အခန်း ၇၈၁
Vol. 53 Ch. 781
အပိုင်း ၇၈၁ - ကူညီရိုင်းပင်းခြင်း
"ကောင်းပြီလေ။ ဒီညတော့ ဆိုဖာပေါ်မှာပဲ အိပ်လိုက်ပါ့မယ်။ နောက်မှ နောင်တမရနဲ့နော်"
ယဲ့ချန်းက ပြုံးပြီး ပြောလိုက်သည်။
"လုပ်ရဲရင် လုပ်ကြည့်လေ"
စုဝမ်ယိက တံခါးဖွင့်ရင်း ပြောလိုက်သည်။
အကယ်၍ ယဲ့ချန်း တစ်ညလုံး ဆိုဖာပေါ်မှာ အိပ်ခဲ့ရကြောင်းကိုသာ သူ(မ)မိဘများ သိသွားပါက မနက်ကျလျှင် သေချာပေါက် မေးခွန်းများစုံနေအောင် မေးကြတော့မည်ဖြစ်၏။
စုဝမ်ယိက တံခါးဝတွင် သူ့ကို စောင့်နေကြောင်း မြင်သော် ယဲ့ချန်းက ပြုံးပြီး မေးလိုက်၏။
"အချစ်လေး.. မင်း ကိုယ့်အတွက် တံခါးမဖွင့်ပေးဘဲ ဘယ်နေနိုင်မှာလဲ ဟုတ်တယ်မလား"
စုဝမ်ယိက ယဲ့ချန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး သူ ဘာကိုမေးနေသလဲဆိုသည်ကို သူကိုယ်တိုင် အသေအချာ သိနေလျက်သားနှင့်ဟု စိတ်ထဲက တွေးလိုက်သည်။
"အထင်မလွဲနဲ့နော်။ ပြဿနာမဖြစ်ချင်လို့"
စုဝမ်ယိက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
ယဲ့ချန်းလည်း သူ(မ)နောက်က လိုက်ဝင်သွားပြီးနောက် ခုတင်ပေါ်သို့ ပစ်လှဲကာ နေရာတစ်ခုလုံးအပြည့် ခြေပစ်လက်ပစ် နေရာယူလိုက်သည်။
စုဝမ်ယိက သူ့ကို တွန်းပြီး ပြောလိုက်လေ၏။
"ဟိုဘက်နည်းနည်း တိုးဦးလေ"
သူ(မ) ဘယ်လောက်ကြိုးစား၍ တွန်းပါစေ အချည်းနှီးသာ။ ယဲ့ချန်းက လက်တစ်လုံးစာပင် ရွေ့မသွားပေ။
"ကောင်းပြီလေ.. ရှင် ဒီအခန်းထဲမှာပဲ အိပ်တော့။ ကျွန်မ တခြားအခန်း သွားအိပ်မယ်"
စုဝမ်ယိက ဤတစ်ကြိမ်တွင်မူ တကယ်စိတ်တိုသွားပြီး ပြောလိုက်သည်။
"အချစ်လေး.. ဘာဖြစ်တာလဲ။ ကိုယ်က မင်းကို စနေရုံပါ"
ယဲ့ချန်းက အမြန်ထပြီး စုဝမ်ယိကို ဖက်ထားလိုက်သည်။
စုဝမ်ယိက ရုန်းကန်ရင်း ပြောလိုက်၏။
"ကျွန်မ ဘာလို့ စိတ်တိုနေလဲဆိုတာ ရှင် အသိဆုံးပါ။ လွှတ်"
စုဝမ်ယိ ဘာကြောင့် စိတ်တိုနေရသလဲဆိုသည်ကို ယဲ့ချန်း သေချာပေါက်သိသော်လည်း သူ(မ)အဖေနှင့် ဆွေးနွေးခဲ့သည့်ကိစ္စကို ပြန်ပြောပြရန် သူ(မ)ကို အားနာနေသည်။
စုဝမ်ယိ အလွန်တရာ စိတ်မချမ်းမသာ ဖြစ်နေသည်ကို မြင်သော် သူလည်း ဖွင့်ပြောရတော့သည်။
"ဝမ်ယိ.. ကိုယ် မပြောပြခင် မင်း စိတ်ကို ကြိုတင်ပြင်ဆင်ထားသင့်တယ်နော်"
