို ပြောပြမည့်ပုံမပေါ်ကြောင်း မြင်သောအခါ စုဝမ်ယိက ထပ်မမေးတော့ဘဲ တီဗီသာ ဆက်ကြည့်နေလိုက်သည်။
မကြာခင် ထမင်းစားရန် အဆင်သင့်ဖြစ်လေပြီ။ အစ်မကျန်းက ဟင်းပွဲများကို စားပွဲပေါ်သို့ ယူလာပေးသည်။ ဖေဖေစုနှင့် မေမေစုတို့ ထိုင်ပြီးနောက် ယဲ့ချန်းနှင့် စုဝမ်ယိတို့လည်း ဝင်ထိုင်လိုက်ကြသည်။
ဖေဖေစုက ဝိုင်ပုလင်းတစ်ပုလင်းကို ပျော်ရွှင်စွာယူလာပြီး သူ့အတွက်ရော ယဲ့ချန်းအတွက်ပါ ငှဲ့ပေးလိုက်သည်။ ကားမောင်းရမည့် ယဲ့ချန်းက ငြင်းဆန်ချင်သော်လည်း ဖေဖေစုက သူ့ကို မျက်စိမှိတ်ပြလိုက်ကြောင်း မြင်လိုက်ရသည်။
"အဘိုးကြီး... ဆရာဝန်က အရက်မသောက်ရဘူးလို့ ပြောထားတယ်လေ"
မေမေစုက အလျင်စလို ဝင်ပြောလိုက်သည်။
"ဒီနေ့ ဝမ်ယိက ယဲ့ချန်းကိုခေါ်လာလို့ ငါ ဝမ်းသာနေတာ။ နည်းနည်းပါးပါးသောက်တာ ဘာမှမဖြစ်ပါဘူး။ ပြီးတော့ ရှောင်ချန်းကလည်း သောက်ချင်နေတာပဲ"
ဖေဖေစုက ပြုံးလျက် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ယဲ့ချန်းက မေမေစုကို အမြန်ပြောလိုက်သည်။
"အမေ... အဖေနဲ့ ကျွန်တော် မတွေ့ရတာလည်း ကြာပြီ။ ဝမ်ယိနဲ့ ကျွန်တော် အိမ်ကိုလာလည်တာလည်း ရှားတယ်လေ။ ကျွန်တော်တို့ကို နည်းနည်းပါးပါးတော့ သောက်ခွင့်ပေးပါ"
ယဲ့ချန်းက ဤသို့ပြောလာပြီဖြစ်လေရာ မေမေစုလည်း ဘာမှဆက်မပြောနိုင်တော့ပေ။ ယဲ့ချန်းက သူတို့ကို 'အမေ'၊ 'အဖေ' ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် မေမေစု အလွန်ပင် ဝမ်းသာသွားသည်။
စကားပြောပြီးနောက် ယဲ့ချန်းက သူ(မ)၏အဖေကို ခေါ်ဝေါ်ပုံပြောင်းသွားကြောင်း စုဝမ်ယိလည်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူ(မ) အနည်းငယ် သံသယဖြစ်သွားလေသည်။
ယဲ့ချန်းကို မျက်စောင်းထိုးကြည့်လိုက်သော်လည်း ဘာတုံ့ပြန်မှုမှ မရခဲ့ပေ။
ဖေဖေစုတစ်ယောက် အလွန်ပျော်ရွှင်စွာဖြင့် စားသောက်ပြီးစီးသွားသည်။ ယဲ့ချန်းကျေးဇူးကြောင့် သူ သောက်ခွင့်ရလိုက်သည် မဟုတ်ပါလော။
ထမင်းစားပြီးနောက် ယဲ့ချန်းက မေမေစုကို စားပွဲရှင်းရာတွင် ကူညီပေးရန် ထရပ်လိုက်သော်လည်း တားဆီးခံလိုက်ရသည်။