"အင်း ပြောလေ"
စုဝမ်ယိက သူ့ကို ကြည်လင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"အပေါ်ထပ်မှာ မင်းအဖေက မင်းကိုဘယ်လိုဆုံးမရမလဲဆိုတာ သင်ပေးနေတာ"
ယဲ့ချန်းက သူ(မ)၏ မျက်နှာအမူအရာ အပြောင်းအလဲကို စောင့်ကြည့်ရင်း ပြောလိုက်သည်။
"ဘာ"
စုဝမ်ယိက မယုံနိုင်လေဟန်ဖြင့် မေးလိုက်သည်။
ယဲ့ချန်းကလည်း တဲ့တိုးရှင်းပြလိုက်သည်။
"အဖေက ပြောတယ်။ မိန်းမတွေကို အလိုလိုက်ထားလို့မရဘူးတဲ့။ သံမဏိလက်သီးနဲ့ အုပ်ချုပ်မှရမယ်တဲ့လေ"
ထိုစကားကို ကြားလိုက်ရချိန်ဝယ် စုဝမ်ယိ ရှက်သွေးဖြာသွားသည်။
သူ(မ)အဖေက ယဲ့ချန်းနှင့် ဤကိစ္စရပ်များကို ပြောဆိုခဲ့ကြောင်း သူ(မ) မယုံနိုင်လောက်အောင်ပင်။ သူ(မ)ကို မည်သို့'ဆုံးမ'ရမည်ကိုပင် သင်ပေးခဲ့သေးသည်။ သူ(မ)က သူတို့၏ သမီးအရင်းရော ဟုတ်ရဲ့လားဟုပင် သံသယဝင်မိသည်။
စုဝမ်ယိ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ယဲ့ချန်းက အမြန်ပြောလိုက်၏။
"အချစ်လေး..စိတ်ချပါကွာ။ ကိုယ်က မင်းကို အရမ်းချစ်တာမို့ ရိုက်ဖို့နေနေသာသာ စိတ်ထဲမှာတောင် တွေးမှာမဟုတ်ဘူး"
"ဪ... ဒါဆို ရှင်က ကျွန်မကို ရိုက်ချင်နေတာပေါ့ ဟုတ်လား"
စုဝမ်ယိကလည်း ဒေါသထွက်လာသည်။
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ မင်း အထင်လွဲနေပြီ"
ယဲ့ချန်းကမူ မတရားခံရသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
"ကျွန်မ ပင်ပန်းနေပြီ"
စုဝမ်ယိက ထိုသို့ပြောကာ ယဲ့ချန်း၏ ခေါင်းအုံးနှင့် စောင်ကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။
သူ့ရှေ့ရှိ မိန်းကလေးကို ကြည့်ရင်း သူ(မ)၏ စိတ်အပြောင်းအလဲက စာအုပ်လှန်သည်ထက်ပင် မြန်နေသေးသည်ဟု ယဲ့ချန်း တွေးလိုက်မိသည်။ ရွေးချယ်စရာမရှိတော့သဖြင့် ယနေ့ညတော့ သူ ကြမ်းပြင်ပေါ်တွင်သာ အိပ်ရတော့မည်။
နောက်တစ်နေ့မနက်တွင် စုဝမ်ယိမှာ စောစောထကာ မျက်နှာသစ်ပြီးနောက် ထမင်းစားခန်းသို့ သွားလိုက်လေရာ သူ(မ)၏ မိဘနှစ်ပါးက ထိုနေရာတွင် စောင့်ဆိုင်းနေကြကြောင်း တွေ့လိုက်ရသည်။
"ဝမ်ယိ... ရှောင်ချန်း မနိုးသေးဘူးလား"
မေမေစုက စိုးရိမ်တကြီးမျက်နှာထားဖြင့် မေးလိုက်သည်။
စုဝမ်ယိက ဂရုမစိုက်လေဟန်လေသံဖြင့် ပြောလိုက်၏။
"သူ အိပ်နေတုန်းပဲ"
သူ(မ) စကားပြောနေစဉ်မှာပင် ယဲ့ချန်းက တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည့် ခံစားချက်ဖြင့် အပေါ်ထပ်က ဆင်းလာခဲ့သည်။
အားအင်ကုန်ခမ်းနေပုံရသော ယဲ့ချန်းကို မြင်သော် ဖေဖေစုက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"မနေ့က ပင်ပန်းသွားတာလား"
"အဖေနော်"
စုဝမ်ယိ၏ မျက်နှာကား ချက်ချင်းပင် နီရဲသွားသည်။
ယဲ့ချန်းကလည်း ခေါင်းညိတ်လျက် ပြောလိုက်၏။
"ဟုတ်တယ်။ ကျွန်တော့်တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ"
စုဝမ်ယိက ယဲ့ချန်းကို စူးစူးရဲရဲကြည့်ကာ ပေါက်ကရလျှောက်မပြောရန် အချက်ပြလိုက်သည်။
ယဲ့ချန်းကမူ သူပြောသည့်စကား မမှားဘူးဟု တွေးလိုက်သည်။ သူ တစ်ညလုံး ကြမ်းပြင်ပေါ်တွင် အိပ်ခဲ့ရသဖြင့် ခြေလက်များ သက်သောင့်သက်သာမဖြစ်ပါချေ။
"မင်းတို့နှစ်ယောက် အားပြန်ပြည့်အောင် မင်းတို့အမေက ကြက်ပေါင်းရည် လုပ်ပေးထားတယ်ကွ"
ဖေဖေစုက ပြုံးရွှင်စွာ ပြောလိုက်သည်။
ထိုအခါမှသာ ယဲ့ချန်းလည်း ဖေဖေစုစကား၏ အဓိပ္ပာယ်ကို နားလည်သွားပြီး တကယ်အထင်လွဲစရာဖြစ်သွားကြောင်း သဘောပေါက်သွားတော့သည်။
မနက်စာစားပြီးနောက် ဖေဖေစုနှင့် မေမေစုတို့က ဝမ်ယိနှင့် ယဲ့ချန်းတို့ကို နောက်ထပ်ရက်အနည်းငယ် ထပ်နေစေချင်သော်လည်း စုဝမ်ယိက အလုပ်ကိစ္စများရှိသည်ဟု ဆင်ခြေပေးလိုက်သည်။
"ဝမ်ယိ..ရှောင်ချန်း... အလုပ်တွေ အရမ်းမလုပ်ကြနဲ့ဦး။ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြနော်"
မေမေစုက အကြံပေးလိုက်သည်။
"ရှောင်ချန်း... မနေ့က ငါပြောတာကို မှတ်ထားနော်"
ဖေဖေစုက ယဲ့ချန်းကို လျှို့ဝှက်ဆန်းကြယ်သည့် အကြည့်ဖြင့် ပြောလိုက်သည်။
ယဲ့ချန်းက ထိုအကြောင်းနှင့်ပတ်သက်ပြီး စုဝမ်ယိကို ပြောပြထားပြီးဖြစ်ရာ ထိုစကားကို ကြားလိုက်ရချိန်တွင် စုဝမ်ယိ၏ မျက်နှာကား နှင်းဆီရောင်သန်းသွားသည်။
မေမေစုကလည်း စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
"ရှောင်ချန်းကို ဘာတွေ မှတ်ထားခိုင်းနေတာလဲ"
"ဒါက ယောက်ျားတွေရဲ့ ကိစ္စလေ။ မိန်းမတွေ ဝင်မပါနဲ့"
ဖေဖေစုက စိတ်မရှည်စွာ ပြောလိုက်သည်။