"ရှောင်ချန်း... မင်း ထိုင်နေ။ ဝမ်ယိ... သွား နင့်အမေကို ကူရှင်းပေးလိုက်"
ဖေဖေစုက အမိန့်ပေးလိုက်သည်။
စုဝမ်ယိခမျာ ဖခင်ဖြစ်သူကို မလွန်ဆန်ရဲသဖြင့် အင်တင်တင်ဖြင့် ထရပ်လိုက်ပြီး သူ(မ)အမေ၏နောက်ကတစ်ဆင့် မီးဖိုချောင်ထဲသို့ လိုက်သွားလေသည်။
"ရှောင်ချန်း... မြင်တယ်မလား။ အိမ်မှုကိစ္စဆိုတာ မိန်းမတွေရဲ့အလုပ်ကွ။ နောက်ဆိုရင် မင်း အိမ်မှာ အိမ်မှုကိစ္စတွေလုပ်စရာမလိုဘူး။ ကြားလား"
ဖေဖေစုက ယဲ့ချန်းကို ဆက်သင်ပြနေလေသည်။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"အဖေ... ကျွန်တော် နားလည်ပါပြီ"
ထိုသို့ပြောလိုက်သော်လည်း ဖေဖေစုသည် ယောက်ျားကြီးစိုးရေးဝါဒီတစ်ဦးဟု သူ တွေးလိုက်မိသည်။
တီဗီခဏကြည့်ပြီးနောက် မေမေစုက ပြုံးလျက် ပြောလာလေသည်။
"ရှောင်ချန်း... ဒီည ဒီမှာပဲ အိပ်သွားပါလား။ အိမ်လာလည်တာ ရှားကရှားနဲ့"
စုဝမ်ယိက ဘာမှမပြောသလို ယဲ့ချန်းလည်း ငြင်းရခက်သွားသည်။
သမီးဖြစ်သူရော ယဲ့ချန်းပါ မကန့်ကွက်သည်ကို မြင်သောအခါ မေမေစုလည်း ရွှင်မြူးစွာဖြင့် အပေါ်ထပ်သို့ တက်သွားလေသည်။
အတန်ကြာပြီးနောက် မေမေစု အောက်ပြန်ဆင်းလာပြီး သူတို့ကို ပြောလေသည်။
"မင်းတို့အတွက် အပေါ်ထပ်က အခန်းကို ရှင်းပေးထားတယ်။ ညဉ့်မနက်စေနဲ့နော်"
အသက်အရွယ်အရ ဖေဖေစုနှင့် မေမေစုတို့က စောစောအိပ်ရာဝင်သွားကြသဖြင့် ယဲ့ချန်းနှင့် စုဝမ်ယိတို့သာ ကျန်ရစ်ခဲ့သည်။
တီဗီခဏကြည့်ပြီးနောက် စုဝမ်ယိလည်း မတ်တတ်ထရပ်ကာ သူ့အမေပြင်ဆင်ပေးထားသော အပေါ်ထပ်ရှိ အခန်းထဲသို့ သွားလိုက်သည်။
စုဝမ်ယိထွက်သွားသည်ကို မြင်သော် ယဲ့ချန်းလည်း နောက်ကလိုက်သွားလေသည်။
ယဲ့ချန်း တံခါးနားသို့ ရောက်သွားချိန်တွင် ဘန်းခနဲ တံခါးပိတ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
ယဲ့ချန်း တံခါးခေါက်၍ ပြောလိုက်၏။
"ဝမ်ယိ... တံခါးဖွင့်ပေးဦးလေ"
"တခြားအခန်းမှာ သွားအိပ်"
စုဝမ်ယိက ငြင်းဆန်လိုက်သည်။
စုဝမ်ယိ၏စကားကို ကြားသောအခါ ယဲ့ချန်း မျက်ဆန်လှန်လိုက်မိရင်း ရုတ်တရက် အကြံတစ်ခုရလာလေသည်။
••••••••••••••••••••••