စုမိသားစုအိမ်က ထွက်လာခဲ့ပြီးနောက် ယဲ့ချန်းလည်း စုဝမ်ယိကို ကုမ္ပဏီသို့ အရင်လိုက်ပို့ပေးခဲ့သည်။
လမ်းတစ်ဝက်အရောက်တွင် ရှောင်ဖန်းက ယဲ့ချန်းကို ဖုန်းဆက်လာသည်။
"အစ်ကိုချန်း၊ ဘယ်မှာလဲ။ ကျွန်တော် ပြဿနာအကြီးကြီးတက်နေပြီ။ အမြန်လာကူညီပါဦး"
ရှောင်ဖန်းက အလောတကြီးပြောနေသဖြင့် ယဲ့ချန်းလည်း သေချာနားမလည်လိုက်သော်ငြား ရှောင်ဖန်း ဒုက္ခရောက်နေမှန်းတော့ သိလိုက်သည်။ မဟုတ်ပါက စောစောစီးစီး ဖုန်းဆက်လာမည်မဟုတ်ပေ။
"ငါ အခု ကားမောင်းနေလို့။ စိတ်မပူနဲ့။ ခဏနေရင် ဖုန်းပြန်ဆက်လိုက်မယ်"
ယဲ့ချန်းက သူ့ကို စိတ်အေးစေရန် ပြောလိုက်သည်။
ယဲ့ချန်းနှင့် ရှောင်ဖန်းတို့၏ စကားများကို ကြားလိုက်ရသောအခါ စုဝမ်ယိကလည်း အမြန်ပြောလိုက်လေသည်။
"ယဲ့ချန်း..ကားရပ်လို့ရမယ့် နေရာတစ်နေရာသာရှာပေးပါ။ ရှင် အလုပ်သွားလုပ်လေ။ ကျွန်မဘာသာ တက္ကစီငှားပြီး သွားလိုက်မယ်"
"မလိုပါဘူး။ မင်းကို တစ်ယောက်တည်းထားခဲ့ရတာ ကိုယ် စိတ်မချပါဘူး"
ယဲ့ချန်းက ထိုသို့ပြောပြီး ကားကို အရှိန်တင်လိုက်သည်။
ပုံမှန်အားဖြင့် တစ်နာရီခန့် ကြာလေ့ရှိသော ခရီးကို ယဲ့ချန်းက မိနစ်လေးဆယ်ဖြင့်မောင်းပြီး စုဝမ်ယိ၏ ကုမ္ပဏီအဆောက်အအုံသို့ ရောက်သွားသည်။
စုဝမ်ယိ ကားပေါ်က ဆင်းသွားပြီးနောက် ယဲ့ချန်းမှာ ချက်ချင်း ထွက်မသွားသေးဘဲ ရှောင်ဖန်း၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
"ဖန်းအာ... ဖြည်းဖြည်းပြော။ ဘာဖြစ်တာလဲ"
"အစ်ကိုချန်း... လူတစ်ယောက်က ကောင်မလေးတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို သွားတောင်းခိုင်းနေတယ်။ ကျွန်တော် မကူညီရင် ကျွန်တော့်ကို တိုင်မယ်တဲ့။ အဲဒါ အစ်ကို့ရဲ့ ပါဂါနီ ကားကိုလည်း ယူခဲ့ပေးပါ"
ထိုစကားကို ကြားသောအခါ ယဲ့ချန်း ရယ်မောလိုက်၏။
"ဖန်းအာ... မင်းရဲ့တည်နေရာကို ပို့လိုက်။ အဲဒီမှာပဲ စောင့်နေ"
ယဲ့ချန်းအတွက်တော့ အံ့သြစရာမဟုတ်ပေ။ ဖောက်သည်များက ပါဆယ်ပို့သမားများကို ပစ္စည်းဝယ်ခိုင်းခြင်း၊ အမှိုက်ပစ်ခိုင်းခြင်း သို့မဟုတ် အခြားအလုပ်များ ခိုင်းလေ့ရှိပြီး မလုပ်ပေးပါက တိုင်ကြားမည်ဟု ခြိမ်းခြောက်တတ်ကြသည်။
ရှောင်ဖန်းက ရိုးသားပြီး သဘောကောင်းကာ မိတ်ဆွေများကိုကူညီရန် အမြဲအသင့်ရှိနေတတ်သည့် စိတ်ထားကောင်းသူဖြစ်၏။
လပ်ကင်းကော်ဖီဆိုင်တွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်ရှေ့၌ အရပ်ခပ်ပုပုနှင့် ဝဝကစ်ကစ် ပါဆယ်ပို့သမားလေးတစ်ယောက် ရပ်နေထျေသည်။ သူကား အခြားသူမဟုတ်ပေ။ ရှောင်ဖန်းပင်။
"လူကြီးမင်း... အဲဒီအမျိုးသမီးရဲ့ ဖုန်းနံပါတ်ကို ဘယ်လိုတောင်းရမလဲဆိုတာ ကျွန်တော် တကယ်မသိလို့ပါ"
ရှောင်ဖန်းက အခက်တွေ့နေလေဟန် အမူအရာဖြင့် ပြောလိုက်သည်။
"မင်း ငါ့ကို မကူညီဘူးဆိုရင် မင်းကို ငါ တိုင်ရလိမ့်မယ်။ အဲဒါဆိုရင် မင်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေမှာပဲ မဟုတ်လား"
ဝတ်စုံပြည့်ဝတ်ထားသော လူက မာနထောင်လွှားစွာ ပြောလိုက်သည်။
"လူကြီးမင်း... ဘာလို့ ကျွန်တော့်ကို အခုလို အခက်တွေ့အောင် လုပ်ရတာလဲဗျာ"
ရှောင်ဖန်းက စိတ်ဆင်းရဲနေလေဟန် အမူအရာဖြင့် တင်းမာစွာ ပြန်ပြောလိုက်သည်။
ဝတ်စုံပြည့်ဝတ်ထားသော ထိုလူက ပခုံးတွန့်၍ သက်ပြင်းချလိုက်လေသည်။
"အင်းလေ... မင်း ကံဆိုးတာကိုပဲ အပြစ်တင်ပေတော့"
သူ့စကားအဆုံးမှာပင် အပြင်ဘက်မှ အင်ဂျင်သံကို ကြားလိုက်ရသည်။ ရှောင်ဖန်းက ယဲ့ချန်းရောက်လာပြီဖြစ်ကြောင်း သိသဖြင့် အမြန်ပြေးထွက်သွားသည်။
ဝတ်စုံပြည့်ဝတ်ဆင်ထားသော ယဲ့ချန်းသည် ကားပေါ်က ဆင်းလာပြီး ရုပ်ရှင်ထဲမှ ထွက်လာသည့်အလား ကားတံခါးဘေးတွင် ခန့်ညားစွာ ရပ်နေချေသည်။
ထင်ရှားလှသော ဤပုံရိပ်က လမ်းသွားလမ်းလာများ၏ အာရုံကို ဖမ်းစားသွားသည်။
ယဲ့ချန်းကို မြင်သောအခါ ရှောင်ဖန်း၏ မျက်နှာကား စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်သွားသည်။
"အစ်ကိုချန်း... နောက်ဆုံးတော့ ရောက်လာပြီပဲ"
ရှောင်ဖန်းကိုသာ ဖောက်သည်က တိုင်ကြားလိုက်လျှင် သူ့လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်မှုကို သေချာပေါက် ထိခိုက်စေမည်ဖြစ်ရာ လစာလည်း အဖြတ်ခံရမည်ဟု ယဲ့ချန်း သိထားသည်။
ယဲ့ချန်းအနေနှင့် ဤကဲ့သို့သော ကိစ္စများကို ဂရုမစိုက်သော်လည်း ရှောင်ဖန်းအတွက်မူ အခြေအနေချင်းကွာခြားသဖြင့် သူ့ကိုကူညီရန် ယဲ့ချန်း ဆုံးဖြတ်ထားသည်။
•••••••••••••••••••